ဖားကန့်က ကိုကိုကြီးပြန်ရောက်ရောက်ချင်းတွင် ကိုလေးမျက်နှာလည်ထွက်သွားတဲ့အထိ အထိုးခံလိုက်ရသည်။စစ်ဗိုလ်ဟောင်းကိုကိုကြီး၏လက်သီးစွမ်းမှာ မနည်းလှ။ကိုလေးရဲ့ညာဘက် ပါးရိုး ချက်ချင်းညိုမဲတတ်လာ၏။အသားဖြူသူမို့ ပိုဆိုးသည်ထင်။နှုတ်ခမ်းလည်းကွဲသည်။သို့သော် ကိုကိုကကြီးကမူ ဒေါသပြေဟန်မရှိ။ဒေါနဲ့မောနဲ့ရိုက်မယ်နှက်မယ် တကဲကဲလုပ်နေသေး၏။
တစ်သက်နဲ့တစ်ကိုယ်မောင်နှမတွေချင်း သည်လို ခြေပါလက်ပါတစ်ခါမှမဖြစ်ဖူးတာမို့ အသည်းငယ်သူမငယ်ခဗျာ မျက်ရည်ကျရသည်။အများဆုံးရှိလှ ကိုကိုကြီးပဲ နှုတ်နဲ့ မငယ်တို့ အငယ်သုံးယောက်ကို ဆုံးမတာ။ခုတော့ဖြင့် သူစိမ်းဖက်လာတဲ့အခါ မောင်နှမတွေစိတ်ဝမ်းကွဲရသည်။
" အခုချက်ချင်း အိမ်ပေါ်ကဆင်း ကိုကိုလေး။မင်းနဲ့ငါတို့မိသားစု ပက်သက်စရာဘာအကြောင်းမှမရှိတော့ဘူး "
စစ်မိန့်အာဏာသံပေါက်နေ၏။
ဝမ်းတွင်းထဲကလာသည့် ဒေါသကို အံကြိတ်လျက် ပြတ်ထက်သောပြန်ကြားချက်ကို ကြားရသည့်မြစိမ်းအဖို့ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညှင်းများ ဆူးထလာသည်။ညီတွေ၊ညီမတွေကို ချစ်သောကိုကိုကြီးကိုသာ မြစိမ်းတွေ့ဖူးပါသည်။ကိုကိုကြီး၏ဒေါသနဲ့ဝောာ့ မြစိမ်းတို့မရင်းနှီးလှပါ။
" ဦးကိုလေးကို အဲ့လိုမလုပ်ပါနဲ့...။ထွက်သွားချင်းထွက်သွား မေညိုပဲထွက်သွားပါ့မယ်။ဦးကိုလေးကို မောင်းမထုတ်ပါနဲ့ "
ဒူးထောက်၍ ကိုကိုကြီး၏ခြေသလုံးဖက်ပြီး တောင်းပန်လာသော ကလေးမ။
ကိုကိုကြီးက အသားချင်းထိရသည်ကိုပင်အထင်သေးရွံရှာဟန်နဲ့ ခြေကိုနောက်တစ်လှမ်းဆုတ်ရာ မေညိုမှာ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ ယောင်လည်လည်ဖြစ်သွားသည်။ကိုလေးကမူ ထိုမြင်ကွင်းကို မျက်နှာသေဖြင့် ကြည့်လျှက် ဘာကိုမျှမပြောဘဲ မေညို့ကိုဆွဲထူသည်။
" လာ...ကိုတို့ သွားကြမယ် "
" မ..မသွားဘူး။ဦးကိုလေးက ဒီမှာပဲနေခဲ့ပါ။မေညိုပဲ သွားမယ် "
မြစိမ်းရင်ထဲ သနားညံ့သက်ခြင်းများ ဝင်ရောက်လာတော့သည်။ထိုကလေးမသည် ကိုလေး ဒုက္ခရောက်မည်ကိုတော့ လိုလားပုံမရပါ။
အသည်းအသန်ငြင်းထုတ်နေ၏။
မရည်ရွယ်ခဲ့တဲ့အမှားတစ်ခုဆိုပေမဲ့ လွန်ပြီဖြစ်သော် သည်ကလေးမမှာ အားကိုးစရာကိုလေးပဲရှိတော့သည်။ဤသည်ကိုသိသော ကိုလေးက တာဝန်မဲ့လေမည်မဟုတ်ပါ။
" ကိုကိုကြီး မေညို့ဗိုက်ထဲမှာလွယ်ထားရတာ စိမ်းတို့ရဲ့မျိုးဆက်လေးပါ။ကိုကိုကြီး ခုချိန်မှာမှ အိမ်ထောင်ပြုဦးမှာလား။စိမ်းရော...ထားပါ စိမ်းကိုတော့။မငယ်ကလည်း အပူမရှာချင်တဲ့လူပါ။
ပြီးတော့ စိမ်းတို့မျိုးဆက်လေးကို စရိုက်ဆန်တဲ့နေရာတစ်ခုမှာကြီးပျင်းလာဖို့ ကိုကိုကြီးက အလိုရှိနေတာလား "
မြစိမ်း၏စကားထိရောက်ပုံရသည်။
ကိုကိုကြီး၏နီစွေးစွေးမျက်ဝန်းများမှာ အနည်းငယ်အရောင်ဖျော့သွားလေပြီ။
" ဗိုက်ထဲက ကလေးမျက်နှာကြောင့် ငါလက်ခံပေးလိုက်တာ ကိုကိုလေး။မင်းတို့ကို ကြည်ဖြူလို့မဟုတ်ဘူး "
နောက်ဆုံးတွင် ကိုကိုကြီးသည်လည်း စိတ်လျှော့သွားပြီ ဖြစ်သည်။ကိုကိုကြီးသာ မြစိမ်းတို့ဖက်ပါလျှင် ဒေါ်ဒေါ်တို့လည်း ဘာမျှတတ်နိုင်မည်မဟုတ်ပါ။ထိုအခါမှသာ မြစိမ်းရင်ဘတ်ထဲ တစ်နေတဲ့အလုံးကြီးကျသွားသလို ခံစားလိုက်ရသည်။
" ကိုကိုကြီး... "
ကိုလေး၏ခေါ်သံသည်ကား ပကတိတည်ငြိမ်သည်ဟု မဆိုသာ။မျက်နှာတစ်ခုလုံး နီးမြန်းလျက် မျက်ရည်ဝိုင်းနေ၏။မြစိမ်းတစ်သက်တွင် ကိုလေး မျက်ရည်ကျသည်ကို ယခုမှမြင်ဖူးခြင်းဖြစ်သည်။
" ကျွန်တော် ကိုကိုကြီးကို စိတ်ဆင်းရဲအောင်လုပ်မိရင် ခွင့်လွှတ်ပေးပါ "
လက်ဆယ်ဖြာယှက်၍ ရိုကျိုးစွာ ဦးချကန်တော့လာသည့်အခါမှာတော့ ကိုကိုကြီးဟာ ယောက်ျားအရင့်မာကြီးဖြစ်ပါရက်နဲ့ မျက်ရည်များကျတော့သည်။ကိုလေးမှာမူ ပကတိဥပဓိရုပ်မှာ ကြည့်ကောင်းနေဆဲဖြစ်သည်။
ကိုကိုကြီးသည် သူ့ညီငယ်ကို ညင်သာစွာ ပွေ့ထူပြီး ' ကိုကိုကြီးက ငါ့ညီကို နှမြောလို့ပါကွာ ' ဟု စို့နစ်နေသော ဝမ်းခေါင်းသံကြီးနဲ့ပြောသည်။
အငိုသန်လေးမငယ်မှာ မြစိမ်းကိုဖက်ပြီး
မျက်ရည်ခလုတ်ကျွံနေသည့်နှယ် အတိုင်းမသိသည့်ခံစားချင်ချက်များကို ပါးပြင်ပေါ်သို့ သွန်ချခွင့်ပြုထားလေသည်။မြစိမ်းသည်ကား ငိုခြင်းအလျင်းမရှိပါ။အငိုတိတ်စေရန်အလို့ငှာ မငယ်ရဲ့ခေါင်းလေးကို ပွတ်သပ်ပေးနေပါသည်။
" ကိုလေးရွေးတဲ့လမ်းကို ကိုကိုကြီးမတားတော့ပါဘူး "
ကိုကိုကြီး၏မာန်စွယ်ကို ချိုးလိုက်သူသည် ကိုလေးသာဖြစ်သည်။မာနနဲ့ယှဉ်ပါက ညီငယ်အပေါ်ထားသော ချစ်ခြင်းမေတ္တာကသာ လှပစွာ အနိုင်ယူဦးညွှတ်သွားစေသည်။
ကိုကိုကြီးသည် စစ်မှုထမ်းစဉ်ကာလက တပ်ထဲတွင် နာမည်တစ်လုံးနဲ့ သိက္ခာရှိရှိနေထိုင်ခဲ့သည်။
မျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝမှုကဖြစ်စေ၊တပ်၏အာဏာဖြင့်ရသော ပိုင်ဆိုင်မှုတွေကဖြစ်စေ တပ်မှကင်းလွတ်တာတောင် ကိုကိုကြီး၏နာမည်သည် ပြည်သူလူထုကြား ပြောစရာတစ်ခုဖြစ်နေသေးသည်။
ထိုစဉ်အခါက မည်သည့်တပ်သားမျှ ကိုကိုကြီးအကြောင်း တပ်ထဲတွင် အတင်းအဖျင်းတစ်ခုမထွက်ရဲကြ။သူ့ရှေ့တွင် မျက်စိမကျစရာ လာလုပ်နေပါက ကိုကိုကြီးသည် တာယာဘီးများကို ခါးတွင်ချိတ်ပြီး ကွင်းပတ်ပြေးခိုင်းပြီး အပြစ်ပေးတတ်သည်။တစ်ခါတစ်ရံ ကိုယ်၌ပတ်ထားတဲ့ခါးပတ်ကိုချွတ်ပြီးကိုယ်တိုင်ဝင်ရိုက်သည်။ဤမျှလောက် ကိုကိုကြီးက ဒေါသကြီးကြောင်း သတင်းမွှေးပါသည်။
.............................................
စိမ်းအိမ်မှာမရှိသဖြင့် တန်ကူးသာကြည်မှာ သောင်ပြင်မှာလွှတ်တဲ့ရွှေဟင်္သာလေးလိုဖြစ်နေသည်။လုပ်စရာလို့လည်း မယ်မယ်ရရမရှိ။ဒီဇင်ဘာပိတ်ရက်ကလည်း စိမ်းအနားသိပ်တောင်မကပ်ရဘဲ တတိတိနဲ့ ကုန်နေသည်။
တရားဝင်စာချုပ်မှာလက်မှတ်မထိုးရသော်လည်း ပတ်ဝန်းကျင်က အသိအမှတ်ပြုသော အကျဉ်းချုံ့ပွဲလေးတစ်ခုလုပ်ဖို့ရာ စီစဉ်ထားကြသည်။ရပ်ကွက်ထဲက လူကြီးအနည်းငယ်အချို့နဲ့ ကိုလေးမိတ်ဆွေတစ်ချို့ကိုသာ ဖိတ်စာဝေထား၏။ဒေါ်ဒေါ်တို့ကိုပင် ထိုအကြောင်းမပြောထား။
မြစိမ်းကမူ မိန်ကလေးရှင်ဖြစ်တဲ့မေညို့ဘက်ကိုစဥ်းစားပေးတဲ့အနေနဲ့ မေညိုအရွယ်ရောက်လာပါက နောက်ထပ်မင်္ဂလာတစ်ပွဲကို ခမ်းခမ်းနာနားကျင်းပပေးမည်ဟု ကတိပေးသည်။
" ဆယ်တန်းလား ညို.. "
" ဟုတ်...ဟုတ် မေညို ဆယ်တန်းတက်နေတာပါ "
" ကိုယ်ရော ဆယ်တန်းပဲ။ကျတာ နှစ်နှစ်ရှိပြီ။ဒီနှစ်နဲ့ဆို သုံးနှစ်.. "
" .... "
" ဗိုက်ထဲက ကလေးလေး ဘယ်နှလရှိပြီလဲ "
အလုံးအထည်မပေါ်သေးသော ဗိုက်ချပ်ချပ်လေးကို လက်ညိုးညွှန်ပြီး မေးလိုက်သည်။အပျိုဗိုက်ပေမို့ မေညို၏ဗိုက်သည် ကလေးငယ်တစ်ယောက်ကို လွယ်ထားရမှန်းသိသာလောက်တဲ့အထိ မပူသေး။သို့သော် အင်္ကျီလှန်ကြည့်ပါက ခပ်ပူပူဗိုက်လုံးလုံးလေးကို တွေ့ရမည်။
" နှစ်လပါ မမ။အရင်တစ်ပတ်ကမှ မေညိုတို့သိခဲ့တာ။မေညိုတော့လေ ကလေးလေးရောက်လာတာ သိပ်ပျော်တာပဲ။ဒါမဲ့ ကလေးလေးကို ကြိုဆိုမဲ့သူမရှိဘူးနော်... "
တွေးဆဆဖြင့် မေညို၏အသံသည် အဖျားခတ်ကာ တုန်ယင်သွားသည်။ထို့နောက် ပျို့လျှံလာသောမျက်ရည်များ ပျောက်စေရန်အလို့ငှာ မျက်တောင်များ ခတ်နေသည်က ပို၍သနားဖို့ကောင်းနေ၏။
ထိုသို့ကြားရသောအခါ တန်ကူးစိတ်မကောင်းဖြစ်သွားကာ ဘာပြန်ပြောရမလဲမသိအောင်ဖြစ်သည်။စိမ်းတို့နဲ့ဆိုလျှင် နှုတ်ဆိတ်နေတတ်သောမေညိုသည်လည်း ကလေးသာသာပဲရှိသေးသည်မို့ ရွယ်တူလိုဖြစ်နေတဲ့တန်ကူးရှေ့မှာမှ သူ့ခံစားချက်လေးတွေကို ရင်ဖွင့်လာတာပင်။
ကိုယ်ဝန်ဆောင်စဉ် မိခင်ကိုယ်ဝန်သည်တွေ စိတ်အားငယ်တတ်သည်ဟု မေကြီးပြောတာကို ကြားဖူးတာကြောင့် ကိန်းကြီးခမ်းကြီးနိုင်တဲ့အသိုင်းဝိုင်းကြားမှာ ဘယ်လောက်တောင် မျက်နှာငယ်နေမည်လဲဆိုတာ တန်ကူးတွေးကြည့်လို့ရပါသည်။
" သူတို့မကြိုဆိုရင် ကိုယ့်စီလာခဲ့ပေါ့ မေညိုရဲ့။
မေညို့ကလေးလေးကို အလုံးအထည်မပေါ်သေးတာတောင် ကိုယ်တွေ့ချင်နေပြီ။နောက်ပြီး
မန္တလေးမှာ ကိုယ့်အိမ်ရှိတယ်။မေညိုနေလို့ရတယ် "
" တစ်သက်လုံး တင်ကျွေးထားနိုင်ရင် ခေါ်သာသွား တန်ကူးသာကြည်!!အပြောလောက်နဲ့ သူများကို အယုံမသွင်းနဲ့ "
" စိမ်း!! "
စိမ်း ဘယ်အချိန်ကတည်းက တန်ကူးတို့အနောက်မှာ ရောက်နေသည် မသိပါ။အသံပြတ်ပြတ်ထွက်လာတော့မှ မေညိုရော၊တန်ကူးပါ လှည့်ကြည့်ကာ စိမ်းရဲ့ဒေါသစွက်နေတဲ့မျက်နှာဝိုင်းလေးကို တွေ့ရသည်။နေပူစပ်ခါးမှပြန်လာသည်က တစ်ကြောင်း၊ဒေါသရိပ်တို့ကြောင့်တစ်ကြောင်း စိမ်း၏မျက်နှာမှာ အနည်းငယ်ခက်ထန်နေသည်။
မေညိုမှာ အားကိုးမဲ့ရသည့်အထဲ ယခုမူ ခေါင်းမဖော်ရဲစွာ ကြောက်လန့်တကြားနဲ့ တန်ကူး၏ကျောအနောက်သို့ ဝင်ပုန်းလေသည်။တန်ကူးသာကြည်သည် တိုင်းတပါးသားအဖိုးနဲ့ တူသည်မို့ အရပ်ရှည်လေရာ မေညို့ကိုယ်လုံးလေးမှာ ပျောက်မတက်ဖြစ်သွားသည်။
" စိမ်း ဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ဘူး!!! "
" ကျွန်တော့်ကို စိတ်ဆိုးနေတာလား "
ဒါကျ ပြန်မဖြေပါ။
တန်ကူးကို မမြင်ချင်သည့်ပုံစံနဲ့ လွှဲထားသည့်မျက်နှာထားတင်းတင်းက စိတ်ဆိုးနေကြောင်း အသံတိတ်ထောက်ခံနေသလိုပင်။
" စိမ်း... "
" တို့နာမည် မြစိမ်း "
အသံထွက်မရယ်မိစေဖို့ နှုတ်ခမ်ကိုက်လိုက်သည့်အခါ ပြန်ရလိုက်သည်က မျက်ဝန်းသွယ်များစီမှ ပစ်လွှတ်လိုက်သည့် မျက်စောင်းတစ်ခု။ရင်သို့ ဒိုင်းခနဲလာမှန်ခြင်း၏အကျိုးဆက်က ချစ်မဝ၊မြတ်နိုးမဝဖြစ်ရခြင်း။
သုံးဆယ်ကျော်အမျိုးသမီးကြီးက ဆယ်ကျော်သက်လေးပမာ ထိုသို့ရန်တွေ့တတ်ပါသေး၏။တန်ကူးသာကြည်မှာ ထိုပုံစံလေးကိုပင် အသည်းယားမဆုံးဖြစ်ကာ တစ်ကိုယ်လုံးပွေ့ချီမွေ့ရမ်းချင်စိတ်များ တဖွားဖွားပေါက်နေတော့သည်။
" စိတ်မဆိုးပါနဲ့ စိမ်းရဲ့ "
ပြောလာသည်က ရယ်မြူးမြူး။အူရွှင်နေတဲ့အတိုင်းမျက်နှာပိုးက မသေ။ရည်းစားလူလု အူနုကျွဲခတ် ပါတဲ့။ယခုမူ မြစိမ်း၏ အူနုတည့်တည့်ကို ဓားနဲ့အစိမ်းလိုက် ဖြတ်ထုတ်ခံရသည့်ခံစားချက်ပါလေ။
ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့လွန်သည့် မြစိမ်းရဲ့ကလေးငယ်ကိုပေလား၊ဒါမှမဟုတ် မေညိုနဲ့
တောင် သဝန်တိုနေသည့် မြစိမ်းကိုယ်တိုင်ကိုပင်မြစိမ်း စိတ်ပျက်ရသည်။
တန်ကူးသာကြည်လို ပေါ့တိပေါ့ပျက်လေးကို ဘယ်နားယုံစားပြီး မြစိမ်း သူ့ရဲ့အသည်းနှလုံးတစ်ခုလုံးကို ပေးအပ်ခဲ့မိသည်ဆိုတာ မသိပါ။ချစ်မိပြန်တော့လည်း အကြောင်းအရင်းရယ်လို့ ရှာလို့ မတွေ့နဲ့ အေးအေးသက်သာမရှိလှ။
အချစ်ဟူသည်တကား ထိုသို့ပူလောင်ရပါလား။
..........................................................
1.7.2023