Chapter 152
ကျန်းမင်ယွမ်သည် ပုံမှန်တွင် ဓာတ်ပုံရိုက်ရန် စိတ်မဝင်စားတတ်သဖြင့် ငြင်းဆိုချင်သည်။သို့သော် သူသည် စိတ်ပြောင်းသွားပြီး ခေါင်းငြိမ့်လိုက်၏။
ဓာတ်ပုံရိုက်မည့် ကိစ္စက ဤကဲ့သို့ အဆုံးသတ်သွားခဲ့သည်။
ကမ်းခြေသည် စစ်တန်းလျားနှင့် သိပ်မဝေးသော်လည်း နာရီဝက်ကျော်ခန့် လမ်းလျှောက်ရမည်ဖြစ်၏။
သို့သော်လည်း ကံကောင်းစွာဖြင့် အဖြူရောင် လျှပ်စစ်ကားတစ်စီးကို ငှားရမ်းနိုင်ခဲ့သည်။
ငှားရမ်းခမှာ တစ်ကြိမ်လျှင် ယွမ်တစ်ရာကျသင့်ပြီး ယာဉ်မောင်းတစ်ဦးအား ရွေးချယ်ခွင့်လည်းရှိ၏။
ကျန်းမင်ယွမ်တို့သုံးယောက်က ကားတစ်စီးငှားရမ်းလိုက်ကြသည်။
ခရီးသွားကားသည် သုံးဘီးဆိုင်ကယ်နှင့် အလွန်တူ၏။ အရှေ့တွင် ယာဉ်မောင်းထိုင်ခုံတစ်ခုနှင့် အနောက်ဘက်တွင် ထိုင်ခုံနှစ်ခုပါရှိသည်။
တံခါး၊ ပြတင်းပေါက်များမပါရှိဘဲ ဘေးဘီနှစ်ဖက်စလုံးသည် ပွင့်လျက်သားအနေအထားဖြစ်၏။
သုံးနေရာသာရှိသောကြောင့် ယာဉ်မောင်းကို ငှားရမ်းနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ကားမောင်းရမည့်တာဝန်မှာ ကျန်းမင်ယွမ်၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။
ကျန်းမင်ယွမ်သည် ယွမ်သိန်းတစ်ထောင်မှစ၍ သန်းဆယ်ချီတန်သောကားများစွာကို မောင်းနှင်ခဲ့ဖူးသော်လည်း လျှပ်စစ်ကားမောင်းနှင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။သူ အနည်းငယ် အဆင်မပြေသကဲ့သို့ခံစားရသည်။
ကျန်းမင်ယွမ်က ကားထဲသို့ဝင်ပြီးနောက် ဝေ့ဝိုက်ကြည့်လိုက်၏။
"ပြုတ်တော့မကျလောက်ပါဘူးနော် "
ကျန်းမင်ယွမ်က လျှပ်စစ်ကား၏ ဘေးကင်းမှုကို သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ချန်းဟွမ်က ရှင်းရှင်းအား လက်တစ်ဖက်နှင့် လှမ်းထိန်းထားပြီး ကျန်လက်တစ်ဖက်နှင့် လက်ကိုင်ကွင်းကိုဆွဲထား၏။
“ဖြည်းဖြည်းမောင်းပေါ့... အဆင်ပြေမှာပါ ”
"ထင်တာပါပဲ..." ကျန်းမင်ယွမ်သည် သက်ပြင်းချကာ ကားစက်နှိုးလိုက်ပြီး ကားပါကင်မှ ထွက်ခွာသွားသည် ။
စစ်တန်းလျားမှ ကမ်းခြေသို့သွားသောလမ်းသည် အလွန်ညီညာပြီး အခြားခရီးသည်များကလည်း အလားတူလျှပ်စစ်ကားများစီးလာကြသည်ကို တွေ့နိုင်သည်။
ရှင်းရှင်းသည် ယခင်က ချန်းဟွမ်၏ သုံးဘီးဆိုင်ကယ်ကို စီးဖူးသောကြောင့် ဤလျှပ်စစ်ကားကို နေသားကျနေပြီဖြစ်၏။ သူသည် နေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်နေသည်။
သန္တာနီကျွန်းတွင် အခြားအပူပိုင်းကျွန်းများကဲ့သို့ပင် အုန်းပင်များစွာရှိ၏။အုန်းပင်များအား လမ်းတစ်ဖက်တစ်ချက်စီ၌ တွေ့နိုင်ပြီး အပင်များပေါ်တွင် အုန်းသီးများ ပြွတ်သိပ်နေသည်။
ခရီးသွားအချို့က ကားရပ်ကာ ထိုအုန်းသီးများကို ခူးဆွတ်ရန် ကြိုးစားကြ၏။
ရှင်းရှင်းက ဘေးကိုလှည့်ကြည့်လိုက်ပြီး မြင်ကွင်းတစ်ခုကြောင့် ပါးစပ်အဝိုင်းသားဖြစ်သွားသည်။
လမ်းဘေး၌ အသက်နှစ်ဆယ်ကျော် လူငယ်စုံတွဲတစ်တွဲရှိသည်။ကောင်ကလေးက အုန်းပင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ တက်နေပြီး အပင်တစ်ဝက်အထိပင် ရောက်နေပြီဖြစ်၏။ကောင်မလေးမှာ သစ်ပင်အောက်ခြေ၌ရပ်ပြီး မော့ကြည့်ကာ သတိထားရန် လှမ်းပြောနေသည်။
ရည်းစားကောင်လေး၏ လှုပ်ရှားမှုများမှာ ချောမွေ့သွက်လက်ပြီး မကြာခင်၌ပင် သစ်ပင်ထိပ်သို့ ရောက်သွားတော့၏။သူသည် လက်တစ်ဖက်ဖြင့် အုန်းပင်ကိုခိုထားပြီး ကျန်လက်တစ်ဖက်ဖြင့် အုန်းသီးလှမ်းဆွတ်သည်။
အုန်းသီးအညှာပြတ်တောက်သွားပြီး ကောင်လေးက အုန်းသီးကိုအောက်သို့ပစ်ချ၏။
ကောင်မလေးက ခပ်ကျယ်ကျယ်ရယ်ကာ လိမ့်သွားသောအုန်းသီးကို လိုက်ကောက်သည်။
ထို့နောက် ရည်းစားကောင်ကလေးအား နောက်တစ်လုံးထပ်ဆွတ်ရန် လှမ်းပြောနေ၏။
ကျန်းမင်ယွမ်မောင်းနှင်လာသောကားမှာ ထိုစုံတွဲအား ဖြတ်ကျော်ခဲ့ပြီးဖြစ်သော်လည်း ရှင်းရှင်းက လည်ပြန်ငေးကြည့်နေဆဲပင်ဖြစ်သည်။
"မေမေ....အဲဒီ့အစိမ်းရောင်ကြက်ဥကြီးက အရမ်းကြီးတာပဲနော် "
“အဲ့ဒါ ကြက်ဥမဟုတ်ဘူး အုန်းသီး "
ချန်းဟွမ်က ရှင်းရှင်း၏အသိကို ပြန်လည်တည့်မတ်ပေးပြီး အုန်းသီး၏အကြောင်း ၊ အသီးသီးပုံနှင့်
စားလို့ရသည့်နည်းလမ်းများအကြောင်းကို စနစ်တကျရှင်းပြပေး၏။
အုန်းသီးမှာ အရသာကောင်းကြောင်း သိလိုက်ရသောရှင်းရှင်းသည် ပိုမိုစိတ်ဝင်စားလာခဲ့သည်။ သူသည် လမ်းဘေးရှိ အုန်းပင်များကို လှည့်ကြည့်လိုက်၏။
ထို့နောက် မောင်းသူထိုင်ခုံ၌ရှိသော ကျန်းမင်ယွမ်အား လှမ်းကြည့်ပြီးမေးသည်။
“ဖေဖေ... အုန်းသီးခူးပေးလို့ရမလား... သားသားလည်း တစ်လုံးလောက် လိုချင်လို့ "
ကျန်းမင်ယွမ်သည် ကားမောင်းသည့်အခါ ယာဉ်မတော်တဆမှုမဖြစ်စေရန် အလွန်သတိထားတတ်၏။ ရှင်းရှင်း၏စကားအား သူက ချက်ချင်းမတုံ့ပြန်ပေ။
ရှင်းရှင်း၏ပြောစကားကို နားလည်လိုက်သောအခါ ကျန်းမင်ယွမ်သည် ယခင်ကထက်ပင် ပိုတိတ်ဆိတ်သွားတော့သည်။
ဖခင်တစ်ဦးသည် သားသမီးများ၏အမြင်တွင် စွမ်းဆောင်နိုင်သူဖြစ်သည်။ ဖခင်များကိုယ်တိုင်ကလည်း အလုံးစုံသော တန်ခိုးရှင်အဖြစ် သားသမီးများအားမြင်စေလိုကြသည်ချည်းဖြစ်၏။
ကျန်းမင်ယွမ်သည် ရှင်းရှင်းအား သစ်ပင်မတက်တတ်ကြောင်းကို မည်သို့ပြောရမည်မသိချေ။
ရှင်းရှင်းကို စိတ်မပျက်စေလိုပေ။
Xxxxxx