" မမ.. မနက်ဖြန် ကျောင်းပိတ်ရက် အပြင်သွားရအောင် "
" မနက်ဖြန် မအားဘူး .. "
" မမက ဒီတစ်ပတ်လုံး ကျောင်းပို့ကျောင်းကြိုလုပ်ပေးနေတော့ ကျနော်က ပိတ်ရက်မုန့်လိုက်ကျွေးချင်လို့ကို "
မိုးရိပ်၏ စကားကို အဖြေပြန်မပေးသေးဘဲ
ကျောင်းထဲသို့ ကားကွေ့ဝင်လိုက်ပြီး အနည်းငယ် လူရှုပ်နေသဖြင့် သတိထားမောင်းနေရသည် ။
" မနက်ဖြန် ..ဖေဖေနဲ့ စက်ရုံတွေဘက်လိုက်ကြည့်ရအုံးမှာ မအားဘူး "
" ဟာမမတို့ကလဲ အလုပ်ဘဲလုပ်နေကြတာ .. နားချိန်တော့နားပါအုံးဗျာ ... ဦးခန့်ကိုလဲ ပြောရအုံးမယ် မမကို အလုပ်တွေကြည့်ဘဲ မလုပ်ခိုင်းပါနဲ့လို့ ။
ကျနော်ကျောင်းမြန်မြန်ပြီးမှ ဖြစ်မယ် .. ဒါမှ မမကိုယူပြီး အိမ်မှာဘဲနေခိုင်းရမယ် "
" တစ်ဖက်သတ်ကြီး ..နင့်ကို ဘယ်သူက ယူမယ်ပြောလို့လဲ ...
ဆင်းတော့ ရောက်ပြီ "
" မမက ကျနော့်အပိုင် .. "
ပြောပြီး ကာပေါ်က ဆင်းသွားကာ
ခပ်တည်တည်ဖြင့်ဆိုသွားသည့် စကားဟာ ဘာကြောင့်မှန်းမသိ ရင်ထဲတွင်တလှပ်လှပ်ဖြင့် ။
ပုံမှန်အချိန်စကားပြောပုံထက် စူးရှနေသည့်အကြည့်တို့ကို မိုးရိပ်ရဲ့မျက်လုံးတို့တွင် တွေ့နေရ၏ ။
တစ်ခုခုကို စိတ်ထဲထင့်နေသလို ခံစားနေရသည့် စိတ်တို့ကြောင့် ကားပေါ်တွင် အသာငြိမ်နေလိုက်သည် ။
အသက်ကို ခပ်ပြင်းပြင်းရှူထုတ်ကာ ကားစက်နှိုးမည်အလုပ် မျက်စိရှေ့မှ ဖြတ်သွားသော ပုံရိပ်လေးကြောင့် ကားပေါ်မှ အလျှင်အမြန်ပြေးဆင်းမိသည် ။
" ကလေး! "
ကိုယ်တိုင်တောင် သတိမထားမိလိုက်ခင်မှာဘဲ ထွက်ကျလာသည့် အသုံးပြုလိုက်မိသည့် နာမ်စားတစ်ခုဟာ နူးညံ့လွန်းသည် ။
နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့် အနောက်သို့လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ဦး ...
ဘေးဘီဝေ့ဝဲလိုက်ကြည့်ပြန်ရာ နီးနီးနားနားတွင် တစ်ယောက်မှ ရှိမနေခဲ့ ။
" ကျနော့်ကို ခေါ်တာလား "
မျက်လုံးဝိုင်းဝိုင်းလေးနှင့် လှည့်ကြည့်လာသည့် ခဏတာဟာ ဆုတောင်းတွေပြည့်ဝသွားသယောင် ကြည်နူးရ၏ ။
ကိုယ့်ကိုကိုယ်လက်ညှိုးထိုးကာ ကြောင်တောင်တောင်တောင် ဖြစ်နေသည့် ပုံစံလေးဟာ အူယားဖို့တော့ကောင်းလှသည် ။
" ဟုတ်တယ်။ အစ်မကို မှတ်မိရဲ့လား "
" ဟုတ် မှတ်မိပါတယ် "
မှတ်မိပါတယ်ဆိုသည့် စကားဟာ ပျော်ရွှင်စရာတွေများ ပါသလားတော့မသိ နှုတ်ခမ်းထက်ကအပြုံးတို့ကတော့ ထိုစကားကြောင့်ပင် ဖြစ်မည် ။
" တော်ပါသေးရဲ့.. မမှတ်မိတော့ဘူး ထင်နေတာ "
" ဟုတ် .. ဘာပြောစရာများရှိလို့လဲ မသိဘူး "
ခေါင်းကုတ်လိုက်ရသည့် အခြေအနေတွေဟာ ဒီလိုမျိုးသာဖြစ်လိမ့်မည် ။ အကြောင်းအရာမရှိဘဲ မသိတဲ့လူတစ်ယောက်နှင့် စကားပြောဖို့ရာ အဆင်မချောလှပေ ။
" ဟိုလေ... ပထမနှစ်ထင်တယ် ...
ပထမနှစ်က မိုးရိပ်ဆိုတဲ့ လူကိုများ သိမလားလို့ "
" အာ.. တောင်းပန်ပါတယ် ကျနော်သူ့ကိုမသိဘူးဗျ ..
ကျနော်က တတိယနှစ်ကပါ "
ခပ်သေးသေးပုံစံ၊ ကလေးတစ်ယောက်လို အပြစ်ကင်းစင်သည့် မျက်နှာလေးကြောင့် မိုးရိပ်နှင့်အသက်တူလောက်မယ်ထင်၍ ပြောလိုက်မိခြင်းဖြစ်သည် ။
" ဆောရီးနော် ... အစ်မက ပထမနှစ်ထင်လို့ "
" ဟုတ်ရပါတယ် ...ဒါဆို ကျနော့်ကို ခွင့်ပြုပါအုံး "
" ဟိုလေ ...နာမည်လေး သိလို့ရမလား "
ထွက်သွားဟန်ပြင်နေသည့် ကျောပြင်လေးကို ဘာကြောင့်မှန်းမသိ ဆွဲထားချင်နေမိသည် ။ ခပ်နီးနီးနေခွင့် ရချင်သည် ။
" တိမ်လွှာ "
" တိမ်လွှာ "
သံယောင်လိုက်ပြီး ပြောမိသည်အထိ နာမည်လေးဟာ ထူးခြားသည် ။ လှသည် ။
နာမည်နှင့်လိုက်အောင် ဖြူစင်ပြီး အပြစ်ကင်းစင်လှသည် ။
" နာမည်လေးက ထူးခြားတယ်နော် "
" ဟုတ် ... မေမေပေးထားတဲ့ နာမည်မို့လို့ ထူးခြားနေတာ ဖြစ်မယ် ။
ကျနော်ကျောင်းနောက်ကျနေပြီမို့လို့ ကျနော့်ကိုသွားခွင့်ပြုပါအုံး "
ခပ်ရေးရေး အပြုံးလေးနှင့် တဖြေးဖြေးဝေးကွာသွားသည့် ကျောပြင်လေးကို ငေးကြည့်ကာ စိတ်လှုပ်ရှားနေမိသည် ။
Project တွေကိုကိုင်ကွယ်ဖြေရှင်းရတာထက် ဒီမြင်ကွင်းလေးကို ကြည့်နေရသည့် ဒီအချိန်လေးဟာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးပင် ဖြစ်သည် ။
" တိမ်လွှာ "
နာမည်လေးရဲ့အဆုံးမှာ အပြုံးတို့ဟာလဲ တွဲလျက်ပါလာခဲ့သည် ။ နာမည်လေးကအစ အသံလေးဟာ ကြည်နူးဖို့ကောင်းလှသည် ။
ခပ်တိုးတိုး စကားသံတို့ဟာလဲ ဆွဲဆောင်မှုတစ်မျိုးပင်ဖြစ်နေသည် ။
ရိုးရိုးလေးနဲ့သတ်တယ်ဆိုတာ ဒါမျိုးသာဖြစ်လိမ့်မည် ။
>>>>>>>>>>>>>>>
" ကုန်ကြမ်းတွေကို ရုံးချုပ်ဆီ သတ်မှတ်ရက်အမှီ ရောက်နိုင်အောင် ဆောင်ရွက်ပေးပါ "
" ဟုတ်ကဲ့ပါ သူဌေး "
ဖေဖေနှင့်အတူ စက်ရုံထဲ ပတ်ကြည့်ပြီး ညွှန်ကြားစရာရှိသည်များ ညွှန်းကြားကာ
" ဖေဖေ စက်ရုံလဲစစ်ဆေးပြီးပြီဆိုတော့ ဘယ်သွားစရာရှိသေးလဲ "
" အင်း ဖေဖေချိန်းထားတာ တစ်ခုတော့ ရှိသေးတယ် "
" ဒါဆို သမီးလိုက်ပို့ပေးမယ်လေ "
" ဖေဖေ့သမီးတောင် လုပ်ငန်းတွေကို ဦးဆောင်နိုင်နေပြီဘဲ "
တစ်လမ်းလုံးတိတ်ဆိတ်လိုက်လာရာ မီးပွိုင့်တစ်ခုအရောက်မှ စကားစလာသည့် ဖေဖေရဲ့အပြောကြောင့် ခပ်ဖွဖွရယ်မောလိုက်သည် ။
" အားလုံးက ဖေဖေ့ရဲ့သင်ပြပေးမှုတွေကြောင့်ပါ "
" အင်း ဘာဘဲဖြစ်ဖြစ် သမီးကလုပ်ငန်းတွေကို ဦးစီးနိုင်နေပြီဆိုတော့ ဖေဖေဝမ်းသာပါတယ် ...
ဒီလိုဆိုမှ မေးရအုံးမယ် သမီးလဲအရွယ်ရောက်နေပြီဆိုတော့ .. သမီးအိမ်ထောင်ပြုမဲ့ကိစ္စရော ...
ကိုမိုးထက်ကတော့ မိုးရိပ်နဲ့သမီးနဲ့ကိစ္စကို တွေ့တိုင်းနားဖောက်နေတော့တာဘဲ "
" သမီးအိမ်ထောင်ပြုမဲ့ ကိစ္စကိုတော့ သမီးကိုယ်တိုင်ဘဲ စဉ်းစားဆုံးဖြတ်ပါရစေ ဖေဖေ ... "
" ဖေဖေကတော့ သမီးဆန္ဒမပါဘဲ ဘာတစ်ခုမှခြယ်လှယ်ခဲ့တာမျိုးမရှိပါဘူး .. သမီးကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်စွမ်း အပြည့်ပေးထားပါတယ် "
" ကျေးဇူးပါ ဖေဖေ "
နားလည်မှုပေးနိုင်သည့် မိသားစုကိုပိုင်ဆိုင်ထားရခြင်းသည်လဲ ကံကောင်းခြင်းတစ်ခုသာဖြစ်သည် ။
ကိစ္စတစ်ခုလုပ်တော့မယ်ဆိုတိုင်း သဘောထားကို အမြဲတမ်း ဆွေးနွေးတိုင်ပင်တတ်သည့် ဖေဖေနဲ့ ဘယ်အချိန်မဆို နွေးထွေးမှုအပြည့်ပေးတတ်သည့် မေမေတို့ကို ပိုင်ဆိုင်ထားရခြင်းသည် ဆုလာဒ်တစ်ခုသာဖြစ်လိမ့်မည် ။ ထိုဆုလာဒ်ကိုပိုင်ဆိုင်ရခြင်းကြောင့်လဲ ဝမ်းသာမဆုံး အပျော်ရွှင်ဆုံး ဖြစ်ရသည်ကအမှန်ပင် ။
*မေတ္တာရိပ်ငယ် *
ဖေဖေညွှန်ပြသောနေရာ၏ အဝင်ဝတွင် မေတ္တာရိပ်ငယ်ဆိုသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည် ။ ဝန်းထဲသို့ ဝင်လိုက်ချိန်တွင် အဆောင်တစ်ချို့ကို မြင်တွေ့နေရသည် ။ အဆောင်တစ်ခုရှေ့သို့ ကားရပ်လိုက်သည်နှင့် လူတစ်ချို့ထွက်လာကြပြီး ဖေဖေကိုနှုတ်ဆက်ကြသည် ။
" ကိုခန့်မလာတာတောင်ကြာပြီနော် .. နေကောင်းရဲ့လား "
" ကောင်းပါ့ဗျ ကောင်းပါ့..ကျနော်လဲ အလုပ်တွေမအားလို့ မလာဖြစ်တာဗျာ "
ရယ်ရယ်မောမောနှင့်စကားပြောနေကြဟန်ကို ကြည့်ခြင်းဖြင့် အတော်လေးရင်းနှီးပုံရသည် ။
" ဒါက ကိုခန့်သမီးလား... ဒီအရွယ်တောင်ရောက်ပေါ့ "
" ဟုတ်ပါ့ဗျာ ... "
" သမီး ဒါကဖေ့ဖေ့သူငယ်ချင်းလို့လဲ ပြောလို့ရတယ် နောက်ပြီး ဒီဂေယာရဲ့ ဂေယာမှူးဆိုလဲဟုတ်တယ် .. ဒေါ်စိန်စိန်မြင့်တဲ့... "
" ဟုတ်ကဲ့.. အန်တီ တွေ့ရတာဝမ်းသာပါတယ် ....သမီးနာမည် ရတီမိုးမြင့်ပါ "
" အန်တီလဲ ဝမ်းသာပါတယ်ကွယ် ... ငယ်ငယ်တုန်းကများ သေးသေးကွေးကွေးလေး အခုတော့များ ကြည့်ပါအုံး ကိုခန့်သမီးလို့မပြောရဘူး ချောလို့လှလို့ "
လုပ်ငန်းခွင်ထဲဝင်နေသည့်လူငယ်ဖြစ်၍ လူကြီးတွေနှင့်စကားပြောရသည်ကတော့ အဆင်ပြေသည်ဟုဆိုနိုင်သည် ။ အန်တီ့ရဲ့ပြောပြချက်အရ ဒီနေရာဟာ မိဘမဲ့ကျောင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာလဲ တိတ်ဆိတ်ခြင်းရှိမနေသော်ငြားလည်း သာယာလှသည် ။ ဂေယာပတ်ဝန်းကျင်တွင်လည်း အရိပ်ရသစ်ပင်ကြီးများရှိ၍ အေးချမ်းလှသည် ။
" ဘယ်လိုလဲ သမီး ပထမဆုံးရောက်ဖူးတာဆိုတော့ အဆင်မှပြေရဲ့လား "
" အရမ်းအေးချမ်းတယ် အန်တီ... အများအားဖြင့် အလုပ်နဲ့အိမ်နဲ့ဘဲ အသွားအပြန်ရှိတော့ ဒီလိုနေရာလေးရောက်တော့ ဘယ်လိုလဲ မသိဘူး အေးချမ်းပြီးသဘောကျတယ် "
" ကိုခန့်တို့ကတော့ သမီးကို အလုပ်တွေကြည့်ဘဲ လှိမ့်ခိုင်းနေတာ ထင်တယ် "
" ဟားဟား...မဟုတ်ပါဘူးကွာ.. ငါ့သမီးကိုက အလုပ်သရဲဖြစ်နေတာ ..အလုပ်မှအလုပ်ဘဲ "
ပြိုင်တူရယ်မောသံတို့ဟာ တစ်ချိန်တည်းထွက်ပေါ်လာခဲ့သည် ။ ဂေယာပတ်ဝန်းကျင်တစ်လျှောက်လိုက်ပတ်ကြည့်ရာ သစ်ပင်ပန်းပင်များဖြင့် မြင်မြင်သမျှကို သဘောကျနေမိရာ ရှေ့ဆက်ခွင့်မရှိတော့အောင် အကြည့်တို့ကို ဖမ်းစားသွားခဲ့သည့် တစ်နေရာဟာ
ကလေးငယ်ငယ်လေးများ၏ ရယ်မောနေပုံ...
ပျော်ရွှင်စွာ ဆော့ကစားနေကြသည့် ကလေးငယ်များကြားထဲမှ ကလေးမဟုတ်သော်လည်း ကလေးတစ်ယောက်လို ဖြူစင်စွာပြုံးနေခဲ့သည့် သူတစ်ယောက် ..
" အန်တီ သမီး ဟိုဘက်ခဏလောက်သွားအုံးမယ် "
" အော် ကလေးတွေဆော့နေကြတာဘဲ .. သွားလေ ရတယ် သမီး "
" ဟုတ် "
လျှောက်လှမ်းလာရသည့် ခြေလှမ်းတို့သည် တစ်ချက်တစ်ချက် ပြုံးလိုက်တိုင်း ထွက်ပေါ်လာသည့် ပါးချိုင့်နက်နက်တို့အောက် ရုန်းထွက်မရအောင်ပင် ။
ထပ်တူလိုက်ပြုံးမိသည့် အပြုံးတို့သည်လည်း အဘယ်ကြောင့်နည်း ။
" တိမ်လွှာ "
ဖမ်းစားလွန်းပြန်သည် ။ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ အပြစ်ကင်းသလို ညို့နိုင်စွမ်းလဲရှိသည် ။
" အော်.. အစ်မ "
အစ်မဆိုသည့် ခပ်တိုးတိုးလေးသံလေးကပင် ရင်တစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းရှိပါရောလား ။
" အစ်မက ဒီကိုလာလှူတာလား "
ခပ်မြူးမြူးမေးလာသည့် ခပ်တိုးတိုးအသံလေးဟာ ပုံမှန်ချိန်များထက် အနည်းငယ်အားသာနေသလို ။
" ဖေဖေက ဒီမှာအမြဲလှူနေကြလေ .. အဲ့ဒါဖေဖေနဲ့လိုက်လာရင်း တိမ်လွှာကိုတွေ့လို့ "
" အော်..ဟုတ် "
ခပ်ရေးရေးအပြုံးတွင်တောင် ထင်ဟပ်နေသည့်ပါးပြင်ထက်က ပါးချိုင့်လေးများကြောင့် လိုက်ပြုံးမိသည့်က အခါခါပင် ။ ဘာကြောင့်ဆိုလဲ မေးခွန်းထက် အတူရှိနေရရင် ပျော်ရွှင်မိသည့် ခံစားချက်ကို သဘောကျမိသည် ။ နှုတ်ခမ်းထက်က အပြုံးတို့ ထပ်တူ ဖြစ်ပေါ်ခွင့်ရခြင်းကိုလဲ နှစ်သက်မိသည် ။
" သမီးက အဲ့ကလေးကို သဘောကျတဲ့ပုံဘဲ .. တော်ရုံလူနဲ့တောင် စကားသိပ်မပြောတာ အခုတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ "
" တိမ်လွှာက ကျောင်းအားချိန်တိုင်း ဒီကကလေးတွေနဲ့ အမြဲလာကစားပေးနေကြ ... ကလေးတွေကလဲ တိမ်လွှာကို သိပ်ချစ်ကြတယ်ထင်တယ် သူလာတဲ့အချိန်ဆို ဆရာမတွေတောင် ကြည့်စရာမလိုဘူး .... တိမ်လွှာ့စကားဆို သိပ်နားထောင်ကြတာ ... "
" ကလေးတွေ ချစ်ကြတာလဲ မပြောနဲ့ .. ငါ့သမီးတောင် သူ့ရှေ့မှာ အပြုံးတွေဝေဆာလို့ ..
ကောင်လေးအသိုင်းအဝိုင်းကရော "
" တစ်ခါပြောဖူးတာတော့ မိဘတွေမရှိဖူးလို့တော့ ပြောဖူးတယ် .. အဖေကတော့ ငယ်ငယ်ကတည်းကမရှိတာတဲ့ အမေကတော့ သူသိတတ်စကတည်းက စွန့်ပစ်သွားတာလို့တော့ ပြောဖူးတယ် ..."
" အင်း မိဘမေတ္တာမရတော့ သနားစရာတော့ကောင်းသား "
" အဲ့တာကြောင့် ဒီကကလေးတွေကို ပျော်အောင် လာလာကစားပေးတာထင်တယ် .. ကလေးတွေကလဲ သူနဲ့ဆို ပျော်နေကြတာ "
အပြုံးပန်းတွေဝေဆာနေသည့် ကလေးတစ်သိုက်ကိုကြည့်နေသည့် မျက်ဝန်းများတွင်တော့ ဂရုဏာတရားများ ပါဝင်နေမည်ကတော့ အမှန်ပင် ။
စွန့်ပစ်ခံရခြင်းတွေက အနာကျင်ရဆုံး ဖြစ်လိမ့်မည် ။ မလိုချင်ပါဘဲ ဖြစ်တည်လာသည့် ဖြစ်တည်မှုတွေ ။ မရှိချင်ပါဘဲ ရှိနေရသည့် တည်ရှိမှုတွေ ...
အနှောင့်အယှက်ဖြစ်လာလို့ ထင်ပါရဲ့..
နောက်ဆုံး ပစ်ချခံရလိုက်သည့် ဖြစ်တည်မှုတွေ
စွန့်ပစ်ခံရသည့် တည်ရှိမှုတွေက နာကျင်ရသည်ဆိုတာထက် နာကျင်ရသည်က စွန့်ပစ်ခံရဖူးသူတိုင်း ခံစားဖူးကြ၏ ။
" ကိုကိုတိမ်လွှာ .. သားကို ပူးဖောင်းလေးမှုတ်ပေးအုံး "
" မှုတ်ပေးပြီးရင် မဖောက်ပစ်ရဘူးနော် "
" ဟုတ် "
ဘေးတစ်စောင်းအနေနဲ့ ပူဖောင်းမှုတ်နေသည့် ဖောင်းလိုက်ပိန်းလိုက်ဖြစ်နေသည့် ပါးလေးကို အကြောင်းပြချက်မရှိ လိုက်ကြည့်နေမိသည် ။
" ရပြီ "
ပူဖောင်းလေးယူကာ ပြေးသွားသည့် ကလေးငယ်ကို ကြည့်ကာ ပြုံးနေသည်က ကလေးတစ်ယောက်လိုပင် ။
" အစ်မ ကျနော့်ကို ပြောစရာရှိလို့လား "
" ဟမ်...
အင်း.. မရှိပါဘူး "
" ကျနော့်ကိုဘဲ လိုက်ကြည့်နေလို့ ပြောစရာများ ရှိနေလားလို့ "
တစ်ချိန်လုံးလိုက်ကြည့်နေခဲ့သည်ကို သိနေခဲ့၏ ..
အနည်းငယ်တော့ ရှက်မိပေမဲ့ ဒီအခိုက်အတန့်ကိုဘဲ သာယာနေမိသည် ။
" ဟို.. သိချင်တာလေးတော့ရှိတယ် "
" ဟုတ်..မေးပါ "
" ကောင်မလေးရှိလား "
မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ပြူးကြည့်လာသည့်ပုံစံလေးဟာ အမြဲစွဲထင်ကျန်နေမည့် ပုံရိပ်တစ်ခုအလား ...
" အစ်မက ကျွန်တော့်ကို ယောကျာ်းလေးထင်နေပုံဘဲ ..
ကျွန်တော်က.. ယောကျာ်းလေးမဟုတ်ဘူး "
" ဟမ် "
တွေ့ဆုံချိန်ကစပြီး အခုချိန်ထိ ယောကျာ်းလေးတစ်ယောက်ဖြစ်မည်ဟုသာ ထင်ထားခဲ့မိခြင်း ဖြစ်သည် ။
စဉ်းစားကြည့်တော့လဲ သူဟာ ယောကျာ်းလေးပါဟု ပြောဆိုထားခြင်း တစ်ခုမှ မရှိထားချေ ။
" အစ်မက မင်းကို ယောကျာ်းလေးလို့ဘဲ ထင်နေခဲ့တာ "
" ကျနော်က မိန်းကလေးတစ်ယောက်ပါ ...
နောက်ပြီး
ကျနော်အစ်မကို တစ်ခုလောက်တောင်းဆိုချင်တယ် ပြောလို့ရမလား "
" ရပါတယ် ပြောလေ "
" အစ်မရဲ့မျက်ဝန်းတွေထဲမှာ တချို့အရာတွေကို ကျနော်မြင်နေရတယ် ..
ကျနော့်ကို တွယ်ကပ်မမိစေနဲ့အစ်မ .. အစ်မနာကျင်ရလိမ့်မယ် "
တစ်ဖက်ကဟန့်တားလာသည့် စကားလုံးတို့၏ အတိမ်အနက်ကို မခန့်မှန်းနိုင်တော့ပေ ။
ရုတ်တရက်သိလိုက်ရသည့် အကြောင်းအရာတချို့နှင့် စကားလုံးတို့ဟာ လက်ရှိအချိန်ကို ရပ်တန့်ထားသယောင် ။
" အင်းပါ.. အစ်မက မင်းကို ဒီတိုင်းခင်ချင်ရုံပါဘဲ..
နောက်ပြီး မိန်းကလေးမှန်းမသိခဲ့လို့ "
ဆက်ပြီးပြောမထွက်တော့သည့် စကားလုံးတို့ကို မျက်ဝန်းတွင် အဖြေရှာနိုင်သည့် သူသာသိလိမ့်မည် ။
လိမ်ညာခြင်းကင်းမဲ့သည့် မျက်ဝန်းတွေရဲ့ အဖြေဟာ နှလုံးသားကို နာကျင်စေသည် ။
အစမရှိခဲ့သည့် ဇာတ်လမ်းက အဆုံးသတ်သွားခဲ့သလို ။
ခံစားခဲ့ရသည့် ခံစားချက်တို့က လွှဲမှားခဲ့သည့် အခြေအနေကို လက်ခံနိုင်သည်လား ။
ယောကျာ်းမိန်းမဆိုတာထက် မျက်လုံးဝိုင်းဝိုင်းလေးများကြောင့် စတင်ခဲ့သည့်ရင်ခုန်သံ ။
ခပ်တိုးတိုးအသံလေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ကြည်နူးမှု ... ဒါတွေဟာ
ဟန့်တားခံလိုက်ရသည့် စကားလုံးအောက်တို့တွင် ကွယ်ပျောက်သွားမည်လား ။
သေချာတာကတော့ ဒီမျက်လုံးဝိုင်းဝိုင်းလေးတွေကို ဆက်ပြီး ငေးကြည့်ချင်နေသလို အပြုံးတို့ကိုလဲ ထပ်တူဖြစ်ပေါ်စေချင်သေးသည် ။
##############