ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၇)
"ဟားဟားဟား"
စားစရာများကို အပြေးအလွှားမှာယူနေသော လူအုပ်စုကို မြင်တွေ့ရသောအခါ မျောက်ကြီး၊အလီ နှင့်စွန်းမင်တို့သည် သဘောကျနှစ်ခြိုက်စွာဖြင့် အားရပါးရ ရယ်မောလိုက်သည်။
ထိုစဉ် ချန်ကျန်းရှီ၊ ရိယွမ် နှင့် ကျိုးရန်တို့သည် ယွမ်ကျိုးကို ငေးစိုက်ကြည့်ကာ သူ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။ ကျန်းတာ့မင်က စွန်းမင်ကို ကြည့်ကာ စပ်စပ်စုစု မေးမြန်းလိုက်သည်။
"မင်းတို့တွေ ဘာလို့ ရယ်နေကြတာလဲ"
"ငါ့ဘော်ဒါက အရမ်းကို စည်းကမ်းလိုက်နာတယ်။ ဟုတ်တယ်မလား မျောက်ကြီး"
စွန်းမင်က ယွမ်ကျိုးကို လက်ညှိုးထိုးပြကာ မျောက်ကြီးကို စစ်ကူခေါ်သည်။
"ဟုတ်တယ်။ သူဌေးယွမ်က အရမ်းကို စည်းကမ်းလိုက်နာတယ်။ အဲ့ဒီအကြောင်းကို မင်းတို့ကို ငါ ပြောခဲ့ဖူးတယ်မလား။ မင်းတို့ သုံးတဲ့နည်းလမ်းတွေကို ငါတို့ သုံးခဲ့ပြီးပြီ။ အသုံးမဝင်ခဲ့ပါဘူး။ သူဌေးက ဟင်းတစ်ပွဲတည်း မှာလို့ရတယ်ဆိုတဲ့စည်းကမ်းကို မဖောက်ဖျက်ဘူး"
မျောက်ကြီးက ယွမ်ကျိုး၏အကျင့်စရိုက်ကို လေးစားသကဲ့သို့ မုန်းတီးသော ခံစားချက်လည်း ဖြစ်ပေါ်မိသည်။ သို့သော်လည်း အဖွဲ့ခေါင်းဆောင်နှင့် သူ့သူငယ်ချင်းတစ်စုသည် အစားအသောက်ကောင်းကို ထပ်မံမှာယူ၍ မရသောကြောင့် စိတ်ညစ်နေသောအမူအရာ ဖြစ်ပေါ်နေခြင်းကို ကြည့်ကာ တော်တော်လေး ကျေနပ်အားရမိသည်။
"သူဌေးယွမ်။ ငါရဲ့ခန္ဓာကိုယ်ကြီးကိုလည်း ကြည့်ပါဦး။ ဒီထမင်းကြော်တစ်ပန်းကန်က သွားကြားတောင် မညှပ်ဘူး။ ပါဆယ်မရောင်းရင်တောင် ဗိုက်ပြည့်အောင်တော့ စားခွင့်ပေးပါဗျာ" ချန်ကျန်းရှီက စွန်းမင်နှင့်ယွမ်ကျိုးကို လှည့်ကြည့်သည်။ ထမင်းကြော် ထပ်စားခွင့်ရရှိအောင် ချန်ကျန်းရှီက သူ့အားနည်းချက်ကို ထုတ်ပြခြင်းဖြစ်သည်။ ထိုမှသာ ယွမ်ကျိုးက သူ့ကို စာနာပြီး ထမင်းကြော်နောက်တစ်ပွဲထပ်ပေးလိမ့်မည်။
"သူပြောတာ အမှန်ပဲ။ ငါတို့က အရွယ်ရောက်ပြီးသား ယောက်ျားသားတွေလေ။ ထမင်းကြော်တစ်ပန်းကန်က ငါတို့ကို ဗိုက်ပြည့်စေပါ့မလား။ အနည်းဆုံးတော့ သုံးပန်းကန်လောက် ရောင်းပေးသင့်တယ်" ကျန်းတာ့မင်က စားသောက်ဆိုင်ထဲရှိ တခြားသော ဧည့်သည်တော်များကို စည်းရုံးသည်။
ဘေးနားတွင် ထိုင်နေသော နှုတ်ခမ်းမွှေးနှင့် အမျိုးသားက ကျန်းတာ့မင်၏ အဆိုပြုချက်ကို ထောက်ခံဟန် ခေါင်းညိတ်သည်။
"အားနာပါတယ်။ နောက်တစ်ပွဲ ထပ်မရောင်းပါဘူး" ယွမ်ကျိုးက အားမနာစတမ်း တုံ့ပြန်သည်။ ည(၇)နာရီအချိန်သို့ ရောက်ရှိလာ၍ တချို့သောမိသားစုများသည် ညစာစားရန် ပြင်ဆင်နေကြပြီး တချို့မိသားစုများက ညစာမစားရသေးပေ။ ညဖက်အချိန်သို့ ကျရောက်လာ၍ လမ်းကျဉ်းလေးသည် ပို၍ အေးချမ်းနေသည်။ ထိုစဉ် လမ်းတစ်လျှောက်ဖြတ်သွားသော လူတစ်စုသည် ဆိုင်းဘုတ်မတပ်ထားသော စားသောက်ဆိုင်ထဲမှ လူတစ်စု၏ မကျေမနပ်ပြောဆိုသံများကို ကြားရသည်။
"ဘာလို့များ သွေးအေးနိုင်ရတာလဲ သူဌေးယွမ်။ ငါတို့ ငတ်ပြတ်နေတာကို မင်း မြင်ရက်တယ်ပေါ့။ မင်း တကယ့်ကို စာနာစိတ်မရှိဘူး" ချန်ကျန်းရှီက နာကြည်းသော အမူအရာဖြင့် သူ့ဗိုက်ကလေးကို ပွတ်သပ်နေသည်။ တခြားသူများကလည်း သူ့အဆိုပြုချက်ကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကာ သူ့ဘေးနားတွင် မတ်တပ်ရပ်နေသည်။
"သူဌေးယွမ်။ ယောက်ျားသားဆိုတာ ကတိသစ္စာတည်သင့်သလို စည်းကမ်းလဲ ရှိသင့်တယ်။ ဒါပေမဲ့ အခုတော့ မင်းရဲ့စည်းကမ်းတွေကို ငါ တကယ်မုန်းနေပြီ" ကျန်းတာ့မင်၏ မျက်နှာအမူအရာက ဇနီးသည်၏သစ္စာဖောက်ခြင်းကို ခံရသော ခင်ပွန်းသည်ကဲ့သို့ နာကြည်းမုန်းတီးသော ခံစားချက်ကို ဖော်ပြနေသည်။
"သူဌေးယွမ်က တကယ့်ကို အရည်အချင်းရှိပြီး စည်းကမ်းလိုက်နာတဲ့ သူဌေးပဲ" ရိယွမ် နှင့် ကျိုးရန်တို့သည် ခံစားမှုအပြည့်ဖြင့် သက်ပြင်းချကာ တစ်ပြိုင်နက်တည်း ပြောဆိုသည်။
နှုတ်ခမ်းမွှေးနှင့်အမျိုးသားက ကျသင့်ငွေကို စားပွဲခုံပေါ်တင်ခဲ့ကာ ယွမ်ကျိုးကို လက်မ ထောင်ပြသည်။ ထို့နောက် စားသောက်ဆိုင်မှ စမတ်ကျကျ ထွက်ခွာသွားသည်။
"ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး။ ငါ အခုပဲ သွားတော့မယ်။ ဒီမှာ ကြာကြာနေရင် ဆာလောင်တဲ့စိတ်တွေ ပိုဖြစ်လာတယ်" ကျန်းတာ့မင်က သူ့ဗိုက်ကို အုပ်ကာ ယွမ်ကျိုးကို ကြည့်သည်။
"တစ်ယောက်ယောက်ကို ရိုက်သတ်ချင်စိတ်တွေ ပေါက်နေတယ်"
ထိုနည်းတူစွာပင် စိတ်ပျက်နေသော ယွမ်ကျိုးကလည်း တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်မိသည်။
စနစ်မှ ပေးအပ်ထားသောတာဝန်က ထမင်းကြော်ပွဲ(၁၀၀)ရောင်းချရန် ဖြစ်သည်။ စည်းကမ်းတင်းကြပ်လွန်းသော စနစ်ကြောင့် ရသင့်ရထိုက်သော ငွေကြေးများကို ဆုံးရှုံးရ၍ နှလုံးသားနာကျင်သော ဝေဒနာကို ခံစားနေရသည်။
"ငါလည်း ပြန်တော့မယ်။ သူ့ကို ရိုက်သတ်လိုက်ရင် ထမင်းကြော် ဘယ်မှာ သွားစားရမလဲ သားကြီးရာ" မျောက်ကြီးက အရသာအရှိဆုံးထမင်းကြော်ကို ပထမဦးဆုံး စားဖူးခြင်း ဖြစ်သည်။
"ငါလည်း ဗိုက်ဆာလာတယ်။ မြန်မြန် ပြန်ကြမယ်" စွန်းမင်ကလည်း ယွမ်ကျိုးကို မထောက်ခံတော့ဘဲ အိမ်ပြန်ရန် အကြံပြုသည်။
"ဘာလို့လဲ ငါတို့ အဘိုးလီရဲ့ဘဲကင်သွားစားကြမယ်လေ" ချန်ကျန်းရှီက အကြံပြုသည်။ သို့သော်လည်း ထမင်းကြော်မှလွဲ၍ တခြားအစားအသောက်ကို စားချင်စိတ်မရှိပေ။
"တော်ပြီဟာ။ တခြားအစားအစာတွေကို ငါစိတ်မဝင်စားတော့ဘူး" ကျန်းတာ့မင်သည် အရင်က အဘိုးလီဘဲကင်ဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဘဲကင်ကို အာရုံမရတော့ပေ။ ကြင်စဦးဇနီးသည်၏ ပစ်ပယ်ခြင်းကို ခံရသောအမူအရာဖြင့် ယွမ်ကျိုးကို ဝမ်းနည်းပက်လက်ငေးကြည့်နေသည်။ သူ့အကြည့်ကြောင့် ယွမ်ကျိုး ကျောချမ်းသွားသည်။
"ဟေ့လူ ငါက ဂေးမဟုတ်ဘူးကွ"
ဘဲကင်အကြောင်းကို တွေးမိသောအခါ အဘိုးလီ၏ဘဲကင်ကို စားဖူးသော သူငယ်ချင်းအများစုသည် ကြက်ဥထမင်းကြော်နှင့် နှိုင်းယှဉ်မှု ပြုလုပ်ကြသည်။ ကြက်ဥထမင်းကြော်နှင့်ယှဉ်လိုက်လျှင် အဘိုးလီ၏ဘဲကင်က အဆီများလွန်းပြီး အသားက သိပ်မနူးညံ့ပေ။ အသုံးပြုသောအချဉ်ရည်ကလည်း အရသာသိပ်မကောင်းပေ။ ထိုသို့ တွေးမိသောအခါ ဝမ်းနည်းသောခံစားချက် ပိုတိုးလာသည်။
ယွမ်ကျိုးက မျက်နှာပြောင်တိုက်နိုင်သော်လည်း သူ့ဧည့်သည်များ၏ ခါးသီးသောအကြည့်ကို မခံစားနိုင်၍ ဧည့်သည်များကို ဆိုင်အပြင်ဘက်သို့ ချက်ချင်းလိုက်ပို့သည်။
စားသောက်ဆိုင်သို့ ယခုမှ ရောက်လာသော ယင်ယာနှင့် ဇောင်းဟန်တို့သည် မျောက်ကြီးတို့အဖွဲ့၏ ဝမ်းနည်းပက်လက်ဖြစ်နေသော အမူအရာကို တအံ့တသြ ငေးကြည့်နေမိသည်။
နေ့ခင်းဘက်က သူ့ဆိုင်သို့ ရောက်လာသော မိန်းမချောလေးသည် ယောက်ျားတစ်ယောက်နှင့် အတူတူ ဆိုင်သို့ ထပ်ရောက်လာသည်။ သူမနှင့်အတူတူ ပါလာသော အမျိုးသား၏ မျက်နှာသွင်ပြင်သည် ယွမ်ကျိုး၏အမြင်တွင် ဝက်နင်းခံရသော ဂေါ်ဖီထုပ်နှင့်တူသည်။ သို့တိုင် ယွမ်ကျိုးက ဧည့်သည်ကို ယဉ်ကျေးစွာ ဧည့်ဝတ်ပျူငှာသည်။ ယွမ်ကျိုးက ဧည့်သည်နှစ်ယောက်ထိုင်ရန် သန့်ရှင်းသပ်ရပ်သော ထိုင်ခုံ၂လုံးကို ညွှန်ပြသည်။
"ဆိုင်ပိုင်ရှင်သူဌေး၊ ကြက်ဥထမင်းကြော်နှစ်ပွဲ ပေးပါ" ယင်ယာက ထိုင်ခုံပေါ်မှာ နေရာယူပြီးသည်နှင့် အစားအသောက်ကို ချက်ချင်းမှာလိုက်သည်။
"ဟုတ်ပါပြီ။ ခဏလေး စောင့်ပေးပါ" ယွမ်ကျိုးက ပြုံးပြီး ပြန်ဖြေသည်။
...
ထမင်းကြော်နှစ်ပန်းကန်ကို စားပွဲပေါ် နေရာချပြီးနောက် ယွမ်ကျိုးက လှည့်ထွက်မသွားခင် စားပွဲအနားမှာ မတ်တပ်ရပ်လိုက်သည်။
"လက်ဖက်ရည်တစ်ခွက် ချပေးပါ။ ယင်ယာရော ဘာသောက်မလဲ" ဇောင်းဟန်က အလျင်စလို မှာလိုက်သည်။
"အားနာပါတယ်။ ဒီစားသောက်ဆိုင်မှာ ကြက်ဥထမင်းကြော်ကလွဲလို့ တခြားအစားအသောက်တွေ မရောင်းပါဘူး"
၎င်းအမျိုးသားသည် မိန်းမချောလေးကို ပိုးပန်းနေမှန်း ရိပ်မိ၍ ယဉ်ကျေးစွာ မပြောဆိုနိုင်ပေ။ သူက ဇောင်းဟန်၏ တောင်းဆိုမှုကို အားမနာစတမ်း ငြင်းပယ်လိုက်သည်။
"ဒီလိုစိတ်ထားမျိုးနဲ့ စီးပွားရေးလုပ်နေသေးတယ်။ သူ့ဘေးနားတွင် ယင်ယာ ရှိနေ၍ ဒေါသထွက်ပြရန် မသင့်လျော်သောကြောင့် သူဌေးကို အေးစက်စက်လေသံဖြင့် ဝေဖန်ခြင်း ဖြစ်သည်။
ယွမ်ကျိုးက မောက်မာစွာ ဆက်ဆံတတ်သော ဧည့်သည်ကို လျစ်လျူရှုခြင်း နည်းလမ်းဖြင့်သာ တုံ့ပြန်လိမ့်မည်။
"ဇောင်းဟန် စိတ်လျော့ပါဦး။ ဆိုင်ရှင်ချက်ထားတဲ့ ကြက်ဥထမင်းကြော်က တကယ် အရသာရှိတယ်။ ကျွန်မ ရေမဆာပါဘူး" ယင်ယာက ဇောင်းဟန်ကို ဖျောင်းဖျသည်။
"ယင်ယာ ကျွန်တော် တမင် ပြဿနာရှာနေတာ မဟုတ်ပါဘူး။ သူဌေးပုံစံကြည့်ရတာ တစ်မျိုးပဲ။ ဒါပေမဲ့ မင်းက ရေမဆာဘူးဆိုတော့ ထားလိုက်ပါတော့။ ထမင်းကြော်စားပြီးမှ စကားဆက်ပြောကြမယ်" ဇောင်းဟန်က သူ ယူလာသော လက်သုတ်ပဝါကို ထုတ်လိုက်ပြီး ဇွန်းကို သုတ်လိုက်သည်။
"ကျေးဇူးပဲ။ စားကြမယ်" ယင်ယာက ဇွန်းကို ကိုင်လိုက်ပြီး ကျေးဇူးတင်စကား ပြောကာ ညစာ စားသည်။
ဇောင်းဟန်၏ စိတ်ထဲ မကျေနပ်သော်လည်း မိန်းမချောလေး ညစာစားနေခြင်းကို မနှောင့်ယှက်ချင်၍ မျိုသိပ်လိုက်သည်။ သူက မိန်းမချောလေးကို ပိုးပန်းရန် လပေါင်းများစွာ အချိန်ကြာခဲ့ရ၍ အသေးအမွှားကိစ္စကြောင့် အဆုံးအရှုံးမခံနိုင်ချေ။ ထို့ကြောင့် ကြက်ဥထမင်းကြော်ကို ဇွန်းဖြင့် ခပ်လိုက်ပြီး ညစာစားရန် စတင်သည်။
"အို့စ် ... ဒီကြက်ဥထမင်းကြော်က ဒီဆိုင်ရှင် ကြော်ထားတာရော ဟုတ်ရဲ့လား။ ဒါက ကြက်ဥထမင်းကြော်ရော ဟုတ်ရဲ့လား"
"ငါတို့ ပုံမှန်စားနေကျ ကြက်ဥထမင်းကြော်နဲ့ မတူဘူးနော်။ တကယ် အရသာရှိတယ်"
'တကယ် အရသာကောင်းတယ်' ဟူသော စကားလုံးကို ဇောင်းဟန်၏မျက်နှာပေါ်တွင် ရေးထွင်းထားသည်။
"ကြက်ဥထမင်းကြော်နဲ့ နောက်တစ်ယောက်ကို သိမ်းသွင်းနိုင်ခဲ့ပြီ" ယွမ်ကျိုးက သက်ပြင်းချကာ စိတ်ထဲ ရေရွတ်သည်။
"ဒီနေ့ တော်တော် အလုပ်ပင်ပန်းလို့ ဗိုက်အရမ်းဆာနေတယ်။ သူဌေး နောက်တစ်ပွဲပေးပါ" ယင်ယာက ဤဆိုင်၏စည်းမျဉ်းကို သိသော်လည်း သူမ၏ ရည်မှန်းချက်အောင်မြင်မလားဟု တွေးကာ တောင်းဆိုလိုက်သည်။
ယွမ်ကျိုးက ဟန်မပျက် ပြန်ဖြေသည်။ "အားနာပါတယ်။ ထပ်ရောင်းပေးလို့ မရပါဘူး"
"သူဌေး ... " ယင်ယာက နူးညံ့သောအမူအရာ၊ ချိုသာသော လေသံဖြင့် ထပ်မံကြိုးစားကြည့်သည်။
ယင်ယာ၏ ဘေးနားထိုင်နေသော ဇောင်းဟန် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ သူ လပေါင်းများစွာ ဇွဲရှိရှိဖြင့် ပိုးပန်းခဲ့သော်လည်း သူမ၏ ယခုလို နူးညံ့သော အပြုအမူနှင့်ချိုသာသော လေသံကို မပြသခဲ့ပေ။ ဤအပြုအမူက သူ့ကို ဝန်တိုသော ခံစားချက် ဖြစ်စေသည်။ သူက ပိုက်ဆံအိတ်ကို စားပွဲခုံပေါ် ပစ်ချလိုက်သည်။
"နောက်ထပ်နှစ်ပွဲ ထပ်ပေး။ မင်းကို ပိုက်ဆံ ၅ဆ တိုးပေးမယ်"
အပိုင်း(၁၇)
ပြီးပါပြီ။