ငါ့မှာ အပတ်တိုင်း အလုပ်အသစ်ရှိတယ်
ဘာသာပြန် - ထွန်းလင်းအောင်
အခန်း (၈)
၀မ်ထျန်းလုံ ရောက်လာသောအခါ ကျီချင်းရန် မတ်တပ်ရပ်၍ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
"ဟဲလို မန်နေဂျာ၀မ်..ကျွန်မက ချောင်ရန်အုပ်စုက ကျီချင်းရန်ပါ..ကျွန်မတို့ စောနတုန်းက ဖုန်းနဲ့ စကားပြောခဲ့ကြသေးတယ်လေ..."
"ဟဲလို ဥက္ကဌကျီ..ကျေးဇူးပြုပြီး ကျွန်တော် ဧည့်၀တ်မကျေပွန်မိတာကို ဗွေမယူပါနဲ့... "
၀မ်ထျန်းလုံမှာ လွန်စွာ ယဉ်ကျေးနေပြီး သူနှင့် လင်းရီတို့၏ ဆက်ဆံရေးကိုလည်း ထည့်မပြောချေ။
အဘယ်ကြောင့်ဆိုသော် သူ ယခုလေးတင် ကျီချင်းရန်၏ တောင်းဆိုမှုကို ပူးပေါင်းဆောင်ရွက်ပေးရန် သတိပေးချက်ကို ရရှိပြီးသောကြောင့်ပင်။ ထို့ကြောင့် သူပို၍ အားတက်သရောဖြင့် ပူးပေါင်းပေးရမည်။
သူ၏ ဘော့စ် မိန်းကလေးများ ပိုးပန်းမည့် အစီအစဉ်ကို ပျက်စီးရန် ခွင့်မပြုနိုင်ပေ။
ထျန်းလုံ၏ သဘောထားများက ကျီချင်းရန်ကို စိတ်ထဲတွင် သံသယများ ဖြစ်ပွားစေသည်။
အရင်တစ်ခေါက် ဖုန်းဆက်တုန်းက ထျန်းလုံမှာ ယဉ်ကျေးခဲ့သော်လည်း အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ သူစကားပြောသည့် ပုံစံနှင့် လေသံတို့မှာ လွန်စွာ သာမန်ဆန်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ခြားနာစွာ လွန်စွာ နွေးထွေးနေပြီး လေးစားမှု အနည်းကိုပါ ဖော်ပြလျက်ရှိသည်။
"ဟဲလို မန်နေဂျာ ၀မ်...ကျွန်မက ဒီမှာ ခန်းမတစ်ခု ငှားချင်လို့ပါ...ကျွန်မတို့ ကုမ္ပဏီက စုံညီ အစည်းဝေး ကျင်းပချင်လို့ ပန်နီဆူလာ ဟိုတယ်မှာ နေရာလွတ်လေး တစ်နေရာလောက်များ ရနိုင်သေးလား မသိဘူး..."
ကျီချင်းရန်မှာ ထွက်လာမည့် အဖြေကို ခန့်မှန်းပြီးဖြစ်သည်။ သူမ ထျန်းလုံ၏ ငြင်းဆိုခြင်းခံရမည်ကို သေချာပေါက် စဉ်းစားထားပြီး ဖြစ်၏။
လင်းရီ ပြောသော အံ့ဖွယ်ဆိုသည်မှာတော့.....ထိုကဲ့သို့သော ဖြစ်ရပ်မျိုးက မည်သို့မျှ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ သူမ ယခင်တစ်ကြိမ်က မေးမြန်းပြီးဖြစ်သည်။ သူမလူကိုယ်တိုင် ရောက်လာခဲ့လျင်တောင် ဘာမျှ ပြောင်းလဲမည် မဟုတ်။
ချောင်ရန် အုပ်စု၏ အနေအထားမှာ သိသာစွာဖြင့် အခြားအုပ်စုများအပေါ် လွှမ်းမိုးမှု မရှိချေ။
"နေရာလွတ်လား...ရတာပေါ့..မစ်က ဘယ်ချိန် ပွဲလုပ်ချင်တာလဲမသိဘူး...ကျုပ်အခုပဲ စီစဉ်ပေးလိုက်မယ်.."
ထျန်းလုံ ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဟမ်...."
ကျီချင်းရန် ကြက်ေ-သေ-သ သွားပြီး ထျန်းလုံ၏ စကားများကို မယုံနိုင်ခဲ့။
"ဘာပြောလိုက်တယ်...ရှင်တို့ရဲ့ အချိန်စာရင်း ကို
ညှိပေးလို့ ရတယ်ပေါ့...."
၀မ်ထျန်းလုံ ခေါင်းငြိမ့်၍ "ဒါပေါ့ဗျ...ခင်များလိုချင်တဲ့ နေ့ကို ရအောင် လုပ်ပေးလို့ရပါတယ်"
ကျီချင်းရန် ချက်ချင်း တက်ကြွသွားပြီး "ကျေးဇူးပါ မန်နေဂျာ၀မ်..ကျွန်မတို့ စုံညီ အစည်းဝေးပွဲကို ဆယ်ရက်အတွင်း ကျင်းပဖို့ ရည်ရွယ်ထားပါတယ်..."
"ကိစ္စမရှိပါဘူး ဥက္ကဌကျီ..ကျုပ်အခုပဲ ဆောင်ရွက်
လိုက်ပါ့မယ်..ဒါနဲ့ တခြားတောင်ဆိုစရာတွေကော ရှိသေးလား မသိဘူး ..ကျုပ် လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအတွင်းရှိရင် အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးပါ့မယ်"
"မရှိဘူး..မရှိတော့ဘူး..ကျွန်မတို့ ဒီကိစ္စကို ဆောင်ရွက်ဖို့ တစ်ယောက်ယောက် စေလွှတ်လိုက်ပါ့မယ်
..မန်နေဂျာ၀မ်ကိုလည်း အားနာလှပါပြီ... "
အစမှ အဆုံးထိတိုင်အောင် ကျီချင်းရန် အနည်းငယ် မယုံသင်္ကာ ဖြစ်နေသေးသည်။
အရင်တုန်းက သူတို့ ဟိုတယ်၌ လ၀က်ခန့် အချိန်လွတ်များ မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။ ယခု သူမကိုယ်တိုင် ဤနေရာသို့ ရောက်လာသောအခါ စိတ်တိုင်းကျ လိုချင်သည့် အချိန်ကို ရွေးချယ်နေနိုင်၏။
လုံး၀ကို မယုံနိုင်စရာပင်။
"ကောင်းပြီ..ဒါဆို ကျွန်တော် အောက်က လူတွေကို အချိန်စာရင်း တစ်ချက် ပြန်လုပ်ခိုင်းပြီး ကြိုတင်မှာယူထားတာတွေ မရှိအောင် လုပ်ခိုင်းလိုက်ပါဦးမယ်..."
"ကျေးဇူးတင်ပါတယ်နော်..မန်နေဂျာ ၀မ်"
ကျီချင်းရန် ပြောလိုက်ပြီး "ဟိုတယ် ငှားရမ်းခအတွက်စရန်ငွေက ဘယ်လောက် ကျ မလဲ မသိဘူး...ကျွန်မတို့ ဘဏ္ဍာရေးဌာနက တစ်ယောက်ယောက်ကို ဒီလွှတ်လိုက်ပါ့မယ်..."
"မလိုပါဘူး..မလိုပါဘူး...."၀မ်ထျန်းလုံ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မလိုပါဘူး..ကျွန်တော် ဥက္ကဌကျီရဲ့ စရိုက်ကို ယုံပါတယ်..စရန်ငွေ လုံး၀ ပေးထားစရာ မလိုဘူး...လုပ်ငန်းကိစ္စတွေ အားလုံးပြီးသွားမှ ပြောကြတာပေါ့"
ကျီချင်းရန် သူမ နားများကို ပင် မယုံနိုင်တော့ပေ။
သူမ ဘယ်ချိန်တုန်းက အဲ့လောက်ထိ ဩဇာကြီးမားသွားရတာလဲ....
မဖြစ်နိုင်ဘူး..ဟုတ်တယ်မလား...
သို့တိုင်အောင် သူမ နားကြား မမှားချေ။
"ရှင် စရန်ငွေ မလိုချင်ဘူးဆိုတာ သေချာရဲ့လား...."
"ဒါပေါ့...ဥက္ကဌကျီကို ၀န်ဆောင်မှု ပေးရတာကိုက ကျွန်တော်တို့ ဂုဏ်ယူရမှာပါ..."
"မန်နေဂျာ ၀မ်က ယဉ်ကျေးလွန်းနေပါပြီ....ကျွန်မတို့လည်း ထို့အတူပါပဲ...."
ရိုးရှင်းသော စကား လေးငါးခွန်းခန့် ဖလှယ်ပြီးနောက် လင်းချီနှင့် ကျီချင်းရန်တို့ ပန်နီဆူလာ ဟိုတယ်မှ ထွက်လာကြ၏။
၀မ်ထျန်းလုံ ရိုသေစွာဖြင့် ထွက်လာပြီး သူတို့ ထွက်ခွာသွားသည့်တိုင် လိုက်ပို့ခဲ့သည်။
သူကတော့ သူ၏ သရုပ်ဆောင်မှုမှာ သိပ်မဆိုးဟု ခံစားမိသည်။ အမှားတွေတော့ မရှိကောင်းပါရဲ့....
"မန်နေဂျာ၀မ်...ခန်းမကို ခုနစ်လပိုင်းမှာ ယွင်ခိုင် အုပ်စုက ဘွတ်ကင် လုပ်ထားတယ်လေ..တကယ်လို့ ကျွန်မတို့သာ စာချုပ်ကို ဒီတိုင်း ဖောက်ဖျက်လိုက်မယ်ဆိုရင် စာချုပ်အရ လျော်ကြေးငွေကို သုံးဆ ပြန်ပေးရမှာနော် ...."လက်ထောက် မန်နေဂျာမှ ပြောလိုက်သည်။
"သုံးဆလား..ကိစ္စမရှိဘူး..ဆယ်ဆဆိုရင်တောင် ပေးလိုက်ဦးမယ်..."၀မ်ထျန်းလုံ ပြောလိုက်ပြီး "တကယ်လို့ ငါတို့သာ ဘော့စ် သူ့မိန်းကလေးတွေ ပိုးပန်းတာကို နှောင့်နှေးစေခဲ့လို့ရှိရင် အထုပ်တွေသိမ်းပြီး လစ်ရုံပဲ...."
......
နှစ်ယောက်သား ကားထဲသို့ အတူ၀င်ပြီး ပန်နီဆူလာ ဟိုတယ်မှ ထွက်လာခဲ့ကြသည်။ ကျီချင်းရန်၏ စိတ်လှုပ်ရှားမှုများမှာ ယခုတိုင် ပိုးမေ-သ သေးပေ။
"လင်းရီ ..နင်က တကယ့်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ...နင်ပြောတာမှန်တယ်..ပိုကောင်းတဲ့ အချိုးအကွေ့တွေဆိုတာ တကယ်ရှိတယ်...."
"ငါမင်းကို ပြောသားပဲ....ပိုပြီး တော့ ကြိုးစားလိုက်...အံ့ဖွယ် တစ်ခုခု ဖြစ်လာလိမ့်မယ်လို့..."
"ဟုတ်တယ်..ဟုတ်တယ်...ကျေးဇူးပါ ဘုရားသခင်..ခုတော့ ယုံသွားပြီ..မဟုတ်ရင် ကိစ္စတွေက ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး...."
"ကျီ...ငါတို့ ဒီကိစ္စကို ခဏ ဘေးချိတ်ထားသင့်တယ်လို့တော့ထင်တယ်...ခု မင်းရဲ့ ကတိကို တည်ဖို့ အချိန် မဟုတ်လား...."လင်းရီ ပြောလိုက်သည်။
ကျီချင်းရန် အေးခဲသွားပြီး မျက်နှာများ နီလာတော့သည်။
"နင်ဘာလို့ အဲ့တာကို ခုထိ တွေးနေတာလဲ...."ကျီချင်းရန် မေးလိုက်သည်။
"မင်းငါ့ကို ညစ်ဖို့ ကြိုးစားနေတာလား..."လင်းရီလည်း သူမကို ပြန်ပြောလိုက်၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....ငါက ချောင်ရန် အုပ်စုရဲ့ စီအီးအိုလေ...ငါ့စကားကို ငါ ဘယ်လိုလုပ် ပြန်ရုတ်သိမ်းရမှာလဲ"ကျီချင်းရန်မှ ပြောလိုက်သည်။
"အဲ့တော့လည်း ကောင်းတာပေါ့...ခု ကတိတည်ဖို့ အချိန်ရောက်ပြီနော်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ငါတို့က ခုကားထဲမှာလေ..ဘယ်လိုလုပ် နင့်ကတိကို တည်ပေးရမှာလဲ...အိမ်ပြန်ရောက်မှ ပြောကြတာပေါ့..."
"ပြဿနာမရှိဘူး...."
လင်းရီ ကားနိုက်ထရိုကိုဖွင့်ရင်း ပြောလိုက်သည်။ ထို့နောက် ပန်ဂနီမှာ သားရဲကဲ့သို့ ဟိန်းသံကြီး ထွက်ပေါ်လာပြီး အခြားကားများကို နောက်တွင် ချန်ထားခဲ့တော့သည်။
ကျီချင်းရန် မျက်နှာ မည်းမှောင်သွားပြီး ...သူမ Sပုံစံထိုင်ထလုပ်တာကို ကြည့်ရဖို့အတွက် အဲ့လောက်ထိလုပ်ဖို့ လိုလို့လား.....
ဂျီပီအက်စ်ပေါ်ရှိ မြေပုံလမ်းကြောင်းအရ ကျီချင်းရန်တို့ အိမ်ရောက်ရန် မိနှစ် ၂၀ ခန့် ကားမောင်းရပေမည်။
ကျီချင်းရန်၏ အိမ်မှာ ကျုံးဟိုင်မြို့ ယွင်ရွှေ ဗီလာတွင် တည်ရှိသည်။
ကျုံးဟိုင်ရှိ ဗီလာအားလုံးထဲတွင် ယွင်ရွှေမှာ အထက်တန်းဟု မဆိုနိုင်သော်လည်း အလယ်အလတ်လောက်တော့ သတ်မှတ်နိုင်၏။
ကျီချင်းရန်၏ အနေအထားအရ ဆိုပါက ထိုနေရာ၌ နေထိုင်ရန် သင့်လျော်ပေသည်။
ငွေရောင် ပန်ဂနီ တစ်စီး ဖြည်းညင်းစွာ ရောက်ရှိလာသောအခါ ဗီလာရှေ့ရှိ လုံခြုံရေး အစောင့်များ ကြက် ေ-သေ-သသွားကြသည်။
ယွင်ရွှေ ဗီလာတွင် နေထိုသော ပုဂ္ဂိုလ်များမှာ ချမ်းသာ၍ ဩဇာကြီးမားကြပြီး မောင်းနှင်သော ကားများမှာလည်း မီလီယမ်များစွာ တန်ကြေးရှိသည်။
သို့သော်လည်း ပန်ဂနီ စီးလာသော ပိုင်ရှင်ကို တွေ့ဖူးခြင်းမှာတော့ ပထမဆုံးအကြိမ်ပင်။
ဘယ်လောက်တောင် ဇိမ်ကျလိုက်မလဲကွာ....
"တံခါးဖွင့်လိုက်..."
သီးသန့်ဗီလာဖြစ်သောကြောင့် မည်သူမျှ ဖြတ်သန်းခွင့်မရှိဘဲ ၀င်ရောက်ခွင့်မရှိချေ။ ထို့ကြောင့် ကျီချင်းရန် ဂိတ်တံခါးရှေ့ရှိ လုံခြုံရေးအစောင့်ကို နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့...ဘော့စ်ကျီ..."
လုံခြုံရေးအစောင့်မှာ အပိုစကား မဆိုဘဲ ၀င်ခွင့်ပေးလိုက်သည်။
ထို့နောက် ပန်ဂနီလေး ဗီလာထဲသို့ ၀င်သွားသည်ကို ငေးကြည့်ရင်း တံခါးကို ပြန်ပိတ်လိုက်သည်။
"အစ်ကို၀မ်....ဆက်ပြီး အိပ်မနေနဲ့တော့...ဘော့စ်ကျီရဲ့ ဗီလာနံပါတ် ၈ က ပိုင်ရှင် ရှိနေပြီ..."
"အဲ့လောက်ထိလည်း မဆိုးသေးပါဘူးကွ...ဘော့စ်ကျီက အနေအေးပြီး တည်ငြိမ်တဲ့ အမျိုးသမီး စီအီးအိုပါဟ...သူ့ဆီ ပန်းတွေ လာလာပို့တဲ့သူတွေ ပေါင်းလိုက်ရင် လူတန်းကြီးတောင် ဖြစ်သွားဦးမယ်....ဒါတောင် သူမက တစ်ချက်တောင် လှည့်ကြည့်လို့လား......."
"အမှန်ပဲ...ငါတော့ ခုနက ပန်ဂနီ မောင်းသွားတဲ့ ပိုင်ရှင်ကောင်လေးက သောက်ရမ်း ချောပြီး သောက်ရမ်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက် ဖြစ်ရမယ်လို့ ထင်တယ်...."
"ကြည့်ရတာတော့ ဘော့စ်ကျီလည်း ထူးမခြားနား နေမှာပါကွာ....သူမကို ပိုးပန်းနေတဲ့ လူတွေ ပေးတဲ့ ပစ္စည်းတွေက သူမအတွက် လုံလောက်အောင် မကောင်းလို့နေမှာပေါ့...."
"ဟင်း....မိန်းမလှလေးတွေက တကယ့်ကို ချမ်းသာတဲ့ လူတွေ အတွက်ပဲ....စီအီးအိုကျီလို မိန်းမလှလေးတောင် အခူးဆွတ်ခံလိုက်ရပြီ....ဘ၀ကြီးက ဘာလို့ ဒီလောက်တောင် ဆိုးရွားလွန်းရတာလဲကွာ....."
..........
ဗီလာ နံပါတ် ၈ သို့ရောက်သောအခါ ကျီချင်းရန် ထိုင်ခုံခါးပတ် ဖြုတ်ပြီး ကားပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်သည်။
"ဥက္ကဌကျီ....တစ်ခုခု မေ့နေတယ်လို့ မထင်ဘူးလား...."
သူမ၏ တည်ငြိမ်သော ကိုယ်ဟန်ကို ယခုလေးတင် ရရှိထားသော ကျီချင်ရန်မှာ ရုတ်ချည်း မျက်နှာနီရဲသွားပြီး ရှက်ရမ်းရမ်း၍ ခြေထောက်ကို ဒေါသတကြီးနဲ့ ဆောင့်လိုက်သည်။
"ဟွန့်..ငါမှတ်မိပါတယ်...S ပုံစံ ထိုင်ထ ဆယ်ခေါက်မလား...နင်က တကယ့်ကို မယုံနိုင်စရာဘဲ....."
"မဟုတ်ဘူး....ကျုပ်ပြောနေတာ အဲ့တာမဟုတ်ဘူး..."လင်းရီ သူ၏ ဖုန်းကို ကိုင်ရင်း ပြန်ဖြေလိုက်သည်။
"ကျုပ်တို့ ရောက်လာပြီဆိုမှတော့ ခင်များ တက္ကစီခ ပေးသင့်တယ်လို့ မထင်ဘူးလား...."