Prayer
ဒီနာကျင်ခြင်းတွေနောက်ဆုံးဖြစ်ရင်သိပ်ကောင်းမှာပဲ။တစ်ချို့သောအကြောင်းအရာတွေက ကျွန်မကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နှိပ်စက်နေကြသလိုပဲ.........။အဲ့ဒါကိုကျွန်မ မကြိုက်ဘူး။
ဒါပေမယ့် အရာရာကိုလက်ခံထားပါတယ်။အရာရာကကိုယ့်ရဲ့ကံကြမ္မာပဲလို့လက်ခံထားတာမို့လို့ တစ်ချို့သောအကြောင်းအရာတွေကိုမနှစ်မြို့ပေမယ့် ကျွန်မမြတ်နိုးပေးခဲ့မိတယ်။
တစ်ခါတစ်လေကျတော့ အဲ့ဒီအရာတွေက လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးဆိုးဝါးလာခဲ့တယ်။ဖြစ်စဉ်တွေကိုလက်ခံပေးတယ်ဆိုတာအတိုင်းအတာတစ်ခုရှိတယ်လေ။အတိုင်းအတာကျော်လွန်လာရင်တော့ ထိခိုက်မှုတစ်ခုခုဖြစ်လာမှာအမှန်ပဲမဟုတ်လား။တစ်ယောက်ကိုတစ်ယောက်နာကျင်ခြင်းတွေမပေးပဲ ပျော်ရွှင်မှုတွေပဲဖန်တီးပေးသင့်တာ။
ကျွန်မရဲ့ရေးလက်စစာအုပ်လေးပေါ်မှာဘောပင်လေးထောက်ထားရင်းငြိမ်သက်နေမိတယ်။အဲ့ဒီအချိန်မှာခံစားလိုက်ရတာက ကျွန်မပခုံးကိုဆုပ်ကိုင်လာတဲ့သူမရဲ့လက်တွေ......။
သူမကကျွန်မရဲ့နဖူးကိုတစ်ချက်ငုံ့နမ်းရင်းကျွန်မရေးနေတဲ့စာအုပ်ကိုပိတ်ပစ်လိုက်တယ်။ရှင်ဘာလုပ်တာလဲလို့မေးမိတော့ ပြန်ဖြေတာက မင်းဘာလို့စိတ်ညစ်စရာကောင်းတာတွေကိုရေးနေတာတုန်းဆိုပြီးပြောလေရဲ့။
ဒါကစာရေးသားခြင်းသက်သက်ပဲလေ။စာရေးဆရာဆိုတာ ခံစားချက်အမျိုးမျိုးကိုချရေးတတ်ကြတာပဲမဟုတ်လား။
သူမကပြောတယ်။စာရေးဆရာတွေဆိုတာ သူတို့ခံစားချက်တွေကိုချရေးကြတာမဟုတ်လားတဲ့။ကျွန်မက ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လို့ပြောမိတော့ ဒါဆိုမင်းက ပျော်စရာတွေကိုပဲရေးသင့်တာပေါ့တဲ့။ကျွန်မကိုသူမဘယ်လောက်အထိပျော်ရွှင်အောင်ထားပေးကြောင်းပြောနေခဲ့တယ်။
ဟုတ်တာပေါ့။အဲ့ဒီကောင်မလေးက တတ်နိုင်သ၍ပျော်ရွှင်အောင်ထားပေးပါတယ်။တစ်ချို့သောအရာတွေလွဲမှားနေတာကလွဲရင်ပေါ့။အဲ့ဒါကလည်း အပြစ်တော့မဆိုသာဘူးပေါ့လေ။မတူညီတဲ့လူနှစ်ယောက်ပေါင်းစည်းထားတာမဟုတ်လား။ကွဲလွဲမှုလေးတွေရှိနိုင်တယ်ဆိုတာဖြစ်သင့်တာပါပဲ။
သူမကကျွန်မကိုအနောက်ကသိုင်းဖက်ထားရင်း ခေါ်နေကျအတိုင်း "ကလေးရေ"ဆိုပြီးထပ်ခါထပ်ခါခေါ်နေလေရဲ့။အဲ့လိုခေါ်တိုင်းပြန်ထူးတတ်တဲ့ ကျွန်မရဲ့ "ရှင်" ဆိုတဲ့ထူးသံလေးကိုသဘောကျနေတတ်တာမို့လို့ဆိုပြီးလည်း သူမ ပြောတတ်သေးတာ။
သူနှောင့်ယှက်နေတာနဲ့ ကျွန်မစာဆက်ရေးလို့ရမှာမဟုတ်ဘူးဆိုတာ ကျွန်မသေချာသိလာခဲ့တယ်လေ။သူမရဲ့လက်က ကျွန်မရေးနေတဲ့စာအုပ်ကိုပိတ်ပစ်လိုက်ပြီမို့လို့ အဲ့စာအုပ်ကိုပြန်ဖွင့်ပြီးစာဆက်ရေးနေရင် သူမကကျွန်မကိုစိတ်ကောက်တော့မှာ။
သူမကအရမ်းအကျင့်ပုတ်တတ်တာ။တစ်ခုခုဆိုဇွတ်အတင်းစိတ်ကောက်ပြီးချော့ရခက်တတ်တာ။အဲ့ဒါနဲ့ပဲ အခုအခြေအနေကိုနားလည်သဘောပေါက်စွာနဲ့ ကျွန်မလည်းစာဆက်မရေးတော့ပဲ သူမကိုဂရုစိုက်ပေးဖို့ဆုံးဖြတ်လိုက်တယ်။
"ကလေးရေ"လို့ခေါ်နေတဲ့သူမကိုကြင်ကြင်နာနာလေးပြန်ထူးရင်းသူမကိုဂရုစိုက်ဖို့ပြင်ဆင်လိုက်တုန်းရှိသေးတယ်။ဇာတ်လမ်းကအဲ့ဒီမှာစတင်တာပဲ။သူမက ကျွန်မသိပ်မုန်းတဲ့အကြောင်းအရာကိုစပြောတော့တာ။
ဟုတ်တယ်။အဲ့ဒီအကြောင်းအရာကိုပြောရင် ကျွန်မသိပ်ခံစားရခက်တာ။
သူဘာပြောလဲဆိုတော့ "ကိုယ်နေမကောင်းတော့ဘူး၊ရှင်သန်ခြင်းတွေရပ်တန့်တော့မယ်၊ဘာတွေဖြစ်နေပြီ...ညာတွေဖြစ်နေပြီ၊ဟိုနားကအခြေအနေဆိုးနေပြီ....ဒီနားလေးက အရမ်းနာနေပြီ......"စသည်ဖြင့် အခုချက်ချင်းနှလုံးခုန်ရပ်သွားတော့မလိုပြောပြီး ဂျီကျတော့တာလေ။
အဲ့ဒီအချိန်ဆို ပထမဆုံးကျွန်မစိတ်ပူလာမယ်။အရာအားလုံးကိုဘာခေါင်းစဉ်တပ်ရမှန်းမသိအောင် ကျွန်မစိတ်တိုလာမယ်။ပြီးရင် သူနဲ့ကျွန်မစကားတွေများကြတဲ့အထိ ကျွန်မပေါက်ကွဲမိမယ်။နောက်ဆုံး သူကျွန်မကိုစိတ်ကောက်စိတ်ဆိုးပြီး နာကျင်အောင်လုပ်တဲ့နေရာမှာအဆုံးသတ်သွားလိမ့်။
ကျွန်မသိနေတာတွေအများကြီးရှိနေတယ်လေ။သူမကိုချစ်တဲ့စိတ်နဲ့ အရာရာကိုမြတ်နိုးစွာလက်ခံပေးထားခဲ့တာသူမသေချာသိနှင့်ပြီးခဲ့တာပဲ။သူမကတော့ ကျွန်မကိုယုံကြည်ချင်မှယုံကြည်မှာပေါ့။ကျွန်မကိုမယုံကြည်လို့လည်း နှုတ်ခမ်းဖျားကသာ "ကိုယ့်မိန်းမ.....ကလေးလေး....."ဆိုပြီးတဖွဖွပြောနေပေမယ့် ကျွန်မကိုစမ်းသပ်စာမေးပွဲစစ်နေတာတစ်နေ့တစ်နေ့မပြီးဆုံးနိုင်ခဲ့ဘူးလေ။
စိတ်ကျေနပ်တဲ့အထိသူမကကျွန်မကိုအကြောင်းအရာအမျိုးမျိုးဖန်တီးပြီး နာကျင်စေလိုက်ပျော်ရွှင်စေလိုက်လုပ်ပြီး အခုအချိန်ကျမှသူမရဲ့မိန်းမအဖြစ်ကျွန်မကိုသိမ်းပိုက်ခဲ့တာ။အခုတော့ကျွန်မကသူမကိုပိုင်ဆိုင်ခွင့်ရရှိထားခဲ့ပြီပေါ့။
တစ်ခါတစ်လေကျရင်လေ သူမလုပ်နေတဲ့ပုံစံက ဘာနဲ့တူသလဲဆိုတော့ ကလေးသေးသေးလေးတစ်ယောက်က လူကြီးတစ်ယောက်နဲ့တူတူပုန်းတမ်းကစားနေသလိုမျိုးဖြစ်နေတယ်။
သေချာနားလည်အောင်ရှင်းပြရရင် ကလေးလေးကပုန်းနေမယ်... လူကြီးကိုလိုက်ရှာခိုင်းမယ်ဆိုပါတော့.....ကလေးကရိုးသားတယ်.....ငယ်သေးတယ်.....မသိတာတွေရှိနေသေးတယ်.....သူသိတာက....လူကြီးကိုသူအနိုင်ရဖို့လောက်ပဲလေ......အဲ့လိုနဲ့....သူပုန်းနေတာကိုလူကြီးကတွေ့နေပေမယ့် မမြင်ဟန်ဆောင်ပြီး....ကလေးဘယ်မှာလဲအော်ရင်းလိုက်ရှာရတယ်.....သူပုန်းတာကိုတွေ့နေလည်း မမြင်ချင်ဟန်ဆောင်နေရတယ်......ပြီးရင်အဲ့ကလေးက လူကြီးရှေ့ပြေးထွက်လာပြီး လူကြီးကိုအနိုင်ရပြီလို့ရယ်မောပျော်ရွှင်နေလိမ့်မယ်.....အင်း....အဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့။
ကျွန်မကိုသူမသိပ်ချစ်တယ်လို့ကျွန်မရဲ့နှလုံးသားနဲ့ယုံကြည်ထားတာလေ။သူမလုပ်နေသမျှအရာတွေအားလုံးက ကျွန်မကိုထိခိုက်နစ်နာစေချင်လို့မဟုတ်ပဲ ကလေးသေးသေးလေးတစ်ယောက်လို အနိုင်ယူချင်ရုံသက်သက်ဆိုတာ ကျွန်မအတွက်သေချာနေခဲ့တာပေါ့။
သူကတစ်ခါတစ်လေ တစ်ဆုံးတစ်ချက်သောင်းကျန်းတဲ့အခါ ကျွန်မအတွက်ကြေကွဲနာကျင်ရတယ်ဆိုပေမယ့် ကျွန်မကိုအဲ့ဒီကောင်မလေးသိပ်ချစ်တယ်ဆိုတဲ့အသိတစ်ခုနဲ့တင် ကျွန်မရဲ့နာကျင်ခြင်းတွေ သက်သာသွားရတာ။
အင်း....ဘာပဲဖြစ်ဖြစ်လေ....ဒီအရာတွေကိုမြတ်နိုးစွာပွေ့ဖက်လာခဲ့တာ ရာစုနှစ်တစ်ခုကနေ နောက်ရာစုနှစ်တစ်ခုကိုတောင်ရောက်တော့မှာပဲ။နာကျင်လွန်းလို့ဝင်သက်ထွက်သက်တွေရပ်သွားခါနီးတိုင်း သူမ တားမြစ်ခဲ့တဲ့လက်တွေကြားမှာပြန်လည်ရှင်သန်လာခဲ့ရတာ။ အခုဆိုဘယ်နှစ်ကြိမ်မြောက်မှန်းတောင် ကျွန်မတကယ်မသိတော့ပါဘူး။
အခုအချိန်မှာကျွန်မကအဲ့ဒီကောင်မလေးရဲ့မိန်းမအဖြစ်နဲ့ရှင်သန်နေထိုင်ရင်း သူမနဲ့အတူတူရှိနေပေးခဲ့တာလေ။
ဆန္ဒတစ်ခုကလွဲရင်သူမကိုဘာမှတော့မတောင်းဆိုချင်ဘူး။သူမကလည်းကျွန်မဆီကအချစ်တွေကိုလက်ခံရယူတဲ့သူအဖြစ်နေထိုင်ခဲ့တာမဟုတ်လား။ပေးဆပ်ခြင်းတွေက သူမနဲ့သိပ်ရင်းနှီးမှာမဟုတ်ပါဘူးလေ။
တစ်ခုပဲ......ဆုတောင်းတစ်ခုပဲရှိတယ်။ကျွန်မကိုတစ်သက်တာအတွက်သစ္စာရှိတဲ့အချစ်တွေနဲ့အနားနားမှာရှိနေပေးဖို့.....သူမဆီကလက်ခံရရှိချင်တာ အဲ့ဒီဆုတောင်းတစ်ခုပါပဲ။
အဲ့ဒီလိုနဲ့ ကျွန်မကသူမရဲ့တစ်ဦးထဲအမျိုးသမီးလေးအဖြစ်သူမရဲ့သစ္စာရှိချစ်ခြင်းတွေကိုလက်ခံရယူပိုင်ဆိုင်ခွင့်ကိုအထပ်ထပ်တောင်းဆုပြုနေမိရင်း ကျွန်မရဲ့နေ့ရက်တိုင်းကိုရှင်သန်နေထိုင်ခဲ့တာပေါ့။
Avery Yint Han