“ချန်း နေလည်း သိပ်ကောင်းသေးတာမဟုတ်ဘဲနဲ့ မသွားပါနဲ့လား၊ တစ်ခြားတစ်ယောက်ကို လွှတ်လို့ရရင် ဒီဘက်က Artist တစ်ယောက် ပို့ခိုင်းလိုက်မယ်လေ”
“ဘယ်ဖြစ်မလဲ...ကိုယ်တာဝန်ယူထားတာပဲ။
မစိုးရိမ်ပါနဲ့”
“၁၀ ရက်လောက် အပြင်းဖျားထားတာလေ၊ ဘယ်လို မစိုးရိမ်ပဲနေရမလဲ”
“အခုကောင်းသွားပါပြီ စိတ်မပူတော့နဲ့နော်”
“စိတ်ရှိတိုင်းသာဆို ပြန်လာပြီး ချန်းနဲ့ အတူတူ ဂျပန်လိုက်ပေးချင်တာ”
ဂျွန်ဟီးက အလုပ်ကိစ္စနဲ့ L.A ကို မနေ့ကထွက်သွားရတာဖြစ်သည်
“အင်းပါ ..အခုလည်း မင်ဆော့ဟျောင့် ပါတာပဲ၊ ကိုယ်တစ်ကယ်နေကောင်းနေပြီ။ မင်းလည်း ဂရုစိုက်အုံးနော်၊ ကိုယ်နေမကောင်းတာနဲ့ မင်းလည်း ပြုစုရတာ ပင်ပန်းသွားပြီ”
မင်္ဂလာဆောင်ကိစ္စတွေလည်း ဂျွန်ဟီးက သူ့ဘာသာ လိုလေးသေးမရှိစီစဉ်နေတာမို့ ချန်းယောလ် ဘာမှ စိတ်ပူစရာမလို ၊ သူနေမကောင်းတော့လည်း အလုပ်မအားတဲ့ကြားက လာပြီး ဂရုစိုက်ပေးရှာသည်
တကယ်တော့ ကိုယ်က ကိုယ့်စိတ်အနာနဲ့ ဖျားတာဆိုပေမယ့် ဂျွန်ဟီးကိုလည်း အားနာရတာရယ်ကြောင့် သက်ပြင်းတောင်ခိုးချနေရသလိုဖြစ်နေခဲ့ရတာ...အခုလို သူထွက်သွားမှပဲ စိတ်ဖြေသာတော့သည်
ဂျပန်ဟာ ချန်းယောလ်အကြိုက်ဆုံးနိုင်ငံမို့ ဒီတစ်ခေါက်အလုပ်ကိစ္စနဲ့သွားရင်း စိတ်ပြေလက်ပျောက်ဖြစ်အောင် နေအုံးမည်
***
Loey Park “TOKYO FASHION WEEK” သို့ထွက်ခွာ
တက်လာတဲ့ သတင်းကို ကြည့်ရင်း ဒါပဲလေ ငါအရင်လိုပဲ ပြန်ဖြစ်ပါပြီ ဆိုပြီး ချန်းယောလ် အားတင်းလိုက်သည်
လေဆိပ်ကနေ စီစဉ်ပေးထားတဲ့ ဟိုတယ်ဆီ သွားပြီး ခဏတစ်ဖြုတ် အနားယူဖို့ ရောက်လာကြသည်
ညနေ ကျရင် ပြပွဲတစ်ခု သွားပေးရအုံးမည်
“ဟျောင့် ကျွန်တော် ခဏနားလိုက်အုံးမယ် နေ့လည်စာကို အခန်းထဲပဲ ပို့ပေးလိုက်တော့နော်”
“အိုခေ..၃ နာရီ အဆင်သင့်ဖြစ်ရင်ရပြီနော်..နားလိုက်..”
ဓါတ်လှေကားထဲကနေ ထွက်ထွက်ချင်း မြင်လိုက်ရတဲ့ ပုံရိပ်ကြောင့် မင်ဆော့ဆက်ပြောတဲ့ စကားတောင် မကြားလိုက်
“ချန်းယောလ် ဘာဖြစ်လို့လဲ”
“ဟင် ...အော်..ကျွန်တော့် အသိတစ်ယောက်နဲ့ တူတာ တွေ့လိုက်လို့ပါ”
ဘေးက တစ်ခြား ဓါတ်လှေကားထဲကို ဝင်သွားတဲ့ တစ်ယောက်က ဘက်ခဟျွန်းနဲ့ တူလိုက်တာ
တကယ်တော့ တူတယ်လို့ ထင်လိုက်တာ ဖြစ်နိုင်ပါသည်
“ဟုတ်လား..ဘယ်သူလဲ”
“ဒီတိုင်း..အသိပါပဲ အမြင်မှားတာနေမှာပါ။ ထားလိုက်ပါ”
အောက်ကို ဆင်းသွားပြီဖြစ်တဲ့ ဓါတ်လှေကားက အချက်ပြမြှားလေးကို ငေးကြည့်နေတဲ့ ချန်းယောလ်
စောနားကထိ လန်းလန်းဆန်းဆန်းဖြစ်နေတဲ့
ချန်းယောလ်ရဲ့ မျက်နှာကညိုမှိုင်းသွားတာကိုတော့ မင်ဆော့သတိထားလိုက်မိပါသည်
***
“အခုလို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“အာ ဖိတ်ပေးလို့ ကျွန်တော်က ကျေးဇူးတင်ရပါတယ်”
“Loey လိုအပ်တာရှိရင်ပြောပါနော်”
Artist Expo ဆိုတဲ့ building မှာ သူတို့ Magazine နဲ့ Collaborate လုပ်ထားတဲ့ Fashion Designer Team နဲ့ တွေ့ဆုံနေကြတာဖြစ်သည်
“Loey အချိန်ရရင် ဒီက Art Gallery မှာ ပန်းချီပြပွဲတစ်ခု ရှိတယ် ကျွန်တော်တို့နဲ့ လိုက်ကြည့်မလား”
“အာ..နေပါစေ၊ ကျွန်တော် တစ်ခြား schedule ရှိလို့၊ ဒါဆို ပွဲနေ့မှာ တွေ့ကြတာပေါ့”
တကယ်တော့ ချန်းယောလ်မှာ ဘာချိန်းထားတာမှ မရှိပါ၊ ဒီတိုင်းပဲ သူဘားတစ်ခုကို သွားပြီး တစ်ယောက်တည်း အေးအေးဆေးဆေး သောက်ချင်သည်
ဓါတ်လှေကားက ၆ လွှာအရောက်မှာ ဆင်းတဲ့လူတစ်ချို့ကြောင့် တံခါးဝတည့်တည့်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီပြပွဲကြော်ငြာကို သူလှစ်ခနဲ မြင်လိုက်သည်
“ဟျောင့် ပြန်နှင့်လိုက်”
မင်ဆော့ကို လှမ်းပြောရင် ဓါတ်လှေကားထဲက သူထွက်လာလိုက်သည်..
ခြေလှမ်းတို့ဟာ ရင်းနှီးနေတဲ့ ပန်းချီကားတို့ရဲ့ ဆွဲခေါ်ရာဆီသို့
ရင်းနှီးနေတဲ့ ပန်းချီလက်ရာတို့ကို ငေးမိရင်း ပန်းချီကားတစ်ခုရှေ့မှာ သူခြေစုံရပ်မိသွားသည်
ပုံရိပ်ပဲဆွဲထားတဲ့ စုတ်ချက်တွေကနေတစ်ဆင့်တောင် ဒီမြင်ကွင်းကြောင့် တစ်စုံတစ်ယောက်ကို နင့်သည်းစွာ လွမ်းဆွတ်ရင်း သူမျက်ဝန်းမှာ မျက်ရည်တို့ ပြည့်လျှံလာသည်
“ဟေး”
ဒီအသံပဲ အဲ့ဒီတစ်စုံတစ်ယောက်ရဲ့အသံမှန်း
ချန်းယောလ်ဟာ လှည့်မကြည့်ခင်တောင် သေချာနေခဲ့တယ်
ဘက်ခဟျွန်းကို သူ့ရှေ့မှာ ရုတ်တရက်ကြီး မြင်ရတာက ထူးဆန်းနေတယ်
အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ဘက်ခဟျွန်း
သေချာလေး ပုံသွင်းထားမှန်းသိသာတဲ့ ဆံပင်ပုံစံ
ဒါဟာ သူ့ရဲ့ ဘက်ခဟျွန်းဟုတ်ရဲ့လားလို့တော့ သံသယဝင်မိတယ်
သူ့ရဲ့ဘက်ခဟျွန်း သူစိတ်ထဲက တစ်ရက်မှ မမေ့နိုင်ခဲ့သော ဘက်ခဟျွန်း ကို တွေ့နေရတာ ဟုတ်ပါသလား
သူ့ကို ပြုံးပြလိုက်တဲ့ ဘက်ခဟျွန်းဟာ သူငယ်ချင်းတစ်ယောက်ကို တွေ့လို့ နှုတ်ဆတ်လိုက်ယုံလောက်ပဲ
“ဟေး”
သူ့ရဲ့ နှုတ်ဆိတ်စွာ ကြည့်နေတဲ့ မျက်ဝန်းတို့ကြောင့် ဘက်ခဟျွန်းက သူ့အကြည့်ကို လွှဲဖယ်သွားတယ်
“အဆင်ပြေနေတယ်မလား”
ဟင့်အင်း မပြေဘူး ဘက်ခဟျွန်းနား
“အင်း”
“ပန်းချီတွေကို သဘောကျရဲ့လား”
ဘက်ခဟျွန်းက ပန်းချီကားတွေကို ခေါင်းဆက်ပြရင်း မေးတယ်
“အင်း”
သူ ပြောချင်တာ ဒီစကားတွေမဟုတ်ဘူး။ သူပြောချင်တဲ့ စကားတွေကို ပြောလို့မဖြစ်ဘူးဆိုတာလည်း သိတဲ့အတွက် ချန်းယောလ်ဟာ အင်းတစ်လုံးကိုတောင် ခက်ခက်ခဲခဲ အားယူပြီး ပြောနေရတယ်
“ကျေးဇူးပါပဲ”
နေပါအုံး ဘက်ခဟျွန်းက ဘာလို့ကျေးဇူးတင်ရတာလဲ ၊ အဲ့တာထက် ဘက်ခဟျွန်းက ဘာလို့ ဒီကို ရောက်နေရတာလဲ
“ဘက်ခ မင်းက ဘယ်လို ဒီမှာ”
သူ့မေးခွန်းက အဲ့ဒီမှာ ရပ်သွားတယ်..တကယ်က သူမေးချင်တဲ့မေးခွန်းတွေက အများကြီးပဲ
ဘာကြောင့် ဘက်ခဟျွန်းက တိုကျိုမှာ ရှိနေရသလဲ
ဘာကြောင့် ဘက်ခဟျွန်းက ဒီပန်းချီပြခန်းမှာ ရှိနေရသလဲ
အဲ့ဒါထက် ဘာကြောင့် ဘက်ခဟျွန်းက သူ့ရှေ့မှာ ရှိနေရသလဲ
ဘာကြောင် သူမေ့ပစ်ဖို့ သေလောက်အောင် ကြိုးစားနေရချိန်မှာ
ဘာကြောင့် သေလောက်အောင် လွမ်းဆွတ်ပြီးတွေ့ချင်နေတဲ့အချိန်မှာ
ချန်းယောလ်ဟာ လက်တွေ့ဖြစ်နေတယ်ဆိုတာကိုတောင် မယုံနိုင်သေးဘူး
ဘက်ခဟျွန်းက သူ့ကို ပြုံးပြရင်း “ငါ ဆွဲထားတာ..ဒီပန်းချီကားတွေအားလုံး ငါဖန်တီးထားတာ”
“ဘယ်လို”
မထင်မှတ်ထားတဲ့ အဖြေကြောင့် သူဆွံ့အသွားတယ်
“ဒါတွေအားလုံးက ငါတို့မြို့က ပုံရိပ်တွေရယ်..ငါတို့ရယ် ငယ်ရွယ်မှုတွေပေါ့..ပန်းချီကားတွေထဲမှာ သိမ်းထားချင်ခဲ့တာ..”
“မင်း ပန်းချီဆွဲတတ်မှန်း ငါမသိခဲ့ဘူး”
“အဟင်း..အင်းလေ ငါတို့မှာ ပန်းချီဆွဲချိန်မရှိလောက်အောင် ..ရန်ဖြစ်နေခဲ့ရတာမလား ..အဟား နောက်တာ..ဒါဆိုကြည့်လိုက်ပါအုံး ငါ တစ်ခြားလူတွေဆီ စကားသွားပြောလိုက်အုံးမယ်
***
အချိန်တွေဘယ်လောက်ကြာသွားလည်းမသိ
ချန်းယောလ်ဟာ ပြပွဲလာကြသူတွေနဲ့ စကားပြောနေတဲ့ ဘက်ခဟျွန်းကို စောင့်ရင်း ပန်းချီကားတွေ နောက်ကလိုက် ကြည့်နေမိတယ်
ဘက်ခဟျွန်းက သူတိတ်တဆိတ်နောက်ကလိုက်နားထောင်နေတာကို သိသည့်တိုင် မသိကျိုးကျွန်ပြုထားတာမို့ ဝမ်းသာရတယ်..အနည်းဆုံးတော့ သူ့ကို ထွက်သွားဖို့ မပြောဘူးမလား
ပြီးတော့ ပန်းချီကားတစ်ခုဟာ အဝတ်အမဲနဲ့အုပ်ထားတာကို သတိထားမိတယ်
ပန်းချီကားရဲ့အောက်မှာ “Lost” ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တယ်
တဖြည်းဖြည်းနဲ့ ပြပွဲဟာ လူတွေကျဲသွားတယ်
ပန်းချီကားတွေ နေရာရွေ့ဖို့ ပြင်နေတဲ့ လူတွေကို ညွှန်ကြားပြီးတဲ့နောက်မှာ ဘက်ခဟျွန်းက သူ့ဆီ လှမ်းလာတယ်
“ဒီနေ့က ဒီမှာ ငါ့ရဲ့နောက်ဆုံး ပြပွဲလေ”
ဘက်ခဟျွန်းက သိမ်းနေတဲ့ လူအုပ်ကို မေးဆက်ပြရင်း ပြောတယ်
“အော်”
တွေ့ခွင့်ရတာကို ကံကောင်းတယ်လို့ပဲ ပြောရမလား...သတိရနေတာလို့ ပြောလိုက်သင့်သလား
“မင်းမပြန်သေးဘူးလား”
“အင်း မပြန်ချင်သေးဘူး”
ဘက်ခဟျွန်းက သူ့ကို ကြည့်ရင်း ခေါင်းခါတယ်
“မင်းက အရူးပဲ ချန်းယောလ်ရ”
ဘက်ခဟျွန်းရဲ့ စကားကို သူမချေပမိဘူး..သူစိတ်ဝင်စားနေတဲ့ ဝတ်ရုံအောက်က ပန်းချီကားကို မြင်ချင်နေမိတယ်
“အဲ့ဒီ ပန်းချီကားကို ငါကြည့်ခွင့်ရှိမလား”
“ဟင့်အင်း”
“ဘာဖြစ်လို့လဲ”
“ငါ မပြချင်လို့ပေါ့”
“ဘာလို့ မပြချင်တာလဲ”
“ချန်းယောလ်”
“ငါ ကြည့်ချင်လို့ပါ”
“မရဘူး”
“ဟား...မရတာ ဘယ်မှာရှိလို့လဲ”
ချန်းယောလ်ဟာ အားလုံးကလည်း ပန်းချီကားတွေကို ဖြုတ်သိမ်းနေကျတာမို့ အပြေးသွားပြီး အုပ်ထားတဲ့ အဝတ်ကို ဖယ်လိုက်တယ်
အဝတ်စဟာ ကြမ်းပြင်ပေါ်လျှောခနဲ ကျသွားသလို သူ့နှလုံးသားပါ ပြုတ်ကျသွားပြီထင်ရတယ်
အဲ့ဒါဟာ သူ့ရဲ့ပုံတူပဲ
တိတိကျကျ ပြောရရင် တစ်ခြားပုံတွေနဲ့ ကွဲထွက်နေတဲ့ တစ်ပုံတည်းသော ပုံတူပန်းချီပဲ
ပန်းချီကားထဲက လက်ထပ်လက်စွပ်ကိုလည်း သူချက်ချင်း သတိထားမိလိုက်တယ်
“ယောလ်”
ဘက်ခဟျွန်းရဲ့ အသံက တုန်ရင်နေတယ်..
“ဘက်ခ ဒါက...”
သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းတွေထဲကနေ နှလုံးသားကို မြင်ရဖို့ ကြိုးစားနေကြတယ်
“Mr.Park ...”
ခေါ်သံကြောင့် ချန်းယောလ် သတိဝင်လာတယ်..ရုတ်တရက်သူ့ကိုခေါ်လိုက်တဲ့ အသံကြောင့်
“ဒီမှာ လက်မှတ်လေးထိုးပေးပါအုံး”
ဝန်ထမ်းက ဘက်ခဟျွန်းဆီ သွားရင်း စာရွက်တစ်ခုကို လှမ်းပေးတယ်
ဘက်ခဟျွန်းဟာ ပက်ဘက်ခဟျွန်း ဆိုတဲ့ နေရာမှာ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ဝန်ထမ်းက ပြန်ထွက်သွားတယ်
“ဘက်ခ”
“ငါမင်းဆီက သနားတဲ့အကြည့်မျိုး မလိုချင်ဘူး ချန်းယောလ်”
“ဟင့်အင်း မဟုတ်ပါဘူး ငါက...”
“အင်း ဟုတ်တယ်..ငါမင်းပုံကို ဆွဲခဲ့တယ်။ ငါ့စိတ်ထဲမှာရှိနေတဲ့သူကို ငါနှစ်သက်တဲ့ပန်းချီကားထဲမှာ အမှတ်တရ ထည့်သိမ်းထားချင်ယုံ သပ်သပ်ပဲ...ငါ့မျိုးရိုးလား..ဒီအတိုင်းပဲ၊ ငါတို့တွေ လက်ထပ်မှတ်ပုံတင်ထဲက မပြောင်းရသေးဘူးမလား”
“ဘက်ခဟျွန်းနား”
ချန်းယောလ်ဟာ သူ့အကြည့်ကို ရှောင်လွှဲရင်း ရှင်းပြနေတဲ့ ဘက်ခဟျွန်းရဲ့ လက်ကို ဆွဲယူလိုက်တယ်
“ပတ်ဘက်ခဟျွန်း”
သူ့ခေါ်သံကြောင့် ဘက်ခဟျွန်းက မော့ကြည့်တယ်
“ငါမြို့က ပြန်လာတဲ့နေ့ကတည်းက နေ မင်းကို အခုထိ စိတ်ထဲက ထုတ်မရဘူး။ ငါအများကြီးကြိုးစားပြီးသွားပြီ
ဒါပေမယ် မင်းငါ့ကို ချစ်နေသေးတယ်ဆိုတဲ့ ခံစားချက်ကို ငါမေ့လို့မရဘူး။ မင်းက ငါ့ကို ဘယ်လောက်တောင် ခံစားရစေသလဲဆိုတာ မင်းသိမှာမဟုတ်ဘူး”
“ချန်းယောလ်”
“ငါ ဂျွန်ဟီးနဲ့ အတူရှိနေချိန်တွေမှာတောင် မင်းကိုပဲတွေးမိနေတယ်၊ မင်းအသံကိုပဲ ကြားချင်နေတယ်။ ငါထွေးပွေ့ထားတဲ့ သူဟာ မင်းဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်”
“ချန်းယောလ် တော်တော့”
“ငါရူးနေပြီလားဟင်...မင်းကို ငါအခုထိချစ်နေသေးတယ်လို့ ပြောရင် ငါ့ကို ရူးနေပြီလို့ မင်းထင်မလား”
ဘက်ခဟျွန်းက သူ့လက်ထဲကနေ ရုန်းထွက်လိုက်တယ်’
“တော်တော့”
“မောင့်ကို ပြောခွင့်ပေးပါ....တစ်ခါလောက်လေးပဲ ငါ့စကားကို အဆုံးထိ နားထောင်ပေးလို့ရမလား..ဒါကို မင်းသိထားရမယ်...ဒီစောက်ကမ္ဘာကြီးမှာ မင်းကလွဲပြီး ငါ့ကို ရူးသွပ်စေနိုင်တယ်သူ မရှိတော့တာကို မင်းသိရင်ကောင်းမယ်...ဟမ် မင်းသိလား၊ ဂျွန်ဟီးက အရာရာ မှာ တော်တယ် ငါ့အပေါ်လည်း လိုလေသေးမရှိဘူး။ အေး ဒါပေမယ့် ဒီ ငါပျော်လား ဆိုတော့ မပျော်ဘူး၊ ဒီစောက်အသဲက မင်းမှ မင်းပဲ ဖြစ်နေတာ။ နာကျင်ရလည်း မင်းကို မချစ်ပဲမနေနိုင်ဘူး၊ ဒေါသတွေဖြစ်ပြီး ရန်ဖြစ်နေရင်တောင် ငါမင်းကို မချစ်ဘဲ မနေနိုင်ဘူး၊ မင်းဆီက ထွက်ပြေးရတာ ငါပျော်နေတယ်များ ထင်လား ဟမ်၊ ငါဘယ်တော့မှ မင်းကို မမေ့နိုင်ခဲ့ဘူး”
“ပတ်ချန်းယောလ် အဓိပ္ပါယ်မရှိတာတွေ မပြောတော့နဲ့ ၊ မင်းက အခုစေ့စပ်ထားပြီးပြီ။ အကုန် ပြီးခဲ့ပြီ နောက်ကျသွားပြီ”
“ဘာလို့ ပြီးရမှာလဲ..”
“ချန်းယော် တော်ပါတော့ ငါ့ကို မကစားနဲ့တော့၊မင်းခံစားချက်ကိုလည်း အလိုမလိုက်နဲ့တော့ မင်းက အားလုံးကို ခက်ခဲအောင်လုပ်နေတာပဲ၊ ကွာရှင်းစာချုပ်မှာ အတင်းအကျပ် လက်မှတ်ထိုးပေးဖို့ ငါ့ဆီပြန်ရောက်လာတယ်၊ အခုလည်း မင်းရဲ့မရေရာတဲ့ ခံစားချက်တွေနဲ့...ငါတို့ ပြီးပြီ၊ ဒါငါတို့ ကံကြမ္မာပဲ”
“ဒါပေမယ့် ငါမင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ပဲ မနေခဲ့ဖူးဘူးဆိုတာ အခုမှ ငါ့ကိုယ်ငါသိလာရတာလေ”
“ကောင်းပြီ ချစ်တယ်ဆိုတော့ရော..ချစ်တယ်ဆိုတာနဲ့ အားလုံး အဆင်ပြေသွားတာမဟုတ်ဘူး...ငါတို့ ထပ်ပြီးမနာကျင်ရဖို့ မင်းကတိပေးနိုင်လို့လား”
ဘက်ခဟျွန်းရဲ့ မေးခွန်းမှာ သူနှုတ်ဆိတ်သွားသည်
“ငါမင်းကို လုံလောက်အောင် နာကျင်ပြီး ချစ်ပေးခဲ့ပြီးပြီ ချန်းယောလ်ရ...ဒါကြောင့် ဒီတစ်ခါတော့ ငါ ..ငါ ရုန်းထွက်ပါရစေ ဟုတ်ပြီလား”
ဘက်ခဟျွန်းက ချန်းယောလ်ကို ထားခဲ့ရင်း ပြခန်းထဲက ထွက်သွားတယ်
***