ခပ်နွေးနွေးနေရောင်ခြည်နှင့်အတူ ပတ်ဝန်းကျင်မှ သဘာဝအသံတို့ဟာ အသိစိတ်ထဲသို့ ခပ်မှန်မှန်စိမ့်ဝင်လာလေသည် ။ ဖွင့်ဟလာသည့် မျက်လုံးတို့နှင့်အတူ နိုးထလာသည့် အသိစိတ်တို့ဟာ အသက်မဲ့နေသလိုပင် ။
ကိုယ့်အတွက်ဖြစ်တည်မလာတဲ့ အရာတွေအတွက် နာကျင်လွန်း၍ အသက်ရှူကြပ်မတက် ငိုခဲ့ရသည့် ဆောင်းညတို့ကို မုန်းသည် ။ ပွေ့ဖက်စရာ တစ်စုံတစ်ယောက်မှ ရှိမနေသည့် အေးချမ်းသည့် ဆောင်းညတွေဟာ သိပ်အထီးကျန်လှသည် ။
အိပ်ယာထက်မှ ထရန်ပြင်ချိန် တစ်ညလုံးငိုထားခဲ့သည့် အရှိန်ကြောင့် ထိုးကိုက်လာသည့် ခေါင်းကိုအသာဖိကာ ပြတင်းပေါက်ဆီသို့ လျှောက်လာလိုက်သည် ။ ကိုယ်စီလှုပ်ရှားသွားလာနေကြသည့် လူအများကို အားကျမိသည် ။ နေ့ရက်တိုင်းကို ဘဝအတွက် ၊ မိသားစုအတွက် ဦးတည်ချက်များနှင့် ဖြတ်သန်းနေကြသည် ။
ကျွန်တော့်ရဲ့ ဦးတည်ချက်ကရော ဘယ်အရာများလဲ ။ ကျောင်းဖွင့်ချိန် ကျောင်းသွား ၊ ကျောင်းပြန်သာရှိပြီး ကျောင်းပိတ်ရက်များတွင် အိမ်ထဲမှာသာ တစ်နေကုန်နေတတ်သည့် ကျွန်တော်ရဲ့ နေ့စဉ်ဘဝတို့ဟာ သာမန်ဖြစ်စဉ်အတိုင်းပါဘိလား ။
" မေ "
အခန်းထဲမှ ထွက်လာတော့ ဆိုဖာတွင်ထိုင်နေသည့် မေ့ကို တွေ့လိုက်ရသည် ။
" ဘယ်ချိန်ကတည်းက ရောက်နေတာလဲ "
မေ့ဘေးမှာဝင်ထိုင်လိုက်ချိန် သောက်လက်စ စီးကရက်ကို ပြာခွက်ထဲသို့ ထိုးချလိုက်သည် ။ ဒါဟာလဲ မေ့အကျင့်သာ ဖြစ်သည် ။
မေသည် ကျွန်တော်အနားမှာ ရှိနေချိန်ဆို ဘယ်တော့မှ စီးကရက်ကိုမသောက်ပေ။ သောက်နေချိန် အနားရောက်လာရင်တောင် အခုလို ချက်ချင်း ငြိမ်းသတ်ပစ်သည် ။
" နေမကောင်းဘူးလား "
" ပျောက်သွားပါပြီ "
မေ့ရဲ့မျက်ခုံးတို့ဟာ စတင်စုကြုံ့လာသည် ။ မေအလိုမကျတော့ဟန်ရသည် ။
" ကျွန်တော်က နေမကောင်းခဏခဏ ဖြစ်တတ်တယ်လေ ။ ဖြစ်လိုက် ၊ပျောက်လိုက် ဆိုတော့ မေ့ကိုမပြောတော့တာပါ "
" နောက်ဆို ဘာဖြစ်ဖြစ်ပြောပါ ။ စိတ်ပူရအောင်မလုပ်နဲ့ "
" မေက ကျွန်တော့်ကို စိတ်ပူတယ်လား "
" မင်းက တို့နဲ့သက်ဆိုင်နေတဲ့သူဘဲ ။ တစ်ခုခုဆို တို့တာဝန်ဘဲဖြစ်မှာလေ "
တိတ်ဆိတ်သွားသည့် အခိုက်အတန့်မှာ ကိုယ်စီအတွေးတို့က စိုးမိုးနေသည် ။
" နောက်လဆို ကျောင်းပြန်တက် ရတော့မှာမလား ။ "
မေ့ရဲ့အမေးကို ခေါင်းညိမ့်ရင်းသာ အဖြေပေးမိသည် ။
" နောက်အပတ်လောက်ထဲ ဆေးရုံသွားရအောင် "
" ကျွန်တော် ဆေးရုံမသွားချင်ဘူး မေ "
" ဘယ်ချိန်ထိ ခေါင်းမာနေအုံးမှာလဲ ။ ဆေးရုံသွားမယ်ဆိုတိုင်း အကြိမ်ကြိမ်ငြင်းနေတာ ။ ဘာလို့လဲ "
" မသိဘူး မေ ။
ကျွန်တော်ဆေးရုံ မသွားဘူး "
" တိမ်လွှာ "
" ကျွန်တော်တို့ ဒီအကြောင်းကို ဆက်မပြောကြရအောင် ။ ကျွန်တော် ပင်ပန်းနေပြီ ။ "
ခေါင်းငုံကာ အသံတို့တိမ်ဝင်သွားသည့် တိမ်လွှာ့ကြောင့် စိတ်တို့လျှော့ချလိုက်သည် ။
" ဒီရက်တွေထဲ အဆင်ပြေရဲ့လား ။ ရင်ဘတ်အောင့်တာတွေ ၊နာတာတွေရော ရှိသေးလား "
" ဘာမှ မဖြစ်ပါဘူး ။
ကျွန်တော် အဆင်ပြေတယ် မေ "
တကယ်ဆို ဒီရက်ပိုင်းတွေမှာ အများကြီး ပင်ပန်းနေခဲ့တာ ။ ရင်ဘတ်ထဲက နာကျင်စွာ အောင့်တက်လာတတ်သည့် ရက်တွေဟာ ဆက်လာခဲ့သည် ။ အသက်ရှူရပ်မတက် မခံမရပ်နိုင်အောင် နာသည့်နေ့တွေလဲရှိသည် ။ ဒါတောင် မေ့ကို အဆင်ပြေပါတယ်ဆိုပြီး လိမ်ညာခဲ့သည် ။ အနည်းဆုံးတော့ ဒီကိစ္စနဲ့ မေ စိတ်မပူရဘူး မဟုတ်လား ။
" မေ.. ကျွန်တော် မနေ့ကပြောတဲ့ အကြောင်းမှတ်မိသေးလား "
ရှောင်လွှဲချင်ပါသော်လည်း ဒီအရာဟာ ရှောင်ပြေးနေလို့မရ ။ ကိုယ်ချစ်ရသူဟာ သူချစ်ရသူအကြောင်းကို ဖွင့်ဟတော့မည် ။ မကြားချင်ပါသော်လည်း နားထောင်ပေရအုံးမည် ။
" ဘယ်ကိစ္စလဲ "
" ကျွန်တော် အစ်မကိုချစ်နေမိပြီဆိုတာ ။
အဲ့တာ မေ့ရဲ့သဘောထားကို ကျွန်တော်သိချင်တယ် "
" တို့သဘောထားက No ဆိုရင် ရှေ့ဆက်မတိုးတော့ဘူးလား "
မေ့ရဲ့မျက်ဝန်းတို့ကိုသာ ခပ်နွမ်းနွမ်းကြည့်နေမိသည် ။ မေ့ရဲ့အဖြေဟာ Noဆိုတာကို သိနေခဲ့သော်လည်း ကြိုးစားချင်မိသေးသည် ။ သို့သော်
" ရှေ့ဆက်မတိုးမှာတော့ မဟုတ်ဘူး ။
ဒါပေမဲ့ မေသာတားရင် ကျွန်တော်ရပ်တန့်မှာပါ ။
ဘာလို့ဆို မဖြစ်နိုင်တော့လို့ ၊ မဖြစ်နိုင်တော့လို့ ကျွန်တော့်ကို တားဆီးမဲ့လူတစ်ယောက် လိုအပ်နေတယ် မေ ၊
ကျွန်တော် မေ့ကိုလိုအပ်တယ် "
မနေ့က အဖြစ်အပျက်တို့ခေါင်းထဲ ဝင်ရောက်လာကာ မျက်ရည်တို့ကို တားဆီးနိုင်စွမ်း မရှိတော့ပေ ။
ရှိုက်ကြီးတငင်ငိုနေသည့် တိမ်လွှာ့ကို ကြည့်ကာ မျက်ရည်တို့ဝဲလာခဲ့သည် ။ နာကျင်စွာ ငိုကြွေးနေသည့် တိမ်လွှာ့ရဲ့ ခေါင်းလေးကို အသာပွတ်ပေးကာ နှစ်သိမ့်ပေးမိသည် ။ ပါးထက်သို့ မျက်ရည်တို့ စီးကျလာတာကြောင့် အလျင်အမြန်ဆွဲသုတ်ကာ ..
" ပျော်စရာတွေ မရှိရင်တောင် မျက်ရည်တော့ မကျပါနဲ့ ။ မင်းရဲ့မျက်ရည်တွေက တို့ကို အရမ်းနာကျင်စေတယ် ။ တို့ကိုနာကျင်အောင် လုပ်နိုင်တာ မင်းတစ်ယောက်ဘဲ ရှိတယ် ။
မင်းကတို့ရဲ့ နာကျင်မှုဘဲ ။ တို့ကို နာကျင်ရအောင် မလုပ်ပါနဲ့ ။ "
တဖြေးဖြေး အငိုတိတ်လာခဲ့ပြီး ရှိုက်သံလေးတွေတော့ တစ်ချက်တစ်ချက် ထွက်ထွက်လာသေးသည် ။ ငိုထားသည့်အရှိန်ကြောင့် မျက်နှာတစ်ခုလုံးနီရဲနေလေသည် ။ ဒီကလေးဟာ မျက်ရည်တွေနှင့် မလိုက်ဖက်စွာ အမြဲပင်မျက်ရည်ဝိုင်းခဲ့ရသည် ။
" မျက်လုံးကို အရမ်းမပွတ်နဲ့ ။ "
မျက်ရည်တို့ကို ခဏခဏသုတ်နေတာကြောင့် လက်တို့ကို ချုပ်ထားရသေးသည် ။ လူကောင်သေးသည့်အပြင် အိမ်ထဲကအိမ်ပြင် မထွက်တာကြောင့် သာမန်ထက် အသားအရည်နုလွန်းသည် ။ နည်းနည်းဆိုတာနဲ့ နေမကောင်းဖြစ်တတ်သည့် ဒီကလေးဟာ နည်းနည်းလေးတောင် အထိခိုက်ခံနိုင်ပေ ။
" ခဏလောက်နားလိုက်အုံး ။ တို့မင်းအတွက် နံနက်စာ လုပ်ပေးမယ် "
ထွက်သွားသည့် မေ့ရဲ့ကျောပြင်ကိုကြည့်ရင်း ရှိုက်သံတို့ ထွက်လာသေးသည် ။ ဖြစ်ချင်တာတွေသာ ဖြစ်ခွင့်ရခဲ့ရင် ၊ ဆန္ဒတွေသာ တစ်ခုလောက်ဖြစ်ဖြစ် ပြည့်ဝခဲ့ရင် အနည်းငယ်တော့ ပျော်ရွှင်ရမည်ထင်သည် ။ အရမ်းပင်ပန်းနေပြီ ဖြစ်လို့ တခဏဖြစ်ဖြစ် ပျော်ရွှင်ခွင့်ရချင်မိသည် ။
တီ!
အိမ်ရှေ့မှ လူခေါ်ဘဲလ်မြည်လာတာကြောင့် တံခါးသွထဖွင့်လိုက်သည်။
" အစ်မ "
အစ်မကို မြင်လိုက်ရတာကြောင့် အနည်းငယ်တော့ အံ့ဩမိသည် ။
" နေမကောင်းဘူးလား တိမ်လွှာ "
" ကျွန်တော်နေကောင်းပါတယ် "
အပြစ်လုပ်ထားသည့် လူတစ်ယောက်လို အစ်မရဲ့အကြည့်တို့ကို ရှောင်ဖယ်နေမိသည် ။ တစ်ညလုံးဆက်တိုက် ဝင်နေသည့် ဖုန်းcallတို့ကို လျစ်လျှူရှုထားခြင်းကို အပြစ်တစ်ခုလို ခံစားနေရသည် ။
" အစ်မညက ဖုန်းခေါ်သေးတယ် မကိုင်လို့ ။
အစ်မ တိမ်လွှာ့ကို ပြောစရာရှိတယ် "
" တိမ်လွှာ နံနက်စာစားရအောင် "
နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် မေ့ရဲ့အသံကြောင့် အစ်မကိုကြည့်လိုက်မိသည် ။ အစ်မရဲ့အကြည့်တို့ဟာ မေ့ဆီသို့ အလုံးစုံ ကျရောက်နေသည် ။
" တိမ်လွှာ "
ပုံမှန်ထက် အသံမာသွားသည့် အစ်မကြောင့် အနည်းငယ်တော့ စိုးရိမ်မိသည် ။
" မေ ကျွန်တော် အစ်မနဲ့ ပြောစရာရှိလို့ "
" အင်း တို့လဲ လမ်းထိပ်က storeဆိုင်မှာ ဝယ်စရာရှိလို့ သွားလိုက်အုံးမယ် ။ အေးဆေး ပြောကြပါ "
မေထွက်သွားတော့ အစ်မကို အိမ်ထဲသို့ ဝင်ခိုင်းလိုက်သည် ။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် အစ်မရဲ့မျက်နှာဟာ ဒေါသထွက်နေသယောင်ပင် ။
" အစ်မ ကျွန်တော့်ကို ပြောစရာရှိတယ် ဆိုတာ ဘာများလဲ "
" တိမ်လွှာ အဲ့မိန်းမနဲ့ ဘယ်လိုပတ်သတ်နေတာလဲ ။ တိမ်လွှာ့အနားမှာ အမြဲတမ်း အဲ့မိန်းမကို တွေ့နေရတယ် "
နှုတ်ဆိတ်နေသည့် တိမ်လွှာ့ကြောင့် အခန်းထဲမှ လေထုဟာ တိတ်ဆိတ်နေသည် ။
" မေက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ ။ "
လိုချင်တဲ့အဖြေကို မရသော်လည်း စိတ်တို့ကိုလျှော့လိုက်သည် ။
" ငိုထားတာလား "
" အစ်မနံနက်စာ စားပြီးပြီလား "
" စကားလမ်းကြောင်းမလွှဲနဲ့ တိမ်လွှာ ။ အစ်မမေးတာကို ဖြေအုံး "
" ကျွန်တော့မျက်ရည်တွေက ခြောက်သွားပြီ "
" ဝမ်းနည်းစရာရှိလို့လား "
အစ်မရဲ့ မျက်ဝန်းတို့ကို စိုက်ကြည့်လိုက်ကာ အစ်မသာမြင်နိုင်ရင် ကျွန်တော် ဘယ်လောက်ဝမ်းနည်းနေလဲဆိုတာ သိကောင်းပါရဲ့ ။
" အစ်မမှာ လက်ထပ်ရမဲ့သူ ရှိလား "
" မရှိပါဘူး "
" ဟိုတစ်ခါ အစ်မမိတ်ဆက်ပေးတဲ့ တစ်ယောက်က "
" အဲ့တာက ငယ်ငယ်ကတည်းက မမလက်ပေါ်ကြီးပြင်းလာတဲ့ မောင်လေးတစ်ယောက်လို ချစ်ရတဲ့သူပါ ။ အဲ့တုန်းက တိမ်လွှာ့ကိုမေ့ဖို့ ကြိုးစားနေရတာကြောင့် ချစ်သူလို့မိတ်ဆက်ပေးမိလိုက်တာ ။ တောင်းပန်ပါတယ် "
" အစ်မအမှားမှ မဟုတ်ဘဲ ။ တောင်းပန်စရာမလိုပါဘူး "
" ဒါဆို အစ်မ ချစ်ရမဲ့သူရော "
" ချစ်ရမဲ့သူတော့ ရှိတယ် "
အစ်မရဲ့ မျက်ဝန်းဆီမှ အကြည့်လွှဲလိုက်သည် ။ တကယ်ဆို ထိုမျက်ဝန်းတွေက သိပ်ကို ဖမ်းစားလွန်းသည် ။
" ဘယ်သူလဲဆိုတာ မမေးတာ့ဘူးလား "
" ဟင့်အင်း ကျွန်တော့်မှာ အဲ့လောက်ထိ သိခွင့်မရှိဘူးထင်တယ် "
" သိခွင့်ရှိရင်ရော "
အစ်မရဲ့မျက်နှာကို ထစ်ဖန်မော့ကြည့်လိုက်သည် ။
" ကျွန်တော် မသိချင်ဘူးအစ်မ ။ "
ကြားလိုက်ရသည့် အဖြေကို စိတ်ထဲဘဝင်မကျပေ ။
" တိမ်လွှာမသိချင်လဲ အစ်မကတော့ တိမ်လွှာ့ကို သိစေချင်တယ် ။ ကြားစေချင်တယ် ။ "
" ကျွန်တော်.. "
" အစ်မ တိမ်လွှာ့ကို ချစ်တယ် "
အစ်မရဲ့ စကားတစ်ခွန်းအောက်တွင် စကားသံတို့ပျောက်ရှကုန်ရသည် ။ အံ့အားသင့်လွန်းသည့်စိတ်ကြောင့် အစ်မရဲ့ စကားသံတို့ဟာ နားထဲထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည် ။
ပျော်လားဆိုရင် ပျော်တယ်လို့ဘဲ ဖြေမိမည် ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုချစ်နေတယ်ဆိုတာ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲ ။
" အစ်မ ကျွန်တော့်ကို ချစ်တာကို ဝမ်းသာပါတယ် "
ဝဲတက်လာသည့် မျက်ရည်တို့ကြောင့် အစ်မဆီမှ အကြည့်လွှဲလိုက်သည် ။ စီးကျလာသည့် မျက်ရည်တို့ကို အသာသုတ်ကာ
" ဒါပေမဲ့ အစ်မ ကျွန်တော့်ကို မချစ်သင့်ဘူး "
" တိမ်လွှာ့ကို မချစ်သင့်ဘူးဆိုတာ အစ်မသိတယ် ။ အစ်မသိလို့ဘဲ အကြိမ်ကြိမ်အခါခါ ကိုယ့်ကိုကိုယ် တားဆီးခဲ့တယ် ။ ဒါပေမဲ့ ချစ်မိသွားတာလေ ။ ကိုယ်ချစ်မိသွားတဲ့လူကို မချစ်သင့်ဘူး ဆိုပြီး ဘယ်လိုအင်အားမျိုးနဲ့ တားဆီးနိုင်မှာလဲ ။ "
ဝမ်းနည်းသံတို့ရောပါနေသည့် အစ်မရဲ့အသံကြောင့် ရင်ထဲကနာကျင်မှုဟာ ပို၍နာလာသယောင် ။
" အစ်မနဲ့ ကျွန်တော့်ကြားမှာ တားဆီးနေတဲ့ အရာတွေရှိတယ် ။ အဲ့တားဆီးထားတဲ့ အရာတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လဲ အပါအဝင်ဘဲ ။ ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှ မနာကျင်စေဘူး ။ ကျွန်တော် ဘယ်သူ့အတွက်မှ အနှောင့်အယှက်မဖြစ်ချင်ဘူး "
" အစ်မကို ကြည့် "
ရှောင်လွှဲနေသည့်အကြည့်တို့သည် အစ်မရဲ့စကားသံအောက်တွင် ရပ်တန့်သွားခဲ့သည် ။ ကျလုဆဲဆဲ အစ်မရဲ့မျက်ဝန်းအိမ်မှ မျက်ရည်တို့ကြောင့် ရင်ထဲမွန်းကြပ်လာသယောင် ။
" တွေ့လား ... အစ်မရဲ့ နာကျင်မှုတွေကို တွေ့ရဲ့လား "
" တောင်းပန်ပါတယ် ။ နာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ် "
" ချစ်မိတဲ့အချိန်လဲ နာကျင်ရသလို မချစ်မိအောင် ကြိုးစားခဲ့ရတုန်းကလဲ နာကျင်ရတာဘဲ ။ တိမ်လွှာနဲ့ပတ်သတ်ရင် အစ်မအမြဲတမ်း နာကျင်နေရတာဘဲ "
" ဒါပေမဲ့ တိမ်လွှာ့အနားမှာဘဲ နေချင်နေမိတယ် ။ တိမ်လွှာနဲ့အတူ ရှိနေချင်မိတယ် ။ "
" ကျွန်တော်နဲ့ ဝေးဝေးမှာနေပေးပါ ။
ကျွန်တော် အစ်မနဲ့အဝေးမှာနေမှ အဆင်ပြေမှာမို့လို့ ကျွန်တော်ရဲ့ အဝေးမှာနေပေးလို့ရမလား "
တောင်းဆိုသံတစ်ခုဟာ ရင်ကိုအစိမ်းလိုက်ခွဲလိုက်သယောင် ။ အနားမှာရှိချင်ပါတယ်ဆိုမှ အဝေးမှာနေခိုင်းသည့် ချစ်ရသူရဲ့ စကားသံဟာ သံရည်ပူထက်ပင် ပူလောင်ရသည် ။ တဆက်တည်း ဒေါသတို့ဟာလဲ လိုက်ပါလာသည် ။
" တကယ်ဘဲ တိမ်လွှာရဲ့ အဝေးမှာနေပေးရင် အဆင်ပြေမှာလား ။ အကြောင်းပြချက်ကရော "
" ကျွန်တော် နာကျင်ရမှာစိုးလို့ ။
ဒီလောက်ဆို အကြောင်းပြချက်လုံလောက်ပြီ ထင်တယ် "
" အင်း ။ အစ်မ စိတ်နာဖို့လဲ လုံလောက်ပြီမို့ တောင်းဆိုတဲ့ အတိုင်းအဝေးမှာ နေပေးပါ့မယ် ။
ချစ်တဲ့အကြောင်းလဲ ဖွင့်ပြောပြီးသလို ၊ အနားမှာနေချင်ကြောင်းလဲ ဖွင့်ဟခဲ့ပြီးပြီ ။ ဒါတောင် တစ်ဖက်က မလိုချင်တော့ အစ်မကိုယ်တိုင်ဘဲ ပြန်ရုတ်သိမ်းသွားလိုက်ပါ့မယ် ။ နှုတ်ဆက်ခဲ့တယ် ။ "
မာနတချို့ကို ရှေ့တန်းတင်ကာ စိတ်မာချင်ယောင်ဆောင်ခဲ့သော်လည်း ဘယ်လောက်ပြိုလဲသွားတယ်ဆိုတာ ကိုယ်တိုင်သာ အသိဆုံးဖြစ်မည် ။ အနားမှာနေချင်ပါတယ် ဆိုကာမှ အဝေးကိုမောင်းထုတ်ခံခဲ့ရတယ် ။ အကြိမ်ကြိမ်ငြင်းပယ်ခံနေရသည့် ချစ်ခြင်းမေတ္တာဟာလဲ သိပ်ဈေးပေါနေခဲ့ပြီ ထင်၏ ။
################