" လှလိုက်တာ ရှန် ရယ် ….. "
"ဟုတ်ပ လှလိုက်တာ! "
"ကြည့်ပါဦး ချစ်စရာလေး…. "
"မျက်လုံးလေးတွေက လည်း ထူးဆန်းလှချည်လား…. "
"ဟုတ်ပ တော် အပြာရောင် ဆန် တယ်နော်…."
"ကလေးမလေးက ချစ်ဖို့ကောင်းလိုက်တာ…. "
ခေတ်မှီဆန်းကြယ် လှပ အောင်ပြုပြင် မွန်းမံထားသော နိုင်ငံခြားဆန်ဆန် ပန်းခြံ ဝန်းကျယ်ကြီး ထဲ တွင် ကျွန်မကို ချီးကျူး နေကြသံ တွေကို ကြားနေရသည်။
ဒါသည် အံ့ဩ စဖွယ် မဟုတ်ပါပေ။
ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်မ ရဲ့ရုပ်ရည် နဲ့ပတ်သတ် ပြီး အခု လို ချီးကျူး ခဲ့ကြ သူ တွေ ကြီး ပဲရှိခဲ့တာကြောင့်ဖြစ်သည်။
ကျေလဲ ကျေနပ် အားရလွန်းမိပါသည်။
ကျွန်မ လို ရွှေပေါ်မြတင် သူဌေးသမီးတစ်ယောက်က ဒီလိုပဲ ချီးကျူးခံရမည် မဟုတ်ပါလား။
ပြီးတော့ ကျွန်မ က မွေးဖွားလာကတည်းက တစ်မူထူးဆန်းတဲ့ အသွင်အပြင် ရှိလေတော့ အခု လိုတွေ ချီးကျူးကြလေလေ ကျွန်မကိုယ်ကျွန်မ ကျေနပ် မိလေလေ ပါပဲ။
ကျွန်းသားစစ်စစ်ဖြင့် ဝိုင်းခတ် ပြုလုပ် ထားသော ကိုယ်လုံး ပေါ်မှန်ကြီး ရှေ့ တွင် နတ်သမီးတစ်မျှ လှပနေသော ကိုယ့်ပုံကိုယ် ပြန်ကြည့်လိုက်မိသည်။
ဆံပင်တွေက သံလွင် ရောင်ထနေပုံမှာ နေဝင်ဆည်းဆာ ၏ မြစ်ပြင်ကျယ်ကြီး ကဲ့သို့ တစ်လက်လက် တောက်ပ လှုပ်ရှားနေသကဲ့သို့။
ပုခုံးပေါ် နို့နှစ်ရောင် ဝတ်စုံလေးက ပြိုးပျက် လင်းလက်နေပုံမှာ လည်း တစ်ကမ္ဘာလုံးမှ ကြယ်ကလေး တွေ ကျွန်မရဲ့ ကိုယ်ပေါ်ကို စုရုံး ရောက်ရှိ နေကြသလို။
ဖြူဖွေးကာ ပုလဲ သဖွယ် ဝင်းလက် အုနှစ်နေသော အသားအရည် က ထို ဝတ်စုံ လေးအားပိုမို ပြိုးပျက် တောက်ပ သွားစေ၏။
သေးသွယ် ကာ ကျစ်လစ်သော ခန္တာကိုယ် အချိုး အဆစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် တောင် ပြန်လည် သဘောကျနေမိသည် ။
နောက်ဆုံးမှာတော့ ကျွန်မ အမြတ်နိုးဆုံးနေရာ။
မေမေ့ရဲ့ တစ်ခုထည်းသော အမွေ အနှစ်။
အပြာရောင် မျက်လုံးများ။ နှာခေါင်းချွန်ချွန်လေး တစ်ခု။
အင်္ဂလန် နိုင်ငံသူ မေမေ သည် အသားညိုညို မွန်ဗမာ ဆန်ဆန် ခန့်ညား ချောမောသော ဖေဖေ နှင့် အိမ်ထောင်ကျကာ သမီးအကြီးဆုံး ဖြစ်သော ကျွန်မ အတွက် ပေးခဲ့သော အမွေ။
ကျွန်မ ရဲ့ ကပြား မျက်နှာလေးအား အဆုံးအစွန်းမရှိအောင် ချောမော လှပနေစေခဲ့သော ထို အမွေများအား ကျွန်မ အလွန်မြတ်နိုးပါသည်။
နှစ်သက်လွန်းမိပါ၏။
"ဟေး … မမ ရှန်….. "
မှန်ထဲ မှကိုယ်ရုပ် သွင်ကိုယ် ကျေနပ် မိလို့ မှမဆုံးခင် ပုခုံးကိုလာဖက်ကာ ခေါ်နေသော ညီမငယ် အနီသွေး ကြောင့် တစ်ဖက်ကိုလှည့်ကာ ပြုံးပြလိုက်သည်။
သူမလဲ ဒီနေ့ တော်တော်ကိုလှနေပါသည်။
လှရမည်လေ၊ သူမကလေးကလည်း ကျွန်မလိုပင် မေမေနဲ့ဖေဖေ့အမွေကို ရထားသူတစ်ယောက်မဟုတ်ပါလား။
ကျွန်မ ထက်နှစ်နှစ်ငယ်သည်ကြောင့်တော့ ပို၍ နုနယ် သလိုခံစားရခြင်း၊ ဖေဖေ့လို
အညိုရောင် မျက်လုံးရှိခြင်းတို့ကသာ ကျွန်မ နှင့် မတူတာဖြစ်ပါသည်။
အလှဂုဏ်ကတော့ ညီအစ်မ နှစ်ယောက်လုံး အတူတူပင်ဖြစ်လေသည်။
ပုံမှန် ဆိုလျှင် မတည့်တတ်သော်လည်း ယခုလိုအချိန် မျိုးတွင် တော့ ညီမ ငယ်လေးသည်လည်း ချစ်စဖွယ် ပါပင် ဟု တွေးလိုက်မိရင်း သူမ၏ လက်ကိုဆွဲကာ အပြင်ကို ထွက်လိုက်တော့သည်။
"ဟေး! ဟေး! "
ကျွန်မ ကို မြင်တော့ အားလုံး တစ်ပျော် တစ်ပါး လက်ခုပ် တွေတီးရင်း အားပေးကြိုဆိုကြသည်။
ရုပ်ရှင် မင်းသမီး မဟုတ်သော်လည်း ယခုလို ကြိုဆိုခြင်းမျိုးက ပါတီပွဲများတွင် ကျွန်မ အတွက်တော့ရိုးနေပေပြီ။
ဒါသည် ကျွန်မ ရဲ့အလှအပ ကြောင့်လဲ ဖြစ်နိုင်သလို ၊" ကြယ်နီ ဟိုတယ် လုပ်ငန်း စု "ရဲ့ ဆက်ခံသူ သမီး အကြီးဆုံး ဖြစ်၍လည်း ဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ သည် ဖေဖေ့ရဲ့ မွေးနေ့ပွဲ။
ဖေဖေ့ အတွက် ကျွန်မတို့ ရဲ့ စံအိမ်ကြီးထဲ တွင် ပြုလုပ်သော အထူး ဂုဏ်ပြု ပါတီပွဲ။
ခမ်းနားလိုက်သည် မှာတော့ ဘယ်ပွဲမှလိုက်မမှီနိုင်လောက်အောင်ပင်။
ကြယ်ရောင်ကဲ့သို့ ဖြူစွတ် လင်းလက် နေသော မီးပုံ လေးများဖြင့် စံအိမ်ကြီးရဲ့ နေရာ တစ်ဝိုက်ကို ပတ်လည် ထွန်းညှိထားသည်။
နဂို ပုံမှန်ဆိုလျှင် စိမ်းမြနေတတ်သော မြက်ခင်းပြင်ကို လည်း Stage ရှိုးပွဲများတွင်သာ တွေ့ရသော မှော်ဆန် လှသည့် အဖြူရောင် အခိုးအငွေ့များထုတ်လွှတ်ပေးထားရာ လာသမျှ လူအားလုံးသည် ကောင်းကင် ဘုံပေါ် ရောက်ရှိနေကြသည့်နှယ်။
ဝိုင်ခွက်များ ဝီစကီခွက်များကိုကိုင်ရင်း အချင်းချင်း စကားပြော လမ်းလျှောက်ကာ စံအိမ်ကိုကြည့်နေကြသူများသည် လည်း အမျိုးမျိုးသော ဝတ်ကောင်းစားလှ များကြောင့် နတ်သမီးနတ်သားများနှယ်တည်း။
ကြွရောက်လာသော လူအပေါင်းကို နားသောတ ဆင်နိုင်ရန် ဖိတ်ခေါ်ထားသော တီးဝိုင်းအဖွဲ့ကလည်း အေးငြိမ့်သာယာသောသံစဥ် များကိုမွေးထုတ်ပေးရင်း ပိုပို ပြီး အထက်တန်းဆန်အောင်ပြုလုပ် ပေးနေသကဲ့သို့ ရှိ၏။
အရာအားလုံးသည် ပြိုးပြ လင်းလက်စွာ။
ခမ်းနားထည်ဝါ ခြင်းတို့ကသာကြီးစိုးလျှက်။
ကျွန်မသည် ထိုသို့သော ပွဲလမ်းသဘင်များကို ပျော်ရွှင်တတ်သူ ဖြစ်သည့် အားလျှော်စွာ အလွန် တစ်ရာ မှ ပျော်ရွှင် နေမိသော်လည်း တစ်ခုခုတော့လိုနေသလို ခံစားနေရပါသည်။
ဒါပေမဲ့အဲ့ဒိ လိုအပ်ချက်ကို ကျွန်မ မုန်းပါ၏။
"ရှန်…. လှတယ် နော်… နတ်သမီးလေးအတိုင်းပဲ"
အသံကြားရုံ နှင့် မည်သူဖြစ်မည် မှန်းသိပါသည်။
ကျွန်မ အပြုံးတု တစ်ခုကိုဆင်မြန်းရင်း ထိုလူကိုလှည့်ကြည့်ကာ နှုတ်ဆတ်လိုက်သည်။
"ခန့်….. "
ကျွန်မ နဲ့ အခုတလော ဘာလိုလို ညာလိုလိုဖြစ်နေသည့်သူ။
သူ့ကို ချစ်လို့လား လို့မေးရင် မဟုတ်ပါ။ ကျွန်မ သည် ကျွန်မကို ကျွန်မပဲချစ်သည်။ သို့သော်လည်း အပျော်သဘော နှင့် တော့ အီစီ ကလီလုပ်ရသည်ကို သဘောကျသည့် အလျှောက်ရုပ်ရည်ချောမော၍ မိဘ ပိုက်ဆံကို ထိုင်ဖြုန်း နေသည့် "ခန့်ကို" ဆိုသူအား မငြင်းလဲ မငြင်း၊ အဖြေလဲ မပေးပဲ ဒီအတိုင်း မချိုမချဥ် လုပ် နေခဲ့သည်။
သူငယ်ချင်းတွေက စနောက်လျှင်လည်း စိတ်ထဲ တွင် သဘောကျသလိုလိုရှိသည်ကြောင့်လည်း ပါပါသည်။
ကျွန်မ "ခန့် " အား ဝီစကီတစ်ခွက်ကို ကမ်းပေးကာ ခွက်ခြင်းတိုက်လိုက်ကြ၏။
"ခန့်လဲ ချောပါတယ်…. အဟင်း….. "
သူ့ကိုချောသည် ပြော၍ လား မသိ။
ခန့် ၏ မျက်နှာ တွင် သိသာလွန်းစွာ အပြုံးတစ်ခုက အကျည်းတန်စွာပေါ်ထွက်လာသည်။
တော်တော် မြောက် တက်သွားလေသလားမသိပါ။
ကျွန်မ ကြိတ်ရယ် လိုက်ရင်း အကြည့်တွေကို စည်ကားနေသော ခြံဝန်းထဲသို့ ပြန်လွှဲလိုက်ပါသည်။
သူ့ကိုရှာရဦးမည် မဟုတ်ပါလား။
နေရာစုံကိုလိုက်ကြည့်နေရင်း အိမ်တခါးမရှေ့ တွင် လူတွေစုရုံးရောက်ရှိ နေပြီဖြစ်သောကြောင့် ဖေဖေ မကြာခင် ထွက်လာတော့မည် မှန်းသိလိုက်၏။
ကျွန်မ အဲ့ဒိ နေရာကို အပြေးအလွှာ သွားလိုက်မိသည်။
ဖေဖေ မထွက်လာခင် လူတစ်ယောက်ထွက်လာလိမ့်မည်။
အဲ့ဒိ လူတစ်ယောက်ကို ကျွန်မ တွေ့ချင်သည်။ မုန်းတီးပေမဲ့ သူ့ကို မမြင်ရရင် လည်း မနေနိုင်သောကြောာင့်၊ တစ်နည်းအားဖြင့် သူ့ကိုအနှောက်အယှက်ပေးလိုလှသောကြောင့် ကျွန်မ "ခန့်" ကိုပင် ဂရု မစိုက်တော့ပဲ ပြေး ထွက်လာလိုက်ပါသည်။
"ခန့်" က တော့ အနောက်မှာ "ဘယ်သွားမလို့လဲ" ဟု အော်ဟစ်ရင်းကျန်ရစ်ခဲ့၏။
ကျွန်မ ဂရုမစိုက်ပါ။ သွားနေသောခြေလှမ်းတွေကိုသာ ပိုမို မြန်စေလိုက်သည်။
အိမ်တံခါးမ အနားသို့ ရောက်စဥ်တွင်
အားလုံးက ကျွန်မကို မြင်တော့ အဖြူရောင်နတ်သမီးလေးဟု ကင်ပွန်းတပ်ကာ ပြုံး၍ လမ်းဖယ်ပေးလိုက်ကြ၏။
ကျွန်မ ကတော့ အိမ်တခါး မ ဆီကိုသာ အားသွန်ခွန်စိုက်နှင့်။
"ဟော!"
ကျွန်မ ရဲ့ မျက်လုံးတွေ လက်ဖြာသွားရသည်။ ရင်ဘတ် က ဆောင့်ခုန်ကာ ခြေဖျားလက်ဖျားတွေပင် အေးစက် လာသလိုလို။
တွေ့ရပါပြီ။
ကျွန်မ တွေ့ချင်သောသူ၊ ကျွန်မ မုန်းတီးသောသူ။
သိပ်မကွာတော့သောအကွာအဝေးတစ်ခုတွင်
ကျွန်မ သူ့အနားသို့ အမြန်ဆုံးလျှောက်နေမိသည်။
သို့သော် တစ်ကယ့်တစ်ကယ် ရောက်ခါနီး ကျတော့လည်း ကျွန်မ ရဲ့ခြေလှမ်းတွေရပ်သွားရပြန်သည်။
ချိတုံချတုံဖြစ်နေမိပြန်ပါသည်။
ဒါဟာဘာကြောင့်များပါလဲ။
ကျွန်မ သူ့ကို ကြောက် နေသည်လား။
အို ဘာလို့ ကြောက်ရမည်လည်း။ သူက ကျွန်မ တို့အိမ်က အစေခံပဲလေ။
ဒါဆိုရင် ဘာဖြစ်လို့လဲ။
သူက အလွန်တစ်ရာကို ချောမော ခန့်ညားနေသောကြောင့်များလား။
အိုရှုပ်တယ်။
ရှန်နီ ဘာတွေတွေးနေတာလဲ။
ကျွန်မကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမလိုက်ရင်း ထိုနေရာသို့သွားလိုက်သည်။
ခဲရောင် အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး ဂုတ်ထောက် နေသော ဆံပင် များကို ဆီဖြင့်အနောက်သို့ တပ်၍ လှန် တင်ထား ကာ ၊ နဂို တည်တံ့သော မျက် နှာကို ပြုံးသယောင်ပြု၍ ဧည့်သည်များနှင့် စကား ပြောနေသော သူရှိရာ နေရာသို့။
"ရှန် … "
"သမီးလေးရှန်…. "
"ရှန်…. "
ကျွန်မကို ခေါ်နေကြသူတို့ ၏ အသံကို ကျွန်မ ကြားတစ်ချက် ၊ မကြားတစ်ချက် နှင့်သာ။
မိန်းမတန်မဲ့ ခန့်ညားချောမောလွန်းသောရုပ်ရည် ၊ ဝါဝင်းသော အသားအရည် နှင့် ပုံ မှန်လေး ပြုံးကာ ဧည့်သည် တွေကို ဖေဖေ့အစား ဖြေပေး နေသော သူ့ကို သာ ကျွန်မ သတိလက်လွတ်ခေါ်လိုက်မိပါသည်။
"ပင်လယ်ပြာ….. "
ကျွန်မကို ရုတ်တရပ် မော်ကြည့်လာသော မျက်ဆံနက်နက် တို့ထဲတွင် မထီမဲ့မြင် ဟန် တွေအပြည့်။ တည်တံ့ခြင်းတွေအပြည့်။
ဒါတွေကိုပဲကျွန်မ မုန်းတာဖြစ်သည်။
ကျွန်မကို ဆိုလျှင် လေးစားမှုမပြတတ်သော၊ ခနဲ့စကားဆိုတတ် သော ထို အချက်တွေကိုပင် အလွန်တစ်ရာ မုန်းတီးတာဖြစ်ပါသည်။
သူသည် ကျွန်မ ကဲ့သို့ မိန်းကလေးတစ်ဦးဖြစ်သော်လည်း မြင့်မားသော အရပ် နှင့် ချောမော ခန့်ညားသော ရုပ်ရည် ကိုပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် ပဲ ကျွန်မ အပေါ်ယခုလို မောက်မာ တာလားမသိရ။
မာမာထန်ထန် နေတတ်လို့ပဲ ယခု လို ရိုင်းစိုင်းနေတာလားလဲ မသိပါ။
ခက်တော့လည်းခက်ပါသည်။
အစေခံတစ်ဦးဖြစ်ပါလျှက် နှင့် ကျွန်မ အားမထီမဲ့မြင် အပြည့် ရှိနေတာတောင် ကျွန်မကလဲ သူ့ရဲ့အရေးပေးမှုကိုပဲလိုချင် မိနေသည်။
ထူးဆန်းလွန်းပါသည်။ကျွန်မလို ကျိကျိတတ် ချမ်းသာသော သူဌေးတစ်ဦး၏ သမီးက ဘာဖြစ်လို့သူ့လို အစေခံတစ်ဦး၏ အရေးပေးခြင်းကို မှ လိုနေရခြင်းပါပေလဲ။
ဒါကြောင့်လဲ သူ့ကိုမုန်းသည်။ ဒါကြောင့်ပဲသူ့ကို အနှောက်အယှက်ပေးချင်တာဖြစ်ပါသည်။
"ပြောပါ ရှန်နီ…. "
အေးတိအေးစက် အသံဖြင့် သူပြန်ထူးသည်။
ကျွန်မ နှုတ်ခမ်းကိုမဲ့လိုက်မိပါသည်။
သူကျွန်မကို ဒီလို ခေါ်တတ်တာ အရင်ကတည်းကပါပင်။" ညီမငယ်အနီသွေး"
ကိုတော့ မမလေး ဟု ခေါ်ပေမဲ့ကျွန်မကို သူထိုသို့ မခေါ်။ ညီမငယ်နှင့်ကျွန်မကဘာများ ကွာခြားလို့ပါလဲ။ ပြောရရင် ကျွန်မကတောင်ပိုပြီး ဒီအိမ်မှာအရေးကြီးလှသည်ပင်။
ဒါကိုသူက အနီသွေးကိုတော့ အလိုလိုက်အကြိုက်ဆောင်ပြီး ၊ကျွန်မကိုတော့ဂရု မစိုက်တတ်ပါ။
ရင်ထဲမှာ မခံချင်စိတ် နှင့် အံကိုဖိကြိတ်ထားလိုက်ရင်း သူနှင့်ကျွန်မကို ကြည့် နေကြသည့် လူအုပ်ကြားထဲမှ သူ့ကိုဆွဲခေါ်လာလိုက်မိသည်။
ပါးစပ်မှလဲ တစ်တွတ်တွတ်ပြောရင်းပေါ့။
"ပင်လယ်ပြာ ဘာလုပ်နေတာလဲ…. ဒီနေ့ တို့အနားမှာ မင်းရှိနေရမှာ မဟုတ်ဘူးလား…. တို့ခိုင်းတာကိုမင်းလုပ်နေရမှာလေ...."
ကျွန်မကို ဆိုလျှင် အမြဲတမ်း မနာခံတတ်သော သူ့ရဲ့ စကားသံတို့က အေးစက်စွာပဲ တုံ့ပြန်လာကြပြန်သည်။
"ငါ က ဒီနေ့ မင်းနားမှာရှိနေရမယ်လို့ ဘယ်သူကပြောနေလို့လဲ …. ငါ့ကို မင်းရဲ့အဖေက အမိန့်ပေးထားတယ် … ဒီနေ့ သူ့အနားမှာပဲ နေရမယ်…. သူလိုအပ်တာကိုပဲလုပ်ပေးရမယ်လို့…. "
"ဒါဆိုရင် ဘာဖြစ်လို့ အနီ့ နားမှာ ကျတော့ နေလဲ…. ပင်လယ်ပြာ…. တို့မကြိုက်ဘူးလို့ပြောထားတယ်နော်…. မင်းကို တို့ ပိုင်တယ်…. တို့ခိုင်းချင်ရာခိုင်းမယ်…. မင်းက တို့ရဲ့ လက်သုံး တောင်ဝှေးဆိုတာပဲမြဲမြဲမှတ်ထားစမ်းပါ…. အနီ နဲ့ အရမ်းနီးနီးကပ်ကပ် မနေစမ်းပါနဲ့... "
ကျွန်မ သူ့ကို ငယ်စဥ်ကတည်းက ပြောနေကြစကားနှင့် သတိပေးတော့ သူက မချိုမချဥ်ပြုံးကာ ကျွန်မကို စိုက်ကြည့်လေသည်။
ကျွန်မသူ့ကိုမုန်းတာ အဲ့တာတွေပါပင်။ အမြဲတမ်း ကျွန်မကို မထီတရီကြည့်ပြီးခံရခက်အောင်လုပ်နေသော ထို အပြုံးတွေကိုအလွန်မုန်းတီးပါသည်။
ဒေါသကြောင့်အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ပင်လယ်ပြာက ကျွန်မ၏ မျက်စိတည့်တည့်ကို စိုက်ကြည့်ရင်း တစ်ခွန်းချင်းပြော၏။
"ရှန် နီ…. ငါ့ကို မင်းတို့တစ်မိသားစု လုံးမပိုင်ဘူး… ဘယ်သူမှလဲ မပိုင်ဘူး....
ငါ့ကိုယ်ငါပဲပိုင်တယ်…. ငါ့အမေပဲပိုင်တယ်.."
"မင်းကို တို့ဖေဖေက ပိုက်ဆံနဲ့ ဝယ်လာခဲ့တာ ၊ ဒါကြောင့် မင်းကို တို့တစ်မိသားစုလုံးပိုင်တယ်…. မင်းကတို့ရဲ့ ငွေဝယ်ကျွန်ပဲ…. မင်းရဲ့အခေါ်အဝေါ်တွေကိုလည်းပြောင်းသင့်တယ် "
"ကျစ်! တော်စမ်းပါ! မင်းရဲ့ အရည် မရ အဖတ် မရ စကားတွေကိုနားထောင်ဖို့ငါ့နားက သိပ် အဆင်မပြေဘူး…. မင်းပြောချင်ရာပြော ငါကတော့ မင်းအဖေဆီသွားရဦးမယ်…. ငါ့ကို မတွေ့ရင် အိမ်ကြီးရှင်ကအပြစ်ဖို့နေမှာပေါ့….. ဟက်…. "
"ပင်လယ်ပြာ မင်း‼ "
"ရှန် နီ ဒီပါတီပွဲထဲမှာ မင်းကိုအရှက်ရအောင်ငါ မလုပ်ချင်ဘူးနော်….
ငါဘယ်လိုလူမျိုးလဲဆိုတာ မင်းသိတယ်.... မင်းဘာလို့ငါ့ကိုလိုက်ကြည့်နေလဲ…. မနက်ဖြန်ကျရင် မင်းတို့"ကြယ်နီ ဟိုတယ် မိသားစု ကြီးရဲ့ နောက်ထပ် ဟိုတယ်" တစ်လုံးဖွင့်ပွဲကိုလဲ ကျိုက်ထီးရိုး တောင်ပေါ်မှာ တက်ပေးရဦးမယ်မဟုတ်ဘူးလား….
ဟက် လှလှပပ ပြင်ပြီး ယောက်ကျားတွေကိုမြူဆွယ်ဖို့ပဲလုပ်စမ်းပါကွာ…. "
"ဟာ! "
ကျွန်မ မျက်လုံးတွေပြာဝေ ထွက်သွားသည်။
ကျွန်မကို ခံနိုင်ရည် ထက်ကျော်လွန်ပြီး ရိလိုက်ပါသော သူ့စကားကိုအလွန်နာကျင်သွားမိပါသည်။
ဂုတ်အထိအောင် ထောက်ကျ နေသော အညိုရောင် ဆံပင် များ ကို လက်ဖြင့် ဂရုမစိုက်ဟန် သပ်တင်ကာ ကျွန်မကို စော်ကားသွားပါသော ပင်လယ်ပြာ့ကိုကြည့်ကာ ကျွန်မ ဘာမှ မမြင်နိုင်တော့ပါ။
"မင်းလို ကျွန် တစ်ယောက်ကများ‼ "
"ဗွမ်း‼ "
"ဟာ‼ "
"ဟင်‼ "
"မင်းဘာလုပ်တာလဲ‼‼ "
"သမီး‼ "
"မမ‼ "
ပါတီပွဲထဲမှ လူ တွေ ပါးစပ်အဟောင်းသားဖြင့် ကျွန်မ တို့နှစ်ဦးသားကိုငေးကြည့်နေကြသလိုဖေဖေ နှင့် ညီမငယ် အနီသွေးပါရောက်လာကာ ကျွန်မ ၏ တုန်ယင်နေသောခန္တာကိုယ်ကို ကိုင်လို့ထားကြပါတော့သည်။
ကျွန်မကတော့အနီရောင် ဝိုင်ခွက်အားလက်တွင် ကိုင်ရင်းသူ့အားကြည့်လျှက်သာ။
ကျွန်မကို ဒေါသ စိတ်ဖြင့်မွှန်ထူကာ နီရဲပြူးကျယ်သော မျက်လုံးအစုံဖြင့် ကြည့်နေသော သူ့အားခပ်မော့မော့ ကြည့်လျှက်သာ။
မကြာသေးမှီ အချိန်ကမှ သူဝတ်ဆင်ထားခဲ့သော ခဲရောင်အနောက်တိုင်း ဝတ်စုံတွင် ကျွန်မ ပက်လိုက်သော ဝိုင်အနီ တွေစွန်းထင်းနေတာကိုပေါ့။
"မင်းဘာလုပ်တာလဲ‼! ရှန်နီ‼! "
မေးဖျားဆီ တွင် ဝိုင်တို့ပေကျံနေကာ ပင်လယ်ပြာ ကျွန်မအနားကိုဒေါသတကြီးနှင့် ပြေးလာ၏။
သို့သော် ဖေဖေက လှမ်း၍ တားလိုက်လေပြီ။
"မမ လေး ရှန်နီကို မင်းက နာမည် တောင်တပ်ခေါ်ရဲတယ်ပေါ့လေ….. ပင်လယ်ပြာ…. မင်းကဘာလဲ… မင်းကိုမင်းသိသလား‼! "
"ဟာ‼!"
"အန်ကယ်လ်!!!!"
"အန်ကယ်လ့် သမီး ကျွန် တော့်ကို ဘာမပြောညာမပြော ဝိုင်နဲ့ပက်တာကြတော့ရော‼ "
"ငါ့သမီးက ဝိုင်နဲ့ပက်တော့ရောဘာဖြစ်လဲ‼ ဒီအိမ်မှာ မင်းကဘာလဲ သူကဘာလဲ…. ဖြေ ဖြေစမ်း ပင်လယ်ပြာ‼ဘာအကြောင်းဖြစ်ဖြစ် မင်းသူ့ကိုသည်းခံရမှာပေါ့!!! "
ပင်လယ်ပြာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကျွန်မကို ကြည့်ကာ အံကိုကြိတ်လို့ထားသည်။
မိန်းမ တန်မဲ့ ယောက်ကျား ဆန်စွာ ချောမော ခန့်ညားနေသော သူ့မျက်နှာထက်က ကျွန်မပက်ထားခဲ့သော ဝိုင်အစက် လေးတွေကိုကြည့်ရင်းကျွန်မ ကတော့ ထူးဆန်းစွာကျေနပ်နေမိပါသည်။
အခုမှ သူကပိုပြီးဆွဲဆောင်မှုရှိသွားသလို ခံစား လိုက်ရ၏။
ကျွန်မ သူ့ကို ခပ်မဲ့မဲ့ပြုံးကြည့်ရင်း အားလုံးကြားထဲမှ ခန့် ရှိနေရာ နေရာဆီသို့ ထွက်လာခဲ့လိုက်တော့ သည်။
သူငယ်ချင်းများနှင့် ခန့်က ကျွန်မရဲ့လက်ကိုဆွဲကိုင်ကာ "ဘာဖြစ်တာလဲရှန် ရယ်" ဟုမေးနေသည့်အချိန် မှာကျွန်မ အကြားအာရုံက ကျန်ခဲ့သော နေရာမှ ထိုစကားတစ်ခွန်းကိုသာ ကြားလိုက်ရလေသည်။
"မင်း မနက်ဖြန် ကျရင် ငါနဲ့ ဟိုတယ် ဖွင့်ပွဲ မတက်ခင် ငါ့သမီးအခန်းထဲ မှာ တွေ့ကြမယ်"တဲ့…..
ကျွန်မ ယောင်ယမ်းကာ ကိုယ့်လက်ကိုယ်ပင် ဖြစ် ညှစ်ဆုပ်ကိုင်လိုက်မိပါသည်။
ပင်လယ်ပြာကိုပြန်ကြည့် မိတော့ သူမ နေရာ မှာ မရှိနေတော့ပဲ အိမ်ထဲကို တစ်လှမ်းခြင်းဝင်သွားတာကိုမြင်လိုက်ရသောကြောင့် စိတ်နှလုံးတွေက လှစ်ဟာရင်းနောက်ကျိသွားခဲ့ရတော့၏။
ဒေါသ အလိုမကျခြင်းတို့က တစ်ရိပ်ရိပ် နှင့် ကျွန်မကို ဝါးမြိုနေကြသယောင်ခံစားလိုက်ရသည်။
ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ....
"တော်ပြီ ငါ စိတ် မပါတော့ဘူး…. ဒီနေ့ည နင်တို့ဘာသာပဲပျော်လိုက်ကြ…. "
"ရှန်‼! ရှန်‼! "
သူမ ဘာကိုမှ မကြားချင်တော့ပါ။
မုန်းတီးစွာနှင့် အရာအားလုံးကိုကျောခိုင်းပြစ်ခဲ့လိုက်ပါသည်။
မီးရောင်စုံ တွေ နှင့်လှပနေသော ခြံဝန်းကျယ်ကိုလည်းကောင်း၊ သူမကို အထူးအဆန်းလို ဝိုင်းကြည့်နေကြသော ဧည့်သည်များ၊ သူငယ်ချင်းများကိုလည်းကောင်း၊ ခန့်ကိုလည်းကောင်း ကျောခိုင်းလျှက်။
************************************
"မင်းရဲ့ အပြစ်ကို မင်းသိသလား‼ "
"ရွှမ်း! ဖြောင်း! "
"အ ‼ "
"မသိဘူး…. "
"ဘာကွ‼ မင်းက ဘာလဲ ! မင်းကဒီအိမ်ရဲ့ဘာလဲ‼ "
"ကျွန်တော်က မိန်းမ တစ်ယောက်…. ကျွန်တော့်အမေ ဒေါ် မွန်မွန် လေး ရဲ့ သမီးတစ်ယောက်! "
"တောက်! ရွှမ်း‼ "
"ပြန်ဖြေစမ်း‼"
"အ ....
ကျွန်တော်က မိန်းမ တစ်ယောက်! ကျွန်တော့်အမေ ဒေါ် မွန်မွန်လေးရဲ့ သမီးတစ်ယောက်! "
"လူလို နားမလည် တဲ့ ကောင်‼"
ကြမ်းပြင် ပေါ်မှာ ဒူးထောက်ကာပင် ကျလျှက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပင်လယ်ပြာ တစ်ဆတ်ဆတ် တုန်နေသည်။
ကျွန်မ မကြည့်ရက်နိုင် တော့။
ဖေဖေ့ရဲ့ ကြာပွတ် ကိုင်ထားသော လက်တွေအား ကျွန်မ ဆက်ပြီးတော့ ခွင့်မပြုနိုင်တော့စွာ အလယ်မှာတင် ရပ်တန့်စေလိုက်ပါသည်။
ဖေဖေ ကျွန်မကို အထူးအဆန်းလိုကြည့် နေ၏။
ကျွန်မ ရဲ့ ကြွေရောင်တောင်ပြောင် နေသော အခန်းထဲတွင် ဒူးထောက်ကာ ကြာပွတ်ရာဖြင့် အသားတစ်ဆတ်ဆတ် တုန် အောင် သွေး များစို့ နေသော ပင်လယ်ပြာကိုကြည့်ရင်း ကျွန်မ သူနှင့်အတူတူ တုန်ယင် လာရသည်။
အဖြူစွတ်စွတ် တီရှပ်လက် တို လေးပေါ်မှ သွေးများကိုမြင်ရသည် မှာ သည်းမခံနိုင်အောင်ဖြစ်ရပါသည်။
ကျွန်မက ဖေဖေ့ကို ဒီလို အပြစ်ပေးစေချင်တာမျိုးမှ မဟုတ်ခဲ့တာ။
"ဖေဖေ ရပ်လိုက်ပါတော့…. သူလဲ သူ့အပြစ်သူ သိလောက်ပါပြီ။ "
ဖေဖေက ကျွန်မ ကို အထူးအဆန်းသတ္တဝါ တစ်ကောင်လို ငုံ့မိုး၍ ကြည့်နေရင်း ပြင်းထန်စွာတက်ကို ခေါက်၏။
ကျွန်မရဲ့လက်ကို ခပ်ကြမ်းကြမ်းဆွဲဖယ်ပြစ်လိုက်ရင်း ကြာပွတ်ကို လွှတ်ချကာ ပင်လယ်ပြာကို အတင်း ဆွဲထစေပါသည်။
"အ"
"မင်းက ဒီအိမ်ရဲ့ကျွန် ပင်လယ်ပြာ….. မင်းကိုငါ ဝယ် လာခဲ့တာ…. မင်းအမေ နဲ့အဖေရဲ့လက်ထဲကနေ ငါဝယ်လာခဲ့တာ…. သူတို့ကလဲ မင်းကိုရောင်းလိုက်ပြီးပြီ….. ဒါကြောင့် မင်းက ဒီအိမ်ရဲ့ ကျွန်ပဲ… ငွေဝယ်ကျွန်ပဲ…."
"ကျွန်တော့်အမေက ကျွန်တော့်ကို ဘယ်တော့မှရောင်းမှာ မဟုတ်ဘူး….. "
ပင်လယ်ပြာက ဖေဖေ့ရဲ့ မျက်ဝန်းတွေကို ရဲတင်းစွာကြည့်ရင်း ပြန်ပြောတော့ ကျွန်မ ထပ်ပြီး ဖေဖေ ဒေါသ ထွက်လာမှာ ဆိုး၍ သူတို့နှစ်ယောက်ကြားကိုဝင်ရပ််လိုက်မိတော့သည်။
မျက်စိစုံမှိတ်ထားလျှက်ပင် ဖေဖေ့ခန္တာကိုယ်ကို ဖက်ကာထိန်းထားရပါသည်။
မဟုတ်လျှင် ပင်လယ်ပြာနေရာမှာပဲအသက် ထွက်သွားပါလိမ့်မည်။
ဒီလို ကျတော့လဲ ကျွန်မ မဖြစ်စေချင်လှပါ။
" ဖေဖေ တော် ... တော်ပါပြီ…..
သူက ငယ်ငယ်ကတည်းက ဒီလို ပဲ မဟုတ်လား…. လူလို မှ နားမလည်တာ…. သူဘယ်လိုပဲငြင်းငြင်း သူက ရှန် တို့ ရဲ့ ကျွန်ပဲ ဟာကို….သူ့လိုလူမျိုးနဲ့ပြောနေရင် အချိန်ပုတ်ပါတယ် ဖေဖေရယ်….. လာပါ ရှန် တို့ ဒီနေ့ ဟိုတယ်ဖွင့်ပွဲ သွားရဦးမယ် လေ….. နော် နော် ဖေဖေ နော်..."
" တောက်! မင်းကြပ်ကြပ်သတိထား ပင်လယ်ပြာ! ပြီးတော့ ရေသာခိုပြီး အနာကိုဆေးထည့်မယ်၊ နားမယ် မကြံနဲ့…. ငါ့နောက်က နေ ဖွင့်ပွဲ မှာလုပ်စရာရှိတာလုပ်ဖို့ လိုက်ခဲ့စမ်း….. "
ဖေဖေ ကြာပွတ်ကို ကြမ်းပြင်ပေါ် တွင်ပြစ်ချကာ ဒေါသ တကြီး ထွက်သွားလေသည်။
ကျွန်မ ကတော့အနောက်မှာ နှုတ်ခမ်းများ ဖြူဖပ်ဖြူရော်ဖြင့် ယိုင်တိယိုင်တိုင် ကျန်ခဲ့သောပင်လယ်ပြာ့ကို သွားတွဲလိုက်မိပါသည်။
သူ ကျွန်မကို တွန်းထုတ်၏။
သေလုမြောပါး အရိုက်ခံထားရသူသည် ဒီလောက်အားရှိပါသတဲ့လား။
အံ့ဩ နေမိပါသည်။
ကျွန်မ အနောက်ကို တော်တော် ယိုင်သွားရတာကြောင့်ပင်။
"ရှန် နီ ….. မင်းငါ့အသားကို မထိ တာ ကောင်းလိမ့်မယ်…. "
သူမ ရဲ့ အသံ တွေ ဒေါသတကြီးထွက်ပေါ်လာတော့ ကျွန်မ မခံချင်စိတ် တွေ ဖြစ်လာရသော်လည်း စိတ်ကိုဖြေလျှော့လိုက်ရသည်။
ယခု အချိန် တွင် သူမသည် ဒဏ်ရာတအားရကာ ယိုင်နဲ့နဲ့ ဖြစ်နေတာကြောင့်ပါပင်။
"ကျစ် .... မင်းတော်တော့ပင်လယ်ပြာ…. မင်းဘာဖြစ်လို့ တို့ကို အကြောင်းပြချက် မရှိ မုန်းတီးနေရတာလဲ…. မင်းကို တို့ အခုကူညီပေးဖို့လာတာနော်…. မင်းလိုကျွန် တစ်ယောက်ရဲ့အသားကို တို့ ထိကိုင် ပေးတယ်ဆိုတာက…."
" တော်စမ်းပါ‼! မင်းပါးစပ်က နေ ငါ့ကိုကျွန်လို့ မပြော နဲ့!မင်းတို့ကရော ဘယ်လောက်မြင့်မြတ်နေလို့လဲ‼ "
"ပင်လယ်ပြာ‼ "
" မင်းကြောင့် ငါ ဒီကို စရောက်လို့ မျက်လုံးနှစ်လုံးပွင့်ကတည်းက ဒဏ်ရာ ဒဏ်ချက် တွေပဲရခဲ့တာ‼ မင်းရဲ့ ကျွန် ဆိုတဲ့စကားက ငါ့ရဲ့ နုနယ် တဲ့နှလုံးသားထဲကို သံမှိုတွေရိုက်သွင်းသလို နာကျင်ခဲ့ရတာ‼ မင်းတို့မိသားစုက ငါ့ကို ပေးအပ်ခဲ့တာ အပေါ်ယံအရေပြားမှာရော နှလုံးသားထဲမှာရော ဒဏ်ရာဒဏ်ချက်တွေချည်းပဲ‼ "
" ဟာ ! အဲ့တာ မင်း ဘာဖြစ်လို့ အချိုးမပြေ လုပ်လဲ‼‼ အထူးသဖြင့် မင်း က "တို့" ကို ဘယ်တော့ မှ အရှင်သခင်လို မဆက်ဆံခဲ့ဘူးလေ‼ "
" ဘာဖြစ်လို့ဆက်ဆံရမှာလဲ‼ ရှန်နီ ငါအမုန်းဆုံးက မင်းတို့ ပါးစပ်က နေထွက်လာတဲ့အဲ့ဒိ လိုစကားတွေပဲ….. လူပဲ ‼ ငါလဲလူတစ်ယောက်ပဲ‼!
မင်းလဲ လူတစ်ယောက်ပါပဲ‼! မင်းတို့အိမ်သားတွေအကုန်လုံးလဲလူတွေပါပဲ‼! "
" လူလူ ချင်းကို ဘာလို့ သခင် တွေ ကျွန်တွေလုပ်နေကြလဲ‼ မင်းတို့က ပိုက်ဆံရှိလို့ ငါတို့ကို ဝယ်တယ် ဆိုရင် တောင် ငါတို့က မင်းတို့ကို ငါတို့ခွန်အားနဲ့ပြန်အကျိုးပြုပေးနေကြရတဲ့ လူတွေပဲ‼!
ဘာဖြစ်လို့ အချိန်ပြည့် ကျွန်ဆိုတဲ့ စကားကို မင်းလို လှပနုနယ် တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပါးစပ်က….
ဘယ်လိုဖြစ်လို့ မင်းရဲ့ ပါးစပ်က… "
"ဟင်!"
ကျွန်မ အကြောင်သားဖြင့် ပင်လယ်ပြာကို ငေးကြည့်မိ သွားသည်။
စိတ်တိုဖို့ပင် သတိ မရတော့။
ပင်လယ်ပြာ အခု ငိုနေခြင်းပေလား။ မျက်ရည် တွေကျရင်း ကျွန်မ ကို ဒေါသတကြီး အော်ဟစ်ကာ ငိုနေခြင်းပေလော။
ပင်လယ်ပြာ့၏ မျက်ရည် တို့ ကို ကျွန်မ မမြင်ဘူးခဲ့။ မတွေ့ဘူးခဲ့ပါ။
သူ့ကို ကျွန်မ ဟာ အသည်းနှလုံးမရှိသူ၊ အချိန် ရှိသရွေ့ အေးစက် နေသူ တစ်ယောက်လို့ပဲထင်ထားခဲ့တာ မဟုတ်ပါလား။
ယခုတော့သူကငိုတတ်သတဲ့လား။
ပင်လယ်ပြာက ငိုတတ်သတဲ့လားလေ။
" အို"
ရင်ဘတ် တွေ နင့်ကနဲ ဖြစ်သွားရသည်။
ကျွန်မ ဘာစကားမှ မဆို တော့ပါပဲသူမကိုသာ တွဲရန် ပြင်တော့ အရင်တစ်ခေါက်လိုပင် ကျွန်မ ကိုတွန်းထုတ်၏။
" မင်းဖယ် ရှန် နီ….. မြဲမြဲမှတ်ထားလိုက်…. သူတစ်ပါးဆီက အယူချည်းသက်သက် နဲ့တော့ ပြန်လည် ပေးဆပ်မှုကိုမလိုချင်လေနဲ့….. ငါဟာ ငါ့အမေ ရဲ့ သမီး တစ်ယောက်ပဲ….. မင်းတို့ရဲ့ "ကျွန်" မဟုတ် ဘူးပဲ.... "
ကျွန်မ သည် သူ့ရဲ့ ယိုင်နဲ့နဲ့ ခန္တာကိုယ် နှင့်မလိုက်ဖက်စွာသော သန်မာသည့် လက် တွေကြားမှာတွန်းဖယ်ခြင်းကိုခံလိုက်ရပြန်သည်။
ကျွန််မ ချက်ချင်းပြန် မထနိုင်သော အချိန် တွင် အဖြူစွတ်စွတ် တီရှပ် ဝတ်ဆင်ထားသော ကျောပြင်ကျယ်ကျယ်ပေါ်မှာ အပေါ်ထပ် အဖြူရောင်အင်္ကျီလေးကို ဖြစ်သလို တင်၍ ကျွန်မ ကို ကျောခိုင်းထွက်ခွာ သွားသော သူ့ကို ကြည့်ကာ ပထမဆုံးအကြိမ် အဖြစ် ထူးဆန်းစွာ ကျွန်မ ဒေါသ မထွက်ခဲ့ပါ။
သို့သော် ခံတော့ခံပြင်းမိပါ၏။
တစ်ခါတစ်လေ တော့လည်း တွေးမိရသည်။
သူနှင့်ကျွန်မ သည်ဘယ်အချိန်မှပြေလည်မှာပါလဲ။
ကျွန်မ ကရော သူ့ရဲ့အရေးတယူပြုမှုကိုအဘယ့်ကြောင့် လိုလားမက်မောနေရပါသလဲ။
သူကျွန်မကို ဘယ်အချိန် မှ မမလေးဟုခေါ်ပြီး တစ်ရိုတစ်သေ အလေးပေးဆက်ဆံမှာပါလဲ။
ဘယ်တော့ မှ မဖြစ်နိုင်တော့ဘူးလား။
တစ်ကယ်ဆိုလျှင် သူကျွန်မကို ဒီအချိန် မှာတော့ ကျေးဇူး တင်စွာနှင့် အလေးအနက်ဆက်ဆံ ဖို့ကောင်းပါသည်။
ကျွန်မ သာမကယ်လျှင် ဖေဖေ့လက်ချက် နှင့် သူသေနိုင်လောက်သည်။
ငယ်စဥ်ကတည်းက ဖေဖေသူ့ကိုရိုက်နေချိန်တိုင်းကျွန်မသာ ဝင်မတားခဲ့ရင်၊ ကျွန်မဆိုတဲ့ရှန်နီသာဝင်မတားခဲ့ပါရင် သူသေနေလောက်ပါပြီ။
အနီသွေးကတောင် အဲ့ဒိလို တားခဲ့ဘူးတာ မဟုတ်ပါ။
ဒါတောင်ကျွန်မကို ကျေးဇူးမတင်နိုင်ဘူးတဲ့လား။
ဒါတောင်မှ ကျွန်မကို သူဟာ မထီမဲ့မြင်ဆက်ဆံတုန်းပါတဲ့လား။
စိတ် တွေနောက်ကျိ ညစ်ညူးစွာနှင့်ပင် အပေါ်ထပ်ကုတ်အင်္ကျီ အဖြူရောင်လေးအား လှမ်းယူကာ အိမ်ရှေ့ကိုထွက်လာခဲ့ပါတော့သည်။
အရှေ့မှာ ဖေဖေ၊ အနီ သွေးနှင့် ကျွန်မ ကို အကြောင်းအရင်းမဲ့စွာ မုန်းတီးနေသော ပင်လယ်ပြာက ရပ်စောင့်နေကြသည်ကိုမြင်ရ၏။
တစ်ချက်တော့စိတ်ထဲတွင် မကောင်း ဖြစ်သွားရပါသည်။
အကြောင်းမှာ ဖေဖေ ရော အနီသွေးရော ကျွန်မ ပါ အတောက်ပြောင်ဆုံး အလှပဆုံးတွေ ဝတ်ဆင်ထားကြပါသော်လည်း ပင်လယ်ပြာကတော့ရိုးရိုး တီရှပ်အဖြူရောင်လေးနှင့် ဂျင်းဘောင်းဘီနှင့်သာဖြစ်လေသည်။
သူ့မှာသွေးတွေစွန်းနေတာကိုတောင် ဖေဖေ့အမိန့်ကြောင့် မလဲထားပါ။
နဂို ချောမော သော သူမသည် ယခုလိုအချိန် မျိုးတွင် မနေ့ညကလို Suit ကောင်းကောင်းတစ်ထည် နှင့် အနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်ခွင့်ရပါလျှင်မည်မျှအထိ ခန့်ညားပါမည်နည်း။
တည်တင်းသော မျက်နှာဖြင့် မည်မျှအထိ ဆွဲဆောင်မှုရှိပါမည်နည်း။
သက်ပြင်းကိုရှိုက်မိစဥ်မှာပင် ဖေဖေက ပင်လယ်ပြာထံသို့ ကားသော့ကို ပြစ်ပေးလိုက်၏။
"သေသေချာချာမောင်းစမ်း တစ်ချက်တောင်မယိုင်သွားစေနဲ့…. "
ပင်လယ်ပြာ နှုတ်ခမ်းကိုမဲ့၍ ခေါင်းညိမ့်ကာ ကားပေါ်ကိုတက်သွားပါတော့သည်။
သူမဝတ်ထားသော အဖြူရောင်တီရှပ် လေးပေါ် တွင် အရိုက်ခံထားရ၍ သွေးစသွေးန တို့ အနည်းငယ် စွန်းထင်နေတာကို မြင်နေရ၏။
နေရောင်ခြည် အောက် တွင် ဝါဝင်းသော အသား အရည် ပေါ်မှ အကြောစိမ်းများနှင့် ဒဏ်ရာဒဏ်ချက် သွေးစ တို့ မှာ မလိုက်ဖက်စွာတည်ရှိနေကြ ပေသည်။
ဂုတ်ပေါ်ဝဲကျေနသော အညိုရောင်ဆံပင် များ ပေါ် တွင် လည်း ချွေးစေးများကို မြင်တွေ့နေရပါသည်။
"သမီးရှန် လေး တက်လေ…. သမီးငယ် အနီလေးတောင်တက်သွာပြီ…."
ဖေဖေ ပြောမှပင် ကျွန်မ သူ့ကိုသတိလက်လွတ်ငေးကြည့် နေမိသည်ကို အာရုံလွှဲလိုက်ရသည်။
ညီမငယ် အနီသွေးကတော့ ဘာမပြောညာမပြောနဲ့ မောင်းသူ၏ ဘေးထိုင်ခုံ ၊ ပင်လယ်ပြာ၏ ဘေးသို့ ရောက်သွား၏။
ထိုနေရာသည်ဖေဖေ့အတွက်မဟုတ်ပါလား။ ထို့အပြင် ပင်လယ်ပြာ၏ ဘေးကို သူမက ဘာဖြစ်လို့ အတင်းကပ် ထိုင်နေရတာပါလဲ။
ပင်လယ်ပြာကလဲ သူမကိုကြည့်ကာပြုံးပြ နေ၏။ အနီသွေးက ဖေဖေ့ဘက်ကို လှည့်၍ ချွဲပြစ်စွာ ပြောလာသည်။ ကျွန်မ စိတ်ထဲတွင်ပူကနဲ ဖြစ်သွားရပါသည်။
"ဖေဖေ သမီး ဒီမှာထိုင် ချင်တယ်…. ရလား…. "
" အဲ့တာဖေဖေ ထိုင်ဖို့လေ သမီးရယ်…. သမီးက မမနဲ့တူတူ လာထိုင်လေကွာ…. "
"ဟင့်အင်း မရပါဘူး…. သမီးက ပင်လယ် နဲ့ထိုင်ချင်တာ …. နော် ပင်လယ် …… "
"သမီးငယ်…. "
" ဖေဖေကလည်း သမီးကိုမဆူပါနဲ့…. ဖေဖေ က ပင်လယ့်ကိုလဲရိုက်ထားသေးတယ်…
မမကလဲ ပင်လယ့်ကိုညက အနိုင်ကျင့်ထားသေးတာ....
သမီးပင်လယ့်ကို စိတ်ပူတယ် ဖေဖေ…. "
ကျွန်မ သည်းမခံနိုင်စွာ၊ ဒေါသထွက်စွာ ပင် အနီသွေးကို ကြည့်လျှက် အော်လိုက်မိတော့သည်။
ကိုယ့်ကိုယ်ကိုယ် တောင် သတိ မချပ် နိုင်တော့ပါ။
"အနီသွေး‼ နင် အခု အနောက်ကိုပြန်လာခဲ့….. အဲ့တာဖေဖေ ထိုင်တဲ့နေရာ…. "
"အောင်မယ်…. မမ နင်က ဘာဖြစ်တာလဲ…. ပင်လယ်က နင့်ကြောင့်အရိုက်ခံထားရတာ…. ငါပဲဖြစ်ဖြစ် ပင်လယ့်ကိုကြည့်ပေးရမှာပေါ့…. သနားပါတယ်…. ငါပင်လယ့်အနားမှာပဲထိုင်ချင်တယ်.... ပင်လယ့်နားမှာပဲ နေချင်တယ်.... "
ပြောပြောဆိုဆိုပင် အနီသွေးရဲ့လက်နုနု လေးများက ပင်လယ်ပြာ့ရဲ့ ဆံပင်အညိုတွေဆီကို လှမ်းတက်သွားရင်းဆုပ်ကိုင်ပွတ်သပ် နေ၏။
မသိလျှင် သမီးရည်းစားစုံတွဲတွေ ကြားမှာလို တစ်ဦးကိုတစ်ဦးကကြင်နာစွာ ဖေးမပေးနေသည့်အလားပင်။
ဖေဖေက ဘာမှ မပြောလိုတော့သည့်အလားကျွန်မဘေးတွင်ပင်ဝင်ထိုင်လိုက်သည်။
ပင်လယ်ပြာသည် အနီသွေးကိုကြည့်ကာ ပြုံးပြနေသည်ကို မှန်ထဲမှလှမ်းကာ မြင်နေရပါသည်။ ကျွန်မ နဲ့တုန်းကလိုမျိုး အနီသွေးရဲ့ လက်တွေကိုမဖယ်ရှားပြစ်ပါ။
သို့သော် အပြုံးတွေကတော့ ကျွန်မကိုပြုံးပြ ဘူးတာတွေနှင့် မတူလှ။
ဆန့်ကျင်ဘက်ပါပင်။
ကျွန်မရင်တွေပူလာရသည်။
ပင်လယ် ပြာက ဘာဖြစ်လို့ ဒီလိုမျိုးအနီသွေးကိုပြုံးပြရတာပါလဲ။ ကျွန်မ နဲ့ဆိုလျှင် တစ်ခါမှ မပြုံးခဲ့ဘူးဘူးမဟုတ်ပါလား။
ကျွန်မ သည်းမခံနိုင်တော့ပါ။ ဒေါသ ထွက်လာရသည်။ ခံပြင်းလာရပါသည်။
အနီသွေး၏ လက်ကိုအနောက်မှပင်အတင်းလှမ်းကိုင်ပြစ်လိုက်တော့ အနီသွေးရောပင်လယ်ပြာရော အထူးအဆန်းလိုကျွန်မကိုကြည့်လာကြ၏။
"ကျွန်တစ်ယောက်ရဲ့ ခေါင်းကို နင်အဲ့ဒိလို ကိုင်စရာမလိုဘူး….. အနီသွေး နင့်လက်ကိုပြန်ချထားလိုက်…. "
မျက်မုန်းကျိုး ကာ အံ့ကြိတ်ထားသောအကြည့်တွေ သူ့ထံမှ ကျွန်မထံကိုဒိုင်းကနဲ ရောက်လာကြပါသည်။
ကျွန်မ ဂရုမစိုက်ပါ။ အနီသွေး၏ လက်တွေရပ်တန့် သွားလျှင် တော်လောက်ပါပြီ။
"မောင်းတော့ ပင်လယ်ပြာ….. "
ဖေဖေ့က ကျွန်မ တို့ညီအစ်မနှစ်ယောက် ရန်ဆက်ဖြစ် မည်ဆိုး၍ အမိန့် ကိုမြန်မြန်ပေးသည်။
ပင်လယ်ပြာက ကားကို တစ်ဟုန်ထိုး မောင်းထွက်လိုက်တော့၏။
နောက်ကြည့် မှန်မှတစ်ဆင့် မြင်
နေရသော သူမရဲ့မျက်ဝန်းတွေသည် နီရဲကာ တစ်စုံတစ်ခုကို အသည်းအသန် နာကျင် နေမှန်းကျွန်မ ရိပ်မိနေပါသည်။
စိတ်တော့မကောင်းပါ။
သို့ပါသော်လည်း ကျွန်မ ကတော့ ကိုယ့် လုပ်ရပ်ကို ကျေနပ် လိုက်၏။
အနီသွေးက ပင်လယ်ပြာ၏ ဦးခေါင်းပေါ်သို့လက်ကိုလှမ်းမတင်တော့ဘူးမဟုတ်ပါလား။
ပင်လယ်ပြာကလည်း ကားမောင်းနေပေပြီ။
မောပန်းလွန်းစွာ နောက်ကျောကို ကားcushion တွင် မှီလျှက်အပြင်ဘက်ရှုခင်းကိုငေးမောလာခဲ့လိုက်ပါသည်။
ကျွန်မ အတွေးပေါင်းမြောက်မြားစွာဖြင့်
ကိုယ့်ကိုယ်ကိုယ်ပင်ပန်းရအောင်မလုပ်ချင်ပါ။
အထူးသဖြင့် ပင်လယ်ပြာကို မကြည့်နေချင်ပါ။ ပင်လယ်ပြာကြောင့် မပင်ပန်းချင်ပါ။
သူကျွန်မကိုဘယ်လိုတွေးမလဲဆိုတာကိုလဲ မစဥ်းစားချင်တော့ပါ။
စိမ်းစိုသော တောင်တန်းများသည် ကျွန်မရဲ့အာရုံကိုလန်းဆန်းစေသည်။
လမ်းဘေးတစ်ဖက်တစ်ချက် ရှိ ဆိုင်ခန်းလေးများနှင့် အိမ်ကလေးများမှာကျွန်မကိုပျော်ရွှင်စေပါသည်။
သဘာဝ တရားကြီးက ကျွန်မရဲ့အလို မကျ ဖြစ် နေသော စိတ်တို့ ကိုကုစားဖို့အကောင်းဆုံးအဖော်ဖြစ်ပေသည်။
ကျွန်မသူတို့ဆီကိုပဲအာရုံတို့ကိုလွှဲထားလိုက်တော့သည်။
မကြာခင် ကျွန်မ တို့ ကျိုက်ထီးရိုးတောင်ကြီးပေါ်သို့ တက်ကြရတော့မည်။
ကျွန်မ တို့မိသားစုသည် ကျိုက်ထီးရိုးဟိုတယ် ဟု အမည်တွင်သော ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဒုတိယမြောက်ဟိုတယ်ကြီးအားဖွင့်လှစ်ရန် သွားနေကြခြင်းဖြစ်ပါသည်။
ဒါသည် ဖေဖေ့ရဲ့ လုပ်ငန်းပါပင်။
ဖေဖေက မြန်မာပြည်အနှံ့ ဟိုတယ် ဖွင့်ကာ ကျွန်မ နှင့် အနီသွေးအား တစ်ချက်မျက်နှာမငယ်ရအောင် ကျွေးမွေးပြုစု ထားခြင်းဖြစ်ပေ၏။
ဖေဖေ့ရဲ့ မြန်မာ ပြည်အနှံ့က ဟိုတယ် တွေ ထဲမှာ ကျွန်မ ကတော့ ဒီကျိုက်ထီးရိုးတောင်တန်းကြီးပေါ်က ဟိုတယ် တွေ ကိုပဲသဘောကျပါသည်။
ငယ်ငယ်ကတည်းက ကျွန်မ က ဒီ မွန်ပြည် နယ် ကျိုက်ထိုမြို့တွင်မွေးဖွားခဲ့ခြင်းကြောင့်လား မဆိုနိုင်။
ကျွန်မ ကျိုက်ထီးရိုးတောင်တန်းကြီးကိုချစ်သည်။
ကျိုက်ထီးရိုးဘုရားကြီးကိုလဲ ကြည်ညိုလွန်းလှသည်။ မွန်လူမျိုးတွေကိုလဲသဘောကျပါသည်။
တောင်ပေါ်မရောက်ခင် တောင်တက် ကားနှင့် တက်ရသည်ကိုလည်း သဘောကျ၏။
တောင်ပေါ်ရောက်လျှင်လည်း တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရသော အစိမ်းရင့်ရောင် တောအုပ်ကြီးများ တောင်တန်းကြီးများကိုလည်းသဘောကျလှပါသည်။
ကျိုက်ထီးရိုးတောင်တန်းကြီးသည် ကျွန်မအတွက်တော့ ဘူမိနက်သန် နေရာအမှန် ဖြစ်သော အိမ်လို့ပင်ခံစားရ၏။
ထိုနေရာကိုရောက်စဥ်တွင်လည်း ကျွန်မ ရဲ့အတွေးတွေသည် ငယ်စဥ်ဘဝကိုပြန် ရောက်သွားရသလိုခံစားရ၏။
မကြာခင်မှာပဲ ကျွန်မကိုယ်တိုင်ဦးစီးခွင့်ရမည့်ကျိုက်ထီးရိုး ဟိုတယ်ကြီး ဆီသို့သွားရန်၊ ရသေ့ဦးခေါင်းနှင့်တူညီသောရွှေရောင်ဝင်းဝင်းကျိုက်ထီးရိုးဘုရားကြီးအား ဖူးမြော်ရန် တောင်တက် ကားဂိတ်ဆီသို့ ရောက်ရတော့ပေမည်။
ကားမှန်တစ်ချပ်ကိုဖွင့်လိုက် မိတော့ အေးမြလတ်ဆတ်၍ တောင်ခိုးတောင်နံ့သင်းနေသော လေပြေအေး က ကျွန်မ ရဲ့ မျက်နှာအနှံ့ကိုလာရောက်တိုးဝှေ့သွား၏။
သံလွင်ရောင် ဆံနွယ် တွေ ကျောပြင်ပေါ်သို့ဝဲကြကုန်သည်။
လေထဲတွင်လွင့်မြောနေကြကုန်၏။
တောင်ရနံ့၊ တောင်ဆိတ်ဆီ တို့၏ ရနံ့ ၊ နံ့သာ ရနံ့ လေးတို့ကို အဆုတ်ထဲအထိ တစ်ဝထဲရှူသွင်းလိုက် ရင်း ဘာရယ်မဟုတ် မနေနိုင်စွာ ထိုသူ့ကိုကြည့်လိုက်မိပြန်၏။
တိုက်ဆိုင်တာပဲလားတော့ မသိပါ။ သူကားမောင်းနေရင်းကျွန်မကို နောက်ကြည့်မှန်မှတစ်ဆင့် ကြည့် နေသည်ကို ကျွန်မမြင်လိုက်ရပါသည်။
သဘောကျစွာတော့ မဟုတ်ပါ။ ဒေါသထွက်နေသောအကြည့် များဖြင့် ဖြစ်လေသည်။
************************************
明
SunMoon
ဒီဇာတ်လမ်းကိုစဥ်းစားရတာ ကျွန်တော့်အတွက်အရမ်း challenging ဖြစ်ပါတယ်ခင်ဗျာ ။
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရေးခဲ့ဘူးတဲ့ ကျွန်တော့်အသက်နှစ်ပုဒ်လိုမဟုတ်ပဲ သူက တစ်ယောက်ကိုတစ်ယောက် မုန်းနေအောင်ရေးရတာမို့ပါ။ အထူးသဖြင့်ပင်လယ်ပြာပေါ့လေ။သူကခံစားရတဲ့သူဆိုတော့ပိုမုန်းတာပေါ့။
သူ့Mood ကိုဝင်အောင်ကျွန်တော်အတော်ကြိုးစားရသလို ရှန် နီဖြစ်အောင်က ပိုပြီးကြိုးစားရပါတယ်။
အကြောင်းက တော့ သူကကျွန်တော့်Type မဟုတ်လို့ပါပဲ။အရမ်းလှပပြီး မိန်းကလေးပီသတဲ့ကလေးမ မဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်က တတိယမြောက်အသက် တစ်ပုဒ်ကိုစလိုက်မိပြန်ပါပြီ။
သဘောကျနှစ်ခြိုက်ရင် အားပေးပါဦးလို့ပဲပြောချင်ပါတယ်ခင်ဗျာ။ အားလုံးကို စိတ်မပျက်စေရပါဘူးလို့ကတိပေးပါတယ်နော်။
အော်ကျိုက်ထီးရိုးဟိုတယ် ဆိုတာ တောင်ပေါ်မှာမရှိပါဘူးနော် ကျွန်တော်စိတ်ကူးနဲ့ပေးထားတဲ့နာမည်ပါပဲ။ တစ်ခြားဟိုတယ်တွေရဲ့နာမည်ကို ခွင့်ပြုချက်မရှိပဲယူသုံးဖို့အဆင်မပြေလို့ပါခင်ဗျ။
အားလုံးကိုကျေးဇူးတင်လေးစားလျှက်။
နေလ။ ။