ဆေးရုံက စကားဖြူ ရောက်လာမှ ပြန်ပြင်ရမည့်
နေရာတွေပြင်။ ဆေးပြန်သုပ်နှင့်
သန့်ရှင်းရေးလုပ်ပြန်လုပ်နေရသည်။
ကုတင်က အလုံးနှစ်ဆယ်ပင်မရှိ။ သံကုတင်က
ဆယ့်ငါးလုံး သစ်သားကုတင်ကငါးလုံး။
ခုံတွေကကျိုးတာကျိုး၊ နဲ့တာကနဲ့နှင့် ။ ဆေးရုံက
ဆေးရုံနှင့်မတူ ။ အပျက်အစီးတွေထားသည့်ဂိုဒေါင်
ဟောင်းနှင့်တူနေသည်။
တံခါးတွေက ပိတ်မရတဲ့ဟာကပိတ်မရ။
မှန်မရှိတာကမရှိနှင့်။ အရင်တာဝန်ကျခဲ့တဲ့လူတွေ
ဘယ်လိုပစ်ပစ်ခါခါလုပ်သွားကြသလဲကို စကားဖြူ
နားမလည်နိုင်။
ဆေးရုံကို ရွာရဲ့အနောက်ဘက်ကွင်းပြင်ထဲမှာ
ဆောက်ထားခြင်းဖြစ်သည်။
အနီးနားမှာ တဲ သုံး၊လေးလုံးခန့်တော့ရှိသည်။
သူမရဲ့ပထမဆုံးလူနာကတော့ ဟိုတစ်နေ့က ငယ်
ထွေးကြောင့် လှည်းပေါ်ကပြုတ်ကျပြီး ဆေးရုံ
ရောက်လာသည့် ကိုရင်ကြွက်ပုဆိုသော လူဖြစ်သည်။
သူမရဲ့မိသားစုဝင်တွေလဲ မြို့သို့ပြန်သွားကြပြီ
ဖြစ်သည်။
ကိုကိုကတော့ ငယ်ထွေး ကားမောင်းပုံကို
သဘောကျစွာ ပြန်ပြောပြသည်။
သင်လွယ်တတ်လွယ်ပြီး တော်တော်လေးလဲ ရဲတင်း
သည့်အကြောင်းပေါ့။
ကားဘာမှဖြစ်မသွား၍ပင် တော်တော့သည်။
ဆေးရုံဘေး၌ ဆရာဝန်နှင့် ဝန်ထမ်းနေရန် လေး
ခန်းတွဲ အဆောက်အဦးတစ်ခုရှိပြီး ထိုလိုင်းခန်း၌
နေသူတစ်ယောက်မှ မရှိချေ။
လောလောဆယ် ဆေးရုံ၌ သူနာပြု တစ်ယောက်
ရှိပြီး သူမက တမာစုရွာက ရွာသားနှင့်အိမ်ထောင်
ကျသွားတာကြောင့် လိုင်းခန်းမှာမနေချေ။
လိုင်းခန်းတွေကလဲ ညစ်ပတ်နေတာကြောင့် သူကြီးက ကာလသားတွေကို သန့်ရှင်းရေးပြန်လုပ်ခိုင်းထားသည်။
"မြလေးကို အစ်မ တစ်ခုလောက်မေးချင်လို့"
"မေးလေ အစ်မ"
"ဒီရွာက ရွာသူရွာသားတွေကလေ အစ်မ
ဒီကိုရောက်လာတာ မကြိုက်ကြသလိုပဲနော်"
စကားဖြူက စိတ်မကောင်းဟန်ဖြင့် တွေတွေလေးငေးကာပြောတော့ မြလေးငုံ ပြုံးလိုက်ကာ
"ကိုယ့်ရွာမှာဆေးကုပေးမယ့် ဆရာဝန်ရောက်လာ
တာ ဘာမကြိုက်စရာရှိလဲ အစ်မရဲ့ ၊ အင်း..
တကယ်တော့လေ ရွာသားတွေက အစ်မကိုစောင့်
ကြည့်နေကြတဲ့သဘောလို့ပြောရမလား ၊ ဟို..
ညီမအခုလိုပြောလို့ တမျိုးမထင်နဲ့နော် ၊ စိတ်မ ကောင်းလဲ မဖြစ်နဲ့၊ ဆေးရုံမှာအရင်က တာဝန်ကျ
ခဲ့တဲ့ ဆရာဝန်တွေသူနာပြုတွေက စေတနာအရင်း
ခံနဲ့ရောက်လာကြတာမျိုးမဟုတ်ဘူး ၊ ပြစ်မှုနဲ့ ရောက်လာကြတဲ့ ဝန်ထမ်းတွေ များတယ် အစ်မရဲ့၊
အဲ့ဒီ့တော့ အလုပ်ကို ပေါ့ပေါ့တန်တန်ပဲ လုပ်ကြတာ၊
လူနာတွေကိုစေတနာပါပါနဲ့ မဆက်ဆံကြဘူး၊
အစ်မကသူတို့လိုမဟုတ်ဘူးလေ ဒီနယ်လေးကို
လာဖို့ အစ်မကိုယ်တိုင်ရွေးချယ်ခဲ့တယ်ဆိုတာ
ညီမသိပါတယ်၊ သူတို့တွေ အစ်မစေတနာကို
သိလာကြမှာပါ"
မြလေးငုံက ရွာမှာဖြစ်ပျက်ခဲ့သည့်ကိစ္စတချို့ကို
ပြန်ပြောပြတော့ စကားဖြူ နားလည်သဘောပေါက်
သွားသည်။
"မြလေးကော ကျောင်းပြီးရင် ရွာမှာပဲ ဆရာမ
ပြန်လုပ်မှာပေါ့"
"ဟုတ်ကဲ့...ရွာကျောင်းမှာပဲ ဆရာမပြန်လုပ်မှာ၊
အဲ့လိုမှမဟုတ်ရင် အထွေးက ညီမကို သေခန်း
ပြတ်ပဲလို့ ခြိမ်းခြောက်ထားတယ်လေ"
"သူကြီးသမီးကလား"
"ဟုတ်တယ်...သူက သူသာ ရွာသားတွေကို ဒုက္ခ
ပေးချင်ပေးမယ် ၊ ရွာအကျိုးအတွက်ဆိုရင်တော့
ရှေ့ဆုံးကပဲ "
သူမတို့နှစ်ယောက် ဆေးရုံရှေ့က မန်းကျည်းပင်ကြီး
အောက်ရှိ ကွတ်ပျစ်လေးမှာ စကားပြောနေစဥ်
ဆေးရုံဝင်းထဲသို့ ထော်လာဂျီ တစ်စီးမောင်းဝင်လာ
သည်ကို တွေ့ရသည်။
မောင်းလာသူက ငယ်ထွေး။
ငယ်ထွေးက သစ်ပင်ရိပ်အောက် ထော်လာဂျီကို
ရပ်ကာ မြလေးကို ထော်လာဂျီပေါ်ကနေ လှမ်း၍
"နင်ကဒီရောက်နေတာပဲ"
"နင်ကကော..ဘာလာလုပ်တာလဲ "
"အဘ ပစ္စည်းတွေ ပို့ခိုင်းလိုက်လို့"
ငယ်ထွေးက ထော်လာဂျီပေါ်ကမဆင်းခင်
ဝတ်ထားသည့် ရှမ်းဘောင်းဘီကိုပြင်ဝတ်သည်။
ခါးကကြိုးကိုသေချာစည်းကာ ထော်လာဂျီပေါ်က
ဆင်းလာပြီး
"ကိုရင်ကြွက်ပု ဆေးရုံဆင်းသွားပြီလား"
"မနက်ဖြန်မှ ဆင်းရမှာ ၊ သွားကြည့်လိုက်ဦး"
"အင်း.."
ငယ်ထွေးက ထော်လာဂျီခုံအောက်ထည့်လာသည့်
ငှက်ပျောဖီးကိုယူ၍ ဆေးရုံဘက်ထွက်သွားသည်။
စကားဖြူကို နှုတ်ဆက်၍ပင်မသွား။
မြလေးငုံက အားနာဟန်ဖြင့်
"အစ်မ ဒီမှာနေရင် ရွာထဲက ကလေးမလေးတွေ
အလှည့်ကျ အဖော်လာအိပ်ပေးလိမ့်မယ်၊
ဆေးရုံစောင့်ကြီးလဲ ရှိတော့ရှိပါတယ် ၊ ဆေးမှုး
လေးကတော့ သွားလိုက်ပြန်လိုက်ဆိုတော့ လိုင်း
ခန်းမှာအမြဲရှိမှာမဟုတ်ဘူး ၊ သူနာပြုကလဲ လော
လောဆယ် တစ်ယောက်ပဲရှိတယ်"
"ဆရာဝန်တစ်ယောက် ထပ်ပို့ပေးမယ်လို့တော့
ပြောတာပဲ ၊ ဘယ်တော့ရောက်မလဲတော့ မသိပါ
ဘူး ကြာရင်ကြာဦးမယ်ထင်တယ်"
"အစ်မအဆင်မပြေတာရှိရင် ပြောနော်
ဘာမှ အားမနာနဲ့ ၊ ဒီရွာက လူတွေက သဘော
ကောင်းပါတယ် "
.........
ငယ်ထွေး ဆေးရုံထဲ ဝင်လာခဲ့သည်။
လိုင်းခန်းသန့်ရှင်းရေးလုပ်နေသည့် ကာလသား
တွေကို ထော်လာဂျီပေါ်က ပစ္စည်းတွေ ချဖို့သွား
ပြောပြီးနောက် ကြွက်ပုရှိရာ လူနာဆောင်သို့
သွားလိုက်သည်။
ဟောခန်းကြီးထဲ ကုတင်ဆယ့်ငါးလုံး မျက်နှာ
ချင်းဆိုင်စီချထားပြီး လူနာဆို၍ ကြွက်ပုတစ်
ယောက်သာရှိသည်။
လူနာစောင့်ကလဲမရှိ။ ကုတင်ပေါ်မှာ ခြေထောက်
တစ်ချောင်း ကြိုးဖြင့်ဆွဲထားရပြီး လှဲနေသည့်
ကိုရင်ကြွက်ပု နားသို့ လှမ်းသွားကာ
"ဘယ်လိုလဲ ကိုရင်...သက်သာရဲ့လား"
"အမလေး ကျေးဇူးရှင်...ဘယ်လိုသက်သာလိမ့်
မလဲ နေနေရတဲ့ပုံလဲ ကြည့်ဦး "
"ဒီမှာ ငှက်ပျောသီး..ဟိုနေ့ကကိစ္စအတွက် ကျုပ်
တောင်းပန်တယ် ၊ နောင် ဒီလိုထပ်မဖြစ်စေရဘူး
ဆေးရုံဆင်းမှ ထန်းရည်အဝတိုက်မယ်"
လက်ထဲကငှက်ပျောဖီးကို ကုတင်ခေါင်းရင်းဘေး
က စားပွဲပေါ်တင်လိုက်ပြီး ထိုင်ခုံမှာထိုင်ရင်းက
ပြောလိုက်တော့ ကြွက်ပုက
"ထန်းရည်နဲ့တောင်းပန်တော့လဲ ကျေနပ်ရတာ
ပေါ့ ၊ ဒါနဲ့ ထော်လာဂျီ ဝယ်လိုက်ပြီဆို "
"ဟုတ်တယ်...ကားဝယ်ခိုင်းတာ.. မတတ်နိုင်ဘူး
ဆိုလို့ ထော်လာဂျီနဲ့ပဲ ကျေနပ်လိုက်ရတယ်..
မတတ်နိုင်ဘူးလေ ရတာယူထားရမှာပဲ ၊ ထော်လာ
ဂျီလဲ ခွေပါတာပဲ အဲ နည်းနည်းတော့ခုန်တာပေါ့"
"ဒါနဲ့ ဆေးရုံမှာ နေရတာ အဆင်ကောပြေရဲ့လား"
"ဆရာမလေးကတော့ စရောက်ခါစမလို့လား မသိ
ပါဘူးကွာ အပြောတော့ချိုတယ်ကွ ၊ ဆေးကုပေး
တာလဲ ကြင်ကြင်နာနာပဲ ၊ ဂရုစိုက်ရှာပါတယ်"
"ဟုတ်လား"
"ရုပ်လေးလှသလို စိတ်ထားလေးလဲ လှမယ့်ပုံဟ"
"အဆင်ပြေတယ်ဆို ပြီးတာပါပဲ ၊ ဒါနဲ့ ညဘက် ဘယ်သူ လာစောင့်ပေးလဲ "
"အဲ့အတွက်မပူနဲ့ ဖိုးပိန်တို့တွေ လာစောင့်ပေးကြ
တယ် အရက်တော့တိုက်ရတာပေါ့ကွာ"
"နေပါဦး...အရက်ကဘယ်ကရလဲ "
"ဖိုးပိန်မယား ဝက်မ ချက်တာလေ..အဲ..."
ကြွက်ပု ပြောပြီးမှ စကားလွန်သွားမှန်းသိကာ
ငယ်ထွေးကိုကြည့်လိုက်သည်။
သူကြီးသမီးရှေ့မှ အရက်ခိုးချက်တဲ့ ကိစ္စ သွား
ပြောမိရတယ်လို့ ။
"အထွေး...ဒီကိစ္စ သူကြီးကိုပြန်မပြောပါနဲ့ဟာ၊
သူတို့က စီးပွားဖြစ် လုပ်နေတာမဟုတ်ပါဘူး
အပေါင်းသင်းလေးနည်းနည်းပါးပါး ဧည့်ခံ
ဖို့လောက်ပဲ လုပ်တာပါ"
"မပြောပါဘူး သိုသိုသိပ်သိပ်တော့လုပ်ကြပေါ့၊
ဆေးရုံမှာသောက်တာဆိုတော့ ခြေစလက်စ
မကျန်အောင်တော့ ရှင်းခိုင်း"
"အေးပါဟာ..ကျေးဇူးတင်ပါတယ် "
"ကျုပ်လယ်ထဲသွားရဦးမှာ ပြန်ဦးမယ်"
"အေး..အေး..."
ငယ်ထွေး အပြင်ပြန်ထွက်လာတော့ မြလေးက
အခုထိမပြန်သေးပဲ ဆရာဝန်အမျိုးသမီးနှင့်
စကားပြောနေတုန်းပင်။
"မြလေး ငါပြန်မလို့ ပြန်လိုက်မှာလား"
"မလိုက်ဘူး "
"ဒါဆိုလဲ ငါပြန်ပြီ"
ပြောပြီးထွက်သွားသည့် ငယ်ထွေး ကို သူမတို့
နှစ်ယောက် ကြည့်နေမိသည်။
အညာဖျင် ရှပ်အင်္ကျီအကွက်လက်တိုနှင့်ရှမ်း
ဘောင်းဘီတိုဝတ်ထားပြီး ငယ်ထိပ်က ဆံပင်တွေကို
ကြက်တောင်စည်း စည်းထားကာ သနပ်ခါးကို
ဖြစ်သလိုလူးထားသေးသည်။
ဖိနပ်က ကြက်ပေါင်ဖိနပ်နှင့်။
လူကတော့ လူထွားဟုပြောရမည်။
အသားညိုညို ၊ အရပ်ရှည်ရှည် ၊ မျက်ခုံး မျက်ဖန်
ကောင်းကောင်း ၊ ခန္ဓာကိုယ်က အလုပ်ကြမ်းလုပ်
၍လားမသိ ကျစ်လစ်နေသည်။
ထော်လာဂျီ စက်နှိုးဖို့ ဂေါက်တံလှည့်နေသည့်
ငယ်ထွေးကိုကြည့်ကာ စကားဖြူက
"အလုပ်ကတော့ တော်တော်လုပ်တယ်နော်
သူ့အစ်ကိုတွေတောင် သူ့လောက်မလုပ်ဘူး"
"ပြဿနာအများဆုံးရှာတာလဲ သူပဲလေ
အဲ့ဒီတော့ သူဖြုန်းတာတွေအတွက်ပြန်ရှာပေးရတာ
ပေါ့၊ လုပ်တယ် လယ်ထဲဆိုလဲ သွားတာပဲ၊
လယ်ထွန် ကောက်စိုက် ကောက်ရိတ် တလင်းနယ်
အကုန်ရတယ် ၊ ရပ်ရေးရွာရေးလဲ လက်မနှေးဘူး
ဒါကြောင့် ရွာသားတွေက သူပြဿနာရှာလဲ ခဏပဲ
စိတ်ဆိုးကြတာ အမှတ်သညှာလဲမထားကြပါဘူး"
"မြလေးတို့က အသက်အတူတူပဲလား"
"သူက တစ်နှစ်ငယ်တယ်"
"သြော်"
ငယ်ထွေး ထော်လာဂျီကတော့ ဆေးရုံဝန်းထဲက
မောင်းထွက်သွားလေပြီ။
စကားဖြူ သက်ပြင်းဖွဖွချလိုက်သည်။
သူမနှင့်ဒီရွာ အဆင်မှပြေပါ့မလား...
.......
ငယ်ထွေး ထော်လာဂျီ ရသွားပြီဆို၍ ဖိုးထောင်
ကလဲ အားကျမခံ သူ့အဖေကို ထော်လာဂျီ တစ်စီး
အပူတပြင်း ဝယ်ခိုင်းတော့သည်။
ရက်ပိုင်းအတွင်း ဖိုးထောင် ထော်လာဂျီတစ်စီး
ရသွားသည်။
သို့သော် သူ့ထော်လာဂျီက ငယ်ထွေး ထော်လာဂျီ
နှင့်တော့မတူ ။
စတီယာရင်အဝိုင်းနှင့်မဟုတ်ပဲ လက်ကိုင်နှစ်ဖက်
နှင့် ဖြစ်သည်။
"အဘကလဲ ကျုပ်က ငယ်ထွေးလို ခွေလှည့်ပြီး
စတိုင်ကျကျ မောင်းချင်တာဗျ ၊ ဒါကြီးက မောင်း
ရတာ ရှိုးပဲ့ပါတယ်ဗျာ ၊ အပေါ်မြှောက်လိုက်
အောက်ဆွဲလိုက်နဲ့ "
"ဟေ့ကောင် ဖိုးထောင် ဝယ်ပေးတာကို ယူမလား
နွားလှည်းပဲ မောင်းမလား "
"အဘကဗျာ...မဟုတ်သေးပါဘူး"
ဖိုးထောင် သူ့အဖေကို မကျေမနပ်ဖြင့် ပြောကာ
ထန်းတောဘက် ထွက်လာခဲ့သည်။
"ဆရာဝန်မလေးကကွာ...အရင်ဆရာဝန်တွေလို
မဟုတ်ဘူးကွ၊ စေတနာအရမ်းကောင်းတာ
စကားပြောဆိုပုံကလဲ ယဥ်ကျေးပါ့ ၊ ငါဖြင့်
အထွေးကိုတောင် ကျေးဇူးတင်မိသေး"
"ကိုရင်ကြွက်ပုကတော့ ဆေးရုံတစ်ပတ်လောက်
တက်လိုက်ရတာ နတ်ပြည် တစ်ရက်လောက်
ရောက်သွားတဲ့ပုံနဲ့ ဟုတ်မှလဲ လုပ်ပါဗျာ
ကျုပ်တို့ကတော့ မျက်ခုံးခပ်လှုပ်လှုပ်ရယ်ဗျ"
"အစပိုင်းမလို့ သဘောကောင်းနေတာဖြစ်မှာပါ
ကိုရင် ကြွက်ပုရယ်"
"ဒါတော့ စောင့်ကြည့်ရမှာပဲ ၊
ဒါပေမယ့် ဆေးရုံက အခုမှ ဆေးရုံပုံပေါက်တော့
တယ် ၊ ဆရာဝန်မလေးက ဆေးရုံကို ခြံစည်းရိုး
သေချာခပ်ပေးဖို့ သူကြီးကိုပြောတယ်တဲ့ "
"အင်း..ငါတို့ကတော့ အလုပ်များဦးမှာပဲ "
"ဒီတိုင်းထားလဲ ရရက်နဲ့ကွာ သက်သက်အလုပ်ရှုပ်
အောင်"
"သြော်...မင်းတို့ကလဲ..အဲ့လိုတော့လဲ ဘယ်ဟုတ်
လိမ့်မလဲ...စည်းနဲ့ဝန်းနဲ့ဆိုတော့ သပ်သပ်ရပ်ရပ်
ဖြစ်တာပေါ့
လူ့စည်း ၊ ဘီလူးစည်း ၊ ဆေးရုံစည်းပေါ့ကွာ"
"မူးမူးထူးထူးနဲ့
ဘာတွေပြောနေမှန်းကိုမသိဘူး.."
"ဗျို့..လူပျိူကြီး...ကျုပ်ကိုကြွက်ကြော်ချပေး
ပါဦး...ဒီနေ့ကျုပ်သောက်တာကိုမှတ်ထားလိုက်
အထွေးက သူရှင်းပေးမယ်တဲ့ "
.........
ငယ်ထွေး ညနေဘက် လယ်ထဲကပြန်လာတော့
မြလေးငုံရဲ့ အိမ်ရှေ့အရောက်
"အထွေး.."
"အမယ်..ထူးထူးဆန်းဆန်း..ငါ့ကိုစောင့်နေတာလား"
"နင့်ကိုပြောစရာရှိလို့"
"ဘာပြောမလို့လဲ"
"တခြားမဟုတ်ဘူး..နင် ဆရာဝန်အစ်မကို
ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ပြောမလို့"
"ဟမ်..ငါကသူ့ကိုဘာလုပ်နေလို့လဲ၊
ဘာတွေများ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိလို့လဲ"
"ဘာမှမပြောလို့ ပြောရတာ
မနက်ကပဲ နင်လုပ်သွားတဲ့အပြုမူက
ရိုင်းစိုင်းတဲ့အပြုမူ မဟုတ်လို့ ဘာလဲ
ကိုယ့်ရွာကိုလာတဲ့ဧည့်သည်..ကိုယ့်ရွာအကျိုး
အတွက်ရောက်လာတဲ့ဧည့်သည်ကို နင်မျက်နှာလွှဲ
ခဲပစ်လုပ်နေတာ ကောင်းလား
ပြီးတော့ နင်ကသူကြီးသမီးဖြစ်ပြီး နင်ကိုယ်တိုင်
ကသူ့ကိုလေးလေးစားစား မဆက်ဆံရင် ဘယ်ရွာ
သားက လေးလေးစားစား ဆက်ဆံမှာလဲ ၊ ရွာကလူ
တွေလဲ မဟုတ်သေးပါဘူးဟယ် ၊
အစ်မကလေ အရင်တာဝန်ကျခဲ့တဲ့ ဆရာဝန်တွေ
လိုမဟုတ်ဘူးဟဲ့ အသပြာဆရာဝန်မဟုတ်ဘူး
စေတနာဆရာဝန် "
မြလေးငုံစကားကြောင့် ငယ်ထွေး တွေတွေကြီး
ရပ်၍ စဥ်းစားနေသည်။
ထို့နောက်
"အေးပါ...စေတနာဆရာဝန် ဆိုတော့လဲ
စေတနာ ဆရာဝန်ပေါ့ ၊နင်ကလေ ဆရာမ မဖြစ်
သေးဘူး အခုကတည်းကဆရာလုပ်ချင်နေပြီ
အဲ့ဒါပြောမလို့ မဟုတ်လား ငါသွားတော့မယ်"
လက်ပြနှုတ်ဆက်သွားသည့် ငယ်ထွေးကိုကြည့်ကာ
မြလေးငုံ သက်ပြင်းချလိုက်သည်။
......
24 Aug 2023