ဗိုလ်ချုပ်ဈေးထဲရောက်သော် ကားကို ကားရပ်နားစတင်းမှာ အပ်ခဲ့သည်။လမ်းဘေးမှာ ဖြစ်သလိုကပ်ရပ်လို့မရ။အခုရက်ပိုင်း ကားမီးသီးများ၊ကားဘီးများကို ဖြုတ်ပြီး အောက်ဈေးမှာ
ခိုးရောင်းစားသူများရှိနေသည်။
မငယ်တို့ ဦးဆုံးခြေဦးလှည့်သည်က အထည်တန်း စက်ချုပ်ဆိုင်ဘက်ပင်။မူလရည်ရွယ်ချက်ကလည်း မေညို့အတွက်အဝတ်အစားဝယ်ပေးဖို့တင် ဖြစ်သည်။
" မငယ် မေညို့ကို မငယ်ပဲခေါ်သွားလိုက်တော့ "
" ဘာဖြစ်လို့လဲ မမစိမ်း "
မငယ်က မေးခွန်းပြန်ထုတ်သည်။တကယ်ဆို မမစိမ်းက မငယ်ထပ် ပိုပြီးဝယ်တတ်ခြမ်းတတ်သည်။မမစိမ်းက အရောင်နုအစပ်အဟပ်အတည့်လည်း ရွေးတတ်၏။မမစိမ်းကို ကြည့်ရင် အမြဲကို လှနေရော၊မငယ်နဲ့စတွေ့ကာစ တစ်ဆယ့်ခြောက်နှစ်အရွယ်ဆယ်တန်းကျောင်းသူလေးအတိုင်းပင် မပြောင်းလဲပါ။
မငယ်သိသလောက် မမစိမ်းဟာ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် နေသည်။စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာတယ် ဆိုတဲ့အတိုင်း မမစိမ်းရဲ့မျက်နှာဝိုင်းလေးဆို ရွှင်လန်းနေမြဲ။မမစိမ်းသည် မငယ်ရဲ့အမဆိုလည်း ဟုတ်၏။အမေဆိုလည်း ဟုတ်၏။
" စိမ်း သူ့ကို နို့အေးမလိုင် ဝယ်တိုက်မလို့ "
မျက်စပစ်ပြသည်က အကြောတင်းတင်းမန္တလေးသူထံ။မငယ်လည်း သူ့အမ၏ တန်ကူးသာကြည်အပေါ်အဖြစ်သည်းပုံကို တော်တော်လေးဩချယူပါသည်။
မမစိမ်းလည်း မချစ်တော့မချစ်လို့...
ဟော ချစ်မိပြန်တော့လည်း မျက်နှာပင်အညှိုးမခံနိုင်။ကားပေါ်မှာလည်းတန်ကူးသာကြည်ကို အရိပ်တကြည့်ကြည့်လုပ်နေတာ မငယ်မြင်ပါ့။
" လာ ဟိုတစ်ယောက် သွားမယ် "
" ဘာလုပ်ဖို့လဲ "
" မင်းကို ရောင်းစားဖို့ "
" စိမ်းလား ကျွန်တော့်ကို ရောင်းစားရက်မှာ "
မြစိမ်းတို့ နို့အေးမလိုင်ကောင်းသည့် အသီးအအေးအစုံရသော ဆိုင်ထဲသို့ ဝင်ထိုင်သည်။ဆိုင်က ခမ်းခမ်းနားနာနဲ့မဟုတ်ဘဲ လမ်းဘေးမှာ ခုံနဲ့စားပွဲနဲ့ ထိုင်စားရတာပင်။သို့သော် သပ်သပ်ရပ်ရပ်ရှိပြီး သန့်ရှင်းသည်။ပေးရတဲ့ဈေးလည်း မများဘဲ သည်ဆိုင်က လက်ရာကောင်းသည်။မလိုင်ဖက်တွေဆို ချိုစိမ့်နေရော။တန်ကူးသာကြည် အကြိုက်တွေ့မှာ သေချာပါသည်။
" စိမ်း "
" ပြော "
" နို့အေးမလိုင် နောက်တစ်ခွက်လောက်!!! "
" အများကြီးသောက်ရင် အီသွားပြီး အိမ်ရောက်ရင် ထမင်းမစားနိုင်ဖြစ်မယ်လေ။ထပ်မသောက်နဲ့တော့ "
" ဒါဆို စိမ်းခွက်ထဲကဟာ နည်းနည်းတိုက် "
ခွင့်တောင်မပြုရသေး။စိမ်းရဲ့နို့အေးမလိုက်ခွက်ကို မော့ပြီး တစ်ကျိုက်တည်းသောက်ချသည်။ထို့နောက် လေတက်ရာ အေ့ ဆိုသည့် အသံသေးသေးလေးနဲ့ တန်ကူးသာကြည်၏ပါးစပ်သည် မွေးကင်းစကလေးတွေလို နို့နံ့ထွက်နေလေသည်။
စိမ်းမှာ ရယ်ချင်သော်လည်း အောင့်ထားရသည်။အကြောတင်းလေးက သူ့ကို ကလေးလို့ပြောရင် လုံးဝမကြိုက်ပါ။အခုမှ နို့အေးမလိုင်မျက်နှာနဲ့
စိတ်ကောက်ပြေထားတာမို့ မြစိမ်း ရဲရဲတင်းတင်းမရယ်ရဲပေ။
အစားအသောက်မမက်သော မြစိမ်းက အစားများများစားလေ့မရှိပါ။ကျန်းမာရေးအနေနဲ့ရော၊ကိုယ်အလှအပအတွက်ပါ အစာကို သင့်တင့်ညီမျှအောင်စားပြီ ဝိတ်ထိန်းသည်။ငယ်ရွယ်သူတွေအဖို့ကျလည်း စားချင်သောက်ချင်တာပဲ သိသည်။သိပ် ရှည်ရှည်ဝေးဝေးမတွေးကြ။
သို့သော် မြစိမ်းက အကြီးပေမို့ ဆုံးမသင့်တာတော့ ဆုံးမရမည်။သည်ကလေးကိုချစ်တာနဲ့ပဲ မြစိမ်း နှစ်မပြစ်နိုင်ပါ။
" ဒီမယ် တို့က မင်းကျန်းမာရေးအတွက်ပြောတာ သိရဲ့လား။တို့စကားဆို မင်းကနားကိုမထောင်ဘူး။မင်းလုပ်ချင်တာ လုပ်တယ် "
ထိုအခါကျလည်း တန်ကူးသာကြည်တို့က မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့ကာ သူမှားပါတယ် ဆိုတဲ့ ဟန်အပြည့်နဲ့ လူသနားအောင် လုပ်ပြန်ပါသည်။
" မျက်နှာလေးမငယ်လိုက်ပါနဲ့ကွယ်။တို့က မင်းကို မေတ္တာရှိလို့ ပြောတာပဲ။မင်း နားထောင်ရမှာပေါ့ "
" ဆူတာပါ.. "
ချစ်လို့ ပြောတဲ့အပြောပါဆိုတာ မြစိမ်းရဲ့ကလေးငယ်က မသိ။ဒီမိန်းမမှာ တန်ကူးသာကြည်ဆိုတဲ့ ကလေးငယ်နဲ့ပက်သက်ရင် ကောင်းစေချင်တဲ့စေတနာပဲ ရှိတာပါ။
" စိမ်း ကျွန်တော့်ကို ဆူတာ "
" အပြန်ကျ တို့ မင်းကြိုက်တဲ့မုန့်ဟင်းခါးရည်ဝယ်တိုက်မယ်လေ။အရင်တစ်ခါ တို့ဝယ်လာတုန်းက မင်း အရသာကောင်းတယ်ဆိုလို့ပြောတဲ့ ဆိုင်ကပဲ။သောက်မယ်မလားဟင် "
" ကျွန်တော်ကလေးမဟုတ်ဘူး "
" အင်း တို့သိပါတယ် "
" အဲ့တာကြောင့်.... "
တန်ကူးသာကြည်သည် ဆက်ပြောဖို့ အားယူသည့်အနေနဲ့ စိမ်းရဲ့ ဝင်းဖန့်သောမျက်နှာဝိုင်းလေးကို ကြည့်လိုက်သည်။စိမ်းက တန်ကူး၏အပြောကို စောင့်နေဟန်နဲ့ နားလေးစွင့်နေသည်။
" မုန့်ကျွေးပြီး မချော့ပါနဲ့ "
" တို့..ကလေးငယ်ရယ် "
သက်ဆိုင်ခြင်း ဆိုသည့် တို့၊တန်ကူးအားရည်ညွှန်းပါသည့် ကလေးငယ် ဆိုသည့် နာမ်စား။ထိုနှစ်ခုပေါင်းစပ်လိုက်သည့်အခါ တန်ကူးသာကြည်၏နားစည်တွင် သာယာလှိုင်းများရိုက်ခတ်သွားမှုက နှလုံးအိမ်ထိ အရှိန်ပြင်းပြင်းနဲ့ သိမ့်တုန်သွားစေသည်။
တစ်ဆက်တည်းမှာပင် ပါးခွက်လေးတွေထင်သည်အထိ ပြုံးသွားပါသော တန်ကူးရဲ့စိမ်း။အသားဖြူသူမို့ စိမ်းရဲ့ပါးပေါ်တွင် သွေးကြောစိမ်းတို့ ယှက်ဖြာသွယ်ဆက်နေသည်က ဘဝတွင် တစ်ကြိမ်တစ်ခါလောက်နမ်းရှိုက်ခွင့်ရမည်ဆိုလျှင် ဒီကမ္ဘာတွင် တန်ကူးလောက် ကံထူးသူ ရှိဦးမည်မထင်ပါ။
' လှမ်းဝေးတဲ့မန္တလေးက အပြောကောင်းတဲ့သူ...
အင်းယားရဲ့အလှအပနဲ့ ခွဲခြားမရသူ '
' စွဲလမ်းပြီး အမြဲလွမ်းလို့ ရောက်ရတဲ့သူတဲ့...
ရန်ကုန်လာရင် ပျော်တတ်သူ '
' ကျုံးနဘေးမှာ လမ်းလျှောက်ရင် မခို့တရို့နဲ့ပင်
မန္တလေးရဲ့အလှပက တစ်မျိုးလေးယဉ် '
' ဟန်းဖုန်းလေးပြောပြီးတော့ ဗိုလ်ချုပ်ဈေးကိုလာတဲ့ ရန်ကုန်သူကို မမှီဘူးထင်... '
တိုက်တိုက်ဆိုင်ဆိုင် မြစိမ်းတို့အနား ထီစာရွက်များချိတ်ထားသည့်တွန်းလှည်းနဲ့ရောက်လာတဲ့ ထီသည်ကြီးက ဆောင်းဘောက်စ်(sound box )နဲ့ ရောင်းအားကောင်းဖို့အတွက် သီချင်းကျယ်ကျယ်ဖွင့်လေသည်။
' ပြောပြန်ပြီ ရန်ကုန်သားလုပ်မတဲ့ကွယ်...
စကားကြွယ်ကာ သူပဲပြောတတ်တယ် '
' နတ်ပြည်ကို သူသွားဦးမတဲ့ကွယ်...
ဖူးစာရှင်ရန်ကုန်သူနဲ့ နီးဖို့အတွက် '
' ရန်ကုန်လာတော့ရန်ကုန်စကား...
မန္တလေးရောက်တော့ ပျောက်သွားတယ်
မြစိမ်းသည် သီချင်းသံကိုကြားပြီးသကာလ တန်ကူးသာကြည်ကို ဖြတ်ကနဲ ကြည့်မိသွားသည်။ရန်ကုန်မှာရှိစဉ်က မြစိမ်းကို လွမ်းနေပါမည် ဆိုတဲ့လူက မန္တလေးရောက်တာနဲ့ နေ့မကူးဘဲ ပြင်ဦးလွင်ကို ညအိပ်တက်သွားသည့်အဖြစ်ကို ပြန်တွေးမိ၍ပင်။
ထိုသီချင်းမှာပါသော မန္တလေးကအပြောကောင်းတဲ့လူ သည် လက်ရှိမြစိမ်း၏နှလုံးသားကို ခြွေယူနေသော တန်ကူးသာကြည်နဲ့ ချွတ်စွတ်တူပါသည်။သီချင်းစာသားများကလည်း တိုက်ဆိုင်နေသဖြင့် မန္တလေးကလူတိုင်းက သည်လိုအပြောကောင်းပြီး ကြာစကားများ ပြောတတ်ကြသည်လား။
" တန်ကူးသာကြည် "
" ဟုတ်ကဲ့ "
" မင်းတို့မန္တလေးသူတွေလေ ကောင်းကိုမကောင်းဘူး!!!အလကားအခြေကြီးတဲ့ဟာတွေ "
" အမ်!!!ဘာလို့လဲ "
စိမ်းက ရုတ်တရက် ထစွပ်စွဲသဖြင့် တန်ကူးသာကြည်တစ်ယောက် ပြန်မတုန့်ပြန်နိုင်ဘဲ ကြောင်အသွားလေသည်။စိမ်းသည် တန်ကူးကို မကျေမနပ်မျက်နှာထားနဲ့ ရှုတည်တည်ပြန်ကြည့်နေသည်။
မန္တလေးသားတွေအခြေကြီးတာမှန်ပါသည်။မြန်မာတို့၏နောက်ဆုံးဘုရင်သီပေါမင်းနှင့်မိဖုရားစုဖုရားလတ်တို့ စံမြန်းတော်မူခဲ့သည့် နန်းတော်ကြီးတည်ရှိရာ မန္တလေးမြို့၊အောင်ကျော်ချမ်းအေး မန္တလေးဟူ၍ နာမည်တစ်ခုနဲ့ ထည်ဝါသည့်မန္တလေးမြို့တွင် နေထိုင်ကြသည့် မန်းသူ၊မန်းသားများ အခြေကြီးတာ ဖြစ်သင့်တာပဲမဟုတ်လား?ဝမရှိဘဲ ဝိလုပ်ချင်တဲ့ ရန်ကုန်သားတွေထပ်စာရင်လေ...
မိမိကိုယ်မိမိ ဘာမှားသွားမှန်းမသိတဲ့တန်ကူးမှာ ပါးစပ်ထဲရောက်နေပြီးသား ကိတ်မုန့်အကြီးကြီးတစ်စိတ်ကို ဆက်မဝါးနိုင်တော့ဘဲ လည်ချောင်းဝမှာတင် အလုံးလိုက်အရင်းလိုက် မြိုချမိပြီး နင်သွားလေသည်။
" စိမ်း!!! "
" ပြော "
" အဟွတ်...ရန်ကုန်သူတွေလည်း အလကားနေရင်း ဧည့်သည်ကို ရန်ရှာတတ်တာပဲနော်။ကောင်းကိုမကောင်းဘူး "
မန္တလေးပျော်တန်ကူးသာကြည်သည် ချောင်းတဟွတ်ဟွတ်ဆိုးလျှက် ကိတ်မုန့်နင်နေတာတောင် ရေသောက်ဖို့မအားဘဲ မြစိမ်းကို ပြန်ရန်တွေ့ပါသည်။ထိုအခါ မြစိမ်းမှာ ဆွေ့ဆွေ့ခုန်လျက် ထိုမန္တလေးသူကို ရရာရထားနဲ့ မန္တလေးကိုတင်ပေးလိုက်ချင်ဝောာ့သည်။
.............................
4.7.2023
ဒီမှာပြောချင်တာက အပ်ဒိတ်တောင်းတဲ့အကြောင်းပေါ့။ကျွန်တော်က စာရေးပျင်းပါတယ်ဗျ။ဟိုလေ သာရေးသာ မသွားလို့ရမယ်၊နာရေးမသွားလို့မကောင်းဘူးဆိုတဲ့စကားလို ကျွန်တော်ကို စာအတင်းရေးဖို့ပြောရင် မရေးပါဘူး။ဒါပေမဲ့ သာသာနေမကောင်းဘူးလား၊တစ်ခုခုဖြစ်လို့လား နဲ့ စိတ်ပူသလိုလိုလေး လာမေးရင် ဒီလူက အရမ်းအားနာရတာပါ။အဲ့ကျ မဖြစ်မနေဆိုတဲ့ခေါင်းစဉ်အောက်ကနေ စာရေးပါတယ်။
ပြီတော့ ဒီဇာတ်လမ်းမှာတဲ့ ရန်ကုန်သူနဲ့မန္တလေးသူ အချင်းချင်းစောင်းမြောင်းပြောတာတွေက ကျွန်တော့်အနေနဲ့ ဘယ်မြို့ကိုမှ ထိခိုက်လိုစိတ်မရှိပါ။ပြီးတော့ သီချင်းနားထောင်ပေးပါ။အရမ်းကောင်းပါတယ်နော်