၁၀၃၂ ခုနှစ်၊ မြောက်ပိုင်းစုန့်မင်းဆက်ကာလ၊ ခိုင်ဖုန်းမြို့တော်၊ ဟဲနန်ပြည်နယ်။
နွေရာသီမနက်ခင်းမို့ စာကြည့်ဆောင်ထဲ အလင်းနွေးနွေးကလေး ဖြာကျလို့နေတယ်။တစ်ချက်တစ်ချက် လွင့်ဝဲလာတတ်တဲ့ မူသန်းပန်းရနံ့တွေဟာတော့ နှာသီးဖျားပေါ် သင်းသင်းကလေး ဖြတ်ပြေးလို့ရယ်။
ရိပေါ် ကုန်သွယ်စာရင်းတွေစစ်ဆေးတွက်ချက်နေတုန်းမှာပဲ အဖြူရိပ်ကလေးတစ်ခု ရုတ်တရက်ရောက်လာတာမို့ မျက်လွှာပင့်ကြည့်လိုက်တယ်။ ပိုးသားဝတ်ရုံဖွေးလွလွကိုဝတ်ဆင်ထားတဲ့ အမျိုးသားလေးဟာ ဆံထုံးမြင့်မြင့်ကိုလည်းကျော့ရှင်းနေအောင် ထုံးဖွဲ့ထားပါရဲ့။ လက်ထဲမှာတော့ နံ့သာခေါက်ယပ်တောင်တစ်ချောင်းကို ဖွဖွဆုပ်ကိုင်ထားပါတယ်။
"အိမ်တော်သခင်ကို အနှောင့်အယှက်ပေးမိပါပြီ"
တိုးဖွဖွခွင့်တောင်းသံက ကြည်လင်လို့နေတယ်။ခေါင်းကိုပါဆတ်ခနဲညွှတ်လိုက်တာမို့ ရွှေရောင်ဆံထိုးက နေခြည်အဟပ်မှာ လက်ခနဲ။ရိပေါ်လည်း လက်ထဲကစာရင်းစာအုပ်ကို အသာချလိုက်ပြီး ဖွဖွပြုံးရင်း ခွန်းတုံ့ပြန်လိုက်ပါတယ်။
"မဟုတ်တာ...ကိုယ်ကသာ အလုပ်ဇောကပ်ပြီး မင်းနဲ့အဖော်ပြုမပေးနိုင်ဖြစ်နေရတာပါ..."
"ကိစ္စမရှိပါဘူး...ကျွန်တော်အခု ရွှမ်းလင်တောင်ပေါ်က ဘုရားကျောင်းကိုသွားမဲ့အကြောင်း အိမ်တော်သခင်ကို လာအကြောင်းကြားတာပါ...လှူဖွယ်ပစ္စည်းတွေလှူဒါန်းပြီး အေးအေးဆေးဆေးဝတ်ပြုမှာမို့ ညနေမှပြန်ရောက်ဖြစ်မယ်ထင်ပါတယ်..."
နှုတ်ခမ်းပါးအောက်ခြေက မှဲ့နက်ကလေး လှုပ်ခတ်ရုံပြောနေပေမဲ့ စကားသံက ပီသကြည်မြနေပါတယ်။မျက်လွှာချထားချိန်မို့ တည်ကြည်တဲ့မျက်နှာထားဟာ ခပ်ပါးပါးလေး နူးညံ့နေသယောင်နဲ့ရယ်။ရိပေါ်လည်း နားလည်ဟန်နဲ့ ခေါင်းကိုအသာဆတ်ပြလိုက်ရင်း...
"ကောင်းပါပြီ ဒါနဲ့...အစေခံတွေရော လုံလောက်ရဲ့လား "
"လုံလောက်ပါတယ်..အထမ်းသမားတွေအပြင် အစေခံမိန်းကလေးနှစ်ယောက်ပါတာမို့ ပြည့်စုံနေပါပြီ"
"ကိုယ်ရံတော်ချန်ရော.."
"မလိုဘူး.."
ခေါင်းခါရင်း ခပ်အေးအေးတုံ့ပြန်လာတဲ့ အမျိုးသားလေးပါပဲ။ ရိပေါ် ခေါင်းညိတ်ပြတုန်းမှာပဲ နှုတ်ဆက်စကားကို ဆိုလာပြန်ပါရဲ့။
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"
"ကောင်းပါပြီ.."
ရိပေါ်စကားအဆုံးမှာ အဖြူရိပ်ကလေးဟာ တဖြည်းဖြည်းဝေးလို့သွားခဲ့ပြီ။ဝေါယာဉ္ပေါ် ကျော့ကျော့ကလေး တက်သွားသူကို ပြတင်းကနေ လှမ်းကြည့်ရင်း ရိပေါ် သက်ပြင်းကိုသာကျိတ်ချလိုက်ရတာပဲ။ သူတို့ရဲ့အိမ်ထောင်ရေးဟာ ရေခဲတမျှအေးစက်လွန်းနေတာ သေချာနေပါတယ်။
ခွိုက်ကျန်းအိမ်တော်။ဒီအိမ်တော်က တျဲ မတိမ်းပါးခင်ကတည်းက ဧကရာဇ်ကိုယ်တော်တိုင်ချီးမြှင့်ထားတဲ့ အိမ်တော်ပဲဖြစ်တယ်။မြောက်ပိုင်းဒေသထွက် ပန်းအမျိုးအစားပေါင်းစုံပါဝင်တဲ့ ဥယျာဉ္တစ်ခုအပြင် ခန်းဆောင်အများကြီးနဲ့ဖွဲ့စည်းထားတဲ့ ခိုင်ဖုန်းရဲ့အခမ်းနားဆုံးအိမ်တော်တစ်ခုပါပဲ။
ရိပေါ်ရဲ့တျဲဖြစ်တဲ့ ခိုင်ဖုန်းမြို့စားမင်းဟောင်း ဝမ်ကျီနန်က ဘွဲ့ထူးဂုဏ်ထူးအစီအရီနဲ့ ဧကရာဇ်မြှောက်စားခြင်းကို ခံခဲ့ရသူပဲဖြစ်ပါတယ်။
ရိပေါ်ကတော့ ဆန့်ကျင်ဘက်ပါပဲ။နှစ်စဉ္အခွန်တော်ကို မှန်မှန်ဆောင်ရုံကလွဲလို့ ခိုင်ဖုန်းရဲ့အုပ်ချုပ်ရေးပိုင်းရာထူးတွေကို မျက်စောင်းတောင် လှည့်မထိုးဖြစ်ဘူး။မြစ်ဝါမြစ်ကမ်းက ကုန်စည်သိုလှောင်ရုံတွေနဲ့ရွက်သင်္ဘောတွေကိုသာ ပွါးသထက်ပွါးအောင် ကြိုးစားနေတော့တာ။
တစ်ခုတော့ရှိတာပေါ့။ စီးပွါးရေးသမားပီပီ အာဏာပိုင်တွေနဲ့အထူးတလည် ရင်းနှီးကျွမ်းဝင်တယ်။ဒါကလည်း တျဲရှိစဉ္ကတည်းကပါပဲ။ အထူးသဖြင့် ကွမ်ရှီးဝမ်ရယ်နဲ့ပေါ့။ တောင်ပိုင်းကွမ်ရှီးပြည်ဟာ တောင်တန်းအသွယ်သွယ်နဲ့ဖြစ်ပြီး မြောက်ပိုင်းနဲ့ဆို ရာသီဥတုကအစ လုံးဝကွာခြားနေလေရဲ့။
ဒေသထွက်ကုန်ချင်းဖလှယ်ဖို့ရာ သိပ်ကိုကောင်းမွန်လွန်းတာမို့ လွန်ခဲ့တဲ့နှစ်တွေကစပြီး ရိပေါ်ရဲ့ ကုန်သွယ်စားကျက်အသစ်က ကွမ်ရှီးဖြစ်လာတယ်။ဒီထက်ပိုပြီး စီးပွါးစပါးကျီ ခိုင်ကျည်မြဲမြံဖို့ရာ တျဲကတိုက်တွန်းလာပြန်ရဲ့။အဲ့ဒါကတော့ ကွမ်ရှီးစံအိမ်တော်သားတစ်ယောက်ယောက်နဲ့ လက်ဆက်ဖို့ပဲဖြစ်တယ်။ဒီလိုနဲ့ပဲ တျဲကိုယ်တိုင် ကွမ်ရှီးကိုသွားပြီး ဝမ်ရယ်နဲ့စေ့စပ်ညှိနှိုင်းတော့တဲ့အထိပါပဲ။
ဘယ်သူကထင်မှာလဲ။ ဝမ်ရယ်ကိုယ်တိုင်က ဒီကိစ္စကို ဝမ်းသာအားရလက်ခံလာလိမ့်မယ်လို့ပေါ့။နောက်ပြီး ရိပေါ်နဲ့လက်ဆက်ဖို့ သဘောတူထားသူကလည်း ဝမ်ရယ်ရဲ့ညီတော်အရင်းဖြစ်ပါသတဲ့။ရှောင်ဝမ်ရယ်ရဲ့ အမည်နာမဟာ ရှောင်းကျန့် ဖြစ်ပြီး နူးညံ့သိမ်မွေ့တဲ့အိန္ဒြေအပြင် တည်ကြည်ရှင်းသန့်တဲ့အသရေကြောင့် တောင်ပိုင်းတခွင်မှာတော့ ဂုဏ်သတင်းမွှေးလို့နေပါတယ်။
ကွမ်ရှီးစံအိမ်တော်မှာ သခင်မလေး မရှိမှန်း ရိပေါ်သိပြီးသားပဲ။ အနည်းဆုံးတော့ မျိုးရိုးမြင့်တောင်ပိုင်းသူတစ်ယောက်ယောက်လောက်ပဲ မှန်းထားတာရယ်။စိတ်ကူးနဲ့လက်တွေ့ခမျာ တိတိပပလွဲတဲ့အခါ တောင်ပိုင်းရဲ့အလှနတ်ဘုရားဟာလည်း ခိွိုက်ကျန်းမှာ စံမြန်းဖို့အကြောင်းဖန်လာတော့တာပဲ။ရေခဲပန်းဆွဲကလေးလို ခိုက်ခိုက်အေးမြတဲ့ အိမ်ထောင်ရေးဟာလည်း ဒီလိုပုံစံနဲ့ စတင်ခဲ့ပါတယ်။
"သခင်...သခင်...မကောင်းတော့ဘူး သခင်"
သူဘယ်လောက်တောင် အတွေးလွန်သွားတယ်မသိ။ရုတ်တရက်ထွက်ပေါ်လာတဲ့ အော်သံစူးစူးကြောင့် ရိပေါ် ဆတ်ခနဲဖြစ်သွားပြီး အတွေးမျှင်တို့ပြတ်တောက်သွားရတယ်။အဲ့ဒီနောက်မှာတော့ အသံပိုင်ရှင်ဟာလည်း စာကြည့်ဆောင်ထဲ လှစ်ခနဲပြေးဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။
"ဘာဖြစ်တာလဲ"
"ရှောင်..ရှောင်ဝမ်ရယ်...လုပ်ကြံခံရလို့ပါသခင်"
"ဘာ..."
အစေခံရဲ့အဖြေစကားအဆုံးမှာ ရိပေါ် မျက်မှောင်ကြုတ်သွားတယ်။ထင်မှတ်မထားတာမို့ အာမေဍိတ်သံဟာလည်း ပြင်းထန်နေပြီပဲဖြစ်ပါတယ်။
"ခေါင်းမှာဒဏ်ရာရထားတာမို့ သတိလစ်နေကြောင်းပါ"
အစေခံစကားဆုံးတာနဲ့ သူလည်းဆတ်ခနဲထရပ်လိုက်ပြီး ခြေလှမ်းတွေက စာကြည့်ဆောင်အပြင်ဘက်ဆီ ဦးတည်တော့တာပဲ။စိတ်ထဲကလည်း တွေးတောမိပါရဲ့။ ဘယ်လိုလူကများ အတင့်ရဲပြီး သူ့ကြင်ဖက်ရှောင်ဝမ်ရယ်ကို လုပ်ကြံတာလဲ။သူ့နောက်ကနေ အပြေးလိုက်လာရတဲ့ အစေခံကတော့ မောမောပန်းပန်းကြားကပဲ အလောတကြီး ပြောလာပြန်ပါရဲ့။
"ရှောင်ဝမ်ရယ်ကို အိပ်ဆောင်ထဲပြန်သယ်လာပါပြီ သခင်"
"အင်း...သမားတော်အမြန်သွားခေါ်"
"ဟုတ်ကဲ့"
ရိပေါ် အမိန့်ပေးပြီးတာနဲ့ အိပ်ခန်းဆောင်ဆီ ခပ်သုတ်သုတ်သွားလိုက်တယ်။ ခါးစည်းကြိုးပေါ်က ကျောက်စိမ်းပြားလေးဟာတော့ ဘယ်ယိမ်းညာယိမ်းနဲ့ လှုပ်လီယမ်းလို့နေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သမားတော်က ကုသနေချိန်အတောအတွင်း ဝင်ခွင့်မပြုတာမို့ အခန်းရှေ့မှာ လက်ပိုက်ရပ်ရင်း ရိပေါ် ဟိုဒီတွေးတောနေလိုက်တယ်။အစောပိုင်းတုန်းက ရိပေါ် မေးမြန်းကြည့်တော့ အစေခံရဲ့အဖြေအရ တောင်ပေါ်အတက်လမ်းခရီးမှာ မျက်နှာဖုံးဝတ်လူတစ်စုက ဝေါယာဉ္ကိုတားပြီး လုယက်ပါသတဲ့။
အထမ်းသမားအစေခံတွေ ခုခံဖို့ကြိုးစားပေမဲ့ အခြေခံသိုင်းကွက်လေးလောက်တောင်မှ တတ်မြောက်မထားတာမို့ အချည်းနှီးဖြစ်ရတယ်။လှူဒါန်းဖွယ်ရာပစ္စည်းတွေအပြင် ရှောင်ဝမ်ရယ်ရဲ့ ငွေအိတ်ကလေးပါ ပေးလိုက်ရပေမဲ့ ကျေနပ်ပုံမရတဲ့ လုယက်သူက ရှောင်ဝမ်ရယ်ရဲ့ခေါင်းကို ဓားနှောင့်နဲ့ထုပြီးမှ ထွက်ပြေးပါသတဲ့။
ဒီပုံစံအတိုင်းဆို သာမန်လုယက်မှုမျိုးပဲ။ဒါပေမဲ့ ဖြစ်နိုင်တာ နှစ်ခုရှိတယ်။ တစ်ခုက လုယက်သူတွေဟာ ကွမ်ရှီးရှောင်ဝမ်ရယ်မှန်းမသိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလို သိသိကြီးနဲ့တမင်အကဲစမ်းတာလည်း ဖြစ်နိုင်တယ်။ အသက်အန္တရာယ်မပေးပုံထောက်ရင် သတိပေးတဲ့သဘောမျိုးတောင် ဖြစ်ရင်ဖြစ်လိမ့်မှာ။
ရိပေါ် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခေါင်းထဲထူပူလာရပြီပဲဖြစ်တယ်။မြို့စားအသစ်က အသုံးမကျမှန်း သူလည်းသိတယ်။ ခုနောက်ပိုင်း ခိုးဆိုးလုယက်မှုတွေဆိုတာ မှိုလိုပေါများလာနေတော့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကိုဒီအတိုင်းထားလို့မဖြစ်ဘူး။ အထောက်တော်ကျန်နဲ့တိုင်ပင်ပြီး အမှုကိုအမြန်ဆုံးဖော်ထုတ်ရမယ်။
ရိပေါ် တစ်ယောက်တည်း ကြံစည်တွေးဆနေတုန်းမှာပဲ အခန်းတံခါးပွင့်လာတယ်။ အဲ့ဒီနောက်မှာတော့ ဆေးအိတ်ကိုပွေ့ပိုက်ထားတဲ့သမားတော်ကို တွေ့လိုက်ရပါတော့တယ်။
"ခုချိန်ထိသတိမရသေးပေမဲ့ ပြင်ပဒဏ်ရာမို့စိုးရိမ်စရာမရှိတော့ပါဘူး အိမ်တော်သခင်...လောလောဆယ်တော့ ကျွန်တော်ဒဏ်ရာကိုဆေးထည့်ပြီး ပတ်တီးစည်းပေးထားပါတယ်...ရှောင်ဝမ်ရယ်သတိရလာတဲ့အခါ ထပ်လာခဲ့ပါ့မယ်..."
"သမားတော်ကျို ပင်ပန်းသွားပါပြီ..."
"မဟုတ်တာ မဟုတ်တာ..ဒီလိုဆိုကျွန်တော့်ကိုခွင့်ပြုပါဦး
ရိပေါ် အသာအယာခေါင်းညိတ်ပြလိုက်တော့ သမားတော်ကျိုလည်း သုတ်သီးသုတ်ပျာပြန်သွားပြီပဲဖြစ်တယ်။ နန်းတွင်းသမားေတာ်မို့ အချိန်မပေးနိုင်တာကို ရိပေါ် နားလည်ထားပါတယ်။
သူ့မျက်ဝန်းအကြည့်တွေကို ရှေ့တည့်တည့်ဆီရွှေ့လိုက်တော့ ပတ်တီးအဖွေးသားနဲ့အိပ်ရာထဲလဲနေသူကိုတွေ့လိုက်ရတယ်။
သက်ပြင်းကို ဟင်းခနဲကျိတ်ချတယ်။ခြေလှမ်းတွေဟာတော့ အဖြူရိပ်လေး လဲလျောင်းနေရာ ခုတင်ဆီ တရွေ့ရွေ့နဲ့ရယ်။
ခုတင်ဘေးမှာ ဝင်ထိုင်ပြီး ငုံ့မိုးကြည့်လိုက်တော့ ရေပတ်တိုက်ပြီးသန့်ရှင်းထားတာမို့နဲ့တူရဲ့၊အမျိုးသားလေးရဲ့မျက်နှာက ဝင်းမွှတ်ပြီးစိုအိလို့နေတယ်။ရိပေါ်အမြဲတမ်းရှောင်ရှားဖြစ်ခဲ့တဲ့ မျက်ဝန်းလဲ့လဲ့တွေဟာတော့ အလိုက်တသိနဲ့ မှေးမှိတ်ပေးထားသယောင်နဲ့ရယ်။
အဲ့ဒီအချိန်မှာပဲ ရိပေါ်တစ်ယောက် မျက်မှောင်ဆတ်ခနဲကြုတ်မိသွားတော့တာပဲ။
သူ့ကြင်ဖက်မှာ မျက်တောင်အရှည်ကြီးတွေရှိနေတယ်။ နောက်ပြီး နှာတံလေးက တအားစင်းတာပဲ။
ဘေးနှစ်ဖက်မှာ အသာအယာချထားတဲ့လက်ချောင်းသွယ်တွေဆီ အကြည့်ရောက်မိပြန်တော့ သူခေါင်းကိုသာ ခါယမ်းလိုက်ရတာပါပဲ။ ဒီအမျိုးသားလေးရဲ့ လက်ဖျားတွေက ကဗျာစာရေးရုံ၊ ဗျပ်စောင်းတီးရုံသက်သက်ပဲ။ဓားမကိုင်ဖူးတဲ့ လက်ဖဝါးဟာ နီရဲနုထွေးနေပါတယ်။
ဒီအတိုင်းဆို ရိပေါ် ဘက်ကအများကြီး လစ်ဟာသွားတာပဲ။ရှောင်ဝမ်ရယ်တစ်ပါးကို ကိုယ်ရံတော်တစ်ယောက်မှမပါဘဲ ဒီအတိုင်းသွားစေမိခဲ့တာ။ ကိုယ်ရံတော်တွေက သိပ်စိတ်ရှုပ်စရာကောင်းကြောင်း ညည်းဖူးတဲ့စကားသံကို ဘာကြောင့် သူအမှတ်ထားမိတယ်မသိ။ အခုတော့ မဖြစ်သင့်တာတွေဖြစ်လာရပြီ။ ကွမ်ရှီးဝမ်ရယ်ကိုတောင် မျက်နှာမပြဝံ့တော့တဲ့အထိ။
တကယ်တမ်းကျ အိမ်ထောင်သက် ၈ လက ဟိုလှည့်ဒီလှည့်နဲ့ကုန်သွားတာပဲဖြစ်တယ်။ ထမင်းလက်ဆုံစားဖြစ်ဖို့တောင်ခဲယဉ္းကြတဲ့သူတို့အဖို့ စိမ်းသက်နေတာအဆန်းတော့ဟုတ်မနေပါဘူး။ တစ်အိပ်ရာထဲအတူတူအိပ်တာတောင်မှ ရိပေါ်သတိထားမိတာဆိုလို့ ဒီအမျိုးသားလေးရဲ့ကျောပြင်ကျဉ္းကျဉ္းလေးတစ်ခုတည်းရယ်။ကိုယ်သင်းနံ့မွှေးမွှေးလေးကတော့ ခြွင်းချက်ပေါ့။
မင်္ဂလာပွဲပြီးလို့ ၂လကျော်လောက်အကြာမှာ တျဲဆုံးတယ်။ လူကြီးရောဂါဆိုပေမဲ့ ဒီလောက်အထိစောစောထွက်ခွါသွားလိမ့်မယ်လို့ ရိပေါ်ထင်မထားတာတော့အမှန်ပဲ။ စျာပနပွဲပြီးတာနဲ့ အလုပ်ကိုသာ သဲကြီးမဲကြီးလုပ်ဖြစ်တဲ့ ရိပေါ်က အလုပ်ခရီးတွေမကြာခဏထွက်တယ်။ဒီလိုနဲ့ပဲ ဒီအမျိုးသားလေးကို ဂရုစိုက်ဖို့မေ့လျော့နေခဲ့ပါတယ်။
နှစ်ဖက်အိမ်တော်ရဲ့စီစဉ္ထားတဲ့အိမ်ထောင်ရေးလမ်းကြောင်းအတိုင်း သူတို့အတူတူလျှောက်လှမ်းခဲ့ရပေမဲ့ တကယ်တမ်းကျ လုံးဝကွာဝေးလွန်းလှပါရဲ့။ စကားအပိုမဆိုဖူးတဲ့သူတို့နှစ်ယောက်ကြားမှာ စည်းတွေ တံတိုင်းတွေဟာ အထပ်ထပ်ရစ်ပတ်နေတော့တာ။မဖြစ်မနေပြောရတဲ့စကားမျိုးမှာတောင် တလေးတစားဆက်ဆံပြောဆိုနေမိကြတဲ့အထိ။
ဝမ်ရယ်တစ်ပါးရဲ့ညီတော်ဖြစ်တဲ့ ဒီအမျိုးသားလေးက လက်ဆက်ဖို့ကိစ္စကို ဘာလို့အသာတကြည်လက်ခံခဲ့မှန်း ရိပေါ်နားမလည်ဘူး။ သေချာတာကတော့ ကွမ်ရှီးဝမ်ရယ်ရဲ့ ဖိအားပေးမှုပါလိမ့်မယ်ဆိုတာပဲ။ ဒီအမျိုးသားလေး မြောက်ပိုင်းမှာမပျော်မှန်း ရိပေါ်သိတယ်။အပြုံးဆိုတာမမြင်ဖူးသလို ရယ်သံလွင်လွင်ကိုလည်းမကြားဖူးတာ သေချာနေပါတယ်။
"အာ့...ကျွတ်စ် ကျွတ်စ်..."
ညည်းတွားသံသဲ့သဲ့နဲ့အတူ အမျိုးသားလေးရဲ့ မျက်ခွံမို့မို့လေးတွေ လှုပ်ခတ်လာတယ်။အဲ့ဒီနောက်မှာတော့ မျက်လွှာကလေးကို ဖြည်းဖြည်းချင်း ဝင့့်ကြည့်လာပြီပဲဖြစ်ပါတယ်။ရိပေါ်လည်း လှစ်ခနဲဝမ်းသာသလိုဖြစ်သွားရပြီး တိုးဖွဖွမေးလိုက်တယ်။
"သတိရပြီလား..."
"ဟင်..."
"နာနေသေးလား"
သူမေးခွန်းတွေမေးနေပေမဲ့ စိမ်းသက်တဲ့မျက်ဝန်းလက်လက်တွေနဲ့ မော့ကြည့်နေသူက ဘာမှပြန်ဖြေမလာဘူး။အဲ့ဒီအစား မျက်ခုံးတန်းတွေကိုတောင် စုကျုံ့ပစ်လိုက်ပြီးတဲ့နောက်မှာတော့ အသံစူးစူးကလေး ထွက်ကျလာတော့တာပဲ။
"ခင်ဗျားက ဘယ်သူလဲ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TBC