သစ်လွင်သောဆူး
အပိုင်း (၃၄)
#သစ်လွင်သောဆူး
#09210950
“ညို…”
“ဟင်…”
“သဘောကျရဲ့လား..”
ညို ကတော့ နေပူတာကိုပဲ ခံစားမိနေတာကြောင့် စိတ်က အဆင်မပြေ..။
မေမေတို့ဆီ မပြန်ရပဲ ဒီနေရာမှာ အခြေချတော့မှာကို တွေးမိရင် ဘယ်လိုမှကို သဘောကျလို့ မရတာပါ..။
သူ့အလုပ်က ဟိုမှာဆို ၀န်ထမ်းအဖြစ်နဲ့ပဲ နေရမှာလို့ သူ အကြိမ်ကြိမ် ရှင်းပြထားသော်လည်း စိတ်က အဆင်မပြေသေးပါဘူး..။
လုံးချင်းတိုက်တွေဆိုသော်လည်း ခြံစည်းရိုးကို အလုံပိတ်ခတ်ထားတာ မဟုတ်ပဲ ပျဉ်ပြားတွေထောင်ကာထားတဲ့ ခြံစည်းရိုး ပုပုလေးတွေ ဆိုတော့ လမ်းမဘေးမှာ ဘန်ဂလို လုံးချင်းလေးတွေလို မြင်နေရတာ…။
ခြံစည်းရိုး အဖြူလေးတွေ နောက်ဘက်မှာ မီးခိုးရောင် လုံးချင်း တစ်ထပ်တိုက် ဆီကို ကားချိုးကွေ့ဝင်လိုက်သည်။
သား က ခေါင်းထောင်ကြည့်နေသော်လည်း ညိုကတော့ စိတ်မပါလို့ သေချာတောင် မကြည့်ပါဘူး..။
“……..”
အိမ်အ၀င်မှာ ပန်းအိုးလေးတွေ ချစိုက်ထားတာကိုတော့ သတိထား၍ ကြည့်မိသွားသည်။
“ဒါက…ကားဂိုဒေါင်လေ…”
“သြော်….အင်း…အိမ်ရှေ့ကြီးမှာနော်…”
ညို နှာခေါင်းရှုံ့ပြီး ပြောလိုက်မိသည်။
ဘာတစ်ခုမှ စိတ်တိုင်းမကျတာ အိမ်ပုံစံကြောင့်မဟုတ်ပဲ ကိုယ့်စိတ်အခြေအနေကြောင့်ဆိုတာ ကိုယ်တိုင်သိပါသည်။
သောမတ်စ်ကတော့ ခုနှစ်ကြိမ်မြှောက် လက်ထပ်ပြီးကတည်းက သောမတ်စ် မဟုတ်တော့သလို ဘာပဲ ပြောပါစေ ပြုံးရုံပဲ ပြုံးနေတော့သည်။
သူက ပြုံးပြိး လုပ်ချင်ရာ လုပ်တာပါ..။
ညို က ခရီးက ပြန်ရင် အိမ်လိုက်ပို့ပါ လိုအပ်တာလေးတွေ ယူဦးမယ်လို့ အကြောင်းပြတော့ အိုကေတဲ့..။
ပြီးတော့ လေယာဉ်ပျံကြီး စီးပြီး ရောက်လာတာက ယောက္ခမ အိမ်ဆီ..။
ကိုယ့်အချစ်မှားကြောင့် သောမတ်စ် ဘ၀ကို ပျက်လောက်တဲ့အထိ အမျိုးစုံ ဒုက္ခပေးမိသလို ဖြစ်သွားတာကြောင့် ကိုယ့်ကို မလိုလားလေဘူးလို့ တွေးထားမိတာ အခုလို ဖော်ရွေစွာ ကြိုဆိုပေးတော့ စိတ်မကောင်းလည်း ဖြစ်မိသည်။
မာမီတို့အိမ်ကြီးမှာ ညိုတို့ ဆယ်ရက်လောက် သောင်တင်နေလို့ သူ့အဖေ သူ့အမေနဲ့ သူ့အစ်ကို လင်မယားကိုပါ အတော်လေး ရင်းနှီးသွားခဲ့သည်။
မာမီ တစ်ယောက်ပဲ မြန်မာလို သွက်သွက်ပြောနိုင်တာဆိုတော့ ညိုနဲ့ အချိန်ပြည့် စကားပြောရင်း ပိုရင်းနှီးသွားတယ်ထင်ပါတယ်..။
သူ့အလုပ်ရှိတဲ့ မြို့မှာ အိမ်အရစ်ကျ ၀ယ်လိုက်ပြီဆိုတော့ မာမီ က စိတ်ဆိုးသေးသည်။
မိဘအိမ်က အဆင့်မြင့်အိမ်ကျယ်ကြီးမို့ အဲ့မှာပဲ နေဖို့ တိုက်တွန်းသည်။
သူကလည်း လူကြားကောင်းအောင် မိသားစုနဲ့ မခွဲနိုင်ဘူးတဲ့လေ..။
ညို မှတ်မိသလောက်တော့ အလုပ်နဲ့ပတ်သက်ရင် သားကိုကော ညို့ကိုကော ခေါင်းထဲထည့်တွေးတာတောင် မဟုတ်ပါဘူး..။
သူလုပ်ချင်ရာလုပ် ဆုံးဖြတ်ချင်ရာ ဆုံးဖြတ်ပြီး မိုင်အဝေးကြီးကို ခေါ်လာခဲ့တာ..။
လည်စရာ ပတ်စရာတွေ လျှောက်ခေါ်သွားခဲ့ပေမဲ့ မပျော်ပါဘူး.။
မေမေ နဲ့ ဖြူ့ကို ဖုန်းပြောပြီးတိုင်း ညို တိတ်တိတ်လေး ငိုရသည်။
မေမေ ကတော့ လေယာဉ်ပျံရှိရင် တစ်ကမ္ဘာလုံး နီးနီးလေးပါတဲ့..။
သူလာနေဦးမှာတဲ့..။
ညိုတော့ မယုံပါဘူး..။
အဲလိုမှန်းသိရင် ယောက်ျား မယူပဲ မေမေနဲ့ပဲ တစ်သက်လုံးနေပါတယ်လေ..။
အခုတော့ သား တစ်ဖက် အမေ တစ်ဖက် နဲ့ ညို့မှာ စိတ်ညစ်ရပါသည်။
“မေမေ…ရောက်ပြီလေ..”
သား က ကားတံခါးဖွင့်ပေးပြီး ခေါ်တော့ ညို သက်ပြင်းဖွဖွ ချရင်း ဆင်းလိုက်ရတော့သည်။
တော်သေးတာပေါ့..။
သစ်ပင်လေး ဘာလေး ရှိနေသေးလို့..။
ဘေးဘက်မှာ သစ်ပင် သုံးလေးပင် စီတန်း စိုက်ထားလို့သာ အရိပ်ရတာ..။
သူကတော့ ဘာမှ မပြောပဲ ရပ်စောင့်နေလို့ ညို မကြည်မသာဖြင့် လိုက်သွားရသည်။
“ငါ ဒီမှာ အပြီးမနေနိုင်ဘူးနော်…သောမတ်စ်…”
“အိုကေ…အိုကေ…”
“လုပ်ပြန်ပြီ…အိုကေ..”
ညို မကျေမနပ် လှည့်ကြည့်သော်လည်း ကျောကို တွန်း၍ အိမ်ထဲသွင်းသွားတော့ ပါသွားရတော့သည်။
“ဒါက ဧည့်ခန်းလေ…ညို…အနောက်မှာ မီးဖိုချောင်…ထမင်းစားပွဲ…”
“အိုး…ဧည့်ခန်းနဲ့မီးဖိုချောင်က တွဲနေတာလား…”
“ဒီဘက်မှာတော့ အကုန်ဒီလိုပဲ…ညို…”
“တစ်ထပ်တည်းကို အကျယ်ကြီး ဆောက်ထားတာ မြေနေရာ ကုန်တာပေါ့…”
“ဟုတ်တယ်နော်…ဘာလို့ တစ်ထပ်ထဲ ဆောက်ကြလဲ မသိဘူး..”
ညို ပြောတာကို လိုက်ထောက်ခံပြီး ဆိုဖာပေါ် ပစ်ချထိုင်လိုက်တော့ သားကလည်း ဆိုဖာမှာ ၀င်ထိုင်ကာ အိမ်ကို တစ်ပတ်လည် ခေါင်းလှည့်လိုက်ကြည့်နေသည်။
“သား ကျောင်းနဲ့လည်း နီးတယ်…ကျောင်းဆိုမှ ညို ကားမောင်းသင်ရမယ်…”
“မသင်ပါဘူး…သင်စရာလား…”
“အိုကေ…အိုကေ…”
ညို မျက်စောင်းထိုးလိုက်ရင်း ပြတင်းပေါက်တွေကနေ အိမ်ရှေ့ခြံဝန်းကို မြင်နေရတာကိုတော့ သဘောကျသွားသည်။
ညို က အလင်းကောင်းကောင်း ၀င်နိုင်တဲ့ ပြတင်းပေါက်တွေကို လိုက်စပ်စုနေသော်လည်း သားအဖ နှစ်ယောက်က အခန်းတွေကို လိုက်ကြည့်နေကြသည်။
“သြော်…ညိုရေ…ဒါက ဒီမှာချိတ်မယ်…”
“ဘာလဲ…”
“ညိုနဲ့ တို့ရဲ့ ခုနှစ်ကြိမ်မြှောက် လက်ထပ်စာချုပ်လေ…”
သူ က ပြောပြီး ရယ်နေတော့ ညိုမျက်စောင်းထိုးပစ်လိုက်သည်။
စာချုပ်တွေကို ရေးချင်သလိုရေးပြီး ခုနှစ်ခုတောင် ချုပ်ထားတာ တရားဝင်တာလည်း မဟုတ်ပါဘူး။
မာမီက အရင်ကတည်းက မိသားစုဝင်အဖြစ် ထည့် ပေးထားတယ် ပြောတာပဲ။
"ဟီး…ဒယ်ဒီ…ကို မေမေ စိတ်ဆိုးနေတယ်…"
"ဟုတ်လား…ကဲ…ရော့…"
ပန်းစည်းကို လက်ထဲ ထည့်ပေးတော့ ညို မကျေနပ်စွာ ဆွဲယူလိုက်သည်။
"တွေ့လား…မဆိုးတော့ဘူး…"
"ဟီး…ဟီး…"
သားလေးရဲ့ ရယ်သံလေး ကြားရတဲ့အခါ ညိုလည်း အလိုအလျောက်ပြုံးမိပါသည်။
.
“အား…တိုက်…တိုက်ပြီ…”
“…….”
ညို က ဆေးရုံ ခဏခဏ ရောက်ဖူးတာ..။
သား ကို အသက်နဲ့လဲပြီး မွေးခဲ့ရတာ..။
သား ကို နေ့စေ့လစေ့ ကိုယ်ဝန် မလွယ်နိုင်ခဲ့တာ..။
အခုတော့ ဆေးဝါးကောင်းကောင်းနဲ့ တွေ့ပြီး မေ့တောင်နေတဲ့ နှလုံးရောဂါ ပြန်ဖြစ်ပါစေလို့သာ တောင့်တနေမိသည်။
အခုကျမှ ရောဂါကလည်း ဘယ်ပျောက်နေမှန်း မသိပါဘူး..။
ရောဂါတွေ ဘာတွေ ပြန်ထပြီး သတိလစ်သွားတော့မှသာ ဒီနတ်ဆိုးကောင် က နည်းနည်းပါးပါး သက်ညှာမှာပါ..။
ပြောလိုက်ရင် ညို့ကို ချစ်တယ်..မြတ်နိုးတယ်..တန်ဖိုးထားပါမယ်တဲ့..။
လက်က စိန်ပွင့်ကြီးက သက်သေပြနေတာတောင် ခိုင်းလိုက်တာ တစ်ချက်မှ မနားရဘူး..။
အခုလည်း လမ်းမကျယ်ကြီးမှာ ကားမောင်းသင်ပေးသည်။
သင်တန်းတက်ခိုင်းတာ မတက်ဘူးပြောတော့ သူ အလုပ်က ပြန်လာချိန် ညကြီး မိုးချုပ်မှ သားကို နောက်ခန်းမှာ ထိုင်ခိုင်းပြီး သင်ပေးသည်။
ညို့မှာ သား ကို စိတ်ပူလို့ ရင်တုန်ရတာ တစ်မျိုး တစ်ခုခုလွဲချော်ပြီး တိုက်ကုန်မှာ စိုးလို့ စိတ်ပူရတာ တစ်မျိုး..။
“မခက်ပါဘူး…ညိုရဲ့…”
“တော်ပြီ…တော်ပြီ…သင်တန်းတက်တော့မယ်…ပြန်ကြမယ်…သောမတ်စ်ရယ်…”
“သင်တန်းတက်မယ်နော်…တကယ်လား…”
“အင်း…အင်း..တက်ပါမယ်…”
အင်္ဂလိပ်စကား မတောက်တခေါက်လေး ပြောတက်ပြီး သင်တန်းသွားတက်ရမှာ ရှက်လို့ မတက်ဘူး ပြောထားတာ..။
အခုတော့ သူသင်ပေးတာက ပိုပြိး ခက်ခဲကာ စိတ်ညစ်နေရတော့ အရှက်ကွဲလည်း ကွဲပါစေတော့လေ..။
ညို ကပျာကယာ ကားကို တိုးရပ်လိုက်ပြီး ကားတံခါးဖွင့်ဆင်းလိုက်သည်။
သူက ရယ်ပြီး နေရာပြောင်းပေမဲ့ သား ကတော့ မူးနေရှာပြီ..။
“သား…အိုကေရဲ့လား…”
“မေမေ မောင်းတာ…ခေါင်းတွေမူးတယ်..ဒယ်ဒီ…”
“ဟား..ဟား…”
ညို့မှာ သားလေးကို ပွေ့ပိုက်ထားရင်း ရှေ့ခန်းက အယုတ်တမာကြီးကို မျက်မှောင်ကြုတ်၍ ကြည့်မိသည်။
သား က နေမကောင်းလို့ အပြေးအလွှား လိုက်လာမိတာ..။
အခုတော့ ဒီအရပ်မှာ သောင်တင်နေရတာ တစ်လကျော်နေပြီ..။
သားကိုလည်း ကျောင်းတက်ခိုင်းနေပြီဆိုတော့ ညိုလည်း အလိုလို အိမ်ရှင်မ တာဝန်ယူလိုက်ရသည်။
လက်စွပ်တစ်ကွင်းဝတ်ပေးပြီး ပေးလိုက်တဲ့ ဒုက္ခတွေ..။
သူ့ကို ဒုက္ခပေးခဲ့သမျှ ကလဲ့စားချေနေသလား မှတ်ရသည်။
“မေမေ…မကြောက်နဲ့နော်…၀ိုင်းဝိုင်း သူငယ်ချင်း အကိုတောင် ကားမောင်းတက်တယ်…သိလား..လွယ်လွယ်လေး…”
“……”
သား ကလည်း အားပေးနေလို့သာ ခေါင်းညိတ်လိုက်ရတာ သင်တန်းတက်ဖို့ တွေးကြောက်နေမိသည်။
ကား က မြက်ခင်းစိမ်းတွေ ရှိတဲ့ လုံးချင်းတိုက်လေးတွေ လမ်းထဲ ရောက်တော့မှသာ စိတ်အေးရတော့သည်။
ကားဂိုဒေါင်ထဲကို ကားတစ်ခါတည်းထည့်လိုက်ပြီးတော့မှ ညို ကားပေါ်က ဆင်းရဲသည်။
အိမ်ရှေ့မှာ ပန်းပင်လေးတွေ စိုက်ထားသလို စာဖတ်ခန်းသပ်သပ် နဲ့ ချည်ထိုးဖို့ ထိုင်ခုံလည်း အိမ်ရှေ့ ၀ရန်တာလေးမှာ ပြင်ဆင်ပေးထားသည်။
ညို က ဘယ်တုန်းကများ ချည်ထိုးဖူး စာဖတ်ဖူးလို့လဲ..။
“ဟေး…ညိုး…”
ဟိုဘက် အိမ်ကလည်း မိသားစုတွေ ထွက်လည်ပြီး ခုမှ ပြန်လာပုံမျိုးနဲ့ လှမ်းနှုတ်ဆက်သည်။
ညို လည်း မတောက်တခေါက် စကားလုံး သုံးလေးလုံး လောက် သုံးပြီး ပြန်နှုတ်ဆက်ရပြန်သည်။
“ဟုတ်တယ်…ညို…စကားပြောတက်မှ ကားမောင်းက သင်လို့ရမှာလေ…စာကော စကားကော သေချာလေး သင်လိုက်ပါလား…ညို က ညဏ်ကောင်းပါတယ်..”
“မသင်ပါဘူး..”
စကားကောင်းကောင်း မပြောတက်တော့ လမ်းမှာ ရဲကားတို့ လုံခြုံရေးတို့ တွေ့ရင် ဘယ်ပြေးပုန်းချင်မှန်းကို မသိတာ…။
တရားဝင်နေထိုင်တာပါလို့ သောမတ်စ်က ပြောထားသော်လည်း ညိုကသာ အစစ တွေးပြီး ကြောက်နေတာ..။
ပတ်ဝန်းကျင်က ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပြန်တော့လည်း စကားကောင်းကောင်း မပြောတက်တော့ သိမ်ငယ်အားငယ်ရပြန်သည်။
အိမ်ထဲမှာပဲနေတာ နင့်အလုပ်တွေပြီးရင် ငါပြန်မှာ…မသင်ဘူးလို့ ကြွေးကြော်ထားသော်လည်း အခုလိုကျတော့ စကားမပြောတက်တဲ့ လူလို မျက်စိသူငယ် နားသူငယ်နဲ့နေရတာ ညိုအတွက် ခက်ခဲလာသည်။
သား ကတော့ ဘာသာစကားလည်း မခက်ခဲပဲ ကျောင်းတက်နိုင်ပြီး သူငယ်ချင်းတွေတောင် ရနေပြီ..။
ညို တစ်ယောက်တည်း နေသားမကျနိုင်သေးတာပါ..။
“ညို…သင်စရာရှိတာသင်ပြီး တက်အောင်လုပ်ထား…သား ကျောင်းပိတ်ရက်ရရင်တော့ တို့က ဥရောပကို ထွက်မှာပဲ…ဒီမှာ မနေနိုင်ဘူး..”
“ရေး..”
သား က သူ့အဖေကို ပွေ့ဖက်ပြီး အော်နေသော်လည်း ညိုကတော့ သက်ပြင်း ကြိုချထားလိုက်ရပါသည်။
သူ့ရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်း အကုန်လုံး ဒီမှာ ရှိနေတာကို သူက ဥရောပပဲ..။
မာမီကတော့ အဖေသွေးများလို့ ခုလို ဖြစ်နေတာလို့ ပြောတာပါပဲ..။
ဒါဆို သား ကလည်း အဖေသွေးများတယ်..။
ဆံပင်အရောင် မျက်လုံး အရောင် မျက်နှာ ပုံစံ အကုန်လုံး က အဖေတူနေတာ..။
“မေမေ….၀ိုင်းဝိုင်း နဲ့ ဒယ်ဒီ ပီဇာ မှာထားတယ်….မေမေ ချက်တဲ့ဟင်းကို မနက်မှ စားလို့ရမလား ခင်ဗျ..”
“သား နဲ့ တည့်လို့လား သောမတ်စ်..”
“တည့်ပါတယ်…သား က နေကောင်းနေပါပြီ…”
သား ကို ပွေ့ဖက်ပြီး ပါးကို နမ်းလိုက်တော့ အဖေဖြစ်သူရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး ချွဲနေသေးသည်။
ညိုနဲ့သာ နေခဲ့ရရင် သား က အခုလောက်တောင် အဆင်ပြေပါ့မလား မသိဘူး..။
ညို က အိမ်ကို လွမ်းသော်လည်း သား ကတော့ ဒီအရပ်မှာ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတာဆိုတော့ သား အတွက်ပဲ ပြောင်းလဲကြိုးစားရပါဦးမည်လေ..။
.
“Thank You for calling how may I help you..”
“သောမတ်စ်…”
“Oh..I am so sorry he not in at the moment he out of meeting May I have your name please..”
“Nyo…”
“ok…last name…please….”
“Nyo…”
“ok….N O O ”
“No…N…y….o…”
“Ok…”
“May…I have your phone number ”
“6++++”
“6++++is that correct miss noo”
“yes…”
"Ok…"
ညို အထိတ်တလန့်ဖြင့် ဖုန်းဆက်လိုက်သော်လည်း တစ်ဖက်က မဆုံးနိုင်တဲ့ အင်္ဂလိပ်စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေ လိုက်တွေးပြန်ပြောပြီးချိန် ဖုန်းက ချသွားပြီ..။
ညို တချို့တလေ ပဲ နားလည်လို့ စိတ်မကောင်းဖြစ်ရသလို အိမ်ရှေ့တံခါးက ရဲတွေကိုလည်း ကြောက်လို့ မျက်ရည်စို့လာသည်။
ဒီနိုင်ငံကို ၀င်တုန်းကလည်း တစ်ခါ အစစ်ခံရသေးတာပဲ..။
အဲ့တုန်းက သောမတ်စ် ဘယ်လိုတွေ ဖြေရှင်းလို့လဲ မသိဘူး ညို ကျန်ခဲ့ရပြီးမှ ၀င်ခွင့်ရသွားတာ..။
တရားမ၀င်ရောက်လာခဲ့လို့လား မသိဘူး..။
ညို ဖုန်းနံပါတ်ထဲက မာမီ့ ဖုန်းကို ဆက်လိုက်သည်။
“ဟလို…”
“မာမီ…လုပ်ပါဦး…ညိုတို့အိမ်ရှေ့မှာ ရဲတွေ ရောက်နေတယ်..ညို ကြောက်လို့…ဟင့်…အီး…”
“ဟယ်…မငိုပါနဲ့ သမီးရဲ့…သောမတ်စ် အလုပ်သွားတာလား…”
“ဟုတ်တယ်….အိမ်မှာ ညို တစ်ယောက်တည်း…”
“အိုကေ…စိတ်အေးအေးထား…တံခါးခေါက်ရင် ဖွင့်ပေးလိုက်ပြီး စကားနားမလည်ကြောင်း ပြောလိုက်…”
“မာမီ ပြောပေးလို့ မရဘူးလားဟင်…”
“သမီး ပြောလို့ အဆင်မပြေရင် မာမီ့ကို ဖုန်းပြောခိုင်းလေ…နည်းနည်း ကြိုးစားကြည့်ပေါ့…”
ညို စိတ်ကို တင်းပြီး တံခါးကို ဖွင့်လိုက်တော့ ခါးထောက်ပြီး ရပ်နေတဲ့ ရဲ မျက်နှာကို မော့ကြည့်မိချိန် မျက်နှာက တည်တင်းနေသလို ရှိသည်။
“ဟ…ဟလို…ဆာ…”
“………….”
အင်္ဂလိပ်စကားကိုမှ အမြန်ပြောလို့ လုံးထွေးနေပြီး လမ်းဘက်ကိုလည်း လက်ညိုးထိုးပြနေတော့ ညို ရင်တွေ ခုန်လာသည်..။
ပျောက်နေတဲ့ နှလုံးရောဂါက ဒီရဲနဲ့တွေ့တော့မှသာ ရောဂါ ပြန်ထ တော့မယ် ထင်ပါရဲ့…။
ညို ပြောဖို့ တံထွေးတစ်ချက် မြိုချပြီး စကားလုံးတွေ စဉ်းစားရသည်။
အင်္ဂလိပ်စကားမတက်ဘူးလို့ ပြောလိုက်တာ လွယ်သော်လည်း စာရွက်စာတမ်းတွေတောင်းပြီး မပြည့်စုံရင် အဖမ်းခံရလိမ့်မည်။
ထောင်လည်းကျနိုင်သည်။
ညို ပြူးကြောင်ကြောင်သာ ကြည့်နေရင်း သူ က စကားတွေ ထပ်ပြောတော့ မျက်ရည်က ၀ဲလာတော့သည်။
“အိုင်…အိုင်…ကမ်နော့…”
“……..”
ကားအဝါ ကို တွေ့လိုက်တာနဲ့ ညို ၀မ်းသာ အားရ ပြုံးမိသွားသည်။
“၀ိတ်မိနစ်…”
ညို ပြောပြီး လှေကားကို ပြေးဆင်းကာ ကားလမ်းမ အထိ ထွက်ပြေးမိသည်။
သား က သူ့ကို လာကြိုတယ်ထင်ပြီး ကားပေါ်ကနေ ပြုံးပြီး ဆင်းလာကာ ညို့ကို ပွေ့ဖက်နေသေးသည်။
“မေမေ လွမ်းနေတာလားခင်ဗျ…”
“အင်း….ဒီမှာ…ရဲ ရောက်နေတယ်…မေမေ လည်း စကား မပြောတက်ဘူး..သား ဒယ်ဒီကလည်း ဖုန်းမကိုင်ဘူး…မေမေ အရမ်းကြောက်နေတာ…”
သားက ကလေးလေး ဆိုသော်လည်း ညို အားကိုးတကြီး ပြောရင်း မျက်ရည်ပင် ကျချင်နေပြီ..။
သား က ညို့လက်ကို ကိုင်ထားရင်း အိမ်ရှေ့ကို လှမ်းကြည့်ကာ ညို့လက်ကို ဆွဲပြီး ခြံထဲကို ပြန်ခေါ်လာသည်။
“ဆောရီး…သစ်…မိုင်မား…”
ရဲ က ပြုံးပြိး ခေါင်းညိတ်ကာ သားနဲ့ စကား ထပ်ပြောတော့ ညို့လက်ထဲက သားလက်ကလေးကို ဖိဆုပ်ထားမိရင်း ရင်ခုန်နေသည်။
သားဆီက စာရွက်စာတမ်းတောင်းရင်တော့ မာမီ့ကို ပြန်ပြီး ဖုန်းဆက်ရတော့မည်..။
ခေါ်သွားလို့ လိုက်သွားရရင်တောင် သားကို ဘယ်လို ထားခဲ့ရမလဲ..။
“မေမေ…”
“ဟင်…”
“ခြံရှေ့မှာ အပင်စိုက်ခွင့် မရှိဘူးတဲ့…ခြံထဲမှာပဲ စိုက်လို့ရမယ်တဲ့…”
“သြော်…အင်း…ရက်စ်ဆာ….ပြန်သိမ်းလိုက်မယ်လို့ ပြောလိုက်နော်…”
သား က ခေါင်းညိတ်ပြီး ပြောနေတော့ ရဲ က ပြုံးပြိး လက်ပြ နှုတ်ဆက်သွားသည်။
ညို ရင်ထဲက ပူပင်သောကတွေ ပြုတ်ကျသွားတော့ လူလည်း နှုံး၍ ကျန်ခဲ့တော့သည်။
“မေမေ ကြောက်နေတာလား…”
“အင်း….”
“မကြောက်ပါနဲ့..မေမေရဲ့…ကမ်…”
သား က လက်ဆွဲပြီး အိမ်တံခါးဖွင့်ခေါ်ခဲ့တော့ ညိုလည်း အိမ်ထဲ ရောက်တာနဲ့ ဆိုဖာပေါ်သာ ပစ်ချထိုင်လိုက်ရသည်။
သားက လွယ်အိတ်ချွတ်ချပြီး အနောက်ကို သွားကာ ရေတစ်ခွက် ထည့်လာပြီးပေးတော့ တစ်ခွက်လုံးကုန်အောင် မော့သောက်မိသည်။
သားက ညို့ဘေးမှာ ၀င်ထိုင်ပြီး အကဲခတ်နေတော့ စိတ်မကောင်းဖြစ်ရပြန်သည်။
“မေမေ နေကောင်းပါတယ်…”
“……..”
“မေမေ စကားနားမလည်ရင် ပြောလိုက်လို့ ရပါတယ်ခင်ဗျ…”
“အင်း…မေမေ ပြောလိုက်ရင် ဖမ်းမှာ စိုးလို့…”
“ဟီး..ဖမ်းပါဘူး…၀ိုင်းဝိုင်းကျောင်းမှာ မေမေ့ကို ခေါ်လာခိုင်းသေးတယ်…၀ိုင်းဝိုင်းက မေမေ က အင်္ဂလိပ်စကားမတက်ဘူး ပြောတော့ တီချယ်က ဒယ်ဒီ့ကို ခေါ်လာခဲ့ပြောတယ်…စကားမတက်လည်း ဘာမှ မလုပ်ပါဘူး…”
သား က ပြုံးပြီး ပြောနေသော်လည်း ညို ကတော့ စိတ်မကောင်းဖြစ်ရသည်။
သား ကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သောမတ်စ်ပဲ အစအဆုံး လုပ်ရသည်။
ဟိုမှာလိုမျိုး အခြွေအရံ ၀န်ထမ်း အဆင်သင့် မဟုတ်လေတော့ အကုန်လုံး သူ တစ်ယောက်တည်း ပြေးလွှား လုပ်ကိုင်နေရတာ ညို အားနာပါသည်။
ညို့ဘက်ကို အားကိုးပြီး အလုပ်ခိုင်းဖို့ကျတော့ စကားမှ မတက်တာပဲ..။
ညို သက်ပြင်းဖွဖွ ချလိုက်သည်။
“မေမေ…မာမီကြိး ဖုန်းဆက်တယ်…”
“ဟင်….အင်း…”
သား က အရင်ဖုန်းကိုင်လိုက်ပြိး သူ့အဘွားနဲ့ အင်္ဂလိပ်လိုတွေ အရင်ပြောသေးသည်။
“ဟုတ်ကဲ့ ခင်ဗျ…၀ိုင်းဝိုင်း ပြောလိုက်တယ်…အပင်မစိုက်ခိုင်းတာ…”
“မေမေ ပြောဦး…”
သား က ဖုန်းထိုးပေးတော့ ညို ဖုန်းယူလိုက်ရသော်လည်း ရှက်မိပါသည်။
“မာမီ ပြောသားပဲ ဘာမှ မဖြစ်ပါဘူး..သမီးရဲ့..စကားမတက်ကြောင်းပြောလိုက်ရင် ရပါတယ်…”
“ဟုတ်…ညို မသိလို့ပါ…”
“မာမီ ကတော့ သမီးကို ကျောင်းပြန်တက်စေချင်တယ်…”
“ဟင်…”
“သမီးက ငယ်သေးတာပဲ…အိမ်မှာပဲ နေတာထက် စာရင် မျက်စိပွင့်နားပွင့်ရှိအောင် ကျောင်းတက်တာ ပိုကောင်းတယ်…ဘာသာစကား သင်စရာလည်း မလိုတော့ဘူး…မာမီ ကျောင်းကိစ္စ စီစဉ်နေတုန်း သမီးက ESL တက်ထားရင် သာသာစကား ပိုတက်လာလိမ့်မယ်…အချိန်လည်း မကုန်တော့ဘူး…၀င်ခွင့်စာမေးပွဲအတွက်ပြင်ဆင်ပြီးရင် ကျောင်းစတက်လို့ရပြီ…”
“ညို မတက်ချင်ဘူး..မာမီရဲ့…”
“တက်လိုက်ပါ မေမေရယ်…မေမေ က ကျောင်းတက်တော့ စာလည်းတက်မှာပေါ့…စကားလည်း ပြောတက်သွားမှာလေ…အဲဒါဆို ၀ိုင်းဝိုင်း ကျောင်းကိုလည်း လိုက်လို့ရတာပေါ့…”
ဖုန်းက အသံဖွင့်ထားတော့ သားကလည်း ၀င်ပြောသည်။
သား မျက်နှာလေးကို ငေးကြည့်ရင်း ညို ဝေခွဲရခက်သွားသည်။
“ဘွဲ့တစ်ခုရရင် သမီး အလုပ်လုပ်ချင်လည်း အဆင်ပြေသွားလိမ့်မယ်…”
“ဟို…ညိုက စာသင်တာ ညံ့တယ်..မာမီ…”
“ညံ့တာ တော်တာ အကြောင်းမဟုတ်ဘူး..သူ့ဟာသူ တက်သွားလိမ့်မယ်…နော်…မာမီ စီစဉ်လိုက်မယ်…သမီးတို့နေတဲ့ မြို့က ESL တက်လို့ရမဲ့ နေရာတွေ မာမီ စုံစမ်းပြီး သားကို ပြောလိုက်မယ်နော်…ဟုတ်ပြီလား…”
သား က မျက်လုံးလေး ၀ိုင်းပြီး အားတက်သရော ခေါင်းညိတ်ပြနေတော့ ညို သက်ပြင်းဖွဖွ ချလိုက်မိသည်။
“ဟုတ်..ဟုတ်ကဲ့…မာမီ…”
ညို ခေါင်းညိတ်လက်ခံလိုက်တော့ သား က ညို့ လည်ပင်းကို ဆွဲဖက်လိုက်လို့ ပြုံးလိုက်မိပါသည်။
ကျောင်းမတက်ချင်လို့ ပေတေနေလာပြီးမှ သားမျက်နှာကြောင့် ကျောင်းပြန်တက်ရပါဦးမည်တဲ့..။
ယောက်ျားကို မလျော့သမျှ သားကိုတော့ အလိုအလျောက် လျော့ပေးမိတာလည်း ညိုက မိန်းကလေး ဆန်လွန်းသည် ထင်ပါရဲ့..။
.
“သမီး သင်တန်းက အဆင်ပြေရဲ့လား…”
“ဟုတ်ကဲ့…”
“မာမီ ကျောင်းလေးကျောင်းစုံစမ်းထားတယ်…အစိုးရကျောင်း သုံးကျောင်း တစ်ခါတည်း စီစဉ်ထားတယ်…ဟိုနေ့က ပြောခဲ့တဲ့ ကျောင်းတွေလေ…၀င်ခွင့်ဖြေဖို့အတွက် သမီးကို အနီးကပ် စာပြပေးဖို့ တီချယ် တစ်ယောက်လည်း စီစဉ်ထားတယ်…”
ညို စိတ်မောစွာဖြင့် အသက်တောင် မရှုရဲဖြစ်နေသည်။
သင်တန်းတက်လိုက်တော့ စကားပြောတာ သွက်လာသလို နည်းနည်း ရေးတက် ဖတ်တက်လာပြီမို့ ကျောင်းလည်း မတက်ချင်ပါ..။
ကျောင်းတွေက ဈေးကြီးသလို ညိုကလည်း ကျောင်းစာကို စိတ်မ၀င်စားတက်တဲ့ အစားမျိုး..။
သောမတ်စ် ကတော့ မတက်ချင်ရင် မာမီ့ကို ပြောလိုက်ပေါ့ အကုန်မာမီ စီစဉ်နေတာတဲ့..။
ညို တိုက်ရိုက်ပြောဖို့ကျတော့ အားနာနေမိသည်။
“မာမီကတော့ အလှအပ ကြိုက်တော့ ဖက်ရှင်နဲ့ပတ်သက်တာတွေကို စိတ်ဝင်စားနေတာ သမီးက ညဏ်ထက်တော့ သိပ္ပံနဲ့ ပတ်သက်တာကို သမီးဒယ်ဒီက ယူစေချင်တယ်…ဒါပေမဲ့ ကျောင်းမှာ ပြန်ပြောင်းယူတဲ့ကိစ္စ တွေက သပ်သပ်ပေါ့..ခုကတော့ဝင်ခွင့်ဖြေဖို့က အရေးကြီးတာပဲ…”
ညို ဖုန်းနားထောင်ရင်းက စာမေးပွဲခန်းထဲ ရောက်နေသလိုတောင် ခံစားနေရသည်။
ဒီလိုပုံစံနဲ့ ဘယ်လို ၀င်ခွင့်ဖြေမှာလဲ..။
ဖြေရင်လည်း အောင်မှာ မဟုတ်တာ သေချာသည်။
ညို သင်တန်းတက်တာကလည်း နည်းနည်း သိနားလည်ရုံပဲ ကြိုးစားသင်တာပါ..။
သောမတ်စ်တို့နဲ့စကားပြောရင်း နားရည်ဝသလောက်ဖြစ်နေပြီပဲ..။
“ဟို..မာမီ…ညို..စကားကောင်းကောင်း ပြောတက်ပါပြီ..ကျောင်းမတက်လို့ မရဘူးလားဟင်…”
“ဘာဖြစ်လို့လဲ..သမီးရဲ့..”
“ဟိုလေ…သားကကျောင်းတက်နေတာလေ…ညို တက်ရမဲ့ ကျောင်းတွေက အိမ်နဲ့လည်း နည်းနည်း လှမ်းတယ်မလား…ပြည်နယ်တောင် မတူဘူးဆိုတော့လေ…အဲဒါကြောင့်ပါ..”
“သမီး နဲ့အဆင်ပြေ ကိုက်ညီမဲ့ ကျောင်းမျိုးကို မာမီ က ရွေးထားတာပါ…ဘာဖြစ်လဲ သမီးရဲ့..မြေးလေး အတွက် ဘာမှ မပူနဲ့ မာမီ ခေါ်ထားမယ်….သမီး က ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေလို့လည်း အဆင်ပြေတာပဲ…စာကိုသေချာလုပ်ရင် လေးနှစ်နဲ့ ကျောင်းပြီးမယ်…လေးနှစ်ဆိုတာ ဘာမှ မကြာပါဘူး..”
သား နဲ့ခွဲနေရဖို့ တွေးမိလိုက်ရုံဖြင့် ညို အသက်ရှုမ၀ သလို ခံစားလိုက်ရသည်။
သားနဲ့ မခွဲချင်လို့သာ ဒီအထိ လိုက်လာရတာလေ..။
ညို ဘယ်လို ပြောရမှန်း မသိလို့ လျှောက်စဉ်းစားကြည့်နေမိသည်။
“ဟို…ကျောင်းလခ ကလည်း ဈေးကြီးတယ်လေ…”
“ပိုက်ဆံကုန်တာ မပြောနဲ့…သမီး ကျောင်းစရိတ် က မာမီတို့အတွက် မပြောပလောက်ဘူး…သမီး ကျောင်းပြီးတဲ့အထိ တာဝန်ယူနိုင်တယ်…ဟုတ်ပြီလား…မာမီတို့ တက်နိုင်တယ်…သမီး ဘက်က အားနာလို့ဖြစ်ဖြစ် မလိုချင်လို့ပဲ ဖြစ်ဖြစ် ကိုယ့်ငွေနဲ့ ကိုယ်တက်ချင်လည်း အလုပ်လုပ်ပြီး တက်လို့ရသေးတယ် …စာကြိုးစားပြီး ပညာသင်ထောက်ပံကြေးတွေ ယူလို့လည်းရတယ်…ငွေကြေးက ပြဿနာ မဟုတ်ပါဘူး..“
“ညို က စာသိပ်စိတ်မ၀င်စားတော့လေ…မတက်ရင် ကောင်းမယ်..မာမီ…”
တစ်ဖက်က စကားသံ တိတ်ဆိတ်သွားတော့ စိတ်များဆိုးသွားပြီလားလို့ တွေးရင်း ညို နေရခက်သွားသည်။
“ဟလို…မာမီ…စိတ်မဆိုးပါနဲ့နော်…ညို က …”
…”
“သမီး က ညဏ်ကောင်းတယ် အမြင်ရှိတယ်…ထက်မြတ်တဲ့ကလေးတစ်ယောက်မှန်း မာမီ ငယ်ငယ်ကတည်းက သိပါတယ်…ဒါပေမဲ့ သားနဲ့ လက်ထပ်တုန်းက မာမီ မလိုလားခဲ့ဘူး..ဘာဖြစ်လို့လဲ..သိလား…”
“…….”
ညို စိတ်မကောင်းဖြစ်ကာ မျက်ရည်က ချက်ချင်း ပြည့်လာပါသည်။
“လယ်ဗယ်မတူလို့မလား…မာမီ….”
“ဟုတ်တယ်….”
“ဟင့်…သိပါတယ်…ညို မှားခဲ့တာပါ…သူ့အတွက်…သူ လီလီနဲ့ လက်ထပ်ရင်တောင် လယ်ဗယ်တူနိုင်တယ်…”
“မငိုပါနဲ့..မာမီ က အမေ တစ်ယောက်ရဲ့ ခံစားချက်နဲ့ ဝေဖန်ခဲ့တာပါ….ဒါပေမဲ့ လီလီနဲ့ ယှဉ်လိုက်ရင်တော့ သမီး ကို လက်ထပ်ဖြစ်တာ မာမီ သိပ်ဝမ်းသာခဲ့တာပါ…သား နဲ့ သမီး က ပတ်ဝန်းကျင်မတူဘူး..ကြီးပြင်းလာရတဲ့ နေရာဒေသ အခြေအနေ မတူဘူး..သမီးက ထက်မြတ်ပေမဲ့လည်း အခြေအနေကြောင့် ရပ်ကွက် က သင်ပေးတဲ့ ထက်မြတ်ပုံမျိုးပဲ ထက်မြတ်ခွင့်ရခဲ့တာမလား…သားနဲ့သမီး မတူတာတွေ များနေတော့ သားစိတ်ညစ်ရမယ်ဆိုတာ သိလို့ မာမီက သဘောမတူချင်ခဲ့တာပါ….ဒါပေမဲ့ သမီး အနစ်နာခံခဲ့တာ မကျန်းမာတာတောင် သည်းခံပေးခဲ့တာတွေ မြေးနဲ့သားအပေါ် ချစ်တာတွေကို အသိအမှတ်ပြု လေးစားရပါတယ်….သမီး မှတ်မိမှာပါ..ငယ်ငယ်ကတည်းက မာမီ က သမီးကို သမီးတစ်ယောက်လို ချစ်ခဲ့တာပဲမလား…အခု သမီးက မာမီ့သားနဲ့လက်ထပ်ပြီး မာမီ့သမီးဘ၀ကို တကယ်ရောက်သွားပြီ…အခု မာမီ သမီးကို ဆွဲတင်နေပြီလေ…သမီး ပတ်ဝန်းကျင်ကို ပြောင်းပေးနေပြီလေ….သမီး က သောမတ်စ်နဲ့ လယ်ဗယ်တူတဲ့ အမျိုးသမီးလုပ်ငန်းရှင် တစ်ယောက် မဖြစ်ချင်ဘူးလား…ဟင်…ဒေးဗစ် အမေ က -----ရပ်ကွက်ဈေးလေးမှာ ကြီးပြင်းပြီး…နိုင်ငံကြီး တစ်နိုင်ငံရဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေနိုင်တယ်ဆိုတာနဲ့..ဒေးဗစ် အမေ က ရပ်ကွက်ဈေးလေးမှာ ကြီးပြင်းပြီး နိုင်ငံကြီး တစ်နိုင်ငံရဲ့ အိမ်လေးတစ်အိမ်က အိမ်ရှင်မ ဆိုတာ ဒီနိုင်ငံမှာ အရမ်းကွဲပြားတယ်…မာမီလို အသက်အရွယ်တောင် သင်ယူနေတယ်…ကြိုးစားနေတယ်…သားတွေရဲ့ အလုပ်တွေကို နားလည်အောင် သားတွေရဲ့ အလုပ်တွေကို ကူနိုင်အောင် သားတွေ လေးစား ဂုဏ်ယူရအောင် ကြိုးစားနေတယ်…သမီး ကော သမီး သားလေး အတွက် မကြိုးစားကြည့်ချင်ဘူးလား…သမီးယောက်ျားနဲ့ လယ်ဗယ်တူ ဖြစ်တဲ့အထိ မကြိုးစားချင်ဘူးလား… သမီး မေမေ ဂုဏ်ယူရလောက်တဲ့အထိ ကြိုးစားမပေးသင့်ဘူးလား..ဟင်…”
“………”
ညို တိတ်ဆိတ်စွာဖြင့် မျက်ရည်ကျနေမိပါသည်။
အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်လာရသူမို့ ဘာကိုမှ ရင်မဆိုင်ရဲတော့တာပါ..။
သားလေးနဲ့လည်း မခွဲနိုင်ပါဘူး..။
ဒါပေမဲ့ သား က ညို့ကို ကျောင်းတက်ဖို့ချည်း တိုက်တွန်းနေတာပါ။
“မေမေက တော်သွားပြီ…အရင်တုန်းကဆို ကျောင်းလိုက်လို့မရဘူး..ခု မေမေ က စကားပြောတက်သွားပြီ..၀ိုင်းဝိုင်းပျော်တယ်…”
သင်တန်းတက်ြ့ပီး မတောက်တခေါက်ပြောတက်ရုံလေးကိုတောင် ဂုဏ်ယူပြီး ပျော်နေရှာတာလေ..။
“ညို…မာမီက အတင်းအကြပ် မတိုက်တွန်းပါဘူး…သမီး စိတ်ပျော်သလိုပဲ ကျန်းကျန်းမာမာနေစေချင်တာပါ…မာမီ့ကြောင့် ကျောင်းတက်ပြီး စိတ်ညစ်နေရမယ်ဆို သမီး ကျန်းမာရေးအတွက် မကောင်းနိုင်ဘူး…အဲလိုမျိုးမာမီ မဖြစ်စေချင်ဘူး…သမီး ကျောင်းတက်ချင်တယ်..မတက်ချင်ဘူးဆိုတာကို..နောက်အပတ်ထိ စဉ်းစားပါ…ပြီးရင် မာမီ့ကို ဖုန်းဆက်ပြောဖို့ မပြောရဲရင်တောင် မေးလ်ပို့ထားလိုက်ပါ….ဟုတ်ပြီလား…”
“ဟုတ်ကဲ့…မာမီ…”
မာမီ က ဖုန်းချသွားသော်လည်း ညို့မှာ အတွေးစ မပြတ်နိုင်ဖြစ်နေသည်။
ခွဲခြားဆက်ဆံမှုတွေနဲ့ ကြီးပြင်းလာရတဲ့ညို့ဘ၀ကို တွေးကြည့်ရင် တိုးတက်ချင်စိတ်က အပြည့်ရှိပြီးသားပါ..။
ငွေကြေးကြောင့် ခွဲခြားခံရတယ်..။
ရုပ်ရည်ကြောင့် ခွဲခြားခံရတယ်..။
ဂုဏ်ကြောင့် ခွဲခြားခံရတယ်..။
ပညာကြောင့် ခွဲခြားခံရတယ်..။
ငါ အခွင့်အရေးမရှိလို့ ခုလို ဖြစ်ရတာလို့ အမြဲ နှစ်သိမ့်နေခဲ့တာ..။
ခုက အခွင့်အရေးရှိလာပြီဆိုသော်လည်း နှလုံးသား ထပ်ရင်းရမှာကို တွေဝေနေမိသည်။
ညို့ အတိတ်ကို တွေးမိတော့လည်း သူ့ဘေးမှာ လက်ချိတ်ပြီး မပြောတက် မဆိုတက် လူကဲ့ရဲ့ခံခဲ့ရတာတွေ..။
လိလီပြောခဲ့တဲ့ ခြားနားခြင်းတွေ..။
ကိုယ့်ဘ၀နဲ့သူ့ဘ၀ မတူညီမှုတွေနဲ့ သူ အရှက်ရသလို ကိုယ်အရှက်ကွဲခဲ့ရတာတွေ..။
ဒါတွေက အဆင့်အတန်း မတူခဲ့လိုပဲမလား..။
ကိုယ့်ဘက်က မြင့်တင်ဖို့ လိုအပ်နေခဲ့တာမလား..။
ညို ဝေခွဲမရတော့လို့ နစ်နာခဲ့တဲ့ သားကိုပဲ ဆုံးဖြတ်ခိုင်းဖို့ တွေးလိုက်ပါသည်။
.
“ဒါဆို…မမ ကားမောင်းတက်သွားပြီပေါ့…”
“အင်း..လိုင်စင်လည်း ရမှာတဲ့…”
“အားကျလိုက်တာ…”
“အားကျနိုင်မှာပေါ့…သူကတော့ မေမေ့အနားမှာ နေရတာကိုး…”
“ဟီး…မမ က သားနဲ့ယောက်ျားနဲ့ နေရတာပါနော်…ယောက္ခမတွေက သိပ်ချစ်တာမလား…”
“အပြောကောင်း…”
ညို မျက်စောင်းထိုးလိုက်တော့ ဖြူ က ရယ်နေသေးသည်။
ဖုန်းတောင်မှ ကန့်သတ်ချက်နဲ့ တစ်ပတ်တစ်ခါလောက်ပဲ ပြောခိုင်းသည့် ယောက်ျားဖြစ်သူကတော့ အိပ်ပျော်နေပြီ..။
မြန်မာစကား အများကြီး ပြောနေရင် ဘာဘာစကား အတက်နှေးတယ်တဲ့..။
သူအိမ်ပြန်လာရင်လည်း သူ ဘိုလိုပြောသမျှကို စဉ်းစားပြီး ဘိုလိုပဲ ပြန်ပြောရတာ..။
သူများသားသမီးကို ပြန်ပြေးဆွဲခေါ်လာပြီး ကောင်းကောင်းနှိပ်စက်နေတာလေ..။
မေမေ က မိညိုမ မဆိုးနေနဲ့နော်ပဲ သတိပေးနေတာပဲ..။
သူ့သမီးလေး ဘယ်လောက် နှိပ်စက်ခံနေရလည်း သိတာတောင် မဟုတ်ဘူး…။
“သြော်…မမ…မမ အ၀တ်တွေလေ…ဖြူနဲ့လည်း မတော်လို့ ရောင်းလိုက်ရတယ်..ပိုက်ဆံရတာကို ဘယ်လိုပေးရမလဲဟင်…”
“ဟမ်…ဘယ်က အ၀တ်လဲ…”
“အစ်ကိုနဲ့မမတို့နေတဲ့တိုက်က အ၀တ်တွေလေ..နည်းတာ မဟုတ်ဘူး..ဘရန်းတံဆိပ်တွေလည်းပါသေးတယ်…ပြန်ရောင်းတာတောင် အများကြီးရတယ်…မေမေ က ဆူနေတာ သိန်းဆယ်ချီအောင် ၀ယ်လို့တဲ့…”
“ဟယ်…အဲ့အ၀တ်တွေကို ရောင်းလိုက်တာလား..ဘာဖြစ်လို့တုန်း…”
“မသိဘူးလေ…အစ်ကို က အိမ်ရောင်းလိုက်တော့ အဲ့ဒါတွေကို ဖြူယူလိုက်တဲ့ပြောတာပဲ…၀န်ထမ်းတွေ အိမ်လာပို့ပေးသွားတာပဲလေ…ဖြူနဲ့မတော်လို့ ရောင်းလိုက်ရတာ..ဖိနပ်တွေလည်း မတော်ဘူး..ပိုက်ဆံအိတ်ကျတော့လည်း အနက်တွေ အစိမ်းတွေ ဖြူမှ မကြိုက်တာ…အဲ…အဖြူရောင် သုံးလုံးတော့ ယူထားတယ်..ဒီမှာလေ…”
ဖြူ က သူ့အခန်း ဘီဒိုထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ပြသော်လည်း ညို အံသြရပါသည်။
တိုက်ကို ရောင်းလိုက်တာ မပြောတာတော့ သူ့အိမ် သူသဘောမို့ ထားပါတော့လေ..။
ညို့ အ၀တ်တွေကို ပေးပစ်စရာလား..။
နောက်ပြိး လွယ်လွယ်ကူကူရထားတာတွေ မဟုတ်ဘူး..။
လူကို မှိုချိုးမျှစ်ချိုးပြောတာလည်း ခံရသည်။
ခြိမ်းခြောက် အမုန်းခံပြီး ၀ယ်ခိုင်းထားရတာ..။
ဒါတွေကတော့ ညို ပိုင်သင့်တာပဲမလား..။
ညို့ ပစ္စည်းလို့ ပြောလို့ရတာပဲမလား..။
“ဒီမှာ..ဖြူ သပ်သပ်ထားတယ်…တွေ့လား..အားကြီးပဲ…”
ဖြူ က ပိုက်ဆံဘူးလေးကို ပါ ဖွင့်ပြတော့ ညို စိတ်မကောင်းသော်လည်း မကောင်းတက်လို့ ပြုံး၍ ခေါင်းညိတ်လိုက်ရပါသည်။
“အိမ်ကကော ရောင်းလိုက်ပြီလား..”
“ဟုတ် ရောင်းလိုက်ပြီ ပြောတယ်…အိမ်ရတဲ့လူတော့ မိုက်ပြီနော်…အဲ့အိမ်က ပြင်ဆင်ထားတာတွေက တကယ့်အကောင်းစားတွေနော်…မမ တို့ နေတုန်းက ဖြူလည်း ခဏလာနေလိုက်ရမှာ..ခုတော့ သွားပြိ…”
ဖြူ က နမျောစွာ ပြောနေတော့ ညိုလည်း နမျောရတာပါပဲ..။
အိုး..မနှမျောဘူး..။
အဲ့အိမ်က ဘယ်သူအတွက် ဘယ်သူ့ကို ရည်စူးပြီး ဆောက်ခဲ့လည်း ဆိုတာ ညို ကောင်းကောင်းသိပါသည်။
ဒါပေမဲ့လည်း ညိုနဲ့သူရဲ့အမှတ်တရတွေ..။
သားနဲ့ အမှတ်တရတွေ အများကြိး ရှိနေတော့ ရောင်းလိုက်တာ နမျောတာပါ..။
အိမ်ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်လေး ပျက်စီးသွားသလို ခံစားလိုက်ရပါသည်။
“မမ ကျောင်းတက်ရတော့မယ်ဆို….ခု သင်တန်းတက်နေတာ..အဆင်ပြေလား…”
“ပြေပါတယ်…စကားကော စာကော သင်ပေးတယ်…”
“စာမလုပ်ချင်တဲ့ မမတော့ ဒီမှာ မလုပ်ရပေမဲ့ နိုင်ငံခြားမှာ စာလုပ်နေရပြီမလား…ဟီး..”
“အေးလေ…သင်တန်းပြီးတာနဲ့ ကျောင်းက တက်ရဦးမယ်..ကျောင်းမှာပဲ သွားနေရမှာတဲ့…စိတ်ကို ညစ်ကောပဲ…”
“စိတ်မညစ်ပါနဲ့ မမရဲ့…သူများတွေဆို ကျောင်းတက်ချင်ရင်တောင် ကျောင်းလခ ဈေးကြီးလို့လေ..မမ က ယောက္ခမကိုယ်တိုင်က ကျောင်းထားပေးတာ ဘယ်လောက် မိုက်လိုက်သလဲလို့…”
“အဲဒါကြောင့် အဲလောက် စာလုပ်နေရတာ…သောမတ်စ်သာ ထားပေးလို့ကတော့ ငါ လုံးဝ မတက်ဘူး..ဖြစ်ချင်ရာဖြစ်ပဲ…”
“ဟီးသိပါတယ်…မမ က အစ်ကို့ကိုဆို သိပ်အနိုင်ကျင့်တာပဲ…”
မေမေ ကော ဖြူ ကော က သောမတ်စ်ဘက်ကချည်းပါပဲ..။
ညိုက အနိုင်ကျင့်တယ်ပဲ ပြောနေတာ..။
သူ အသံမထွက်ပဲ နှိပ်စက်တာကျတော့ မသိကြဘူးလေ..။
“မမ အိပ်တော့လေ….ညနက်နေပြီမလား..”
“အင်း…အင်း..ဒါပဲနော်..ဖြူ…”
ညို တာတာ့ပြလိုက်ပြီး ဖုန်းကို ပိတ်လိုက်ကာ ဆိုဖာက ထပြီး သား အခန်းကို တစ်ချက်သွားကြည့်သည်။
သား က အိပ်မောကျနေပြီမို့ တံခါးကို ပြန်စေ့ပေးခဲ့လိုက်ကာ အိပ်ခန်းကို ပြန်လာခဲ့ရသည်။
ခုတင်ပေါ်မှာ ဇိမ်ကျကျအိပ်ပျော်နေတဲ့ ဒင်းကို အမြင်ကပ်လို့ ခြေလှမ်းကြဲဖြင့် အနားကို ရောက်သွားကာ ရင်ဘတ်ကို ပိတ်ရိုက်ပစ်လိုက်သည်။
“အား…”
သူ က ငုတ်တုတ်ထထိုင်ပြီးမှ ဘေးပတ်လည်ကို လိုက်ကြည့်နေတော့ မျက်စောင်းထိုးမိသည်။
“ဘာဖြစ်လို့လဲ…ညို..ဘာဖြစ်တာလဲ..မောလို့လား…”
ညို့ကို စိုးရိမ်တကြီး မေးနေတော့ စိတ်ဆိုးချင်နေတာတောင် ပျောက်သွားပြီး ခုတင်ပေါ် ပစ်ချထိုင်လိုက်ရပါသည်။
“စိတ်ဆိုးနေတာ…”
“ဟမ်…ဘယ်သူ့ကို စိတ်ဆိုးတာလဲ…သြော်…ဖြူတို့ကိုလား…”
“နင့်ကို..နင့်ကို…”
“ဟမ်….”
ညို လက်ညိုးထိုးပြီး ပြောလိုက်တာတောင် နားမလည်ဖြစ်နေသေးလို့ ပါးကို ဖျစ်ဆွဲလိုက်ရသည်။
“ဟ..အား..နာတယ်…ညိုရဲ့..တို့ဘာလုပ်လို့လဲ…”
“အိမ်ရောင်းလိုက်ပြီဆို…”
‘အိမ်..ဘယ်အိမ်…သြော်…အဲ့အိမ်…အင်း…ဟုတ်တယ်…အရောင်းတင်ထားတာ ကြာပြီလေ…ဘာဖြစ်လို့လဲ…”
“ငါ့ကို ပြောလား..မပြောဘူးမလား..ဘယ်ပြောမလဲ…လီလီ့အတွက် ဆောက်ထားတဲ့အိမ်ပဲလေ..ငါနဲ့မှမဆိုင်တာ…ငါက အတင်းတက်နေတာ…လီလီနဲ့အိပ်ဖို့လုပ်ထားတဲ့ အခန်းကို ငါက အတင်းဝင်နေရတာ…လီလီ အတွက် ပြင်ဆင်ထားတဲ့ ပန်းခြံကို ငါ ရေလောင်းပေါင်းသင်ပေးရတာ…ငါ က လီလီနေရာကို လုထားတာလေ…ငါ့နေရာမှ မဟုတ်တာ….အခုလည်း အိမ်ရောင်းတာ လီလီ သဘောတူရဲ့လား..တော်ကြာနေ ပြဿနာဖြစ်နေဦးမယ်…”
ညို ခံစားချက်ရသမျှ အခုတော့ ရန်စွာစွာဖြင့် ထုတ်အံ ပြောပစ်လိုက်ရင်းမျက်ရည်က ၀ဲတက်လာပြန်သည်။
“……..”
ညို့ကို ဆွဲဖက်လိုက်တော့ မငိုဘူးလို့ တင်းထားသမျှ စိတ်တွေက လစ်ဟာသွားကာ မျက်ရည်တာကျိုးကျလာတော့သည်။
သူ့ပခုံးပေါ် မျက်နှာကပ်ထားရင်း ခံစားမိသမျှကို ၀မ်းနည်းကာ ပိုငိုမိသည်။
“ညို့အတွက် စိတ်ဒဏ်ရာတွေချည်းပဲ ရှိခဲ့တဲ့နေရာမို့ တို့ ရောင်းလိုက်တာပါ…တို့တောင်းပန်ပါတယ်…”
“နင့်အိမ်ပဲ ရောင်းချင်ရောင်း ပေါင်ချင်ပေါင် ကြိုက်တာလုပ်…”
ညို ငိုရင်း ပလုံးပထွေးပြောလိုက်တော့ ကျောကို ပွတ်ပြီး ချော့နေသေးသည်။
သူ က ချော့လေ ညို က ပိုငိုချင်လေပါ..။
ငိုနေတာ ရှက်ဖို့ကောင်းမှန်း သိသော်လည်း မရပ်တန့်နိုင်တာပါ..။
“ညို့ကို ဖြူ ပြောတာလား…”
“ဟင့်…ဟုတ်တယ်….အကျီ င်္တွေလည်း သူ့ကို ပေးလိုက်တာ မတော်လို့ ရောင်းပစ်လိုက်ရတယ်တဲ့…အဲ့အ၀တ်တွေ ငါ လွယ်လွယ်ကူကူ ရခဲ့တာလား..ဟင်..နင် မသဒ္ဓါမှန်း သိရဲ့သားနဲ့ စေတနာ မရှိမှန်း သိရဲ့သားနဲ့ ငါ့မှာ နင်နဲ့လိုက်ဖက်အောင် နင်ဘေးမှာ နင်လိုချင်တဲ့ ပုံစံမျိုး အဆင့်အတန်းရှိရှိ ၀တ်စားနိုင်အောင် အမြင်ကပ်ခံပြီး ၀ယ်ခိုင်းထားရတာ…သူတောင်းစားလို တောင်းထားရတာတွေလေ…နင် ကြည်ကြည်သာသာ ၀ယ်ပေးခဲ့တာတွေမို့လို့ ပေးချင်တိုင်းပေးပစ်ရတာလား..အီး..ဟီး…”
“တို့တောင်းပန်ပါတယ်…ညိုရယ်…တို့မှားခဲ့တဲ့အမှားတွေ…ညို နာကျင်ခဲ့ရသမျှတွေကို အပြီးဖျက်သိမ်းချင်လို့ ညို့ကို အသိမပေးပဲ လုပ်လိုက်တာပါ…ခု အိမ်မှာ ညိုရယ်တို့ရယ် သိပ်ချစ်တယ်…သားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတယ်…အဲလို ဘ၀ သစ်မျိုး ပြန်စနေတာ..အတိတ်တွေကို အပြီးသတ်လိုက်တာပါ…”
“အဲလို လုပ်ရုံနဲ့ ငါ ခံစားရသမျှတွေက ပျောက်သွားကောလား….ဟင့်…အတိတ်ကို ပြန်တွေးကြည့်တိုင်း ငါ နင့်ကို တကယ်ကွာရှင်းချင်တာ သောမတ်စ်…ငါ…ငါ ချစ်လွန်းလို့သာ…မလုပ်နိုင်ဖြစ်နေတာ…ဟီး…”
ညို့ မျက်နှာကို ဆွဲမော့ပြီး နဖူးချင်းကပ်လိုက်ကာ ခေါင်းညိတ်နေတော့ သူ့ရင်ဘတ်ကို တွန်းပစ်လိုက်သည်။
“တို့…တို့ မှားခဲ့တာတွေ အတွက် တောင်းပန်ပါတယ်…ညိုရယ်…တို့ကို ခွင့်လွှတ်ပါနော်…တို့ကို အခွင့်အရေး ထပ်ပေးပါနော်…တို့ တောင်းပန်ပါတယ်…”
ညို နာကျင်စွာ မော့ကြည့်လိုက်ချိန် သူ့မျက်ဝန်းထဲမှာလည်း မျက်ရည်တွေ ပြည့်နေလို့ နှလုံးသားက ထိခိုက်နာကျင်ရပါသည်။
သူ့လည်ဂုတ်ကို ဆွဲပြီး နမ်းလိုက်ကာ အတိတ်တွေကို မေ့ပစ်လို့မရတောင် ထားခဲ့ဖို့ တွေးမိပါသည်။
ကိုယ့်ဘက်က ကြည့်တော့ ကိုယ်အမှန်တရားနဲ့ ကိုယ်..။
သူ့ဘက်က ကြည့်တော့လည်း သူ့အမှန်တရားနဲ့ သူ ရှိမှာပဲလေ..။
သူ့ဘက်က သဘောထား အစစ်အမှန် ကို ညို မသိနိုင်သော်လည်း ညို့နှလုံးသား က အချိန်တိုင်း သူ့ကို ချစ်နေဆဲဆိုတာတော့ လက်ခံရပါသည်။
သူ စိတ်မကောင်းဖြစ်ရုံနဲ့ကို အလျော့ပေးပစ်ချင်တာလေ..။
“ညို…တို့ကို မုန်းသွားလို့လား ဟင်…”
သူ့ကို ခုပဲ နမ်းပေးလိုက်တာကို မုန်းသွားလို့လားဆိုတော့ သောမတ်စ် တုံးချက်က မလွန်လွန်းဘူးလားလို့ ညို စဉ်းစားမိသည်။
“မုန်းရင် ငါက နမ်းမှာလား..”
“ဒါဆို..မချစ်တော့ဘူးလား…”
“ချစ်လို့နမ်းတာပေါ့…အရူးကောင်ရဲ့…”
“တို့..ကြောက်တယ်…ညို မုန်းသွားမှာ…မချစ်တော့မှာ…မမှတ်မိတော့မှာ…သိပ်ကြောက်တယ်…ညို…”
ညို့ကို ဆွဲဖက်ပြီး ကျောကို ပွတ်သပ်ရင်း ပြောနေတော့ သူ့လည်ပင်းကို ပြန်ဖက်ထားရင်း သူ့ပခုံးပေါ် မေးတင်ထားမိသည်။
“တို့…အဲ့အိမ်ကို ဘယ်တော့မှ ပြန်မသွားချင်ဘူး…ညို့ကိုလည်း မသွားခိုင်းဘူး…”
“ဟင်…”
“ကိုယ်သိပ်ချစ်တဲ့သူရဲ့ အချစ်မခံရတာ ဘယ်လောက်နာကျင်စရာကောင်းလဲ တို့သိပြီးပြီမို့…ညို့ရဲ့ နာကျင်စရာကောင်းတဲ့ ခံစားချက်တွေကို ပြန်သတိရသွားတာမျိုး မဖြစ်စေချင်လို့လေ…ညို ခံစားခဲ့ရသမျှ အပြီးထားခဲ့လိုက်မယ်…အခု တို့ ညို့ကို သိပ်ချစ်တယ်…ဒါကို ညို ခံစားမိတယ်မလား…”
ညို ဘာမှ ပြန်မပြောနိုင်သော်လည်း နှလုံးခုန်နှုန်းက မြန်နေသည်။
သူ က ချစ်တယ်လို့ ပြောလိုက်တိုင်း ညို့မှာ အိပ်မက်လိုသာ ထင်နေမိတာ ခက်သည်။
အခုပဲ နှိပ်စက် အနိုင်ကျင့်ထားတဲ့ လူက အခုပဲယုယကြင်နာပြသလို ယုံရခက်နေသည်။
သူ့ဘက်က ကြည့်တော့လည်း သုံးနှစ်အချိန်တွင်း ညို့အပေါ် ခံစားချက်တွေ ပြောင်းလဲပြီ သံယောဇဉ်ဖြစ်သွားတာ ထင်ပါတယ်..။
ညို သက်ပြင်းဖွဖွ ချလိုက်ကာ သူ့ကို ပိုတိုး၍ ဖက်လိုက်မိသည်။
ညိုကတော့ ဘယ်လို အခြေအနေ ဖြစ်ပါစေ သူ့ကို မုန်းမရအောင် ချစ်မိနေတော့ ရှေ့ဆက်ရုံပေါ့လေ..။
ညို သက်ပြင်းရှိုက်ပြီး တွန်းခွာလိုက်သည်။
သူ့ပါးကို လက်နဲ့စမ်းကြည့်ရင်း သူ့မျက်လုံးတွေကို ကြည့်မိတော့ သဘောကျစွာ ရင်ခုန်ရပြန်သည်။
“သောမတ်စ်…”
“ရက်စ်…”
“ငါ…နင့်ကို ချစ်နေတုန်းပဲ…နာကျင်စရာ အတိတ်တွေကို တွေးမိရင်တောင် နင့်အပေါ် ချစ်တဲ့ အချစ်က နည်းနည်းမှ မလျော့ဘူး…”
သောမတ်စ် က ညို့ကို နမ်းလိုက်တော့ သူ့အနမ်းကို တန်ု့ပြန်မိသည်။
အနမ်းတွေ ခဏ ရပ်လိုက်ချိန် ညို့ပါးကို ဖွဖွ ပွတ်ပေးသည်။
“တို့လည်း ညို့ကို သိပ်ချစ်တာ…ညိုရဲ့…”
ညို မယုံနိုင်သော်လည်း ခေါင်းညိတ်လိုက်ပါသည်။
အချစ်ကို လိုချင်ခဲ့တာမို့ အချစ်ရရုံဖြင့်ကျေနပ်ပါသည်။
သူ့လက်တွေက ညို့ခါးပေါ် တိုးဖက်တော့ အနမ်းတွေကို ပို၍ တုန့်ပြန်မိသည်။
သူ့အနမ်းတွေက လည်တိုင်ဆီကို ရောက်လာတော့ ညို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သူ့နာမည်ကို တမ်းတမိပါသည်။
10160431
₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪₪
စာပြန်မစစ်ဖြစ်လို့ အမှားတွေ အများကြီး ဖြစ်နေမယ် ထင်ပါတယ်
တင်ချင်တဲ့အချိန် တင်လိုက်မိလို့ စိတ်မဆိုးပါနဲ့နော် အချိန်အတိအကျ မဟုတ်ပဲ ရေးပြီးသလို တင်တာမို့ မစောင့်ပါနဲ့နော် စာဖတ်သူလေးတွေ စောင့်နေပေးရင် ကျနော် အားနာလို့ပါ။
ဖတ်မကောင်းတော့ရင် အားနာပါတယ်။
ကျနော် က အတန်းပညာတောင် မတက်သူမို့ ပညာရေးနဲ့ ပတ်သက်ပြီး အမှားတွေပါရင် နားလည်ခွင့်လွှတ်ပေးပါနော်။
သာမန်လူတန်းစားမို့ ချမ်းသာတဲ့ အသိုင်းအဝိုင်း အကြောင်းတွေ သေချာမသိ နားမလည်လို့ ရေးတဲ့အခါ အမှားတွေ ထည့်ရေးမိရင်လည်း ခွင့်လွှတ်ပါနော်။
တစ်ပိုင်း ရေးလို့ပြီးတာနဲ့ public နဲ့ပဲ wattpad' Page' account သုံးမျိုးစလုံးမှာ အကုန် တူတူပဲ တင်ပေးပါတယ်နော်။
ဖတ်ပေးကြပါဦးနော်။
ကျန်းမာရေး နဲ့ အစစ အရာရာ ဂရုစိုက်ကြပါနော်..။
ကမ္ဘာကြီးကို ချစ်ပါ..။
ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ..။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ..။
ပလတ်စတစ် လျော့သုံးပါ…။
စာတွေဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်..။
ဂရုစိုက်ကြပါနော်။
Love U All ❤️
✎ᝰ SpicaLin
#စပိုက်ကာလင်း
Photo Credit