❝ ဝှက်ထားချင်သလောက် ဝှက်စမ်းပါစေ၊ ကျုပ်က ကျုပ်အပိုင်ကို မတွေ့တွေ့အောင် ပြန်ရှာနိုင်တယ် ❞
သော့ခတ်ထားလျက်ရှိသော ကျွန်းတံခါးရှေ့ ရပ်နေမိသည်မှာ မည်မျှပင် ကြာလေပြီမှန်း မသိတော့ပါ။ သေချာသည်ကတော့ ဤတံခါးရှေ့မှ ခြေတစ်လှမ်းမှ မခွာချင်မိပေ။ ရပ်မြဲတိုင်းသာ ရပ်တန့်နေချင်မိသည်။
" ဘာရပ်လုပ်နေတာလဲ ပိုင် "
ပိုင်ဟာ သူမ၏ ပင်ကိုယ်ဟန်ပန်အတိုင်း ခံစားချက်မဲ့နေသော မျက်နှာသေဖြင့် လှည့်ကြည့်လာသည်။
" ဘာမှမလုပ်ပါဘူး တီချယ် "
" ဒါဆိုလည်း အဆောင်ဘက် ပြန်ကြရအောင်။ ခဏနေ ကြီးကြီးနွယ်ရဲ့ ဧည့်သည်တွေ လာတော့မှာ "
" ဟုတ်ကဲ့ "
နွေးရိပ်ဝန် မိဘမဲ့ဂေဟာသို့ ပိုင် ရောက်လာခဲ့သည်မှာ လွန်ခဲ့သော ဆယ့်လေးနှစ်ခန့်ကပင်။ သို့သော် ယခုအချိန်အထိ ပိုင့်ကို မွေးစားမည့်သူ ပေါ်မလာသေးပေ။ ထို့ကြောင့် ပိုင်သည် ဤဂေဟာ၌ အသက်အကြီးဆုံး ကလေးတစ်ယောက် ဖြစ်၏။
" ဒီကိုလာပါဦး သမီးပိုင် "
ဧည့်ခန်းရှေ့မှ ဖြတ်လျှောက်မိသောအခါ ဂေဟာမှူး ကြီးကြီးနွယ်မှ လှမ်းခေါ်လေသည်။
" ဟုတ်ကဲ့ "
ကြီးကြီးနွယ်သည် ပိုင့်ကို အတော်လေး ချစ်ရှာ၏။ အခြားကလေးတွေထက် ပိုနွေးထွေးပေးကာ၊ ပို၍လည်း ဂရုစိုက်ပေးသည်။ စံအိမ်ထဲသို့ သွားလာနိုင်သည့် ကလေးမှာလည်း ပိုင် တစ်ဦးတည်းသာ ရှိလေသည်။
" ပုံဆွဲစာအုပ် အသစ်တွေ ဝယ်လာတယ်။ ပြီးတော့ ခဲတံတွေကော "
ပိုင်သည် အသက်ငယ်သော်လည်း ပန်းချီပညာ၌ ထူးချွန်၏။ ထို့ကြောင့် ကြီးကြီးမေသည် ပိုင့်အား အမြဲလိုလို ပန်းချီပစ္စည်း ကိရိယာများ ဝယ်ပေးလေသည်။
" ကျေးဇူးပါ မေမေကြီး "
ဘယ်သောအခါမှ အရယ်အပြုံး မရှိသော ပိုင့်ကို တစ်ခါတလေ စိတ်ပူမိသည်။ ပိုင် အသက်ကြီးလာသည့်အခါ သေချာပေါက် မိန်းမချောလေး ဖြစ်နိုင်၏။
မျက်ခုံး၊ မျက်လုံးသည် အတော်လေးလှ၏။ နှာတံသွယ်စင်းကာ မထူမပါး နှုတ်ခမ်းတစ်စုံလည်း ရှိလေသည်။ ထို့အပြင် ပိုင်က အသားအရေလည်း လှ၏။ ညိုသော်လည်း စိုစိုပြေပြေရှိကာ ရုတ်တရက်ကြည့်လျှင် အိန္ဒိယမင်းသမီးနှင့် တူသည်။
အရပ်အမောင်းမှာလည်း ပုကျန်ခဲ့ခြင်း မရှိဘဲ ဖွံ့ဖြိုးသင့်သလောက် ပုံမှန်လေး ဖွံ့ဖြိုး၏။ အသက်ငယ်ငယ်ဖြင့် ဤမျှ ကြည့်ကောင်းနေလျှင် အရွယ်ရောက်သည့်အခါ ပိုင်ဟာ မည်မျှ ကြည့်ကောင်းနေလိုက်မလဲဟု တွေးမိသည်။
" ဒါက ဘယ်သူလဲ နွယ် "
ကြီးကြီးနွယ်ရဲ့ နံဘေးတွင် ထိုင်နေသော ယောဂီဝတ် သီလရှင်တစ်ဦးမှ မေးမြန်းလာခြင်းပင်။
" သူ့နာမည်က ပိုင်လေ။ အသက်ဆယ့်လေးနှစ်ရှိပြီ "
" ပိုင် .. ပိုင်တဲ့လား "
" နှုတ်ဆက်လိုက်လေ သမီးပိုင် "
သင်ကြားပေးထားသည့်အတိုင်း လက်အုပ်ချီ၍ မင်္ဂလာပါဟု နှုတ်ဆက်လေသည်။ သို့သော် ပိုင်ရဲ့ မျက်နှာမှာတော့ တည်တင်းလျက်သာ။
" ကိုယ့်အပိုင်ကို ပြန်ရှာဖို့ ရောက်လာခဲ့ပြီပေါ့၊ အစွဲအလမ်း ကြီးလိုက်ပါဘိကွယ် "
စကားသံအဆုံး၌ ပိုင် မျက်ရည်ဝဲလာခဲ့လေသည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် ယောဂီဝတ် သီလရှင်ကြီးမှ ထပ်မံစကားဆို၏။
" သူစောင့်နေတယ် "
ဤအခါတွင်တော့ ပိုင့်ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့၏။ အထိတ်တလန့် ဖြစ်သွားသော ကြီးကြီးနွယ်မှ ပိုင်ကို လက်လှမ်းဆွဲသော်လည်း ပိုင်ဟာ တုပ်တုပ်မျှ လှုပ်မလာပေ။
" ပိတောက်တွေ ဝေဆာနေအောင်ပွင့်တဲ့ အရပ်မှာ "
" သမီးပိုင် .. ဘာဖြစ်တာလဲ။ သမီး .. သမီးလေး "
" ဝအောင်ငိုပါစေ၊ သူ့ကို ခဏလွှတ်ထားပေးလိုက်ပါ "
" မဟုတ်တာရှင်၊ ကလေးက ရှိုက်သံမထွက်ဘဲ မျက်ရည်တွေပဲ ဆက်တိုက်ကျနေတာ။ စိုးရိမ်ရတယ် မဟုတ်လား "
" အချိန်မတန်သေးလို့ ဘာတစ်ခုမှ မမှတ်မိသေးတာ။ နောက်ကျရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ် "
ခဏအကြာ၌ ပိုင့်ကိုယ်လုံးလေး ပျော့ခွေကာ ကြမ်းခင်းပေါ်သို့ လဲကျသွားလေသည်။ နောက်တစ်နေ့ မနက်မှ ပြန်နိုးလာခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှ တဒင်္ဂ အခိုက်အတန့်ကိုလည်း ပိုင် မမှတ်မိတော့ပေ။
ကြီးကြီးနွယ် ဆုံးပါးသွားပြီးနောက် နွေးရိပ်ဝန် ဂေဟာမှ ကလေးများအား အခြားဂေဟာတစ်ခုသို့ ပြောင်းရွေ့လိုက်ရ၏။ နွေးရိပ်ဝန် ဂေဟာကိုလည်း အပြီးတိုင် ပိတ်သိမ်းလိုက်ရလေသည်။ ထိုကဲ့သို့ ကမောက်ကမ ဖြစ်သွားသော အချိန်၌ ပိုင်သည် ဆယ့်ခုနစ်နှစ်သာ ရှိသေး၏။
" ကြီးကြီးနွယ်က ဒီစံအိမ်နဲ့ သူပိုင်သမျှ ကြွယ်ဝမှုတွေ အကုန်လုံးကို ပိုင့်နာမည်နဲ့ လွှဲပေးခဲ့တယ် "
" ဒါတွေ မလိုအပ်ပါဘူး "
" သေတမ်းစာမှာ ပိုင် ကျောင်းမပြီးမချင်း ဒီအမွေတွေကို တီချယ်က ထိန်းသိမ်းပေးရမယ်လို့ ပါတယ်။ အဲဒါကြောင့် နိုင်ငံခြားမှာ ပိုင် ကျောင်းတက်ဖို့ တီချယ် စီစဉ်ပေးမယ် "
" နိုင်ငံခြားအထိ သွားတက်ဖို့ မလိုပါဘူး "
" ပိုင် လေ့လာချင်တဲ့ ပန်းချီပညာကို စိတ်ကြိုက်လေ့လာခဲ့။ ပြီးရင်တော့ ဒီကိုပြန်လာနေ၊ အဲခါကျမှ တီချယ်လည်း သာသနာဘောင်ထဲဝင်ဖို့ စီစဉ်ရမှာ "
" ဒါပေမဲ့ "
" သေသူရဲ့ ဆန္ဒကို မငြင်းပယ်ကောင်းပါဘူး ပိုင်ရယ် "
" ဟုတ်ကဲ့ "
❝ လောကကြီးကို နှုတ်ဆက်ခဲ့တာ ပိတောက်ပန်းတွေ ဝေဝေဆာဆာ ပွင့်သောနေ့က ဖြစ်မည်ထင်ပါရဲ့ ❞
တိတ်တဆိတ် ငိုကြွေးသံတွေ၊ မပီမသ ဆင့်ခေါ်သံတွေ၊ အမျိုးသမီးတစ်ယောက် .. ထိုအမျိုးသမီးရဲ့ ဆံထုံးထက်၌ အရောင်ဝါဝါ ပန်းပိတောက်တို့ ရှိနေ၏။
" အား " ခနဲ အော်သံနှင့်အတူ ချွေးစီးများဖြင့် အလန့်တကြား နိုးထလာရလေသည်။ ယနေ့ညတွင်လည်း ကြိမ်ဖန်ထပ်နေသော အိမ်မက်တစ်ခုအား မက်ပြန်လေပြီ။
မောဟိုက်သံများ ဆူညံနေ၏။ အနည်းငယ် ပွယောင်းယောင်း ဖြစ်နေသော ဆံနွယ်များကို ပို၍ပင် ထိုးဖွနေမိသည်။ အိမ်မက်ဆိုးလား၊ အိမ်မက်ကောင်းလားဟုပင် ဝေခွဲရခက်သော ထိုအိမ်မက်သည် လူကို နာကျင်စေ၏။ မရူးသွားပေမဲ့ သေချာပေါက် ရူးသွပ်ချင်စရာ။
ကုတင်ပေါ်မှဆင်းကာ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ပြတင်းပေါက်နား တိုးကပ်သွားလိုက်သည်။ လေကောင်းလေသန့်ရဖို့ လိုအပ်နေပြီ ဖြစ်၏။
ပိတ်ထားသော ပြတင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် လန်ဒန်ညရဲ့ လေအေးအေးများ။ ဆံနွယ်တို့ လွင့်မြောသွားသည်နှင့် မျက်လုံးများကိုပါ ဖိပိတ်ထားလိုက်မိသည်။
အသက်ပြည့်ပြီးကတည်းက ခဏခဏ မက်လေ့ရှိသော အိမ်မက်ဖြစ်ပေမဲ့ ကျင့်သားမရသေးပေ။ နိုးနိုးချင်း၌ အသက်ရှုရခက်ပြီး ခဏကြာသောအခါ မျက်ရည်တို့ အလိုလိုကျလာတတ်သည်။ လုပ်ယူထားခြင်း မရှိပါဘဲ ဖြစ်တည်လာသော နာကျင်မှုသည် အသည်းခိုက်မတတ် နာစေ၏။
" နောက်တစ်ခါကျ မျက်နှာပြသွားစမ်းပါ ခင်ဗျားရယ် "
ထိုနေ့ညက ဆက်အိပ်၍လည်း မရတော့သည်မို့ အိမ်မက်ထဲတွင် မြင်လိုက်ရသည့် ပုံရိပ်ကလေးကို ထိုင်ဆွဲနေခဲ့မိ၏။
" ကလောင်နာမည်အတွက် စဉ်းစားပြီးပြီလား ပိုင် "
" ဟင့်အင်း "
" မနက်ဖြန်ကျ နာမည်စာရင်း ပေးရမှာနော် "
" အင်း သိတယ် "
" ဒါဆိုလည်း စဉ်းစားစရာရှိတာ စဉ်းစားလေ ပိုင်ရယ် "
" အင်းပါ "
" သဒ္ဓါကတော့ စဉ်းစားပြီးပြီ "
" ဘာနာမည်လဲ "
" ရုံ "
သဒ္ဓါရုံသည် ပိုင့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းဖြစ်၏။ ပို၍ အတိအကျဆိုရလျှင် တစ်ဦးတည်းသော စကားပြောဖော်၊ အတူသွားလာ စားသောက်ဖော်ပင်။
" အဆင်ပြေသားပဲ "
" အဆင်ပြေတာ မဟုတ်ဘူးလေ၊ လှတာ .. လှတယ်လို့ ပြောပေးလေနော် "
" အင်း လှတယ် "
မျက်နှာထားတည်တည်ဖြင့် ပြောလာသော်လည်း သဘောကျရပါသည်။ ဒါဟာ ပိုင်ရဲ့ ပင်ကိုယ်ဟန်ပန်ပဲ မဟုတ်ပါလား။ အမြဲလိုလို မျက်နှာထားတည်ကာ စကားကို လိုတိုရှင်း ပြောတတ်ခြင်း။
ပိုင်က အသားညိုသည်။ ထို့ကြောင့် လူဖြူတွေကြား ထင်းထွက်နေကာ ကျော်ကြား၏။ ကိုယ်လုံးကိုယ်ပေါက် လှကာ အရပ်ရှည်သူမို့ နာမည်ကြီး မော်ဒယ်လ်အေဂျင်စီ တစ်ချို့မှ ပိုင့်ကို ဆက်သွယ်ခဲ့ကြဖူးသည်။ သို့သော် ပိုင်ဟာ စိတ်မဝင်စား၊ သူမရဲ့ ပန်းချီပညာကိုသာ ရူးသွပ်စွာ လေ့လာ၏။
" မူပိုင် "
" ဟင် "
" အတွေးထဲ ရုတ်တရက်ပေါ်လာလို့ အဲနာမည်ပဲ သုံးလိုက်တော့မယ် "
" အာ လှတယ် .. လှတယ်။ မူပိုင်ဆိုတော့ ပိုင့်နာမည်လည်း ပါပြီးသားဖြစ် "
" အင်း "
နံဘေး၌ ပဲ့တင်သံထပ်နေသည့် မူပိုင်ဟူသော နာမည်ကိုသာ ရွေးလိုက်မိ၏။ ဘာကြောင့်မှန်းမသိ ထိုနာမည်နှင့် စိမ်းသက်သလိုမျိုး မခံစားရပေ။
❝ ခင်ဗျားကို ကျုပ်ပိုင်တယ် ❞
ချစ်ခြင်းမေတ္တာတွေဟာ ဘယ်လောက်အတိုင်းအတာအထိ စစ်မှန်နိုင်ပါသနည်း။ လူတစ်ယောက်ဟာ လူတစ်ယောက်အပေါ် မည်မျှ စိတ်ရှည်နိုင်ပါသနည်း၊ မည်မျှ သစ္စာရှိနိုင်ပါသနည်း။ ဤမေးခွန်းတွေအတွက် အဖြေတစ်ခုဟာ နှလုံးသား၌ ရှိနှင့်နေပြီး ဖြစ်သည်။
အငှားကားလေးသည် အမှတ် တစ်ဆယ့်သုံး " မြရဝန် " ဟု တံဆိပ်ပြားကပ်ထားသော ခြံရှေ့၌ ရပ်တန့်လိုက်၏။ အနောက်ထိုင်ခုံရှိ တံခါးပွင့်သွားသည် နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ထိတွေ့လာသော ကြိုးသိုင်းဖိနပ်ကလေး။ ထိုဖိနပ်ကလေး၏ ပိုင်ရှင်မှာ ပိုင် ဖြစ်လေသည်။
ခြံတံခါးရှေ့ ဘယ်ဘက်အခြမ်း၌ ထီးထီးမားမား တည်ရှိနေသော ပိတောက်ပင်အိုကြီးအား မော့ကြည့်မိခိုက် ဝမ်းနည်းစိတ်တို့ လှိုက်ဖိုလာလေသည်။ ဧပြီလမို့ အပင်အိုကြီး၌ အရောင်ဝါဝါ ပန်းပိတောက်များ ဝေဆာလို့နေ၏။
" အိတ်တွေကို ဒီမှာပဲ ချပေးခဲ့မယ်နော် "
" ဟုတ်ကဲ့ ကျေးဇူးပါ "
" ပြန်လာမဲ့အချိန်ပြော တီချယ် လာကြိုမယ် " ဟူသော အမှာစကားကို မျက်ကွယ်ပြုလို့ ကိုယ်ထူကိုယ်ထအားဖြင့် ပြန်လာခဲ့ခြင်းပင်။ နိုင်ငံခြား၌ ငါးနှစ်ကြာအောင် နေခဲ့ပါသော်လည်း အိမ်ပြန်လေးတွေကို လုံးဝမမေ့။ ဒီအရပ်၊ ဒီဒေသဟာ အလုံးစုံသော စိတ်အာရုံတို့အား အသေအချာ ညှို့ယူထားဟန်ရသည်။
❝ မြရဝန်ကနေ ကြိုဆိုပါတယ် ❞
ခြံတံခါးဘဲလ်ကို အရင်မနှိပ်ပါဘဲ အိမ်၏ ဝရံတာဆီသို့ လှမ်းကြည့်မိသည်။ ဤအကြိမ်တွင်တော့ မျက်ရည်တို့ စီးကျလာရ၏။
" ကျုပ်ပြန်လာပြီလေ ခင်ဗျားရယ် "
မြရဝန် စံအိမ်ရဲ့ နောက်ကြောင်းရာဇဝင်ဟာ ထင်ထားသလောက် မရိုးရှင်းခဲ့ပေ။ ထိုမရိုးရှင်းသော ရာဇဝင်၌ ကိုယ်တိုင်ပါဝင်နေခဲ့သည်မို့ ဒီအရပ်သို့ မဖြစ်မနေ ပြန်လာရလေပြီ။
" မြရဝန်မှာ ခင်ဗျား မရှိရင် မပြည့်စုံဘူး "
မျက်ရည်စတို့အား သုတ်ဖယ်လို့ ခြံတံခါးဘဲလ်ကို လှမ်းထိလိုက်သည်။ မကြာပါ၊ အိမ်မကြီးထဲမှ ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦး ပြေးထွက်လာ၏။
" ဘယ်သူလဲရှင့် "
" ပိုင် ပြန်လာတယ်လို့ တီချယ့်ကို ပြောပေးပါ "
" မမလေး ပြန်ရောက်မယ်လို့လည်း မကြားမိပါဘူး။ ဒီမှာ ခဏစောင့်နော်၊ ကြီးကြီးကို သွားခေါ်လိုက်ဦးမယ် "
" အင်း "
မတွေ့ရသည့် ငါးနှစ်တာ ကာလအတွင်း တီချယ့်ရောဂါ အခြေအနေ ပိုဆိုးလာဟန်ရသည်။ အရင်ကထက် ပို၍သိသိသာသာ ပိန်ကျသွားကာ မျက်နှာတွင်လည်း အသွေးအရောင်မရှိ။ သို့သော်လည်း အပြုံးတော့
မပျက်ပေ။
" ပြန်လာမဲ့အခါ ကြိုပြောပါဆိုကွယ် "
" တီချယ် "
" ရှင် "
" ကျုပ်ပြန်မှတ်မိပြီ "
" ဘယ်လို "
" အရာအားလုံးကို ပြန်မှတ်မိနေတာ။ ဒေါ်မြရံခြယ်နဲ့ ပတ်သက်သမျှ အရာအားလုံးကိုပေါ့ "
" မူ .. မူပိုင် "
" ကျုပ် ဘယ်သူဆိုတာ တီချယ်လည်း သိနေတယ် မဟုတ်လား "
ပိုင်ဟာ ဤစံအိမ်ကြီး၏ သခင်မ မူပိုင် လူဝင်စားမှန်း ကြီးကြီးနွယ် မဆုံးခင်ကမှ သိခဲ့ကြခြင်းပင်။ ယောဂီဝတ် သီလရှင်ကြီး ပြောသွားသည့် စကားများ မှန်ကန်နေကြောင်း အခုအခါ၌ လက်ခံရလေပြီ။ ပိုင်ဟာ မူပိုင် ဖြစ်၏။
" ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိဆိုပြီး ဘာမှမပြောဘဲ နေခဲ့မိတာ။ တကယ့်ကို မူပိုင် ဖြစ်နေခဲ့တာပဲ "
" ကျုပ်လည်း အသက်နှစ်ဆယ့်နှစ်ပြည့် မွေးနေ့ကျမှ ပြန်မှတ်မိလာတာ။ အဲညကလေ ရူးသွားတော့မို့လို့၊ ခံစားချက်တွေ ပေါက်ကွဲထွက်လာပြီး ရူးတော့မယ်တောင် ထင်ရတယ် တီချယ် "
" ဘာဆက်လုပ်ချင်လဲ ပိုင် "
" ကျုပ်လူကို ရှာချင်တယ် တီချယ် "
" အင်း စိတ်ကြိုက်ရှာပါ။ ဒါပေမဲ့ ကြီးကြီးနွယ်ရဲ့ ဆန္ဒအတိုင်း ပန်းချီပြခန်း ဖွင့်နိုင်ဖို့ကိုလည်း ကြိုးစားဦးနော် "
" ကျုပ်မမေ့ပါဘူး တီချယ် "
" အင်းပါ ဒါဆို အနားယူချေတော့ "
" သော့ပေးပါ "
ပိုင် ဆိုလိုသည်ကို သဘောပေါက်ပြီးသားမို့ အနွေးထည် အိတ်ကပ်ထဲရှိ သော့တစ်ချောင်းကို ထုတ်ပေးလိုက်သည်။ ပိုင်ရှင် အစစ်အမှန် ပြန်ရောက်လာပြီမို့ ထိုအခန်းအား ဆက်လက်ထိန်းသိမ်းပေးနေရန် မလိုအပ်တော့ပေ။
ငယ်ငယ်တုန်းကလိုမျိုး ကျွန်းတံခါးရှေ့၌ ရပ်နေမိပြန်သည်။ လက်ထဲရှိ သော့တံလေးကိုလည်း ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်မှာ အချိန်မည်မျှကြာနေပြီမှန်း မသိတော့ပါ။
ဤတံခါးနောက်ကွယ်၌ အတိတ်ရှိ၏။ လှပသော အမှတ်တရတွေလည်း ရှိသလို၊ စွဲမြေ့ထင်ကျန်နေမည့် ပန်းရနံ့တို့လည်း ရှိသည်။
❝ မြရယ်၊ မူပိုင်ရယ် .. ထာဝရထက် နှစ်ဆပိုလို့ ❞
ဒီခြေလှမ်းတို့အား ဘယ်ဆီကိုမှ မရွေ့ခဲ့ခြင်းသည် တစ်စုံတစ်ဦးကို သေချာပေါက် စောင့်နေသည်မို့ပင်။ ဘယ်သောအခါမှ ပိတ်မထားသော ပြတင်းတံခါးသည်လည်း ထိုတစ်စုံတစ်ဦး အလာကို မျှော်နေခြင်းပင်။
" လူ့ပတ်ဝန်းကျင်ထဲ ပြန်တိုးဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား မိန်းကလေး "
" ဒီနေ့ကို ရောက်လာဖို့ နှစ်ပေါင်းများစွာ စောင့်လာခဲ့ရတာပါ။ ဒါကြောင့်မို့ အဆင်သင့်မဖြစ်စရာ အကြောင်းမရှိပါဘူး အဘ "
အိမ်မက်တွေရဲ့ အလွန်မှာ ပြန်ဆုံကြတာပေါ့ ဒါလင်ရယ်။ ထိုအရပ်မှာ သေချာပေါက် ပိတောက်ပန်းတွေ ဝေဆာနေမယ် မဟုတ်လား။
______
(အညို)
လူပြန်ဝင်စားတာမို့ အခု ပိုင်က ဒီဘက်ခေတ်ကို ရောက်လာတာပါ။ ဖတ်ရတာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်ရှင်။