Chapter 151
အသက်အရွယ်မရွေးသော အမျိုးသားတိုင်းသည် သေနတ်ကို ခုံမင်တတ်ကြသည်။ ကျန်းမင်ယွမ်သည်လည်း ထိုကဲ့သိုပင်ဖြစ်၏။
ကျန်းမင်ယွမ် နိုင်ငံခြားသို့ ပညာတော်သင်သွားစဉ်က သေနတ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှိခဲ့သည်။
ဤကဲ့သို့သောခန်းမပုံစံများကိုလည်း စီးပွားရေးအရ ဒီဇိုင်းဆွဲပေးခဲ့ဖူး၏။
သေနတ်ကိုင်ထားသောကျန်းမင်ယွမ်၏ပုံစံက လွန်စွာ အတွေ့အကြုံရှိပုံရသည်။နည်းပြဆရာက ကျန်းမင်ယွမ်အား ခေတ္တကြည့်ပြီး မည်သည့်မှတ်ချက်မှ ထပ်မပေးချေ။
သေနတ်ထဲတွင်ဖြည့်ထားသည်မှာ ကျည်အစစ်ဖြစ်သည်။ ပစ်မှတ်များသည် ငြိမ်သက်နေပြီး အဝေးဆုံး ၂၅ မီတာအထိရှိ၏။
ကျန်းမင်ယွမ် သေနတ်ကိုင်လိုက်သောအခါ ချန်းဟွမ်နှင့် ရှင်းရှင်းက စောင့်ကြည့်ရန် မှန်တံခါးနောက်သို့ထွက်လာခဲ့ကြသည်။ သားအမိနှစ်ယောက်သည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သေနတ်ပစ်ပုံကို စိတ်ဝင်တစား ကြည့်နေကြ၏။
ကျန်းမင်ယွမ်က မျက်လုံးကာကို တပ်ဆင်ထားသည်။ သူ့၏ပါးစပ်ကို မျဉ်းဖြောင့်ကဲ့သို့ တင်းတင်းစိထားပြီး မေးစေ့မှာ တောင့်တင်းနေ၏။ သူသည်ပြင်ဆင်ရန် အချိန်အများကြီး မယူလိုက်ရပေ။
ချန်းဟွမ်တစ်ယောက် လက်ဖက်ရည်ခွက်အား လှမ်းယူလိုက်ချိန်တွင် " ဘန်း " ဟူသောအသံကိုကြားလိုက်ရတော့၏။
ကျည်ကာမှန်များကို ဖြတ်ကျော်၍ထွက်လာသော
ဆူညံသံက အနည်းငယ် လျော့ပါးသည်။ သို့သော်လည်း ရင်ခုန်စေလောက်သည်အထိ ကျယ်လောင်လွန်းသေး၏။
ချန်းဟွမ်က လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ပစ်မှတ်ကိုစပ်စုရန် သားဖြစ်သူနှင့်အတူ မှန်တံခါးအနီးသို့ အပြေးလေးသွားသည်။
"မေမေ...ဖေဖေ ပစ်လိုက်ပြီလား " ရှင်းရှင်းက အလွန်စိတ်လှုပ်ရှားနေ၏။
" ထိသွားပြီ " နံရံပေါ်တွင် ကြီးမားသော LED ဖန်သားပြင်တစ်ခုရှိပြီး ၎င်းက ပစ်မှတ်ရလဒ်ကို ပြသသည်။
သေနတ်သံပြီးနောက်တွင် ဆယ်မှတ်ဟူသော သင်္ကေတက ဖန်သားပြင်ပေါ်၌ပေါ်လာသည်။
“ ဖေဖေက ဆယ်မှတ်ကွင်းကို ပစ်လိုက်တာ ”
"အဲ့ဒါက ကောင်းတာလား"
"ဒါပေါ့ " ချန်းဟွမ်က ရှင်းရှင်းကို ခေါင်းညိတ်ပြလိုက်၏။
" ၁၀မှတ်က အမြင့်ဆုံးပဲလေ "
“ဝါး …”
ရှင်းရှင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။ ထို့နောက် မျက်နှာသေးသေးလေးပေါ်၌ မာန်တက်နေသော အမူအရာပေါ်ထွက်လာသည်။
"သိသားပဲ...ဖေဖေက အတော်ဆုံးပဲဆိုတာ "
ရှင်းရှင်း၏မျက်လုံးထဲ၌ သူ၏အဖေဖြစ်သူမှာ အမြဲတမ်း အစွမ်းထက်၏။ ထိုအစွမ်းသတ္တိအား နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသည့်အခါတွင် သူသည်ဂုဏ်ယူမဆုံးနိုင်တော့ချေ။
ကျန်းမင်ယွမ်က အလွန်တည်ငြိမ်နေ၏။သူ သူ့စွမ်းဆောင်ရည်အား လုံးဝ မအံ့သြမိပေ။
၁၀ချက်ပစ်ခတ်ခဲ့ရာတွင် ကိုးမှတ်တန်တစ်ချက်မှလွဲ၍ ကျန်ပစ်ခတ်မှုအားလုံးသည် ဆယ်မှတ်ရရှိခဲ့သည်။
ချန်းဟွမ် ကျန်းမင်ယွမ်အား အလွန်အထင်ကြီးနေပြီဖြစ်၏။ရှင်းရှင်းမှာမူ အဖေဖြစ်သူအား စူပါမန်းအဖြစ်ပင် မြင်နေပေပြီ
၁၀ ချက်ပစ်ပြီးသောအခါ ကျန်းမင်ယွမ်က သေနတ်ကို နေရာတကျပြန်ထား၏။ထို့နောက်မျက်လုံးနှင့် နား အကာအကွယ်များကို ဖြုတ်လိုက်သည်။
ရှင်းရှင်းက ဒုံးကျည်ငယ်လေးတစ်ခုသဖွယ် အဖေဖြစ်သူထံ တစ်ချိုးတည်းပြေးသွား၏။
ယနေ့အစောပိုင်းက သင်ခန်းစာရခဲ့သောကလေးငယ်သည် ကျန်းမင်ယွမ်ထံသို့ မရောက်မီတွင် အရှိန်အနည်းငယ်လျှော့လိုက်သည်။ သူသည် ကျန်းမင်ယွမ်၏ ရင်ခွင်ထဲသို့ လှဲချကာ ခြေထောက်ကို ဖက်ထားရင်း အလွန်ချိုမြိန်သော လေသံဖြင့် ပြောသည်။
"ဖေဖေက အရမ်းတော်တာပဲ... "
ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူထံမှ ချီးကျူးမှုကို အလွန်ပင်သဘောကျ၏။သူသည် နောက်ထပ်အကြိမ်အနည်းငယ်မျှပင် ထပ်ပစ်ချင်ခဲ့သည်။
သို့သော်လည်း တွေးခေါ်ပုံမှာ မရင့်ကျက်ဟု ခံစားရသည့်အတွက် အနည်းငယ်စနှိးစနှောင့်ဖြစ်သွား၏။
ရင့်ကျက်တည်ငြိမ်သောကျန်းမင်ယွမ်သည် နောက်ဆုံး၌ ဆန္ဒကိုမျိုသိပ်ကာ နံပါတ်တစ်အမာခံပရိသတ်ဖြစ်သည့် သားဖြစ်သူကို အပြင်ခေါ်သွားလိုက်ပြီး သားအဖသုံးယောက်သား ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။
စစ်အခြေစိုက်စခန်းသည် အလွန်မကျယ်ဝန်းသကဲ့သို့သွားစရာနေရာလည်း များများစားစားမရှိချေ။
ယခင်ကသွားရောက်ခဲ့သော နေရာနှစ်ခုမှ လွဲ၍ ကျန်နေရာများအားလုံးသည် အစစ်အမှန်(သာမန်)များဖြစ်ကြ၏။
ကလေးများအတွက် မည်သည့်ကစားနည်းကမှ သင့်လျော်မနေပေ။ သုံးယောက်သား ခဏတာ လမ်းလျှောက်ပြီး တခြားတစ်နေရာသို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။
" ဘယ်နေရာသွားချင်လဲ "
လောင်လျှို နှင့် ဇနီးသည်မှာ ဤနေရာတွင် မပြီးပြတ်သေးသောကြောင့် မိသားစုနှစ်စုသည် လောလောဆယ်တွင် လမ်းခွဲရန် သဘောတူညီခဲ့ကြ၏။
ကျန်းမင်ယွမ်သည် သားဖြစ်သူကို ပွေ့ချီပြီး စစ်တန်းလျားမှ ထွက်သွားကာ ချန်းဟွမ်၏ဆန္ဒကို နားထောင်ရန်ဆုံးဖြတ်ထားသည်။
"ကမ်းခြေဘက်သွားရအောင်... အရမ်းလှတယ်လို့ ကြားတယ် "
သန္တာနီကျွန်းတစ်ဝိုက်ရှိ ရေအရောင်သည် အလွန်တောက်ပ၏။သန္တာကျောက်တန်းများ၏ ပျံ့နှံ့မှုကြောင့် ရေသည် နေရောင်အောက်တွင် အပြာနှင့် အနီရောင် နှစ်မျိုးလုံး ရောယှက်နေမည်ဖြစ်၏။အလွန်လှပမည့်မြင်ကွင်းပင်။
ချန်းဟွမ်သည် သန္တာနီကျွန်းသို့လာရန် ဆုံးဖြတ်ပြီးကတည်းက ဓာတ်ပုံရိုက်ရန် ကြိုတင် အစီစဉ်ဆွဲထားခဲ့သည်။ သူမ ဤခရီးစဉ်အတွက် ကင်မရာတစ်လုံးပင် ဝယ်ယူခဲ့သေး၏။
ထိုကင်မရာကို သူမနှင့်အတူ ယူဆောင်လာခဲ့ပြီး ဓာတ်ပုံကောင်းအချို့ကို စုဆောင်းသိမ်းဆည်းထားရန် ပြန်လည်ယူဆောင်လာချင်ခဲ့သည်။
သို့သော် သူမ ကိုယ်တိုင် ဓာတ်ပုံမရိုက်နိုင်ချေ။
၎င်းအပြင် ရှင်းရှင်းကို အားမကိုးနိုင်သည်မှာ သေချာသည်။ ထို့ကြောင့်သူမသည် ကျန်းမင်ယွမ်ကို အကူအညီတောင်းရန်ဆုံးဖြတ်ခဲ့၏။
ထိုအရာကို တွေးမိလိုက်သောအခါ ချန်းဟွမ်ကအနည်းငယ် တွေဝေသွားသည်။သူမတို့နှစ်ယောက်သည် ထိုမျှလောက်ကြီး ရင်းနှီးကြသေးသည်လည်းမဟုတ်ချေ။
အချိန်အနည်းငယ်တွန့်ဆုတ်နေအပြီးတွင် ချန်းဟွမ်က ခပ်တိုးတိုးမေးသည်။
"ကျွန်မကို ဓာတ်ပုံရိုက်ပေးလို့ရမလား"
ကျန်းမင်ယွမ်ဘက်မှပြန်မဖြေမီတွင်
ချန်းဟွမ်က ထပ်လောင်းဖြည့်စွက်ပြောကြား၏။
"ကျွန်မလည်းရှင့်ကို ပြန်ရိုက်ပေးမယ်လေ "
Xxxxxx