အပိုင်း (၄၉.၁) နောက်ဆုံးတော့ရပြီ (၁)
သူတို့က အိမ်ထဲမှ ထွက်လိုက်သည်နှင့် ခေါင်းလောင်းမြည်သံလိုအသံက ပို၍ ထင်ရှားလာသည်။
လရောင်အောက်တွင် တစ်ရွာလုံးက လှုပ်လှုပ်ရှားရှား အမူအရာများ မရှိဘဲ အမှောင်ထုအတွင်းတွင် တိုးဝင်ပျောက်ကွယ်နေသလို ဖြစ်နေသည်။
ဒီနေရာတွင် ရွာ၏နေထိုင်မှု မရှိသည့်အလား လေထုက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လွန်းနေခြင်း ဖြစ်သည်။
ရွာသားများက အလွန်နှေးကွေးလွန်းသော အရှိန်နှုန်းဖြင့် လမ်းလျှောက်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်မှလိုက်သောအခါ လျင်မြန်စွာ မီသွားသည်။
သူတို့က နဂိုအတိုင်း ပုံမှန်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း မျက်နှာရှိမျက်နှာဖုံးကသာ ကွာခြားနေခြင်းဖြစ်သည်။ ကောင်းကင်က အလွန်မှောင်နေသောကြောင့် သူတို့၏ မျက်နှာအမူအရာများကိုလည်း ထင်ထင်ရှားရှား မမြင်နိုင်တော့ပြန်ချေ။ ထို့ကြောင့် ငရဲမှတက်လာသော မိစ္ဆာကောင်များကဲ့သို့ ထင်နေရသည်။
သူတို့က ဦးတည်ရာသို့ ချဉ်းကပ်လာလေလေ၊ ကြားလာရသော မြည်နေသည့်အသံက ပို၍ ထင်ရှားလာလေလေဖြစ်သည်။
လေပြေက အဖော်ပြုလာပြီး တောင်တန်းတစ်လျှောက်ဖြတ်သန်းသွားကာ မရပ်မနားဆက်တိုက် မြည်ဟိန်းနေခြင်း ဖြစ်သည်။ မူလကတည်းက ဒီဝန်းကျင်တွင် တစ်ရွာတည်းသာလျှင် ရှိပြီး အခြားနေရာတိုင်းက ပြောင်ရှင်းနေခြင်း ဖြစ်သည်။ အသံကမူ သဘာဝအလျောက်ပင် အဝေးမှလာနေပြီး မြစ်ကမ်းဘေးအနားသို့ ရောက်သွားပြီး အကွာအဝေးက နီးသွားလေလေ အသံက ပို၍ ကျယ်လာလေလေ ဖြစ်လာသည်။
သူတို့က တောအုပ်ကို ဖြတ်သွားပြီးသည်အထိ လူသုံးယောက်လုံးက မည်သည့်စကားမှ မဆိုဖြစ်ကြပေ။
မြေပြင်တွင် သစ်ပင်၏ အရိပ်များက ဆန့်ထွက်နေပြီး သစ်ကိုင်းများကလည်း ထူးဆန်းစွာ လိမ်တွန့်နေကြသည်မှာ ရုပ်သေးရုပ်များနှင့် တူလာသည်။ သစ်ရွက်များပေါ် ခြေထောက်များ နင်းလိုက်သောကြောင့် ထွက်လာသောအသံများက အနည်းငယ် သိသာထင်ရှားနေသေးသည့်တိုင်အောင် အရှေ့မှရွာသားများကမူ မည်သည့်အသံကိုမှ မကြားရသလိုမျိုး ရှေ့သို့သာ ဆက်လျှောက်သွားကြသည်။
လျိုရွှမ်း၏ နှလုံးသားက ရင်ဘတ်မှ ထွက်ကျတော့မည်ဟုပင် ထင်သည်။ ဒီမြင်ကွင်းက တက်ကြွလွန်းအားကြီးသည်။
သူမအနေဖြင့် ဒီလိုမြင်ကွင်းမျိုးကို အိပ်မက်မက်ခဲ့ဖူးသော်လည်း စိတ်ထဲမထားခဲ့ချေ။ ထိုကာလက သူမရွာမှ ထွက်မသွားခင်တစ်ညတွင် အိပ်မက်မက်ခဲ့ခြင်းဖြစ်သည်။ သူမကလည်း မျက်နှာဖုံးကို ဝတ်ပြီး တူညီသော အမှောင်ထုအတွင်းတွင် တူညီသော လမ်းများပေါ်တွင် လျှောက်နေသည်ဟု မက်ခဲ့သည်။ သို့သော် သူမ၏ ဦးတည်ရာက မည်သည့်နေရာမှန်း မသိခဲ့ပြန်ချေ။ အဆုံးတွင် သူမက အိပ်မက်မှ နိုးထလာခဲ့သည်။
ယခုမူ ကံကောင်းစွာပင် မျက်နှာဖုံးက သူမနှင့်အတူ ရှိမနေခဲ့ပေ။
သူမ၏ အရှေ့ရှိ အရာအားလုံးကလည်း ထိုရွာသားများက ထိုသို့ ရှေ့ဆက်လျှောက်နေရသည်မှာ သူတို့၏ မျက်နှာရှိ မျက်နှာဖုံးကြောင့်မှန်း သေချာနေခြင်းဖြစ်သည်။ သူမကသာ သူတို့နှင့် အတူနေမည်ဆိုလျှင် သူတို့နှင့်အတူ ယခုကဲ့သို့ လမ်းဆက်လျှောက်နေရလောက်ပြီး သူတို့၏ တစ်ဖွဲ့တည်းသား ဖြစ်သွားလောက်သည်။
ထိုသို့ တွေးမိသောအခါ သူမ သေဆုံးခြင်းမှ ပြန်ဆွဲခေါ်ခံရသလိုမျိုး တစ်ကိုယ်လုံး ကျောချမ်းကာ ချွေးများစိုရွှဲသွားတော့သည်။
လျိုရွှမ်းက မနေနိုင်ဘဲ ပြောလိုက်သည်။
"ကျွန်မတို့ ကျောက်တုံးတံတားကို ရောက်ပြီ "
သူတို့က မြစ်ကမ်းဘေးနားတွင် ရပ်နေလိုက်သည့်အချိန်တွင် ရွာသားများကမူ တံတားပေါ်သို့ တစ်ယောက်ချင်းစီ အတန်းလိုက်တက်သည်။ မျက်နှာချင်းဆိုင်ရှိ တောအုပ်ထဲသို့လည်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ရှီချီက နေရာတွင် ရပ်နေလျက် သူတို့ကို ကြည့်ပြီးမှ ပြောလာသည်။
"ခဏနေရင် မတူတော့တဲ့အရာတစ်ခုခုကို မြင်ရကောင်း မြင်ရနိုင်တယ်၊ ဒီတော့ မအော်ကြနဲ့"
နင်မုန့်က ခေါင်းညိတ်လိုက်သည်။
လျိုရွှမ်းကမူ ပြောစရာစကားမရှိတော့ချေ။ ထိုသူများက အသေခံရန် စစ်ချီတက်သကဲ့သို့ သွားနေကြခြင်းဖြစ်ပြီး ထူးဆန်းသော မျက်နှာဖုံံးများကို ဝတ်လျက် တောင်တန်းထံဦးတည်နေကြသည်။
မျက်နှာချင်းဆိုင်တောင်တွင် ဘာရှိမှန်း သူတို့က မသိထားလောက်ကြသလို အသံကလည်း မည်သည့်နေရာမှလာကြောင်းလည်း မသိထားလောက်ကြချေ။ သို့သော် ဒီကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြန်သည်။
လရောင်က တိမ်မည်းများအနောက်သို့ အပြည့်အဝ ဝင်ရောက်သွားလေရာ မြစ်က ပို၍ မှောင်မည်းသွားပြီး ကျောက်တုံးတံတားကလည်း အမှောင်ထုထဲ ကျရောက်သွားသည်။
ထိုလူများကမူ မည်သည့်တုန့်ပြန်မှုမှမရှိကြောင်း သေချာသွားသဖြင့် ရှီချီက သူ၏ဖုန်းကို ဖွင့်ပြီး မီးကို ဖွင့်လိုက်သည်။ သို့ရာတွင် သူက လမ်းမြင်ရရုံလောက်သာ ဖွင့်ကာ ထိန်လင်းသွားသည်အထိ မဖွင့်လိုက်ချေ။
နင်မုန့်က အရှေ့မှလူများကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"သူတို့က လမ်းကို မကြည့်တာ သေချာနေတာပဲ၊ ဒါတောင်မှ မယိုင်သွားဘူး၊ ဘယ်လောက်တောင် ထူးခြားတဲ့ ပါရမီလဲ"
ရှီချီက ခေါင်းလှည့်ပြီး မေးလာသည်။
"မင်း အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ ဒါပဲ သိတာလား"
ရှီချီက သူ၏စကားကြောင့် ရှက်သွားပြီးမှ မျက်နှာကို တည်ရန် ကြိုးစားလိုက်ပြီး မေးလိုက်သည်။
"ဒါဆိုရင် နင်က ဘာရှာတွေ့လဲ"
ရှီချီက မိနစ်ဝက်ခန့်အထိ စိုက်ကြည့်နေပြီးမှသာ ပြန်ဖြေလာသည်။
"မတွေ့ပါဘူး"
နင်မုန့်က ဆွံ့အသွားသည်။
လူယုတ်မာ။ ငါတောင် လှည့်ကွက်ထဲ ကျသွားတော့မလို့။
သူတို့က စကားပြောနေသည့် အချိန်တွင်ပင် လူတန်းရှည်မှ နောက်ဆုံးတစ်ယောက်က တံတားပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။
ရှီချီ၏ အကြည့်က အနည်းငယ် ပို၍ အေးခဲသွားလေသည်။ သူက ပြောလိုက်သည်။
"ငါတို့ သွားလို့ရပြီ"
နင်မုန့်က သူနှင့်အတူ ကျောက်တုံးတံတားပေါ်သို့ တက်သည့်အခါ ညနေက ဒီနေရာပေါ်တွင် ရပ်နေချိန်ကနှင့် ကွာခြားသွားကြောင်း သိလိုက်သည်။ လေအေးများက အရိုးထဲထိစိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ သူမ၏ လက်ရှိခန္ဓာကိုယ်က ယင်သဘာဝစွမ်းရည်အပြည့်ပါသဖြင့် ရက်စက်ကြမ်းကြုတ်သော ရန်ငြိုးကြီး ဝိညာဉ်များ သဘာဝလွန်ဖြစ်တည်မှုများကို ဆွဲဆောင်မှု ပြင်းထန်လေရာ သူမ သာမန်လူထက် အခံစားရဆုံးလည်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူမအနေဖြင့် ထိန်းထားနိုင်ခဲ့သည်။
တံတားကို ဖြတ်ပြီးနောက် ခေါင်းလောင်းသံက ပို၍ပင် သိသာထင်ရှားလာပြီး ပြင်းပြင်းထန်ထန် မြည်ဟီးလာကာ နားများကိုပင် ဒုက္ခပေးလာတော့သည်။ အချိန်တစ်ခုကြာပြီးနောက် နာကျင်မှုက ကျင့်သားရသွားသလိုမျိုး ဖျော့သွားသည်။
လျိုရွှမ်းကလည်း နင်မုန့်၏ အနားသို့ တိုးကပ်လာပြီးနောက်တွင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"စီနီယာ အစ်မ၊ စီနီယာအစ်မ ခေါင်းလောင်းသံကို ကြားလား၊ လက်ကိုင်ခေါင်းလောင်းလို အသံမျိုးလေ"
နင်မုန့်က ခေါင်းညိတ်သည်။
"ငါ ကြားရတယ်၊ ငါတို့အားလုံး ကြားရမယ်လို့ ငါထင်တယ်"
ရှီချီက တိုးလျစွာ ပြောလာသည်။
"ဒီခေါင်းလောင်းသံက သူတို့ကို ဆင့်ခေါ်နေတာ၊ ရပ်သွားတာနဲ့ အားလုံးနိုးလာလိမ့်မယ်"
ထို့အတွက်ကြောင့် ယခုအချိန်ထိ ခေါင်းလောင်းသံက မရပ်သေးခြင်းဖြစ်သည်။ ထို့အစား ပို၍ ကျယ်ပြီး ပို၍ ရှင်းလင်းပြတ်သားလာသည်။
သူတို့က ကျောက်တုံးတံတားကို ဖြတ်ပြီးနောက် လူသုံးယောက်က နောက်ဆုံးလူ၏အနောက်မှ လိုက်လျက် တောအုပ်ထဲသို့ဝင်ပြီး ပို၍အုံ့မှိုင်းသော သစ်ရွက်များအပြည့်ရှိနေသော နေရာကို ကျော်ဖြတ်သွားသည်။ သူတို့က တောအုပ်ထဲသို့ ကျော်ဖြတ်ပြီးနောက် မြင်ကွင်းက ရှင်းလင်းသွားပြန်သည်။
နင်မုန့်၏ အမြင်က စူးရှသည်။ ယင်ယန်မျက်လုံးကို ရရှိပြီးနောက်တွင် သူမက ညအချိန်တွင် ကောင်းကောင်း မြင်နိုင်သဖြင့် သိပ်မဝေးသော နေရာမှ တဲအိမ်လေးကို မြင်လိုက်ရသည်။
သူမက ရှီချီ၏ အင်္ကျီလက်ကို ဆွဲသည်။
"ကြည့်လိုက်ဦး၊ အဲ့ဒီမှာ အိမ်ရှိတယ်"
ဒါက ဝတ္ထုထဲတွင် ညွှန်းထားသော ဂူဘုရားကျောင်း ဖြစ်လောက်သည်။ တောအုပ်၏ တစ်ဖက်ခြမ်း၏ ကျောချမ်းဖွယ်ကောင်းသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ဓားမြှောင်ကို ဘယ်သူမှ မယူသွားသေးလောက်ကြောင်း သေချာသွားသည်။
ရှီချီ၏ အမူအရာက လေးနက်သွားသည်။
"ဒါက နောက်ဆုံးနေရာပဲ"
လျိုရွှမ်းကလည်း ဒါက သူတို့၏ အဆုံးအဖြတ်နေရာမှန်း ခံစားနေရသလိုမျိုး ထိုနေရာသို့ သွားရန် တုန့်ဆိုင်းသွားသည်။ သို့သော် သူမက ဒီနေရာတွင်လည်း မကျန်ရစ်နေရဲချေ။
စီနီယာက အရမ်းတော်တာ။ ငါ့ကို ကာကွယ်ပေးနိုင်မှာပါ။ ဟုတ်တယ်မဟုတ်လား။
သူမက ထိုသို့ တွေးလိုက်ပြီးနောက် လျို့ဝှက်စွာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမက အနောက်တွင် ကျန်မနေရစ်ရဲသဖြင့် သူနှင့် စီနီယာအစ်မ၏နောက်သို့ ကပ်လိုက်လိုက်သည်။
သူတို့က အိမ်ထံလျှောက်သွားလေလေ သူမ၏ နှလုံးသားထဲမှ သတိက ပို၍ ကြီးလာလေလေ ဖြစ်လာသည်။
နင်မုန့်က မနေနိုင်ဘဲ အမျိုးမျိုးသော သရဲပုံပြင်များကို တွေးကြည့်လိုက်မိရာ သူတို့က သေရမည်ကို မကြောက်ဘဲ ရှာဖွေစူးစမ်းနေသည့် ဇာတ်လိုက်များလို ခံစားလိုက်ရသည်။ သို့ရာတွင် အသက်ရှင်ရန်အလို့ငှာ သူတို့အနေဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ သွားရမည်ဖြစ်သည်။
ရှီချီက ရုတ်တရက် ခေါင်းလှည့်ပြီး မေးလာသည်။
"ဖရဲစေ့က အရသာရှိလား"
"ဟမ်"
နင်မုန့်က ရုတ်တရက် ကြောင်သွားပြီးနောက် ဖြေလိုက်သည်။
"အင်း အရသာရှိတယ်လေ"
ရှီချီ၏ အကြည့်က အမျိုးအမည်ဖော်မရဘဲ ထူးဆန်းသွားသည်။
နင်မုန့်က သူမ၏လက်ကို ပွတ်လိုက်သည်။
"ဘာလို့ ငါ့ကို ဒီလိုလာကြည့်နေတာလဲ"
ရှီချီက စကားမပြောတော့ချေ။ အကြည့်ကိုသာ ပြန်လွှဲသွားသည်။
မျက်နှာဖုံးနှင့် လူများက တောင်ပေါ်သို့ တက်သွားနိုင်သည်။ တောင်က မမတ်စောက်သောကြောင့် သူတို့က အလွယ်တကူ တက်၍ ရသည်။ နောက်မှ လိုက်လာသော သုံးယောက်ကလည်း လျင်မြန်စွာဖြင့် ထိပ်သို့ ရောက်သွားသည်။
လျိုရွှမ်းက မျက်လုံးပြူးသွားသည်။
"သူတို့က ဘာလို့ရုတ်တရက် ပျောက်သွားတာလဲ"
ငါတို့က ကပ်လိုက်နေခဲ့တာပါ။ ဘာလို့ တောင်ပေါ်ရောက်တာနဲ့ လှည့်ကြည့်လိုက်တော့ ပျောက်သွားတာလဲ။ သူတို့ ပြန်လှည့်သွားတာလား။ မယုံနိုင်စရာဘဲ။
လက်ရှိအချိန် သူတို့၏ အရှေ့တွင် ကွင်းပြင်သာလျှင်ရှိနေသည်။
လရောင်က သူတို့၏ မြင်ကွင်းကို ထင်ရှားစွာ မြင်ရအောင် ထောက်ပံ့ပေးထားသဖြင့် ကျောက်သား ကျောက်စာတိုင်များဖြင့် ဝိုင်းနေသော ကျောက်တုံးအိမ်တစ်အိမ်ကိုသာ မြင်လိုက်ရသည်။
ကျောက်တုံးကျောက်စာတိုင်များကလည်း တစ်ခုချင်းစီ တစ်မီတာစီခန့် ဝေးကွာပြီး အပေါ်တွင်လည်း စာများ ရေးသားထားသည်။ သို့သော် ထိုကျောက်စာတိုင်များက အလွန်ခေတ်နောက်ကျနေသောကြောင့် ရေးသားထားသော စာများက ယခုခေတ်သစ် ဘာသာစကားကဲ့သို့ အရိုးရှင်းဆုံးပုံစံဖြင့် ရေးသားထားခြင်းလည်း မဟုတ်ချေ။
နင်မုန့်က ဓားမြှောင်ဖြင့် သရဲကို ဖိနှိပ်ထားသောလူက ဒီအရာများကို ကြံစည်ထားခဲ့ခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ကျောက်တုံးကျောက်စာတိုင်များက တစ်စုံတစ်ရာပျက်စီး၍ မရချေ။ ထို့သို့ ပျက်စီးသွားသည်နှင့် ဝင်္ကပါက ပျက်စီးသွားပြီး သရဲက လွတ်သွားလောက်သည်။ ထိုသို့ ဆိုလျှင် ကပ်ဘေးက ကျရောက်လာပေလိမ့်မည်။
စနစ်ကလည်း သူမ၏ အတွေးကို ချီးကျူးသည်။
"မှန်လိုက်တာ၊ ဒီကျောက်စာတိုင်တွေက သင်္ကေတတွေ ထည့်သွင်းပြီး ကျမ်းစာနဲ့ပေါင်းထားတာ၊ သွေးတွေလည်း ထည့်ပေါင်းထားသေးတယ်၊ ဒီတော့ အရမ်းကို ရှားပြီး အဆင့်အရမ်းမြင့်တဲ့နည်းလမ်းလို့ ပြောလို့ရတယ်၊ ကျောက်စာတိုင်တစ်ခု ပျက်စီးသွားတာနဲ့ စည်းက ပေါက်သွားပြီပဲ"
နင်မုန့်က ဒီစည်းကို ဖန်တီးခဲ့သည့် မရင်းနှီးသော ဆရာသခင်ကို ကိုးကွယ်ချင်သွားသည်။
ကျောက်စာတိုင်များ၏ အနောက်တွင် အပျက်စီးပုံများကြား ရောက်နေသလိုမျိုး ဂူဘုရားကျောင်းတစ်ခု ရှိသည်။ အထက်တွင် တစ်စုံတစ်ရာက တောင်ပံခတ်နေသလိုမျိုး တဖပ်ဖပ် အသံများကိုလည်း ကြားရသည်။
လျိုရွှမ်း၏ ထိတ်လန့်မှုက နှလုံးသားထဲမှ ပေါက်ထွက်လာပြီး သူမ၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ သူမ၏ မသိစိတ်အရ ထိုနေရာတွင် အလွန်ကြောက်စရာကောင်းလွန်းသော အရာမျိုးရှိနေသည်ဟု ပြောနေသည်။ သူမက မေးလိုက်သည်။
"ကျွန်မတို့ အထဲကို ဝင်ကြမှာလား၊ ဒီလူတွေက ပျောက်သွားတာဆိုတော့ အထဲကို ဝင်သွားတာ ဖြစ်လောက်လား"
ရှီချီက သူမကို မကြည့်ချေ။
"ဒါပေါ့ ငါတို့ အထဲကို ဝင်ရမယ် "
သူတို့က အထဲကို ဝင်လိုက်သည့်အချိန်မှာပင် ဝိုင်းကာထိုင်နေသော လူအုပ်ကို မြင်လိုက်ရသည်။ အားလုံးက အဝိုင်းသုံးဝိုင်းလို ဝိုင်းပတ်ကာ ထိုင်နေကြခြင်း ဖြစ်သည်။ သူတို့အားလုံးက ကြမ်းပြင်တွင် ထိုင်နေကြပြီး လက်ကောက်ဝတ်မှ သွေးများ စီးကျနေသည်။
အလယ်တည့်တည့်တွင် လူလေးယောက်က ကခုန်နေသည်။ သူတို့၏ လှုပ်ရှားမှုများက တောင့်တင်းနေသလို သူတို့၏ စရိုက်ကလည်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားကာ ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး တဖြည်းဖြည်းချင်း ပျက်စီးနေသော အရုပ်တစ်ရုပ်လိုမျိုး တွန့်လိမ်ရှုံ့တွကာ မျက်စိပသာဒ မဖြစ်တော့ချေ။ သို့သော် မရပ်မနားဆက်ကနေသေးပြန်သည်။
သူတို့က ကနေရင်းမှ လူအများ၏ မျက်နှာဖုံးပေါ်ရှိ သင်္ကေတများက ပြောင်းလဲလာပြီး တဖြည်းဖြည်းချင်း ပို၍ သိသာထင်ရှားလာပြီး အဆုံးတွင် တစ်ပုံစံတည်း ဖြစ်သွားသည်။
လျိုရွှမ်းက ဘာကြောင့်ရယ်မသိ ဆက်တိုက် တုန်ယင်လာသည်။ သူမ၏ အရှေ့ရှိအရာအားလုံးကို ကြည့်နေရင်းမှ သူမ၏ အတွေးများက အေးစက်လာပြီး အတွေးများကပင် အေးခဲသွားသည်။
တံခါးဝတွင် ရပ်နေသော သူတို့သုံးယောက်ကို တစ်ဖက်လူများက ရှာမတွေ့သွားလျှင် အကောင်းဆုံးဖြစ်သည်။
###