ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်
ဘာသာပြန် - ထွန်းလင်းအောင်
အခန်း ၁၁
"ဒါ..ဒါပေါ့..မင်းယူလို့ရတာပေါ့...ငါ အဲ့ဒီအကြောင်း မတွေးမိလိုက်ဘူး...."
ကျန်းတုန် ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး
"မင်းမတွေးမိသေးတာတွေ အများကြီးရှိသေးတယ်..ဒါပေမယ့် မင်းနောက်မှ ဖြည်းဖြည်းချင်း သင်ယူလို့ရပါတယ်လေ...."
လင်းရီ ကျန်းတုန်ကို လျစ်လျူရှုလိုက်ပြီး အခန်းမန်နေဂျာကို ပြုံးပြလိုက်သည်။
"ကျုပ် တကယ့်ကို အားနာပါတယ်...အခုပဲ အောက်ဆင်းပြီး ကားရွေ့ပေးပါ့မယ်ဗျ...."
"ရပါတယ်ခင်ဗျ...ကျုပ်လည်း ခင်များကို ဒုက္ခများစေမိပြီ..."
တခြားသူတွေ အချင်းချင်း ကြည့်နေတုန်း လင်းရီနှင့် မန်နေဂျာတို့နှစ်ယောက် အောက်ထပ်သို့ ဆင်းသွားကြသည်။ ထို့နောက် သူတို့လည်း အလျင်အမြန် နောက်မှလိုက်သွားပြီး ဘာဆက်ဖြစ်မလဲဆိုတာ လိုက်စပ်စုကြတော့၏။
သူတို့ အောက်ထပ်သို့ ရောက်သောအခါ လူအများအပြားမှ ကားရှေ့တွင် ဓာတ်ပုံရိုက်နေကြကြောင်း မြင်တွေ့လိုက်ရသည်။ လင်းရီ ရောက်လာသောအခါ အားလုံး လမ်းဖယ်ပေးလိုက်ကြပြီး သူ့ကို မနာလို အားကျသော အကြည့်များဖြင့် ကြည့်နေကြ၏။
"ဘုရားရေ...သူက အရမ်းချောပြီး အရမ်းချမ်းသာတာပဲ..ယုတ္တိမတန်လိုက်တာကွာ...."
"သူ ပြန်လည်မွေးဖွားလာတဲ့ အချိန်မှာ နတ်ဘုရားရဲ့လက်ဆောင်ကို ရခဲ့တာဖြစ်မယ်...."
လင်းရီ သူ့ဘေးနားရှိ လူများ ပြောသည်ကို ဂရုစိုက်မနေပဲ ပြတင်းပေါက်မှ ခေါင်းထုတ်ကာ ကားကို ရွေ့နေခဲ့သည်။
"မင်းတို့ ဆက်ပြီး စားသောက်ကြဦး..ငါ တခြား လုပ်စရာလေးတွေ ရှိသေးလို့...."
"ဒီညရဲ့ အဓိက ဇာတ်ဆောင်က သွားပြီဆိုမှတော့ ငါလည်း ဆက်မစားချင်တော့ဘူး..."၀မ်ရင်း ပြောလိုက်ပြီး "ငါလည်း သွားတော့မယ်...."
"အစ်မရင်းက အိမ်ပြန်မလို့လား..."
"အွန်း..."
"အဲ့ဒါဆိုလည်း ဒီမောင်လေးက အိမ်လိုက်ပို့ပေးမယ်လေ...ကျွန်တော်လည်း တခြား ဘာမှ လုပ်စရာ မရှိတာ..."
"ကျေးဇူးပဲနော် ရီလေးရေ...."
သူမတို့ နှစ်ယောက်မှာ ကုမ္ပဏီ၌ အလုပ်၀င်တုန်းကပင် လွန်စွာ ရင်းနှီးခဲ့၏။
ယခု လင်းရီမှာလည်း စူပါကား မောင်းနေသောကြောင့် သူမလည်း စူပါကားစီးရခြင်း၏ ခံစားချက်ကို စူးစမ်းချင်နေသည်။
လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် လင်းရီ ကားထဲသို့ ၀င်သွားပြီး ထွက်ခွာသွားခဲ့ကြ၏။
"ရီ..နင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ဆိုတာ ငါမသိခဲ့ဘူး..နင့်အတွက်တော့ အဲ့လို ရုပ်ဖျက်ပြီး နေခဲ့ရတာ တော်တော်ခက်ခဲခဲ့မှာပဲနော်....."
၀မ်ရင်း ပြောရင်း ဓာတ်ပုံများ ရိုက်နေ၏။
သူမ ပထမဆုံးအကြိမ် စူပါကား စီးတာဖြစ်သောကြောင့် ဓာတ်ပုံတစ်ချို့ ရိုက်ပြီး အမှတ်တရ အနေနှင့် သိမ်းထားရမည်။
"ပိုက်ဆံဆိုတာ လောကီ ပစ္စည်း သက်သက်ပါဗျာ...ဘ၀အတွေအကြုံကို ခံစားတာကမှ တကယ်အရေးကြီးတဲ့ ကိစ္စပဲ... "
"ငါအခုမှ မှတ်မိတယ်..နင်က မိဘမဲ့ မဟုတ်လား...ဘယ်နေရာကနေ ဒီလောက်ထိ ပိုက်ဆံအများကြီး ရခဲ့တာလဲ...."
"အာ..အမွေ ရထားတာလေဗျာ..."
"အိုး..ဒီလိုကိုး..."၀မ်ရင် ခေါင်းညိမ့်လိုက်သည်။
"ဒါပေမယ့် မင်းစောနကပြောတော့ DiDi မောင်းနေတာဆို အဲ့တာကကော တကယ်ပဲလား...."၀မ်ရင် မယုံကြည်စွာဖြင့် မေးလိုက်၏။
"ဒါပေါ့ဗျ..အမှန်ပဲ..."
ထို့နောက် လင်းရီ သူ၏ ဖုန်းကို ထုတ်လိုက်ပြီး "ကျွန်တော့်ရဲ့ အချက်အလက်တွေ အားလုံးက အဲ့ဒီထဲမှာရှိတယ် ..အစ်မရင်း ကျွန်တော့်ကို ထောက်ပံ့ပေးဖို့အတွက် အော်ဒါလေးဘာလေးများ မတင်ချင်ဘူးလား...."
သူတို့နှစ် ယောက်၏ ပတ်သက်မှုအရ လင်းရီ ၀မ်ရင်း၏ ပိုက်ဆံကို လက်မခံနိုင်ချေ။
သို့သော်လည်း အမှတ် ၈၅ နှင့် အထက် မိန်းမလှလေး နှစ်ယောက်ကို ခေါ်တင်ရမည်ဟူသော စနစ်၏ မစ်ရှင်ကလည်း ရှိနေသေးသည်။
၀မ်ရင်မှာ အသက်အနည်းငယ် ကြီးသော်လည်း သူမ၏ ဆွဲဆောင်မှုများကတော့ မလျော့ကျသွားချေ။ မဟုတ်ပါက ချောင်ရန်အုပ်စု၏ နံပါတ်တစ် အလှမယ်ဘွဲ့ကို ရရှိလိမ့်မည်မဟုတ်။
အကယ်၍ ၀မ်ရင်သာ အော်ဒါတင်ပါက သူ့အတွက် မစ်ရှင်ကို ပြီးပြည့်စုံရန် ခက်ခဲ့တော့မည် မဟုတ်ချေ။
"နင်က အဲ့ဒီလို ပြောလာပြီဆိုမှတော့ အော်ဒါမတင်ပြန်ရင်လည်း နင့်ကို အခွင့်အရေး ယူနေသလို ဖြစ်နေဦးမယ်...."၀မ်ရင်းသူမဖုန်းကိုကိုင်ရင်း ပြောလိုက်သည်။
"စိတ်မပူနဲ့..သည်အစ်မက အော်ဒါတင်နေပြီနော်..သတိထားဦး တစ်ယောက်ယောက် ဦးသွားဦးမယ်...."
"ကိစ္စမရှိဘူး..ကျွန်တော် စောင့်ကြည့်နေတယ်...."
မကြာမီ ၀မ်ရင် အော်ဒါတင်သော နိုတီ တက်လာပြီး လင်းရီလည်း အော်ဒါကို ချက်ချင်း လက်ခံလိုက်သည်။
သို့သော်လည်း စနစ်ထံမှ မည်သည့်အသိပေးချက်မျှ တက်မလာချေ။
ဘာတွေ ဖြစ်နေတာလဲဟ...
၀မ်ရင်းက ၈၅ မှတ်အထက် မရှိတဲ့ အလှလေး ဖြစ်နေလို့များလား...
သူမ အသက်မှာ ၂၉ မျှ ရှိသေး၏။ ထို့ကြောင့် စောလျင်စွာ လက်ထပ်သည်က သူမအတွက် ပိုကောင်းလိမ့်မည်။
[စကန် ဖတ်ခြင်း ပြီးဆုံးပါပြီ...ခရီးသည်၏ အလုံးစုံရမှတ်မှာ ၈၄ မှတ်ဖြစ်ပြီး မစ်ရှင်ပြီးမြောက်ရန်အတွက်စနစ်၏ သတ်မှတ်ချက်နှင့် မကိုက်ညီပါ... ]
လင်းရီ ဆွံ့အသွားသည်။
စနစ်က နည်းနည်းလေး သိပ်ပြီး မတင်းကြပ်လွန်းဘူးလား...သူ့ကို အပိုတစ်မှတ်လေး ပေးလိုက်လို့ကော ေ-သသွားမှာ မို့လို့လား.....
အမှတ်အများကြီး ရှိတဲ့ အလှလေးတွေကို သူဘယ်ဂျောင်ကနေ သွားဆွဲလာရမှာလဲဟ....
"ရီ...နင်ဘာတွေ အတွေးနက် နေတာတုန်း..."၀မ်ရင်း မေးလိုက်၏။
"အစ်မရင်းကို ကျွန်တော် တစ်ခုလောက် မေးချင်လို့..."
လင်းရီ မောင်းရင်း မေးလိုက်သည်။
"ဘာမေးချင်လို့ လဲ...."
"အမျိုးသမီးးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို တိုးဖို့အတွက်ဆိုရင် ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ အစ်မရင်း"
စနစ်မှ ၀မ်ရင်း၏ အလုံးစုံ ရမှတ်မှာ ၈၄ ဟု ဆိုထားသောကြောင့် ထိုအမှတ်ကို မပေးမီ ကဏ္ဍပေါင်းစုံကို စီစစ်ပြီးမှ ဆုံးဖြတ်ရလိမ့်မည်။
ထို့ကြောင့် တစ်စုံတစ်ယောက်၏ ဆွဲဆောင်မှုကို တိုးပွားစေရန် လုပ်ဆောင်လျင်ကော အဘယ်နည်း။
လင်းရီ သူ၏ ဖြတ်လမ်းနည်းမှာ အောင်မြင် မအောင်မြင် မသိသေးပေ။ ထို့ကြောင့် လက်တွေ့စမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။
"အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို တိုးပွားစေမယ်..."၀မ်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဘယ်လိုတောင် ထူးဆန်းတဲ့ မေးခွန်းပါလိမ့်...
"ကျွန်တော်က မေးရုံတင် မေးတာပါ..တကယ်လို့ အစ်မရင်းက မသိဘူးဆိုရင်လည်း ဘာမှ မဖြစ်ပါဘူး.."
"မင်းပြောတဲ့ ဆွဲဆောင်မှုကို တိုးပွားစေတဲ့အရာဆိုတာ ကိုယ့်ကိုယ်ကို ပိုလှအောင် လုပ်တဲ့ဟာကို ပြောချင်တာမလား...အဲ့တာကတော့ အမျိုးသမီးတိုင်း မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုလေ...."၀မ်ရင်း ပြောလိုက်၏။
"အဲ့တာဆို ဘယ်လို လုပ်တာလဲ.."လင်းရီ ၀မ်ရင် မည်မျှ ယုံကြည်ချက်များ ပြည့်နှက်နေသည်ကို မြင်သောအခါ သိချင်သွားသည်။
"မပူပါနဲ့..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး သူမ အိတ်ကို ဖွင့်ကာ မဖွင့်ရသေးသော ပိုးထည် စတော်ကင် နှစ်စုံကို ထုတ်ယူလိုက်သည်။
တစ်စုံမှာ အသားရောင် ဖြစ်ပြီး နောက်တစ်စုံကတော့ အနက်ရောင်ဖြစ်၏။
"ငါ့ကိုပြောပြ..ဘယ်ဟာက ပိုပြီး ကြည့်လို့ကောင်းမယ်လို့ထင်လဲ...."
"အဟမ်း အဟမ်း..အစ်မရင်း ကျွန်တော့်ကို အဲ့လို မေးခွန်းမျိုး မေးဖို့တော့ မသင့်တော့်ဘူးလို့တော့ ထင်တာပဲ..."
"ဘာတွေ ကြောက်နေတာလဲ...ကားထဲမှာ နင်နဲ့ငါ နှစ်ယောက်ထဲ ရှိတာလေ..."၀မ်ရင် ပြုံးလိုက်ပြီး "တစ်ခုရွေး..."
"အာ...အနက်ရောင်က ပိုကောင်းတယ် ထင်တာပဲ..."
"အိုကေ...ခဏစောင့်ဦးနော်...."
သူမပြောလိုက်ပြီး အနက်ရောင် ပိုးထည် စတော်ကင်ကို ဖွင့်ကာ သူမ၏ခြေထောက်ပေါ်သို့ ဖြည့်ညင်းစွာ စွပ်လိုက်သည်။
လူကို ထိန်းချုပ်မရအောင် ပြုလုပ်နေသည်မှာ ၀တ်ဆင်နေသည့် အချိန်တွင် ၀မ်ရင်း စကတ်ကို မသိမသာ မလိုက်ပြီး သူမ၏ ဆက်စီ ဆန်သော အနက်ရောင် ခြေထောက်လေးများအား ပြသခြင်းပင်။ ၎င်းးက သူ၏ အတွေးများကို အတော်လေး ညစ်ညမ်းသွားစေသည်။
"ဘယ်လိုလဲ...မတူဘူးလို့ ခံစားရလား..."
"တကယ်ကြီး ခံစားချက်က မတူဘူးပဲ...."
အနက်ရောင် စတော်ကင်ကို ၀တ်ဆင်ပြီးနောက် သူမ၏ ခြေထောက်များမှာ အနည်းငယ် ပိုရှည်လာသယောင် ထင်နေရပြီး ပို၍ ဆွဲဆောင်မှု ရှိလာ၏။
"စနစ်ရေ...စကန်ပြန်ဖတ်လိုက်ပြီး ၀မ်ရင်းရဲ့ အလုံးစုံ ရမှတ်ကို တစ်ချက် ပြန်တွက်ပေးဦး...."
တစ်စက္ကန့်ကြာပြီးနောက် စနစ်၏ စက်ရုပ်ကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
[စကန် ဖတ်ခြင်း ပြီးဆုံးပါပြီ..ခရီးသည်၏ အလုံးစုံ ရမှတ်မှာ ၈၅ ဖြစ်ပြီး မစ်ရှင် အတွက် စနစ်၏ လိုအပ်ချက်နှင့် ကိုက်ညီပါတယ်...]
[ဒင်..မစ်ရှင် ပြီးမြောက်သွားပါပြီ..
ဆုလဒ် - အတွေ့ကြုံမှတ် ၁၀၀,၀၀၀
အလုပ်ပြီးမြောက်နှုန်း - ၁၅%
ဆုလဒ် - ကျိုကျုံး အဆောက်အအုံ အတွင်းရှိ ဗီလာတစ်ခု (အရောင်း မန်နေဂျာ ထံမှ ရယူပါ) ]
"ဖက်ခ်...."
ကျိုကျုံး အဆောက်အအုံဟူသော အမည်မှာ
ကျုံးဟိုင်တွင် မသိသူမရှိပေ။
တည်ဆောက်စဉ် ကတည်းက အထက်တန်း စံအိမ်အဖြစ် သတ်မှတ်ခြင်းခံရပြီး တည်ဆောက်ပြီးသော အခါတွင်လည်း မျှော်လင့်ထားသည့်အတိုင်း ကျုံးဟိုင်တွင် နံပါတ်တစ် ဗီလာ ဖြစ်လာခဲ့၏။
လက်ရှိစာရင်းပေါ်ရှိ အချမ်းသာဆုံး လူများပင် ကျိုကျုံး ဗီလာတွင် နေထိုင်ရန် တုန့်ဆိုင်းနေကြသည်။ အကြောင်းရင်းမှာ သူတို့ မတတ်နိုင်၍ မဟုတ်ဘဲ နေအိမ်တစ်လုံးအတွက် ထိုမျှ ဈေးကြီးသော ငွေကို သုံးရန် မထိုက်တန်သောကြောင့်ဖြစ်၏။
အမှန်အတိုင်း ပြောရမည်ဆိုပါက ထိုသူများမှာ လုံလောက်အောင် မချမ်းသာခြင်းကြောင့်ဖြစ်မည်။
လင်းရီ ဘာမျှမတတ်နိုင်သော်လည်း စိတ်လှုပ်ရှားနေခဲ့သည်။
သူ အိမ်တစ်လုံး ၀ယ်ချင်နေခဲ့သော်လည်း စနစ်မှ အချိန်ကောင်းတွင် ဆုချီးမြင့်လာ၏။
သူအော်ဒါကို အမြန် အပြတ်ဖြတ်ပြီး နောက်မှ သွားစစ်ဆေးကြည့်ရမည်။
လင်းရီ၏ ကျိန်ဆဲသံကို ကြားသောအခါ ၀မ်ရင်း နှလုံးတစ်ချက် တုန်သွားသည်။
ငါ စတော်ကင် အနက်ရောင် ၀တ်တာကို မြင်တော့ အရမ်းကြီး စိတ်လှုပ်ရှားသွားလို့များလား....
ဒီပစ္စည်းကလည်း သေလောက်အောင် ဆွဲဆောင်မှု ရှိနေတာကိုး....
"ရီလေး..အာရုံစိုက်ပြီး မောင်းလေ..အစ်မတို့ အိမ်ရောက်မှ ဆက်ပြောလည်း ရပါသေးတယ်..."၀မ်ရင်း ရှက်ရွံ့စွာ သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါဗျ "လင်းရီ ပြုံးလိုက်ပြီး "ကျွန်တော့်ကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးပါနော် အစ်မရင်း...ကြယ်ငါးပွင့် ပေးဖို့လည်း မမေ့နဲ့ဦး..."
"အဲ့တာကတော့ နင့်ရဲ့ ၀န်ဆောင်မှုပေါ် မူတည်တာပေါ့.."၀မ်ရင်း ပြုံး၍ ပြောလိုက်သောအခါ သူမက တကယ့်ကို လှပသည့် အမျိုးသမီး တစ်ယောက်အလားပင်။
ပထမတော့ ၀မ်ရင်း လင်းရီနှင့် ပတ်သက်၍ ခပ်ဆိုးဆိုး အတွေးများ ရှိနေခဲ့၏။ ယခုတော့ ထိုအတွေးများမှာ ပိုမိုအားကောင်းလာလေသည်။
မကြာမီ လင်းရီ သူ့ဖုန်းပေါ်ရှိ လိပ်စာအတိုင်း ၀မ်ရင်းကို အိမ်သို့ လိုက်ပို့ပေးလိုက်ပြီး သူ၏ တတိယမြောက်အော်ဒါကို ပြီးမြောက်စေလိုက်သည်။
"နင် ခဏလောက် ၀င်ပြီး မထိုင်တော့ဘူးလား..."
"ရပါပြီ အစ်မရင်းရေ..ကျွန်တော်လည်း အစ်မကို မနှောက်ယှက်ချင်တော့ဘူးဗျ...."
လင်းရီ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ဘာကို အနှောက်အယှက် ပေးမိမှာလဲ...ငါ့ယောက်ျားကလည်း အလုပ်ခရီးထွက်နေတော့ အိမ်မှာကလည်း ငါတစ်ယောက်တည်း ရှိတာ..."၀မ်ရင်း တည်ငြိမ်နေဟန် ဆောင်၍ ပြောလိုက်၏။