မင်္ဂလာပွဲနေ့
သတို့သား သတို့သမီး နှစ်ယောက်က
ရွှေပွဲလာဧည့်ပရိတ်သတ်တွေကို လှည့်လည်ဧည့်ခံ
နေကြသည်။
မြလေးငုံနှင့်စကားဖြူက လက်ဖွဲ့လက်ခံသည့်နေရာ
မှာ တာဝန်ကျသည်။
ငယ်ထွေးက ဧည့်သည်တွေကို ကြိုဆိုသည်။
သူကြီးသားဖြစ်တာကြောင့် တခြားရွာတွေက
အသိမိတ်ဆွေတွေလဲ လာကြတာများသည်။
မဏ္ဍပ်ထဲအပြည့်ပင်။
"ဒီဝိုင်းကို ဟင်းထပ်ဖြည့်ပေးလိုက်ပါဦးဟေ့
အရည်သောက်ကော ငါးပိကြော်ကော"
သာအောင်က အိုးသူကြီး။ငခွေးက ဒိုင်ခံဟင်းဖြည့်။
မင်္ဂလာပွဲက စည်စည်ကားကားရှိလာသည်။
တစ်ရွာလုံး မီးခိုးတိတ် ကျွေးသည်။
လိုနေတာတစ်ခုကတော့ သတို့သမီးအဖေ မင်္ဂလာ
ပွဲမှာ ရှိမနေတာပဲဖြစ်သည်။
ဧည့်ခံပွဲပြီးသွားမှ သတို့သမီးရဲ့ဖခင်ဖြစ်သူ
ရောက်လာသည်။
လက်ဖွဲ့လက်ခံသည့်စားပွဲနားရပ်၍ လက်ဖွဲ့စာရင်း
တောင်းတော့ မြလေးငုံက သူကြီးတို့ကိုလှမ်းကြည့်
သည်။
ငယ်ထွေးလဲ အိမ်ထဲကထွက်လာကာ
"ဘာလုပ်မလို့လဲ ဦးလေး "
"လက်ဖွဲ့ကိုငါသိမ်းမယ် သူတို့လင်မယားက ငါ့အိမ်
မှာလာနေကြမှာဆိုတော့ ငါပဲသိမ်းထားလိုက်မယ်"
"ဘယ်လို...မင်္ဂလာပွဲချိန်အတွင်းတော့ အရိပ်တောင်
ပေါ်မလာပါပဲနဲ့ အခုမှ လက်ဖွဲ့လာသိမ်းလို့ရမလား
ဦးလေးသမီး.ဘယ်လောက်မျက်နှာငယ်ရလဲ...
ကျုပ်အစ်ကိုလင်မယားက ဦးလေးအိမ်လဲလိုက်မနေဘူး..အဘက သူတို့လင်မယားအတွက် ခြံတစ်ခြံ
လက်ဖွဲ့ပေးထားတယ် မကြာခင်အိမ်ဆောက်ပြီး
တော့မှာ လက်ဖွဲ့ကလဲ သူတို့လင်မယားပိုင်တာ
ဦးလေးနဲ့ဘာမှမဆိုင်ဘူး... ပြန်လိုက်တော့"
ငယ်ထွေးက လက်ဖွဲ့စာရင်းစာအုပ်ကိုခါးကြားထိုး
ကာ ဦးသံလုံးကိုပြောသည်။
ဦးသံလုံး၏မျက်နှာဟာ ဒေါသအရှိန်ကြောင့်
နီရဲလာသည်။
ထို့နောက် တောက်တစ်ချက်ခေါက်ကာလှည့်ထွက်
သွားတော့သည်။
"ငယ်ထွေး...ဘယ်လိုလုပ်လိုက်တာလဲ
ပြဿနာကိုမီးခွက်ထွန်းရှာပြန်ပြီဟယ်...ညည်းနှယ်
လဲတယ်ခက်ပါလား...မင်္ဂလာယူနေတဲ့အချိန်ကို"
"အာ...အမေကဘာမှမသိပဲပြောပြန်ပြီ
အဲ့အဖိုးကြီးလူပါးလာဝနေတာ..."
"ဟုတ်တယ်...ငါ့သမီးပြောတာမှန်တယ်
ဒီလူ့ကို..ဟိုတစ်နေ့ထဲကငါပြောချင်နေတာ
အခုငါ့သမီးကပြောလိုက်တော့ ဟုတ်သွားပြီ"
ဒေါ်လှကြွယ်ကသူ့သမီးကိုဝင်ဟန့်ချိန် သူကြီးက
ဝင်၍ဖာထေးပြောဆိုသည်။
ဒေါ်လှကြွယ်သားအဖနှစ်ယောက်ကိုမျက်စောင်း
ထိုးကာ အိမ်ဘက်ပြန်လှည့်သွားသည်။
ငယ်ထွေးကလက်ဖွဲ့စာရင်းစာအုပ်ကို သတို့သား
နဲ့သတို့သမီးလက်ထဲအပ်လိုက်သည်။
"ကျွန်မလဲဆေးရုံကိုပြန်ဦးမယ်သူကြီး"
"ဟုတ်ကဲ့ဆရာမလေး...ခဏ...ကျုပ်အထွေးကို
လိုက်ပို့ခိုင်းလိုက်မယ်...အထွေး...ဆရာမလေးကို
ဆေးရုံပြန်ပို့ပေးလိုက်ဦး..."
"ဟုတ်ကဲ့..."
အထွေးကအဝတ်အစားလဲပြီးအိမ်ထဲကထွက်လာကာ ကိုတာတီးဆီစက်ဘီးသွားငှားသည်။
အထွေးစက်ဘီးငှားပြီးပြန်ရောက်လာတော့
မြလေးငုံက
"အစ်မကိုအထွေးလိုက်ပို့မှာဆိုတော့ မြလေးလဲ
ပြန်တော့မယ် "
"အင်းမြလေး...သြော်..ဒီညလာမအိပ်နဲ့တော့လေ
မနက်ဖြန်ခရီးသွားရမှာဆိုတော့ အစ်မသူနာပြု
ဆရာမလေးကိုပဲအဖော်ခေါ်အိပ်လိုက်တော့မယ်
နော်မြလေး...ကျောင်းမှာလဲအဆင်ပြေပါစေလို့
အစ်မဆုတောင်းပေးတယ်နော်"
"ဟုတ်ကဲ့အစ်မ.."
စကားဖြူနှင့်မြလေးငုံစကားပြောနေသည်ကို
ငယ်ထွေးကစက်ဘီးပေါ်ခွလျက်သားနှင့်
ခြေထောက်တစ်ဖက်ထောက်၍ ရပ်နေရာမှ
နားစွင့်နေသည်။
သူအခုထိ မြလေးငုံကိုမခေါ်သေးဘူးလေ။
စကားပြောပြီးနှုတ်ဆက်ကာ စကားဖြူက
စက်ဘီးကယ်ရီယာခုံပေါ်တင်ပလွှဲထိုင်လိုက်ကာ
ငယ်ထွေးရဲ့ခါးကိုညာလက်ဖြင့်ဖက်ထားလိုက်
သည်။
မြလေးငုံကသူမတို့နှစ်ယောက်ကိုကြည့်၍ လက်ပြနှုတ်ဆက်လိုက်သည်။
ငယ်ထွေးဘားတန်းဘီးဟောင်းလေးကိုနင်းကာ
ခြံဝိုင်းထဲကထွက်လာခဲ့တော့သည်။
လမ်း၌....
"ထွေးကဒီစက်ဘီးကြီးကိုကောင်းကောင်းနင်း
တတ်သားပဲ"
"ဟုတ်တယ်ဆရာမလေး...ငယ်ငယ်ကတည်းက
နင်းလာတာဆိုတော့ကျွမ်းကျင်နေပြီ...စနင်းခါစ
ကဆိုမမှီလို့ဘားတန်းအောက်ကနေခြေထောက်
ကိုလျှိုပြီးတုတ်ချက်တုတ်ချက်နဲ့နင်းရတာ
ခဏခဏလဲမှောက်လို့...ဒူးနှစ်ဖက်ဆိုဒဏ်ရာ
ဒဏ်ချက်တွေကြီးပဲ.."
"ဒါဆို
ဒီစက်ဘီးနင်းကိုတတ်တာတော်တော်ကြာပြီပေါ့"
"ဟုတ်ကဲ့...အဲ့ချိန်ကဆိုရွာမှာစက်ဘီးဆိုလို့
နှစ်စီးပဲရှိတာ..တစ်စီးကကိုကြီးတာတီးဆီမှာ
နောက်တစ်ဘီးက ဆံပင်ညှပ်ဆရာဦးဘပိုးဆီမှာ
ဦးဘပိုးဆိုတာက စစ်သားဟောင်း ဦးဘိုကြီးရဲ့
အဖေလေ"
"သြော်..."
"ဆရာမလေးကိုရယ်စရာပြောပြရဦးမယ်
အဲ့ဒီ့ဦးဘပိုးဆိုတဲ့လူကြီးက ကတုံးဆံတောက်ကေ
တစ်မျိုးပဲညှပ်တတ်တာ..
ကျုပ်အစ်ကိုနှစ်ယောက်ဆို သူ့ဆီဆံပင်ညှပ်ရမှာ
သေမတတ်ကြောက်တာ..ဘာလို့ဆိုသူ့ရဲ့သင်တုန်း
ဓားတုံးချက်ကကမ်းကုန်ကိုး..ပြီးတော့စက်ကပ် ကြေးကလဲမပြတ်တော့ ညှပ်လိုက်တိုင်းဆံပင်တွေဆောင့်ဆွဲသလိုဖြစ်ပြီးနာချက်ပဲ..
ဒါတောင်သူကဒီရွာတစ်ဝိုက်မှာလက်မလည်ဘူး...
အဲ့တုန်းကလဲဆံပင်ညှပ် ဆရာဆိုလို့ သူတစ်ယောက်ပဲရှိတာကိုး...."
ငယ်ထွေးစကားကြောင့် စကားဖြူဟန်ပင်မဆောင်
နိုင်ပဲရယ်မိတော့သည်။
သူ့အရပ်နှင့်သူကတော့ဟုတ်နေတာပါပဲ။
"ဒါနဲ့...မြလေးကိုမခေါ်သေးဘူးလား"
"ဟင်..."
"ထွေးကသူ့ကိုစိတ်ဆိုးပြီးစကားမပြောတော့
မြလေးမှာစိတ်မကောင်းဖြစ်နေရှာတာ"
စကားဖြူစကားကိုငယ်ထွေးကဘာမှမတုံ့ပြန်ပဲ
ငြိမ်၍သာနားထောင်နေသည်။
ထိုနေ့ညနေဘက်ရောက်တော့
ငယ်ထွေးတစ်ယောက် မြလေးငုံအိမ်ဘက်သို့
ယောင်လည်လည်နှင့်ရောက်လာသည်။
ခြံဝိုင်းရှေ့ရောက်တော့ မြလေးငုံအဖေနှင့်တွေ့သည်။
"မြလေးမီးဖိုချောင်ထဲရှိတယ်အထွေး..."
"ဟုတ်ကဲ့..ဦးလေး"
ဦးလေးရင်မောင်ကပြောပြီးနွားကောင်ရမည်ဟုဆိုကာခြံထဲကထွက်သွားသည်။
ငယ်ထွေးမီးဖိုချောင်ဘက်သို့ခြေသံလုံလုံနှင့်လျှောက်
လာခဲ့သည်။
မြလေးငုံကမီးဖိုရှေ့တကုတ်ကုတ်နှင့်ညနေစာအတွက်ဟင်းတွေပြန်နွှေးနေပုံရသည်။
ထင်းချောင်းကိုတက်နင်းမိရာမှအသံထွက်သွား
တော့ မြလေးငုံကနောက်သို့လှည့်လာကာ
"အဘ..ဘာကျန်ခဲ့...ဟင်...
အထွေး..."
"အဟမ်း....ထမင်းလာစားတာ"
ငယ်ထွေးကမီးဖိုချောင်ရှေ့လက်နှစ်ဖက်နောက်ပစ်၍
မက်တပ်ရပ်ကာ မျက်နှာကိုမိုးပေါ်မော့ထားရင်းမှ
ပြောလိုက်သည်။
မြလေးငုံကငယ်ထွေးကိုတစ်ချက်ကြည့်၍ ပြုံးလိုက်
ပြီး ရှေ့သို့ပြန်လှည့်ကာ
"ဟင်းမကောင်းဘူး..."
ငယ်ထွေးမီးဖိုချောင်ထဲဝင်လာပြီး မီးဖိုပေါ်ကအိုး
ကိုတစ်ချက်လှမ်းကြည့်သည်။
"ဘာဟင်းမလို့လဲ"
"ဆူးပုတ်ရွက်ကိုကြက်ဥနဲ့ကြော်ထားတာ..ပြီးတော့
ဘူးရွက်ဟင်းချိုနဲ့.."
"စားကောင်းမယ့်ပုံပဲ..."
"ဗိုက်ဆာနေပြီလား...ငရုတ်သီးလေးထောင်း
ဦးမလားလို့..."
"ကောင်းသားပဲ...ငါထောင်းပေးမယ်"
"နေပါ...မျက်လုံးထဲငရုတ်သီးဝင်ဦးမယ်
ငါ့ဘာသာထောင်းမယ်"
မြလေးငုံက မီးဖိုပေါ်ကဟင်းအိုးကိုချကာ ရေနွေးအိုး
တင်ထားလိုက်ပြီး ငရုတ်သီးထောင်းရန်ပြင်သည်။
ငယ်ထွေးက ခါးကြားမှာဝှက်၍ထိုးလာသည့် ပိတ်စ
လေးကိုမြလေးငုံရှေ့သို့ထိုးပေးလိုက်သည်။
"အပျိုကြီးဆီမှာဒီအဆင်လေးတွေ့လို့ နင်နဲ့လိုက်
မယ်ထင်ပြီးဝယ်ထားတာ... မြို့ရောက်မှနင့်အဒေါ်
အိမ်ကစက်နဲ့ချုပ်ဝတ်ပေါ့"
မြလေးငုံက ငယ်ထွေးလက်ထဲကပိတ်စကိုကြည့်ကာ
သက်ပျင်းချသည်။
"ဘာလို့ဝယ်တာလဲ သူ့ဆီမှာကစျေးကြီးကကြီးနဲ့
ပြီးတော့ နင့်လိုဖျင်အကြောင်းနားမလည်တဲ့သူဆို
ပိုပြီးစျေးတင်ရောင်းဦးမှာ "
"ငါကနင်ဝတ်စေချင်လို့ဝယ်ပေးတာ စျေးကြီးတာတွေမကြီးတာတွေပြောမနေနဲ့တော့ ယူလိုက်..."
ငယ်ထွေးက ပိတ်စကိုမြလေးငုံပေါင်ပေါ်သို့အတင်း
ထိုးတင်ပေးလိုက်သည်။
ထို့နောက် ဗိုက်ဆာနေပြီ မြန်မြန်လုပ်ဟုဆိုကာ
မီးဖိုချောင်ထဲကထွက်သွားတော့သည်။
"ချော့ရင်လဲပြေပြေပြစ်ပြစ်လေးပြောပြီးချော့တာ
မဟုတ်ဘူး...အမြဲဘုဘုဘောက်ဘောက်နဲ့..."
...........
"မြလေးမရှိတော့ပျင်းနေပြီလားထွေး..."
"ဟင်....ဆရာမလေး...ဘယ်တုန်းကရောက်နေတာ
လဲ"
ရွာဦးကျောင်းဝန်းအတွင်းရှိဇရပ်ပေါ်မှာ
တစ်ယောက်တည်းထိုင်ပြီးငေးနေသည့်ငယ်ထွေး..
ဘေးနားရောက်လာသည့်စကားဖြူကြောင့် အတွေးစတို့ပြတ်တောက်သွားသည်။
"ကြာပြီ...ဒီမှာအစည်းဝေးရှိတာမသိဘူးလား"
"သိတော့သိတယ်..ဆရာမလေးမပါဘူးထင်လို့
ဆရာမလေးပြန်တော့မလား...ကျုပ်လိုက်ပို့ပေး
မယ်.."
"အင်း...ဒါဆိုလဲပြန်ကြတာပေါ့..."
နှစ်ယောက်အတူဇရပ်ပေါ်ကဆင်းလာကြပြီး
"ဒီဇရပ်က ကျုပ်တို့ငယ်ငယ်ကစာသင်ရတဲ့နေရာ
လေ...သက်တမ်းကခုနှစ်ဆယ်ကျော်ပြီဆိုတော့
ပြင်ရမယ့်နေရာတွေလာကြည့်တာပါ..."
"ဒါဆိုငယ်ဘဝအမှတ်တရတွေအများကြီးရှိမှာပဲ"
"ဟုတ်ကဲ့...ငယ်ဘဝအမှတ်တရအများစုကတော့
စာချကိုယ်တော်ရဲ့ကြိမ်လုံးစာမိတာတွေကအများ
ဆုံးပါပဲ...ဟီးဟီး..."
ငယ်ထွေးကသူ့ငယ်ဘဝအကြောင်းပြန်ပြောပြရင်း
ရှက်ရှက်နှင့်ခေါင်းကုတ်သည်။
"မြလေးကတစ်ဦးတည်းသောသမီးလေ
ဒီရွာမှာက ကလေးတစ်ယောက်ထဲရှိတဲ့အိမ်ဆိုလို့
လက်ချိုးရေလို့ရတယ်...ရွာတောင်ပိုင်းကဒေါ်ပွေး
လှဆို ကလေးကိုးယောက်တောင်ရှိတာ...
ဒါတောင် အဖက်မတင်တဲ့ကလေးတွေမပါသေးဘူး
သူမွေးတဲ့အကြီးဆုံးကလေးက ကိုကြီးတာတီးနဲ့
အသက်အတူတူပဲ...အငယ်ဆုံးကောင်လေးက
ဖိုးလုံးနဲ့အသက်တူတူပဲ...တစ်ခါတလေသူ့ကလေး
တွေနာမည်ကိုတောင်မေ့နေတတ်တာ
ဦးဖိုးနီဆိုအခုထိသူ့ကလေးတွေကိုလူနဲ့နာမည်တွဲမ
မှတ်နိုင်သေးဘူး"
ငယ်ထွေးပြောပြသည်ကိုနားထောင်ပြီး စကားဖြူ
ခေါင်းထဲအကြံတစ်ခုထွက်လာသည်။
သားဆက်ခြားအသိပညာပေးဖို့အတွက်ကတော့ လုပ်ကိုလုပ်ရမည့်ကိစ္စပင်။
"ဒါနဲ့...ဒီနှစ်ကျောင်းဆရာအသစ်ရောက်မယ်လို့
ပြောတယ်...ကျုပ်တို့ရွာတော့ကံကောင်းတာပဲ
တစ်နှစ်ထဲကို ဆရာဝန်အသစ်လဲရတယ် ကျောင်း
ဆရာအသစ်လဲရတယ်...ကျောင်းဆရာကလဲ
ဆရာမလေးလိုစေတနာရှိတဲ့သူဖြစ်ရင်သိပ်ကောင်း
မှာပဲ..."
ငယ်ထွေးကဖိနပ်တွေကိုမြေကြီးပေါ်ပစ်ချကာ
လက်နှစ်ဖက်ကိုဖုန်ခါလိုက်ရင်းမှပြောသည်။
"အရင်ကကောတခြားနယ်ကဆရာ၊ဆရာမတွေ
ရောက်မလာဖူးဘူးလား"
"ရောက်တော့ရောက်ပါတယ်...ဒါပေမယ့်နာသုံးနာ
နဲ့မပြည့်မှီတဲ့ဆရာတွေပဲရောက်လာတာ
အဘတို့ပြောတာတော့ အပြစ်ပေးခံရတဲ့ဝန်ထမ်း
တွေဖြစ်မယ်တဲ့..."
"သြော်...."
"ကျုပ်ကတော့ ကုန်းလမ်းခရီးကိုတွင်တွင်ကျယ်
ကျယ်အသုံးပြုနိုင်အောင်လုပ်ချင်တယ်...ဒါမှ
ရွာကကလေးတွေ မြို့ကျောင်းကိုတက်နိုင်မှာ"
"အင်း..မိုးတွင်းဆိုလမ်းကပိုဆိုးမယ်...နွေဆိုရင်တောင်လမ်းကကြမ်းပါဘိနဲ့"
"အဘကိုအဲ့ဒီ့ကိစ္စသေချာပြောရမယ်ထင်တယ်"
အရင်နေ့တွေနှင့်မတူ ဒီနေ့မြင်တွေ့နေရသည့်ငယ်ထွေးပုံက ရင့်ကျက်သည်ဟု စကားဖြူခံစားရသည်။
ဒီရွာကိုစရောက်သည့်အချိန်မှအခုထိ ငယ်ထွေးရဲ့
မြင်ရခဲသောပုံမဟုတ်ပါလား။
"အာ...အခုမှသတိရတယ်....ကျုပ်ထော်လာဂျီ
ဆီကုန်လို့ရပ်ထားရတာ...ရေစက်အတွက်ဆီသုံး
နေရတော့ ထော်လာဂျီထဲကိုဆီမဖြည့်အားဘူး
ဒီတိုင်းသာဆက်ရပ်ထားရင်
ဖိုးထောင်ကကျုပ်ထော်လာဂျီကိုအစုတ်ကြီးလို့
ထင်သွားတော့မှာ...အဲ့ကောင်ကြောတာတော့မခံနိုင်
ဘူး...ဆရာမလေးကော ဆေးရုံအတွက်မီးစက်က
ဆီအလုံအလောက်ရှိရဲ့လား..."
"ရှိပါတယ်ရှင်..ရှိပါတယ်..."
အခုပဲစိတ်ထဲကချီးကျူးနေမိသေးတာ
အခုပဲသူကထဖောက်ပြန်တာကြောင့်စကားဖြူမှာ
ရယ်ရုံကလွဲ၍မတတ်နိုင်တော့ချေ။
9 Nov 2023