လေပြည်နုတို့သည် ခပ်သွက်သွက်တိုက်ခတ်၏။ ကောင်းကင်၌လည်း တိမ်ပြာနုနုများက ဟိုတစ်စ သည်တစ်စ။ ကျီစားသန်လေသော လေပြည်တို့၏ ပယောဂကြောင့် ဟီဆွန်း၏ ဆံနွယ်ညိုညိုတွေဟာ ပွယောင်းလျက်။
နန်ဆိုးဟွာနွယ်တို့ ရစ်ပတ်နေသော တံခါးနီညိုရောင်ရှေ့ ဟီဆွန်းတွေဝေနေမိတာ ဆယ်မိနစ်ခန့်။
ဝင်သွားရမှာ သေချာနေသော်လည်း သူ့အတွက် အချိန်လိုတာတော့ အမှန်ပင်။ နံရံပေါ်က ဘဲလ်ကိုနှိပ်လိုက်ဖို့ အတော်စဉ်းစားနေရတာဟာ ဘာကြောင့်များပါလိမ့်။
ထိုနီညိုရောင်တံခါးမှဝင်ရောက်လျှင် ဝါနုရောင်သမ်းသော နွေးထွေးသောအိမ်အတွင်းသို့ ရောက်မည်။ ထိုမှ မင့်ထ်ရောင်ချယ်သော အခန်းကို ဝင်၍ သူ့ချစ်တပည့်ကို စာရှင်းပြရမည်။
တစ်ချိန်တခါက အထစ်အငေါ့မရှိ ကျင်လည်ခဲ့သော နေ့စဉ်ဘဝအား ယခုဟီဆွန်းသည် တွေတွေငေးငေးဖြင့်။
သေချာပေါက် ထိုတပည့်ကသာ ဟီဆွန်းကို ဤသို့ဖြစ်အောင်စွမ်းနိုင်ပေ၏။ လတ်ဆတ်သော အပြုံးနှင့် တောက်ပလှသော မျက်ဝန်း ရွှန်းလဲ့လဲ့။
ဟီဆွန်း၏ ကျောက်မီးသွေးသုံးမီးရထားထက်ပင် ဆူညံလေသော နှလုံးခုန်သံများ။
ထို့မျှ မသင့်လျော်မှုများ။
ကိုယ့်တပည့်ကို ပြန်ရင်ခုန်သောဆရာတဲ့။
ဟီဆွန်း ရှက်လွန်း၍ မြေကြွက်များ၏အိမ်ကိုပင် ထာဝရသွားနေလိုက်ချင်သည်။
လျစ်လျူရှုခဲ့သော ခံစားချက်များကို ဂရုပြုမိတာ မကြာသေးခင်ကမှ။
အနားကပ်သွားတိုင်းရတတ်တိုင်း ရတတ်သော ပူရှိန်းနံ့သင်းသင်း။ ဆုတောင်းကောင်းခဲ့လေသော နှာတံစင်းစင်းနှင့် ဒန်းလွှဲစီးနေဖို့ကောင်းသော မျက်တောင်ရှည်ကော့ကော့တွေ။ နဂါးငွေ့တန်းထက်တောက်ပနေတတ်သော ကြယ်တံခွန်တို့ ကိန်းဝပ်ပါသည့် အညိုရောင်ရေကန်ငြိမ်ငြိမ်။
ဟီဆွန်းနှလုံးသားကို ပျော်မြူးနေသော မြင်းတစ်ကောင်ထက် ကဆုန်ပေါက်စေ၏။
ဖုံးဖိထားသော ခံစားချက်များပေတည့် စိတ်ကူးအိမ်မက်များကတော့ အလိုက်သိပုံမပေါ်။
အဖြူရောင် သတိုးသားဝတ်စုံဖြင့် သူ့ချစ်တပည့် ကင်မ်ပူရှိန်းလုံးဟာ လှလှပပပင် ပြုံးရယ်နေ၏။ မက်မွန်သီးကဲ့သို့ လတ်ဆတ်နေသော အပြုံးများကို ဘေးက ငေးကြည့်နေသူက နှစ်ယောက်မရှိပါသည့် ကျွန်တော် တစ်မိုးအောက် ဟီဆွန်း။ ကျွန်တော်သည်လည်း ဝတ်စုံအဖြူဖြင့်။ ကိုင်ဆွဲထားသည့် လက်တွေက အစစ်အမှန်လိုလို။
နိုးထလာသည့် အမှန်တကယ်အစစ်ဟီဆွန်းကတော့ ကတုန်ကယင်ဖြင့်။ ကိုယ့်တပည့်ကို ခိုးချစ်သည့်အပြင် (အိမ်မက်ထဲမှာ) လက်ထက်ပွဲတောင် လုပ်လိုက်သေးတဲ့ အောချရသည့် ကျွန်တော်ပင်ဖြစ်၏။
အိပ်ရေးပျက်မှုကြောင့် ဖောင်းနေလောက်သော မျက်နှာကို လက်ဖြင့် ဟီဆွန်း ဖိပွတ်မိ၏။ ကိုက်နေသော မျက်ရိုးတို့အား သက်သာလိုသက်သာငြား နှာရင်းသို့ ဖိနှပ်မိပြန်၏။
ထိုအခိုက် ပွင့်လာနေသော နီညိုတံခါး။
"အော ဆရာရောက်နေပြီပဲ။ ကျွန်မလာခေါ်မလို့ကို.."
ပြုံးရယ်ရင်း ပြောလေသူက သူ့တပည့်ကဲ့သို့ ခပ်ဝိုင်းဝိုင်းမျက်နှာကျရှိပါသည့် တပည့်မိခင်။
"ဟုတ်ကဲ့ဗျ။ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်။ မေမေတို့ ခရီးသွားလို့ အိမ်မှာ သတိပေးမဲ့သူမရှိတာနဲ့.."
တကယ်တော့ ဟီဆွန်းလိမ်တာ။ မေမေတို့ခရီးသွားတာအမှန်ပေမဲ့ ဟီဆွန်းကတော့ မဟုတ်မဟပ်အိမ်မက်တွေကြောင့် သွေးလန့်ပြီး ပြန်မအိပ်နိုင်တော့ခြင်းသာဖြစ်၏။
"ဟုတ်သလား။ အစ်မကြီးအီတို့ ဂျယ်ဂျူကိုသွားမယ်ပြောတယ်။ အဲ့ဒီကို သွားတာလား"
"မဟုတ်ဘူးဗျ။ အဖေအမျိူးဖက်က နာရေးရှိလို့ပါ။ ရက်ပိုင်းလောက်တော့ ကြာမယ်ပြောတယ်"
ဟီဆွန်း အစ်မကြီးကင်မ်ကို ပြန်ဖြေနေရင်းက မသိလိုက်စွာပဲ အိမ်ထဲရောက်သွားပြီ။ ကင်မ်ဆောနူ၏ ပေါက်ပေါက်ဖောက်စွမ်းရည်ဟာလည်း မိခင်ထံမှ အမွေရခြင်းဖြစ်မည်။
"ဆောအွန်းလေးရော ပါသွားသလား"
ဆောအွန်းက ဟီဆွန်း၏ ညီမငယ်ကလေးပင်။
"ဟုတ်ပါ့ဗျာ။ ကျွန်တော်တစ်ယောက်တည်း ကျန်တယ်"
လေးယောက်ရှိသော မိသားစုဖြစ်သော်လည်း တစ်နေရာရာသွားလိုက်ရင်ဖြင့် ဟီဆွန်းကို ချန်လှပ်ကာ သုံးယောက်သားသာ လျှောက်လည်တတ်ကြ၏။ ဟီဆွန်းက အပြင်ထွက်ရတာ သိပ်မကြိုက်သောကြောင့်လည်းဖြစ်မည်။ ကြုံ့တောင့်ကြုံ့ခဲ တစ်ခါတရံမှသာ ဟီဆွန်းမိသားစုနှင့် ထွက်လည်ဖြစ်၏။
"အစ်မကင်မ် ထွက်ခဲ့တော့နော်။ နောက်ကျတော့မယ်"
"ဟိုကောင်လေး ကာတွန်းဖတ်နေမှာ ထင်တယ် ဆရာ။ ဝင်သွားတော့နော်.. ကျွန်မသွားစရာပေါ်လာလို့"
ဆောနူမေမေသည် ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်ရင်း အိမ်ရှေ့မှ ခေါ်နေသော အမျိုးသမီးထံ ခပ်သွက်သွက်ထွက်သွား၏။
အမြှီးကိုးချောင်းမြေခွေးစတစ်ကာပုံကို ကပ်ထားသော အစိမ်းနုတံခါးကို ကြည့်ရင်း ဟီဆွန်းသက်ပြင်းချရသည်။ မျက်လုံးကိုမှိတ်၊ အသက်ရှူသွင်း ရှူထုတ်ဖြင့် တည်ငြိမ်အောင်လုပ်ရ၏။ ကင်မ်ဆောနူဟာ သူ့ကပ်ထားသည့် စတစ်ကာမှ မြေခွေးအတိုင်း အန္တရာယ်များလှသည်။
လက်ကိုင်ဘုကို လှည့်ရင်း ဝင်ရောက်မိသော အခန်းသည် စိမ်းနုရောင်ဖြစ်၏။ ကုတင်ပေါ်မှာ ရုပ်ပြစာအုပ်ကိုပိုက်ရင်း ပိုးလို့ပက်လက်အိပ်မောကျနေသူက ဟီးဆွန်းအား အိပ်ရေးပျက်စေသူ။
ဟီးဆွန်း ခြေထောက်အနီးရောက်နေသည့် ကူရှင်ကို ကောက်ယူရင်း ခြေလှမ်းများကို တိုးဖွဖွသာလှမ်းပြီး အိမ်မက်ကမ္ဘာသို့ရောက်နေသူထံ ဦးတည်သည်။
အချိုးမပြေစွာ အိပ်စက်နေသူအား ပုခုံးမှ ဆွဲမကာ ခေါင်းအုံးပေါ်သို့ ခေါင်းထားပေးရသည်။ ပိုးသားကဲ့သို့ဆံနွယ်ပျော့ပျော့များအား မနေနိုင်စွာ ခပ်ဖွဖွဆော့ကစားမိတော့ တအင်းအင်းအသံမှလွဲ၍ တုန့်ပြန်မလာ။
စိတ်ကွယ်ရာအရပ်ဆိုတာ မကောင်းမှုပြုဖို့ အတွေးဆုံးနေရာဖြစ်သည်။
ဟီဆွန်း၏ အနမ်းခိုးယူချိန်ဟာလည်း ဆောနူအိပ်ပျော်နေချိန်ဖြစ်၏။
နို့ပေါင်မုန့်လို ပါးဖောင်းဖောင်းတစ်ဖက်ဆီသို့ ကျရောက်သွားခဲ့သော သူ့နှုတ်ခမ်းများအား စမ်းမိရင်း အရူးရင့်နေသူလို ဟီဆွန်းပြုံးမိ၏။
ဒီလိုကျလည်း ကျွန်တော်ဟာ အိမ်ရှေ့၌ တွေဝေနေခဲ့သော အီဟီဆွန်းမဟုတ်သလိုပင်။ သိပ်ကို ရဲတင်းလွန်းနေတာမလား။
လက်ထဲ၌ ကိုင်ထားမိသော ကူရှင်ကို ထိုင်ခုံပေါ်တင် ပြီးမှ ထိုင်ချရင်း မငြိမ်သက်လေသော နှလုံးခုန်သံတို့ကို သုံးသပ်ရသည်။
*ျီးပဲ အီဟီဆွန်း ဘာလို့ သွားနမ်းလိုက်ပါလိမ့်။ ကိုယ့်စိတ်ကို ထိန်းချုပ်ထားသင့်တာကို။
မသိအောင် ခိုးယူခြင်းမှတဆင့် မနေနိုင်သော စွဲလမ်းမှု ဖြစ်လာခဲ့ပါလျှင်...
ကျွန်တော် ဟီဆွန်း ဒုက္ခများပေလိမ့်မည်။
August 17, 2023