ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၃)
မျောက်ကြီးက စွန်းမင်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။ "ကောင်းပြီလေ။ အရင်ဆုံး စားကြည့်ကြတာပေါ့။ စားပြီးတော့မှဘဲ စကားဆက်ပြောကြမယ်" အလီက အရှက်ရဖွယ် အခြေအနေကို ထိန်းချုပ်ရန် စကားလမ်းကြောင်းလွှဲလိုက်သည်။ အစားအသောက်၏ အရသာက အရေးကြီးဆုံးဖြစ်သည်။ ကို့ရို့ကားရားဖြစ်နေသော ပတ်ဝန်းကျင်အခြေအနေမှ လွတ်မြောက်သွားသော်လည်း အလီက နေမကောင်းသောကြောင့် အစာစားချင်စိတ် မရှိပေ။ စွန်းမင်က ကမ္ဘာပေါ်မှာ အကောင်းဆုံးနတ်သုဒ္ဓါဟင်းလျာကို မြည်းစမ်းခဲ့ရသည်ဟု ပြောခဲ့၍ သူ ကိုယ်တိုင် လာရောက်မြည်းစမ်းခြင်း ဖြစ်သည်။ အလီ၏ ထင်မြင်ယူဆချက်တွင် ကြက်ဥထမင်းကြော်ကဲ့သို့ အဆီများသော အစားအစာကို လက်မခံနိုင်ချေ။ သူက မနက်ခင်းတွင် အဆီများသော ပေါင်မုန့်ကြော်ကိုပင် မစားနိုင်ချေ။ နေ့လည်ခင်းတွင် အဆီများသော ကြက်ဥထမင်းကြော်ကို စားမည့်အတွေး မရှိချေ။ သို့သော်လည်း ကြက်ဥထမင်းကြော် ပန်းကန်ပြားကို ငုံ့ကြည့်လိုက်သောအခါ သူ့အတွေးက အလွန်မှားယွင်းသွားကြောင်း သိရှိသွားသည်။ ကြက်ဥထမင်းကြော်တွင် အဆီများသော အနံ့အသက်ကို မရရှိသကဲ့သို့ ကြက်ဥဖတ်ကိုလည်း မမြင်တွေ့ရပေ။ သူ့နှာခေါင်းဆီသို့ ဟင်းလျာ၏မွှေးကြိုင်မှုရနံ့ ဝင်ရောက်လာသည်။
"ငါ စမ်းစားကြည့်သင့်တယ်" ပထမတစ်ဇွန်းက သူ့ခံတွင်းထဲ ဝင်ရောက်သွားသောအခါ ကြက်ဥထမင်းကြော်၏ဆွဲဆောင်မှုထဲ အလီလည်း နှစ်မြောသွားသည်။ သူ့ဘေးနားက သူ့သူငယ်ချင်းနှစ်ယောက်ကလည်း ကြက်ဥထမင်းကြော်ကို လေကဲ့သို့ လျင်မြန်သောနှုန်းဖြင့် စားသုံးသွား၍ ကုန်လုနီးပါး ဖြစ်နေခြင်းကို သတိပြုမိသည်။ သူတို့ အမူအရာကို ကြည့်ရုံဖြင့် သုံးရက်ခန့် အစာမစားရသော သူတောင်းစားနှစ်ယောက်ဟု ထင်မှတ်ရသည်။
ယွမ်ကျိုး၏ နှုတ်ခမ်းထောင့်တွင် ဟန်ဆောင်အပြုံးလေး ပေါ်ပေါက်လာသည်။ သူ့ကိုယ်သူ ဂုဏ်ယူသော အပြုံးထက် ယုံကြည်မှု ရှိသော အပြုံးဖြစ်သည်။ ယွမ်ကျိုးက မနက်၊နေ့လည်၊ည ၃နပ်စာစလုံးကို ကြက်ဥထမင်းကြော်တစ်မျိုးထဲသာ စားသုံးသော်လည်း ငြီးငွေ့သွားသောခံစားချက်ဖြစ်ပေါ်မည့်အစား အရသာ ပိုရှိလာသည်။ ဤသည်က သူ့ဟင်းလျာကို ကြွားဝါခြင်း မဟုတ်ပေ။
စနစ်၏ ဆုလာဘ်က ကျွမ်းကျင်မှုဖြစ်၍ တစ်နေ့ထက်တစ်နေ့ သူ့အရည်အချင်း ပိုတိုးတက်လာသည်။ ဟင်းချက်သက်တမ်းကြာလာသည်နှင့်အမျှ ဟင်းလျာက ပို၍အရသာရှိလာသည်။
"တကယ့်ကို အရသာရှိတာပဲ။ ဒီတစ်ခေါက်တော့ မင်း ဆိုင်ကောင်းကောင်းကို လမ်းညွှန်နိုင်ခဲ့ပြီ စွန်းမင်"
"ငါ ဆိုင်အကုန်လုံးနီးနီး စားဖူးတယ်။ အရသာရှိတဲ့ ဟင်းလျာတော်တော်များများကိုလည်း မြည်းစမ်းဖူးတယ်။ ဒါပေမယ့် ကြက်ဥထမင်းကြော်က ငါ စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ"
"ထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ် ပေးရတာ မဆန်းကြယ်ဘူး။ ငါ့အတွက်တော့ ဒီဈေးနဲ့ စားရတာ တန်တယ်" ထမင်းကြော်တစ်ပွဲကို စားသုံးပြီးနောက် မျောက်ကြီးနှင့် အလီတို့ ပထမဦးဆုံး လုပ်ဆောင်သည့် အပြုအမူက ဆိုးရွားသော စာလုံးပေါင်းသတ်ပုံများဖြင့် အစားအသောက်ကို မှတ်ချက်ပေးခြင်းဖြစ်သည်။
"အရမ်းအရသာရှိတယ်။ သူဌေး နောက်တစ်ပွဲထပ်ပေးပါ။ မဟုတ်သေးဘူး နှစ်ပွဲချပေး" မျောက်ကြီးက ထမင်းကြော်ကို အရင်ဆုံးကုန်အောင် စားသူဖြစ်သည်။ အရသာကို မြည်းစမ်းပြီး နောက်တစ်ပွဲထပ်ပေးရန် ယွမ်ကျိုးကို ပန်းကန်ပြား လှမ်းပေးသည်။
"တကယ့်ကို အရသာရှိတယ်။ ငါလည်း နောက်တစ်ပွဲထပ်လိုချင်တယ်" အလီက မျောက်ကြီးနောက်မှ လိုက်ပြောသည်။
"ဟားဟားဟားဟား"
နောက်ဆုံးမှ ထမင်းကြော်ကို ကုန်အောင်စားသော စွန်းမင်က ယွမ်ကျိုး၏ တုံ့ပြန်မှုအဖြေမလာခင် အားရပါးရ ရယ်မောသည်။
ရယ်သံကြောင့် မျောက်ကြီးနှင့် အလီ အံ့ဩသင့်သွားသည်။ လူတိုင်းက သူ့ကို ငေးစိုက်ကြည့်နေမှန်း သတိပြုမိသောအခါ စွန်းမင်က ကျယ်လောင်စွာ ဟထားသော ပါးစပ်ကို ပိတ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် စကားပြောသည်။
"ဧည့်သည်တစ်ယောက်ကို ဟင်းတစ်ပွဲပဲ မှာလို့ရပါတယ်"
ထိုစကားသံကို ကြားပြီးနောက် စွန်းမင်က ရယ်မောချင်သောစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
"ဘာလဲ။ ဘာသဘောလဲ" မျောက်ကြီးက စွန်းမင်ကို ငေးကြည့်ကာ ဒေါနှင့်မောနှင့် တုံ့ပြန်သည်။
"စွန်းမင် မင်း ငါတို့ကို ထောင်ချောက်ဆင်တာလား"
"တခြားသူ အပြစ်ပြောတာတော့ မခံနိုင်ပါဘူး။ ဒါက ဆိုင်ပိုင်ရှင်သူဌေးရဲ့စည်းမျဉ်းပဲလေ။ ဟုတ်တယ်မလား သူဌေးယွမ်ကျိုး" စွန်းမင်က ယွမ်ကျိုးကို မျက်တောင်ခတ်ပြကာ မျောက်ကြီးကို လေးလေးနက်နက် ပြန်ဖြေသည်။
"ဟုတ်တယ်။ ဒါအမှန်ပဲ။ ဧည့်သည်တစ်ယောက်ကို ဟင်းတစ်ပွဲပဲ မှာလို့ရတာ။ ထမင်းကြော်ထဲပါတဲ့နှုန်းက တခြားစားသောက်ဆိုင်တွေနဲ့ အတူတူပဲ။ သူတို့ထက်တော့ မလျော့ဘူး" ယွမ်ကျိုးက ချောင်းဟန့်ကာ စိတ်အားထက်သန်စွာ ရှင်းပြသည်။ မျောက်ကြီးနှင့် အလီက တအံ့တဩဖြစ်နေရသည်။ ဤအချက်က လှောင်ရယ်ဖွယ်အတိ စည်းမျဉ်းဖြစ်နေသည်။ ဝင်ငွေရနိုင်သောအခွင့်အရေးကို လက်လွှတ်ခံနိုင်သော လူတန်းစားကို ယခုမှ မြင်တွေ့ဖူးသည်။
"နောက်တစ်ပွဲ ထပ်မရတော့တာ သေချာလား။ ကြည့်စမ်းပါဦး။ ငါက စွန်းမင်ရဲ့သူငယ်ချင်းလေ" မျောက်ကြီးက သူ၏ နားနှင့် ပါးကိုကုတ်ကာ စိတ်ပျက်အားလျော့စွာ မေးမြန်းသည်။
"ဟုတ်ပါတယ်။ မင်းတို့က ငါရဲ့သူငယ်ချင်းပါ။ ဒါပေမယ့် စည်းမျဉ်းက စည်းမျဉ်းလေ"
"ငါတောင် ဟင်းလျာတစ်ပွဲပဲ မှာလို့ရတာ။ မင်းတို့က ၂ပွဲမှာလို့ရမယ် ထင်နေတာလား" စွန်းမင်က မျောက်ကြီးကို ဟန်ဆောင်ပန်ဆောင် ဒေါသထွက်ကာ ငေးစိုက်ကြည့်လိုက်သည်။
"သူဌေး ငါ ဒီနေ့ နေမကောင်းဘူး။ ငါ့ကို နောက်တစ်ပွဲလောက် ထပ်ပေးနိုင်မလား" အလီက ရန်သူ၏ သနားညှာတာမှုကို ရယူပြီး အားနည်းချက်ကို အမိအရဆုပ်ကိုင်ရန် ကြိုးစားသည်။ သို့သော်လည်း ယွမ်ကျိုးက သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲမည့်စိတ်ကူး မရှိချေ။ ထို့ကြောင့် လေးနက်သော အမူအရာဖြင့် စကားပြန်ပြောသည်။
"အားနာပါတယ်။ စည်းမျဉ်းက စည်းမျဉ်းပါပဲ"
"သူဌေး မင်းကို တကယ်လေးစားမိတယ်။ မင်းက တကယ့်ကို အရည်အချင်းရှိတဲ့လူပဲ။ ဒီနေ့ခေတ်မှာ မင်းလို စည်းမျဉ်းတွေကို အလေးထားတဲ့သူ အများကြီးမရှိဘူး" အလီက ပြန်ပြောသည်။ မျောက်ကြီးကလည်း ယွမ်ကျိုးကို လက်မထောင်ပြသည်။ ငွေမျက်နှာထက် စည်းမျဉ်းစည်းကမ်းကို လိုက်နာတတ်သူကို သူလည်း အထင်ကြီးသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့လူပတ်ဝန်းကျင်တွင် လူအများစုက ငွေကို နတ်ဘုရားကဲ့သို့ ကိုးကွယ်ကာ ထင်တိုင်းကြဲတတ်သည်။ တကယ်တမ်း ယွမ်ကျိုး၏စိတ်ထဲ တွေးနေသောအတွေးက သူတို့ ထင်မြင်ယူဆချက်နှင့် တလွဲစီဖြစ်သည်။
"အသုံးမကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ။ ဒင်းကြောင့် ငါ့ငွေတွေ အားလုံးဆုံးရှုံးသွားပြီ"
"ဟုတ်ပါပြီ။ မင်းရဲ့ရည်ရွယ်ချက်ကို ငါတို့ နားလည်ပါပြီ။ ဒီလိုနာကျင်မှုမျိုးကို တခြားလူတွေကိုလည်း မျှဝေရမယ်" မျောက်ကြီးက တံခါးအပြင်ဘက်သို့ လမ်းလျှောက်သွားကာ စွန်းမင်ကို စကားပြန်ပြောသည်။
"ဒီနာကျင်မှုကို မျှဝေမယ်လို့ မင်း ပြောလိုက်တာလား။ ကဲ အစားအသောက်ကောင်းတွေ ဝယ်စားလို့ရတဲ့နေရာကို မျှဝေကြမယ်။ အလီ ငါတို့ ဆက်အကောင်အထည်ဖော်ကြတာပေါ့" စွန်းမင်ကလည်း ထောက်ခံသည်။
"ကောင်းတာပေါ့။ ဂရုစိုက်ပြီး ပြန်ကြပါ ငါ့သူငယ်ချင်းတို့" ယွမ်ကျိုးက မတ်တပ်ရပ်ကာ စကားပြန်ပြောသည်။
"သူဌေး ငါတို့တွေ နောက်တစ်ခေါက်ထပ်လာခဲ့ပါအုံးမယ်" မျောက်ကြီးက လှည့်ကာ ပြောသည်။ စွန်းမင်က ယွမ်ကျိုးကို လက်ပြနှုတ်ဆက်နေစဉ် အလီက အပြုံးလေးဖြင့် ခေါင်းညိတ်ကာ သူ့သူငယ်ချင်းနှစ်ယောက်နောက် လိုက်သွားသည်။
"ဟုတ်ပါပြီ။ မင်းတို့ကို အမြဲတမ်းကြိုဆိုနေပါတယ်" ယွမ်ကျိုးကလည်း အပြုံးဖြင့် စကားပြောသည်။
ယနေ့က သူ့အတွက် ကံကောင်းသောနေ့ရက်ဖြစ်သည်။ နေ့လည်တစ်နာရီခန့်တွင် ဧည့်သည်တစ်ယောက် ထပ်ရောက်လာသည်။ အနက်ရောင်ခါးတိုအင်္ကျီ၊ဒူးဖုံးစကပ်ကို ဝတ်ဆင်ထားသော မိန်းမချောလေးသည် မိတ်ကပ်ခပ်ါပါးပါး လိမ်းခြယ်ထားပြီး ကောင်းမွန်သော အသားအရေကို ပိုင်ဆိုင်သည်။ နူးညံ့ပြီး ချစ်စဖွယ်ကောင်းသော မျက်နှာလေးနှင့် လိုက်ဖက်ညီအောင် အဖြူရောင်သားရေအိတ်ကို ကိုင်ဆောင်ထား၍ နုပျိုသောအလှကို ပေးစွမ်းသည်။ သူမဝတ်ဆင်ထားသော အဖြူရောင်ဒေါက်မြင့်ဖိနပ်၏အသံသည် ဂီတသံစဉ်ကဲ့သို့ သာယာငြိမ့်ညောင်းသည်။
သူမက ထိုင်ခုံမှာ ထိုင်လိုက်ပြီး တရုတ်တောင်ပိုင်း၏ လေယူလေသိမ်းဖြင့် ကျက်သရေရှိစွာ စကားပြောဆိုသည်။
"မီနူး ပေးပါဦး"
"ဒီဆိုင်မှာ ကြက်ဥထမင်းကြော်ပဲ ရောင်းတယ်။ ဈေးနှုန်းကို အရင်ကြည့်ပြီး မင်းလက်ခံနိုင်မှ မင်းအတွက် ထမင်းကြော်ကြော်ပေးမယ်" ယွမ်ကျိုးက မိန်းမချောလေးကိုကြည့်ကာ ပြောသည်။
"ဟမ် ဒီလိုချည်းလား။ ရတယ်လေ။ ၁၈၈ ယွမ်မလား။ ကိစ္စမရှိပါဘူး။ အဆင်ပြေပါတယ်။ ရှင့်ရဲ့ဟင်းချက်စွမ်းရည်က ဒီဈေးနှုန်းနဲ့ ထိုက်တန်သလားဆိုတာ စမ်းစားကြည့်ရတာပေါ့" သူမ၏လေသံတွင် မကျေနပ်သောခံစားချက်ကို ခံစားနိုင်သော်လည်း ဒေါသကို ထုတ်မပြဘဲ အေးစက်စက်လေသံဖြင့် စကားပြန်ပြောသည်။
"ဒီအတွက်တော့ စိတ်မပူနဲ့။ စားကောင်းစေရမယ်"
"ကောင်းပြီလေ။ မြန်မြန်ပြင်ဆင်ပေး။ ခဏနေရင် အလုပ်သွားရတော့မယ်" မိန်းမချောလေးက လူငယ်သူဌေးလေး၏ ယုံကြည်မှုလွန်ကဲသော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ အစားအသောက်ကို အာရုံမစိုက်တော့ဘဲ ဖုန်းကိုထုတ်ကာ စာတိုအသစ်ဝင်/မဝင်ကို စစ်ဆေးကြည့်သည်။
ယွမ်ကျိုးက မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေပြီး မိန်းမချောလေးကို အထင်ကြီးလေးစားနေသည်။ သူမ၏ကျက်သရေရှိသော အလှအပကြောင့် သူလည်း ဆာလောင်သော စိတ်ဆန္ဒဖြစ်
ပေါ်လာသည်။ မိန်းမချောလေးကို ငေးကြည့်ရုံဖြင့် အစာစားချင်စိတ် တိုးမြင့်လာသည်။ ဤအပြုအမူက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသော မျက်စိအစာကျွေးခြင်း အပြုအမူဖြစ်သည်။
အပိုင်း(၁၃)
ပြီးပါပြီ။