အချစ်ဖြင့် ခြယ်မှုန်းသော (bl)...

By authorblove14

726 19 0

ကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်... More

part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)

part (10)

105 4 0
By authorblove14


အချစ်ဖြင့် ခြယ်မှုန်းသော
part (10)
-------------------------unicode/zawgyi

သူချစ်မြတ်နိုးရတဲ့ အရာနှစ်ခုကြားမှာ ရွေးချယ်မှုလုပ်ဖို့ဆိုတာ သိုက်အတွက် ခက်ခဲတဲ့အခြေအနေဖြစ်နေပေမယ့်
ကလေးရဲ့ စိတ်ကိုသာ သေချာသိနိုင်မယ်ဆိုသူ့အတွက်အဖြေဟာ အဆင်သင့်ရှိနေပြီးသားပင်

"သက်သာရဲ့လားကလေး..မူးနေသေးလား"

ကလေးဆံနွယ်ပျော့ပျော့လေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးရင်း သိုက်မေးလိုက်တော့ ကလေးက သိုက်ကို မော့ကြည့်လာပြီး ခေါင်းညိတ်ပြသည်
ကလေးရဲ့ စိတ်ကို သေချာသိချင်နေတဲ့ သိုက်ကတော့

"ကလေး စိတ်ပင်ပန်းစရာရှိနေလား ဟင်
သူရိန်ကပြောတယ် ကလေးအခုအခြေအနေက စိတ်ဖိအားအရမ်းများနေလို့တဲ့
ကလေးမှာ စိုးရိမ်စရာ တစ်ခုခုရှိနေရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောပြနော်
တစ်ယောက်တည်း မြိုသိပ်ခံစားနေဖို့ မလိုဘူး"

စိုးရိမ်မှုအပြည့်နဲ့မေးလာသော ဦးကို လှိုင်း တွေဝေစွာ ငေးကြည့်နေမိသည်
အခုတလော လှိုင်းရဲ့စိတ်အခြေအနေကို လှိုင်းကိုယ်တိုင်တောင် သဘောမကျနိုင်တာကြောင့် ဦးကို ပြောပြဖို့ဆိုတာမဖြစ်နိုင်သော ကိစ္စပင်
ချောမောလှပသောမိန်းမတွေ ဦးနားရှိနေခြင်းက အလုပ်သဘောထက်မပိုတာကို သိနေပေမယ့်
အဲ့ဒီ့မိန်းမတွေကြောင့် ဦးက လှိုင်းကို ထားသွားနိူင်တဲ့အတွေးတွေ ဝင်လာတတ်သည်
ယုတ္တိမရှိတဲ့ အတွေးတွေမှန်း လှိုင်းကိုယ်တိုင် သိနေပေမယ့်
အဲ့ဒီ့မကောင်းတဲ့ အတွေးတွေက လှိုင်းကို နှိပ်စက်လာတိုင်း
လှိုင်းခံစားနေရသည်က ဆုံးရှုံးခြင်းကို လက်ခံရခါနီးလူတစ်ယောက်ရဲ့ အကြောက်တရားသာဖြစ်သည်
လှိုင်းချစ်တဲ့လူကို ဆုံးရှုံးရမည်လို့ တွေးထင်ပြီး ကြောက်နေသည့်
လှိုင်းရဲ့ ယုတ္တိမတန်တဲ့ အကြောက်တရားအကြောင်း ဦးကို ဘယ်လိုပြောပြရမှာလဲ
အပြစ်မဲ့တဲ့ ဦးရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားခြင်းသက်သက်သာ ဖြစ်နေတော့မည်ပေါ့

"စိုးရိမ်စရာတဲ့လား..မရှိပါဘူး ဦးရဲ့
တနေ့တနေ့ အိမ်မှုကိစ္စကလွဲရင် ဘာမှမလုပ်ရတဲ့ လှိုင်းက
စိုးရိမ်ပူပန်စရာ ဘာရှိမှာလဲ
ခေါင်းမူးတယ်ဆိုတာက အခန့်မသင့်ရင် လူတိုင်းဖြစ်နိုင်တဲ့ရောဂါပဲ
ဦးသူငယ်ချင်းက ဆရာဝန်ပီပီ အစိုးရိမ်လွန်နေတာဖြစ်မှာပါ"

ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပြောနေတဲ့ ကလေးကြောင့် သိုက် ခေါင်းရှုပ်သွားရသည်
သူတွေးထင်နေမိတာက မှားနေခဲ့တာလား
ကလေးရဲ့ ဝေဒနါက တကယ်ပဲ အခန့်မသင့်ရုံသက်သက်လား
သိုက် သံသယများနေမိဆဲပင်
သူကတော့ ကလေးနဲ့ပက်သက်ရင် ပေါ့ပေါ့ဆဆ မတွေးနိုင်ပါ
သူ့ရဲ့ တစ်ခုတည်းသော မြတ်နိုးဖွယ်ရာကို နည်းနည်းလေးမှပင် အထိခိုက်အပွန်းပဲ့မခံနိုင်တဲ့ စိုးရိမ်မှုတွေက ရင်ထဲပြည့်နှက်နေဆဲ

"အင်းပါ..ဘယ်လိုပဲဖြစ်ဖြစ် ကလေးစိတ်ထဲခံစားချက်မကောင်းတာမျိုးရှိရင် ကိုယ့်ကို ချက်ချင်းပြောပြနော်"

စိတ်မချနိုင်စွာ ပြောနေတဲ့ဦးရဲ့ မျက်နှာက ပူပန်မှုမကင်းသေးတာ သိသာစွာနဲ့
တကယ်တမ်း လှိုင်းခံစားနေရတဲ့ ဝေဒနါက သာမန်အဆင့်လောက်မဟုတ်တာကို လှိုင်းကိုယ်တိုင်သိနေသည်ပဲ
ဦးကြောင့် စိုးရိမ်စိတ်ဝင်လာတဲ့အခါတိုင်း ခေါင်းက ပြင်းပြင်ထန်ထန်ကိုက်ခဲလာပြီး ပျို့အန်ချင်စိတ်တွေနဲ့ နောက်ဆုံး မရပ်တည်နိုင်အောင် အမြင်အာရုံတွေက မူးဝေနောက်ကျိလာရတဲ့အထိ
ဒါပေမယ့်လည်း မြိုသိပ်ခံစားဖို့ကိုသာ ဆုံးဖြတ်မိသည့် လှိုင်းရဲ့အတွေးက မှားယွင်းနေပြီဆိုတာကို မသိသေးတဲ့ အချိန်အထိတော့ ခေါင်းမာမိနေဆဲပင်
ဒါကလည်း ဦးကို စိတ်သောကမရောက်စေဖို့အတွက်သာ

----------------------------

"ဦး ပန်းချီမဆွဲတာ ကြာပြီနော်
ဘာဖြစ်လို့လဲ"

ကလေးဘေးမှာသာ အချိန်ပြည့်ရှိနေတတ်တဲ့ သိုက်ကို ကလေးက မေးလာတော့
အပြုံးတုတစ်ခုကို မျက်နှာပေါ်ထင်စေပြီးမှ

"စိတ်မပါလို့ပါ ကလေးရဲ့ အနုပညာဆိုတာက စိတ်မပါဘဲ ဖန်တီးလို့မရနိုင်ဘူးလေ"

ကလေး ကျေနပ်လောက်မယ့် အဖြေမျိုးကို သိုက် ဖြေပေးလိုက်သည်
အသက်တမျှမြတ်နိုးရတဲ့အလုပ်ကို ရပ်နားထားရခြင်းက သူ့အတွက် လွယ်ကူသည်မှ မဟုတ်ဘဲ
ဒါပေမယ့်လည်း သူ့အသက်ထက်မြတ်နိုးရသည်ကတော့ ကလေးပဲ ဖြစ်နေ၍
ကလေးကို ထိခိုက်စေမယ့် အရာဆိုရင် အသက်ရှူရပ်မတတ် ပင်ပန်းရပါစေ သူရှေ့ဆက်မည် မဟုတ်

"လှိုင်းကြောင့်ဆိုရင် ရပ်မပစ်လိုက်ပါနဲ့ ဦး
ဦးရဲ့ဝါသနာက ဦးရဲ့ ရှင်သန်မှုပဲလေ
လှိုင်းကြောင့်နဲ့တော့ ရှင်သန်မှုမရှိတဲ့ ဘဝမျိုးမှာ ဦးကို မနေစေချင်ဘူး
ဒီလိုမျိုး မြင်နေရတာက လှိုင်းကိုလည်း ပင်ပန်းရစေတယ်"

"မဟုတ်ဘူး ကလေး
ကိုယ်တကယ်စိတ်မပါလို့ပါ
ပြီးတော့ ကိုယ့်ရဲ့ရှင်သန်မှုက
ကလေးရှိနေရုံနဲ့ ပြည့်စုံနေပြီလေ
အရေးမပါတဲ့ အတွေးတွေ ခေါင်းထဲအဝင်မခံပါနဲ့ကွာ..နော်"

ဟန်ဆောင်မြိုသိပ်နေပေမယ့် နဂိုကတည်းက ပါးလျတဲ့ ခန္ဓာကိုယ်လေးက စိတ်ထောင်းလို့ကိုယ်ကြေဆိုသလို ယဲ့ယဲ့လေးသာကျန်တော့တဲ့ ကလေးရဲ့အခြေအနေကို မကြည့်ရက်နိုင်စွာ သိုက် တောင်းဆိုနေမိသည်
ရင်ထဲမှာတော့ ကလေးကို စိုးရိမ်ပူပန်စိတ်တွေက လှိုင်းထန်နေရင်း

လှိုင်းကိုသာ စိုးရိမ်တကြီးဖြစ်နေပေမယ့်
ဦးရဲ့ ရှင်သန်မှုပျောက်ဆုံးနေတဲ့ပုံစံကိုလည်း လှိုင်း မြင်နေရသည်ပဲ
လှိုင်း ကြောင့်နဲ့ သူ့ရှင်သန်မှုကို စွန့်ပစ်ဖို့ ကြိုးစားနေတဲ့ ဦးရဲ့ရွေးချယ်မှုဟာ လှိုင်းကိုပါ သေဆုံးစေသလိုပင်

အသက်တမျှ
ချစ်ရပေမယ့်လည်း
ပေါင်းစပ်လို့မရတဲ့
ဖြစ်တည်မှုမျိုးမှာ
ချစ်ခြင်းတရားဟာ
အဆိပ်တစ်ခွက်လေလား

------------------------

"ကလေး..."

"ကလေး.."

ကုတင်ပေါ်မှာမတွေ့ရတဲ့ကလေးကို တစ်အိမ်လုံးမှာ လှည့်ပတ်ရှာဖွေနေမိပြီး
မတွေ့ရတဲ့အဆုံးမှာတော့ သိုက် အရူးမီးဝိုင်းဖြစ်နေရသည်

ကလေး ဘယ်ကိုထွက်သွားလဲဆိုတာကို ခေါင်းမီးတောက်မတတ် စဉ်းစား လိုက်တော့
သူ့အတွက် အားကိုးရာအဖြစ် ဆွဲကိုင်နိုင်မည့် နှင်းဆီ ဆိုတဲ့ နွယ်တစ်မျှင်ကို တွေးမိပြီး

contacts ထဲပြန်ရှာကာ ဆက်သွယ်မိပြန်သည်

ကလေးကိုသာ ရှာမတွေ့ရင် ရူးသွားလောက်တာက သိုက်ကိုယ်တိုင်ဖြစ်နေခဲ့ပြီး

နှင်းဆီပြောပြတဲ့ နေရာတိုင်းကို အမောတကော လိုက်ရှာမိပေမယ့်

ကလေးကတော့ အမျိုးတွေအိမ်ကိုတောင် မပြန်ဘဲ သူ့ကို ခြေရာဖျောက်သွားခဲ့ပြီပဲ

ဘယ်နေရာမှာမှ ရှာမတွေ့တော့တဲ့အဆုံး
လက်လျော့လိုက်ရတော့မယ့် သူ့အဖြစ်ကို လက်မခံနိုင်စွာနဲ့

"အား.."

အသံကုန်အော်ဟစ်ပစ်လိုက် အပြီးမှာ သူ့ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီး သွားခဲ့ပြီးပဲ

----------------------

ဆေးအရှိန်နဲ့​ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သိုက်ကို ကြည့်နေမိရင်း သူရိန် သက်မမောကြီးကိုသာ နက်နက်ရှိုင်းရှိုင်း ချလိုက်မိသည်

ကမ္ဘာကြီးတစ်ခုလုံးပျက်ဆီးသွားသလို ခံစားနေရတဲ့ လူတစ်ယောက်နဲ့

ကမ္ဘာသစ်တစ်ခုကို အကောင်းအတိုင်း ဖန်တီးဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ကြားမှာ

သူ တတ်နိုင်တာက ဘာများရှိနေဦးမှာလဲ

ဆရာဝန်ပီပီ ကျန်းမာရေးကသာ အဓိကလို့ တွေးရင် လူရုပ်ပျောက်အောင် အရက်တောထဲနစ်နေတဲ့ သိုက်ကို အပြစ်တင်ချင်ပေမယ့်
ကိုယ့်သူငယ်ချင်းအရင်းကြီးရဲ့ ခံစားချက်ကိုသိနေတော့လည်း

ဖုန်း contacts ထဲက နံပါတ်တစ်ခုကို နှိပ်လိုက်မိတာက

အရာရာကို အကောင်းတိုင်းဖြစ်စေချင်တဲ့ စေတနာတွေနဲ့ဖြစ်နေပေမယ့်

-------------------------

စစ်ကိုင်းတောင်ပေါ်ကနေ မျှော်ငေးကြည့်မိတိုင်း မြင်ရတဲ့ လယ်ကွင်းစိမ်းမြမြနဲ့ လူနေအိမ်ခြေတွေရယ် ဧရာဝတီမြစ်ရယ်က  ပန်းချီကားတစ်ချပ်အသွင်နဲ့ ရင်ထဲကအပူမီးတွေကို ငြိမ်းအေး သက်သာစေ သလိုပင်

လှပတဲ့ရှုမျှော်ခင်းတွေကို ငေးကြည့်ရင်းကပင် မလှပတဲ့အတွေးတွေက ခေါင်းထဲရောက်လာပြန်ကာ

အခုချိန်ဆို...ဦး ပန်းချီဆွဲနေလောက်မလား
ထမင်းရော အချိန်မှန်စားပါ့မလား
အလုပ်ထဲစိတ်နစ်နေလို့ အိပ်ချိန်တွေ နောက်ကျနေမှာလား
နောက်ဆုံးအတွေးကတော့ လှိုင်းကို နာကျည်းနေတော့မှာလား လို့ရယ်

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကို လျှောက်နေရခြင်းဖြစ်သော်လည်း ဘယ်ကနေ စတွေးတွေး အဆုံးသတ်ကတော့ စိုးရွံ့ခြင်းတွေနဲ့ပဲမို့

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း ဂရုမစိုက်ဘူးလို့ ​ပြောနိုင်ကြသူတွေပင်
ချစ်ရသူရဲ့ အမုန်းကိုတော့ ခံနိုင်ကြမယ်မထင်
လှိုင်းလို ပျော့ညံ့သူတစ်ယောက်အတွက်တော့ ဦးအမုန်းကို ခံယူဖို့ဆိုတာ စိတ်ကူးနဲ့ပင် ကြောက်စရာကောင်းလွန်းနေခဲ့ပြီပဲ

အကြောက်တရားတစ်ခုကိုကျော်လွှားဖို့ ကြိုးစားရင်း နောက်ထပ်အကြောက်တရားတစ်ခုဆီကို ခြေစုံပစ်ဝင်နေမိတဲ့ လှိုင်းအဖြစ်က ရယ်စရာတော့ အကောင်းသားပင်

မြင်နေရဆဲအိမ်ခေါင်မိုးသေးသေးလေးတွေက အဝေးကကြည့်တိုင်း လှပတဲ့ ပန်းချီကားတစ်ချပ်လို့ တွေးထင်ရပေမယ့် အဲ့ဒီ့အိမ်လေးတွေမှာ နေနေကြတဲ့ လူတွေရဲ့ဘဝဟာလည်း လှိုင်းလိုပင် အပူမီးကိုယ်စီ ရှိနေကြမှာလား

အဝေးကြည့်အမြင်နဲ့တင် ဆုံးဖြတ်လို့မရတဲ့ ဘဝတွေပဲ ဖြစ်နေကြတော့လည်း

ငြိမ်းအေးပြီလို့ ထင်လိုက်မိတဲ့ အတွေးတွေက ရုတ်ချည်း အနီရောင်သမ်းသွားပြီး ဝဲတက်လာတဲ့မျက်ရည်တွေကတော့ ရင်တွင်းဆန္ဒအစစ်အမှန်သာ

ဆန္ဒကိုငြင်းဆန်၍ ရှင်သန်ရခြင်းက ဘဝကိုတတိတိညှင်းဆဲ သတ်ဖြတ်နေခြင်းသာဆိုရင်
လှိုင်းရဲ့ ဖြစ်တည်မှုက သေဆုံးပြီးသား လူတစ်ယောက်နှင့် မခြားလေတော့

------------------------

ရန်ကုန်မန္တလေး အဝေးပြေးကားကြီးပေါ်ကအဆင်းမှာပဲ မိုးစက်အမှုန်အမွှားတွေက လှိုင်းကို ပြေးပွေ့ဆီကြိုလိုက်သလားထင်ရသည်

ရင်ထဲက သောကမီးကြောင့် မိုးရေစိုမှာကို ဂရုမစိုက်နိုင်
ရရာ taxiကိုတားပြီး လိုရာခရီးကို ပို့ခိုင်းလိုက်မိသည်

"မိုးဦးကျတာ စောလိုက်တာ"

နားအူမတတ် မိုးခြိမ်းသံနဲ့ တဖျပ်ဖျပ်လက်နေတဲ့ လျှပ်စီးရောင်တွေနဲ့အတူ ကောင်းကင်တစ်ခုလုံး မည်းမှောင်လာတဲ့ရာသီဥတုအခြေအနေကြောင့် ညည်းညူလိုက်တဲ့ Taxi ဒရိုင်ဘာရဲ့ စကားက နားထဲကိုဝင်လာပေမယ့်  လှိုင်း အာရုံမရောက်နိုင်ဘဲ

"မြန်မြန်လေး မောင်းပေးပါနော်"

"မောင်းပေးချင်တာပေါ့ဗျာ..ရှေ့က ကားတန်းကြီးကိုလည်း ကြည့်ပါအုံး"

ကိုယ့်အပူနဲ့ကိုယ် ဆန္ဒစောနေသည့် လှိုင်းရဲ့တောင်းဆိုမှုကို တုံ့ပြန်လိုက်တဲ့ ဒရိုင်ဘာ စကားက ​မှန်နေတာကြောင့် လှိုင်း ဆုံးဖြတ်ချက်ချလိုက်ကာ

"လမ်းပဲလျှောက်လိုက်တော့မယ်
ကားခ ဘယ်လောက်ကျလဲ"

ပြောပြီး ကားတခါးဖွင့်ဆင်းကာ ကားခရှင်းပေးနေတဲ့ လှိုင်းကို ကားဒရိုင်ဘာက လောတတ်ရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်နေပေမယ့် လှိုင်း ဂရုမစိုက်နိုင်ဘဲ
သည်းသည်းထန်ထန် ရွာချနေတဲ့ မိုးရေထဲမှာသာ အမြန်လျှောက်သွားလိုက်မိသည်
ဦးတက်နေတဲ့ဆေးရုံကိုရောက်ဖို့က နောက်ထပ်နှစ်မှတ်တိုင်လောက်သာ လိုတော့သည် မဟုတ်လား
လျှပ်စီးနဲ့မိုးကြိုးကိုရော သည်းထန်တဲ့ မိုးရေတွေကိုပါ လှိုင်းဂရုမစိုက်အား
အခုချိန်မှာ လှိုင်းအတွက်အရေးအကြီးဆုံးက ဦးဆီကို မြန်နိုင်သမျှ မြန်မြန်လေး ရောက်ဖို့သာ

-------------------------

မှန်အပြင်ဘက်မှာမြင်နေရတဲ့ မိုးက သည်းထန်လွန်းပြီး လျှပ်စီးတွေပါ တဖျပ်ဖျပ်လက်နေတာကြောင့် လိုက်ကာတွေကို ဆွဲပိတ်ဖို့ လုပ်လိုက်တော့

"မပိတ်နဲ့"

ကုတင်ပေါ်ကနေ အပြင်ဘက်မြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေတဲ့ သိုက်က တားလာတာကြောင့် သူရိန် နေရာမှာသာ ပြန်ထိုင်မိရင်း
လာသင့်နေပြီဖြစ်တဲ့ လူတစ်ယောက်ကိုသာ မျှော်နေမိပြန်သည်

တဖြန်းဖြန်းလက်နေတဲ့ လျှပ်စီးရောင်ကို ငေးကြည့်နေမိသည့် သိုက်ကတော့ စိုးရိမ်ထိတ်လန့်နေမယ့် မျက်နှာလေးတစ်ခုကိုသာ မြင်ယောင်နေမိရင်း

"ကလေး ကြောက်နေတော့မှာလား"

ဘယ်ဆီမှာရှိနေမှန်းမသိတဲ့ လူတစ်ယောက်အတွက်သာ တွေးပူနေမိသည်

"ကလေးရှိတဲ့နေရာမှာတော့ မိုးခြိမ်းသံတွေ မကြားရရင် ကောင်းမှာပဲ"

မိုးခြိမ်းသံကင်းတဲ့နေရာရယ်လို့ မရှိနိုင်ပေမယ့်
စိုးရိမ်စိတ်တွေနဲ့ မဖြစ်နိုင်တဲ့လိုအင်ဆန္ဒကိုသာ တောင်းဆိုမိနေပြီး

"လွမ်းတယ်..ကလေးရယ်"

ဒီလိုအချိန်တိုင်း ထွေးပွေ့ပေးထားချင်စိတ်နဲ့ လူတစ်ယောက်ကို တမ်းတနေမိသည်

"ရောက်လာပြီပဲ"

အခန်းဝမှာပေါ်လာတဲ့ ပုံရိပ်တစ်ခုကြောင့် သူရိန်က ဆန္ဒပြည့်သွားသလို ရေရွတ်လိုက်တော့
သိုက် အကြည့်တွေက နေရာရွေ့သွားရပြီး

"ကလေး"

ရှင်သန်ရသမျှ ကာလတစ်လျှောက်လုံး သတိရနေမိသည့် ကလေးက သူ့ရှေ့ကို တကယ်ပဲရောက်လာခဲ့သည်လား
စွဲလန်းစိတ်ကြောင့် တွေးမြင်မိသည့် ပုံရိပ်ယောင်လေလား
သိုက် ဝေခွဲမရစွာ ငေးကြည့်နေမိတုန်းမှာပဲ

"ဦး."

သူ့ကိုယ်ပေါ်ကို အုပ်မိုးဖက်တွယ်လာတဲ့ မိုးရေစက်လက်နဲ့ ကိုယ်လုံးလေးရဲ့ အထိအတွေ့ကြောင့်

"တကယ်ပဲကို"

ဘာစကားမှ မပြောဖြစ်ဘဲ စိုရွှဲနေတဲ့ ကိုယ်လုံးလေးကိုသာ လွတ်ထွက်သွားမှာစိုးရိမ်စိတ်နဲ့  သိုက် တင်းကြပ်စွာဖက်ထားလိုက်မိသည်

သူ့လက်ထဲက ကလေးကလည်း တသိမ့်သိမ့်ရှိုက်ငိုနေပေမယ့် စကားတစ်လုံးမှ ပြောထွက်မလာခဲ့

အချစ်ဆိုတာ
ချစ်နေရုံလေးနဲ့.ဆို
နာကျင်ရတဲ့
အလွမ်းသက်သက်ပဲ

​အချစ်ကို အချစ်လို
ပြည့်စုံနိုင်ဖို့ဆို
ပိုင်ဆိုင်ခွင့်ရှိဖို့လည်း
...လိုအပ်တယ်

-----------------------

"ကိုယ်..ဘာမှမဖြစ်ပါဘူး.. မစိုးရိမ်နဲ့တော့နော်"

လှိုင်း အားရအောင် ငိုပြီးသည်အထိ ဦးက ထွေးပွေ့ပေးထားခဲ့ပြီး
နှစ်ယောက်သား လူချင်းခွာလိုက်ကြတော့

"ဘယ်လိုဖြစ်ရတာလဲကွာ စိုရွှဲနေတာပဲ
အဝတ်မြန်မြန်လဲလိုက် ခေါင်းလည်းခြောက်အောင်သုတ်အုံး"

လှိုင်း ဘာကြောင့်နဲ့ ဘယ်ကို ထွက်သွားလဲဆိုတဲ့မေးခွန်းတွေးမမေးဘဲ မိုးရေစိုထားတဲ့လှိုင်းကိုသာ စိုးရိမ်ပူပန်နေပြန်သည့် ဦးကို လှိုင်း စိုက်ကြည့်နေမိရင်း မျက်ရည်တွေက နောက်တစ်ကြိမ်အစပျိုးချင်လာပြန်သည်

"မငိုနဲ့တော့ကွာ.. နော်
အဝတ်အရင်လဲလိုက်ပါ"

လူနာကုတင်ပေါ်က ပုဂ္ဂိုလ်က မိုးရေစိုနေတဲ့လူကို စိုးရိမ်ပေးနေတာကိုကြည့်ပြီး အမြင်ကပ်လာရတဲ့လူက သူရိန်ပင်

"သူများကိုပဲ ပြောမနေနဲ့ မင်းလည်း အဝတ်လဲရမယ်"

ပြန်တွေ့တွေ့ချင်း ပူကပ်နေတဲ့နှစ်ယောက်သားကို မပြောရက်လို့ ကြည့်နေခဲ့ရပေမယ့်
သိုက်ရဲ့ ဝမ်းဗိုက်က ခွဲစိတ်ထားတဲ့ ချုပ်ရိုးကိုတော့ ရေစိုသွားလို့မဖြစ်တာကြောင့် လဲဖို့အဝတ်ကို အဆင့်သင့်ထုတ်ထားပြီး သူရိန် ပြောလိုက်မှ

"အာ..ဟုတ်သားပဲ ဦးကိုပါ စိုကုန်ပြီ"

သူရိန်တစ်ယောက်လုံးရပ်နေတာကိုတောင် သတိမမူမိအောင် ဖြစ်နေကြတဲ့ နှစ်ယောက်သားရဲ့အဖြစ်ကို လှိုင်းက ရှက်သွားပြီး

"လှိုင်း လဲပေးလိုက်ပါ့မယ်"

သူရိန်လက်ထဲက သိုက်ကိုလဲပေးမယ့် အဝတ်အစားတွေကို လာဆွဲယူနေပြန်တာကြောင့်

"ကိုယ့်ကိုယ်ကိုယ်ပဲ လဲလိုက်ပါကွာ
မဟုတ်ရင် ဟိုတစ်ယောက်က အူအတက်ယောင်တုန်းက မသေဘဲ အစိုးရိမ်လွန်ပြီးသေနေအုံးမယ်"

အဖြစ်သည်းနေတဲ့ ကုတင်ပေါ်က လူမမာကိုမေးငေါ့ပြီး သူရိန်ပြောလိုက်တော့မှပင် လှိုင်းက ရယ်ဖြဲဖြဲလုပ်ပြီး အဝတ်လဲဖို့ ထွက်သွားပေမယ့် ကုတင်ပေါ် ထိုင်ကျန်နေတဲ့ သိုက်ကတော့

"ငါက ဘာလို့သေရမှာလဲ..အလတ်ကြီးရှိသေးတယ်"

မကျေမနပ်ပြောနေပြန်သေးတာကြောင့် သူရိန် မျက်နှာမှာ အမြင်ကပ်ရလွန်းတဲ့စိတ်နဲ့ မဲ့သွားရပြီး

"အေးပါ မင်းက မသေနိုင်တော့ပါဘူး
သေချင်လှပါချည်ရဲ့ဆိုပြီး
မစားနိုင်မအိပ်နိုင်နဲ့ အရက်ခွက်ထဲခေါင်းစိုက်ခဲ့တဲ့ တစ်ယောက်ကတော့ သေသွားတာဖြစ်မယ်"

အပြောင်းအလဲမြန်နိုင်လွန်းတဲ့ သကောင့်သားကို အရွဲ့တိုက်ပြောလိုက်မိတော့

"မင်းက ဆရာဝန်မဖြစ်သင့်တဲ့ကောင်ပဲ လူနာရှေ့မှာ သေစကားချည်းပဲပြောနေတယ်"

ကိုယ်ကတော့ ကျန်းမာရေးထိခိုက်မှာစိုးလို့ အရက်လျှော့သောက်ဖို့ပြောတုန်းကတောင် သေပါစေဆိုပြီး ပေတေနေခဲ့တဲ့ကောင်က အခုမှ သေစကားတောင် မကြားချင်လောက်အောင် ဖြစ်နေတာကြောင့်

"ငါကယ်လို့ အသက်ရှင်တဲ့ကောင်ကများ ငါ့ကို ဆရာဝန်မဖြစ်သင့်ဘူးလေး ဘာလေးနဲ့ လုပ်လိုက်လို့ချုပ်ရိုးပြန်ပွင့်သွားမယ်"

အက်ျီကို ဆောင့်ဆောင့်အောင့်အောင့်လဲပေးရင်း သူရိန် ခြိမ်းခြောက်စကားဆိုမိတော့

"ဦးသူရိန်ကလည်း ဖြေး​ဖြေးလုပ်မှပေါ့ ဦးနာသွားမယ်လေ"

အဝတ်လဲပြီး ရေချိုးခန်းထဲကထွက်လာတဲ့လှိုင်းက ပြူးပြူးပြာပြာပြေးလာရင်း ပြောလိုက်တာကြောင့် သူရိန်မှာ နောက်ဆုတ်ပေးလိုက်ရပြီး

တတ်လည်းတတ်နိုင်ကြပါတယ်လို့သာ
မြင်ပြင်း ကပ်စွာနဲ့

-------------------------

"ဒါဆို သူရိန်က အကုန်သိနေတာပေါ့"

တအံ့တဩမေးလာတဲ့ ဦးကို လှိုင်း ခေါင်းညိတ်ပြလိုက်ပြီး

"ဦးဆီက ထွက်မသွားခင် ဦးသူရိန်နဲ့ တိုင်ပင်ပြီးမှ သွားခဲ့တာပါ
စစ်ကိုင်းမှာနေဖို့ရော မန္တလေးက ဆရာဝန်ကြီးနဲ့ဆွေးနွေးပြီး အကြံပြုချက်ယူဖို့ရော ဦးသူရိန်ပဲ အကုန်စီစဉ်ပေးခဲ့တာလေ"

"ဒီကောင် တော်တော်ဆိုးတာပဲ
ကိုယ်ဒီလောက်ခံစားနေရတာကို မြင်နေရက်နဲ့တောင် ဘာတစ်ခုမှ မပြောပြဘူးကွာ"

"မဟုတ်ပါဘူးဦးရဲ့
ဦးသူရိန်က လှိုင်းနဲ့ ဦးအတွက်တွေးပြီး
နှုတ်ဆိတ်နေပေးခဲ့တာပါ
လှိုင်းအခြေအနေက လှိုင်းကိုယ်တိုင်နားလည်လက်ခံနိုင်ဖို့ ကြိုးစားရမယ့်အနေအထားလေ အဲ့ဒီ့အချိန်မှာ ဦးနားမှာနေတာက လှိုင်းအတွက်ရော ဦးအတွက်ပါ ပိုကောင်းလာဖို့မရှိတာ သူသိလို့ပါ"

မခံချိမခံသာပြောနေတဲ့ ဦးကို လှိုင်း သေချာရှင်းပြလိုက်တော့

"အခုရော..ကလေး အဆင်ပြေသွားပြီလား"

လှိုင်းရဲ့ အခြေအနေကို မေးလာတဲ့ ဦးကို လှိုင်း ပြုံးပြမိရင်း

"သေချာမသိသေးဘူး
ဒါပေမယ့် အဆင်ပြေသွားပြီလို့ ထင်တာပဲ"

မရေမရာဖြေပေးလိုက်မိသည်

တကယ်လည်း အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ပြီလားဆိုတာ လှိုင်း သေချာမသိပေမယ့်
လှိုင်းဘဝရဲ့ အကြီးမားဆုံးအကြောက်တရားက ပြောင်းလဲခဲ့ပြီထင်ပါရဲ့
ဦးဆီကို လာတဲ့နေ့က မိုးခြိမ်းသံတွေလျှပ်ရောင်တွေကြားမှာ အပြေးလာခဲ့မိတဲ့လှိုင်းဟာ အတိတ်ကထိတ်လန့်စရာအဖြစ်အပျက်တွေကိုတောင် ပြန်မတွေးမိတဲ့အထိ ဦးအတွက်ပဲ စိုးရိမ်နေခဲ့မိသည်မဟုတ်လား
ကျန််တာတွေကို သေချာမသိသေးပေမယ့် လှိုင်းသေချာသိသွားရတဲ့ တစ်ခုတည်းသောအ​ကြောင်းအရာကတော့
ဦးနားမှာ မနေနိုင်တာထက် ကြောက်စရာကောင်းတဲ့အခြေအနေဆိုတာ လှိုင်းအတွက် မရှိဘူးဆိုတာပင်

"ကိုယ့်နားကနေ နောက်တစ်ခါ ထွက်မသွားပါနဲ့တော့နော်"

တောင်းပန်ခယသလို မျက်ဝန်းတွေနဲ့ပြောလာတဲ့ ဦးနှုတ်ခမ်းပေါ်ကို ဖိကပ်နမ်းလိုက်ပြီးမှ

"ထွက်သွားပါလို့ပြောရင်တောင်..တွယ်ကပ်နေမိတော့မှာပါ"

သေချာသွားတဲ့စိတ်တစ်ခုနဲ့ အဖြေပေးမိရင်း

------------------------

"လှိုင်းမရှိတဲ့ အတောအတွင်း ပန်းချီလုံးဝမဆွဲဖြစ်တာလား"

"တစ်ကားတော့ ဆွဲဖြစ်တယ် "

လှိုင်းရဲ့မေးခွန်းကို ခပ်ပြုံးပြုံး ဖြေလာတဲ့ ဦးပုံစံက အဓိပ္ပါယ်တစ်ခုခုရှိရှိနေပုံမျိုး

"ကိုယ်ပြမယ် လိုက်ခဲ့"

ဦးမျက်နှာပေါ်က အဓိပ္ပါယ်ကို သိချင်စိတ်နဲ့
ဦး လက်ဆွဲခေါ်ရာအတိုင်း လိုက်ခဲ့မိတော့
ပန်းချီခန်းသို့ မဟုတ်ဘဲ ဦးရဲ့အိပ်ခန်းရှိရာဘက်သို့ဖြစ်နေတာကြောင့်

"ပန်းချီကားပြမှာမဟုတ်ဘူးလား"

လှိုင်း ဇဝေဇဝါ မေးလိုက်မိတော့

"ဘာပြမယ် ထင်လို့လဲ"

ရယ်စစ ပြန်မေးလာတဲ့ ဦးကြောင့်

"အာ.. ဘာမှ မထင်ပါဘူး"

ရှက်ရှက်နဲ့ ဘူးကွယ် လိုက်မိမှ

"ကလေး ထင်နေတာကတော့ နောက်မှပေါ့
အခုကတော့ ပန်းချီကားပဲ ပြမှာပါ"

မချိုမချဉ်မျက်နှာနဲ့ ပြောလာတဲ့ ဦးကို

"ဘာမှမထင်ပါဘူးဆို"

မျက်စောင်းသာ ရွယ်မိရင်း

--------------------------

ဦးအခန်းရဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကြောင့် လှိုင်း မင်သက်သွားရပြီး

"လှလိုက်တာ"

နှုတ်ကနေ အလိုလိုရေရွတ်ပြီးသားဖြစ်သွားရသည်

"ကလေးနဲ့ ကိုယ်နဲ့လေ"

မြင်နေရတဲ့ ပန်းချီကားနဲ့ တက်တက်စင်အောင် ​လွဲချော်နေသော ဦးစကားကြောင့်

"ဦးတစ်ယောက်တည်း မဟုတ်ဘူးလား
ဘယ်မှာလဲ လှိုင်းက"

ပန်းချီကားအပြည့်ဆွဲထားတာက မိုးရေစက်တွေကို လက်နှစ်ဖက်ဖြန့်ကာခံယူရင်း ကြည်နူးစွာ ပြုံးနေတဲ့ ဦးရဲ့ကိုယ်တစ်ပိုင်းပုံသာဖြစ်သည်

မိုးရေစက်တစ်စက်ချင်းစီက လက်ဖျားထိပ်လေးနဲ့ တို့ထိကြည့်ချင်စရာကောင်းလောက်အောင် ကြည်လဲ့ပီပြင်လွန်းနေပြီး
ဦးမျက်နှာပေါ်ကအပြုံးကလည်း လူသားတစ်​ယောက်ရဲ့အဆုံးစွန်သောပီတိကို အတိုင်းသားမြင်ရလောက်အောင် အသက်ဝင်လွန်းလှပေမယ့်
ဒီပန်းချီကားရဲ့ ဘယ်နေရာမှာမှ လှိုင်းရဲ့ပုံရိပ်က မပါဝင်တာသေချာတာကြောင့် လှိုင်း မေးလိုက်မိခြင်းသာ

"ဒီမှာလေ ကလေးက"

မိုးရေစက်တွေပေါ် ညွှန်ပြပြီးပြောလာသော ဦးစကားကြောင့် လှိုင်း မျက်ရည်တွေသာ ဝေ့တက်လာရပြီး

"လှိုင်းမရှိတဲ့အချိန်မှာမှ ဘယ်လို စိတ်ကူးမျိုးနဲ့ ဆွဲခဲ့ရတာလဲ"

ဦးလက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်မိတဲ့ လှိုင်းစကားကြောင့်

"ဒီပန်းချီကို ပြီးဆုံးတဲ့အထိ ဆွဲရတာက ကိုယ့်ကို ရှင်သန်နေထိုင်ဖို့ မျှော်လင့်ချက်ရစေတယ်လေ
ကလေး ကိုယ့်အနားမှာမရှိဘူးဆိုတဲ့အသိက ကိုယ့်ကိုသေလုမတတ်ဖြစ်စေတယ်
ဒီပန်းချီကားကိုသာ မဆွဲဖြစ်ခဲ့ရင် ကလေးရှေ့မှာ ကိုယ်အခုလိုရှိနေတော့မှာတောင် မဟုတ်ဘူး
ဒီပန်းချီကိုဆွဲလိုက်မိတော့ ကလေးရှိနေခဲ့တုန်းက ကိုယ် ဘယ်လောက်တောင်ပျော်ခဲ့ရလဲဆိုတာကို အမှတ်ရစေတယ်..ပြီးတော့
ကလေးက မိုးရေစက်တွေလိုပဲ ကိုယ့်ဆီပြန်လာဦးမှာပါဆိုတဲ့ မျှော်လင့်ချက်ကိုလည်းရစေတယ်လေ
အဲ့ဒီ့မျှော်လင့်ချက်ကြောင့်ပဲ ကိုယ်အသက်ရှင်လျှက်ရှိနေနိုင်တာပေါ့"

စကားအဆုံးမှာ လှိုင်းကို ပြုံးပြနေတဲ့ ဦးအပြုံးက ပန်းချီကားထဲကလို အဆုံးစွန်သော ပီတိတွေနဲ့မို့
လှိုင်းဟာ ဦးအတွက် မိုးရေစက်လေးဖြစ်နေခဲ့တာကို  လှိုင်းကိုယ်တိုင် ယုံကြည်သွားရပြီး

"အခုကစပြီး ဦးအနားမှာ အမြဲတမ်းရှိနေပါ့မယ်"

ဦးကိုမော့ကြည့်ကာ ဒုတိယနဲ့ နောက်ဆုံးအနေဖြင့် မပျက်တော့မယ့် ကတိပေးလိုက်မိပေမယ့်

"ပထမတစ်ကြိမ်က ပေးခဲ့တဲ့ကတိကို ပျက်ခဲ့တာအတွက်တော့ ကိုယ်ပေးမယ့် ပြစ်ဒဏ်ရှိတယ်"

ဦးပြန်ပြောလာသော စကားကြောင့် လှိုင်း မျက်လုံးပြူးသွားရပြီး ရှောင်ပြေးဖို့ကြိုးစားလိုက်တော့

"ဒီတစ်ခါတော့ ကလေးထင်တဲ့အတိုင်း ဟုတ်တယ်"

လှိုင်းကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ စကားနဲ့အတူ အနမ်းတွေက

ပြီးပါပြီ
-------------------
ဘလော့ဖ်(blove)
14.8.23/9:21pm

the end






Continue Reading

You'll Also Like

366K 11.5K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1.3M 33.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
232K 26.3K 68
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
671K 35.6K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...