အခန်း(၁၁)
"ရှေးဘ၀ကရေစက်မပြယ် ခုဘ၀မှာဆုံလာတယ် စုလျားရစ်ပတ် လက်ထပ်ကာလေ..."
တေးဆို တွံတေးသိန်းတန်အသံသည် ရွာပြင်တဲအိမ်ကလေးရှိ ဓာတ်စက်မှ ထွက်ပေါ်နေသည်။
ထိုတဲအိမ်ကလေးသည် ယခင်က ရွာပြင်တွင် ခြောက်ခြောက်ကတ်ကတ်ဖြင့် အထီးကျန်ခဲ့သမျှ ယခု ထိုသို့မဟုတ်။
များစွာေသာလူများ အလျိုလျို၀င်ထွက်နေခဲ့ပြီ။
-"ဟာ!ကိုတင်သန်းကလည်း
ဒီသီချင်းကြီးကရိုးနေပါပြီဆိုမှ ဖွင့်ပြီဗျာ။
ကျုပ်ပြောတဲ့ ဟို မဂ်လာဆောင်ခေတ်စီးရီး
မ၀ယ်ထားဘူးလား"
-"၀ယ်တော့ထားတယ် ဖိုးထောင်ရ။
ဘယ်နားထားမိမှန်းမသိလို့ ရှာရဦးမှာ။
-"အဲ့ဆိုရှာဗျာ ။ ကျုပ်ညီမရဲ့ တစ်သက်မှတစ်ခါဆောင်ရတဲ့မဂ်လာကို သူများနဲ့မတူအောင် ခေတ်ဆန်ဆန်လုပ်ပေးချင်တာ"
-"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"
-"ဒါနဲ့ မဏ္ဍပ်ပိုင်ရှင် ဦးအောင်ငြိမ်းက
ဘယ်သွားတာတုန်း။"
-"ဟိုဘက်နား သွားတာမြင်လိုက်တာပဲ။
-"ဟင် ဘာသွားလုပ်တာတုန်း"
-"မသိဘူး အရက်များသွားသောက်သလားပဲ။"
-"ဟာ လုပ်ပြီဗျာ။
ညနေမှ အ၀ဧည့်ခံပါ့မယ်ဆိုမှ ဒီလူကလုပ်ပြန်ပြီ။
သူ့မဏ္ဍပ်ကို ဒီလို ပစ်ထားလို့ ဖြစ်မတဲ့လား။
မဖြစ်သေးပါဘူး လိုက်ရှာဦးမှပါ။
ဟိုဘက်နားလား ဟုတ်လား။"
-"ဟုတ်တယ် ဖိုးထောင်ရဲ့"
-"ဟုတ်ပြီ ဟုတ်ပြီ။
ကျုပ်သွားရှာလိုက်ဦးမယ်။
ခဗျားလည်း အဲ့သီချင်းခွေ မတွေ့မချင်း ရှာဗျာ။"
-"အေးပါကွ အေးပါ။"
ကိုဖိုးထောင်သည် အဝါရောင်မဂ်လာမဏ္ဍပ်ကြီးအတွင်းမှ စက်ဖွင့်သူ ဦးတင်သန်းအား ပြောဆိုပြီးသည်နှင် မဏ္ဍပ်ပိုင်ရှင်အား အရှာထွက်ရပြန်သည်။ ထိုသို့ရှာနေစဉ် အမြင်မတော်သည်များ တွေ့လျှင်လည်း ပြောဆိုသွားသေးသည်။
-"ဟဲ့မိခိုင်"
-"ရှင် ကိုဖိုးထောင်"
-"နင့် အပျိုမတွေက ခုထိမလာသေးဘူးလားဟ။"
-"လာမာပါ အကိုရဲ့။
ခုမှ ၉နာရီရှိသေးတာကို"
-"ဟ ၉နာရီ လူစုံသင့်နေပြီလေဟာ။ ဘယ့်နှယ်
အခုထိမရောက်ရင် မနက်ဖြန်ကျ ဘယ်လိုကျွေးမွေးမတဲ့လဲ။
မဖြစ်ေသးပါဘူး။
ငါကိုတင်သန်းကို မိုက်နဲ့အော်ခိုင်းဦးမှပါ"
ကိုဖိုးထောင်သည် ဦးအောင်ငြိမ်းအရှာလာစဉ်မှာပင် မီးဖိုခန်းဘက်အလျှောက် မခိုင်နှင့်တကွ အခြားအပျို ၅ယောက်ခန့်သာတွေ့သည်ကြောင့် မကျေမနပ်ပြောခြင်းဖြစ်သည်။
ထို့နောက် လောလော လောလောဖြင့် ဦးတင်သန်းဆီပြန်ပြေးပြန်သည်။
-"ဟွန့် ကိုဖိုးထောင်များ ပြောကိုမပြောချင်ဘူး။
ကဲကိုကဲတယ်အေ"
-"ဟုတ်ပါ့ မခိုင်ရယ်။ မဂ်လာဆောင်ကဖြင့် မနက်ဖြန်မှကို လောေဆာ်နေတာ မပြီးတော့ဘူး။"
-"အေးဟယ်။
သူ့မဂ်လာဆောင်တုန်းက ဒီလောက်မဟုတ်ဘူး။
အခုမှဘာဖြစ်တယ်မသိဘူး လောနေတာ"
-"ဟုတ်ပါ့ ။
ကာယကံရှင်တွေတောင် ခုထိအိပ်ယာမထသေးဘူး။ သူက ပြာယာတေွခတ်နေပြီ"
-"အေး အာ့ပြောတာပဲ။
သဘောမတူလို့သာပေါ့။
သဘောသာတူရင် သူ့ညီမကို သူကိုယ်တိုင်
မိဇူမအိပ်ယာပေါ် ထမ်းတင်ပို့မလားပဲ"
-"အေးပါဆိုဟယ် ခိခိခိ"
-"ဒါနဲ့လေ မခိုင်"
-"အင်း"
-"ကျုပ်သိချင်နေတာ တစ်ခုရှိတယ်တော့။"
-"အေးဘာလဲ"
-"မိဇူနဲ့ အဝါ ဘယ်သူကယောက်ျားဖြစ်မယ်ထင်လဲ"
-"အမလေး မိရီမြင့်ရေ။
ညည်းမကြားလို့မေးတာလား။
မိဇူမက အဝါ့ကိုခေါ်ခေါ်နေတာလေ"
-"အင်း ဘယ်လိုခေါ်တာလဲ"
-"ယောက်ျားရေ ..ယောက်ျားရေနဲ့တော်။
ဟိုကလည်း ယောက်ျားလို့ခေါ်ရင်ကို မျက်နှာကြီးကိုဖြီးလို့ပဲ"
-"ဟုတ်လား"
-"ဟုတ်ပါ့ ညည်းမကြာခင် တွေ့ပါလိမ့်မယ်တော်"
ကိုဖိုးထောင် သွားတာမြင်မှ ကြက်သွန်လှီးကြရင်း စပ်မိစပ်ရာ ပြောကြသည့် မခိုင်တို့အုပ်စုပင်။
ထိုသည်ကိုတော့ ပြာယာခတ်နေသည့်
ကိုဖိုးထောင်က သိမည်မထင်။
ဦးတင်သန်းကိုသာ မိုက်အော်စရာရှိတာ
အော်ခိုင်းနေသည်။
-"(ရွှေကျေးပင်ရွာရှိ အဝါ့မဂ်လာဆောင်တွင် ဖိတ်ကြားထားသည့် လှပျိုဖြူများခဗျာ)၂
မဂ်လာမဏ္ဍာပ်သို့ အခုချက်ချင်း လာရောက်ကြပါရန် ကျုပ်ဦးတင်သန်းမှ မေတ္တာရပ်ခံအပ်ပါတယ်
ခဗျား"
ဦးတင်သန်းသည် ရွာေဆာ်ပီပီ ကိုဖိုးထောင်ပြောသမျှကို ဓာတ်စက်ဖြင့် ၃ကြိမ်၃ခါ အသံကောင်းဟစ်လေပြီ။ ကြည်လင်ပြတ်သားသည့် သူ့အသံနှင့် ဓာတ်စက်ကောင်းကောင်းကြောင့် ရွာေနာက်ဖျားမှ ရှေ့ဖျားအထိ ကြားရမည်သာ။
-"ကဲ မောင်ဖိုးထောင် ငါေဆာ်အောပြီးပီနော်။
ဒါနဲ့ မင်း အောင်းငြိမ်းရော တွေ့ခဲ့ပြီလား။
ဒီမှာ သတိုးသမီးနှစ်ယောက်နာမည်တွေလည်း
မချိတ်ရသေးဘူး။"
-"ဟာ ဟုတ်သားပဲဗျာ။
ကဲကဲ မထူးပါဘူး ဦးတင်သန်းရယ်။
ဦးအောင်ငြိမ်းကိုလည်း မိုက်နဲ့သာ အော်ပေးပါတော့"
ဤသို့ဖြင့် ကိုဖိုးထောင်သည် တသက်လုံး အေးအေးလူလူနေလာသမျှ သူ့နှမ မဂ်လာဆောင်ကျမှ 'ဖုတ်ပူမီးတိုက်' ဖြစ်ရလေတော့သည်။
ထိုသည်ကို တဲအိမ်လေးဘေး အသစ်စက်စက်ဆောက်ထားသည့် ဘိုတဲလေးထဲမှ ကျွန်းခုတင်ပေါ် ရှိ ဖဲမွေ့ယာပေါ်တွင် အခန့်သားအိပ်စက်နေသည့်
ဇနီးမယားနှစ်ဦးသာ သိခဲ့ပါလျှင်။
*******
ဆူညံသည့်ဓာတ်စက်သံအပြင် လူအများရဲ့လှုပ်ရှားသံများကြောင့် မထချင်ေသးသော်ငြား
နိုးလာရသည်။"နော် နိုင်ကလေး"ဆိုသည်နှင့်
အိပ်ယာ၀င်နောက်ကျသည့် ရက်တွေများခဲ့ပြီ။
တကိုယ်လုံးလည်း ရိုက်ချိုးထားသကဲ့သို့ နုံးခွေနေရဲ့။
ထို့ကြောင့် မျက်လုံးများကိုမဖွင့်ချင်ဖွင့်ချင်ဖြင့်
ဖွင့်ကြည့်မိတော့ ငုံ့မိုးကြည့်နေသည့် သူ့မျက်နှာချောချော။
ပင်ပန်းသမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။
-"ရွှတ် "
-"မဂ်လာမနက်ခင်းပါ နိုင်ကလေး"
နဖူးထက်သို့ အနမ်းတစ်ပွင့်ကျရောက်လာခဲ့သည်အပြင် ချိုသာသည့်အသံဖြင့် နှုတ်ဆက်လာသည်ကြောင့် တကယ်ကို မဂ်လာရှိပါရဲ့။
ဤသို့ မနက်ခင်းတိုင်းကို တသက်လုံးကြုံရမည့်အရေးတွေးမိေတာ့ ကျေနပ်စိတ်ဖြင့် ပြုံးမိသည်။
-"ဟုတ်။ မဂ်လာနံနက်ခင်း.…အင့်"
ပြုံးလျှက်ပင် ပြန်နှုတ်ဆက်ရာက စကားမဆုံးခင် ရင်ခွင်ကျယ်ကျယ်ဆီသို့ ထွေးပွေ့ခြင်းခံရ၏။
ပထမဆုံးမဟုတ်သည့်တိုင် အကာအကွယ်မပါသည့် အထိအတွေ့ရယ်ကြောင့် ရင်ဖိုရပြန်သည်။
-"ဝါ"
သူ့ရင်ခွင်မှမော့ကြည့်ကာ ခေါ်တော့ ပြုံးလျှက်ကနေ ခပ်တည်တည်ဖြစ်သွားသည့် သူ့မျက်နှာ။
အလိုမကျသည့်ပုံဖြင့် မျက်ခုံးကိုတွန့်လျှက်
နှုတ်သီးကလည်း ဆူထားသေး။
-"ခိခိ အာ့ဘာဖြစ်တာ"
-"ဘာမှဖြစ်ဘူး"
-"ဟုတ်လို့လား"
-"အနိုင် မကောင်းဘူးကွာ။ ပြန်ခေါ်"
-"ဟောရယ်။ ဘယ်လိုပြန်ခေါ်ရမှာလဲ"
-"သိရက်သားနဲ့ အနိုင်နော်"
-"ခိခိ မသိပါဘူးဆို"
-"တကယ်မသိတာလား"
-"အွန်း"
-"လာခဲ့ မသိတဲ့ဟာလေးကို သိအောင်
ယောက်ျားဆန်ပြရသေးတာပေါ့"
-"ခိခိခိ..မလုပ်နဲ့လို့..ခိခိ ..ဝါလို့.အင့်"
ဝါသည် သူကြားချင်နေသည့် နာမ်စားကိုမကြားရသည်ကြောင့် ကျွနုပ်အေပါ်သို့ အုပ်မိုး၍ ပညာထပ်ပြလိုက်ပါတော့သည်။ မခေါ်ချင်၍မဟုတ်ပါဘဲ တမင်တကာ စမိသည့် ကျွနုပ်သည် ထိုကိစ္စကြောင့် မဂ်လာအ၀င်နေ့ဖြစ်ပါလျှက် တနေကုန်လုံး အိပ်ယာထဲသာကုန်ရမည်ကို သိခဲ့ပါလျှင်။
**********
ရင်ခွင်ထဲရှိ အကောင်ဖြူဖြူလေးကိုကြည့်ကာ အသည်းတယားယားရှိလှသည်။
ဤအဖြူကောင်လေးသည် ဘယ်သို့ဆုတောင်းခဲ့၍
မထိရက်မကိုင်ရက်ေအာင် ချစ်စဖွယ်ကောင်းလွန်းေနရသလဲ။
အမြဲလိုလို အကျီလက်ရှည်မချွတ်ရသည်အထိ
ချူလည်းချူချာနိုင်လွန်းသည့် နုဖတ်ဖြူဉနေသည့် အကောင်ေပါက်လေးကို ပိုင်ဆိုင်ခဲ့ရပြီဆိုသည်မှာ အိမ်မက်သဖွယ်ဖြစ်နေသည်။
သို့ရာတွင် သွေကြောမျှင်စိမ်းစိမ်းကလေး မြင်နေရသည့် လည်တိုင်လှလှေပါ်မှ မိမိအပိုင်ထုရိုက်ထားသည် အမှတ်အသားများကတော့ အိမ်မက်မဟုတ်မှန်းသက်သေပြသည်။
မှတ်မိပါသေးရဲ့ေလ။
ထိပ်ကေလးကြက်တောင်စီးထားသည့်
ကလေးသေးသေးတစ်ယောက် မန်းကျည်းပင်အောက် ဇယ်တောက်နေသည့်မြင်ကွင်း။
ထိုမြင်ကွင်းကလေးမှစပြီး ထိုစံပယ်ပွင့်လေးကိုပိုင်ဆိုင်ချင်စိတ်ဖြစ်မိခဲ့ခြင်းပင်။
********
လွန်ခဲ့သော (၁၃)နှစ်တွင်-
ထိုနေ့က ရွာ၌ နာရေးရှိသည်ကြောင့် မကောင်းတတ်၍ လာခဲ့ခြင်းဖြစ်သည်။နဂိုက မရင်းနှီးသည်ေကြာင့် ဟက်ဟက်ပက်ပက်ေတာ့မရှိလှပါ။
ဝိုင်းစရာရှိသည့် ငွေငါးေထာင်အား ဝိုင်းပြီးသည်နှင့် ပြန်ရန်ပြင်သည်။
-"ကြည့်ဦး မချူးတင်ရယ် ကလေးသနားစရာမေကာင်းဘူးလား။ မအေသေမှန်းတောင် သိပုံမရဘူး"
-"ဟုတ်ပါ့။ မ၀င်းစိန်ရယ်။
ငယ်သေးတော့ သိမှာမဟုတ်ဘူးထင်တယ်"
-"ဒီကလေး မွေးချင်းမရှိရတဲ့အထဲ အမေကပါ..ဟယ် ။ ရွှတ် ရွှတ်"
-"ရွှတ် ဘယ်တတ်နိုင်မလဲအေ။
ကံတရားပေါ့"
တဲအိမ်ကလေးပေါ်မှအဆင်း ဒေါ်၀င်းစိန်နှင့်ဒေါ်ချူးတင်တို့ ပြောစကားကြောင့် ေခြလှမ်းတို့ အလိုလို
တန့်မိ၏။
တဆက်တည်း မလှမ်းမကမ်းမှ ကလေးလေးဆီကိုလှမ်းကြည့်လိုက်သည်။
တစ်ဦးတည်းကစားေနသည့် ထိုကလေးသည် အမျိုးသမီးများပြောပုံအရ သေဆုံးသူရဲ့သမီးဖြစ်ဟန်ရှိသည်။
ကျွနုပ်မှာမူ ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသည်ကြောင့် သည်ကလေးလေးကို ဘယ်အချိန်ေမွးလိုက်သည်ကိုပင်မသိပါ။
ထို့ကြောင့် သေချာစွာငေးစိုက်ကြည့်မိတော့ တစ်ယောက်တည်းစကားပြောလိုက် ကစားလိုက်နှင့် အလုပ်ရှုပ်နေသည့် ကလေးမ၌ ရယ်လိုက်လျှင် သွားတက်ဖြူဖြူကလေးများပါသည်။
နဖူးကျဉ်းကျဉ်းကလေးနှင့် လိုက်ဖက်ညီသည့် မျက်နှာဝိုင်းဝိုင်းကလေးလည်းရှိသည်။
ထို့ပြင် ပါးဖောင်းဖောင်းနှစ်ဖက်မှ စကားပြောတိုင်းချိုင့်၀င်သွားတတ်သည့် အခွက်ကလေးနှစ်ခု။
ဖျောင့်စင်းတဲ့နှာတံလေးသည်လည်း အဝေးကပင် လှမ်းမြင်နေရပြီး ထူထဲနက်မှောင်သည့်မျက်ခုံးနှင့် လိုက်ဖက်ေနသည့် ခပ်ဝိုင်းဝိုင်းမျက်လုံးလေးများကြောင့်။
-"ချစ်စရာလေးပဲ"
ကိုယ်တိုင်မသိပါပဲ နှုတ်မှထွက်သွားမိသည့်စကားသံပင်။
ထိုအသံကြောင့် ဘေးမှ မနုသည်ပင် ကျွနုပ်ငေးရာလှမ်းကြည့်ေလသည်။
-"အေးနော်။ ချစ်စရာလေးပဲ။
ဖွေးဖွေးဉဉ မျက်နှာဝိုင်းဝိုင်းကလေးနဲ့။
ဟယ်
ရယ်လိုက်ေတာ့။
ကြည့်စမ်းအဝါ။နင် ကြည့်ကြည့်။
အဲ့ကလေးမှာသွားတက်ရော
ပါးချိုင့်ရောပါတယ်တော့။
လှရက်လိုက်တာအေ "
-"အင်း။
မနု တယောက်တည်း ပြန်နှင့်လိုက်တော့"
-"ဟင်! ဟယ် အဝါ။
နေဦးလေ။ ဟဲ့..ဟော်တော်!"
အနောက်မှ မနု မည်သို့ကျန်ခဲ့သည်မသိပါ။
သိလည်းမသိချင်ပါ။
ကျွနုပ်ခြေထောက်တို့သည် ဇယ်တောက်နေသည့် ကလေးဆီသို့သာ လှမ်းလျှက်သား ဖြစ်နေခဲ့ပြီ။
အနီးကပ်မြင်ရမှ ဤကလေးသည်
လှသည်-ချစ်စဖွယ်ကောင်းသည်ထက်ပင် ပို၏။
လာမိသည်မှာ မမှားမှန်းသိရပြီ။
သို့ရာတွင် ကျွနုပ်ကိုမြင်သည်နှင့် စူးစိုက်ကြည့်လာသည့် မျက်၀န်းဝိုင်းဝိုင်းကလေးက ရင်မခုန်တတ်သည့် ကိုယ့်လိုလူကိုပင် ရှက်ကိုးရှက်ကန်းဖြစ်စေခဲ့သည်။
ထို့ပြင် စကားပြောသည်က အကြီးကိုပင် မခန့်လေးစားနှင့်မို့ ပါးကလေးဖျစ်ညှစ်၍လည်း ဆုံးမချင်စဖွယ် ကောင်းနေ၏။
မလုပ်ရက်ပါချေ။
ဖွေးဉနေသည့် ဤစံပယ်ပန်းပွင့်ကလေးသည်
လေတိုက်ရင်တောင် ကြွေမှာစိုးရသည်။
ထို့ကြောင့် စံပယ်ပွင့်လေး အလိုမကျ၍
နှုတ်ခမ်းကိုက်စဉ်ခနမှာပင် ဆုံးဖြတ်ချက်တစ်ခုကိုအလိုလိုချလျှက်သားဖြစ်ခဲ့သည်။
ကျွနုပ် ပိုင်ရမည်။
ဤစံပယ်ကလေးကို မပွင့်ခင်မကြွေခင်ကပင်
အပိုင်သိမ်းပါမည်။
မည်သူမှ လာမထိခိုက်အောင် မငေးရအောင်လည်း ရင်တွင် ပိုက်ထွေးကာကွယ်လျှက် တသက်လုံးစောင့်ရှောက်သွားမည်။
*************
ထိုသို့ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်လာခဲ့သည်မှာ ၁၄နှစ်အကြာမှ အောင်မြင်မှုရခဲ့ပြီ။
စိတ်ရောကိုယ်ပါ ရင်းနှီးအားထုတ်ပြီးမှ ရလာသည့်
ပန်းကလေးတစ်ပွင့်မို့ ရူးမိသည်။
အပိုင်သိမ်းချင်ခဲ့သော ပန်းတစ်ပွင့်ကို အပိုင်ရလိုက်သည့်နေ့သည် လောကရှိအရာရာကို အံတုနိုင်သည့်နေ့တစ်နေ့ဖြစ်၏။
-"ရွှတ်"
-"အင်"
အိပ်ပျော်နေသည့် ဖြူကလေးရဲ့ ပါးပြင်ထက်အနမ်းဖွဖွပေးမိတော့ အချစ်ကြမ်းထား၍ ပင်ပန်းနေသည့် သူလေးကမျက်ခုံးရှုံ့လျှက် နှုတ်သီးကလေးဆူကာ ညည်းညူသလိုလုပ်သည်။
အသည်းယားလွန်းလို့ ဆွဲညှစ်ချင်စိတ်ကို မနည်းတင်းထားရ၏။
မဖြစ်သေးပါ။
ကိုယ့်မဂ်လာဆောင်ကြီးမှာ အိပ်ယာထဲ၌နေနေလို့
မဖြစ်။ စီစဉ်ခိုင်းထားသည့် မခိုင်တို့အဖွဲ့များကို သွား၍ ကြည့်ရဦးမည်။
ကလေးငယ်ကိုတော့ နှိုးဖို့အစီအစဉ်မရှိပါ။
ထို့ကြောင့် ပုခုံးထက်သို့ ဂွမ်စောင်ကို လုံအောင်ခြုံပေးလိုက်ပြီး ခုတင်ပေါ်မှ ခပ်ဖွဖွဆင်းရသည်။
ဆင်အော်လျှင်တောင်နိုးမည်မထင်သည့်
ကလေးငယ်ကို ထိုသို့အပိုလုပ်မိ၏။
မတတ်နိုင်။
ချစ်တာကိုးလို့..။
******
"မောင်သွားမှာ ဆန်းပြားအရပ်ကိုပါ
ဘယ်ကိုလဲကွယ် ပြောစမ်းကွဲ့မောင့်နေရာ..."
အိမ်အပြင်သို့ရောက်သည်နှင့် မဏ္ဍပ်မှ ခေတ်ဆန်ဆန်တီးလုံးများနှင့် မကြားဖူးသည့် သီချင်းသံများကြောင့် ပြုံးမိသည်။
ထိုသည်မှာ အစ်ကို့လက်ချက်ဖြစ်မှန်းသိပါရဲ့။
အစ်ကိုဖြစ်သူသည် ဂမူးဂဒူးဖြင့် စဉ်းစားဉာဏ်နည်းပါးစွာ ပြုမူတတ်သော်ငြား မိမိအား အချစ်လွန်၍
ကာကွယ်တတ်သည်။
ထို့ကြောင့်လည်း အခုချိန်ထိ ပစ်မထားရက်နိုင်ခြင်းပင်။
(ဦးချစ်နေ)+(ဒေါ်လွန်းမိ)
တို့ ၏ သမီး
မချစ်လွန်းဝါ
နှင့်
(ဦးအောင်မြင့်)+(ဒေါ်ဖြူနွယ်)
တို့ ၏ သမီး
မမဇ္ဇူနိုင်
တို့၏ မဂ်လာဧည့်ခံပွဲ
အဝါရောင်မဏ္ဍာပ်စင်ပေါ်မှာ ကပ်ထားသည့် ရွှေရောင်စာလုံးများကြောင့် ရင်တွင်လေဟပ်ရပြန်၏။
ဒါေလးက သူကလေးကို တကယ်ပိုင်ရပြီဆိုတဲ့ သက်သေလေးမဟုတ်ပါလား။
ထို့ေကြာင့် အမိုးမှ တွဲလောင်းချိတ်ဆွဲထားသည့် ကာလာစုံ အသည်းပုံပူပေါင်းလေးများကို တစ်ခုချင်းထိတွေ့ကိုင်လျှက် ပိတိပြုံးလေးပြုံးမိတော့-
-"ဟော သတိုးသမီးရေ ခုမှပဲမြင်ရတော့တယ်ဗျာ"
အစ်ကိုဖြစ်သူသည် ကျွနုပ်ဘေးသို့ ရောက်လာလျှက်ထိုသို့ စနောက်သည်။နေတိုးစင်းအကျီနောက်ကျောတွင် ချွေးများရွဲသည်အထိ ယောက်ယက်ခတ်နေသည့်ပုံမှာ တစ်ခါမှမမြင်ဖူးခဲ့သည့်ပုံမျိုး။
-"ဟျောင့် ဇော်ဦးတို့ အဲ့နားမဟုတ်ဘူးဟ ။
ဒီစင်ပေါ်ချရမှာ။ မင်းတို့ကလည်းကွာ
တစ်ခါမှမဂ်လာမဆောင်ဖူးတာ သိသာတာ"
-"ဟာ ကိုကြီးဖိုးထောင်က ဖဲ့ပြီဗျာ။
ကျုပ်တို့လည်း ခုလိုကြီးကြီးကျယ်ကျယ်လုပ်တာမျိုး မမြင်ဖူးလို့ယောင်သွားတာပါဗျ"
-"အဟားဟား။
အေးပါကွာအေးပါ။
ကဲကဲ စင်ပေါ်ထမ်းတက်လိုက်ကြ။ အေး ဟုတ်ပြီ။
အဲ့စက်တင်ခုံေတွကို ဘယ်ဘက်တစ်ခုံ ညာဘက်တစ်ခုံ ဘေးတိုက်ချလိုက်။
အေး ပြီးရင်အလယ်ကတစ်ခုံချ။
အဲ့တာပြီးမှ စားပွဲကို အလည်ခုံရှေ့ချဟေ့။
ဟုတ်တယ် အာ့မျိုး"
ကျွနုပ်နှင့်ပင် စကားမပြောနိုင်ဘဲ သူ့နောက်မှပါလာသည့် ခုံများထမ်းထားသည့် လူတစ်သိုက်ကို
အော်ပြောနေသည် အစ်ကို့အား ဘေးမှပြုံးလျှက်ကြည့်ကာနေသည်။
သူ့မဂ်လာဆောင်တုန်းကတောင် ထင်းတစ်ချောင်း
မသယ်ကူခဲ့တဲ့ အစ်ကိုသည် ကျွနု်ပ်အလှည့်ကျ ဦးစီးဦးေဆာင်နေသည်မြင်ရတော့ ရင်ထဲတွင်
လှိုက်ကနဲခံစားမိပါရဲ့။
-"အစ်ကို!"
-"ဟေ!"
-"ဘယ်အချိန်ကတည်းကရောက်နေသလဲ"
-"ငါလား"
-"အင်း"
-"မနက် တုံခေါက်ကတည်းကလေ။
နင်တို့ကို မနှိုးရက်လို့မို့ တဲထဲဝင်ထိုင်နေတာ။
မနက်လင်းမှ မိခိုင်တို့အဖွဲ့ရောက်လာလို့
လုပ်ငန်းစရတာပဲ"
-"ဟော အကိုရယ်။
အစောကြီး ရောက်နေတာကို
အဝါ့ကိုနှိုးပါတော့လား။ "
-"မနှိုးချင်ပါဘူးဟာ။ ဒီလိုနေ့တေွက အဟဲ
ပျားရည်စမ်းရမယ့်အချိန်မို့ ငါမနှိုးပါဘူး။"
-"အစ်ကိုရယ်"
နဖူးတွင်ချွေးတလုံးဖြင့် အစ်ကိုဖြစ်သူသည် ရှည်လှတဲ့ သူ့ဆံပင်ကို သည်နေ့မှ သိမ်းကာမြှောက်စီးထားသည်။
မုတ်ဆိတ်များပင် ရိတ်ထား၍ သန့်ပြန့်နေ၏။
သူ့နှမ မဂ်လာဆောင်တွင် ဂုဏ်ရှိနေေအာင် ပြင်ဆင်ထားသည့် အစ်ကို့ကိုကြည့်လျှက် ရင်ထဲနေ၍မကောင်းပါ။
-"အစ်ကို"
-"ဟေ"
-"ညီမလေးတောင်းပန်တယ်နော်။"
-"ဘာကိုလဲဟ"
-"ဟိုနေ့က အကို့ကိုပြောမိတာတွေအတွက်ပါ။
ညီမလေး... ညီမလေးက ရွှတ်"
ကျွနုပ်မျက်ရည်မဆယ်နိုင်တော့ပါ။
သည်မျှလောက်အထိကောင်းပေးတဲ့ အစ်ကို့အပေါ်မှ ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့၏။
-"ဟော ငါ့ညီမရယ် မငိုရဘူးလေ။
ပျော်ပွဲရွှင်ပွဲကြီးမှာ မငိုရဘူး ညီမေလးရဲ့ ရွှတ်"
ကျွနုပ်မျက်ရည်စကြောင့် မငိုပါနဲ့တားသည့်
အစ်ကို့မျက်၀န်းတွင် မျက်ရည်များရစ်သိုင်းလျှက်ရှိသည်။ သို့သော် အပြုံးကလေးဖြင့် ကျွနုပ်ပုခံုးပုတ်၍-
-"မငိုနဲ့တော့နော် ညီမလေး။
အစ်ကိုဖြင့် စိတ်ထဲဘာမှသဘောမထားပါဘူးကွ။
ငါ့ညီမအလိမ်မာလေးက
အဲ့နေ့က 'မယားထိဓားကြည့်' ဆိုသလိုဖြစ်သွားတာ အစ်ကိုသိပါတယ်ကွာ။
အဲ့မို့ ဘာမှစိတ်မကောင်းမဖြစ်နဲ့။
အစ်ကိုလည်းလွန်တာပါ။
သိသိကြီးနဲ့ကွာ။
ညီမလေး မိဇူအပေါ် ဘယ်လောက်ချစ်တာ
သိသိကြီးနဲ့ နှမျောမိလို့ အစ်ကိုက။"
-"ဟုတ် အကို"
ကိုဖိုးထောင်သည် မျက်ရည်များနှင့်ကျွနုပ်ကို
ထိုသို့ နှစ်သိမ့်သည်။
သူကိုယ်တိုင်ကလည်း ထပ်တူမျက်ရည်များကျနေ၏။
ထိုသည်ကို မနီးမဝေးရှိ လောင်းကလေးထဲရေထည့်
ပန်းကန်ဆေးနေကြသည့် မလှတို့အဖွဲ့မြင်သည်နှင့်-
-"ကြည့်ကြည့်
သူများမောင်နှမတွေ ဘယ်လောက်ချစ်ကြသလဲလို့"
-"ဟုတ်ပါ့နော်။
ငါဆိုရင် အိမ်ကမောင်နဲ့အမြဲသတ်နေရတာ။"
-"အေး ငါရောပဲဟဲ့။
ငါ့အစ်ကိုနဲ့ အမြဲရန်ဖြစ်နေရတာဟေ့။
အစ်ကိုက သူများအစ်ကိုလို အဲ့လိုချစ်ဖို့ဝေးပါ့။
ငါ့များ ဘယ်ကောင်သမလို့နေနေတော်
ဂရုကိုမစိုက်တာ"
-"ခိခိ အာ့ကလည်း ညည်းက အဝါ့လို သမချင်တဲ့လူမရှိလို့နေမှာပေါ့"
-"ဟယ် ကမ ညည်း
ကိုယ့်အချင်းချင်းဖဲ့တယ်ကြည့်စမ်း။
ကဲဟယ်ကဲဟယ်"
-"ခိခိခိ"
-"ဟိဟိ မလှတို့တော့ အနာရှိစပ်ပြီဟေ့"
အားကျနေသည့် မလှအား မမြမှ ဖဲ့လာသည်ကြောင့် လောင်းထဲမှဆပ်ပြာရည်ဖြင့် ထပက်သည့် မလှပင်။ ထိုသည်ကို စိတ်မဆိုးနိုင်သည့် မမြက တခိခိဖြင့် သဘောပင်ကျနေသည်။ ဘေးမှ အခြားအပျိုများကလည်း မလှအား ဝိုင်းဖဲ့စနောက်နေကြသည်မှာ ပျော်စရာကြီးပင်။
*********
-"ဟျောင့် သိန်းဇော်
အားမရှိဘူးလား။
လခွီးတယ်မှ လုပ်နေပုံနှင့်က စားရဖို့နီးပါပြီ။
ဖယ်စမ်း ငါမွှေစမ်းမယ်။"
၀က်သားဒယ်အိုးအားမွှေနေသူ ဦးသိန်းဇော်ကို
ထိုသို့ပြောဆိုရင်း ယောက်မကြီးကို လုကိုင်လိုက်သည့် ဟင်းသူကြီးဦး၀င်းမြင့်။
ကိုသိန်းဇော်မှာမူ ဘာမှပြန်မပြောဘဲ နောက်သို့ဆုတ်ေပးသည်။
-"ဟိုကောင် ဇော်၀င်း"
-"ဗျာ ဦးလေး"
-"အဲ့နားထိုင် အရက်ပဲသောက်မနေနဲ့ လာစမ်းဒီကို။
မီးလာထိုးစမ်း"
-"ဟုတ်ကဲ့ ဦးလေး"
"သိန်းဇော် မင်းက ဟိုနားကထင်းတွေ သွားပွေ့ယူခဲ့"
-"ဟုတ်ကဲ့"
ထိုသို့ ဟင်းဒယ်ကိုမွှေလျှက် ဒေါင့်စေ့အောင်ခိုင်းတတ်သည့် ဦး၀င်းမြင့်သည် ရွာဆယ်အိမ်ခေါင်းပေတည်း။
အရပ်ပုပု ဂင်တိုတိုဖြင့် ဦး၀င်းမြင့်သည် ဆယ်အိမ်ကောင်းလည်းဖြစ် ရွာရေးရပ်ေရးတွင်လည်း အားကိုးရသည်ကြောင့် ရွာတွင်အရေးပါသည့် ပုဂ္ဂိုလ်ဆိုလျှင် မမှားပေ။
-"ဦးလေး ဟင်းရတော့မှာလား"
-"မင့်မေကလွှား ဟင်းကရမှာလားဖိုးထောင်ရ
ခုနကမှတည်တာကို"
-"မဟုတ်ပါဘူး ဦးလေးရ
ကျုပ်က ကျွေးချိန်မမီမှာမို့ပါ"
-"မီပါတယ်ကွာ
ငါကိုယ်တိုင်လုပ်ပေးနေတာပဲ"
-"ဟုတ်ဟုတ် ဦးလေး။
ဒါနဲ့ ဟင်းကတော့ လောက်တယ်မို့လား"
-"လောက်ပါတယ်ကွ အချိန်၄၀၀ရှိတာပဲ။
မလောက်မှာမပူပါနဲ့ကွာ ငါတယောက်လုံးရှိပါတယ်
မန်းမှုတ်လိုက်မယ်"
-"ဟာ မန်းမှုတ်လို့ဘယ်ဖြစ်မှာတုန်းဗျ။
မရှိတာလည်းမဟုတ်ဘဲနဲ့
ကျုပ်နှမကို မျက်နှာမငယ်စေချင်ဘူး"
-"ဖိုးထောင်ရာ ငါကစတာပါဟ။
လောက်တယ် မပူနဲ့။ ငါဒီလိုစီမံနေကြ"
-"ဟုတ်ကဲ့ပါ။
တကယ်လို့မလောက်ဘူးထင်ရင်လည်း
ကြိုပြောနော်ဦးလေး
ကျုပ် နောက်တစ်ကောင်ထပ်ပေါ်ခိုင်းမယ်"
-"အေးအေး"
-"ဒါဆို ကျုပ်သွားဦးမယ်ဗျို့
-"အေးပါကွ"
ဖိုးထောင်သွားမှ ဦး၀င်းမြင့် ခေါင်းတခါခါဖြင့်
ပြုံးလျှက်။
-"အော် ဖိုးထောင် ဖိုးထောင်
မင်းလည်း ဒီလိုပြာယာခတ်တတ်သေးသားပဲ"
(30-12-2023)
*****************