ကျောင်းကတက်တာ နှစ်ဝက်ဖြစ်နေပြီ။ အကြင်နာက ထိုအတိုင်း အမှတ်တွေ တိုးတက်မလာ။ အမှတ်ထွက်တိုင်း အကြင်နာ အိမ်နှင့်ပင် ရန်ဖြစ်ရပါသေးသည်။
တီချယ်ကလဲ သူဒီလောက်သင်ပေးတာကို သေချာမဖြေလာခဲ့လို့ ဆို၍ စိတ်ဆိုးနေသည်။
တီချယ်ဝါနှင့် အခြေနေဟာလဲ အရင်တိုင်း။ အကြင်နာ့ဘက်ကသာ ထိုလိုမျိုးစိတ်ရှိနေတာ။ တစ်ခါတစ်ခါ အရမ်းမနေနိုင်၍ ခံစားချက်များ ပေါ်လွင်သွားသည့် နေ့တွေ ရှိခဲ့ပြန်သည်။ တီတီယမင်းတောင် မေးယူရတဲ့ထိ။ တီချယ်ဝါဟာလဲ တစ်ခါတစ်လေ ရိပ်မိလောက်မှာပါ။ သူလဲပဲ ခေတ်ရှေးပြေးတာကို ဒါတွေနားလည်လောက်သော်ငြားလည်းတီချယ်ကမသိချင်ယောင်ဆောင်သည်။
"မေမေ! အကြင်နာ့စာအုပ်တွေကော။ ဟမ်...မေမေ မေးနေတယ်လေ!"
အကြင်နာ တစ်ခဏအပြင်ထွက်မိတာနှင့် ပြန်လာတော့ တွေ့လိုက်ရသည်မှာ အကြင်နာ့စာအုပ်စင်ပေါ်၌ အကြင်နာ့ ဝတ္ထုစာအုပ်များမရှိတော့။ အကြင်နာ အတော် ဒေါသထွက်ကာ အောက်သို့ဆင်း၍ မေမေ့ကိုမေးရသည်။
"နင်ငါ့ကိုလာမအော်နဲ့အကြင်နာ။ ငါစာအုပ်တွေအကုန်လွှင့်ပစ်လိုက်ပြီ။"
လွှင့်ပစ်လိုက်ပြီ ဆိုသည့်မေမေစကားသံဟာ ရင်ကိုမီးစဖြင့် ထိုးလိုက်သလို။ အနဲဆုံးတော့ သိမ်းထားတာပဲဖြစ်ဖြစ် လုပ်သင့်တယ်လေ။ လွှင့်ပစ်လိုက်တာဆိုတော့ အကြင်နာ့မှာ ဝမ်းနည်းမှုတွေရော ဒေါသတွေရော လှိုက်လှိုက်တက်လာကာ မေမေ့နှင့် ရန်ဖြစ်ပြီး အိမ်မှ ထွက်လာခဲ့လိုက်တော့သည်။
အချိန်အားဖြင့်ည၈နာရီခွဲ။ လမ်း၌ စောသေးသည်ဆိုပေမယ့် လူတစ်ဦးမျှမရှိ။ အကြင်နာ ထွက်လာထွက်လာတာ ဘာသွားရမှန်းမသိ။ နောက်ဆုံး ဦးတည်ရာရှာမရ၍ အကြင်နာရဲ့ နေရောင်ခြည်လေးတီချယ်ဝါ ရှိရာသို့ ထွက်ရှိခဲ့တော့သည်။
***
၈နာရီလဲခွဲ ဘုရားရှိခိုးပြီး၍ ဝါအောက်ထပ်ကမီးတွေပိတ်၍ အပေါ်ထပ်သို့တက်လာခဲ့သည်။ မိုးကလဲ ရုတ်တရက်ဖွဲဖွဲလေးတွေ ကျလာတာမို့ ပြတင်းပေါက်နားသွား၍ တခါးပိတ်ဖို့ပြင်သည်။
"အမလေး...ဗုဒ္ဓေါ"
ပြတင်းပေါက်နားရောက် ခြံရှေ့၌ မတ်တပ်ရပ်နေသော လူအရိပ်အားတွေ့ရသည်။ တစ်အောင့်လှန့်သွားကာ သေချာကြည့်တော့မှ ဟိုကလေးမအကြင်နာ။
ကုတင်ဘေးက ခုံတွင်ချထားသည့် ဖုန်းသံကလဲမြည်လာသည်။ ပြတင်းပေါက်မပိတ်ပဲ ဖုန်းကိုအရင်ကိုင်လိုက်သည်။
"ဟယ်လို.."
"တီချယ်ဝါ...သမီးအိမ်ရှေ့ရောက်နေတယ်။"
သေချာပြီ။ ရန်ဖြစ်လာတာပဲဖြစ်ရမည်။ သို့သော် ယခုဟာက နောက်လဲကျနေပြီ မှောင်လဲမှောင်ကာ လူတွေပြတ်နေပြီ ဖြစ်သောကြောင့် ဝါအောက်ထပ်သို့ အမြန်ဆင်း၍ ခြံတံခါးအပြေးသွားဖွင့်ရသည်။
"အကြင်နာနောက်ကျနေပြီ။ မိုးလဲရွာနေတာကို မြန်မြန်အထဲဝင်တော့...။"
မိုးလဲ ဖွဲဖွဲကျရာကနေ သည်းထန်လာသည်မို့ အမြန်အထဲဝင်ခိုင်းရသည်။ အကြင်နာအိမ်ထဲရောက်သည်နှင့် တီချယ်ဝါက ထိုင်ခိုင်းပြီး ဘာဖြစ်လဲဟုမေး၍လာသည်။ အကြင်နာရှင်းပြနေချင်စိတ်လဲရှိမနေ။
"ပြောလေအကြင်နာ။ ဒါမှတို့မင်းပြသာနာကိုသိမှာပေါ့။"
"မေမေကအကြင်နာ့ဝတ္ထုစာအုပ်တွေလွှင့်ပစ်လိုက်တယ်။ မေမေအရမ်းလွန်တယ်။ ရန်ဖြစ်ပြီး အကြင်နာသွားစရာမရှိတာနဲ့ တီချယ့်ဆီကိုပဲ...။"
"အို...လွှင့်တော့မလွှင့်ပစ်လောက်ပါဘူး။ တစ်နေရာမှာသိမ်းထားလောက်ပါတယ်။ နေဦးတီချယ်မင်းမေမေဆီဖုန်းဆက်ဦးမယ်..."
ထထွက်သွားသည့် တီချယ်ကိုလဲ မတားမိပါ။ အကြင်နာရင်ထဲ အတော်ပူနေသည်။ အကြင်နာ့စာအုပ်တွေ။ စဥ်းစားလေစဥ်းစားလေ မေမေ့အပေါ်ဒေါသတွေ ထွက်လာလေပဲ။
"အကြင်နာ မေမေ့ကိုနားလည်ပေးလိုက်ပါကွယ်။
ကိုယ့်သမီးကိုယ် ကောင်းစေချင်လို့လုပ်တဲ့ဟာ။"
ဒေါသထွက်နေသည့်အကြင်နာက တီချယ်ဝါ့ရဲ့ အသံကြားတာနဲ့တင် အကုန်ပြေလျော့နေပြီးသားဆိုတာ တီချယ်မသိ။
"ဒီနေ့တော့ ဒီမှာပဲမင်းအိပ်တော့။ မနက်ကျ တီချယ်ကိုယ်တိုင် အိမ်လိုက်ပို့ပေးမယ်...။"
မမျှော်လင့်ထားတဲ့ တီချယ့်ဆီက ဒီမှာပဲအိပ်ဆိုသည့်အသံကြောင့် စိတ်ညစ်နေတာတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပြန်သည်။
ပြုံးစိပြုံးစိဖြစ်သွားသော အကြင်နာ့မျက်နှာကြောင့် ဝါနှာခေါင်းရှုံ့လိုက်မိသည်။
"အခုဘာမှမစားရသေးဘူးမို့လား။"
"ဟုတ်ကဲ့...တီချယ်ဘယ်လိုသိတာလဲ။"
"မင်းမေမေပြောတာပေါ့။ အမကသာစိတ်ပူနေတာ သူကတော့ ကိုယ့်အမေကိုယ်လွန်တယ်ပြောနေ..။"
ဒါကိုတော့ အကြင်နာနားလည်နိုင်ပါသေးသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် အကြင်နာ့ စာအုပ်ကိုလွှင့်ပစ်တာကတော့ မေမေလွန်သည်လို့ပဲ ထင်၏။
"ထမင်းမစားချင်ဘူးတီချယ်။"
"အဲ့ဆိုခေါက်ဆွဲပြုတ်ပေးမယ်။ စားမယ်ဟုတ်...။"
တီချယ်က ပြောလဲပြော လုပ်လဲလုပ်နေသည််။ ခေါက်ဆွဲပြုတ်တာ အစအဆုံး အကြင်နာထမင်းစားပွဲပေါ်ကနေသာ ပြုံးပြုံးဖြင့် ကြည့်နေသည်။
"ရပြီအကြင်နာ ... ပူသေးတယ်နော်။"
အပူမလောင်စေရန် အစအဆုံးကို လိုက်ပြောနေသည့် ရှေ့ကတီချယ့်ကို ကြည့်ရင် ချစ်စိတ်တွေပိုမိလာတော့သည်။
"တီချယ်ဝါ တစ်ယောက်ထဲအမြဲနေတာမပျင်းဘူးလား။"
တိတ်ဆိတ်နေတာ မနေတက်သည်မို့ အကြင်နာစကားစရသည်။ မျက်နှာချင်းဆိုင်က တီချယ်ဝါ့ကို ကြည့်တစ်လှည့် သူကိုယ်တိုင် ပြုတ်ပေးထားသည့် ခေါက်ဆွဲကိုစားတစ်လှည့်ဖြင့် အကြင်နာ နိဗ္ဗာန်ရောက်နေသလိုပင်။
"တစ်ခါတစ်ခါတော့ပျင်းတာပေါ့။ ဒီနေ့တော့မင်းအဖော်ရှိနေလို့ တော်ပါသေးရဲ့..။"
"အဲ့ဆိုလဲ ကျောင်းပိတ်ရက်တွေအကြင်နာ့ကိုအိမ်ခေါ်ထားလေ။ တီချယ်ဝါမပျင်းတော့သလို သမီးလဲမပျင်းဘူးပေါ့။"
"ခေါ်ထားချင်တယ်။ ကဲပါမြန်မြန်စားတစ်အောင့်နေအိပ်ကြမယ်...မနက်ကျောင်းလဲသွားရမှာကို။"
ရှေ့ကမြန်မြန်စားဖို့ပြောနေသည့် တီချယ်ကို တကယ်အသဲယားနေသည်။ နောက်တီချယ်ဝါဖြင့် တစ်ခန်းထဲ ၊ တစ်ကုတင်ထဲ တူတူအိပ်ရမည်ဆိုသော အတွေးက ပိုလို့ပင် ရင်ထဲဗြောင်းဆန်နေသည်။
"အကြင်နာတူတူကောအိပ်နိုင်ရဲ့လား...။မဟုတ်ရင်တီချယ်အပြင်မှာသက်သက်-"
"အိပ်နိုင်ပါတယ်။ အကြင်နာကရတယ်။"
"ဟုတ်ပါပြီ။ အဲ့ဆိုလဲအိပ်ကြစို့ကွယ်။"
ခေါင်းအုံးတွေ အသေအချာစီစင်ပြီးတာနှင့် အိပ်ရသည်။ သို့သော်အကြင်နာအိပ်မပျော်။ အကြင်နာ့ကို ကျောပေးထားသော တီချယ်ဝါ့ကြောင့်ပင်ဖြစ်သည်။ ကျောပေးအိပ်တာတောင် ဒီလောက်ရင်ခုန်ပြီး သေမတက်ဖြစ်နေတာ။
"အိပ်မပျော်ဘူးလားအကြင်နာ။"
ရုတ်တရက် အကြင်နာ့ကိုကျောပေးရာမှ အကြင်နာ့ဘက် လှည့်လာသည့် တီချယ်။
"ဟုတ်ကဲ့...အိပ်ယာပြောင်းလို့ထင်တယ်။"
"ဒီလိုပဲဖြစ်တက်ပါတယ်။ အိပ်ပျော်အောင်အိပ်လိုက်နော်။ အခုမှသတိရတယ်အကြင်နာ့ကိုတောင် စာမမေးတာကြာပြီပဲ။"
စာမေးမယ်ဆိုလို့ ရင်ထဲထိတ်ခနဲ။ တီချယ်ဝါစာမေးမှာ သိပ်ကြောက်သည်။ အထူသဖြင့်အတန်းထဲတွေ လူစေ့ကိုလိုက်ကြည့်ပြီး မေ့တာမျိုး။
"ဗျာ!..အဲ..ရှင်။ တီချယ်ဝါကလဲ.."
"အဲ့လောက်ကြီးလဲ ကြောက်မသွားပါနဲ့။ စတာပါ။"
"ဟို..မကြောက်ပါဘူး။"
"ကဲပါထား။ ပြီးတော့ကိုယ့်အမေကိုယ်စိတ်မဆိုးနဲ့တော့နော်..။
"ဟုတ်ကဲ့...စိတ်မဆိုးတော့ပါဘူး။"
"ဟုတ်ပါပြီ...အိပ်တော့ တီချယ်အိပ်ချင်ပြီ...။"
တီချယ်ဝါက အကြင်နာ့ဘက်ကိုသာ လှည့်ကာအိပ်တော့သည်။ ဒီလိုဆို မျက်နှာချင်းဆိုင်ဖြစ်နေတာ ဘယ်အိပ်ပျော်ပါ့တော့မလဲ။
***
မနက်နိုးလာတော့ ဘေးတွင် တီချယ်ဝါရှိမနေ။ အကြင်နာအအိပ်မဆော့သူမို့ ညကအိပ်ရတာ အဆင်ပြေပါသည်။ ထကာကုတင်ဘေးကခုံ၌တင်ထားသည့် နာရီကိုကြည့်တော့ ၆နာခွဲ။
"နိုးပြီလား...တီချယ်အခုပဲလာနိုးတော့မို့။ သွားတိုက်တံအသစ် ထုတ်ပေးထားတယ်။ ပြီးရင်အိမ်လိုက်ပို့ပေးမယ်။"
စကားကိုပြန်ပြောချိန်တောင်မရ တရစပ်တီချယ်ဝါပဲ ပြောသွားသည်။
"နေပါဦးတီချယ်ရယ်... တစ်တွတ်တွတ်ကိုပြောနေတာ မမောဘူးလား။"
"ရှင်ကအေးဆေးလေ။ တီချယ်နဲ့မင်း ကျောင်းသွားရမဲ့အချိန် မတူဘူးလေကွယ်။"
အကြင်နာ အချိန်မတူတာ သတိရသွားမှ တီချယ်ဝါနောက်ကျမည် ဆိုးသဖြင့် ကုန်းရုန်းထတော့ သဘောတကျရယ်ပါသော တီချယ်ဝါ။ အကြင်နာသွားတိုက်ပြီး၍ တီချယ်ဝါ ကမနက်စာ စားဖို့ပြောသော်လည်း အကြင်နာမစား။ ရေကလဲ အိမ်ရောက်မှသာချိုးရမည်။
"တီချယ်ဝါ ပြန်ကြမယ်လေ။ အကြင်နာအကုန်ပြီးပါပြီ။"
တီချယ်ဝါ၏ အိမ်နှင့် အကြင်နာတို့အိမ်ဟာသိပ်မဝေး။ နှစ်လမ်းကျော်ရုံလောက်သာမို့ လမ်းသာလျှောက်လာခဲ့တော့သည်။ အိမ်ခြံရှေ့ရောက်တာနှင့်
အပင်များအား ရေလောင်းနေသည့် မေမေကိုတီချယ်ဝါက လှမ်းခေါ်သည်။ မေမေကလဲ ခြံတံခါးအားဖွင့်ပေးသည်။ အကြင်နာမေမေ့အား ဘာစကားမှ မပြောပါပဲ အိမ်ထဲ ဝင်ကာအပေါ်သို့သာ တက်ခဲ့လိုက်ပါတော့သည်။
"အကြင်နာကတော့လေ...အဲ့ကလေးမက အမကိုစိတ်ဆိုးနေတုန်းပဲ။"
ဘာမှမပြောမဆိုပဲ အပေါ်ထပ်တက်သွားသည့် ကလေးမအကြင်နာက သူ့အမေကိုစိတ်ဆိုးနေစဲ ဆိုတာ ဝါတပ်အပ်သိပါသည်။
"အကြင်နာကအရမ်းခေါင်းမာတာ ခက်ဝါရယ်။ ပြောမရဆိုမရနဲ့။"
သူ့သမီးကိုမနိုင်ဘူးဟူ၍ လက်လျော့တော့မည်ပုံရသည်။ ဝါလဲ အိမ်တွင် ခနဝင်ကာစကားပြောလိုက်သည်။ နဲနဲကြာတော့ဝါလဲ ကျောင်းသွားတော့မည်ဖြစ်၍ အပေါ်ထပ်က အကြင်နာ့ဆီ ခနထွက်လာခဲ့သည်။
တခါးကိုခေါက်ကာ အထဲက ဝင်လို့ရတယ်ဆိုသည့် မာမာထန်ထန်အသံလေးကြားရသည်။ ကြည့်ရတာသူ့အမေလာမည်ဟု ထင်ထားသည့်ပုံ။
"မေမေ့ကိုကျေသေးတာမဟုတ်ဘူးနော်!...အကြင်နာဘာမှမပြောချင်ဘူး။"
တခါးအပေါက်ဝကို ကျောပေးကာ ထိုင်နေသည့်အကြင်နာက လှည့်မကြည့်ပါပဲ ပြောလာသည်။
"အကြင်နာခွန်း!"
"ဗျာ...အဲ..ရှင်တီချယ်ဝါ!။ ဟို..မေမေထင်လို့။"
တီချယ်ဝါ့ရဲ့ အသံကြားမှပင် လူကတကယ်လန့်ဖြန့်သွားရသည်။
"ညကပြောတော့ စိတ်မဆိုးတော့ပါဘူးဆို..."
"ဟို..အခု..စိတ်ဆိုးပြေသွားပါပြီ။"
"အကြင်နာမင်းနော်ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး။ ကျောင်းသွားတော့မို့ မင်းကိုတစ်ချက်လာကြည့်တာ။ ကျောင်းနောက်မကျစေနဲ့ဦး..."
"ဟုတ်ကဲ့...ခနနေအကြင်နာလဲ ကျောင်းလာတော့မှာပါ။"
တီချယ်ဝါက ခေါင်းဆက်ဆက်ငြိမ့်ပြကာ ထွက်သွားသည်။ အခုမှပဲ သက်ပြင်းချမိတော့မည်။ ခနနေအောက်ထပ်ဆင်းကာ မနက်စာစားသည်။
"စိတ်ဆိုးမပြေသေးဘူးလား..."
မနက်စာစားချိန် တီတီယမင်းကပါလာ၍ ဆိုသည်။ မေမေ့ကို စိတ်ဆိုးဖို့ပြင်ထားပေမယ့် တီချယ်ဝါပြောပြီးထဲက စိတ်ဆိုးပြေသွားခဲ့ပြီ။
"စိတ်ဆိုးပြေသွားပါပြီ။ မေမေ့ကိုသေချာပြောပြလိုက်ပါဦး စိတ်မဆိုးတော့ဘူးဆိုတာ။ အကြင်နာအခု ကျောင်းသွားလိုက်ဦးမယ်..."
မနက်စာစားပြီးသည်နှင့် အကြင်နာတီချယ်ဝါ့ကို တွေ့ချင်လွန်းလို့ကို ကျောင်းစောစောသွားဖြစ်သည်။ မတွေ့ရတာမှ ၁နာရီတောင် မရှိသေးတာ။ ကျောင်းရောက်ရင် ပထမဆုံးအချိန်ဟာ Eng အချိန်ဖြစ်လို့ ပိုလို့ပင် ပျော်နေပါတော့သည်။
***