မုန်း၍ဖြင့် မနေရစ်စေလို

By HninnUnDaung

1.3K 13 10

"ရှေးကကြမ္မာငွေ့ကြောင့်" ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ။ ရှင်လူထွက်သစ်၊ဆယ့်သုံးနှစ်က၊ချစ်တ... More

မုန်း၍ဖြင့် မနေရစ်စေလို_(၁)
မုန်း၍ဖြင့် မနေရစ်စေလို_(၂)
မုန်း၍ဖြင့် မနေရစ်စေလို_(၄)
မုန်း၍ဖြင့် မနေရစ်စေလို_(၅)

မုန်း၍ဖြင့် မနေရစ်စေလို_(၃)

107 1 2
By HninnUnDaung

      နာရီကို ငုံ့ကြည့်လိုက်တော့ ည(၁၁)နာရီထိုးနေပြီဖြစ်သည်။တစ်တောလုံး တစ်တောင်လုံး တိတ်ဆိတ်‌ငြိမ်သက်နေကာ ဟိုးအဝေးမှ ဂျီဟောက်သံသဲ့သဲ့ကို မကြာမကြာ ကြားနေရသည်။‌တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ‌အမှောင်ထု၏ တစ်နေရာမှ ခပ်အုပ်အုပ်ထွက်ပေါ်လာတတ်သော ညငှက်အချို့၏ အော်မြည်သံသည် နားနှင့် ဝေးသွားလိုက် နီးလာလိုက်နှင့်။တစ်ခါတစ်ရံ အတော်ဝေးသော တစ်နေရာမှ ခွေးတစ်‌ကောင်၏ ရန်သူအချက်ပေးသံကို လေအတွေ့တွင် ခပ်မှိန်မှိန်ကြားရပြန်သည်။
       အရှေ့အရပ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့သော ပိန်ရှုံ့ရှုံ့‌လမင်းကြီးသည် ၎င်း၏ အားနည်းချိနဲ့လှသော ဝါကျင့်ကျင့်အလင်းဓာတ်မီးကို တောကြီးမျက်မဲထဲတွင် အပြင်းခရီးနှင်‌နေကြသည့် လူသားနှစ်ဦးအတွက် ထွန်းလင်းလျှက်ရှိသည်။တပိုတွဲလ ကုန်လုနီး၍ နွေဦး၏ ပြယုတ်ဖြစ်သော တပေါင်းလဆီသို့ တဖြည်းဖြည်းချင်း ချင်းနင်းဝင်ရောက်နေပြီ ဖြစ်သော်လည်း တပေါင်းလတွင်လည်း 'နေ့ပူ၍ညချမ်းတပေါင်းလသရမ်း' ဟူ‌သော ရှေးစကားပုံက ရှိနေသေး၍ တပိုတွဲလစွန်း၏ ညချမ်းမှာ တောင်လေ‌တဖြူးဖြူး တိုက်ခတ်ရင်း အချမ်းပိုလျှက်ရှိနေသေး၏။
      သို့သော် ထိုခပ်စိမ့်စိမ့်‌ရာသီစက်ဝန်းထဲတွင် အပြင်းခရီးနှင်နေကြသည့် လူသားနှစ်ဦးသည် ချမ်းအေး၍ မနေအားနိုင်ရှာကြပါ။တစ်နှစ်တာ၏ အကောင်းဆုံးရာသီဖြစ်သည့် ဆောင်းကုန်၍ နွေကူးစ၊တပိုတွဲလကုန်လွန်၍ တ‌ပေါင်းကူးစ ညတစ်ည၏အလှ၊ဆောင်းငွေ့နှင့် နွေ၏အငွေ့အသက်တို့ ရောယှက်ဆိုင်းနေသည့် ညတစ်ည၏ သဘာဝကိုလည်း ခံစားစီး‌မြော၍ မနေအားရှာကြပါ။ကိုယ်စီ၏ နဖူး၊ဂျိုင်းနှင့်ကျောကုန်းတို့တွင် ချွေးများစို့နှက်၍ အိုက်စပ်စပ်ကြီးဖြစ်‌နေကာ စိတ်ပျက်စရာ ညတစ်ညဟုပင် မှတ်ယူနေမိကြသေး၏။ 
      ခရီးနှင်နေသူ နှစ်ဦးရှိသည့်အနက်မှ တစ်ဦးသည် ၎င်း၏ ခြေထောက်များက ညောင်းကိုက်လှပြီဖြစ်သော်လည်း အနားပေးခွင့်ရှိ နေသူ အခြားတစ်ဦးကား ၎င်းအမျိုးသမီး၏ အပေါ်တွင် စေတနာထားခြင်းတည်းဟူ‌သော သဒ္ဒါတရားအနည်းငယ်မျှပင် ရှိ‌နေပုံမ‌ရ။သို့ဖြစ်၍ ၎င်းအမျိုးသမီးသည် သူမ၏အသက်နှင့်တူ‌သော ၎င်း၏ခရီးဖော်ဖြစ်သူယောက်ျားကို အရဲကိုး၍လည်း သနားညှာတာပေးရန် မတောင်းဆိုရဲ။‌‌စိတ်အခန့်မသင့်၍ တော်ရာချောက်ကမ်းပါးထဲသို့ ကန်ချထားခံခဲ့ရလျှင် ဒုက္ခများပေရောမည်။ထို့‌ကြောင့် လေထုထဲမှ (၂၁)ရာခိုင်နှုန်းသော အောက်စီဂျင် ဓာတ်ငွေ့ကိုသာ အငမ်းမရ ရှာဖွေရှုရှိုက်ရင်း ခြေလှမ်းများကို ကြိုးစား၍ လှမ်းနေရလေသည်။
       ၎င်းတို့နှစ်ဦးသည် အ‌ကွေ့အကောက် အနိမ့်အမြင့် အတော်များသော်လည်း ပြောင်ယောင်သပ်ယပ်နေသည့် တောလမ်းမကြီးတစ်ခု၏အပေါ်တွင် အချိန်အတန်ကြာအောင် လမ်းလျှောက်နေခဲ့ကြပြီး‌နောက် သစ်ရွက်ခြောက်များနှင့် ထုတက် ပြည့်နှက်နေသည့် တောလမ်းကျည်းကလေးဆီသို့ ကွေ့ဝင်လိုက်ကြသည်။ထိုအခါ တိတ်ဆိတ်သောညသည် သစ်ရွက်ခြောက်များကို နင်းဖြတ်လိုက်သည့် တဂျွမ်းဂျွမ်းမြည်သံတို့ကြောင့် ကြက်တိန်းထဖွယ် သက်ဝင်လှုပ်ရှာလာကြ‌လေသည်။ပြောင်‌ရှင်းသပ်ယပ်သော လမ်းမပေါ်တွင် လမ်းလျှောက်နေရစဉ်ကတည်းက ခြေလှမ်းများ လေးလံနေခဲ့ပြီဖြစ်သောသူမသည် သစ်ရွက်ခြောက်များ၏ အကြားတွင် ခြေချလိုက်ရသည်နှင့် ခြေလှမ်းများက သိသိသာသာပင် ပို၍ နှေးကျသွားသည်။
      သူမသည် မိမိ၏ အနီရောင်အဆင့်အခြေအနေကို တတ်နိုင်သမျှ မေ့ပစ်၍ လမ်းကိုသာ ဂရုတစိုက်ကြည့်၍ ကြိုးကြိုးစားစားလျှောက်နေခဲ့ရာမှ ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးဖြစ်‌အောင် တွေးမိသွားကာ ရင်ထဲမှ လှိုက်ခနဲစို့၍ တက်လာသည်။မျက်‌တောင်ဖျားများတွင် နှင်းမှုန်လား မျက်ရည်လား မသဲကွဲသော အရည်တစ်မျိုးကြောင့် စိုစွတ်လာသည်။သူမသည် နှာတစ်ချက်ကို 'ရှူး'ခနဲရှုံ့လိုက်ကာ အရင်လို လှပခြင်းမရှိတော့သည့် လမင်းကြီးကို စိတ်ပျက်လက်ပျက်နှင့် မော့၍ ကြည့်လိုက်မိ၏။
     
      "အမလေး.."

      သူမသည် ဂမူလေးတစ်ခုကို တက်လိုက်ရာတွင် သစ်ရွက်ခြောက်များ၏ အောက်တွင် ပုန်းခိုနေကြသည့် ကျောက်ခဲပြုပ်အတိုအစများကို တက်နင်းမိသွားသဖြင့် ချော်လဲ၍ ရှေ့သို့ ဟတ်ထိုးလဲကျသွားခြင်းဖြစ်သည်။
     
      "ဘာဖြစ်တာလဲ"
     
      အသံနှင့်အတူ ကြည်လင်တောက်ပ‌သောဓာတ်မီး၏ အလင်းရောင်သည် သူမရှိရာသို့ လက်ခနဲ ရောက်၍ လာလေသည်။သို့သော် ရုပ်ရည်ချောမောလှပသော်လည်း အကြင်နာတရား ခေါင်းပါးလွန်းသော သူတစ်ဦးသည် သူမအား တစ်စုံတစ်ရာ အကူအညီပေးရန် စိတ်ကူးရှိပုံ မရသေးဘဲ 'ဘာဖြစ်တာလဲ' ဟု ဘောက်ဆတ်ဆတ်နှင့် မေး၍ သူမ၏မျက်နှာကို ဓာတ်မီးနှင့် လှမ်းထိုးကာ ကြည့်၍သာ နေလေသည်။သူမသည် ရှေ့သို့ လက်နှစ်ဖက်ထောက်လျှက် လဲကျနေရာမှ ကုန်းထ၍ သစ်ရွက်ခြောက်များပေါ်တွင် ပယ်ပယ် နယ်နယ် ထိုင်ချလိုက်ကာ မျက်နှာပေါ်တွင် ကျရောက်နေသည့် ဓာတ်မီး၏ အလင်းရောင်ကို လက်တစ်ဖက်နှင့် ကာထားလိုက်သည်။ထို့နောက် သက်ပြင်းရှည်တစ်ခုကို ချလိုက်ကာ သူ့အားကြည့်လိုက်သည်။
       လတ်နှင့်သူ၏ ကြားအကွာအဝေးသည် ဆယ်ရှစ်‌တောင်၊ဆယ့်ကိုး‌တောင်ခန့်လောက်တော့ရှိမည် ထင်သည်။စထွက်ခဲ့သည့် အချိန်မှစ၍ သူသည် ဓာတ်မီးကိုကိုင်ကာ ရှေ့ကနေ ခြေလှမ်းကျဲကြီးများနှင့် အတင်းသွားသည်။သူ၏စိတ်ထဲတွင် အ‌နောက်တွင် ကျန်နေရစ်သည့် လတ်အား ဘယ်လိုနေနေ ဂရုမစိုက်ဟု ဆုံးဖြတ်ထားပုံရသည်။သူ၏အနောက်တွင် လတ်ပါခဲ့၏ မပါခဲ့၏ကိုလည်း စိတ်ဝင်စားပုံမကျ။တစ်စုံတစ်ရာ စုံစမ်းခြင်းလည်း မရှိ။‌လတ်သည် ၎င်းလူသားအတွက် မည်သို့သော အဓိပ္ပါယ်ဆိုးမျိုးပင် ရှိနေပါစေအုန်း‌တော့။လူသားဆန်သော လူတိုင်း၏ စိတ်ထဲတွင် ရှိရမည့် 'မိန်းကလေးတစ်ယောက်တည်း မှောင်ကြီးမဲမဲထဲမှာ လမ်းလျှောက်နေရတာ အဆင်မှ ပြေပါ့မလား'ဟူသည့် လူကြီး လူကောင်းဆန်သည့် အတွေးမျိုးလည်း မရှိဘူး ထင်၏။လတ်သည် စာသင်သောဆရာမတစ်ယောက်သာဖြစ်သည်။‌ဖောင်တိန်ရယ်၊မာကာပင်ရယ်၊စာအုပ်ရယ်၊ကျောင်းသူကျောင်းသားရယ်ပဲသိသည့် ဘုရားစူး ဆရာမဖြစ်သည်။အ‌မှောင်မကြောက်၊ကင်းမကြောက်၊မြွေမကြောက်နှင့်ဖြစ်‌နေရအောင် လတ်သည် ဘော့ပင်တစ်ချောင်းနှင့် လူလိုက်သတ်နေသည့် ဘီလူးမ ဒေါ်ရင့်‌ထော်ထွားလည်းမဟုတ်။လတ်ဘက်သို့ တစ်ချက်တလေလေးတော့ ဓာတ်မီး‌နှင့် ထိုးပြဖို့ကောင်းသည်။သို့သော် အကိုကြီးက သူ့လမ်းသူသာ အသေအချာမီးထိုး၍ သွားပြီး လတ်ကိုတော့ ကင်းကိုက်ကိုက်၊မြွေလိမ်လိမ်ဟု သဘောမှတ်ပြီး ပစ်ထားလေ၏။
      ထိုသို့ ဥပက္ခာတရားကို ပြတ်ပြတ်သားသားကြီး ကျင့်ကြံနေခဲ့ပြီးမှ ယခုကဲ့သို့ သူမအား နောက်လှည့်၍ မေးဖော်ရသည့်အတွက်သူမသည် 'ဪ အနောက်မှာ ငါရှိနေသေးတယ်ဆိုတာတော့ သိသေးတာပဲ'ဟု အံဩစွာ နှင့်ပင် ကျေးဇူးတင်ရလေတော့၏။"အခုလို မေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ အကိုရယ်"ဟု ငေါ့၍ ပြောပစ်လိုက်ချင်သော််လည်း ထိုသို့ ပြောလိုက်ခြင်းမှ ကောင်းကျိုးရလာနိုင်ဖွယ် မမြင်သဖြင့် ထိုငေါ့ချင်ထေ့ချင်လှသောစိတ်ကို အတင်းမျိုသိပ်၍ ထားလိုက်ရ၏။သူသည်လတ်ကိုကြည့်၍ စိတ်မရှည်သည့် သက်ပြင်းတစ်ခုကိုချနေလိမ့်မည်ဆိုသည်ကို လတ်သည် သူ၏မျက်နှာကိုမမြင်ရပါပဲ အတတ်သိနေလေသည်။သူသည် လတ်အား ဓာတ်မီးနှင့် လှမ်းထိုး၍ စက္ကန့်ပိုင်းမျှကြာအောင် ကြည့်နေခဲ့ပြီးနောက် လတ်ရှိရာသို့ ခြေလှမ်းကျဲကြီးများနှင့် ခပ်သုတ်သုတ် လျှောက်လာ၏။
     
      ထို့နောက်
     
      "လမ်းလျှောက်နိုင်သေးတယ်မို့လား"ဟု အသံပြတ်နှင့် မေးလေတော့၏။
     
      "ဟို...ဟိုဒင်း လျှောက်တော့ လျှောက်နိုင်ပါသေးတယ်။ဒါပေမယ့်လေ.."

      သူမသည် သူ၏မျက်နှာကို မော့၍ မကြည့်ဘဲ ခေါင်းကို ငုံ့ကာ အတတ်နိုင်ဆုံး အသံကိုနှိမ့်၍ ညှိုးငယ်စွာပြောလိုက်သည်။‌ မိန်းမတို့၏မွေးရာပါလက်နက်တစ်ခုဖြစ်သည့် မာယာများခြင်းအတတ်ကို သူ့အပေါ်တွင် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။အသံ၏ စွဲမက်ဖွယ်ဖြစ်ခြင်းကို ခုခံနိုင်သော ဖိုသတ္တဝါဟူ၍ မရှိဟု ကြားခဲ့ဖူးသည်။ချွဲတတ်၊နွဲ့တတ်၊မူတတ်၊ခရာတတ်သော မိန်းမတို့၏ ခြေရင်းတွင် ကျားသတ္တဝါတို့ ဝပ်ဆင်းကြရကြောင်းကို ဥပမာ ဥပမေယျများစွာဖြင့်လည်းကြားခဲ့ဖူး၏။သို့ဖြစ်၍ သူမသည် ပထမအဆင့်ခြေလှမ်းတစ်လှမ်းကို ခွန်အားကုန်သုံး၍ လှမ်းလိုက်ခြင်းဖြစ်သည်။ဒုတိယအဆင့်အနေဖြင့်သနားစဖွယ် မျက်လုံးရွဲကြီးများဖြင့် ကြည့်ရန် ဖြစ်လေသည်။သူမသည် မျက်မှန်ကို အသာပင့်၍ မျက်လုံးများကို အစမတန် ပြူးကျယ်ထားလိုက်ကာ လေထုနှင့် မျက်လုံးသားများကို ထိတွေ့စေလိုက်သည်။ဤသို့ လုပ်ခြင်းဖြင့် မျက်လုံးအိမ်များအတွင်းသို့ မျက်ရည်စအနည်းငယ် ရောက်လာပေလိမ့်မည်။

       "သည်လိုဆို ဆက်လျှောက်ကြတာပေါ့"

       သူ၏ စကားကြောင့် သူမသည် သူ၏မျက်နှာကို ပြာပြာသလဲ မော့ကာ ကြည့်လိုက်သည်။

       "ဟင်..ရှင်...ဟိုဥစ္စာလေ...လတ်က.."
         
        သူက လတ်၏ ဆင်ခြေဆင်လက်စကားများကို ဆက်၍ ကြားလို‌သောဆန္ဒမရှိသဖြင့် အမျှင်တန်းနေသည့် စကားလုံးများကို တိခနဲဖြတ်ချလိုက်ကာ ရှေ့သို့ဆက်သွားရန် ပြင်တော့သည်။

        "ဟို..ဟိုဟာလေ... "

        သူက သူမကို အပြည့်အဝလစ်လျှူရှုလိုက်ကာ နေရာမှ ခြေလှမ်းကျဲကြီးများနှင့် လှည့်ထွက်သွား‌တော့သည်။သူမ၏ မာယာများကိုတော့ ထုတ်သုံးခွင့်မရလိုက်။သူက ရှေ့သို့ ခြေလှမ်းများကို အစီအရီလှမ်းနေပြီဖြစ်သည်။သူမသည် 'ရှက်စရာကောင်းလိုက်တာ'ဟု တွေးလိုက်ကာ မိမိ၏ နှုတ်ခမ်းများကို ခပ်ဆတ်ဆတ်ကလေးရိုက်လိုက်သည်။ထို့နောက် သစ်ရွက်ခြောက်များကြားမှ လူးလဲ၍ ထရပ်လိုက်၏။
        မတ်တပ်ရပ်လိုက်သည့်အခါမှ ညာဘက်ခြေမျက်စိထဲမှ အနည်းငယ် နာ‌နေသည်ကို သတိထားမိတော့သည်။ခြေလှမ်း လေးငါး ဆယ်လှမ်းခန့် လှမ်းပြီးသောအ‌ခါ နာကျင်မှုက ပို၍ပင် ဆိုးလာသည်။ခြေထောက်လိုက်တိုင်း မျက်ခနဲ မျက်ခနဲ နာသည့် ခံစားချက်က သွေးကြောတစ်လျှောက်လုံး ပတ်နေသည်ဟုပင်ခံစားရသည်။သူ့ကို လှမ်းအော်လိုက်ရမလားဟု စိတ်ကူးမိသေးသော်လည်း ပါးစပ်က အလိုလိုပင် အ,နေသည်။မတော်၍ "အတော်အလုပ်ရှုပ်သည့်မိန်းမ"ဟု စိတ်ပေါက်သွားပြီး လည်ပင်းညှစ်သတ်ထားခဲ့လျှင် ဒုက္ခ။သူက ရှေ့သို့သာ အတင်းသွားနေ၍ လတ်ကို ဂရုမစိုက်။လတ်နှင့် သူသည် ဝါးနှစ်ပြန်လောက်အထိ ထပ်ဝေးသွားခဲ့ပြန်ပြီ ဖြစ်သည်။‌သူမသည် ထော့ချိုက်ထော့ချိုက်နှင့် သူ၏ နောက်သို့ အတင်းပြေးလိုက်နေမိသည်။
      
       "ဒီမယ်...လတ်ကို စောင့်ပါအုန်း၊လတ် ဘာမှမမြင်ရတော့ဘူး"
      
       လတ်သည် နေခင်းကြောင်တောင်မှာတောင် ပါဝါ တစ်ရာနီးပါးရှိသည့်မျက်မှန်နဲ့မှ သေသေချာချာမြင်ရသည်။ယခုမူ.....
         သူက ကုန်းထိပ်လေးတစ်ခုပေါ်သို့ရောက်‌တော့မှ လတ်ရှိရာသို့ ဓာတ်မီးနှင့်ထိုးပြရင်း လတ်ကိုစောင့်သည်။သူနှင့်အဝေးကြီးမှာကျန်ရစ်သည့်လတ်ကို မျက်ခုံးများတွန့်သည်အထိ အလိုမကျစွာ ကြည့်နေမည်ဆိုတာကို မမြင်ရဘဲနှင့်ပင် သိနေသည်။တော်တော်ကြာအောင် ကြိုးစားပမ်းစား လျှောက်လိုက်မှ သူ့အနီးသို့ရောက်တော့သည်။
      
       "ခင်ဗျား ကျွန်တော့်နောက်ကနေ မြန်မြန်လိုက်လို့မရဘူးလား၊ဒီအတိုင်းသွား‌နေရင် ညနက်မှရောက်တော့မှာ"
      
       လတ်သည် သူ့အား မလိုတမာမျက်လုံးများနှင့် စိုက်ကြည့်လိုက်ပြီး"ညနက်မှာ စိုးရိမ်နေတာများ ဘာလို့ ညကြီးမှ သွားရတာလည်း အကိုရဲ့"ဟု စိတ်ထဲက‌နေ ငေါ့ပြီးပြောလိုက်သည်။အပြင်ကိုတော့ ‌ထုတ်၍ မပြောရဲပါ။ပြောရဲလျှင်လည်း မပြောအားပါ။အဘယ့်ကြောင့်ဆို‌သော် သူမ၏ ပါးစပ်တစ်ခုလုံးသည် အဆုတ်ကို လုံလောက်သောလေပေးနိုင်ရန်အတွက် လေရှုရင်း အလုပ်ရှုတ်နေကြသောကြောင့်ဖြစ်လေသည်။သူက သူမ သူ့အနီးရောက်သည်နှင့် သွားဖို့ရန်ပြင်သည်။
      
       "နေပါအုန်း၊လတ်တို့လမ်းလျှောက်တာ တစ်နာရီလောက်တောင်ကြာနေပြီပဲဟာ ခဏလောက် နားကြအုန်းစို့လား"
      
       "မနားနဲ့တော့"
      
        သူ၏စကားကြောင့် ခုဏက အတင်းမြှိချထားခဲ့သော လတ်၏ဒေါသများသည် ထောင်းခနဲ ပြန်လည်၍အုံကြွလာကြသည်။နှလုံးခုန်သံသည် တဒိတ်ဒိတ်အခုန်မြန်လာကာ လေပူများသည် နှာသီးဖျားမှတစ်ဆင့် အဆုတ်တွင်းသို့ လျှင်မြန်စွာ အဝင်အထွက်ပြုလာကြ၏။စိတ်ရှိတိုင်းသာ ကျူးလွန်ခွင့်ရမည်ဆိုလျှင် သူ၏ မျက်နှာနှင့် တစ်ကိုယ်လုံးကို ကုတ်ဖဲ့ပစ်လိုက်ချင်လှသည်။သူမ၏ မျက်နှာတစ်ခုလုံးသည် ဒေါသကြောင့် နီရဲညိုပုပ်နေမည်ဆိုသည်ကို အလင်းရောင်သာရှိလျှင် ထိုသူတစ်ယောက် မြင်ရပေလိမ့်မည်။     
       "မဟုတ်သေးပါဘူး မောင်လေးရဲ့။အမက ဘယ်လောက်ပဲ မင်းတို့ရဲ့အကျည်းသားဆိုဆို အကျည်းသားမှာလည်း အကျည်းသားအခွင့်အရေးရှိတယ်လေ။အကျည်းသားဆိုတိုင်း မတရားသဖြင့် အနိုင်ကျင့်လို့ရတယ်တဲ့လား။အမက မင်းတို့နောက် မလိုက်နိုင်ဘူး၊မသွားဘူးငြင်းနေတာလည်းမဟုတ်ဘူးလေ။ထွက်လာခဲ့တဲ့ အချိန်ကိုပဲ ကြည့်အုန်း။နည်းနည်းလောက်တော့ အနားပေးရအုန်းမယ်မလား။မင်း အမျိုးသမီးတစ်‌ယောက်အပေါ် ဆက်ဆံနေတဲ့ပုံစံက အရမ်းလွန်တယ်မထင်ဘူးလား"
      
        "ကျွန်တော် ခင်ဗျားကို ပြောပြီးပြီလေ ညအရမ်းနက်...."
       
    "အဲ့တာကြောင့်ပြောတာ။ညနက်မှာစိုးရိမ်နေတဲ့လူက ဘာဖြစ်လို့ ညကြီးမှာ သွားနေရတာလဲလို့"
       
        လတ်၏ အသံသည် အနည်းငယ်စူး၍ အဖျားတွင် ကျယ်သွားသည်။သူက ဘာမျှမပြောနိုင်ဘဲ အဆူခံထိသော ကလေးငယ်တစ်ယောက်ကဲ့သို့ လတ်ကိုသာ ကြောင်၍ ကြည့်နေသည်။လတ်၏အသံမှာ ဆေးလိပ်သောက်သည်ဟု သတင်းရထားသော ကျောင်းသားတစ်ယောက်ကို စစ်မေးနေရသည့် ဆရာမတစ်ယောက်၏ လေသံမျိုးဖြစ်နေ၏။သူ့ဆီမှတုန့်ပြန်သည့် ဘာစကားသံမျှ ပြန်မကြားရ။
         သူမနှင့်သူ၏ အကြားတွင် အတန်ကြာအောင် တိတ်ဆိတ်၍ နေ၏။တောကြီးတစ်ခုလုံးသည်ပင် သူနှင့်သူမတို့နှစ်ဦးအကြားတွင် ဘာ‌တွေဆက်ဖြစ်ကြအုန်းမည်ကို သိလိုဟန်ဖြင့် တိတ်ဆိတ်စွာ စောင့်စား၍ အကဲခတ်နေ‌၏။ထိုအခိုက် လေစိမ်းတစ်ချက်သည် လရောင်အနည်းငယ်သာ ဖျန်းပက်ထားသည့် မှောင်မှောင်မည်းမည်းပတ်ဝန်းကျင်တွင် တဗျန်းဗျန်းမြည်သံပေးလျှက် တိုက်ခတ်လိုက်ကာ ပင်မြင့်များထက်မှ ဟောင်းနွမ်းနေသည့် ရွက်ဝါများကို အတင်းခြွေချပစ်လိုက်သည်။ထို့နောက် သူမ၏ ဖရိုဖရဲဖြစ်နေသည့် ဆံနွယ်များကို ပို၍ ဖရိုဖရဲဖြစ်သွားစေရန် တိုက်ခတ်ပစ်ပြန်သည်။‌လေသည် ဤမျှနှင့် အားရပုံကျေနပ်ပုံ မရသေး။နောက်တစ်ဖန် ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်ကာ သူမ၏ မျက်နှာ တစ်ပြင်လုံးကို အတင်းတိုးဝှေ့လျှက် တစ်စုံတစ်ရာကို သူမအား အချက်ပြလိုက်၏။
       'ဘုရားရေ..ငါဘာတွေပြောနေမိပါလိမ့်'။ သူမသည် အတွေးနှင့်အတူ ထိတ်ခနဲဖြစ်သွားကာ ခြေဖျားလက်ဖျားများသည် ရုတ်ချည်အေးစက်သွားကြ၏။ခုဏက ငယ်ထိပ်အထိ တက်ဆောင့်နေကြသည့် ဒေါသမီးခဲများသည် ရေများများနှင့် အလောင်းခံလိုက်ရသည်နှယ် အေးစက်လျော့ကျသွားကြသည်။တစ်ဆက်တည်းမှာပင် ဟိုနေရာ ဒီနေရာအနှံ့မှ ချွေးစေးများပျံလာကြသည်။အသက်ရှုသံမြန်နေရာမှ ရုတ်တရက် အသက်ရှုကျပ်လာသလို ခံစားလာရ၏။
     သူမသည် ဘာမှမဖြစ်သလို ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ကိုကျော်၍ ရှေ့မှသွားလိုက်၏။'လတ်'ဟု သုံးနေကျ‌ နာမ်စားနေရာတွင် 'အမက'ဟု ဘာကြောင့် သုံးလိုက်မိသလဲဆိုတာကို လတ်ကိုယ်တိုင်လည်း နားမလည်။သူက လတ်ထက် ပို၍ ငယ်ပုံရသည့်အတွက် 'မောင်လေး'ဟူသော နာမ်စားကို နှစ်လိုစွာသုံးရန် ဦးနှောက်လှိုင်းက အချက်ပြလိုက်သည်ဟုပဲ ထင်ပါသည်။ကိုယ့်အပြစ်နှင့်ကိုယ် သူ၏ရှေ့မှ‌ ခြေလှမ်းလေးငါးလှမ်းခန့် ခပ်သုတ်သုတ် လျှောက်သွားလိုက်ပြီးနောက် ခြေထောက်ထဲမှ မျက်ခနဲ ဖြစ်သွားသဖြင့် လူက ခွေခနဲ ယိုင်ကျသွားသည်။
       
        "အမေ့"
       
        သူက လတ်၏အနားသို့ ဖျတ်ကနဲရောက်လာကာ ခြေထောက်ကို ဓာတ်မီးနှင့်ထိုးကြည့်သည်။ရိုမန့်တစ်ဇာတ်လမ်းတွဲများထဲမှ မင်းသား၊မင်းသမီးများ ပြုလုပ်ကြသကဲ့သို့ သူသည် လတ်၏ပုခုံးလေးကို ကိုင်ပေးထားလိုက်တာမျိုး ပွေ့ချီထားလိုက်တာမျိုး မပြုလုပ်ပဲ အလွန်သမာဓိကောင်းသောယောက်ျားထူးဘွဲ့ကိုသာ မက်မောစွာခံယူလေသည်။မင်းသမီးကလေး 'လတ်'မှာသာ အမှောင်ထဲတွင် ရုပ်ပျက်ဆင်းပျက်၊ကုန်းကုန်းကွကွနှင့်။
       
        "ခင်ဗျားခြေထောက် တော်တော်နာနေတာလား"
       
        လတ်သည် သူမေးတာကို မဖြေဘဲ သူ့မျက်နှာကိုသာ ရှုံ့မဲ့၍ ကြည့်နေမိသည်။သူက လတ်၏ မျက်နှာကို ခေတ္တမျှ စိုက်၍ ကြည့်လိုက်ပြီးနောက် လတ်၏ ခြေထောက်များကိုဓာတ်မီးနှင့် အသေအချာထိုးကြည့်လိုက်သည်။      
       
        "ခြေကျင်းဝတ် လည်သွားတာထင်တယ်၊ခ‌ဗျားဖိနပ်ကို ချွတ်လိုက်ပါလား"
       
        လတ်သည် ဖိနပ်ကြိုးများကို တစ်ခုချင်းဖြေချလိုက်သည်။သူမ၏ လက်များသည် ညောင်းညာကိုက်ခဲလွန်းလှသဖြင့် ဖိနပ်ကြိုးဖြေနေရသည်ကိုပင် ပင်ပန်းလှသည်ဟု ထင်နေမိသည်။ထန်တလန်မှ ထွက်ခွာရန်ပြင်ဆင်ခဲ့စဥ်က ဘွတ်ဖိနပ်စီးရန် ရွေးချယ်ခဲ့သည့် မိမိကိုယ်ကိုပင် ကျေးဇူးတင်မိသည်။သို့မဟုတ်လျှင် ဤလမ်းတွင် သူမတစ်ယောက် မည်မျှဒုက္ခရောက်၍‌နေမည်ဆိုသည်မှာ ဆိုဖွယ်ရာပင်မရှိ။
       
    "နည်းနည်း ရောင်နေတယ်ထင်တယ်"
        
     သူက လတ်၏ ခြေထောက်ကို ကိုင်ကာ ဟိုလှည့်ဒီလှည့် လှည့်၍ကြည့်သည်။တကယ်‌ တော့ သူမ၏ခြေထောက်သည် နည်းနည်းကလေး ရောင်နေတာမဟုတ်။တော်တော်ကြီးကို ဖောင်းကား၍ ရောင်ကိုင်းနေခြင်းဖြစ်သည်။‌ရောင်နေတာမှ ခြေမျက်စိတောင်  ဘယ်နားရှိနေမှန်း မမြင်ရတော့။မနေ့ကအထိ အင်မတန်သတ္တိဗျတ္တိနှင့် ပြည့်စုံကြွယ်ဝနေခဲ့သော လတ်တစ်‌ယောက်သည် ယောက်ျားချောချောကလေးတစ်ယောက်၏ရှေ့တွင် ကနွဲ့ကလျနှင့်နုညံ့ပြချင်နေ၍ပဲလား မပြောတတ်။မျက်လုံးအိမ်များအတွင်းမှ မျက်ရည်များသည် ခြေခုံပေါ်သို့ သူမ၏ ခွင့်ပြုချက်မရဘဲ တစ်ပေါက်ပြီးတစ်ပေါက် လိမ့်၍ကျလာလေတော့သည်။ထိုမျက်ရည်စက်များသည် ခြေမျက်စိဒဏ်ရာရသွားသဖြင့် နာကျင်လှ၍ ကျလာခြင်းလည်း မဟုတ်။ပီဒီအဖ်များထံတွင် အဖမ်းခံရ၍လည်း မဟုတ်။မိဘများနှင့် မတွေ့နိုင်တော့ဘူးပဲဟု ဝမ်းနည်းစိတ်ဝင်မိ၍ လည်း မဟုတ်။သည်အတိုင်း အုတ်ရောရော ကျောက်ရောရောနှင့် မူရာမာယာများစွာ ကျလာခြင်းသာဖြစ်သည်ကို သူမ၏ နက်ရှိုင်းလှသော အတွင်းစိတ်တစ်နေရာတွင် ဖော်ပြလျှက်ရှိလေသည်။
      လူငယ်သည် ငို‌နေသည့် အမျိုးသမီးကို တစ်စုံတစ်ရာ နှစ်သိမ့်ပြောဆိုခြင်းမပြုဘဲ မျက်မှောင်ကုပ်၍သာ ကြည့်‌နေလေသည်။ထို့နောက် ထိုင်နေရာမှ ထရပ်လိုက်ပြီး တောတောင်ဝန်းကျင်ကို ဟိုဟိုဒီဒီကြည့်ကာ စူးစမ်းလိုက်သည်။တစ်ချိန်က ရွှန်းစိုလှပခဲ့သော ကိုရွှေလမင်းသည် ယခုအခါ အဘိုးအိုကြီးတစ်‌ယောက်ကဲ့သို့ မှုန်သုန်ရှုံ့တွနေလျှက် အနောက်အရပ်သို့ လေးသွဲ့သော ခြေလှမ်းများနှင့် ခရီးနှင်နေရင်း အိပ်စက်အနားယူရန် ကြံစည်လျှက်ရှိသည်။တောကြီးမျက်မဲထဲတွင် ရှိနေသည့် လူသားနှစ်ဦးကို ကြာရှည်စွာ အဖော်ပြုနေပေးရန် အလွန်အမင်း စိတ်ပါပုံမရတော့။
         ဤသစ်တောသည် မြန်မာပြည်တွင် သစ်တောထူထပ်မှု အမြင့်မားဆုံးများထဲတွင် တစ်ခုအဖြစ် ရပ်တည်နေသည့် မဟာမြိုင်တိရစ္ဆာန် ဘေးမဲ့တောဥယျာဥ်ကြီးဖြစ်သည်။ဤ‌တော၏နေရာတိုင်းတွင် မည်သည့်အရာမဆို ရှိနေနိုင်သည်။ကျားသစ်၊ကျားနှင့်ခြ‌‌င်္သေ့ကဲ့သို့‌သော အမဲလိုက်ကျွမ်းကျင်လွန်းသည့်  သားရဲမုဆိုးများလည်း ရှိ‌နေနိုင်သည်။တောမီးလောင်သော ရာသီဖြစ်၍ တစ်နေရာတည်းတွင် အငြိမ်မနေဘဲတောမီးနှင့်လွတ်ရာသို့ အုပ်စုဖွဲ့‌သွားလာ‌နေတတ်သည့် ဆင်ရိုင်းအုပ်များလည်း ရှိရင်ရှိမည်။‌တောဝက်ရိုင်းများလည်း ရှိရင်ရှိမည်။ထိုသို့‌သော အမှောင်ထဲမှ မျက်လုံးများ၏အကြံအစည်ကို လူသားနှစ်ဦးသည် အလုံစုံမြင်သိနိုင်ရန် စွမ်းသာမည်မဟုတ်ချေ။ထို့အပြင် ရန်သူ၏ အခြေအနေကလည် ရှိနေသေးသည် မဟုတ်ပါလား။
        
         "ခင်ဗျား ငိုလို့ဝပြီဆိုရင် ထတော့။ဒီအ
နားမှာတော့ နားလို့မဖြစ်ဘူး။ကျွန်‌တော်တို့ ဆက်သွားအုန်းမှဖြစ်မယ်။ပြီး‌တော့ ခင်ဗျားခြေထောက်ကလည်း ပြောသလောက်ကြီး အခြေအနေ သိပ်မဆိုးသေးပါဘူး။"
              
        လတ်သည် သူ၏ မျက်နှာကို ဖျတ်ကနဲမော့ကြည့်လိုက်သည်။သူ့ခြေထောက်လည်း မဟုတ်ဘဲ ဘာကြောင့်များ သိပ်အခြေအနေမဆိုးသေးပါဘူးဟူသောစကားကို လွယ်လွယ်နှင့် ပြောထွက်နိုင်ရပါသနည်း။လတ်သည် သူ၏လက်မောင်း သို့မဟုတ် လက်ဖျံတစ်ခုခုကို စိတ်ရှိအားကုန်သာ ကိုက်ဖြတ်ပစ်လိုက်ချင်သည်။သို့‌သော်...

       လတ်သည် ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ပြီး
       
       "နားလည်း မနားပါဘူး၊လတ် ဆက်သွားမှာပါ"ဟု ရှိုက်သံများစွတ်‌နေသော်လည်း ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
       
        "ဒီလိုဆိုရင်တော့ သိပ်ကောင်းတာပေါ့။ခင်ဗျား အခုလို ကျွန်‌တော်ပြောတဲ့ အဓိပ္ပါယ်ကို သဘောပေါက်တဲ့အတွက် တကယ်ဝမ်းသာပါတယ်"
  
        သူသည် လတ်၏ စကားကြောင့် အမှန်တကယ်ပင် ဝမ်းသာသွားပုံရကာ

     "ခဏ‌လေးဖြစ်ဖြစ် နားချင်ရင်တော့ ဟိုးအရှေ့..."
       
     "ရပါတယ်၊နားဖို့ မလိုပါဘူး။ရှင်တို့စခန်းကိုပဲ ရောက်အောင် သွားကြတာပေါ့။ဒီလမ်းအတိုင်းပဲ ဆက်သွားရမှာမဟုတ်လား"
    
      လတ်သည် ပြောပြီးသည်နှင့် သူ့ကို ကျော်တက်၍ ရှေ့သို့ ဦးတည်လိုက်သည်။

      "ဖြစ်ပါ့မလား။ပြီးမှ ကျွန်တော်က ခင်ဗျားကို အနိုင်ကျင့်တာတွေ..."

       "အို...ရပါတယ်လို့ဆိုနေ"

       ခြေကျင်းဝက်လည်သွားယုံသာမက ခြေထောက်တစ်ချောင်းလုံး ဖြတ်လိုက်ရတော့ရော ဘာအရေးရှိသနည်း။သွားမည်။‌‌မနားဘဲနှင့် ရောက်အောင်ကို သွားပြလိုက်အုန်းမည်။‌နေခြည်လင်းလင်းလတ်ဟူသော မိန်းမသည် မည်မျှအကြောတင်းကြောင်း ပြလိုက်ရအုန်းမည်။အ‌ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ညာဘက် ခြေမျက်စိထဲမှ ဖြစ်ပေါ်လာသည့် တစ်စက်စက် နာကျင်မှုသည် ရင်ထဲမှ တလိပ်လိပ်တက်လာနေသည့် နာကျည်းမှုဒေါသကို အဘယ်မှာ အနိုင်ယူနိုင်လိမ့်မည်နည်း။
       သစ်ရွက်ခြောက်များပေါ်တွင် တကျွမ်းကျွမ်းနင်းဖြတ်သွားနေကြသည့် အသံများကလွဲ၍ အခြားသောအသံမကြားရသည့် တောတွင်း၏ တစ်နေရာတွင် လက်သီးကိုဆုပ်၊အံကိုကြိတ်လျှက် နှုတ်ခမ်းကို ပြတ်ထွက်လုမတတ်ကိုက်ကာ ခြေထောက်တစ်ဖက်ကို ဆ၍ဆ၍ လမ်းလျှောက်နေရသော မိန်းမတစ်ယောက်သည် 'အလွန်တရာမြင့်မြတ်လှသည့် ဘုရားဆုပန်တစ်ဦးနှင့် လမ်းအတူတွဲလျှောက်နေရပါသည်ကော'ဟု တွေး‌တွေးပြီး ဒေါသငယ်ထိပ်တက်လျှက် ရှိလေသည်။
        
                       *  *  *  *  *  *  *

         "အလေးပြု"
        
         အမှောင်ထဲမှ ညီညီညာညာ ထွက်‌ပေါ်လာသည့် အသံကြောင့် လန့်ဖျတ်သွားကာ လတ်၏ မောလျနေသည့်ခန္ဓာကိုယ်သည် ကြက်သေတစ်ကောင်ကဲ့သို့ တောင့်ခနဲဖြစ်သွားသည်။အမှောင်ထဲတွင် သွားနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၍ မျက်စိမှာ အနည်းငယ်ကျင့်သားရနေပြီဖြစ်သော်လည်း ကိုယ့်အပူနှင့်ကိုယ်မို့ လူနှစ်ယောက်ရပ်နေသည်ကို သတိမထားမိခဲ့ချေ။လတ်သည် လူငယ်အနီးသို့ ကတမ်းကမန်း တိုးကပ်လိုက်ပြီး မျက်နှာကိုငုံ့ကာ ထိုလူငယ်၏ နောက်ကျောတွင် ကွယ်လိုက်သည်။ကာကွယ်ရေးတပ်သားများဖြစ်ဟန်တူသည့် လူနှစ်ယောက်သည် သေနပ်ကိုယ်စီလွယ်၍ လတ်ကိုခေါ်လာသည့် လူငယ်ကို အလေးပြုလျှက်ရှိလေသည်။မှောင်နေသည့်အတွက် လူနှစ်ယောက်ဆိုတာကိုသာ မြင်ရပြီး ဖြူသည်၊မဲသည်၊ငယ်သေးသည်၊အိုနေပြီ ဆိုတာကိုတော့ မသဲကွဲလှ။
        
         "နေမြဲပါ ရဲဘော်တို့"
        
         လတ်၏လူက ထိုလူနှစ်ယောက်ကို ပြန်လည်အလေးပြုကာ 'အခြေအနေ ဘာများထူးသေးသသလဲ'ဟု တစ်ဆက်တည်း မေးလိုက်လေသည်။
        
         "ဘာမျှတော့ မထူးပါဘူး ဗိုလ်မှူး၊အကျည်းသားပါလာတဲ့အတွက် ညတွင်းချင်းပဲ ဗိုလ်မှူး ပြန်လာမယ်လို့ သတင်းလှမ်းပေးထားလို့ ကျွန်တော်တို့ စောင့်နေတာပါ။"
        
         "ကောင်းပါပြီ၊ တာဝန်ကျေလိုက်ကြပါအုန်းဗျာ"
        
         လတ်၏လူက ထိုတပ်သားနှစ်ယောက်ကို အလေးပြုကာ နှုတ်ဆက်လိုက်သည်။ထိုလူနှစ်ယောက်ကတော့ အလေးပြုလျှက် ထိုနေရာမှာသာ ကျန်ရစ်ခဲ့သည်။လတ်သည်လည်း လူငယ်၏နောက်မှ ခေါင်းငုံ့၍ အသာလိုက်ခဲ့သည်။
       လူငယ်သည် အဘယ်ကြောင့် ဒဏ်ရာရနေသည့် မိန်းမပျိုလေးကို လျစ်လျှူရှုလျှက်ညကြီးမင်းကြီး ခရီးအပြင်းနှင်နေရပါသနည်းဟု နားမလည် ဒေါသဖြစ်နေခဲ့ရာ ယခုမှသာ သဘောပေါက်တော့သည်။နေ့ခင်းဘက်တွင် ခရီးနှင်ပါက လတ်သည် ၎င်းတို့၏ တပ်စခန်းသို့ သွားရာလမ်း၏အနေအထားကို မှတ်မိကောင်းမှတ်မိသွားနိုင်သည်။ထိုအခါ ကြိုမပြောနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ ရောက်ရှိလာနိုင်သည်။ထို့ကြောင့်လည်း လတ်ကို ‌ညဘက်ကြီး အတင်းခေါ်လာရခြင်း ဖြစ်ဟန်တူလေသည်။'သူမို့ ကြံကြံဖန်ဖန် တွေးတတ်လေတယ်'ဟု စိတ်အတွင်းမှ ရေရွက်ကာ ရယ်ချင်သွားသည်။
       အကယ်၍ လတ်သည် လမ်းကို မှတ်မိသွားပြီး သည်နေရာမှ လွတ်သွားပြီပဲ ထားလိုက်ပါအုန်း။သည့်နောက် စစ်တပ်ကို သတင်းသွားပေးလိုက်ပါပြီတဲ့။စစ်တပ်သည် ဤနေရာသို့ လာရဲမည်တဲ့လား။အလကား‌နေရင်းပါးစပ်‌ညောင်းတာပဲ အဖတ်တင်မည်။ပီဒီအဖ်ထိန်းချုပ်ထားသည်ဟု နာမည်ကြီးသည့်ကုန်းလမ်းရော၊ရေလမ်းရောပါ ပေါက်သည့် က‌လေးဝမြောက်ပိုင်းလို‌ နေရာမျိုးကိုတောင် စစ်တပ်သည် သွားလာရဲတာမဟုတ်။မြန်မာစစ်တပ်သာ ဤမျှ အရည်အချင်းရှိနေလျှင် 'လတ်'တောင် ဒီစခန်းအထိ ရောက်လာစရာ အကြောင်းမရှိ။သည်နိုင်ငံရဲ့ စစ်တပ်မှာ နိုင်ငံ့ဝန်ထမ်းကျောင်းဆရာမလေးတစ်ယောက် ပျောက်သွားလို့ဆိုပြီး ရဟတ်ယာဉ်တွေနှင့် လာကယ်ကြမည့် မျက်နှာအိုးမဲသုတ်ထားသည့် အထူးတပ်ဖွဲဝင်တွေလည်းမရှိ။ပွဲ‌တွေတစ်ခုပြီး တစ်ခုကျင်းပလိုက်၊အ‌ဝေးပြေးလမ်းမတွေပေါ်မှာ ဂိတ်ချပြီး တောင်းနေကြလိုက်နှင့် အားလပ်နိုင်မှာတောင်မဟုတ်။အခု‌နေ လတ်ပျောက်‌နေမှန်းတောင် သိမှ သိကြပါရဲ့လား။       
         ကြယ်ရောင်မှိန်မှိန်အောက်တွင် အနိမ့်၊အမြင့်၊အကြီး၊အငယ် အရွယ်အမျိုးစုံသည် အဆောက်အဦးများသည် လတ်တို့နှစ်ဦး‌ကို အရေးမလုပ်အားပဲ ငြိမ်သက်စွာ အိပ်စက်အနားယူလျှက်ရှိသည်။အိမ်တစ်အိမ်၏ နှလုံးသည်းအိမ်သည် ထိုအိမ်တွင် နေထိုင်ကြသည့် လူသားများ၏နှလုံးသည်းအိမ်နှင့် တစ်ထပ်တည်း တစ်သားတည်းပင်ဖြစ်သည်ဟု ဆိုကြ၏။အိမ်သည် ၎င်း၏ရင်ခွင်တွင် နေထိုင်ကြသည့် လူသားများအတွက် မိခင်ကြီးနှင့်လည်းပမာတူသည်။သခင်ကို သစ္စာရှိစွာ စောင့်ရှောက်တတ်သည့် ခွေးတစ်ကောင်နှင့်လည်းတူသည်။အိမ်တွင် နေထိုင်သူ လူသားများ၏ လျှို့ဝှက်ချက်ဟူသမျှကိုလည်း မသိသည်ဟူ၍ မရှိသဖြင့် လျှို့ဝှက်မှော်သေတ္တာကြီးနှင့် တူနေပြန်သည်။သူမသည် လူသားများနှင့်အတူ ဝမ်းနည်းတတ်၍ လူသားများနှင့်လည်း ထပ်တူဝမ်းသာတတ်ပြန်သည်။ညအခါတွင် လူသားများနှင့်အတူ အိပ်စက်အနားယူ၍ နေ့ခင်းဘက်တွင် လူသားများ၏လုပ်‌ဆောင်ချက်များကို မျက်စိရှင်ရှင်ထား၍ ကြည့်ရှု့လေ့လာနေတတ်သေးသည်။စင်စစ်မူ ညအခါတွင် မြင်တွေ့ရသော အိမ်ဟူသည် လူသားများကို ပွေ့ဖက်ကာ အိပ်စက်နေသည့် သတ္တဝါကြီးတစ်ကောင်နှင့်ပင်တူလှသည်။လူမရှိသောအဆောက်အဦများသည် လူနေထိုင်နေသော အဆောက်အဦးများထက် ပို၍အိုစာလွယ်ကြသည်ဟူသော စကားကို နေရာအတော်များများတွင် တွေ့ဖူးကြားဖူးခဲ့သည်။ထိုစကားမှန်သည်ဟုလည်းထင်သည်။အဘယ်ကြောင့်ဆိုသော် အိမ်တစ်အိမ်၏ နှလုံးသည်းအိမ်တည်းဟူသော နေထိုင်သည့်လူမရှိပါဘဲ အိမ်သည် အဘယ်မျှ ကြာကြာအသက်ရှင်နေပါမည်နည်း။
        
         လတ်နှင့်သူသည် အဆောက်အဦးတန်းရှည်ကြီးကို အတော်ကြာအောင် ဖြတ်သန်းခဲ့ကြပြီးနောက် သစ်ပင်ကြီးများစု၍ ပေါက်နေသည့်နေရာသို့ အရောက်တွင်ရပ်လိုက်သည်။
        
         "ရောက်တော့တာလားဟင်"
        
        "ခင်ဗျား ဒီမှာပဲနေနော်၊ဘယ်မှ လျောက်မသွားနဲ့"
        
      သူက လတ်ဆီမှ အဖြေတစ်စုံတစ်ရာ မရသေးခင် သူပြောချင်ရာပြော၍ ခြေတံရှည်ရှည်အဆောက်အဦးပေါ်သို့ တက်သွားသည်။လတ်သည် နေရာမှာတင် ဖင်ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ချောင်းကို ရှေ့သို့ဆန့်ကာ ထုတ်လိုက်သည်။ထို့နောက် လက်နှစ်ဖက်ကို နောက်သို့ ထောက်လိုက်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။‌‌မြူခိုး‌တွေဝေနေပြီမို့လားမသိ။ကြယ်‌တွေကိုမမြင်ရ။လမင်းအဖိုးအိုသည် အိုမင်းလွန်းနေပြီဖြစ်၍ ၎င်း၏ နေရပ်သို့ အမြန်ခရီးနှင်နိုင်ပုံမရ။'ထိုင်‌နေရတာ ကောင်းလိုက်တာ'ဟုလည်း အမြတ်တနိုးနှင့် တွေးတောနေမိသည်။မြေကြီးပြင်သည် ခြောက်သွေ့နေသောရွှံ့စေးမြေမျိုးမဟုတ်ဘဲ သဲဆန်‌၍ နုန်းရောသောမြေမျိုးဖြစ်နေသဖြင့်သာ တော်သေးတော့သည်။
       အရိုက်ခံထားရသကဲ့သို့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ‌နေသဖြင့် မြေပြင်ပေါ်တွင် အားရပါးရ လှဲချပစ်လိုက်ချင်သော်လည်း ခေါင်းပွမည်စိုးသဖြင့်သာ အသာကျိတ်၍ ထိုင်နေရသည်။ယ‌နေညအဖို့ ဝါးကြမ်းခင်းက‌လေး‌ ပေါ်တွင် အိပ်ရမည်ဆိုလျှင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာသေချာသည်။ညာဘက် ခြေမျက်စိထဲမှ ဒဏ်ရာသည် နာကျင်လွန်းလှသဖြင့် ထုံ၍ပင်နေလေပြီ။ရေဆာလှသော်လည်း အိမ်ရှင်မှာ ရေတိုက်ရန် စကားတစ်စုံတစ်ရာမဟသေးသဖြင့် မတောင်းဆိုရဲသေးပေ။သူမဘဝ၏ မြန်ဆန်လွန်းလှသည့် နှလုံး‌သွေးပျက်ဖွယ် အဖြစ်အပျက်ကြောင့် ဗိုက်ကတော့ ယခုထိ မဆာ‌သေးဘဲ အီနေသည်။ထိုစဥ် ဇီးကွက်တစ်‌ကောင်သည် အပင်ထိပ်ဖျားတစ်နေရာဆီမှ တကွပ်ကွပ်မြည်သံပေး၍ အားရပါးရ‌ ရွှေလတ်‌ငွေလတ်ခေါ်‌ လေတော့သည်။မိနစ်ပိုင်းမျှအကြာတွင် သူသည် သူမ၏အနီးသို့ တိုလီမိုလီပစ္စည်းများယူ၍ပြန်ရောက်လာ၏။
        
         "လတ် ရေသောက်ချင်လို့၊ရေမရှိဘူးလားဟင်"
        
         သူက ဘာမျှပြန်မပြောဘဲ ရေဘူးနှင့်ရေခွက်ကို လတ်ဆီသို့ ကမ်းပေးလိုက်သည်။ထို့နောက် ဓာတ်မီးတစ်လက်နှင့် ပုန်းငယ်ထဲမှ ပစ္စည်းများကို ဟိုဟိုသည်သည် နှိုက်၍ရှာနေပြန်၏။၎င်းနောက် လတ်၏ ဒဏ်ရာရနေသည့် ညာဘက်ခြေ‌ထောက်၏အနီးတွင် ထိုင်ချလိုက်လေသည်။လတ်သည် သူ၏အပြုအမူကြောင့် ရုတ်တရက်လန့်သွားကာ ဆန့်ထားသည့် ခြေထောက်ကို ကဗျာကသီ ခေါက်၍ သိမ်းလိုက်မိလေသည်။ထိုအခါမှ ခြေမျက်စိထဲမှ နာကျင်မှုသည် လမ်းလျှောက်နေချိန်ကထက် ပို၍ အသည်းခိုက်အောင် နာကျင်သွားသည် ခံစားရလေတော့၏။
        
         "ရှင်ဘာလုပ်မလို့လဲ။အား....အမလေးကျွန်မခြေထောက်"
        
        သူက လတ်ကို စိတ်ပျက်လက်ပျက်နှင့် ပယ်ပယ်နယ်နယ် စိုက်ကြည့်လိုက်၏။၎င်းနောက်
        
         "ခင်ဗျား ဖိနပ်ကို ချွတ်လိုက်ပါလား"
        
         "လတ် တကယ်နာနေတာ"
        
         "အဲတာကြောင့် ဆေးကို မြန်မြန်လိမ်းလို့ရအောင်လို့ ခင်ဗျားဖိနပ်ကို ချွတ်လိုက်ဖို့ပြောနေတာလေ"

         "ဪ.."
        
       လတ်သည် ဖိနပ်ကြိုးများကို တစ်ခုချင်း ဖြည်၍ ဖိနပ်ကိုချွတ်လိုက်ကာ ခြေထောက်ကို အသာအယာ ပြန်၍ ဆန့်ထုတ်ပေးလိုက်၏။တစ်သက်နှင့်တစ်ကိုယ် ဤမျှ ဆိုးဝါးသောနာကျည်မှုကို မခံခဲ့ရဘူးဟုပင် ထင်မိသည်။နာတာမှ ပေါင်‌တွင်းကျောများထဲကပင် လိုက်၍ နာနေသည်။ငယ်စဥ်က ဘယ်ဘက်လက်ဖျံရိုးကျိုးခဲ့စဥ်ကတော့ နာခဲ့ပါလိမ့်မည်။သို့သော် ကြာနေခဲ့ပြီမို့ ဘယ်လောက်တောင် နာခဲ့မှန်း လတ်မှ မမှတ်တော့ဘဲ။
        
         "ခြေထောက်က တစ်နေကုန်ခြေစွပ်စွပ်ပြီး ဖိနပ်စီးထားရတော့ နည်းနည်းတော့ နံမယ်ထင်တယ်နော်"
        
         သူက အပိုတွေပြောနေသည်ဟု ထင်၍လားမသိ လတ်ကို မကျေမချမ်းနှင့် ကြည့်ပြန်သည်။ထို့နောက် ဓာတ်မီးကို လတ်ဆီသို့ ကမ်းပေးလိုက်ကာ "ခင်ဗျား နာနေတဲ့နေရာကိုသာသေချာထိုးပြ" ဟု ဘောက်ဆတ် ဆတ်နှင့် ဆို၏။သူက ရောင်နေသည့်နေရာနှင့် ပတ်ပတ်လည်ကို အရက်ပျံအနှံ့သုတ်လိမ်းကာ ဒဏ်ရာကို သန့်စင်လိုက်သည်။"အရက်ပျံက အနာစိမ်းတွေကိုပဲ သုတ်ရတာမဟုတ်ဘူးလား" ဟု မေးလိုက်ချင်သော်လည်း နေရင်းထိုင်ရင်း ကျွဲမြှီးတိုနေသည့်သူ့အား ယခုနေချိန်ခါတွင် ထပ်ဆင့်၍ အတွန့်တက်ရန်မှာ အချိန်အခါကောင်း မဟုတ်သေး။ထို့‌နောက် သူက ဒဏ်ရာ၏အနီးတစ်ဝိုက်ကို ပရုတ်နံ့တထောင်းထောင်းထနေသည့် ဒဏ်ကြေလိမ်းဆေးရည်ဖြင့် တဖျီးဖျီးဖြန်းလိုက်ပြီးပတ်တီးဖြင့် ခပ်တင်းတင်းစည်းလိုက်၏။
        
         "ဗိုလ်မှူး ကျွန်တော်တို့ ဒါကို ဘယ်နေရာမှာ ထားလိုက်ရမလဲ"

         စကားသံနှင့်အတူ အမှောင်ထဲမှ လူနှစ်ယောက်သည် သူမတို့နှစ်ယောက်၏ အနီးသို့ တဖြည်းဖြည်းချင်း ရွေ့၍ လာ၏။၎င်းအသံကြောင့် ခုဏက တွေ့ခဲ့သည့် လူများဖြစ်မည်ဟု တွေးလိုက်မိသည်။၎င်းတို့နှစ်ဦးသည် ဘာကြောင့်များ အလင်းမီးတစ်စုံတစ်ရာကို မသုံးဘဲ မှောင်ကြီးမဲမဲထဲတွင် ဒီအတိုင်း သွားနေရသနည်းဟု လျှာရှည်စွာတွေးလိုက်မိသည်။
         သူမသည် သန်းတစ်ချက်ကို ရှည်လျားစွာ ဟယ်လိုက်၏။တစ်လီတာဝင်သည့် ရေတစ်ဗူးကို ပြောင်သလောက်နီးပါး သောက်လိုက်သည့်အတွက်ကြောင့်လည်းကောင်း၊ ခရီးပန်း‌လွန်းကာ ခန္ဓာကိုယ်က အနားယူရန်အချက်ပြလျှက်ရှိနေသည်ကတစ်ကြောင်းကြောင့် လူက ဗိုက်အင့်လေးလံကာ အိပ်ချင်လာ၏။
        
         "ကျွန်တော် မိုးကာခင်းထားပြီးပြီ ကိုသံ‌ ချောင်း အဲ့ဒီပေါ်မှာပဲ ချထားလိုက်ပါ"

       သူက ပြောရင်း ဟိုလူများဆီသို့ လျှောက်သွားလိုက်၏။
        
         "ဟုတ်ကဲ့ပါ ဗိုလ်မှူး"
        
         သူနှင့် ဟိုလူနှစ်ဦးသည် တစ်စုံတစ်ရာကို ဟိုသည်ရွှေ့ရင်းအလုပ်ရှုတ်နေကြပြန်၏။သူတို့အတွက် မည်မျှပင် အရေးကြီးနေသော အလုပ်ပင်ဖြစ်နေစေအုန်းတော့ သူမအတွက်အိပ်စရာနေရာကို အလျင်င်ဦးစွာစီစဉ်‌၍ ပေးသင့်သည်ဟု တစ်ကိုယ်ကောင်းဆန်စွာ တွေးမိသည်။
        
         "နောက်ထပ် ဘာများလုပ်ပေးရအုန်းမလဲ ဗိုလ်မှူး"
        
         "မလိုတော့ပါဘူး သွားလို့ရပါပြီ၊ကျန်တာ‌ ကျွန်တော်ပဲ ဆက်လုပ်လိုက်ပါ့မယ်"
        
         "ဟုတ်ကဲ့ ဗိုလ်မှူး ကျွန်တော်တို့သွားလိုက်ပါအုန်းမယ်"
        
         ထိုလူနှစ်ဦးသည် ကောင်လေးအား အလေးပြု၍ ထွက်သွားမည်ဆိုသည်ကို မမြင်ရဘဲနှင့်ပင် အတတ်သိနေ၏။ထို့နောက် သူသည် လတ်ဘက်သို့ ပြန်၍ လှည့်လာပြီး အနီးတွင် မုဆိုးထိုင်ထိုင်ချလိုက်ကာ
        
         "ခင်ဗျားလည်း အနားယူချင်နေမှာပဲ။အိပ်ရတာတော့ သိပ်အဆင်ပြေမှာမဟုတ်ဘူး။ဒါပေမယ့်လည်း ဒီတစ်ညတည်းပါ။ဘာပဲဖြစ်ဖြစ် ဒီညတော့ သည်းခံလိုက်ပါ။ဒီညပြီးရင်တော့ ခင်ဗျားအဆင်ပြေသွားမှာပါ" ဟု လေးတွဲ့သောအသံနှင့် ပြောလေသည်။
        
         သူမကို သူသည် မလိုအပ်ပါဘဲနှင့် စကားတွေကို အများကြီးပြောနေ၏။ဘာဖြစ်တာပါလိမ့် ဟူသော သံသယအရိပ်ကလေးသည် ရုတ်ချည်ခေါင်းထဲတွင် ပေါ်လာသေးသော်လည်း ရှည်ရှည်ဝေးဝေး ထပ်မစဉ်းစားမိ။လတ်သည် တစ်ပါးသူ၏ အကျည်းသားအဖြစ် တောထဲသို့ ရောက်လာသည့်အတွက် အနည်းနှင့်အများတော့ ဒုက္ခများပေလိမ့်မည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားထားပြီးသားဖြစ်သည်။ထိုအထဲတွင် မြေကြီးပေါ်တွင်လည်းအိပ်ရလိမ့်မည်ဟူသော အချက်ကိုလည်း ထည့်စဉ်းစားထားပြီးသားဖြစ်သည်။
        
         "ရပါတယ်၊အချိန်အကြာကြီးတောင် ခြေထောက်နာကြီးနဲ့ လမ်းလျောက်လာခဲ့ပြီးပြီပဲ၊မြေပြင်ပေါ်မှာ အိပ်ရတာလေးလောက်‌နဲ့တော့ စကားလုပ်‌ပြီးပြောမနေ........"
        
         လတ်သည် ပြောနေရင်းနှင့် လက်ထဲမှ ဓာတ်မီးဖြင့် မိုးကာခင်းထားသည် ဟူသော နေရာကို လှမ်းထိုး၍ ကြည့်မိလိုက်သောအခါတွင်
        
         "ဟိုဟာ ဘာကြီးလဲ"
        
         သူက ထုံးစံအတိုင်း ဘာမျှမပြောဘဲ  တိတ်ဆိတ်စွာ သူမကိုကြည့်နေသည်။သူ၏ မျက်နှာသည် မည်သို့မည်ပုံ ဖြစ်နေသည်ကိုမူ မှောင်နေသဖြင့် မမြင်ရချေ။
        
         "ရှင်...ရှင်..."
        
       မိုးကာခင်းထားသည့်အပေါ်တွင် ခန့်ခန့်ကြီးတည်နေသည့် ကြီးမားလှသည့် ထိပ်တုံးကြီးသည် သူ၏အဖော်ဖြစ်လာမည့် လတ်ကို ငေးငေးကြီးကြည့်နေလေသည်။
         
          "ရှင် ရှင် ကျွန်မကို ဒါကြီးနဲ့ ခတ်ထားမလို့လား..."
         
          သူမ၏အသံသည် ပုံမှန်ပြောနေကျအသံထက် အနည်းငယ်သာ ကျယ်၍ထွက်သွားသော်လည်း တိတ်ဆိတ်သော ဝန်းကျင်ဖြစ်သဖြင့်  ဟိန်း၍ ထွက်လာ၏။
         
          "ခင်ဗျားကို ကျွန်တော်ပြောထားပြီးပြီ‌လေ၊ ဒီတစ်ညတည်းလို့"
         
          "ဟင့်အင်း တစ်ညတည်းလည်း လတ် အဲ့ဒါကြီးနဲ့တော့ အခတ်မခံနိုင်ဘူး၊လတ် လုံဝမသွားဘူးနော်"
         
          သူမသည် ပါးစပ်မှ ဗလုံးဗထွေးနှင့် ပြောလည်းပြောကာ နေရာမှလည်း ထပြေးရန် ပြင်လိုက်သည်။
         
          "ကျွတ်!!!ခင်ဗျား မသွားလို့မရဘူး၊ခင်ဗျားကို  ကျွန်တော်က တစ်ချိန်လုံး ကြည့်မနေနိုင်ဘူး၊တခြားဘယ်သူကမှလည်း စောင့်ကြည့်ပေးနေနိုင်မှာ မဟုတ်ဘူး"
         
          "ဟင့်အင်း။ရှင် လတ်ကို ကြိုက်သလိုလုပ်လို့ရတယ်။ကြိုးပဲတုပ်ထားထား...ထောင်ထဲဘဲထည့်ထည့် လတ် လက်ခံနိုင်တယ်။ဒါပေမယ့် ထိပ်တုံး..ထိပ်တုံးနဲ့တော့ အခတ်မခံနိုင်ဘူး။မသွားဘူးနော် မသွားဘူး‌....လတ်ကို ဘယ်လိုလုပ်လုပ် မသွားဘူး"
         
          "ဒေါ်နေခြည်လင်းလင်းလတ် ခင်ဗျားကို ကျွန်တော်က ညှိနှိုင်းနေတာမဟုတ်ဘူးနော်"
         
          သူအသံက ပုံမှန်ထက်ပို၍ကျယ်ကာ ထွက်လာသည်။
         
          "မြေကြီးပြင်ပေါ်မှာ အိပ်ပါဆိုရင်လည်း လတ် အိပ်နိုင်တယ်၊အိမ်သာ‌လောက်နီးနီးကျည်းတဲ့ ထောင်ထဲမှာ ထည့်ထားမယ်ဆိုရင်လည်း လတ် လက်ခံနိုင်သေးတယ်၊ဒါပေမယ့် ဒါကြီးနဲ့ကတော့ မဖြစ်ဘူး။ရှင့်ကို တောင်းပန်ပါတယ်..ကျေးဇူးပြုပြီး ထိပ်တုံးထဲတော့ မထည့်ပါနဲ့"
           
          "ကျွတ်"
         
         သူက စုတ်တစ်ချက်သပ်ကာ ဘာမပြောညာမပြောနှင့် သူမ၏ကိုယ်ကလေးကို စွေ့ခနဲ ကောက်၍ ချီလိုက်သည်။
        
          "မင်း ဘာလုပ်တာလဲ၊ငါ့ကို အခုချပေးနော်။အခုချက်ချင်းချပေး!!!"
         
          လတ်သည် သူ့ရင်ဘတ်ကို တဗျန်းဗျန်းနှင့်ရိုက်ကာ အော်ဟစ်ပစ်လိုက်သည်။သူက ဂရုမစိုက်ဘဲ သူမကို ထိပ်တုံးနားအထိ သယ်လာပြီး ပစ်ချလိုက်သည်။
         
          "ရှင် လူယုတ်မာ၊ရုပ်ကလေးချောသလောက် ယုတ်မာတဲ့ လူယုတ်မာ၊ရှင် လတ်ကို အနိုင်ကျင့်တယ်....ဟီး...ဟီး...ဟီး..."
         
          "ကျွတ်!!!တိတ်စမ်းဗျာ။ခင်ဗျားမရှက်ဘူးလား၊ဘာလို့ ပါစပ်ပြဲကြီးနဲ့ အသားလွှတ်အော်ငိုနေတာလဲ။"
         
          "ငိုမယ် ငိုမယ် မင်း သိပ်အနိုင်ကျင့်တတ်တာကို ဒီကလူတွေ အားလုံးကြားသွားအောင် ငိုပစ်မယ်သိလား...ဟီး...ဟီး....ဟီး...."
         
          "ဟာဗျာ"
         
          သူက စိတ်ရှုပ်ရှုပ်နှင့် မတ်တပ်ထရပ်လိုက်ပြီး ဆံပင်များအကြားသို့ လက်ချောင်းများ ထိုးသွင်းလိုက်ရင်း အရှေ့အနောက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်သည်။ပြီးနောက် လတ်၏အနားတွင် ထိုင်လိုက်ကာ
         
          "ခင်ဗျား ငိုတာမတိတ်တော့ဘူးဆိုရင် ကျွန်တော် ခင်ဗျားပါးစပ်ကို အဝတ်စနဲ့ ဆို့ထား‌တော့မှာနော်"ဟု မေတ္တာမဲ့စွာ စကားဆိုလိုက်သည်။
         
           "မင်း ဘယ်လိုတောင် ကျင့်ဝတ်မရှိရတာလဲ ဟမ်၊လူကြီးတစ်ယောက်ကို ဘယ်လို စကားမျိုးတွေပြောနေတာလဲ...."
          
      သူမသည် ရှိုက်ကာရှိုက်ကာငို၍ ပြောရင်း သူ၏ ရင်ဘတ်ကို တဗျန်းဗျန်နှင့် ရိုက်နှက်လိုက်သည်။သူက တဗျန်းဗျန်းရိုက်နေသည့် လတ်၏ လက်နှစ်ဖက်ကို ဆွဲဖမ်းလိုက်ကာ
          
          "တိတ်တော့ဗျာ၊ကျွန်တော် စိတ်ရှုပ်လာပြီ"ဟု ပြောလိုက်၏။လတ်သည် သူ၏ လက်ထဲတွင် အချုပ်ခံထားရသည့် လက်များကို အားကုန်သုံး၍ ရုန်းလိုက်ရင်း
          
           "မတိတ်ဘူး!!!ဒါ မင်း ငါ့ကို သက်သက်ညှင်းပန်းချင်တာ။ငါက မင်းကို အချုပ်အနှောင်နဲ့ မနေချင်ဘူးလို့ ပြောနေတာလည်းမဟုတ်ဘူး...အခုဟာက..."

        ပြောနေရင်း သူမသည် ဟီးခနဲ ငိုချပစ်လိုက်ပြန်လေသည်။

       "‌ထောင်က အဆင်မပြေဘူး၊ဘာပဲ ဖြစ်ဖြစ် ဒီတစ်ညတော့သည်းခံလိုက်ပါ"
          
       သူက ပြောရင်း ထိပ်တုံးကို လှပ်လိုက်သည်။
          
       "မင်း သိပ်ပြီး တရားလွန် မလာနဲ့‌နော်။ထိပ်တုံးနဲ့ခတ်ရအောင် ငါက ဘယ်သူတွေထိခိုက်အောင် ဘာတွေလုပ်ထားလို့လဲ။"
         
      သူမ၏ အသံသည် ကျယ်လောင်စူးရှစွာ ထွက်လာသည်။သူက သူမ၏စကားကို လျစ်လျှူရှုကာ သူမ၏ ခြေထောက်များကို ဆွဲယူလိုက်ပြီး ထိပ်တုံးထဲတွင် ထည့်၍ ချုပ်လိုက်‌လေသည်။

         "မင်းက လူလိမ်!အပြစ်မဲ့တဲ့ ပြည်သူတွေကို အနိုင်မကျင့်ပါဘူးဆိုပြီးတော့ ငါ့ဘာသာငါ စာလေးသင်ယုံပဲသင်တဲ့ဟာကို မကောင်းမှုကျူးလွန်နေတာလည်းမဟုတ်ဘဲနဲ့ ငါ့ကို အနိုင်ကျင့်တယ် မင်းက တကယ့်ကိုလူလိမ်။မင်းတို့ ဒီလို တရားမဲ့လုပ်နေတာတွေကို နိုင်ငံတကာက လူတွေသိမှာ မကြောက်ဘူးလား..ဟမ်"
        
           သူက ထိပ်တုံးခတ်၍ ပြီးသည်နှင့် သူမ၏စကားကို ဘာတစ်ခွန်းမျှ ခွန်းတုံ့မပြန်ဘဲ နေရာမှထကာ သွားရန်ပြင်လိုက်သည်။
          
           "ဒီမယ် ...လတ်ကိုလွှတ်ပေးလို့ ရှင့်ကို ပြောနေတယ်လေ။ရှင်မကြားဘူးလား။လတ်က ဒီအတိုင်းကြီး ဘယ်လိုအိပ်ရမှာလဲ"    
               
          သို့သော် သူသည် လတ်ကို လွှတ်ပေးရန်အရိပ်အရောင်လေးပင်မပြဘဲ "ခင်ဗျာမကြာခင် အိပ်ပျော်သွားမှာပါ" ဟု ပြော၍ လှည့်ထွက်သွားလေသည်။
         
           "လွှတ်မပေးဘူးဆိုရင် ရှင် အိပ်လို့မရအောင် တစ်ညလုံးအော်ငိုနေမှာနော်.."
          
           သူက လှေကားကို တက်ရန် ပြင်နေပြီးမှ သူမဆီသို့ ပြန်လှည့်လာကာ
          
           "ဒီလိုဆိုရင်တော့ ဒီက တပ်သားတွေ ကြိုက်သလို လုပ်လို့ရအောင် ခင်ဗျားကို ဂိတ်တံခါးပေါက်မှာ သွားလွှင့်ပစ်ရတော့မှာပဲ။သူတို့က နားညီးစရာတွေဆို သိပ်ကိုမုန်းကြတာ။ အထူးသဖြင့် စစ်‌ခွေးတွေရဲ့ လက်အောက်က နိုင်ငံဝန်ထမ်းတွေရဲ့အီအီအာအာအသံတွေကို ဆိုရင်ပေါ့။ဘယ်လိုလဲ ခင်ဗျားကျွန်တော့်နားမှာပဲ ကောင်းကောင်းအိပ်မလား၊ဂိတ်ပေါက်ဝမှာပဲ သွားအိပ်မလား ခင်ဗျားကြိုက်တာ တစ်ခုရွေး" ဟု သူမ၏မျက်ရည်များနှင့်စိုရွှဲနစ်နေသည့် မျက်နှာလေးကို မမှိတ်မသုန်စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလိုက်လေသည်။သူမသည် အင့်ခနဲတစ်ချက်မျှသာ ရှိုက်လိုက်ပြီး ဘာမျှပြန်၍မပြောနိုင်။သူ့မျက်နှာကို သေချာစွာ မမြင်ရသော်လည်း သူ၏ လေသံက ပြောသည့်အတိုင်း တကယ်လုပ်လိမ့်မည်ဆိုသည်ကို အထင်းသားဖော်ပြ၍ နေ၏။
      ဟုတ်သားပဲ။လိုချင်တာကို ပေးဖို့ အမေကို ဂျီကျသလို အတင်းအကျပ် ဂျီကျငိုပြနေရအောင် လက်နက်ကိုင်ထားတဲ့ကောင်တွေထဲမှာ ကောင်းတဲ့ကောင် ဘယ်တစ်ကောင်များရှိလို့တုန်း။အခုက ညည်းအမေအိမ် ရောက်နေတာမှ မဟုတ်ဘဲ မိလတ်ရယ်။အခန့်မသင့်ရင် စက္ကန့်ပိုင်းအတွင်းမှာတောင် ‌အသတ်ခံသွားရနိုင်သေးတယ်။အမလေးငါ့နှယ် တစ်ခါတစ်ရံ စိတ်လွတ်လွတ်သွားနေတာပဲ။သူမသည် ရုတ်ချည် ဝင်ရောက်လာကြသည့် ထိတ်လန့်စိတ်ကြောင့် ကျို့တစ်ချက်'အေ့ခနဲ'တက်လာ၏။ထို့‌နောက် သိမ်ငယ်စွာနှင့်ပင် သူမ၏ မျက်နှာကို အောက်သို့ ချက်ချင်းငုံ့ချလိုက်သည်။
       တိုက်တိုက်ဆိုင်ဆိုင် ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ တော်လှန်ရေးဇာတ်လမ်းထဲမှ ဇာတ်ဝင်ခန်း အချို့ကိုတောင် သွားသတိရမိသည်။ရွာသူကြီးအိမ်တွင် အမြဲတ‌စေရှိနေတတ်သည့် ထိပ်တုံးကြီး။ရွာထဲမှ ဖဲသမား၊ကြက်သမား၊အရက်သမားများနှင့် မကောင်းကောင်များသာ အခတ်ခံရသည့် ထိပ်တုံးကြီး။ပြီးတော့ ပုလိပ်အရာရှိများကို ဆန့်ကျင်သူများသာ ခြေချခွင့်ရသည့် ဂန္တဝင်ထိပ်တုံးကြီး။ကမ္ဘာ့သမိုင်းစာမျက်နှာ၏ ပညာရေးလှုပ်ရှားမှုများကဏ္ဍတွင် မာလာလာယူဆွဇ်ဇိုင်၏ အကြောင်းကို ထည့်သွင်းမှတ်‌ကျောက်တင်ထားခဲ့မည်ဆိုလျှင် မြန်မာပြည်တွင် ထိပ်တုံးအခတ်ခံ၍ စာသင်ပေးနေကြ‌သော မြန်မာကျောင်းဆရာ၊ဆရာမများ၏ အကြောင်းကိုလည်း ချန်လှပ်မထားဖို့ လိုအပ်နေချေပြီ။

        
                     *  *  *  *  *  *  *

        ဧည့်ခန်းထဲရှိလူများအားလုံးသည် အချင်းချင်းဘာစကားမျှ မပြောမိကြသေးဘဲ ငြိမ်သက်နေမိသည်။သို့သော်မျက်လုံးများက တော့ ဂနာမငြိမ်။တလက်လက်လှုပ်ခပ်လျှက် စိတ်လှုပ်ရှားမှုကို အတင်းဖုံးကွယ်နေကြ၏။

        "တလင်...တလင်...တလင်"

        ဒေါ်ဆွေလင်းသည် ဖုန်းကို ဆတ်ခနဲ ကောက်၍ ကိုင်လိုက်ပြီး

        "ဟလို သားငယ်လား"ဟု ကတုန်ကယင်ဖြစ်နေသည့် အသံကို ထိန်းလျှက် မေးလိုက်သည်။တစ်ဖက်က ပြန်ပြောသည်များကို ဦးခင်ဇော်တစ်ယောက် ကြားချင်လှသော်လည်း စပီကာ မဖွင့်ထားသဖြင့် မကြားရ။ညိုညိုသည် ဖုန်းပြောနေသည့် အမေ၏မျက်နှာကို ငေးကြောင်၍ ကြည့်နေ၏။

       "သမီးလတ်လေ...မင်းအမ'လတ်'ရယ် အင့်!!"
      
       ဒေါ်ဆွေလင်းသည် အင့်ခနဲ တစ်ချက်မျှ ရှိုက်လိုက်ပြီး

     "လမ်းမှာ အဖမ်းခံရတာတဲ့...အီး...ဟီး..." ဟု ပြောရင်း စိတ်မထိန်းနိုင်ဖြစ်ကာ ငိုချလိုက်လေတော့သည်။ခုဏက အသက်မဲ့နေခဲ့သော ဧည့်ခန်းတစ်ခုလုံးသည် ဒေါ်ဆွေလင်း၏ အူလှိုက်သဲလှိုက်ငိုကြွေးလိုက်သော အသံကြီးကြောင့် ဆူညံသွားသည်။၎င်းမြင်ကွင်းကို မကြည့်နိုင်တော့သည့်အဆုံးတွင် ညိုညိုသည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လျှက် ဧည့်ခန်းထိုင်ခုံတွင် ထိုင်နေရာမှ ဆေးပုံးများအနီးသို့ အကြောင်းအရင်းမရှိ ထသွားလိုက်၏။ဦးခင်ဇော်သည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျှက် မေးကြောကြီးများထောင်ထသည်အထိ အံကြိတ်လျှက်ရှိသည်။ဒေါ်ဆွေလင်းသည် ဖုန်းပြောနေသည့် သားကို တစ်စုံတစ်ရာ ထပ်ပြီးမပြောနိုင်ဘဲ ငိုပြီးရင်းငို၍သာ နေလေတော့၏။
       ညိုညိုသည် ငိုချလို့မရ။ရင်ဘတ်ထဲတွင် အလုံးကြီးဆို့သလို့နေဖြစ်ကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။"လတ် အိမ်ပြန်ခဲ့အုန်း"လို့ သူမ ပြောခဲ့တာ အကြိမ်ပေါင်းမနည်း။လတ်သည် အိမ်ကို ဘယ်တုန်းကမှ မခင်တွယ်ခဲ့ဖူးဖူးထင်သည်။သီတင်းကျွတ်လို့လည်း အိမ်ပြန်မလာ။နှစ်သစ်ကူးရင်လည်း အိမ်ပြန်ပြီး ကူးရမှန်းမသိ။အခါကြီးရက်ကြီးဆိုရင် ညိုညိုတို့အိမ်မှာ လတ်ဘယ်တော့မှ မရှိ။တကယ့်ကို တစ်ကိုယ်ကောင်းဆန်သည့် အရိုင်းအစိုင်းမ။ဒင်း ဆရာမဖြစ်ပြီးလုပ်သက် ငါးနှစ်အတွင်း အိမ်ကို ဘယ်နှစ်ခေါက်များ ပြန်လာခဲ့ဖူးသလဲ။၂၀၂၀ခုနှစ်တုန်းက‌တော့ မေလတစ်လလုံး အိမ်မှာ လာနေသွားပါသေးရဲ့။ဒါကလည်း မိဘ၊မောင်နှမတွေအပေါ် ချစ်လို့၊ခင်လို့၊လွမ်းလို့ပြန်လာခဲ့တာမဟုတ်။"ချင်းတောင်ပေါ် အပြောင်းတင်ထားတာ"ဆိုပြီး အိမ်ကလူတွေကို အသိ‌ပေးရင်း လိုအပ်သည်များကို ပြင်ဆင်ရန် ရောက်လာခဲ့ခြင်းမျှသာဖြစ်သည်။
       ကလေးဝမှာ တာဝန်ကျခဲ့တာ သုံးနှစ်။သုံးနှစ်လုံး တစ်နှစ်မှ အိမ်ကို ပြန်မလာခဲ့ဖူး။ဝယ်စရာ ခြမ်းစရာတွေရှိလို့ ကလေးမြို့ကိုလာရသည့်အခါမျိုးဆို အိမ်ကို တစ်ခါတစ်ရံဝင်တတ်ပေမယ့် ဘယ်တုန်းကမှ အိမ်မှာညမအိပ်။အ‌ဖေနှင့်အမေသည် လတ်အားတွေ့ချင်လျှင် ကလေးဝမြို့နယ်ထဲက သူမတာဝန်ကျသည့် ရွာကို လိုက်သွားရသည်။လတ်က‌တော့ ဘယ်တော့မှ အလိုက်တသိ အဖေနှင့် အမေရှိရာ အိမ်သို့ပြန်မလာ။‌ကောင်းခန့် ကျောင်းက ပြန်လာလျှင်လည်း "လတ် ကောင်းခန့်ပြန်ခဲ့တယ်။အိမ်ကို ခဏပြန်ခဲ့အုန်း"ဟု ညိုညိုက အမြဲလှမ်းမှာရသည်။သို့သော် ဘယ်တော့ခါမျှ ရောက်မလာခဲ့ဖူး။‌တွေ့ချင်သည့် မောင်ကသာ လက်ဆောင်ပစ္စည်းများကိုသယ်၍ အမတော်ရှိရာ အမြဲလိုက်ရ၏။ကောင်းခန့်သည် ညိုညိုနှင့်လတ်၏ တစ်ဦးတည်းသော မောင်ကလေးဖြစ်သည်။ဒါကိုဘာကြောင့်များလတ်သည် မာနထားနိုင်ရသနည်း။
         ချင်းတောင်ပေါ်ကို အပြောင်းတင်ထားတာဟု လတ်ပြောခဲ့တုန်းက ညိုညို၏ ရင်ထဲတွင် ဒေါသစိတ်များ တလိပ်လိပ် တက်နေခဲ့သည်ကို ယခုထိတိုင် မှတ်မိနေပါသေးသည်။ထိုအချိန်က ညိုညိုသည် လတ်၏ တစ်ကိုယ်လုံးကို ကုတ်ဖဲ့၍ ရိုက်နှက်ပစ်ချင်နေခဲ့သည်။သို့‌သော် ညိုညိုသည် မိဘနှစ်ပါးကို အားနာသဖြင့် လတ်ကို ဆိုးသည် ကောင်းသည်ဟူ၍  ဘာတစ်ခွန်းမျှမပြောဘဲ ရေငုံနှုတ်ပိတ်၍သာ ဒေါသကို ချိုးနှိမ်ထားခဲ့ရ၏။ညိုညိုတို့ တစ်မိသားစုလုံး၏ ရင်ထဲတွင်မူ လတ်၏ ထိုလုပ်ရ ပ် နှင့်ပတ်သက်၍ ပြောစရာတွေ ရှိနေခဲ့ကြသော်လည်း ဘယ်သူကမှ ထိုအကြောင်းနှင့် ပတ်သက်၍ စကားဟခြင်းမပြုခဲ့ကြ။လတ်သည် အဘယ်ကြောင့် အိမ်နှင့်ဝေးရာကိုပဲ အမြဲထွက်ပြေးချင်နေရသနည်း။
        ထိုနှစ်၏ မေလနွေလယ်ရက်များတုန်းက လတ်ပြန်လာခဲ့သည့်အတွက် အမေသည် အလွန်အမင်းဝမ်းသာ နေပုံရသော်လည်း သူ့သမီး ချင်းတောင်ပေါ်သို့ ပြောင်းမည့် ကိစ္စကို တစ်ခါတစ်ရံတွေးမိသွား၍လားမသိ။ငူငူကြီး ထိုင်ကာ ငေး၍နေတတ်သည်။အ‌မေသည် သူ့သမီးလတ်အတွက်ထမင်း၊ဟင်းများကိုနေ့စဉ်တကုတ်ကုတ်နှင့် ရှယ်ချက်ပြုတ်ကာ အထူးကျွေးမွေးသည်။လတ်က ဘာကလေးစားချင်လိုက်တာဟုပဲ ပြောရသေးသည်။အမေသည် ချွေးတလုံးလုံးနှင့် သူ၏သမီးပွဲတော်တည်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းတော့သည်။ဒါကို လတ်သည် "အမေ့လက်ရာက သိပ်ကောင်းတာပဲ"ဟူ၍ လည်းကောင်း၊"ကလေးဝမှာနေတုန်းက ဒီလက်ရာတွေကို လွမ်းလိုက်ရတာဆိုတာ‌လေ"ဟူ၍တစ်ဖုံ၊"ချင်းတောင်ပေါ်ကို ရောက်သွားရင်တော့ ဒါမျိုးလေးတွေ စားရတော့မှာမဟုတ်ဘူး" ဟူ၍ တစ်မျိုး ထမင်းလက်စုံစားဖြစ်ကြသည့်အခါတိုင်း သို့မဟုတ်သရေစာ လုပ်စားကြသည့်အခါတိုင်း ထိုသို့သော ခပ်ဆင်ဆင်စကားများကို အပ်‌ကြောင်းထပ်နေအောင် ပြောတတ်လေသည်။ထိုအခါမျိုးတွင် ညိုညိုမှာ ဒင်း၏ မျက်နှာကို တစ်ခုခုနှင့် ကောက်၍ မပေါက်မိစေရန် အတော်ပင် ထိန်းချုပ်ထားရ၏။
     တစ်နေ့သော နေလည်ခင်းတွင် လတ်သည် ဧည့်ခန်းထဲတွင် အေးအေးဆေးဆေးထိုင်ကာ အနောက်ဥရောပမှ ဘောလုံးပွဲ ပြန်လွှင့်များကို ထိုင်ကြည့်နေသည်။အ‌ဖေသည် ကျောင်းထိုင်ဘုန်းကြီး‌‌က အခေါ်ရှိသဖြင့် ဘုန်းကြီးကျောင်းသို့ ခဏထွက်သွား၍ အိမ်တွင်မရှိ။အမေသည် တင်ဖြူးဖျာပေါ်တွင် ထိုင်၍ လတ်အတွက် အင်္ကျီအဖြူချုပ်ပေးရန် အင်္ကျီအစများကို တိုင်းထွာ၍ ဖြတ်တောက်လျှက်ရှိသည်။ညိုညိုသည်လည်း အမေ၏ ဘေးတွင်ထိုင်ကာ စကားပြောရင်း ဆေးပစ္စည်းများကို ခွဲခြမ်း၍ အလုပ်ရှုပ်လျှက်ရှိ၏။တစ်ခါတစ်ရံ လတ်က တီဗွီကြည့်နေရာမှ ညိုညိုနှင့် အမေတို့၏ စကားဝိုင်းထဲသို့ဝင်လာကာ ကျောင်းမှာ သူမကြုံတွေ့ခဲ့ရသည့် အလွဲများကို  ပြန်၍ ပြောပြလာသဖြင့် အမျိုးသမီး သုံးယောက်မှ တဟားဟားနှင့် ပွဲကျနေကြ၏။ထိုအချိန်တွင် အိမ်ပေါ်ထပ်တွင် အိပ်နေသည့် ကောင်းခန့်သည် ဘာတွေစိတ်ကူးပေါက်သွားသည် မသိ။‌အောက်ထပ်သို့ ခပ်သုတ်သုတ်ဆင်းလာကာ သူ၏ ရင်ထဲတွင် မြှိုသိပ်ထားရသည့် စကားများကို ဗြုန်းဆို ပြောချလိုက်လေတော့သည်။

        "မလတ် နင် ချင်းတောင်ပေါ်ကို မပြောင်းလို့မရဘူးလား"

       ကောင်းခန့်၏ စကားကြောင့် အမေမှာ မျက်နှာ အပျက်ကြီး ပျက်လျှက် ခေါင်းကို ငုံ့၍ ထားလေသည်။ညိုညိုမှာလည်း ကောင်းခန့်၏ စကားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။တကယ်တော့ညိုညိုသည် လတ်၏ အမအရင်းဖြစ်သည်။ကောင်းခန့်သည်လည်း လတ်၏ မောင်လေးအရင်း ဖြစ်သည်။အမေသည် လတ်၏ မွေးသမိခင်အမေအရင်းအချ ဖြစ်သည်။သည်စကားကို ညိုညို ပြောချင်နေခဲ့တာ ကြာပြီဖြစ်သော်လည်း ပြောရဖို့ ညိုညိုတို့သည် အဘယ်ကြောင့် ဤမျှ ခက်ခဲနေရပါသနည်း။ကောင်းခန့်က အစားပြောပေးလိုက်တော့လည်း ညိုညိုတို့သည် အဘယ်ကြောင့် မျက်နှာပူနေရသနည်း။လတ်ကို ပြောဖို့ရာ အဘယ်ကြောင့် ဤမျှ အားနာစိတ်တို့ ဖြစ်နေခဲ့ရပါသနည်း။အားနာစိတ်ဟူသည် ရင်းနှီးမှုမရှိသော သူစိမ်းများ၏ အကြားတွင်သာ ဖြစ်ရသည် မဟုတ်ပါ၏လား။ညိုညိုတို့တွေသည် ဘယ်ကတည်းက လတ်နှင့် ဤမျှ ကင်းကွာသွားခဲ့ရသနည်း။

       "ဘာဖြစ်လို့လဲ။ငါမရှိရင် နင်တို့ ပိုပျော်ကြတယ်မဟုတ်ဘူးလား"

      "အကြည် နင်ဘာစကားပြောတာလဲ"

      "စိတ်ထဲရှိတာ ပြောတာပဲ"

      ညိုညိုသည် လတ်၏ စကား‌ကြောင့် ဒေါသတွေ အလိပ်လိုက်တက်လာလျှက် မျက်နှာကြီးတစ်ခုလုံးရဲ၍ တက်လာသည်။လတ်သည် လေသံတစ်ချက်မျှ မပျက်ဘဲ ဒေါက်ခနဲ လေအေးလေးနှင့် ပြန်၍ ပြောလေသည်။အတော်သွေးအေးသည့်မိန်းမ။ဘယ်တုန်းကကိစ္စကို စိတ်ထဲတွင် တေးမှတ်၍ ထားထားပြန်ပြီလဲမသိ။နှစ်‌ပေါင်းများစွာ လတ်၏ အပြုအမူတွေက မိသားစုအပေါ် သူစိမ်းတရံဆန်နေခဲ့သော်လည်း ထိုကဲ့သို့ ပြောင်ချ၍ ပြောလိမ့်မည်ဟုတော့ မထင်ထားခဲ့။မိသားစုကို နာကျင်ရအောင်‌ပြောနေတာများ မျက်နှာတစ်ချက်မှ မပျက်။ကောင်းခန့်သည် လတ်ကို ကြောက်သူ၊ချစ်သူ ဖြစ်သဖြင့် ဘာမျှမပြောဘဲ ငူငူကြီး ရပ်၍သာနေသည်။

     "အကြည်....နင်ရူးနေပြီလားဟမ်။ကလေးကလားနဲ့ ငယ်ငယ်တုန်းက စရင်းနောက်ရင်း ပြောတာတွေကို မှတ်ထားပြီး လက်စားချေနေတာ နင်ဘယ်တော့ ရပ်မှာလဲ။"

     "အ ဟတ်..ဟတ်..စရင်းနောက်ရင်း ပြောတာ ဟုတ်လား"

     လတ်သည် ခနဲ့ရယ်ရယ်လိုက်ပြီး ထိုင်နေရာမှ ထရပ်လိုက်ကာ ညိုညို၏မျက်နှာကို လှည့်ကြည့်လိုက်သည်။

     "ဟုတ်တယ် လတ်က ရူးနေတာ။လတ်ရူး‌ နေမှန်းလည်း မမညိုတို့ အားလုံးသိပါတယ်။ပြီးတော့ လတ်က ဟိုးအရင်ငယ်ကတည်းက ကလေးကလားပဲ‌လေ။အဲ့တာကိုလည်း မမညိုတို့အားလုံးသိပြီးသားပဲဟာ။မမညိုတို့ကို လတ်ချစ်တော့ ချစ်ပါရဲ့။ဒါပေမယ့် မမညိုတို့ကို ချစ်တာထက် လတ်က ကလေးကလားနဲ့ ရူး‌နေရတာ ပိုကြိုက်တယ်လေ။ပြီးတော့..."

       ထို့နောက် လတ်သည် အပေါက်ဝတွင် ဘယ်အချိန်ကတည်းက ရပ်ကြည့်နေခဲ့မှန်း မသိသည့် အဖေ၏ ညှိုးငယ်သော မျက်နှာကို အတန်ကြာအောင်စူးစိုက် ကြည့်လိုက်သည်။

        "အဖေနဲ့အမေလည်း ကောင်းခန့်နဲ့ မမညိုဆီမှာ ကုန်ရမယ့်အချိန်တွေကို လတ်ဆီကို အတင်းခွဲပေးဖို့ မလိုပါဘူး။လတ်ကို စိတ်ပူပေးဖို့လည်း မလိုပါဘူး။လတ်လူကြီးဖြစ်နေပါပြီ။လတ် စိတ်ရင်းနဲ့ပြောတာပါ။"ဟု ပြောလိုက်သည်။ထိုစကားကိုတော့ လတ်တစ်ယောက်သည် မျက်ရည်များ ဝဲလျှက်နှင့်ပြောခဲ့ခြင်းဖြစ်လေသည်။
       လတ် ဘွဲ့ရသည့်နှစ်က ကောင်းခန့်သည် ဆယ်တန်းတက်နေ၏။ယခင်နှစ်များက ကျန်းမာလွန်းခဲ့သော ကောင်းခန့်သည် ဆယ်တန်းနှစ်တွင် စာလုပ်ရလွန်း၍လားမသိ။သွေးပေါင်တွေကျကာ မကြာခဏဆိုသလို ဖျားတတ်သည်။ထို့‌ကြောင့် အဖေနှင့် အမေသည် ကောင်းခန့်ကို ပိုးမွေးသလိုမွေးနေရသည်။ဘာသာစုံဂုဏ်ထူးထွက်လိမ့်မည်ဟု မှန်းခံထားရသော သားကို မျက်စိဒေါက်ထောက်၍ အချိန်ပြည့် ကြည့်နေရသည်။ထိုအချိန်က ညိုညိုသည် ရှမ်းပြည်ဘက်တွင် သွားရောက်၍ တာဝန်ထမ်းဆောင်နေရသည်။စစ်ကိုင်းတွင် ကျောင်းတက်နေသော လတ်သည် အိမ်သို့ ပြန်လာလေ့သိပ်မရှိ။ကျောင်းပိတ်သည်နှင့် စစ်ကိုင်းနှင့်မန္တလေးမြို့များရှိ ကိုယ်ပိုင်ကျောင်းများတွင် အလုပ်ဝင်ကာ ကျောင်းစာရိတ်အတွက် ဝင်ငွေရှာ‌ဖွေတတ်သည်။အဖေနှင့်အမေကလည်း မိဘအပေါ်သိတတ်သည်ဟု ထင်နေကာ လတ်၏ ဆုံးဖြတ်ချက်ကို ဘာမျှမပြော။သို့သော် မိဘကို ဝန်ပေါ့စေလို၍ ဟူသော အကြောင်းပြချက်သည် အနည်းငယ်မျှသာ မှန်ကြောင်း လတ်တစ်ယောက်သာသိပါလိမ့်မည်။စင်စစ်မူ လတ်သည် အိမ်ကို စိတ်ကုန်နေသည့် စိတ်က ပို၍များနေခဲ့ပုံရ၏။
      ၂၀၁၆ခုနှစ် ဇူလိုင်တွင် လတ်တစ်ယောက် B.Edဘွဲ့ ယူရသည်။လတ်သည် သူ၏ ဘွဲ့နှင်းကို လာရန် ညိုညို့ကိုရော အဖေနှင့်အမေကိုပါ တစ်ပူဆာဆာပြောထား၏။ညိုညိုလည်း သွားမလို့ပါပဲ။အဝတ်အစားတွေတောင် စီစဉ်ထားခဲ့ပြီးပြီ။သို့သော် ညိုညို မသွားလိုက်ရ။ရှမ်းရှေ့တစ်ခွင်လုံးရှိ ခြံမွေးတိရစ္ဆာန်များ ရောဂါ အပြင်းအထန်ဖြစ်ကြသဖြင့် အရေးပေါ်ထိန်းချုပ်ရန် နေလိုက်ရသည်။ထိုအချိန် က H1N1 ရောဂါများ ဖြစ်နေချိန်ဖြစ်သည်။အိမ်နီးချင်းတရုတ်နိုင်ငံတွင်လည်း ကြက်ငှက်များတုတ်ကွေးဖြစ်သဖြင့် အလုံးအရင်းဖြင့် နှိမ်နင်းနေရချိန်ဖြစ်သည်။ညိုညိုမသွားနိုင်သော်လည်း အမေနှင့် အဖေတို့တော့ သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုရက်တွင် ကောင်းခန့်က နေမကောင်းဖြစ်လိုက်သဖြင့် အဖေနှင့်အမေတို့လည်း မသွားလိုက်ရ။
       တစ်ရက်တွင် လတ်သည် ညိုညိုကို ဖုန်းခေါ်၍ အောက်ပါစကားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောခဲ့လေသည်။ထိုအချိန်က ညိုညိုသည် လတ်တစ်ယောက် ၎င်း၏ဘွဲ့နှင်းကို မည်သူမျှ မပါဘဲ ဆင်းခဲ့သည်ဆိုသည့်ကိစ္စကို မသိသေး။

      "‌ဟယ်လို..ဘာပြောမလို့လဲ အကြည်။ငါအခု သိပ်မအားဘူး"

      လတ်သည် အတန်ကြာအောင် ဘာမျှမပြောဘဲ တိတ်ဆိတ်နေပြီးမှ

      "မမညို နင်က ဆရာဝန်ဆိုတော့ ငါတို့မောင်နှမတွေကြား ဒီအန်အေတူညီမှုရာခိုင်နှုန်းကို သိမှပေါ့နော်"

      "ဟင်..ဪ။မပြောတတ်ဘူး ၁၀၀%နှုန်းလား။"

      "မဟုတ်ဘူး ၅၀%နှုန်းပဲတူတာတဲ့ ဟားဟား။"

      ညိုညိုသည် လတ်ရယ်သဖြင့် နောက်မှလိုက်၍ ရှက်ရယ်ရယ်လိုက်သည်။ဆရာဝန်ဖြစ်ပြီး ဒါလေးတောင် မသိဘူးဟူ၍များ ခနဲ့တော့လေမလားဟု တွေးလိုက်မိ‌သော်လည်း လတ်သည် ထိုသို့သော အပြောမျိုးမပြောဘဲ

      "ရယ်ရတယ်နော် တစ်မအေ၊တစ်ဖအေတည်းမွေးမောင်နှမအရင်း‌အချာတွေဖြစ်ပြီး ဒီအန်အေကျ ၅၀%ပဲ တူတယ်တဲ့"ဟု  တိုးတိတ်စွာပြောလေသည်။ထို့နောက်

      "ငါတို့ကြားမှ ရင်နှီးမှုရှိနေတဲ့အရာဆိုလို့သွေးတွေနဲ့ ဒီအန်အေတွေပဲ ရှိတော့တာနေမှာနော်"ဟု ပြောပြန်သည်။

      ညိုညိုသည် အလုပ်ရှုပ်၍နေသဖြင့်

       "မသိဘူးအေ..ငါမအားတော့ဘူး။ဖုန်းချပြီ။ဒါပဲ။ဒါ‌နဲ့ ဂရိတ်ဂျူရိတ်တက်ဖြစ်သွားတဲ့အတွက် ကွန်ဂရိတ်နော် ငါ့ညီမလေး"ဟု ပြောကာ ဖုန်းချလိုက်သည်။ထိုအချိန်က လတ်၏ ရင်ထဲတွင် မည်သို့ဖြစ်နေခဲ့မည်ကို ညိုညို မစဉ်းစားတတ်ခဲ့။ဘာကြောင့် ဒီစကားတွေ ပြောခဲ့တာလဲဆိုတာကိုလဲ အဖြေရှာလို့မရခဲ့။ရက်လနှစ်တွေ တော်တော်ကြာလာတော့ ညိုညို တဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။"ငါတို့က သွေးချင်းပဲတူကြတာ"ဆိုသည့် စကားကို လတ်၏ မျက်လုံးများထဲတွင် အချိန်ကာလကြာလာလေလေ ရှင်းရှင်းကြီး မြင်မြင်လာရ‌လေ ဖြစ်လာသည်။
      မိသားစုတစ်စုတွင် အလတ်များသည် အကြီးဆုံးနှင့်အငယ်ဆုံးတို့နှင့်နှိုင်းစာလျှင် အမြဲတမ်းထိန်ချန်ခံရပါသည်၊အမြဲတမ်း တစ်လျှော့ခံရလေ့ရှိပါသည်ဟု ပြောလေ့ရှိကြ၏။သို့သော် 'လတ်'ဆိုသော သူမ၏ညီမအလတ်သည် အခြားသောအလတ်များနှင့်မတူသည့် လောကကြီးကို အရွဲ့တိုက်၍ သွားတတ်သည့် လူစားမျိုးဖြစ်သည်။အကြီးဆုံးနှင့်အငယ်ဆုံးတို့အ‌ပေါ်ထားရှိသည့် ချစ်ချင်းမေတ္တာကို ပေးပါ၊ပေးပါဟု ဂျီကျ‌ တောင်းဆိုနေမည့် လူစားမျိုးမဟုတ်။'ငါ့ကို ဂရုစိုက်ပေးပါ'ဟု သနားစဖွယ်လုပ်ပြနေမည့်ကလေးမျိုးလည်းမဟုတ်။သူမကို ဂရုမစိုက်ကြဘူးဟု ယူဆထားမိပြီဆိုလျှင် မိဘ၊မောင်နှမဖြစ်နေရင်တောင် သူမကလည်း ပြန်ပြီးဂရုစိုက်ခဲ့တာမဟုတ်။သူမ၏ ဘွဲ့ယူကို အဖေနှင့်အမေတို့ ကောင်းခန့် နေမကောင်းလို့ မသွားနိုင်ကြတာတောင် 'ရတယ် ကောင်းခန့်ကိုပဲ ဦးစားပေးလိုက်ပါ၊သူကနေမကောင်းဖြစ်နေတာပဲ၊လတ်ကို ဦးစားပေးဖို့ မလိုပါဘူး၊လတ်က တစ်ယောက်တည်းလည်း ဖြစ်တယ်၊တစ်ခု‌တော့ရှိတာပေါ့အမေရယ်။အမေတို့လည်း လတ်ဆီက‌နေ ဦးစားပေးခံရဖို့ ကို သိပ်မျှော်လင့်မထားကြနဲ့ပေါ့'ဟု လေသံအေးအေးလေးနှင့် ပြန်ပြောခဲ့ဖူးသည်တဲ့။အမေသည် သည်စကားကို ကြားခဲ့ရတုန်းက အဘယ်မျှ စိတ်တိုခဲ့မလဲဆိုတာ ဆိုဖွယ်ရာပင်မရှိ။သို့သော် အမေသည် သည်စကားကို ကြာကြာ စိတ်တိုနေခွင့်မရလိုက်။
        လတ် အလုပ်ရသွားတော့ လတ်သည် ယခင်ကလောက် ညိုညိုတို့အပေါ် သိပ်မစိမ်းတော့။ညိုညို သူမဆီသို့ အလည်သွားတိုင်းလည်း ဖော်ဖော်ရွေရွေပဲ လက်ခံစကားပြောတတ်သည်။အဝတ်အစားကလေးတွေလည်း ဝယ်ပေးဖော်ရသည်။‌ကောင်းခန့်ကိုလည်း မုန့်ဖိုးအမြဲပေးသည်။အဖေနှင့် အမေအပေါ်လည်း သိပ်မစိမ်း။ခက်တာက အိမ်ပြန်မလာချင်တာ။သူမစိတ်ထဲမှာ ညိုညိုတို့အပေါ် ဝတ္တရားဆိုသော စကားလုံးတစ်ခုထက် ပိုတဲ့ခံစားချက်ဖြစ်မလာတာပဲ ဖြစ်သည်။လတ် ၏ စိတ်ထဲတွင် ဘာအတွေးများရှိနေသည်ကို ညိုညိုသည် ကြာလေ နားလည်၍မရနိုင်လေဖြစ်‌သည်။လတ်စိတ်ထဲမှာ ညိုညိုတို့မိသားစု မရှိတော့မှာကိုလည်း ညိုညိုဖြင့် အာကြီးကြောက်လှပါသည်။အဖေနှင့်အမေ၏ စိတ်ထဲတွင်လည်း ညိုညိုကဲ့သို့ တွေးပူနေခဲ့ကြလိမ့်မည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲသောကိစ္စပင်။
         ကလေးဝနယ်ထဲတွင် တာဝန်ကျ၍သာ သမီးထံ မကြာခဏ အလည်သွား၍ ရနေ၍ စိတ်သက်သာရာရနေခဲ့သော အမေသည် ချင်းတောင်ပေါ်ပြောင်းမည့် သတင်းကြားပြီး မည်သို့ဖြစ်နေသည်ဆိုသည်မှာ လတ်မမြင်နိုင်သော်လည်း ညိုညိုက ဘေးကနေ မြင်နေခဲ့ရသည်။ညိုညိုတို့အိမ်မှာ လတ်ကို ချင်းတောင်ပေါ်ပြောင်းစေချင်ကြသည့်လူ ဘယ်သူမျှမရှိ။ဒါကို "ငါမရှိရင် နင်တို့ပိုပျော်တယ် မဟုတ်ဘူးလား"ဟူသော စကားမျိုးကို သူမို့ ရင့်ရင့်သီးသီးပြောထွက်ရက်ခဲ့သည်။လတ်သည် ကိုယ်ချစ်ရသည့်လူတွေအပေါ် ဘာကြောင့်များ အညှိုးထားကာ အနိုင်ယူနိုင်ရတာလဲဆိုတာ ညိုညို နားလည်လို့ကိုမရ။လင်မယားသာမဟုတ် မိသားစုဆိုတာလည်း လျှာနှင့်သွားလိုပဲ မဟုတ်ပါလား။ကိုက်မိကြသည့်အခါ ကိုက်မိ၍ တည့်သည့်အခါ တည့်ကြရတာပဲဖြစ်သည်။သူသာသည် ကိုယ်သာသည်ဟု ဘယ်မှာ ရှိအုန်းမည်နည်း။
        သို့သော် လတ်သည် မိသားစုထက် သူမ၏ အတ္တကိုသာ အစောကြီးကတည်းက ရွေးချယ်ထားခဲ့ပြီးသူဖြစ်၍ ချင်းတောင်ပေါ်သို့ ရွှေ့၍ သွားလေသည်။အမေသည် လတ်သွားပြီး အတော်ကြာသည်အထိ တပိန်ပိန်တလိမ်လိမ်နှင့် အိမ်ယာထဲတွင် ခွေနေခဲ့သည်။လတ်တစ်ယောက် ၎င်းတာဝန်ကျရာနေရာသို့ ကောင်းစွာရောက်သွား၏၊မရောက်သွား၏ ကိုလည်း အဆက်အသွယ်မရသဖြင့် ဘာမျှ မသိကြရ။ဖုန်း‌ခေါ်ပြန်တော့လည်း စက်ပိတ်ထားသည်ချည်းသာ ပြောနေသည်။တစ်ပတ်ခန့်ကြာမှသာ ဖုန်းကဒ်အသစ်နှင့် ပြန်ခေါ်၍ အဆင်ပြေကြောင်း၊မီးရ‌ကြောင်း၊အင်တာနက် ဘယ်လိုတွေကောင်းကြောင်းတွေ ပြောတော့သည်။ညိုညိုက ဒေါသထွက်ထွက်နှင့် 'ဒါနဲ့များ ဘာလို့စောစောအဆက်အသွယ်မလုပ်တာလဲ'ဟု မာန်မဲတော့ 'မအားလို့'ဟု လေအေးလေးနှင့် ပြန်ပြောခဲ့လေသည်။ညိုညိုမှာ ဒေါသထွက်လိုက်တာမှ အသာတွေပါ တစက်စက်တုန်သည်။တကယ်ကို အကြောမာသည့် မိန်းမ။အမေ့ခင်ဗျာ ၎င်း၏ သမီးအကောင်းစားကြီး၏ အသံကိုကြားမှသာ စားနိုင်သောက်နိုင်ရှာတော့သည်။ပုံစံအမျိုးမျိုးဖြင့် တကယ့်ကို မကောင်းကောင်မ လုပ်ပြနိုင်လွန်းသည့်မိန်းမ။၎င်းကဲ့သို့ ထူးခြားလှသော လူမှု့ဆက်ဆံရေး အရည်အချင်းများကြောင့်လည်း သည်လောက် ဝင်းအိနေအောင်လှတာတောင် ကြိုက်မည့်ယောက်ျားမရှိ၊ပေါင်းမည့် သူငယ်ချင်းမရှိ ဖြစ်နေရတာဖြစ်လိမ့်မည်ဟု တစ်ခါတစ်ခါတော့လည်း စိတ်ပေါက်ပေါက်နှင့် တွေးမိသည်။လတ်တစ်‌ယောက် မည်သို့သော ‌ယောက်ျားမျိုးနှင့် ဖူးစားဆုံဆည်းရလိမ့်မည်ကို ညိုညို တကယ်သိချင်မိသည်။
      ထိုကဲ့သို့ အိမ်ကို ပြန်မလာချင်သော၊အိမ်ကို ချစ်မြတ်နိုးစိတ်မရှိသော၊မိသားစုဝင်များအပေါ်တွင် သွေးအေးအေးနှင့် ဆက်ဆံတတ်သော၊အိမ်ပြန်လမ်း‌မပေါ်သို့ ဘယ်တော့မှ တက်လေ့မရှိသောလတ်သည် လွန်ခဲ့သောအပတ် တနင်္ဂနွေနေ့က 'သမီး အိမ်ပြန်ခဲ့မလို့အမေ'ဟု လှမ်း၍ အကြောင်းကြားခဲ့သည်။ညိုညိုတို့ တစ်မိသားစုလုံး ဝမ်းသာလိုက်ကြတာမှ ပြောမပြတတ်အောင်ပင်။ကိုယ်စီ၏ စိတ်ကူးများထဲတွင် နှစ်နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်တွေ့ရတော့မည့် လတ်တစ်ယောက်မည်သို့ ရှိနေမည်ကို ပုံဖော်၍ ကြည့်နေမိကြသည်။လတ်သည် ထိုကံမျိုးဖြစ် သူမထံမှာ ဖြစ်လာရန် မလုပ်ဖူးတာတွေ လုပ်ခဲ့ပုံရသည်။လေယာဉ်စီးမည့် မနက်ခင်းကတောင် "ဘုရားစာလေးရွက်အုန်းနော်။အဆွဲခံနေရမယ်။နင်က အရိုင်းအစိုင်းမဆိုတော့"ဟုပင် ညိုညိုက စလိုက်မိသေးသည်။အခုတော့....

      ညိုညိုသည် စိတ်တိုသည့်အခါတိုင်း၊လတ်၏စကားများကို ပြန်လည်မချေပနိုင်သည့် အခါတိုင်း "နင်တော့ အပြစ်သင့်တော့မှာ"ဟု ခြိမ်းခြောက်ပစ်ခဲ့ဖူးသည်။ယခုတော့ လတ်သည် ညိုညို၏ မကောင်းသောပါးစပ်စကားများကြောင့် တကယ်ကြီး အပြစ်သင့်နေရပြီလားပင်မသိ။ညိုညို မကောင်းတာ။ညိုညို၏ အပြစ်တွေ။သည်လို ဖြစ်မည်မှန်းသာသိလျှင် လတ်တွင်ရှိနေသည့် အိမ်ကိုမုန်းနေသည့်စိတ်များကို လိုလိုချင်ချင်ပင် လက်ခံပေးခဲ့ပါမည်။လတ်တစ်ယောက် ညိုညိုကို မုန်းပြီး အိမ်ကို ပြန်မလာတော့ဘူးဟူ၍သာ ဖြစ်လိုက်ချင်ပါသည်။

      "ငါ့သမီးကိုထိလို့ကတော့ တစ်သက်မကျေဘူးမှတ်...တောက်.....ခွမ်..လန်..လန်"

      အဖေသည် ရေနွေးဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ကာ တက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်သဖြင့် ညိုညိုတစ်ယောက် လိပ်ပြာစင်မတတ်လန့်သွား၏။

  
                                            (ဆက်ရန်...)

                                            နှင်းအံဒေါင်း

    

      

     
     

     
 
      

      

       

     

       
         

Continue Reading

You'll Also Like

141K 7.7K 40
𝐁𝐎𝐎𝐊 𝐎𝐍𝐄 𝐎𝐅 𝐓𝐇𝐄𝐈𝐑 𝐅𝐀𝐈𝐓𝐇 𝐒𝐄𝐑𝐈𝐄𝐒 Aarohi and Siddharth's tale began unexpectedly at her brother's wedding. Their connection spa...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
566K 30.7K 49
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
274K 16K 17
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...