you're my DESTINY | gongfourz

By helulu_

1.6K 143 22

" အီဟန် ငါကမင်းအတွက်ဘာလဲ " " မင်းက ငါ့ရဲ့ကံကြမ္မာ " More

EP - 2
EP - 3
EP - 4
Hiii

EP - 1

679 47 10
By helulu_


" ဂျယ်ဟျွန်းဟျောင်း ကျွန်တော်ပြန်ပြီနော် "

" အင်းအင်း ထယ်ဆန်းနား ဒီနေ့လူကျတာများတော့
ပင်ပန်းသွားပြီ မင်းကငါ့ဘဝအတွက် မရှိမဖြစ်လေးပါကွာ မင်းငါ့ဆီက လုံးဝထွက်သွားလို့မရဘူးနော် ငါ့ဘဝကြီးကလေ မင်းမရှိလို့ကိုမဖြစ်ဘူး "

အစအနောက်သန်တဲ့ဂျယ်ဟျွန်းက သရုပ်ဆောင်
လည်း ပီပြင်သည်။ မျက်လွှာလေးကိုချပြီး သနားစဖွယ်ကောင်းစရာမျက်ဝန်းလေးတွေလုပ်နေပုံက ဘေးကလူတွေအမြင်မယ် တကယ်သနားစရာကောင်းလို့နေသည်။ အကြောင်းသိနေတဲ့ ထယ်ဆန်းကတော့

" ထပ်လုပ်လာပြန်ပြီ ထပ်လုပ်လာပြန်ပြီ "

ထယ်ဆန်းက မနိုင်ဘူးဆိုတဲ့ပုံစံနှင့် ဘုကြည့်ကြည့်ပြီး ပြန်ပြောလိုက်တော့

" တကယ်ပြောတာပါ အချစ်ကလေးရာ "

" ဂျယ်ဟျွန်းဟျောင်း !! "

ထယ်ဆန်းက အော်လိုက်တော့မှ ဂျယ်ဟျွန်းက သွားကြီးဖြီးပြီးရယ်ပြသည်။ ထယ်ဆန်း၏ နားရွက်လေးတွေရဲတက်လာတာကိုမြင်တော့ ဂျယ်ဟျွန်းကျေနပ်သွားသည်။ ထယ်ဆန်းတစ်ယောက် ရှက်နေပြီလေ။ ထယ်ဆန်းကအရမ်းရှက်တတ်တာကိုသိပေမယ့်လည်း ဂျယ်ဟျွန်းအတွက်တော့ ထယ်ဆန်းက ညီအရင်းလေးတစ်ယောက်လိုပဲမို့ မစဘဲမနေနိုင်။ ထယ်ဆန်းရှက်သွားရင် ဖြစ်တဲ့ အမူအရာလေးတွေက သိပ်ကိုချစ်ဖို့ကောင်းသည်လေ။ ထယ်ဆန်းက တကယ်ကိုဖြူစင်တဲ့ကောင်လေးရယ်ပါ။ ဂျယ်ဟျွန်း သူ့ဘာသာသူတွေးရင်း ထပ်ပြုံးမိသည်။

ထယ်ဆန်းအတွက်လည်း အစ်ကိုဂျယ်ဟျွန်းက အစ်ကိုရင်းတစ်ယောက်လိုဖြစ်သည်မို့ ယခုလို စသည်ကိုအပြစ်မမြင်ပါ။ ဘာကိစ္စဖြစ်ဖြစ် ရင်ဖွင့်ပြီးပြောပြလို့ရတဲ့ အရင်းနှီးဆုံးသူဆိုလည်းဟုတ်ပေသည်။ သူ့အပေါ် ဂရုစိုက်ပြီးတကယ်ကောင်းတဲ့ အစ်ကိုတစ်ယောက်ဖြစ်သည်မို့ သူလည်း တွယ်တာသည်ပဲဖြစ်သည်။ အစ်ကိုဂျယ်ဟျွန်းစတာကို ခံရသည်မှာ တစ်ခါနှစ်ခါမဟုတ်တာကြောင့် နောက်ပိုင်း နေသားကျလာသလိုရှိပေမယ့် အဲဒီလို အချစ်ကလေးတို့ဘာတို့ ခေါ်လာရင်တော့ မရတော့ချေ။ ကြက်သီးတွေထလာပြီး ရှက်လာတော့တာပဲဖြစ်သည်။ သူဒီလို
ရှက်တတ်တာကိုသိလို့ အစ်ကိုဂျယ်ဟျွန်းကလည်း အမြဲစနေတာဖြစ်ကြောင်းသိပေမယ့် သူမှ ရှက်တာကိုမထိန်းနိုင်တာ။

" သွားပြီ သွားပြီ ဟျောင်း "

" အင်း ဂရုစိုက်သွားနော် ထယ်ဆန်းနား "

ထယ်ဆန်းက နောက်လှည့်မကြည့်ဘဲ တာ့တာပြကာ တံခါးကိုဖွင့်ရင်း ထွက်သွားတော့သည်။

ခြေရာတွေထပ်နေတဲ့လမ်းမပေါ် ပျင်းရိစွာလျှောက် လာရင်း ခြောက်သွေ့နေသော လမ်းမထက်ဝယ် ရုတ်ချည်းဆိုသလို စိုစွတ်လာခဲ့သည်။ပုခုံးပေါ်ရောက်လာသည့် စိုစွတ်တဲ့အသိကြောင့် ထယ်ဆန်း အပေါ်သို့ မော့ကြည့်မိလိုက်တော့ မိုးရွာလာတာဖြစ်ကြောင်းသတိထားမိလိုက်သည်။ ဒီနေ့ဆိုင်မှာ လူအတော်ကျတာကြောင့် နောက်ကျမှပြန်ရသည်မို့ တစ်ကိုယ်လုံးနုံးချိကိုက်ခဲနေပြီး ပင်ပန်းနေသည်ဖြစ်ရာ မိုးပါရွာသည်မို့ ထယ်ဆန်းတော်တော်စိတ်ညစ်သွားသည်။

" ဟာကွာ...မိုးရွာလာပြီ...ကျစ် "

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလေသလား ဒီနေ့မှ ထီးကပါ,ပါမလာ။ မိုးခိုဖို့ရာ အနားမှာရှိနေတဲ့ မီနီမတ် တစ်ခုရှေ့ကအမိုးထဲ ပြေးဝင်လိုက်သည်။

ဂွီ ~
အမိုးအောက်မှာ ရပ်နေရင်း အချိန်ကိုက်ဆိုသလို
ဗိုက်ကနေ အချက်ပေးသံကထွက်လာတော့

" အာရှီး...ဟုတ်သားပဲ ငါနေ့လည်ကတည်းက ဘာမှ,မှမစားရသေးတာ။"

ထယ်ဆန်း သူ့ဗိုက်ကလေးသူပွတ်ရင်း မိုးအခြေအနေကိုအကဲခတ်ကြည့်တော့ စဲမယ့်ပုံမပေါ်သေးတာနဲ့ တစ်ခုခုဝယ်စားဖို့ဆုံးဖြတ်လိုက်သည်။

" မိုးအေးအေးလေးနဲ့ ရာမြောင်ပူပူလေး စားရမယ် "

ထယ်ဆန်း သူ့အတွေးနဲ့အတူ ရာမြောင်တစ်ဘူးရယ် သုံးမြှောင့်ထမင်းလိပ်တစ်ခုရယ် စတော်ဘယ်ရီနို့တစ်ဘူးရယ် ဝယ်လိုက်သည်။ ပြီးတာနှင့် ဆိုင်၏ထိုင်စားဖို့လုပ်ပေးထားတဲ့ နေရာတန်းလျားလေးမှာ ဝင်ထိုင်ရင်း ခေါက်ဆွဲဘူးကိုဖောက်ကာ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး microwave ထဲအပူပေးဖို့ သွားထည့်ထားလိုက်သည်။ပြီးတဲ့နောက်မှာတော့ ခုံကိုပြန်လာပြီး စောင့်နေရင်း ညာဘက်လက်ပေါ်မေးလေးထောက်ကာ အရှေ့က ကားလမ်းမပေါ်က လှုပ်ရှားမှုတွေကိုကြည့်နေလိုက်သည်။ တစ်လှိမ့်ချင်း လှိမ့်သွားနေကြတဲ့ကားတွေ ၊ တစ်လှမ်းချင်း လှမ်းလျှောက်သွားနေကြတဲ့လူတွေ ၊ အရာအားလုံးက မတူညီတဲ့ ဦးတည်ရာကိုယ်စီနဲ့ ၊ မိုးစက်တွေက မြေပြင်ပေါ်မှာ ကူးလူးခုန်ပေါက်နေကြသည်မှာ ပျော်ရွှင်စွာပြေးလွှားဆော့ကစားနေသည့်အတိုင်း။ ကောင်းကင်ကလည်း တစ်ချက်တစ်ချက် လျှပ်စီးလျှပ်တာကြောင့် ထယ်ဆန်းရဲ့ မျက်လုံးလေးတွေ မှိတ်မှိတ်သွားမိသည် ။

တင်~
မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့ microwave ကနေ ရပြီဖြစ်ကြောင်း အချက်ပေးသံမြည်လာတော့ ထယ်ဆန်းတစ်ယောက် အမြန်ပဲ သွားဖွင့်ယူလိုက်သည် သူတကယ်ပဲဗိုက်ဆာနေပြီလေ ။ ခေါက်ဆွဲဘူးကို မွှေနေရင်း စားဖို့ပြင်တဲ့အချိန်မှ တစ်ယောက်ယောက်က သူ့ကိုကြည့်နေတဲ့အငွေ့အသက်မျိုး ခံစားလိုက်ရတာကြောင့် ဘေးကိုလှည့်ကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက် ။

ဟင် သူဘယ်အချိန်ကတည်းကရှိနေတာလဲ အရင်ကတည်းက ရှိနေတာလား အခုမှရောက်လာတာလား ငါဘာလို့ခုမှမြင်တာလဲ ထယ်ဆန်းတစ်ယောက် အတွေးကမ္ဘာထဲရောက်သွားရင်း သူကိုယ့်သူပြန်မေးခွန်းထုတ်နေမိသည်။ စက္ကန့်အနည်းငယ်အကြာမှ အတွေးကမ္ဘာကနေပြန်ရုန်းထွက်ရင်း အသိစိတ်တွေပြန်စုလိုက်ပြီး ဘေးကို ပြန်ကြည့်လိုက်မိတော့ အဲဒီကောင်လေးက သူ့ကို စိုက်ကြည့်နေတုန်းပဲ အကြည့်မလွှဲသေးဘူးဖြစ်သည်။ ထယ်ဆန်းလည်း အကြည့်မလွှဲဘဲ သူ့ကိုစိုက်ကြည့်နေတဲ့ ကောင်လေးကြောင့် အနေရခက်လာတာနဲ့ စမိစရာ စကားစမိလိုက်သည်က

" ခေါက်ဆွဲတူတူစားကြမလား "

ဟင် အခုမှတွေ့တဲ့သူကို ဘာ..ခေါက်ဆွဲစားကြမလားတဲ့လား..ရားး ဟန်ထယ်ဆန်း မင်းတော်တော်ကြောင်တောင်တောင်နိုင်တာပဲ ဘာလို့များ အဲဒီလိုပြောလိုက်ရတာလဲ ရှက်စရာကြီး။

ထယ်ဆန်းသူပြောမိလိုက်တာကို နောင်တရပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားကာ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်အထိ။ ပြီးမှ အမူအရာကိုမသိသာအောင် ထိန်းရင်း တစ်ဖက်ကကောင်လေးထံ အကြည့်ပြန်ပို့လိုက်တော့ ဘာမှပြန်မပြောဘဲ အကြည့်လွှဲသွားကာ အရှေ့က ကားလမ်းမကိုပဲ ပြန်ငေးကြည့်နေသည်။

ဘာလဲဟ သူပဲငါ့ကိုအကြည့်တောင်မလွှဲဘဲစိုက်ကြည့်နေတာမဟုတ်ဘူးလား အခုကျ သူမဟုတ်သလိုပုံစံနဲ့ လာချေနေတယ် ဘယ်လိုလူလဲ မစားလည်းနေပေါ့ ငါ့ဘာသာစားမှာပေါ့ ကျွေးလည်းကျွေးရသေးတယ်...
ဟ ခေါက်ဆွဲတွေတောင် ပွကုန်နေပြီ အဲဲဒါ ဟိုလူကြောင့်။ ကျစ်...ထယ်ဆန်းတစ်ယောက် မကျေမနပ်နှင့် မျက်စောင်းတစ်ချက်ပစ်လွှတ်လိုက်မိသည်။ ထိုလူကတော့ ဘာမှမသိဘဲ ခုနကအတိုင်း ကားလမ်းမကို ဆက်ငေးနေဆဲ။

ခဏကြာတော့ ထိုလူက သူ့ဘေးနားကနေ
ထထွက်သွားသည်။ သူလည်း ဘာမှတွေးမနေတော့ပဲ သုံးမြှောင့်ထမင်းလိပ်ကိုသာ ဆက်ဖောက်ပြီးစားနေလိုက်သည်။ စားလို့သောက်လို့လည်းပြီးရော အမှိုက်တွေကို အမှိုက်ပုံးထဲပစ်ရင်း ပြန်ဖို့အတွက်
ဆိုင်ထဲကထွက်လာလိုက်ပေမယ့်

" ဟင် ဒီမိုးကလည်း အခုထိကို မတိတ်နိုင်သေးဘူး အိမ်မှာ မေမေတော့စောင့်နေတော့မှာပဲ ဟူးး "

ထယ်ဆန်းတစ်ယောက် သက်ပြင်းချကာ စိတ်ညစ်စွာနဲ့ပြောရင်း ဆိုင်ရှေ့က အမိုးလေးအောက်မှာပဲ
ဆက်ရပ်နေမိသည်။ ရပ်နေရင်း ဘေးကိုလူတစ်ယောက် ရောက်လာတယ်ခံစားရလို့ လှည့်ကြည့်လိုက်တော့

" ဟင်... မင်း "

အဲဒီလူ ထပ်ရောက်လာပြန်ပြီ နေပါဦး သူကဘယ်ကနေဘယ်လို ရုတ်တရက်ပေါ်ပေါ်လာတာလဲ ဂြိုလ်သားတော့မဟုတ်လောက်ပါဘူးနော် အေးလေ မဖြစ်နိုင်ပါဘူး ဂြိုလ်သားဆို ဒီလိုချောနေပါ့မလား။ ထယ်ဆန်းက သူ့အတွေးကမ္ဘာထဲထပ်ရောက်နေရင်း ရုတ်တရက်ဆိုသလို

" ရော့ "

" ဟင် "

အသံကြားတော့မှ ထယ်ဆန်းအသိပြန်ဝင်လာကာ သတိထားကြည့်မိတော့ သူ့လက်ထဲ ထည့်ပေးလာတဲ့ ထီးတစ်ချောင်း ၊ ရုတ်တရက်မို့ ထယ်ဆန်းလည်း ကြောင်နေမိသည်။ ဒီတစ်ညနေလုံး သူ ဒီလူကြောင့် အာမေဋိတ်သံ ဘယ်လောက်ထွက်ခဲ့ရပြီးပြီလဲမသိဘူး။ ထယ်ဆန်းကြောင်နေမိတုန်းမှာပဲ ထိုလူက သူ့ရဲ့လွယ်အိတ်ကို ခေါင်းပေါ်မှာ ကာမိုးရင်း ပြေးထွက်သွားသည်။ ထယ်ဆန်း၏ အိမ်အပြန်လမ်းဟာတော့ ပြေးထွက်သွားတဲ့ထိုလူ့ရဲ့ ကျောပြင်ကိုမြင်ယောင်ရင်း အတွေးပေါင်းစုံနဲ့အတူ ထိုလူပေးသွားခဲ့တဲ့ ထီးလေးကိုဆောင်းရင်း... ။

" မေမေရေ ထယ်ဆန်းနီး အိမ်ပြန်ရောက်ပါပြီဗျို့ "

" မေ့မေ့သားလေးပြန်လာပြီလား မိုးရွာနေလို့ မေမေကစိတ်ပူနေတာ ထမင်းစားတော့မလား သား "

" မစားတော့ဘူးမေမေ မိုးစဲတာစောင့်ရင်း ဗိုက်ဆာတာနဲ့ ဝင်စားခဲ့လိုက်လို့ "

" ဟုတ်ပါပြီရှင် ပင်ပန်းနေမှာပေါ့ မေ့သားလေး သွားနားတော့ သွားသွား ရေချိုးပြီးမှ နားနော် သား "

ချစ်စနိုးဖြင့် ဖင်လေးကိုပုတ်ကာပြောတော့

" သိပါတယ် မေမေကလည်း သားက ကလေးလေးကျနေတာပဲ "

ထယ်ဆန်းက ဘဲနှုတ်ခမ်းလေးလို ဆူပြီးပြောတော့ မေမေက အသည်းယားစွာ နှာခေါင်းလေးကို ဖွဖွလေး ဆွဲညစ်သည်။

" လုပ်နေတဲ့ပုံစံကိုလည်းပြန်ကြည့်ပါဦးရှင် ဒါလား ကလေးမဟုတ်တာ မေမေ့မျက်လုံးထဲမှာတော့ မေ့သားက အမြဲကလေးလေးပဲကို "

ထယ်ဆန်းက နှုတ်ခမ်းလေးကိုစိပြီး ဟီး ခနဲ မျက်လုံးတွေမှိတ်တဲ့အထိပြန်ပြုံးပြရင်း

" ဟီး ဒါဆို သားသွားနားတော့မယ်နော် မေမေ " ဆိုပြီး ပါးလေးကိုမွှေးကြူတာ အခန်းထဲပြေးဝင်သွားတော့သည်။

ရေလည်းချိုးပြီးရော မိုးအေးအေးနဲ့ စောစောကွေးရမယ်ဆိုတဲ့အတွေးလေးနဲ့ အိပ်ရာပေါ်ဝင်ပြီး အိပ်ဖို့ပြင်လိုက်တော့ မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာပဲ အတွေးတွေက ညနေကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဆီ ရောက်သွားလေတော့သည်။ မျက်လုံးထဲမှာပါမြင်ယောင်လာပြီး မေးခွန်းတွေလည်းထုတ်မိလာသည်။ ဖြစ်သွားတာတွေ သူတစ်ခုမှ နားမလည်လိုက်ဘူးလေ။ သူသိလိုက်တာတစ်ခုကတော့ ထိုလူက တော်တော်ချောတယ်ဆိုတာပဲ ဘာရယ်မဟုတ် စားနေတုန်း သူ့ကိုမသိမသာလေးစောင်းကြည့်မိတုန်းက သူက ကားလမ်းမကိုငေးကြည့်နေတာ သူ့ရဲ့ဘေးတိုက်ပုံစံကတောင် တော်တော်ကြည့်လို့ကောင်းနေတာတော့အမှန်ပဲ မဲနက်ပြီးဖြောင့်တန်းနေတဲ့မျက်ခုံး ၊ ဖြောင့်ဆင်းနေတဲ့နှာတံ၊ ချယ်ရီသီးလေးလိုရဲနေတဲ့နှုတ်ခမ်း ဆံပင်ညှပ်ထားပုံမရတဲ့ဆံပင်ရှည်တွေ နဖူးပေါ် တစ်စီဝဲကျနေတဲ့ပုံစံက တော်တော်ကို ဆွဲဆောင်မှူရှိတာတော့ ဝန်ခံရမယ် ဒါပေမယ့် ဝဲကျနေတဲ့ ဆံပင်ရှည်တွေအောက်က သူ့မျက်လုံးတွေဆီ အကြည့်ရောက်သွားမိတော့ တစ်ခုခုကိုဆွေးနေသယောင်ယောင် အထီးကျန်မျက်ဝန်းတွေလိုမျိုးပဲ နာကျင်နေတဲ့မျက်ဝန်းတွေကို မြင်လိုက်ရသလိုပဲမို့  ကြည့်ရင်း သူပါဝမ်းနည်းလာသလိုမျိုးတောင် ခံစားလိုက်ရတာ။ ဒီလိုကောင်ချောလေးဆီမှာ ဘာကိစ္စတွေများဖြစ်နေလို့ပါလိမ့်နော်။

" ဟမ်..ဟမ် နေပါဦး နေပါဦး ငါကဘာလို့ သူ့အကြောင်းတွေလိုက်တွေးနေရတာလဲ "

ထယ်ဆန်းတစ်ယောက် သူ့ကိုယ်သူ မယုံကြည်နိုင်စွာ လှဲနေရာကနေ ထထိုင်ကာ အသိဝင်အောင် သူ့ပါးသူ ခပ်ဆတ်ဆတ်လေးရိုက်ရင်း တော်ပြီတော်ပြီ မတွေးတော့ဘူး မနက်ကျအလုပ်သွားရဦးမှာ အားး အိပ်တာပဲကောင်းတယ် အိပ်ပြီကွာ အိပ်ပြီ

ထိုနေ့ည အရင်ကတည်းက အတွေးများတဲ့ကောင်လေးတစ်ယောက် အတွေးတွေကြားရောက်သွားရင်း ပြန်ထွက်ရင်းနဲ့ ကုတင်ပေါ်မှာလူးလိမ့်ကာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ချေ။

———————

တီ ~

အီဟန် အိမ်တံခါးအားဖွင့်လိုက်ပေမယ့် မဝင်သေးဘဲ တံခါးဝမှာရပ်နေမိသည်။ အိမ်ဆိုတာ မည်သို့ခေါ်သ
နည်း။ မိသားစုဝင်တွေရှိနေပေမယ့် စောင့်ကြိုနေမယ့်သူမရှိသည့်နေရာကို အိမ်ဟုခေါ်သလား။
ကိုယ့်ရဲ့တည်ရှိမှုကို မရှိသလို ခံစားရစေတဲ့နေရာကို အိမ်ဟုခေါ်သလား။ ဒါမှမဟုတ် ကိုယ့်ကိုမလိုချင်တဲ့သူတွေ ရှိတဲ့နေရာကို အိမ်ဟုခေါ်သလား။ သေချာတာကတော့ အီဟန့်အတွက် အထီးကျန် အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး တိတ်ဆိတ်ခြောက်ကပ်ကာ စောင့်ကြိုနေမယ့်သူမရှိပေမယ့်လည်း ယခုသူတစ်ယောက်တည်းနေသည့် အိမ်လေးက အကောင်းဆုံးဖြစ်ပေမည်။ စောင့်ကြိုနေမယ့်သူ မရှိတာခြင်းအတူတူ ဒီလိုကခံစားရနည်းနည်းသက်သာတယ်မလား။ ထပ်တွေးမနေတော့ဘဲ ဝင်လာလိုက်တော့သည်။ တစ်ကိုယ်လုံးလည်းစိုရွှဲနေပြီဖြစ်တာကြောင့် လွယ်အိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်ရင်း ရေချိုးခန်းထဲ တန်းဝင်လိုက်သည်။

ကတောင် ~
ရေချိုးပြီး ဆံပင်သုတ်နေတုန်း ဖုန်းက နိုတီသံ
ကြောင့် အဝတ်မြန်မြန်ပဲလဲလိုက်ကာ ကုတင်ပေါ် လှဲအိပ်ရင်းဖုန်းကိုယူကြည့်လိုက်တော့

" ဒီလမုန့်ဖိုး လွှဲထားတယ် ဒီလ မားအလှည့်မလား ရောက်ကြောင်း စာပြန်ပို့ဦး "

contact name တောင် မှတ်ထားခြင်းမရှိသည့် ဖုန်းနံပါတ်တစ်ခုမှ ပို့ထားသည့်စာကိုကြည့်ပြီး အီဟန်
ခေါင်းငုံ့ကာအသက်မပါစွာ ရယ်လိုက်မိသည်။ ပြန်မော့လာတဲ့အခါမှာတော့ ခံစားချက်မပါသည့် မျက်ဝန်းတစ်စုံ၊ ထိုမျက်ဝန်းထဲဠ် ကြေကွဲခြင်းများစွာပါနေသည်ကိုတော့ မည်သူမှသိနိုင်မည်မဟုတ်ပေ။ သူကဟန်ဆောင်ကောင်းတဲ့သူတစ်ယောက်ပဲမလား။

လွန်ခဲ့သော နှစ်နှစ်ခန့် ... ။

ဒီနေ့က အီဟန့်မွေးနေ့ဖြစ်သည်။ ကျောင်းမှာလည်း အဆင့်တစ်ရလာခဲ့၍ အပျော်ပေါ်အပျော်ဆင့်ဖြစ်နေကာ သူ့ပါးပါးနဲ့မားမားကို ကြွားချင်သည်။ သူ့ကိုချီးကျူးတာကိုခံချင်သည်။ တခြားဘယ်အချိန်မှာမှ အကောင်းပြောခံရလေ့မရှိပေမယ့် အဆင့်တစ်ရတဲ့အချိန်တိုင်း ပါးပါးနှင့်မားမားက သူ့ကိုချီးကျူးပြီး စားချင်တာမှန်သမျှဝယ်ကျွေးကာ မုန့်ဖိုးလည်းအများကြီးပေးတတ်သည်။ ဘယ်အချိန်က အပျော်ဆုံးလဲမေးရင် ပါးပါးနဲ့မားမားက သူ့ကိုချီးကျူးတဲ့အချိန်လို့ပဲ သူဖြေဖြစ်ပါလိမ့်မည်။ ပြောပြချင်ဇောနှင့် ပြေးလာရ၍ လမ်းမှာ ချော်တောင်လဲခဲ့သေးသည်။ ဒါလည်း သူမမှုပါ။ အဓိကကအမြန်ဆုံးကြွားနိုင်ဖို့သာဖြစ်သည်။ တံခါးဖွင့်လိုက်ပြီး အိမ်ထဲသို့အရောက်

" ပါးပါးနဲ့မားမားရေ သား "

သူ့ရှေ့က အငွေ့အသက်မကောင်းသည့် မြင်ကွင်းကြောင့် အီဟန့်ခမျာ စကားတောင်ဆုံးအောင်မပြောလိုက်ရချေ။ ဆိုဖာပေါ်မှာ ပါးပါးနဲ့မားမားက ထိုင်နေပြီး မျက်နှာချင်းဆိုင်က ဆိုဖာမှာတော့ ညီမလေးကထိုင်ကာ စကားပြောနေကြသည်။ ဘာမှထပ်မပြောဘဲ တိတ်တိတ်လေးနေကာ မမြင်အောင် နံရံအားကွယ်ရင်း နားထောင်နေလိုက်သည်။

" သမီးလေး ပါးပါးနဲ့မားမားက ကွာရှင်းတော့မယ်ဆိုတာသိနေပြီးသားမလား ပါးပါး ရှည်ရှည်ဝေးဝေးတွေမပြောချင်တော့ဘူး အဲဒါ သမီး ဘယ်သူနဲ့ အတူနေ
ချင်လဲ "

" ပါးပါးနဲ့မားမား မကွာရှင်းလို့မရဘူးလားဟင် "

ဒါဂျောင်းက ငိုတော့မယ့်စဲစဲ မျက်ဝန်းလေးတွေနဲ့ အသနားခံတောင်းဆိုကြည့်ပေမယ့် အရာမထင်ပါ။

" သမီး ဒါလူကြီးတွေ ကိစ္စမို့ သမီးနားလည်မှာ မဟုတ်ဘူး ပါးပါးတို့မေးတာပဲဖြေနော် "

" ...... "

"အို...ရှင်ကလည်း သမီးမိန်းကလေးဆိုတာ အမေနဲ့နေမှ အဆင်ပြေမှာပေါ့ရှင် ဥပဒေအရသွားရင်လည်း သားသမီးနှစ်ယောက်ရှိတော့ တစ်ယောက်စီရမှာပဲ ရှင် သားကိုခေါ်သွားလိုက်လေ ပြီးနေတာပဲကို "

" အဲဒါဆို မင်းသားကို မင်းခေါ်သွားလို့လည်း ရနေတာပဲ ငါ့သမီးကိုငါ အကောင်းဆုံးထားနိုင်တယ် စောင့်ရှောက်နိုင်တယ် "

" ကျွန်မကတော့ သမီးကို ခေါ်သွားမှာပဲ မသိဘူး "

" အဲဒီလိုလုပ်ခွင့်မပေးနိုင်ပါဘူး သမီးရွေး အခု ပါးပါးနဲ့နေမှာလား မားမားနဲ့နေမှာလား "

ဒါဂျောင်းခမျာ ရှိုက်ကြီးတငင်ဖြင့်ငိုနေပြီဖြစ်သော်လည်း မိဘများ၏ အချေအတင်က ပြီးဆုံးမသွားချေ။ နံရံနောက်ကကြမ်းပြင်ပေါ်ဠ် ကျဆင်းသွားသော မျက်ရည်စက်အချို့ကိုလည်း မည်သူမှ မြင်တွေ့လိုက်မည်မဟုတ်ချေ။

အီဟန် ကြားခဲ့ရသည့်စကားများအား မယုံကြည်နိုင်စွာ ထပ်နားထောင်နိုင်စွမ်း မရှိတော့တာကြောင့် ပြေးထွက်လာခဲ့မိသည်။

" ပါးပါးနဲ့မားမားက ညီမလေးကိုကျ လုနေကြပြီး ငါ့ကိုကျ မလိုချင်လို့ အချင်းချင်းပုတ်ထုတ်နေကြတာလား "

" ဟင့်အင်း ဒီလိုမဖြစ်နိုင်ပါဘူး ပါးပါးနဲ့မားမားက ငါ့ကို မလိုချင်တာမဟုတ်ဘူး မဖြစ်နိုင်ဘူး ပါးပါးနဲ့မားမားက ငါ့ကိုချစ်တယ် ဟုတ်တယ် ငါ့ကိုချစ်တယ် "

ပါးစပ်ကလည်း ထိုစကားတို့ကို ထပ်ခါထပ်ခါရေရွတ်ရင်း ဦးတည်ရာမရှိလျှောက်နေမိသည်။ မျက်နှာလှလှလေးအပေါ် မျက်ရည်စီးကြောင်းများစွာတို့က ထပ်ခါထပ်ခါနေရာယူနေကြသည်မှာ မမြင်ရက်စရာ။ ဘေးကဖြတ်သွားတဲ့သူတွေက သူ့ကို ထူးဆန်းသလိုကြည့်သွားကြပေမယ့် သူဘာမှမသိပါ။ ဂရုလည်းမစိုက်နိုင်ပါ။ သူ့ရင်ထဲ ပူလောင်နေတာပဲသိသည်။

တော်တော်ကြာကြာ ခံစားချက်မရှိတဲ့သူ တစ်ယောက်လို လမ်းလျှောက်လာခဲ့ပြီးနောက် ကော်ဖီဆိုင်တစ်ခု၏ မျက်စောင်းထိုးရှိ ခုံတန်းလျားဠ် အသက်မရှိသည့်သူတစ်ယောက်လို တောင့်တောင့်ကြီး ဝင်ထိုင်နေမိသည်။

ခဏအကြာ ပုခုံးပေါ်လာရိုက်ခတ်တဲ့ ရေစက်တွေ။
အနှီကောင်လေး၏ မျက်ရည်တို့အား မြင်မတွေ့စေ
ချင်သည့်နှယ် မိုးရွာချပေးလိုက်လေသလား။ အီဟန် မိုးရွာလာတာကိုသိပေမယ့် မလှုပ်မယှက်ဖြင့် ထိုင်မြဲထိုင်နေစဲဖြစ်သည်။ ယခု သူ၏ ပုံစံက ခန္ဓာသာရှိပြီး စိတ်မရှိတော့သည့် ခံစားချက်မဲ့လူတစ်ယောက်သာသာ။ သူရိုက်ခတ်ခံလိုက်ရသည့် ပြင်းအားကသူ့၏စိတ်ကို အဆုံးစွန်ထိကျသွားစေသည်အထိ ပြင်းထန်စွာ သက်ရောက်သည်။

ငယ်ငယ်ကတည်းက မိဘတွေဆီက အကောင်းမြင်ခံရဖို့ အချစ်ခံရဖို့ အမျိုးမျိုး ကြိုးစားခဲ့ရပေမယ့် ပြန်ရလာတာက ဒါတဲ့လား။ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်တာလဲ။ နာကျင်လွန်း၍ မငိုနိုင်တော့ဘဲ ရယ်မိသည်အထိ။

ထိုအချိန် မျက်စိရှေ့သို့ရောက်လာသည့် ခြေထောက် တစ်စုံကြောင့် မော့ကြည့်လိုက်တော့ သူနှင့်ရွယ်တူ
ကောင်လေးတစ်ယောက်။ ထိုကောင်လေးက သူ့အားမျက်လုံးတွေမှိတ်တဲ့အထိ ပြုံးပြလာရင်း သူဆောင်းလာသည့် ထီးကို အီဟန့်ဘက်ကိုတိုးပေးကာ မိုးစက်တွေရန်မှ ကာပေးသည်။

" မင်းဘာလို့ ဒီမှာထိုင်နေတာလဲ မိုးရွာနေတယ်လေ ဖျားကုန်မှာပေါ့ "

" ..... "

" ငါမင်းနဲ့အတူထိုင်ပေးရမလား "

" ...... "

" ဒါဆို ငါဝင်ထိုင်ပြီနော် "

ထိုကောင်လေးက သူ့ဘာသာမေး သူ့ဘာသာဖြေကာ အီဟန့်၏ညာဘက်ဘေးသို့ဝင်ထိုင်သည်။ အီဟန် ထိုကောင်လေးလုပ်သမျှကို ဘာမှမပြောဘဲ လိုက်ကြည့်နေမိသည်။

" မင်းငါ့ကိုရင်ဖွင့်ချင်လား "

" .... "

" အခုမှ စတွေ့ဖူးတဲ့လူတစ်ယောက်ကို ရင်ဖွင့်ရမှာ ကြောင်တောင်တောင်နိုင်တယ်လို့ မင်းထင်ကောင်း
ထင်နိုင်တယ်။ ငါတွန်းအားမပေးပါဘူး မင်းပြော
ချင်တဲ့စိတ်ရှိမှပါ မင်းမပြောလည်း ကိစ္စ "

" ဒီနေ့ ငါ့မွေးနေ့ ဒါပေမယ့် ငါမပျော်ဘူး ပါးပါးနဲ့မားမားက ကွာရှင်းကြတော့မယ်တဲ့ "

အီဟန် အခုမှ စတွေ့တဲ့သူစိမ်းတစ်ယောက်ဆိုတာ သိပေမယ့် သူဒီကောင်လေးကို အရမ်းပြောပြချင်
သည်။ ဒီကောင်လေးကိုရင်ဖွင့်လိုက်ရရင် သူနာကျင်
တာတွေ နည်းနည်းပဲဖြစ်ဖြစ် သက်သာလာလိမ့်မယ် လို့ခံစားရတာကြောင့် သူရင်ဖွင့်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်သည်။ ဘာကြောင့်မှန်းရယ်မသိပေမယ့် သူဒီကောင်လေးကို ယုံကြည်နေမိတယ်။

" ရယ်ရတာက ငါ့ပါးပါးနဲ့မားမားက ငါ့ညီမလေးကိုကျ ဘယ်သူနဲ့နေချင်လဲ ရွေးခိုင်းပြီး လုနေကြတယ်။ ငါ့ကိုကျ ဘယ်သူမှ မလိုချင်ကြဘူးလေ အချင်းချင်းပုတ်ထုတ်နေကြတာ "

" ..... "

" ငါက ဒီအတိုင်း လူပိုသာသာပဲ ငါ့ရဲ့တည်ရှိမှုက သူတို့အတွက် အရေးမပါဘူး ငါက ဒီအတိုင်းမလိုအပ်တဲ့လူပိုသာသာကြီး ဖြစ်နေခဲ့တာ "

အီဟန် ရင်ဘတ်ထဲကဒဏ်ရာတွေကို နာကျင်စွာပြောနေရင်းနဲ့ မျက်နှာပေါ် ရေစီးကြောင်းတစ်ခုက ဖြတ်လို့သွားသည်။

" မငိုနဲ့ "

" ဟင် "

အီဟန်က ငုံ့ထားရာမှ ထယ်ဆန်းဘက်သို့ လှည့်ကြည့်သည်။

" မင်းမျက်နှာချောချောလေးက ငိုတာနဲ့မလိုက်ဘူး "

ထယ်ဆန်းက ပြောနေရင်းပင် အီဟန်၏ အနုပညာမြောက်မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ ညင်ညင်သာသာလေး ဖယ်သုတ်ပေးလိုက်သည်။
အီဟန်ကတော့ ထယ်ဆန်း၏မျက်ဝန်းများအား ကြည့်နေမိသည်။ ထိုအချိန်မှာပင် ထယ်ဆန်း၏မျက်ဝန်းများနှင့် ဆုံသွားအခိုက် အီဟန့်၏ ရင်ထဲဠ် တစ်မျိုးတစ်မည်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသလိုပင်။

သူ့မျက်ဝန်းတွေက ဘာလို့နွေးထွေးတယ်လို့ ခံစားနေရတာလဲ။ အမြဲရနေကျ ဟန်ဆောင်မျက်ဝန်းတွေလိုမျိုး မဟုတ်ဘဲ ငါတစ်ခါမှ မရခဲ့ဖူးမတွေ့ခဲ့ဖူးတဲ့
မျက်ဝန်းမျိုး။ သူ့ရဲ့မျက်ဝန်းတွေက နွေးထွေးလွန်းလို့ သူနာကျင်နေတာတွေတောင် လျော့ပါးလာတယ်လို့ ခံစားရတဲ့အထိကို နွေးထွေးလွန်းသည်။

အကြည့်ချင်းဆုံနေခိုက်မှာပင် ထယ်ဆန်းက အကြည့်မလွှဲသေးဘဲ အီဟန့်ရဲ့ပုခုံးလေးပေါ် လက်လေးတင်ကာ အသာအယာလေးဖွညစ်သည်။

" ငါတို့က အခုမှ စတွေ့ဖူးပေမယ့် ငါပြောတာလေးကို မင်းမှတ်ထားပြီး စိတ်ဆင်းရဲမနေတော့ရင်ကောင်းမှာပဲ။ မငိုပါနဲ့။ ပျော်လို့ငိုတာကလွဲရင် တခြားဘာအတွက်ကြောင့်နဲ့မှ မငိုနဲ့။ တကယ်ပြောတာ မျက်ရည်ဆိုတဲ့အရာနဲ့ မင်းရဲ့မျက်နှာလှလှလေးနဲ့ လိုက်ကိုမလိုက်ဘူး။ ကြည့်ရဆိုးတယ်။ နောက်ပြီး မင်းရဲ့တန်ဖိုးကိုနားမလည်ကြတဲ့သူတွေအတွက် ဘာဖြစ်လို့ မင်းက ခံစားနေမှာလဲ။ လူတိုင်းကမင်းကိုချစ်လာအောင်လုပ်လို့မရဘူး။ ချစ်ချင်တဲ့သူက မင်းက ဘာကြီးပဲဖြစ်နေဖြစ်နေ ချစ်နေမှာ။ မကြည်ချင်တဲ့သူကတော့ မင်းဘယ်လောက်ပဲကောင်းအောင်နေနေ မကြည်နေမှာပဲ။ ငါပြောတာဟုတ်တယ်မလား။ အဲဒါကြောင့် တခြားသူတွေအတွက် ရှင်သန်မနေဘဲ မင်းအတွက်ပဲမင်းရှင်သန်သင့်တယ်။ နာကျင်ရပ်ဝန်းတွေမှာ မနေနဲ့ ရုန်းထွက်လာခဲ့လိုက်။ အဲဒီလိုလုပ်ကြည့်လိုက်ရင် မင်းရဲ့ဘဝက အခုထက်ပိုပြီး နေလို့ကောင်ရလာလိမ့်မယ်ဆိုတာ ငါပြောရဲတယ်။ အံမယ် မသိရင် ငါကဆရာကြီးလိုလိုဘာလိုလိုနဲ့နော် ဟီး ငါက စကားများတယ်မလား သည်းမခံချင်လည်း ခံလိုက်ကွာ ငါတို့ထပ်တွေ့ဖြစ်မလားမသိပေမယ့် ငါတို့ထပ်တွေ့ဖြစ်ခဲ့ရင်တော့ မင်းကို "

" ထယ်ဆန်းနား ဘာလုပ်နေတာလဲ လာတော့လေ "

" လာပြီ လာပြီ ဂျယ်ဟျွန်းဟျောင်း "

" တာ့တာ သွားပြီ ဘိုင်ဘိုင် "

ကိုင်ထားသောထီးအား ဘာမှမပြောဘဲ သူ့အားပေးသွားကာ လက်လေးကာရင်း မျက်စောင်းထိုးက ကော်ဖီဆိုင်ထဲသို့ပြေးသွားသည်။ ထီးတစ်ချောင်းကို နှစ်ယောက်စောင်းထားတာဆိုပေမယ့် အီဟန့်ဘက်ကို ပိုပိုသာသာစောင်းပေးထားကြောင်း ထိုကောင်လေး၏ စိုရွှဲနေသည့်ညာဘက်တစ်ခြမ်းက ပြောပြနေသည်။ သွားနေရင်း မရောက်ခင်လေးမှာပဲ သူက နောက်လှည့်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုအုပ်ကာ အော်ပြောလာသည်။

" Happy Birthday "

အီဟန့်ရင်ထဲနွေးသွားရသည်။ သူ့မွေးနေ့ကို သူတောင် သတိမရမိတော့တဲ့အချိန်မှာ ဆုတောင်းပေးလာတဲ့ ထိုကောင်လေးကြောင့် မျက်ဝန်းလှလှလေးတို့ထံ အရည်ကြည်တို့က ရစ်သိုင်းလာသည်။ ထိုအရည်ကြည်တွေကတော့ ပျော်လို့ဖြစ်ပေါ်လာတဲ့အရာတွေဖြစ်တာကြောင့် အီဟန်ကျဆင်းခွင့်ပြုလိုက်သည်။

ဒဏ်ရာတွေနဲ့အီဟန့်အတွက်တော့ ထိုကောင်လေးက အနာကျက်ဆေးလေးပမာ။အီဟန် ကော်ဖီဆိုင်ထဲ ဝင်သွားတဲ့ကောင်လေး၏ နောက်ကျောပြင်လေးကိုကြည့်ရင်း ရေရွတ်လိုက်မိသည်။

" ငါတို့ထပ်တွေ့ကြဦးမယ် ထယ်ဆန်း သေချာပေါက် "

ခဏအကြာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချ
လိုက်ကာ ထိုကောင်လေးပေးသွားသည့် ထီးကလေး
နှင့် အိမ်အပြန်လမ်းကိုစတင်လိုက်တော့သည်။ ကော်ဖီဆိုင်ထဲဝင်သွားတဲ့ကောင်လေး ပြောခဲ့တဲ့စကားတွေကို ထီးကလေးကိုစောင်းရင်း လျှောက်လှမ်းနေတဲ့ကောင်လေးက တကယ်နားထောင်ပြီးမှတ်ထား
လိမ့်မည်ဆိုတာကို ကော်ဖီဆိုင်ထဲဝင်သွားသည့်ကောင်လေးကတော့ သိရှာမည်မဟုတ်ချေ။

ထိုနှစ် အထက်တန်းပြီးသည့် နွေရာသီကစပြီး ယခု အီဟန်နေတဲ့အိမ်လေးသို့ ပြောင်းလာခဲ့တာပဲဖြစ်သည်။ သူပြောခဲ့တဲ့စကားလေးအတိုင်း နာကျင်ရပ်ဝန်းတွေဆီကနေရုန်းထွက်လာခဲ့တာ။ ကျွန်တော်အခုထိတောင့်ခံလာနိုင်တာကလည်း သူ့ကြောင့်ပါပဲ။ သူ့အကြောင်းတွေးမိလိုက်တိုင်း ပြုံးခဲတဲ့ကျွန်တော်က ပြုံးမိသည် ရင်ထဲမှာနွေးလာသည်။ သူက ထိုမျှထိ ကျွန်တော့်ကို သက်ရောက်ပါသည်။ 

အီဟန် အတွေးကမ္ဘာကနေ လက်ရှိအချိန်သို့ပြန်လည်ရောက်ရှိလာသည်။

ဒါနဲ့ နေပါဦး အခုပြန်တွေ့တာ သူက ငါ့ကိုမမှတ်မိဘူးလား။ သူကိုယ်တိုင်စကားတွေလာပြောပြီး ထီးပါပေးသွားခဲ့တဲ့သူကိုလေ။ မဖြစ်နိုင်တာ ဘာလို့လဲ။ ရပါတယ် သူမမှတ်မိလည်း ငါက သူ့အနားရောက်အောင်သွားမှာပေါ့။ ထယ်ဆန်းနား မင်းစောင့်နေ လွန်ခဲ့တဲ့နှစ်နှစ်က ငါထပ်တွေ့ကြဦးမယ်လို့ပြောခဲ့တဲ့စကားကို ငါယုံကြည်ပြီးစောင့်ခဲ့လို့ အခုလိုထပ်တွေ့ရတယ်။
အခုလည်း ငါမင်းအနားရောက်အောင် လာခဲ့မယ်ထယ်ဆန်းနား။ ဒါကိုလည်း လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းကငါ့ရဲ့ ကံကြမ္မာလို့ ငါယုံကြည်ထားတာမို့လို့ပဲ။
________
Leehan's POV

မီနီမတ်ထဲ လိုအပ်တာတွေဝယ်ပြီးပြန်မယ်အလုပ် မိုးရွာလာတာကြောင့် မပြန်သေးဘဲ ခုံတန်းလျားလေးမှာထိုင်ပြီး အပြင်ကိုထိုင်ကြည့်နေမိတာ။
ဘေးကိုလူတစ်ယောက်ရောက်လာလို့ ကြည့်မိတော့ တကယ်ပဲ အံ့ဩမိသွားခဲ့တာလေ။ နောက်ဆုံးတော့ ပြန်တွေ့ခဲ့ပြီ။ သူအမြဲတွေ့ချင်နေခဲ့တဲ့သူကို သူပြန်တွေ့လိုက်ရပြီ။ ပျော်လွန်းလို့ မျက်ရည်ပါဝဲလာတဲ့အထိပဲ။ သူကတော့ ကျွန်တော်ရှိနေတာတောင် သိပုံမရဘူးထင်တယ်။ လုပ်စရာရှိတာတွေလုပ်ပြီးတာတောင် ဘေးကိုတစ်ချက်လှည့်မကြည့်တာပဲ ကြည့်လေ။ ဘယ်လိုကောင်လေးလဲ အမြင်ကပ်ကပ်နဲ့ သူ လှည့်မကြည့်လာမချင်း စိုက်ကြည့်ပေးနေလိုက်တယ်။ စားခါနီးကျမှ လှည့်ကြည့်လာပြီး အံ့ဩသွားပုံရတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ပြောလာသည်ကလည်း ခေါက်ဆွဲတူတူစားမလားတဲ့။ ခွီခနဲ ရယ်ချင်မိသွားသည်။ သူ ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလဲ။ ရယ်မိလိုက်ရင် စိတ်ဆိုးသွားမှာဆိုးလို့ ဘာမှမပြောဘဲ အရှေ့သာပြန်ကြည့်နေလိုက်ပေမယ့် ကျွန်တော်လုပ်လိုက်တဲ့ပုံစံကြောင့် မကျေမနပ်ဖြစ်သွားပုံရကာ တစ်ယောက်တည်းကြိတ်ပြီး ပွစိပွစိပြောနေပုံလေးက ချစ်စရာအတိ။ သူရဲ့အမူအရာတစ်ခုချင်းစီက အသည်းယားဖို့ကောင်းလွန်းလို့ ဆွဲဖက်ထားချင်လိုက်တာ။ တစ်ချိန်တည်းမှာပဲ ရင်ထဲမှာလည်း တကယ်ကို ဗြောင်းဆန်နေပြီ။ သူဒီလိုပြန်တွေ့မယ့်ရက်ကို ဘယ်လောက်တောင် စောင့်နေခဲ့ရတာလဲ ပြန်တွေ့မှာဆိုတဲ့ ယုံကြည်ချက်နဲ့ ခက်ခက်ခဲခဲ သည်းခံကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်​တွေ။ တွေးရင်း နာကျင် လာတာမို့ ထထွက်လာမိသည်။ အခုတွေ့လိုက်ရပြီဆိုတော့ရပါပြီ။ ထပ်တွေ့ရဦးမယ်ဆိုတာလည်း ယုံကြည်နေတယ်လေ။

သူထွက်လာမယ့်အချိန်ကို မျက်စောင်းထိုးကဆိုင်မှာစောင့်နေရင်း သူထွက်လာတာမြင်တော့ မိုးကမတိတ်သေးလို့ ထင်ပါရဲ့ သက်ပြင်းတွေချနေရှာတာ နှုတ်ခမ်းလေးကဆူလို့ လူတစ်ယောက်က အဲဒီလောက်တောင်ချစ်ဖို့ကောင်းနိုင်လို့လား ဖြစ်နိုင်လို့လား အားး ကြည့်နေရင်း ကြည့်နေရင်းကို အသည်းတွေယားလိုက်တာ။ မနေနိုင်စွာ သူ့အနားသွားရပ်လိုက်တော့ လှည့်ကြည့်လာသည့် အံ့ဩမှုကြောင့်ဝိုင်းစက်သွားသည့် မျက်ဝန်းလှလှလေး။ တစ်နေကုန်
ထိုင်ငေးကြည့်ချင်မိသည်။ သူလွမ်းနေခဲ့ရတဲ့မျက်ဝန်းလေး ခုထိဒီအတိုင်းပါပဲလား။ သူရှေ့ရောက်ရင် အလိုလိုမထွက်လာတော့တဲ့ စကားလုံးတွေကြောင့် ထီးကို လက်ထဲထည့်ပေးကာ ပြေးသာထွက်လာ
လိုက်တော့သည်။

ပြေးထွက်ရင်း မျက်လုံးတွေမှိတ်ကျသည်အထိ
နှုတ်ခမ်းစွန်းဖျားလေးတွေ ကော့တတ်သည်အထိ ရယ်နေသည့် မြင်တွေ့ဖို့ခဲယဉ်းလှသည့် အပြုံးလှလှလေးကိုတော့ဖြင့် ထီးလေးကိုင်ပြီးကျန်ခဲ့သည့်
ကောင်လေးမပြောနှင့် ကာယကံရှင်ကိုယ်တိုင်တောင် သတိမထားမိလိုက်ချေ။
............

Continue Reading

You'll Also Like

19.7K 492 5
စိတ်ကူးယဥ်အပြာစာ Noel GL Top ကဒွိလိင်ပါ
71K 3.7K 16
ត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️‍🔥 Min yoongi x Min Jimin Min Jungkook x Min Taehyung
116K 2.7K 52
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
13.5K 1K 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...