အခန်း(၂၀)
လောက၌သဘာဝအလှတရားများအနက် နေထွက်နေ၀င်ချိန်အလှသည်ကား တုစရာမရှိသည့် အလှတရားများပါလေ။ နေအ၀င်တိမ်တောက်ချိန်သည် ကောင်းကင်တစ်ခုလုံးသာမက အကျည်တန်များလှရသည်အထိ ပတ်ဝန်းကျင်တစ်ခုလုံး ဝါခနေရသည်မှာ ရှုစားမ၀သည့်မြင်ကွင်းမျိုးပေ။
တိုကို အက်အလယ်ရှိလှေကလေးထဲမှာနေ၍ ကောင်းကင်အလှသာမက ရေပြင်ကအရိပ်ပါ
နှစ်ဆင့်ရှုစားမိတော့ အေးချမ်းကြည်နူးမှုသည်
တုနှိုင်းမဲ့ပေ၏။
လူဖြစ်ကျိုးလည်းနပ်လှသည်။
ထိုမြင်ကွင်းမျိုးကို ချစ်သူရင်ခွင်သို့ ကျောမှီရင်းမှ မျှော်ငေးရသည့် အနိုင်အတွက်သာဆိုလျှင် ပြောမပြတတ်အောင်ပါလေ။
သေရလျှင်တောင်တန်မည့်အနေအထား။
ထိုအနေအထား၌ ရင်ထဲ၌အပျော်ကလေးတွေစု၍
မျက်နှာတွင် သွားမစိနိုင်အောင် ပြုံးမိသည်။
ထိုကိုမှ မလွတ်တမ်း တစိုက်မတ်မတ်ကြီး ငုံ့စိုက်ကြည့်နေသည့် မျက်ဝန်းညိုညိုကလေးကြောင့်
မနေတတ်စွာ သူ့မေးချွန်းချွန်းကို လက်ဖြင့်အပေါ်တွန်းလိုက်ရင်း။
-"ဝါ..အဲ့မှာတွေ့လား။
ဝါအရှေ့မှာ လောကရဲ့
အလှပဆုံးမြင်ကွင်းလေးရှိတယ်။
အာ့ကို ခံစားကြည့်ရှုစမ်းပါ။
အနိုင့်က ဒီမြင်ကွင်းလောက်မလှတာမို့
အချိန်တွေနှမျောစရာကောင်းမယ်။"
-"အဟက်..ဘယ်သူပြောလဲ။
အနိုင့်ကို အဲ့မြင်ကွင်းလောက်မလှဘူးလို့
ဘယ်သူကပြောသလဲ။ဟင်။
တို့အနိုင်လောက်များ လောကက
မြင်ကွင်းမှန်သမျှ ပန်းမှန်သမျှ
အို ရှိရှိသမျှ အလှအပတွေက လှမတဲ့လား။
ဒါကိုမသိဘဲနဲ့
တို့ကို မနှောက်ယှက်စမ်းနဲ့ကွယ်။
ဆက်ငေးဦးမယ်။"
-"ဟာ..
မသိဘူးကွာ။သွား.
.မငေးနဲ့။
နေရခက်တယ်"
တွန်းပို့ထားသည့် ကျွန်ုပ်လက်ကလေးကို ဆုတ်ကိုင်ထားရင်း ပြန်၍ငုံ့စိုက်ကြည့်ကာ ပြုံးလျှက် စကားတွေချွေသည့်ဝါ။
ရှက်စိတ်ဖြင့် ရင်ခွင်သို့ပါးအပ်၍ မျက်နှာဝှက်ရင်းက သူ့မေးစေ့ကိုတွန်းမြဲတွန်းစဲ။
ဒါကို မရမကငုံ့ကြည့်လာသည့်ဝါက။
-"ဟော..ဘယ်ကိုများသွားရမလဲ အနိုင်ရယ်။
သွားပါဘူးနော်..
အနိုင်မောင်းထုတ်လည်း
တို့ဘယ်မှမသွားဘူး။
အရိုးဆွေးတဲ့အထိ အနိုင့်ဘေးနေချင်သူမို့
ဘာပဲကြုံရကြုံရ မထားခဲ့နိုင်ပါဘူး။"
-"ဟွန့် အပြောတော်တော်ကောင်း။
ပြီးရင် သူများကို ပစ်ထားခဲ့ဦးမှာမလား။
သိပ်မယုံချင်ဘူးဝါ။
နောက်ထပ်များဆို ဒီလူပဲရူးရမှာ"
-"ရူးစရာလား အသဲငယ်ရယ်။
တို့ကရူးခွင့်ပေးမတဲ့လား။
အနိုင်ဘေးမှမဟုတ်ရင် အသက်မရှင်ချင်တဲ့
တို့လိုလူကို ဒီလိုအပြောတွေနဲ့
အနာမဆွစမ်းပါနဲ့ကွယ်။
တို့တောင်းပန်ပါတယ်။
တို့တောင်းပန်ပါရဲ့။
ဖြစ်သမျှအရာရာက မင်းကိုချစ်သမျှနဲ့ညီပါတယ်။
မင်းနစ်နာသွားရင် မင်းထက်ပိုထိခိုက်ရမှာက
တို့ပါအနိုင်။
တို့ပါကွဲ့။
အဲ့မို့ အရင်ကိစ္စတွေနဲ့တို့ကို
စကားနာမထိုးစမ်းနဲ့။
တို့ရင်ထဲမှာ ယူကျိုးမရဖြစ်ရလွန်းလို့ပါ"
-"ဟူး..
ဒါမယ့်ဝါရယ်..။
ဝါ့ကိုခုထိယုံချင်ပေမယ့်
မယုံရဲဘူးသိလား။
အနိုင်ကတစ်ခါသေဖူးပြီးသွားပြီဝါ။
ပျဉ်ဖိုးတော့နားလည်ရမပေါ့နော်။
အရင်ကအရာရာ ပုံအောချစ်ခဲ့ပြီးမှ
မထင်မှတ်ပါဘဲ..ရွှတ်
အနိုင်အပြစ်မရှိခဲ့ပါဘဲနဲ့
ဝါရက်စက်တာ ခံခဲ့ရပြီးပီလေ။
ချစ်လွန်းလို့သာ ပြန်နီးစပ်ချင်ပေမယ့်လို့
နာခဲ့ဖူးတဲ့ရင်ကဒဏ်ရာကလေ
အခုထိ အနာမကျက်သေးဘူးဝါ။
အနိုင့်ကိုလေ
အနိုင့်ကို
ဝါ အပြစ်ဖို့ချင်သပါ့ဆိုဖို့ပါ။
ထပ်တော့မယုံပါရစေနဲ့တော့။
ဒါက နူးညံ့ပါတယ်ဆိုတဲ့ ကြက်ဉအခွံအောက်က
အဖြူကြည်အရေးပါးလေးလို
အနိုင်က ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းပါ။
ဒီလောက်မှ မကာကွယ်ထားရင်လည်း
နောက်တစ်ခါများဆို အနိုင်က..အနိုင်က.."
-"နိုင်ကလေးရယ်။"
ဝါ ရင်ဘတ်၌စိုသွားသည့် ချစ်သူမျက်ရည်ပူပူနှင့်တကွ ဆို့နင့်စွာပြောသည့် ခပ်တိုးတိုးစကားတို့ရယ်ကြောင့် အလှတရားဟူသမျှမမြင်နိုင်တော့ပါ။
ရှင်လျှက်ကျသည့် ငရဲရှစ်ထပ်ပါလေ။
သို့ပေသိ ဒီအရာတွေက ကိုယ်ကိုယ်တိုင်ဖန်တီးခဲ့သည်မလား။
ကိုယ့်အပြစ်နှင့်ကိုယ်သာ ရှိပါစေတော့ဆိုသည့်သီချင်းကလေးသာ ညည်းပြချင်မိသည်။
အနိုင်ရယ်
တို့ဘယ်လိုလုပ်ပေးမှ..
တို့ဘာတွေပြန်ပေးဆပ်မှ
မင်းယုံကြည်ချက်ပြန်ရပါ့မလဲကွယ်။
-"ဟူး!"
တို့ကြားဖူးတယ်အနိုင်။
ယုံကြည်မှုပျက်ဆီးခြင်းက
အခြားအရာတွေထက်ပိုဆိုးတယ်ဆိုတာမျိုးလေ။
သိပ်ဟုတ်တာပဲအနိုင်ရယ်။
အနိုင်ကတို့ကို အရင်လိုချစ်ပေးတယ်။
အရင်လိုလည်းကြင်နာပေးပါရဲ့။
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ။
အနိုင့်မျက်ဝန်းတွေမှာ
အရင်ကတို့ကိုကြည့်ခဲ့သလိုမျိုး
စိတ်အေးချမ်းမနေခဲ့ဘူးအနိုင်။
သံသယအရိပ်တွေရှိနေခဲ့ပြီ။
ဘယ်တော့မှ အရင်လိုမျိုး တို့ကိုယုံကြည်မယ့်
အရိပ်မျိုးအကြည့်မျိုး
ပြန်မြင်ရပါတော့မလဲ။
ဒီလို အယုံကြည်မဲ့လှတဲ့မျက်ဝန်းတွေကို
တို့မခံစားနိုင်ဘူးအနိုင်ရယ်။
တို့တကယ်မခံစားနိုင်ဘူး။
အနိုင့်အတွက် တို့ကတသက်လုံးပဲ
ဒီလိုလူဖြစ်သွားတော့မှာလားကွယ်။ဟင်
ကျွန်ုပ်ကိုစိုက်ကြည့်နေရင်းက အရှေ့မှမြင်ကွင်းကိုမျှော်ကြည့်လိုက်သည့် ဝါ့မျက်ဝန်းများသည် နောင်တများပြည့်နှက်နေသည်။
ယူကျိုးမရလည်းဖြစ်ဟန်။
တွေတွေငေးငေးကလေးဖြင့် မျက်ရည်များရစ်ဝိုင်းနေသည့်ဝါက လောကအလှဆုံးကို မခံစားနိုင်တော့သည့်ပုံပါပဲ။
ကျွန်ုပ်လည်း ထိုနည်းတူပင်။
လောကမှအလှကိုမခံစားတတ်တော့ပါ။
အချစ်သည်ပြန်တည်ဆောက်၍ရသည်။
ဂရုစိုက်မှုသည်လည်း ပြန်လုပ်ယူ၍ ရပါ၏။
သို့ပေသိ ယုံကြည်ရဆုံးဆိုသည့်လူက
တစ်ခါလေးရက်စက်ခဲ့ပါလျှင်
မည်သို့အနေအထားမျိုးက ပြန်ယုံကြည်နိုင်ပါမည်လဲ။
ခြေဖျားသို့ခယကြင်နာပြလည်း မယုံရဲ။
ရူးမတတ်ပြန်ချစ်ပြ၍လည်းမယုံရဲ။
ကျွန်ုပ်အဖြစ်သည်ကား ခဲမှန်ဖူးသည့်စာသူငယ်။
လေးခွမြင်တိုင်း လန့်နေလေပြီ။
-"ဟူး!"
ဝါရယ်။
အနိုင်တောင်းပန်ပါတယ်။
တကယ်ကြီးကို တောင်းပန်ပါရဲ့။
အနိုင်လေ
ဝါ့ကိုအရင်ထက်ကို ပိုချစ်ရပါတယ်။
အရင်ကထက်လည်း ပိုဂရုစိုက်မိတယ်။
ဒါပေမယ့်
နောက်ဘယ်တော့မှကို
ဝါ့အပေါ်မယုံကြည်ပေးနိုင်တော့ဘူးထင်တယ်။
အဲ့မို့
အနိုင်ဝါ့ကို အနူးအညွတ်တောင်းပန်ပါရဲ့လေ။
နေ၀င်ချိန်အလှသည် အလှဆုံးဆိုသည့်တိုင် ရင်တွင်းအပူတို့ကြောင့် ကြည်သည့်စိတ်ကလေးလည်းပြေးကုန်ပြီ။
ထိုထက်မကပါလေ။
လောကရှိတစ်ခါမှမမြင်ဖူးသည့် ဂုဏ်ရှိသည့်အဆင်တန်ဆာများလည်း ၀တ်ဖူးခဲ့သည်။
Limitedဆိုသည့် brandedထုတ်ကုန်များလည်း သုံးဖူးခဲ့သည်။
မမြင်ဖူးသည့် အလှများ မကြုံဖူးသည့်အစာများကိုလည်း ချစ်သူဘေး၌ ခံစားဖူး ကြုံခဲ့ဖူးခဲ့ပြီ။
သို့ပေသိ ဘာ့ကြောင့်များ အပြည့်အ၀ မပျော်ရပါသလဲဝါရယ်။ဟင်။
အခုအရာတွေအကုန်လုံးက အနိုင့်ကို
ဘာ့ကြောင့်လဲ။
ဤစိတ်ဖြင့်နေခဲ့သည်မှာ ၁နှစ်ပင်ပြည့်ခဲ့ချေပြီ။
အရာရာပြည့်စုံနေပါလျှက် လိုအပ်ချက်ရှိနေသည့်ခံစားချက်သည်က နဂိုကအညတရ အနိုင်ဘ၀လောက်ပင် မပြည့်စုံသလိုပါလေ။
စိတ်အစဉ်တွင် တင်းကျပ်နေလေပြီ။
ဖြစ်နိုင်ရင် နဂိုက အချဉ်ဟင်းနှင့်ပဲရေပွကလေး
စားလျှက် ဝါ့တမျက်နှာသာ ကိုးကွယ်ရာဖြစ်သည့် အနိုင်ဘ၀ကလေးကိုပြန်သွားချင်သည်။
သို့ပေသိ အဲ့လိုနေခဲ့၍ ဝါက ခုတင်ပေါ်ကတွန်းချခဲ့သလား။
အနိုင့်ကို ရက်စက်ရက်ခဲ့တာလားဟင်။
ဪ စိတ်ဒဏ်ရာဆိုတာ ဒါကိုခေါ်သလား။
တိုက်ဆိုင်မှုကလေးရှိရင်
အတွေးကလေးများရောက်ရင်
အရင်ကအရာတွေ
ပြီးခဲ့တာတွေ တွေးပြီး
နဂိုထက်နှစ်ဆ ခံစားရခြင်းက နှလုံးသားက အမာရွတ်ပင်ဖြစ်လိမ့်မည်။
ဝါ
အနိုင်လေ အတိတ်မေ့သွားချင်တယ်သိလား။
ဒါမှ အတိတ်ကအရာရာမေ့သွားလိမ့်မယ်။
အခြားအရာတွေတော့မပူမိပါဘူးဝါရယ်။
ဘာလို့ဆို အနိုင်က ကိုယ့်ကိုယ်ကိုသာ
မမှတ်မိချင်နေမယ်။
ဝါ့ကိုများ ဝါမှန်းမသိဘဲတောင်
နောက်ထပ်ချစ်မိဦးမယ့် အနိုင့်နှလုံးသားကို
အနိုင်ယုံတယ်။
အနိုင်ယုံပါရဲ့လေ။
ဘာလို့လဲသိသလားဝါ။
အခုလို အနိုင် ဝါ့ကိုစိတ်နာနေရဲ့နဲ့တောင်
ဝါ့ကို ထပ်ချစ်နိုင်ခဲ့သေးတာပဲ။
မစွန့်လွှတ်နိုင်လို့ ဆွဲထားမိတုန်းပါပဲ။
အနိုင်ရူးတာထက်ကို ပိုဆိုးတော့မယ်ထင်တယ်ဝါ။
ချစ်လည်းချစ်တယ် စိတ်လည်းနာတယ်။
ကြင်နာပြရင်ပျော်တယ် တဖက်က
အပြည့်အ၀မသာယာဖို့ သတိပေးတားနေတယ်။
တကယ် တကယ်ဝါ
အနိုင်မသိတော့ပါဘူး။
အရှင်ဘုရား..
အရင်လိုဝါ့အပေါ် အပြည့်အ၀ယုံပေးနိုင်မယ့်
အနိုင့်ဘ၀ကိုပြန်ပေးသနားတော်မူပါ။
***********
မန်းတလေးမြို့၏ အထင်ကရဖြစ်သည့် 26လမ်းမှ
Sedonaဟော်တယ်သည် ကျုံးထဲကနန်းတော်ကြီးရဲ့ ကိုယ်ပွားသဖွယ်ခန်းနားလှ၏။ ထိုခန်းနားသည့် ဟော်တယ်အပေါ်ထပ်ရှိ VVIP အခန်းထဲမှဆိုဖာခုံတွင် ဂုဏ်သရေရှိ အမျိုးသမီး၃ဦးမှာမူ
ထိုဟော်တယ်ထက်ပင် ပိုမိုခန်းနားနေသယောင်။
အရှေ့ရှိ မှန်စားပွဲဝိုင်း၌ အနီရောင်ကတ္တိပါဘူးကလေးချ၍ ဝိုင်ခွက်များနှင့် အထင်ကရစားဖွယ်များကို တင်ကာထားသည်မှာ ညစာပွဲတည်ခင်းရင်းဖြင့် အလုပ်ကိစ္စဆွေးနွေးနေသည့်ဟန်ရှိသည်။
သို့သော် အခြေအနေသည်ကား မကောင်းသည့်ပုံ။
သားရေမွေ့ယာတစ်ဖက်မှ အမျိုးသမီးက ဇိမ်ရှိရှိဝိုင်ခွက်ကို လှုပ်ခါသောက်နေသမျှ တစ်ဖက်မှအမျိုးသမီးများမှာ ပုံ့ပုံ့ကလေးထိုင်နေလေသည်
မဟုတ်လော။
စားစရာသောက်စရာများသို့ပင် မထိနိုင်ပါဘဲ
ဝိုင်သောက်နေသည့် အမျိုးသမီးထံသာ မျက်နှာငယ်စွာကြည့်နေသည်မှာ အသနားခံသည့်ဟန်ပန်ပင်။
ထိုကို အရှေ့ကအမျိုးသမီးကတော့ မသိကျိုးကျွန်ပြုဟန်ဖြင့် အနီရောင်အရည်များကို တကြိုက်တည်းအကုန်မော့သောက်လိုက်သည်။
မစ်မယ်ဒီ ဝိုင်ခွက်အလွတ်ကို စားပွဲပေါ်သို့တင်ရင်းက။
-"ဂွက်"
-"အား...
ရင်ထဲကိုပူဆင်းသွားတာပဲ။
ဒါ့ကြောင့်လဲ မိုးကုတ်ဝိုင်ဆို ကိုယ်သိပ်ကြိုက်ရ
တာ။
ဒါပေမယ့်..
ဒါပေမယ့်နိုင်နိုင်ရယ်
ဒါပဲလားကွယ် ဟင်။
ဒီတစ်ခါကျမှ ယူ့ရဲ့ကျောက်တွေက
ဈေးကွက် အတန်းမမီရတယ်လို့။
ဘယ်လိုဖြစ်ရသလဲ။
ကိုယ်ပြောထားသားရက်နဲ့လေကွာ။
ပြည်ပလေလံအထိ ထိုးဖောက်ချင်တာပါလို့
ပြောထားရက်နဲ့.."
-"ဟုတ်..ဟုတ်ပါတယ်
မမယ်ဒီရယ်
ဒီတစ်ခါလေ ဘယ်လိုဖြစ်လဲမသိဘူး
ခါတိုင်းထက် ကျောက်သားညံ့သွားတယ်။
ဟိုလေ..ဟို ကျွန်မဘာလုပ်ပေးရမလဲဟင်။
လေလံပွဲပျက်သွားရတဲ့အတွက်
ကျွန်မဘာများလုပ်.."
လက်ပံပွင့်လိုရဲရဲနီအောင်ဆိုးထားသည့်နှုတ်ခမ်းသားများကို ခပ်မဲ့မဲ့ပြောလာသည့် မမယ်ဒီကို အားနာစွာပြောမိတော့ နားဖျားသို့ကပ်လာသည့် အာငွေ့နွေးနွေး။
ဝါမှ နှစ်ကိုယ်ကြားသိစေလိုဟန်ဖြင့်ပြောဆိုလာသည်။
-"မလိုဘူးလေအနိုင်ရယ်။
လေလံဆိုတာ ကိုယ့်ပစ္စည်းအရည်အသွေးမီမှ
တင်သွင်းရတာမျိုးပါ။
အခုအရည်အသွေးမမီတော့လည်း
ဘာတာဝန်ယူစရာရှိလို့လဲ
ပွဲဖျက်ရုံရှိတာပေါ့။
အနိုင်ဘာတာဝန်ယူစရာလိုမှာလဲ။"
-"ဒါပေမယ့်ဝါရယ်
အနိုင်က ဒီပွဲကိုသူ့ကိုချိတ်ခိုင်းထားမိတာ
နဂိုလိုကျောက်အရည်အသွေးရမယ်ထင်လို့။
အခုကပွဲပျက်တော့ အနိုင့်တာဝန်ရှိတယ်လေ"
-"ဘာဆိုင်လဲအနိုင်ရယ်
သူ့ကိုပွဲစားခပေးပြီးသားပဲလေ။
ဘာတေသောကပြီး..."
-"အဟမ်း...မနှောက်ယှက်ချင်ပေမယ့်။
ဒီလောက်တိတ်ဆိတ်နေတဲ့အခန်းမှာ
ယူတို့နားနားကပ် တိုးတိုးပြောနေလည်း
ကိုယ်အကုန်ကြားနေရတယ်လေနော်.."
နှစ်ကိုယ်ကြား၌ တစ်ယောက်နားတစ်ယောက်ကပ်၍ လက်ဖြင့်အုပ်ပြောဆိုနေကြသည့် ကျွန်ုပ်တို့နှစ်ဦးသားတွင် တစ်ခုခုအထင်လွဲနေကြဟန်ရှိသည်။
အစိုးရိမ်လွန်ကာပြောနေသည့် ဝါကို ပြန်လည်ဖျောင့်ဖျရာမှ စကားပင်မဆုံးသေး မမယ်ဒီက ရုတ်တရက်ထဟန့်လာသည့် စကားကြောင့် မျက်နှာပင်ပူရသည်။
ဝါလည်း ထိုနည်းတူပါလေ ခေါင်းကြီးငုံ့နေလေရဲ့။
-"ဟင်..ကြား..ကြားရတာလား"
-"အဟက်..ကြားရတာပေါ့.."
-"အဲ..ဟို..ဟို"
-"ဘာမှမဖြစ်ပါဘူး နိုင်နိုင်။
ယူဒီတစ်ခါပွဲပျက်လည်း ကိုယ်ဘာမှမထိခိုက်တာမို့
ကိုယ်နားလည်ပေးလို့ရတယ်။
ဒါပေမယ့်ပေါ့နော်..
အင်း..ခုနက နိုင်နိုင့်အိမ်သူက
စေတနာနဲ့ကူညီပါတဲ့ကိစ္စကိုမှ
တို့က ပွဲစားခပဲယူထားသလိုပြောတဲ့ကိစ္စ..
အဲ့ကိစ္စတော့ တို့စိတ်ထဲနည်းနည်း.."
-"ဟုတ်ပါတယ် မမယ်ဒီရယ်။
ကျွန်မသိပ်အားနာရပါတယ်။
သူတကယ်မသိလို့ပြောမိတာပါ။
သူ့အစား ကျွန်မကပဲတောင်းပန်တယ်နော်။
မမယ်ဒီစေတနာနဲ့ချိတ်ပေးတာကို
စော်ကားသလိုဖြစ်ရလို့"
-"မဆိုင်တာပဲ နိုင်နိုင်ရယ်။
ယူ့အမှားမှမဟုတ်ဘဲ။
ဘာတောင်းပန်စရာရှိလဲ။
တကယ်လို့ တောင်းပန်ရင်တောင်
သူမှားတာ သူတောင်းပန်မပေါ့။
ဟုတ်တယ်မလားဟင်။"
-"ဟင်!"
ဝါ့ဘက်ကိုလှည့်၍ နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် မကျေနပ်ဟန်ပြောသည့်မယ်ဒီကို အားနာစွာတောင်းပန်သည့်တိုင် လက်မခံပါချေ။ မြှားဦးသည်ကား ဝါ့ဆီဦးတည်မြဲဦးတည်လျှက်သာ။
တမင်ပင်ရန်လိုဟန်ရှိသည်။
ချစ်သူအားထိခိုက်သည်ကြောင့် ထ၍ဆွဲဖြဲချင်သည်။
သို့သော် မမယ်ဒီသည်ကား နယ်နယ်ရရမဟုတ်ပါလေ။ မြန်မာနိုင်ငံရှိ Top10လေလံရှယ်ရာဝင်ထဲက တစ်ဦးမဟုတ်ပေလော။
သူ့လက်ထဲ၌ အခုလက်ရှိ တရုတ်-ထိုင်း-အဂ်လန် ဟူသမျှရဲ့ လေလံကွက်အဆက်အသွယ်ရှိနေသည်။သူနှင့်ပြဿနာတက် ရန်ဖြစ်လျှင် ဘိုးဘွားတလျှောက်ဖောက်ခဲ့သည့် ကျောက်လုပ်ငန်းပါပျက်ရချေရှိသည်။
ထို့ကြောင့် သွေးပူနေသည့်ကြားက အံကိုကြိတ်၍ မျက်နှာချိုထားရသည်။
-"အဟင်း..မမယ်ဒီရယ်
သူကတကယ်မသိလို့ပါ...
ကျွန်မပဲတောင်းပန်"
စိတ်တင်းတောင်းပန်မလို့ပြင်စဉ်မှာပင် စကားမဆုံးခင် လက်ကိုခပ်ဖွဖွဆုတ်ကိုင်လာသည့်ဝါ။
ဝါ့ဘက်သို့အလန့်တကြားစောင့်ငဲ့ကြည့်မိတော့ တခနကြောင်အရသည့်အဖြစ်။
ဝါရယ်လေ ပါးစပ်ကြီးနားရွက်တက်ချိတ်မလို
ပြုံးချိုစွာ မယ်ဒီကိုကြည့်နေလေသည်။
ထိုတင်မကပါလေ။
မယ်ဒီကိုစေ့စေ့ကြည့်ပြောလိုက်သည့် စကားသံများအဆုံး၌ မိုးနဲ့မြေပြောင်းပြန်လှန်ကုန်လေပြီ။
-"sorryပဲ မဒီ။
ကိုယ်မင်းအကြောင်းဂဂနနမသိပါဘဲ
Flirtသလိုဖြစ်သွားတယ်။
တကယ်က ကိုယ့်ရဲ့မိန်းမအပေါ်
အစိုးရိမ်လွန်လို့ဖြစ်သွားရတာပါ။
ဒါကို ယူကပဲ နိုင်ငံကြီးသားပီပီ
သဘောထားကြီးပေးနိုင်မလား။"
-"အာ..အဲ..ရ ရတာပေါ့သိပ်ရ။
အဟွန်း..ယူကမထင်ရဘူးပဲနော်။
ကိုယ်က ဗမာဝမ်းဆက်ဝတ်လာလို့ယူ့ကို
တောသူထင်မိတာ။
အခုလို ဗိုလ်လိုတွေလဲရသားပဲ"
-"အဟင်းဟင်း..ဒါဆိုယူက
အမြင်နဲ့အထင်ကိုရောချတတ်တာဘဲနော်
ကိုယ်ကလေ ဗမာဟန်ကိုချစ်မြတ်နိုးလို့
ဗမာအ၀တ်အစားဝတ်ထားရုံပါမယ်ဒီ။
ဒါပေမယ့်
According to time and circumstance
ကရှိသေးတယ်လေကွယ်။
ဟုတ်စ..။
ယူတို့လို Lady တွေနဲ့ပြောရင်တော့
ကိုယ်အခုလို standardကျကျပြောတတ်ရမပေါ့။"
-"ဝိုး..so sorry ဝါ။
I'm so sorry။
ယူ့အပေါ် ကိုယ်အနည်းငယ်
အထင်smallမိသွားတယ်။
အိုခေ အိုခေ။
ဒါဆို ကိုယ်လည်းအထင်မှား
ယူလည်းအထင်မှားမိကြတော့
Peaceယူလို့ရပြီထင်တယ်နော်"
-"Of course Madi-
ဘာလို့မရရမှာလဲ။
အခုပဲpeaceယူကြတာပေါ့"
-"Oh! Yes"
ကျွန်ုပ်မျက်စိရှေ့ ဖြစ်ပျက်သွားသည့် လတ်တလောအခြေအနေကို လိုက်မမီနိုင်တော့ပါ။ခုနကပင် မျက်နှာချိုနေပါလျှက် အကြည့်ချင်းစစ်ခင်းနေသည့် လူနှစ်ယောက်က အခုတော့ လက်ဆွဲပါနှုတ်ဆက်နေကြလေရဲ့။
ထိုတင်မကပါ။
ဗိုလ်ရူး ဘူးယိုတွေပါဖြစ်လို့ ကိုယ်တောင် မနည်းစဉ်းစားနားလည်ရကုန်ပြီ။
ဘုရားရေ ငါ့ရဲ့ဝါ ဘယ်ကတည်းက
အဂ်လိပ်ထက် အဂ်လိပ်သံထွက်၍
ဗိုလ်ရူးတတ်သွားသလဲ။
ငါတောင်မသိရပါလား။
အမလေးဝါရယ်။
ရှင်နဲ့အတူအိပ်နေတဲ့ရှင့်မိန်းမတောင်
ရှင့်အကြောင်းအကုန်မသိရသေးပါလား။
ကျွန်ုပ်သာ ကြောင်အမ်းအမ်းဖြစ်နေသည့်တိုင်
ဝါကမူ ပြုံးလျှက်ပင် အဖိုးထည့်ပေးသည့် နှစ်တစ်ရာစပျစ်ဝိုင်ကို မယ်ဒီခွက်ထဲ လောင်းထည့်ကာနေသည်။ ထို့တင်မကပါ သူ့ခွက်ထဲသို့ပါထည့်လျှက်ဖြင့်..။
-"Cheer!"
-ဗုဒ္ဓေါ။
ဗမာဝတ်စုံပဲအမြဲဝတ်ပြီး
သနပ်ခါးပဲလိမ်းတတ်တဲ့ဝါကလေ
ဗိုလ်လိုမှုတ်ရုံတင်မကပါလေ။
ဗိုလ်ဆန်ဆန် ဝိုင်ခွက်ကိုင်၍သောက်ပြလာစဉ်
မျက်စိတွေပါမူးနောက်ကုန်လေပြီ။
ကယ်တော့မူကြပါလေ။
အနိုင့်မိန်းမရဲ့ လျို့ဝှက်ချက်တွေကို
အနိုင်ပင်နားမလည်နိုင်တော့လို့
တစ်ယောက်ယောက်များ ရှင်းပြကြပါဦးလား။
ဘုရား ဘုရား ဝါရေ။
ရှင်က ကျွန်မသိခဲ့တဲ့ ဝါမှဟုတ်ပါလေစ။
17-1-2024
*************