"အဖျားတော့ကျသွားပါပြီ...ဆေးတစ်လုံးလောက်
ထပ်ထိုးပေးခဲ့မယ်...ဆန်ပြုတ်လေးသောက်ပြီးရင်
ဆေးတစ်ခွက်သောက်လိုက်နော်..."
စကားဖြူက ဆေးထိုးမည်ဆို၍ ငယ်ထွေးမျက်နှာ
ငိုမဲ့မဲ့ဖြစ်သွားသည်။
"မထိုးလို့မရဘူးလား အစ်မ.."
မျက်နှာငယ်လေးနှင့်မေးသော ငယ်ထွေးကိုကြည့်ကာ စကားဖြူ ခပ်ရဲ့ရဲ့ပြုံးလိုက်ပြီး
"မရဘူး...ဟိုဘက်လှည့်..."
"ဟင်း..."
ငယ်ထွေး သက်ပြင်းခပ်သဲ့သဲ့ချကာ ကိုယ်ကို
တစ်ဖက်သို့ စောင်းပေးလိုက်သည်။
စကားဖြူက စလင်းကိုကိုင်၍ ငယ်ထွေး
တင်ပါးပေါ်က ဆေးထိုးရမည့်နေရာသို့ အရက်ပျံ
တစ်ချက်တို့လိုက်ရင်းက
"ဆေးမထိုးချင်ရင် မဖျားအောင်ဂရုစိုက်မှပေါ့
ရေကိုဘာလို့အကြာကြီး စိမ်ချိုးသလဲ..."
စကားပြောရင်းနှင့် အသားထဲအပ်ကိုညင်သာ
စွာထိုးစိုက်လိုက်တော့ ငယ်ထွေးကိုယ်တစ်ချက်
မသိမသာ တွန့်သွားကာ
"အ..."
"ချေပေးလို့ရပြီ မိအေး..."
စကားဖြူ ငယ်ထွေးရဲ့ ဘောင်းဘီကိုအထက်သို့ပြန်ဆွဲတင်ပေးလိုက်ရင်းက မိအေးကို ပြောလိုက်သည်။
ဆေးပစ္စည်းတွေကို သေချာပြန်သိမ်ူကာ အိတ်ထဲ
ပြန်ထည့်လိုက်ပြီးနောက် ငယ်ထွေးအတွက် သောက်
ဆေးတွေ သေချာခွဲပေးသည်။
"ဒါက ဒီညတိုက်ရမှာ...ဒါကမနက်မှ..."
"ဟုတ်ကဲ့..."
"ရေမချိုးနဲ့ဦး ရေနွေးနွေးနဲ့ ရေပတ်လေးပဲတိုက်"
"ဟုတ်ကဲ့..."
"ဆရာမလေး...ဆေးရုံမှာ အရေးပေါ်မီးဖွားမယ့်
လူနာရောက်လာလို့တဲ့..."
ငခွေးက အခန်းရှေ့မှလာပြောတာကြောင့် စကားဖြူ
ဆေးအိတ်ကိုဆွဲကာ ပြာပြာလေး ထလိုက်သည်။
"တစ်ခုခုဆို အစ်မကိုလာခေါ်နော်.."
"ဟုတ်..."
မီးဖွားလူနာဆို၍ စကားဖြူ မြန်မြန်ပြန်လာခဲ့ရသည်။
တခြားဆရာဝန်က မြို့မှာ ဆေးရုံအတွက် လိုအပ်
သည့် ဆေးတွေသွားထုတ်နေရ၍ မရှိချေ။
စကားဖြူပြန်သွားပြီးနောက် မြလေးငုံ ဥတစ်လုံး
ချိုင့်လေးနှင့် ရောက်လာသည်။
"အဖျားကျသွားပြီလား ငခွေး..."
"အေး..ဆရာမလေး အခုပဲပြန်သွားတာ
သက်သာပါတယ်..."
"မိအေး...အစ်မဆန်ပြုတ်ပြုတ်လာတယ်
ပန်းကန်လေးထဲ ထည့်လာချေ.."
"ဟုတ်.."
လက်ထဲကချိုင့်ကို မိအေး လက်ထဲသို့ထည့်ပေး
လိုက်ရင်းမှ မြလေးပြောသည်။
ထို့နောက် ငယ်ထွေး အခန်းထဲသို့ ဝင်လိုက်ကာ
အိပ်ယာထဲလှဲနေသည့် ငယ်ထွေး နဖူးထက်
လက်ဖမိုးလေးတင်ကာ စမ်းလိုက်သည်။
ကိုယ်တော့မပူတော့ချေ။
"ရေအကြာကြီးချိုးတာဆို..."
"အင်း..."
မြလေးအမေးကို ငယ်ထွေးက အင်း တစ်ခွန်းသာ
တုံ့ပြန်သည်။
ငခွေးက ကုတင်ခြေရင်းမှ လက်ပိုက်၍ ရပ်နေပြီး
"ရေချိုးကြာရုံတင်မဟုတ်ဘူး...ရေချိုးပြီးတော့
လယ်ကသင်းမှာ အဆွေးဇာတ်ထိုင်ခင်းနေတော့
လေလေးတဖြူးဖြူးနဲ့ အအေးမိတော့မပေါ့.."
"ဘာတွေများဆွေးစရာရှိလို့လဲ..."
မြလေးငုံ မျက်ခုံးနှစ်ဖက် တွန့်ချိုးရင်းမှ မေးလိုက်
သည်။
ငခွေးက မိအေးယူလာသည့် ဆန်ပြုတ်ပန်းကန်ကို
စားပွဲပေါ်သို့တင်ကာ အုပ်စောင်းအသေးဖြင့်အုပ်
လိုက်ပြီးနောက်
"ငါနွားစာစဥ်းရဦးမယ်...မြလေး..နင်ပဲသူ့ကို
ဆန်ပြုတ်တိုက်လိုက်တော့ ပြီးရင် ဒီဆေး
တိုက်ပေးဦး..."
"အေးအေး..."
ငခွေး အခန်းထဲကပြန်ထွက်သွားသည်။
အခန်းထဲသူတို့နှစ်ယောက်ပဲကျန်ခဲ့ပြီး မြလေးငုံ
စားပွဲပေါ်က ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူလိုက်ကာ
"ငါ ငါးရံခြောက်ဖုတ်ဆန်ပြုတ်လေး လုပ်လာတယ်
သောက်လိုက်နော်...ပူတုန်းလေး..."
"အင်း..."
မြလေး ဆန်ပြုတ်တစ်ဇွန်းခပ်ကာ ခပ်ဖြည်းဖြည်း
မှုတ်လိုက်ပြီးနောက် ငယထွေးကိုခွံ့သည်။
ငယ်ထွေး ပါးစပ်အသာဟကာ ဆန်ပြုတ်သောက်
လိုက်သည်။
"ကောင်းလား..."
"အင်း..."
"အထွေး..."
"အင်း..."
"ဘာဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ပါဘူး..."
"ဖြစ်နေပါတယ်...ငါပြန်ရောက်ကတည်းက
နင်နဲ့စကားသေချာမပြောရသေးဘူး..
ငါ နင်စိတ်ဆိုးအောင် ဘာများလုပ်ထားမိလို့လဲ "
မြလေးက ဆန်ပြုတ် နောက်တစ်ဇွန်း တိုက်နေရင်း
က ငယ်ထွေးကိုမေးသည်။
ငယ်ထွေး မြလေးကို သေချာကြည့်ကာ
"နင် ရည်းစားရှိလား..."
"ဘာလို့လဲ...ရုတ်တရပ်ကြီး.."
"ငါမေးတာပဲဖြေပါ..."
"မရှိပါဘူး..."
ငယ်ထွေး မယုံသင်္ကါဟန်နှင့် မြလေးကို ကြည့်
နေတော့ မြလေး နှုတ်ခမ်းစူလာကာ
"ဘာလဲ...နင်ကငါ့ကိုမယုံဘူးလား..."
"ဒါဆို ငါမေးမယ်...
ကိုကျော်စွာကို ဘယ်လိုမြင်လဲ "
ငယ်ထွေးရဲ့မေးခွန်းကြောင့် မြလေး တစ်ချက်တွေ
သွားသည်။
ထို့နောက် နားမလည်ဟန်နှင့်
"ငါကဘယ်လိုမြင်ရမှာလဲ.."
"ကိုကျော်စွာက အစ်မစကားဖြူကို သဘောကျ
နေတယ်ထင်တယ်.."
"ဟုတ်လား...လိုက်သားပဲ..."
ငယ်ထွေး အပြောကို မြလေးက ပေါ့ပေါ့ပါးပါးပင်
ပြန်ဖြေကာ ဆန်ပြုတ်ခွံ့မပြတ်ချေ။
ငယ်ထွေးက မြလေးမျက်နှာအရိပ်ကဲကို သေချာ
လေ့လာနေသည်။
"ငါ...သူတို့ကိုအောင်သွယ်ပေးလိုက်ရမလား..."
ငယ်ထွေးစကားကြောင့် မြလေး ဆန်ပြုတ်ခပ်နေ
ရာမှ လက်တန့်သွားကာ
"ဟင်....အစ်မက ကြိုက်ပါ့မလား..."
"မသိဘူးလေ...ကိုကျော်စွာ့လို ယောကျ်ားမျိုး
ကို ပြန်မကြိုက်နိုင်မယ့်သူ ရှိလို့လား... "
"နင်ဆိုရင်ရော...ပြန်ကြိုက်မှာလား..."
မြလေး အမေးကြောင့် ငယ်ထွေး မျက်နှာရှုံ့မဲ့
သွားကာ
"မကြိုက်ပါဘူး...ငါမှသူ့ကိုမချစ်တာ..."
"အေးလေ...အဲ့ဒါပြောတာ...ဘယ်လောက်ပဲ
ပြီးပြည့်စုံတဲ့လူဖြစ်နေနေ...ချစ်နိုင်ချင်မှ
ချစ်နိုင်မှာ..."
"နင်ဆိုရင်ရော..."
"စဥ်းစားရမှာပေါ့..."
မြလေး ဒီတိုင်းဖြေလိုက်ပေမယ့် ငယ်ထွေးကို
မော့ကြည့်လိုက်တော့ ငယ်ထွေးက သူ့ကို
စားမတက်ဝါးမတက် မီးတောက်နေသည့် မျက်ဝန်း
တွေနှင့် ကြည့်နေတာကြောင့် လန့်သွားသည်။
"ဘာလဲ...ဘာလို့အဲ့လိုကြီးကြည့်နေရတာလဲ.."
"ပြန်တော့...ဝပြီ..."
"ဟင်..ရုတ်တရပ်ကြီး..."
ငယ်ထွေး မြလေးငုံကို ကျောပေးကာ အိပ်ယာပေါ်
လှဲချလိုက်သည်။
"ဆေးသောက်ရဦးမယ်လေ..."
"မသောက်ဘူး..."
"အထွေး..."
"ပြန်တော့.."
"ဘာလို့အတင်းနှင်လွှတ်နေတာလဲ...
ထ...ဆေးသောက်မယ်..."
ငယ်ထွေးဘာမှပြန်မပြော။
စောင်ကို ခေါင်းမြှီးခြုံလိုက်ပြီး မြလေးကို ဥပေက္ခာ
ပြုထားလေသည်။
မြလေး ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့တင်လိုက်
ကာ ပြုံးလိုက်သည်။
ကုတင်ပေါ်မှာ တင်ပလွဲထိုင်လိုက်ပြီး ငယ်ထွေး
ခေါင်းနားသို့ ကိုယ်ကိုညွတ်ချကာ နှစ်ကိုယ်ကြား
ရုံမျှ လေသံလေးနှင့်
"ဆေးသောက်ရင် အာဘွားပေးမယ်လေ.."
မြလေးစကားကြောင့် ငယ်ထွေး စောင်အောက်၌
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သို့ပေမယ့် စောင်ကိုချက်ချင်းမဖယ်သေး။
မြလေး နှုတ်ခမ်းတစ်ချက်ကိုက်ကာ
"မလိုချင်ဘူးပေါ့...ဒါဆိုလဲ..."
"သောက်မယ်..."
စောင်ကိုချက်ချင်းဖယ်ကာ ရုပ်တည်တည်နှင့်
ပြောလာတာကြောင့် မြလေး ရယ်လိုက်ပြီး
ဆေးထုတ်ကိုယူလိုက်သည်။
ထို့နောက် ရေခွက်ထဲရေကိုထည့်ကာ ငယ်ထွေး
ကိုဆေးတိုက်သည်။
"ကလေးကျနေတာပဲ..."
"နင်စကားကိုတည်နော် မြလေး..."
"ဘာလဲ...ဘယ်စကားလဲ..."
ငယ်ထွေးလက်ထဲကရေခွက်ကို ပြန်ယူရင်း
မြလေး မသိချင်ဟန်ဆောင်၍ မေးလိုက်သည်။
ငယ်ထွေးရှူးရှူးရှဲရှဲ ဖြစ်သွားကာ မြလေးကို
စိုက်ကြည့်နေသည်။
မြလေး ကုတင်ပေါ်ကဆင်းကာ မက်တပ်ရပ်
လိုက်ပြီး
"ဆေးလဲတိုက်ပြီးပြီဆိုတော့...ပြန်တော့မယ်..
နင်ကပြန်စေချင်နေတာဆိုတော့..."
"မြလေး..."
"အင်း...တာ့တာ.."
"မြလေးငုံ....ငါ့စိတ်ကိုမဆွနဲ့နော်..."
"နင်ပဲပြန်တော့ဆို..."
အရူးကွက်နင်းကာ ရှောင်ပြေးဖို့လုပ်နေသည့်
မြလေးအပြုမူကြောင့် ငယ်ထွေးအသည်းယား
လာသည်။
ခြေထောက်တွေကိုခြုံထားသည့် စောင်စကို
ဆွဲဖယ်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး
မြလေးလက်ကို လှမ်းဆွဲလိုက်သည်။
ဆောင့်ဆွဲခံလိုက်ရတာကြောင့် မြလေး ကုတင်
ပေါ်သို့ ထိုင်လျက်သားကျသွားကာ ငယ်ထွေး
ရှေ့ ယုန်သူငယ်လေးတစ်ကောင်နှယ် ဖြစ်သွား
သည်။
"နင်ကအဲ့လိုလုပ်နေတော့ ငါက ပညာပေး
ရမှာပေါ့.. "
"အထွေး...နင်နော်...."
ခါးကနေ ဆွဲဖက်ခံလိုက်ရတာကြောင့် မြလေး
ငယ်ထွေးရင်ခွင်ထဲ ရောက်သွားသည်။
ငယ်ထွေးက သူမကိုတင်းကြပ်စွာဖက်ထားရင်းက
သူနှင့်နီးနေသည့် မြလေးရဲ့ဘယ်ဘက်ပါးလေးကို
တစ်ချက်ဖိကပ်နမ်းလိုက်သည်။
မြလေးမျက်နှာ ပန်းနုရောင်သန်းသွားကာ
ငယ်ထွေးရင်ဘက်ကို လက်ဖြင့်တွန်းလိုက်ပြီးနောက်
"လွှတ်တော့....အင်္ကျီတွေကြေကုန်မယ်..."
"ဒီလောက်နဲ့ရမယ်ထင်နေလား...ပေး..."
ငယ်ထွေးက ဖက်ထားတာကို ဖြည်မပေးသေးပဲ
သူ့ပါးတစ်ဖက်ကို မြလေးမျက်နှာနားသို့ တိုးပေး
လိုက်သည်။
မြလေး ခပ်မြန်မြန်တစ်ချက်နမ်းလိုက်ပြီးနောက်
သူ့လက်ထဲက ရုန်းထွက်လိုက်သည်။
"လွှတ်တော့လို့ဆို..."
"ဘယ်လိုဖြစ်နေလဲ...လွှတ်ပေးမှာပေါ့...
ငါပြောစရာရှိသေးတယ်...ဒီတိုင်းနားထောင်.."
"ဘာပြောမှာလဲ...မြန်မြန်ပြော..."
"ငါနင့်ကိုချစ်တယ်..."
"ဟင်..."
"နင်ငါ့ကိုပဲယူရမယ်..."
"ဟင်..."
"ငါကလွဲပြီးဘယ်သူ့ကိုမှပြန်မချစ်ရဘူး..."
"ဟင်..."
"အာ....ဘာဖြစ်နေတာလဲ..မြလေး..."
သူပြောသမျှစကားတိုင်းကို မြလေးက မျက်လုံးအ
ဝိုင်းသားနှင့် အူတူတူလုပ်နေတာကြောင့် ငယ်ထွေး
စိတ်အချဥ်ပေါက်လာသည်။
"နင်..တကယ်ပြောနေတာလား..."
"ငါ့ပုံကစနောက်နေတဲ့ပုံပေါ်လို့လား..."
"အင်း..."
"မြလေး...ငါတကယ်ပြောနေတာ..."
"အ...အထွေး...."
..............
"ဟဲ့...မြလေး...ပြန်တော့မလို့လား..."
"ဟင်...အင်...အင်း..."
"ဘာဖြစ်တာလဲဟ..."
ခြံထဲကခပ်သုတ်သုတ်ထွက်သွားသည့် မြလေးငုံ
ကိုကြည့်ကာ ငခွေး ခေါင်းကုတ်လိုက်သည်။
ထင်းခုတ်ဓားမယူရန်
မီးဖိုချောင်ထဲဝင်လာတော့ စားပွဲပေါ်တင်ထားသည့်
မြလေးရဲ့ချိုင့်ကိုမြင်ကာ
"မြလေးငုံကတော့ ဘာတွေအရေးကြီးနေလဲမသိ
ဘူး...ချိုင့်တောင်မေ့ကျန်ခဲ့ပြီ...ဟဲ့မိအေး..."
ညစာအတွက် ထမင်းအိုးတည်နေသည့် မိအေးကို
ငခွေး ခေါ်လိုက်သည်။
ထူးသံပြန်မလာ။ ငခွေးထပ်ခေါ်သည်။
"မိအေး..."
တုန့်ပြန်မှုမရှိ။မီးဖိုနားသွားကာ ထမင်းအိုးမွှေနေ
သည့် မိအေးရဲ့ပခုံးကိုတစ်ချက်ပုတ်ကာ
"ဟဲ့....အမလေး...ဘာတွေစိတ်ကူးယဥ်နေတာလဲ
ငါခေါ်နေတာ ကြာလှပြီ..."
"အမလေး...လန့်လိုက်တာ...."
"လန့်လန့်....မြလေး ချိုင့်ကျန်ခဲ့တယ်..ဘာကိစ္စ
ရှိလို့ ရေးကြီးသုတ်ပြာနဲ့ ပြန်သွားလဲမသိဘူး...
ဆန်ပြုတ်ပန်းကန်ကော သွားယူပြီးပြီလား..."
"မ...မယူ...ယူ....ရသေးဘူး..."
မိအေးကအထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေသည်။
ငခွေး မျက်မှောင်ကြုံ့ကာ
"နင်ကကော...ဘာဖြစ်နေတာလဲ...အ.ထစ်..အ.ထစ်
နဲ့..."
"ကိုကြီး..."
"ပြော.."
"ဘာမှမဟုတ်တော့ဘူး..."
"တယ်...ညည်းဘာဖြစ်နေတာလဲ..."
"မိအေးလေ...စောစောက...ချိုင့်သွားပေးတော့.."
"အေး..."
"မမထွေးက...မမမြလေးကို နမ်းနေတာ တွေ့ခဲ့
တယ်တော့်...."
"ဟဲ့...နမ်းတာများဘာဆန်းလို့...အရင်ကလဲ
နမ်းနေကြပဲကို..."
"အာ...အဲ့လိုပြောတာမဟုတ်ဘူး...မမမြလေးကို
အတင်းချုပ်ပြီး ကိုရီးယားကားတွေထဲကလို
နှုတ်ခမ်းကို..နမ်း...နမ်း..."
မိအေးစကားကြောင့် ငခွေး ဆံပင်တွေ ထောင်
သွားသလို ခံစားလိုက်ရပြီး ခေါင်းနပမ်းကြီးသွား
ကာ မိအေးပါးစပ်ကို လက်ဖြင့် မြန်မြန်အုပ်လိုက်ရင်း ဘေးဘီကိုလဲ ကျီးကန်းတောင်းမှောက်ကြည့်
လိုက်သည်။
ထို့နောက် မိအေးပါးစပ်ကို အုပ်ထားရာမှ လက်ကို
ဖယ်လိုက်ပြီး ခေါင်းတစ်ချက်ခေါက်ကာ
"ရှူး....တိုးတိုးပြော....
လူကြီးတွေကြားသွားမယ်...ဟဲ့...အဲ့အကြောင်း
ဘယ်သူ့ကိုမှ မပြောနဲ့နော်...ကြားလား..."
"အေးပါတော့်...ကျုပ်လဲ ဘယ်သူ့မှမပြောပါဘူး
ဒါမယ့်....သူတို့က..."
"ဒါမယ့်တွေဘာတွေလုပ်မနေနဲ့...ငါတို့အကြောင်း
မဟုတ်ဘူး...သွားသွား...ကိုယ့်အလုပ်ကိုယ်လုပ်"
မိအေးကိုတစ်ချက်ငေါက်ကာ ရေနွေးအိုးကို
ကောက်ကိုင်၍ မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။
အပြင်ရောက်မှ လက်ထဲကရေနွေးအိုးကြီးကို
ကြည့်ကာ ခြေတစ်ချက်ဆောင့်လိုက်ပြီး
"ဟင်း....ဓားမယူတာ..ရေနွေးအိုးကြီးပါလာတယ်..
ငယ်ထွေးကြောင့်နဲ့ အယောင်ယောင်အမှားမှားတွေ
ဖြစ်ကုန်ပြီ...စိတ်ညစ်တယ်...တကယ်ပဲ"
တစ်ယောက်တည်းပွစိပွစိနှင့် ညည်းညူရင်း
မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့သည်။
ငယ်ထွေးတစ်ယောက်ကတော့ ကုတင်ပေါ်
ပက်လက်လှဲကာ ပြုံးပြုံးကြီးနှင့် မျက်နှာကျက်
ကိုမော့ကြည့်နေရင်းမှ သူ့နှုတ်ခမ်းသူပြန်ကိုင်
၍ ကျေနပ်နေလေတော့သည်။
"ဟဟ...ဘယ်ဆိုးလို့လဲ..ငါကွ..."
>>>>>>>>>>>
Cover photo လေးပြောင်းလိုက်ပြီနော်
မျက်စိလည်သွားကြမှာဆိုးလို့😁
ကိုယ်တိုင်ဆွဲထားတာမလို့ လိုအပ်တာလေးတွေ
ရှိနေပါသေးတယ် ချစ်တဲ့စိတ်နဲ့ကြည့်ပေးကြပါလို့။
10 Feb 2024