ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း(၄)
"ဝင်လာခဲ့လေ" ဝတုတ်တုတ်ယောက်ျားတစ်ယောက်က ထော့ကျိုးထော့ကျိုးဖြင့် အတွင်းဖက်အခန်းမှ ထွက်လာပြီး ကြင်နာစွာ ပြုံးပြသည်။
"မင်းက ယွမ်ကျိုးမလား။ ဘာလို့လာတာလဲ။ ဘာကိစ္စရှိလို့လဲ" ထော့ကျိုးဝတုတ်က သူဌေးဝမ်ဖြစ်သည်။ သူ့ဆိုင်ရှေ့လာရပ်နေသော ယွမ်ကျိုးကို နွေးထွေးစွာ ကြိုဆိုသည်။
"စားသောက်ဆိုင်လုပ်ငန်းကို ပြန်လုပ်ကိုင်ဖို့ တွေးနေတာ။ဒါကြောင့်မလို့ ကျွန်တော်တို့ဆိုင်ရဲ့ ဂက်စ်ပိုက်လိုင်းတွေနဲ့ ရေပိုက်လိုင်းတွေကို လိုက်ကြည့်ပေးပါဦး။ မီးဖို ၂ခုပါတဲ့ အရည်အသွေးကောင်းတဲ့ ဂက်စ်မီးဖိုပြင်ကို တပ်ဆင်ချင်တယ်"
သူဌေးဝမ်က သူ့ကို နွေးထွေးစွာ ကြိုဆို၍ ယွမ်ကျိုးက သွယ်ဝိုက်မနေဘဲ အဓိကအချက်ကို တန်းပြောသည်။
"ဒါဆိုရင် စီးပွားရေးပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ခဏ ဒီမှာစောင့်နေ။ ငါ့ပစ္စည်းတွေ သွားယူလိုက်ဦးမယ်။ ပြီးရင် မင်းရဲ့စားသောက်ဆိုင်ကို သွားမယ်" သူဌေးဝမ်က စိတ်လက်ပေါ့ပါးစွာ နေထိုင်တတ်သူ ဖြစ်သည်။ စကားပြောပြီးနောက် သူဌေးဝမ်က လှည့်ထွက်သွားကာ သူ့ပစ္စည်းများ ယူဆောင်ရန် အတွင်းခန်းဘက်သို့ သွားသည်။ သူဌေးဝမ်က ဖော်ရွေပုံပေါက်သော်လည်း သူအသုံးပြုသော ပစ္စည်းများက အတော်အတန်ဈေးမြင့်နေသည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့စားသောက်ဆိုင်သွားသော လမ်းတစ်လျှောက်လုံး ဈေးဆစ်သွားသည်။ နောက်ဆုံးတွင်မူ ကုန်ကျစရိတ် စုစုပေါင်း ယွမ် ၁၅၀၀ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းငွေတွင် ဂက်စ်ပိုက်လိုင်း၊ရေပိုက်လိုင်းနှင့် မီးဖိုပြင်တို့၏ ကုန်ကျစရိတ်လည်း ပါဝင်သည်။ ဤငွေသည် အနည်းငယ် ဈေးမြင့်သော်လည်း ယွမ်ကျိုးက ကုန်ပစ္စည်းအတွက် တစ်သက်တာ အာမခံကြေးရရှိသည်။ တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာလျှင် သူဌေးဝမ်က အခမဲ့ ပြင်ဆင်ပေးလိမ့်မည်။ ယွမ်ကျိုးက သူလိုချင်သော ငွေသတ်မှတ်နှုန်းကို ရရှိသွား၍ စကားဆက်မပြောတော့ပေ။ ထို့နောက် သူက သူဌေးဝမ်ကို သူ့စားသောက်ဆိုင်ဝင်ပေါက်အထိ ဦးဆောင်ခေါ်သွားသည်။
"ပြန်လာပြီလား ယွမ်ကျိုး။ အမှိုက်ကောက်တဲ့သူ ဒီနေ့ မလာဘူး။ ဪ သူဌေးဝမ်ပဲ" သူဌေးထုံက ယွမ်ကျိုးနှင့် ဖက်တီးဝမ်တို့ သူ့ဆိုင်ဘက် ဖြတ်သွားသောအခါ လှမ်းနှုတ်ဆက်သည်။
"သူဌေးထုံ ခင်ဗျားရဲ့စီးပွားရေးလုပ်ငန်းက အရင်အတိုင်းပဲနော်။ ဖောက်သည်ပေါတယ်" သူဌေးဝမ်က တောက်ပစွာ ပြုံးပြီး စကားလှမ်းပြောသည်။
"ဟုတ်တယ်။ ငါက တော်သင့်ရုံပဲ ပိုက်ဆံတောင်းတော့ စီးပွားရေး အဆင်ပြေတာပေါ့" သူဌေးထုံက သူ့ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ထေ့ငေါ့စွာ ပြောဆိုသည်။ သူဌေးထုံက သူ့ဆိုင် ရေပိုက်ပျက်သွားစဉ်က သူဌေးဝမ်ကို အကူအညီတောင်းဖူးသည်။ သူဌေးဝမ်က ပစ္စည်းကုန်ကျစရိတ်ကို ဈေး၂ဆတင်တကာ တောင်းခဲ့သည်။ ထိုအချိန်မှစ၍ သူဌေးထုံက သူဌေးဝမ်ကို မြင်တိုင်း မထိခလုတ်၊ထိခလုတ် ခနဲ့လေ့ရှိသည်။ ယွမ်ကျိုးက သူဌေးဝမ်ကို စားသောက်ဆိုင်ထဲ ဦးဆောင်ခေါ်သွားခြင်းကို မြင်တွေ့ရသောအခါ သူဌေးဝမ်က စားသောက်ဆိုင်ထဲမှ တစ်စုံတစ်ရာကို ပြင်ဆင်ရင် ရောက်လာမှန်း သူဌေးထုံ သဘောပေါက်လိုက်သည်။
သူမက ဆိုင်မှ လမ်းလျှောက်ထွက်လာပြီး ယွမ်ကျိုးဆီ သွားသည်။ သူဌေးဝမ်ကို ဖျတ်ခနဲကြည့်ကာ ယွမ်ကျိုးကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားကာ မကျေမနပ်လေသံဖြင့် တီးတိုးပြောသည်။
"အဲဒီဖက်တီးဝမ်က အကျင့်မကောင်းဘူး။ ဈေးမတရားတောင်းတယ်။ သူ့ကိုငှားမယ်ဆိုရင် သတိထား!" ယွမ်ကျိုးက သူဌေးထုံကို ကျေးဇူးတင်ဟန် ပြုံးပြပြီး ရှင်းပြလိုက်သည်။
"အဆင်ပြေတယ်။ သူဌေးဝမ်က ကျွမ်းကျင်တယ်"
"လူငယ်လေး။ မင်းက စီးပွားရေးကို နားမလည်ဘူး။ ဒါဆိုလည်း ကောင်းပြီ။ မင်းကိစ္စမင်းဘာသာ ဖြေရှင်းတော့။ ငါနဲ့မဆိုင်တာကို စိတ်မဝင်စားတော့ဘူး" သူဌေးထုံက သူ့အကြံဉာဏ်ကို နားမထောင်၍ မကျေမနပ်ပြောဆိုကာ သူ့ဆိုင်ကို သူ ပြန်သွားသည်။ ယွမ်ကျိုးက သူဌေးထုံ၏ မကျေနပ်မှုကို အာရုံသိပ်မစိုက်ချေ။ သူက ကျောခိုင်းလိုက်ပြီး သူဌေးဝမ်နှင့် စကားပြောသည်။
"ပိုက်လိုင်းတွေ အရင်စစ်ကြမလား"
"ကောင်းပြီလေ"
သူဌေးဝမ်က သူဌေးထုံ၏ ထေ့ငေါ့သော အပြောအဆိုများကို မကြားဟန်ဖြင့် ပြုံးနေသည်။ အကယ်၍ လူတစ်ယောက်က စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်မည်ဆိုလျှင် မျက်နှာပြောင်တိုက်နိုင်ရမည်။ ယွမ်ကျိုးက သူဌေးဝမ်ကို စားသောက်ဆိုင်အနှံ့ လှည့်ပတ်ခေါ်သွားသည်။ သေချာစွာ စစ်ဆေးပြီးနောက် အရေးပါသောပစ္စည်းများ ပြင်ဆင်ရန် မလိုအပ်မှန်း သိသွားသည်။
"မင်းရဲ့အဖေနဲ့အမေက ပစ္စည်းကောင်းတွေ သုံးထားတာပဲ။ ဒီမှာကြည့်လေ။ ဒီပိုက်လိုင်းတွေကို ငါတပ်ပေးထားတာ ကြာပြီ။ မသုံးတာကြာတာတောင် သုံးလို့ ရနေတုန်းပဲ"
သူဌေးဝမ်က သူ့လက်မှုပညာရပ်ကို အတော်ကလေး မော်ကြွားနေသည်။
"ဒါဆို ကောင်းတာပေါ့ အသေးစားပြင်ဆင်မှုပဲ လုပ်ရတော့မှာပေါ့" ယွမ်ကျိုး တစ်စုံတစ်ရာကို ပြောခါနီး သူဌေးထုံက ရိုးရိုးရှင်းရှင်းဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားနှင့် အပြင်ဘက်မှာ စကားပြောနေခြင်းကို လှမ်းမြင်လိုက်သည်။
"အဲဒီလူက သံထည်အစုတ်အပြတ်တွေကို လိုက်စုဆောင်းတဲ့လူလား"
"အဲဒီလူက ဈေးနှုန်း အသင့်အတင့်ပေးတတ်တဲ့ ဆရာလီပဲ။ အဲဒီလူနဲ့ စီးပွားရေးလုပ်ဖို့ အသင့်လျော်ဆုံးပဲ" သူဌေးထုံက မျက်နှာစပ်ဖြီးဖြီး ပုံစံရှိသော သူဌေးဝမ်ကို မကျေလည်၍ သွယ်ဝိုက်သောနည်းလမ်းဖြင့် ထေ့ငေါ့သည်။
"ဒီလိုဆိုရင်တော့ အန်တီထုံကို ကျေးဇူးတင်ရတော့မယ်။ မင်္ဂလာပါ ဆရာလီ။ ဒီမှာ ပစ္စည်းတွေအားလုံးပါ။ တစ်ချက်ကြည့်ပေးပါဦး"
ယွမ်ကျိုးက နွေးထွေးစွာ နှုတ်ဆက်စကား ပြောဆိုသည်။ သူက အန်တီထုံ၏ ထေ့ငေါ့မှုကို အာရုံမထားပေ။
"အစ်ကိုလေး၊ ဒါတွေက တန်ဖိုးသိပ်မကြီးဘူး"
ဆရာလီက အမှိုက်များကို လှန်လှောကြည့်ရှုပြီး စကားပြောသည်။ သူ့အပြုံးက ရိုးသားဖြောင့်မတ်သော မျက်နှာကို ပေါ်လွင်စေသည်။
"ဒါတွေ အားလုံးအတွက် အန်တီထုံကို ကျေးဇူးတင်ရမယ်။ မင်္ဂလာပါ
ဆရာလီ။ ဒီပစ္စည်းတွေကို တစ်ချက်ကြည့်ပေးပါအုံး" ယွမ်ကျိုးက သူတို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်သည်။
"အစ်ကိုလေး ဒါတွေ အားလုံးက တန်ဖိုးမရှိဘူး" ဆရာလီက အမှိုက်တွေကို လှန်လှောကြည့်ရှုပြီး ပြောသည်။ သူက ရိုးသားသောမျက်နှာကို ဖော်ပြဟန်ဖြင့် ပြုံးသည်။
"မဖြစ်နိုင်ပါဘူး။ သေချာပြန်ကြည့်ပါဦး။ ဒါတွေ အားလုံးကို အကောင်းစားသံမဏိတွေနဲ့ ဖန်တီးထားတာလေ။ ဒီဂျုံအိတ်တွေက အခြေအနေကောင်းသေးတယ်။ အသစ်ဈေးနဲ့ရောင်းလို့ မရပေမယ့် အဟောင်းဈေးနဲ့တော့ ရောင်းလို့ရသေးတယ်။ ဒါကြောင့်မို့ ကျုပ်ကို ဈေးကောင်းကောင်းပေးလို့ရပါတယ်" ယွမ်ကျိုးက ကုလားထိုင်နှင့်စားပွဲခုံများကို လှမ်းကောက်ယူကာ စကားပြန်ပြောသည်။
"ဒီသံမဏိတွေက တန်ဖိုးရှိလို့လား။ သေချာကြည့်ပါဦး" ဆရာလီကို အလွယ်တကူ မလှည့်စားနိုင်ပေ။ သူက ကုလားထိုင်ခြေထောက်တစ်ချောင်းကို ချိုးလိုက်ပြီး ယွမ်ကျိုးကို ပြသသည်။
ထို့နောက် ယွမ်ကျိုးက အလယ်တန်းကျောင်းတွင် သင်ကြားခဲ့ရသော ရူပဗေဒဆိုင်ရာအသိပညာများကို ဆရာလီနားလည်အောင် ရှင်းပြပြီး ယွမ် ၃၂၀ တန်ကြေးပေးအောင် သွေးဆောင်နိုင်ခဲ့သည်။
သူဌေးထုံက ယွမ်ကျိုး၏ အရည်အချင်းကို လက်ဖျားခါမိသည်။
မျှော်မှန်းထားသည်ထက် ငွေပိုရခဲ့၍ ယွမ်ကျိုးက စိတ်လက်ပေါ့ပါးစွာဖြင့် သူဌေးဝမ်ကို စကားလှည့်ပြောသည်။ "သူဌေးဝမ်၊ကျွန်တော့်စားသောက်ဆိုင်ကို ခဏကြည့်ပေးပါဦး။ လုပ်ငန်းလိုင်စင်သွားလုပ်လိုက်ဦးမယ်"
" ပြဿနာမရှိဘူး။ သွားစရာရှိတာသွား။ အပြီးသတ်ပြင်ဆင်ဖို့က အချိန်ကြာဦးမယ်" သူဌေးဝမ်က ချက်ချင်း သဘောတူလိုက်သည်။
ယွမ်ကျိုး စားသောက်ဆိုင်မှာ ရှိနေလျှင် ရေပိုက်လိုင်းများနှင့် ဂက်စ်ပိုက်လိုင်းများ ပြင်ဆင်ခြင်းက ရိုးရှင်းလွယ်ကူမှန်း သိသွားလျှင် ပြဿနာထပ်တက်နိုင်သည်။
ယွမ်ကျိုးက ပြင်ဆင်ထားသော စာရွက်စာတမ်းများကို အပေါ်ထပ်သို့တက်ယူပြီး ထွက်ခွာသွားသည်။
ယွမ်ကျိုးက ကာကီရောင်ဘောင်းဘီ၊အဖြူရောင်တီရှပ်နှင့် အားကစားဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူက ဘွဲ့ရခါစ တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့် တူနေသည်။ သူ့မျက်နှာကို သေချာမကြည့်လျှင် အသက် ၃၀အရွယ် အမျိုးသားဟု မထင်ရပေ။
ယွမ်ကျိုး ယခုလို ဝတ်ဆင်ရသည့် အကြောင်းအရင်းရှိသည်။ ဘွဲ့ရခါစ တက္ကသိုလ်ကျောင်းသားများသည် အလုပ်အကိုင်အခွင့်အလမ်း ပိုများသည်။
လုပ်ငန်းလိုင်စင်နှင့် အစားအသောက်မှတ်ပုံတင်ခွင့်ကို လျှောက်ထားရာတွင် ဘွဲ့ရပြီးခါစ တက္ကသိုလ်ကျောင်းသားများသည် ပို၍ လွယ်ကူသည်။ ကျန်းမာရေးဆိုင်ရာ အာမခံချက်ကို စားသောက်ဆိုင်ကြီးတွင် အလုပ်လုပ်စဉ်ကတည်းက လျှောက်ထားပြီးသား ဖြစ်သည်။ ၆လ တစ်ကြိမ် အသစ်လဲရသော်လည်း လက်ရှိပိုင်ဆိုင်ထားသောကတ်ကို လွန်ခဲ့သောတစ်လခန့်က ပြုလုပ်ထား၍ ပြဿနာမရှိပေ။
လမ်းတစ်လျှောက် လှည့်ပတ်သွားလာရင်း ယွမ်ကျိုးက စက်မှုလက်မှုနှင့် စီးပွားရေးဆိုင်ရာ အစိုးရဌာနသို့ သွားရောက်နိုင်သော ဘတ်စ်ကားကို လှမ်းတွေ့လိုက်သည်။ စာရွက်စာတမ်းများကို ရေးသားဖြည့်သွင်းရာတွင် သူ့ဆိုင်၏အမည်ကို မေ့လျော့နေခဲ့သည်။
"ဒေါက် ဒေါက် ဒေါက်"
ယွမ်ကျိုးက သူ့မသိစိတ်၏ လှုံ့ဆော်မှုအရ စားပွဲခုံကို လက်ဖြင့် ခေါက်ပြီး ကွက်လပ်နေရာမှာ "Master Chef Restaurant"ဟု ရေးသားလိုက်သည်။
ထို့နောက် စာရွက်များကို ကောင်တာသို့ တင်လိုက်သည်။ ဝန်ထမ်းက ယွမ်ကျိုး၏ ဘွဲ့လက်မှတ်ကို ကြည့်ပြီး သူ့ပုံပန်းသွင်ပြင်ကို သေချာအကဲခတ်နေသည်။ ထို့ပြင် တရားဝင်အင်တာနက်စာမျက်နှာပေါ်တွင် ယွမ်ကျိုး၏ ဘွဲ့လက်မှတ်နံပါတ်ကို စစ်ဆေးကြည့်သည်။ ထို့နောက် ယွမ်ကျိုး၏ လုပ်ငန်းလိုင်စင်လျှောက်လွှာတွင် အချက်အလက်များကို ဖြည့်သွင်းလိုက်သည်။
ပြည်သူ့ကျန်းမာရေးအစိုးရဌာနသည် စက်မှုလက်မှုနှင့်စီးပွားရေးဆိုင်ရာ အစိုးရဌာနနှင့် ခပ်လှမ်းလှမ်းတွင်ရှိသည်။ ထို့ကြောင့်
နေ့လည်စာမစားခင် ကျန်းမာရေးနှင့်ညီညွတ်သော အသိအမှတ်ပြုလက်မှတ်ကို ရရှိရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင်မူ ယွမ်ကျိုးက သူ့လက်ဝယ်ပိုင်ဆိုင်ထားသော အသိအမှတ်ပြု လိုင်စင်၂ခုကို ကြည့်ပြီး စိတ်လှုပ်ရှားသော ခံစားချက် ဖြစ်ပေါ်နေသည်...
အပိုင်း(၄)
ပြီးပါပြီ။