ကိုက်ခဲနေတဲ့ နားထင်ကို ဖြစ်ညှစ်ရင်း ချန်းယောလ်ဟာ နိုးလာတယ်
တစ်ကိုယ်လုံးလေးလံနာကျင်နေတာကို သတိထားမိပြီး မျက်လုံးဖွင့်အကြည့်မှာ သတိထားမိတာက အဝါရောင်မျက်နှာကျက်
နေရောင်ဖျော့ဖျော့ထိုးနေတဲ့ ပြူတင်းပေါက်ရှိရာကို လှမ်းအကြည့်မှာ အဝါရောင်ခန်းစည်းစလွင်လွင်လေးဟာ လေပြေအလွင့်မှာ လှုပ်ခါနေတယ်
ချန်းယောလ်ရဲ့ နှလုံးသားဟာ ခန်းစည်းစရဲ့ ဖြားယောင်းမှုကြောင့်လား
အိပ်ရာခင်းစရဲ့ နွေးထွေးမှုကြောင့်လား ဝေခွဲမရစွာ သိမ့်ခနဲ လှုပ်ခါသွားတယ်
ထင်းရှူးနံ့သင်းသင်းကို သူအဆုတ်တစ်ခုလုံး လုံလောက်အောင် ရူသွင်းပြီး အိပ်ရာထဖို့ အားယူလိုက်တယ်
အိမ်ရာဘေးက စားပွဲပေါ်မှာ နေရောင်ဖြာကျမှုကြောင့်လင်းလက်နေတဲ့ ဖန်ခရစ်စမတ်ဘောလုံးလေးကို အကြည့်ရောက်တယ်
အဲ့တာ စျေးရောင်းပွဲမှာ ပထမဆုံးနှင်းကျတဲ့နေ့က ဘက်ခဟျွန်းကို သူဝယ်ပေးထားတာ
အဲ့ဒီနေ့က ဘက်ခဟျွန်းကို သူပထမဆုံးဖွင့်ပြောခဲ့တာဖြစ်တယ်
“နှင်းပွင့်တွေကို မရေတွက်နိုင်သလိုမျိုး ငါမင်းကို အတိုင်းအဆမရှိ ချစ်တယ်”
သူ့စကားကို ဘက်ခဟျွန်းက “(ဘိုရာ) ဘာလဲကွာ အဘိုးကြီးလိုမျိုး” ဆိုပြီး စနောက်တာကြောင့် ဖွင့်ပြောတဲ့သူက စိတ်ကောက်ရသေးတယ်
အမြဲတမ်း စနောက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းကို ဖွင့်ပြောဖို့ ဘယ်လောက်ခက်ခဲကြောင်း သူအကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတဲ့အကြောင်း တွတ်ပွတွတ်ပွပြောပြီး သူစိတ်တိုနေတော့
“မင်းမပြောရင် ငါလည်း ဒီညတော့ ဖွင့်ပြောမလို့ပဲ” တဲ့လေ
ဘက်ခဟျွန်းဟာ သူ့ကို ဒဏ်ရာတွေအရင်ပေးပြီးမှ ဆေးပေးတတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးပါပဲ
ချန်းယောလ်ဟာ သဘောကျနှစ်သက်စွာပြုံးမိရင်း ဖန်လုံးကို လှုပ်ခါကြည့်ဖို့ လက်အလှမ်းမှာ အပြုံးတို့ကို နာကျင်မှုတစ်ခုက တိုက်စားသွားတယ်
တစ်ဖျက်ဖျက်လွင့်နေတဲ့ စက္ကူတို့ကို ဖိဖို့ အဲ့ဒီဖန်လုံးငယ်ကို သုံးထားတာပဲ
ဘက်ခဟျွန်းဟာ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးထားခဲ့ပြီးပြီ
နှလုံးအိမ်တစ်ခုလုံး လစ်ဟာသွားတဲ့ ခံစားချက်ကို နာကျင်စွာပဲ အသိမှတ်ပြုလိုက်ရတယ်
ပြီးသွားပြီပေါ့
ဘက်ခဟျွန်းနဲ့ ပတ်သတ်ပြီး သူနာကျင်ရတာတွေ ပြီးသွားတော့မှာပါ
နောက်ဆုံးတော့ သူတို့ တရားဝင် လမ်းခွဲကြပြီပဲလေ
ချန်းယော်ဟာ ကွာရှင်းစာချုပ်ကို လေးပင်စွာယူရင်း အခန်းထဲက ထွက်လာလိုက်တယ်
အိမ်ထဲမှာ ဘက်ခဟျွန်းရဲ့ အရိပ်အယောင်မတွေ့ရတာကြောင့် အပြင်ဘက်ကို ဟိုဒီကြည့်မိတယ်
မက်မွန်သီးပင်အောက်မှာ ထိုင်နေတဲ့ ဘက်ခဟျွန်းကျောပြင်ရဲ့ ပုံရပ်ကို သူငေးနေမိတယ်
အထိးကျန်ဆန်တဲ့ သက်ရှိပန်းချီကားတစ်ချပ်လိုပဲ
သစ်ရွက်ကြွေတွေကို အတက်နိုင်ဆုံး ခပ်ဖွဖွနင်းရင်း ဘက်ခဟျွန်းဆီ လှမ်းသွားမိတယ်
“ဘာတွေစဉ်းစားနေတာလဲ”
သူ့အသံအကြားမှာ ဘက်ခဟျွန်းက လန့်သွားပြီး ဖြတ်ခနဲ လှမ်းကြည့်တယ်
“အာ ဘာမှ မတွေးပါဘူး”
ခုံမှာ ဝင်ထိုင်လိုက်ရင် ကောင်းမလား တွေးမိပေမယ့် ဘက်ခဟျွန်းနဲ့ အရမ်းကပ်သွားမှာမို့ မဖြစ်ဘူးလို့ သူစိတ်ထဲကတွေးမိနေတယ်
“ကားသော့တွေ့လား”
“အင်း”
ဘက်ခဟျွန်းက သူ့ကို ပြန်စေချင်နေတာပဲ
“ငါလက်မှတ်ထိုးပေးထားတယ်”
“အင်း....တွေ့တယ်.....ကျေးဇူးပါ”
ချန်းယောလ်ဟာ ဘာဆက်ပြောရမှန်းမသိဘူး
“အဟက် မလိုပါဘူး”
လမ်းဘက်ကိုပဲ မျက်နှာမူထားတဲ့အတွက် ဘက်ခဟျွန်းရဲ့ မျက်နှာရိပ်ကို သူမမြင်ရဘူး
“မနေ့ညကအတွက် တောင်းပန်ပါတယ်”
“ဘာအတွက်လဲ”
ဘက်ခဟျွန်းဟာ သူ့ဘက်ကို မျက်နှာလှည့်ကြည့်တယ်
“ငါမင်းကို ပြောခဲ့မိတာတွေအတွက်...မင်းကိုလှောင်ပြောင်ခဲ့မိတဲ့အတွက်
မင်းကို လက်ထပ်မိတာကိုနောင်တရတယ်လို့ ပြောမိတဲ့အတွက်”
ဘက်ခဟျွန်းက သူ့ကို တစ်ချက်စိုက်ကြည့်ပြီး နားလည်ရခက်စွာပြုံးတယ်
မျက်ဝန်းတွေဟာ တောက်ပတဲ့ နေရောင်အောက်မှာတောင် နာကျင်နေသလိုပဲ
“အဲ့အတွက် တောင်းပန်စရာမလိုပါဘူး။ မင်းနောင်တရတာ ငါသိပြီးသားပဲလေ”
“ဘက်”
တကယ်တမ်းက သူနောင်တမရခဲ့ပါဘူးလို့ ဆိုလိုချင်တာ ဒါပေမယ့်
“သွားတော့လေ။ မင်းအမေက သူ့ကို နှုတ်မဆတ်ပဲ ထွက်သွားပြန်ပြီလို့ ထင်လိမ့်မယ်၊ ငါလည်း အလုပ်သွားဖို့ ပြင်လိုက်အုံးမယ်”
ဘက်ခဟျွန်းက ဟန်ဆောင်ပြီးပြုံးပြတယ်ဆိုသိသာလွန်းတဲ့အထိ နှတ်းခမ်းကို တွန့်ကွေးကာ ပြုံးပြပြီးနောက်
"အရက်ကို လူမှန်းသူမှန်း မသိအောင် နောက်တစ်ခါ မသောက်တော့ရင် ကောင်းမယ်" တဲ့
သူ့ကို ကျောပေးပြီး အိမ်ထဲကို အရင်လှည့်ဝင်သွားတယ်
အခုမှ သူ့ကိုယ်သူ ငုံ့ကြည့်မိတာက ဘက်ခဟျွန်းဝတ်နေကျ ဟူဒီခပ်ပွပွရယ် ဘောင်းဘီခပ်ပွပွရယ် ဝတ်ထားတာကိုပဲ
သူ့ကြောင့် ညက ဘက်ခဟျွန်း ဘယ်လောက် အနှောက်အယှက်ဖြစ်ခဲ့ရရှာမလဲ
ချန်းယောလ်ဟာ စဥ်းစားရင်း အဲ့ဒီနေရာမှာအတော်ကြာရပ်နေမိတယ်
ပြီးတော့ လက်ထဲက ကွာရှင်းစာချုပ်ကို သူကြည့်ရင်း
အဲ့ဒီ အိမ်လေးက ဝေးရာဆီ ခွာခဲ့ပါတယ်
သူချစ်ခဲ့ရသော တစ်စုံတစ်ယောက်ဆီကပါပေါ့
"ပြီးသွားမှာပါ" ခပ်တိုးတိုးရေရွက်ကာ သူ့ကိုယ်သူ အားပေးနေမိတယ်
တစ်စုံတစ်ရာ ကျန်နေခဲ့လို လစ်ဟာနေရတာဆိုရင်တောင် အဲ့တာ အတိတ်တွေပါပဲ လို သု့ကိုယ်သူ သတိပေးနေမိတယ်။