ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၆)
ယွမ်ကျိုးက မျောက်ကြီးကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ခြင်းကို မြင်တွေ့ရသောအခါ
အလီ နှင့် စွန်းမင်တို့ မရယ်မောနိုင်ပေ။ သူတို့နှင့် အတူတူပါလာသော တခြားသူငယ်ချင်းများလည်း နည်းနည်း အံ့သြသွားသည်။
သူဌေးက သူ့ဧည့်သည်များကို ယဉ်ကျေးသိမ်မွေ့စွာ ဧည့်ဝတ်ကျေပွန်ပြီး အပိုချက်ပေးသင့်သည်ဟု တွေးမိသည်။ သူဌေးက မျောက်ကြီးကို ပြတ်ပြတ်သားသား ငြင်းပယ်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။
မျောက်ကြီးက ပခုံးဆက်ခနဲ တွန့်ကာ ထိုင်ခုံမှာ ထိုင်လိုက်၍ သူ့မိတ်ဆွေများကလည်း အတူတူ လိုက်ထိုင်သည်။
ချန်ကျန်းရှီက ထိုင်ခုံမှာ နေရာယူပြီးနောက် သူက ပန်းအိုးများကို လက်ညိုးထိုးပြသည်။
"သူဌေး၊ မင်းရဲ့ စားသောက်ဆိုင်က သိပ်မကျယ်ဘူးလေ။ ဒီပန်းအိုးတွေက နေရာအရမ်းမယူဘူးလား"
ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲ ထိုင်ခုံ ၈ လုံးတည်းသာရှိ၍ မကျေနပ်သော်လည်း သူ့Levelနိမ့်သောကြောင့် လက်ခံရမည်။ သို့သော်လည်းဖက်တီးက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော စကားများ ပြောလာ၍ သူ့ဒဏ်ရာ ကို ဆားဖြင့် လာပက်သကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ယွမ်ကျိုး သည် သူ့ဒေါသထွက်နေသော ခံစားချက်ကို ထိန်းထားပြီး သူ့ထုံးစံအတိုင်း မျက်နှာထားခပ်တည်တည် ပြုမူလိုက်သည်။
"ဘာလို့လဲ...ပန်းအိုးတွေက ကြည့်လှပါတယ်"
ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ဟန်ဆောင်ပန်ဆောင် ပြန်ဖြေသည်။
“…” ချန်ကျန်းရှီ က ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။
ချန်ကျန်းရှီက စကားဆက်မပြောဘဲ ငြိမ်သက်နေစဉ် သူတို့အတွက် ကြက်ဥထမင်းကြော် မှာကြားပေးသူက စွန်းမင် ဖြစ်သည်။
"ခဏလေးပဲစောင့်။ ချက်ချင်း အဆင်သင့်ဖြစ်စေရမယ်” ယွမ်ကျိုးက ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ ထို့နောက် ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်။
“ဒီသူဌေးက ထူးခြားတဲ့ စရိုက်ရှိတာပဲ” သူဌေးကို တအံ့တဩ ငေးကြည့်နေသော မျောက်ကြီး နှင့် ချန်ကျန်းရှီကိုကြည့်ကာ ရိယွမ်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည် ။
“ထူးခြားရုံတင်မကဘဲ အဲဒီသူဌေးက သူ ချမှတ်ထားတဲ့ စည်းကမ်းကို သူကိုယ်တိုင် အရမ်းလိုက်နာတယ်"
ရိယွမ်၏ မှတ်ချက်ပြုသည့်အချက်နှင့် အလိုက်သင့်အောင် မျောက်ကြီးက ဆက်ပြောသည်။
ထိုင်ခုံမှာ ထိုင်နေစဉ် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော ယွမ်ကျိုးကို တလှည့် ထမင်းကြော်စားနေသော နှုတ်ခမ်းမွေးကို မနာလိုဟန် တလှည့် ကြည့်လိုက်သည်။
“ငါကတော့ တခြားကိစ္စတွေကို သိပ်ဂရုမစိုက်ပါဘူး။ ဟင်းလျာကအရသာရှိ နေသရွေ့ ငါ့အတွက်တော့ အဆင်ပြေပါတယ်” သပ်ရပ်စွာ ဝတ်ဆင်ထားသော ကျိုးရန်က စကားပြောသည်။
“ဟုတ်တယ်၊ အမှန်ပဲ။ အရသာရှိတဲ့ အစားအစာက အရေးကြီးဆုံးပဲ။ ဒါပေမယ့် ဘာလို့ ရေတစ်ခွက်တောင် မချပေးရတာလဲ"
ဆန်ပုံးကြီးက ဘယ်ညာ ကြည့်လိုက်ပြီးနောက် ခွက်များ၊ ပန်းကန်များ၊ လက်သုတ်ပုဝါများ မရှိခြင်းကို သတိပြုမိသွားသည်။
"သူဌေးရဲ့ အပြောအရတော့ ကြက်ဥထမင်းကြော်ကလွဲရင်တခြားဘာမှမရဘူး။ လက်ဖက်ရည်ကြမ်းနဲ့ အရံဟင်းတွေလည်း မပေးဘူး"
စွန်းမင်က စားသောက်ဆိုင်ပိုင်ရှင်နှင့် အနည်းငယ် ရင်းနှီးသောကြောင့် ဇာတ်ကြောင်းပြောသူတစ်ဦးကဲ့သို့ ရှင်းပြပြီး မျောက်ကြီး နှင့် အလီတို့က စည်းကမ်းများကို ဖြည့်စွက် ပြောကြားသည်။
သူတို့အားလုံးက အရေးကြီးသော အချက်ကို လျှို့ဝှက်ထားသည်။
မှော်ကျောင်းတော်သို့ ဟယ်ရီပေါ်တာ ပထမဆုံး ဝင်ရောက်သောနေ့က စီနီယာများသည် အရေးကြီးသော အချက်များကို ပထမနှစ် ကျောင်းသားများအား မပြောပြခြင်းဖြင့် အနိုင်ကျင့်သည်။ သူတို့ အနိုင်ကျင့်ခံရ သကဲ့သို့ ဂျူနီယာများကို အနိုင်ကျင့်ရခြင်းက ကျေနပ်ဖွယ်ကောင်းသည်။
လေပေါလွန်းသော ချန်ကျန်းရှီက နှုတ်ခမ်းမွေးနှင့်အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူသည်ကြက်ဥထမင်းကြော်ကို ရပြီးတည်းက ခေါင်းမထောင်စတမ်း စားနေသည်။ တစ်ဇွန်းပြီးတစ်ဇွန်းကို မနားစတမ်း ဆက်တိုက်စားနေခြင်းက အလွန်ထူးဆန်းသည်။
"ဒီကြက်ဥထမင်းကြော် အရမ်းကောင်းနေလို့လား"
ချန်ကျန်းရှီ က သံသယစိတ်ဖြင့် မေးလိုက်သည်။
ဤမေးခွန်းကို ကြားသောအခါ နှုတ်ခမ်းမွေးနှင့် အမျိုးသားက စိတ်အားထက်သန်စွာဖြင့်ခေါင်းညိတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ကြက်ဥထမင်းကြော်ကို ဆက်စားသည်။
ယင်းမြင်ကွင်းက ဤဆိုင်သို့ ပထမဆုံးအကြိမ်လာသော အဖွဲ့ခေါင်းဆောင် ရိယွမ် နှင့် သူ့သူငယ်ချင်းများ၏ စိတ်အာရုံကို ဖမ်းစားလိုက်သည်။ ထို့ကြောင့် ယွမ်ကျိုး၏ ကြက်ဥထမင်းကြော်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့ကြသည်။
“မင်းတို့ မှာထားတဲ့ ကြက်ဥထမင်းကြော်ရပါပြီ”
ယွမ်ကျိုးသည် ဖက်တီးချန်ကျန်းရှီ၊ မျောက်ကြီး၊ ရိယွမ်နှင့် ကျန်းတာ့မင် တို့ကို ထမင်းကြော် တစ်ပွဲစီချပေးသည်။
ပန်းကန်ပြားကို တစ်ချက်ကြည့်လိုက်စဉ် ချန်ကျန်းရှီက မကျေမနပ် ပြောဆိုသည်။ “ကြက်သွန်မြိတ်လေးတစ်ဖက်တောင်မပါဘူးလား"
"ကြက်ဥနဲ့ ထမင်းပဲပါတဲ့ ကြက်ဥထမင်းကြော်လား"
ရိယွမ်ကလည်း မကျေနပ် ပြောဆိုသည်။
သို့သော်လည်း ဤဆိုင်သို့ ရောက်ဖူးသည့် မျောက်ကြီး၊ အလီနှင့် စွန်းမင်တို့သည် တခြားသူများ၏ မကျေနပ်မှုပြောဆိုသံကို
များကို အာရုံမထားဘဲ ထမင်းကြော်စားသည်။
ဇွန်း သန့်ရှင်းခြင်း ရှိမရှိ သေချာစစ်ဆေးပြီးနောက် ကျိုးရန်သည် ထမင်းကြော်တစ်ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်သည်။ ကြက်ဥထမင်းကြော်က သူ့ခံတွင်းထဲ လျင်မြန်စွာ ၀င်သွားသောအခါသူ၏လေးနက်သော မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ နောက်တစ်ဇွန်း ဆက်စားကြည့်သည်။
"ဟား"
လူတို့၏အခြေခံ လိုအင် လေးမျိုး အနက် အစားအသောက်က ဒုတိယ အဆင့်ဖြစ်သည်။
အရသာရှိသော အစားအစာ မဆိုထားဘိ လှပသော အခိုက်အတန့်များကလည်း အမြဲတစေ တခဏတာ ဖြစ်သည်။ ပျော်ရွှင်မှုကို အပြည့်အဝ မခံစားမီ အစားအသောက်များက စားလို့ကုန်သွားသည်။
အဖွဲ့ခေါင်းဆောင်က အရင်ဆုံး ပြီးသည်။ ထို့နောက် သူသည်ထိုင်ခုံတွင် ထိုင်လျက် ကြက်ဥကြော်၏ အရသာကို ပြန်စဉ်းစားနေသည်။
ချန်ကျန်းရှီက သူ့မျက်နှာထက် ပို၍ သန့်ရှင်းနေသော ပန်းကန်ပြားကို သတိပြုမိသောအခါ အံ့သြသောအမူအရာဖြင့်စကားပြောသည်။
"ကုန်သွားပြီလား။ ငါ ဘာမှမစားလိုက်ရသလိုခံစားရတယ်"
"သူဌေး၊ ဒီလိုအရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ပထမဆုံး အကြိမ် စားဖူးတာပဲ။ ငါ့ဝိညာဉ်ကကောင်းကင်ပေါ် တက်သွားသလိုခံစားရတယ်။ သူဌေး၊ မင်းက တကယ့်ကို ထိပ်တန်းစားဖိုမှူးပဲ"
ချန်ကျန်းရှီက အားရပါးရ ချီးမွမ်းစကားပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကြက်ဥကြော်ကို ထပ်မစားရတော့ရင် ဆာလောင်မှုကြောင့် ကိုယ်အလေးချိန် ကျသွားနိုင်တယ်"
ချန်ကျန်းရှီးက သူ့ဗိုက်သားကို ကျေနပ်စွာ ပွတ်သပ်သည်။
သူ့ခံတွင်းထဲမှ ကြက်ဥထမင်းကြော် အရသာ ပျောက်ကွယ်သွားချိန် ချန်ကျန်းရှီက ယွမ်ကျိုးကို အရိုးသားဆုံး တောင်းဆိုသည်။
"သူဌေး၊ နောက်ထပ် သုံးပွဲလောက် ထပ်ပေးပါ။ နှစ်ပွဲက ပါဆယ်ထုပ်သွားမယ်"
“တကယ်ကို အားနာမိပါတယ်။ ဧည့်တစ်ယောက်ချင်းစီက ဟင်းတစ်ပွဲပဲ မှာယူခွင့်ရှိပါတယ်။ ပြီးတော့ လက်တလော ပါဆယ် မရောင်းသေးပါဘူး"
ယွမ်ကျိုးက ပြုံးရွှင်သော အမူအရာဖြင့် စကားပြန်ပြောသည်။
ထိုစကားသံကြောင့် ချန်ကျန်းရှီ အံ့သြသွားသည်။ ယွမ်ကျိုးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် စကားထပ်ပြောသည်။
"သူဌေး၊ ကြက်ဥထမင်းကြော်တစ်ပွဲက ၁၈၈ယွမ်ပဲ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့။ အဲဒါအတွက် ကုန်ကျစရိတ်ကို ငါပေးနိုင်တယ်။ မင်းမှာ ထည့်ပေးဖို့ ပါဆယ်ဘူး မရှိရင် ပန်းကန်လုံးနဲ့ ထည့်ပေးလိုက်ပါ။ ပန်းကန်ဖိုးပါ လျော်ပေးမယ်"
“ဒီကြက်ဥထမင်းကြော်က အရမ်းအရသာရှိတယ်။ ဒီလိုအရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ပထမဆုံးစားဖူးတာပဲ”
ကျောင်းဆရာကျိုးရန်က ကြက်ဥထမင်းကြော်ကို သူများထက် ပိုဆန်းသစ်သော စကားလုံးများဖြင့် ချီးမွမ်းသင့်သည်။ သို့သော်လည်း
အရသာရှိသော ထမင်းကြော်ထဲ နစ်မြောနေ၍ ထွေကာလီကာ စကားမပြောဘဲ ရိုးရိုးရှင်းရှင်း ပြောဆိုသည်။
“သူဌေး၊ ကျွန်တော့်ကိုလည်း ထမင်းကြော် နှစ်ပွဲထပ် ပေးပါ။ ပြီးတော့ ပါဆယ် တစ်ပွဲယူမယ်” သပ်ရပ်သန့်ရှင်းသောကျိုးရန်ကသူ့အင်္ကျီလက်ကို မသိမသာ ခေါက်တင်လိုက်သည်။ထမင်းကြော် ၃ ပွဲ စားရန် ပထမဆုံးအကြိမ် တွေးမိခြင်း ဖြစ်သည်။
"ဟုတ်တယ်။ သူဌေးယွမ်၊ မင်းကြက်ဥထမင်းကြော်ရဲ့ အရသာက အတိုင်းအထက်လွန် ကောင်းတယ်။ ဧည့်သည်တစ်ယောက်ကို တစ်ပွဲပဲ စားခိုင်းရင် မင်းရဲ့ဟင်းချက်စွမ်းရည်ကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး"
“ဒါကြောင့်မို့ ငါ့အတွက် ၁၀ပွဲပါဆယ်၊ ဒီဆိုင်မှာလည်း၃ပွဲ စားမယ်။ အေးဆေးလုပ် ငါစိတ်ရှည်ရှည်နဲ့ စောင့်နိုင်ပါတယ်"
ကျန်းတာ့မင်က ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။
အပိုင်း(၁၆)
ပြီးပါပြီ။