တန်ကူးသာကြည်
မန္တလေးဘူတာရုံကြီးတွင် ခြေချင်းလိမ်ရှုပ်ယှက်ခတ်နေသည်။ရထားပလပ်ဖောင်းပေါ်တွင် အထုပ်သယ်မာလီတစ်ချို့၏ ဖောက်သည်ခေါ်သံများကလည်း တဆူဆူ။အချဉ်ပေါင်းသည်၊ငုံးဥ၊ဆေးလိပ်သည်များသူ့ထပ်ငါ အပြိုင်ရောင်းရရေးအသံများကလည်း ဆူညံညံပေမို့ တန်ကူးစိတ်တွေနှောက်ကျိလာသည်။ထို့အသံများတင်မကသေး ရထားခုတ်မောင်းသံတဂျက်ဂျက်ကြောင့် ထွက်ပြေးတိမ်းရှောင်လိုက်ချင်စိတ်များက မြိုသိပ်မနိုင်ဘဲ ပွားသထက်ပွား၊များသထပ်များလာသည်။
ရန်ကုန်-မန္တလေးမီးရထားသည် ထွက်ခွာဖို့ နာရီဝက်ခန့်မျှလိုသေး၏။မိမိကိုယ်တိုင် အရင်တစ်နေ့ကကြိုဝယ်ထားသောအိပ်စင်ပါရထားလက်မှတ်ကို လက်တွင် ကျစ်ကျစ်ပါအောင် ချေမွဆုပ်ကိုင်ထားရင်း ဖင်တကြွကြွဖြင့် တန်ကူးအငြိမ်မနေနိုင်။
ဘူတာရုံတွင် ခရီးသွားများအနားယူစောင့်ဆိုင်း
နိုင်ရင် ထိုင်ခုံတစ်ချို့စီစဉ်ပေးထားသည်။တန်ကူးတွင် သယ်စရာအဝတ်အိတ်နှစ်ခုသာပါလာသည်။ခေတ္တနေရမည့်အရပ်ဖြစ်တာကြောင့် တန်ကူးများများစားစားသယ်မလာပါ။ဖြစ်နိုင်ရင် အဝတ်အစားမပြောနဲ့၊ လူတစ်ကိုယ်လုံးတောင်
မဖြစ်သာလို့ သွားရသည်။အမှန်ဆို တန်ကူး ရန်ကုန်ကို လုံးဝမသွားချင်ပါ။ဒီမန္တလေးမြို့ကိုခွဲခွာပြီး တန်ကူးဘယ်အရပ်မှာမှ စိတ်ပျော်မည်မဟုတ်တာ ကိုယ့်ကိုကိုယ်သိသည်။
တန်ကူးမတ်တပ်ထရပ်သောအခါ မေကြီးကိုယ်တိုင် တန်ကူးအတွက်ဆိုပြီး မန္တလေးဈေးချိုတွင် ပိုက်ဆံနှစ်ရာကျော်ပေးဝယ်ထားရသည့် ပိတုန်းရောင်ပိတ်ချောစဗြောင်ကို နာမည်ကြီးရတနာသိမ့်အပ်ချုပ်ဆိုင်တွင် ကိုယ်တိုင်းချုပ်ထားသည့် အသားကောင်းကောင်းမြန်မာဝမ်းဆက်က တန်ကူးခန္ဓာကိုယ်တွင် ဖစ်ဆိုက်(fix size) ကျနေသည်။တန်ကူးသည် ပိန်ပိန်ပါးပါးမိန်းကလေးဖြစ်ကာ ဗမာမိန်းကလေးများသာမာန်ရှိသင့်သောအရပ်ထပ် အနည်းငယ်ပိုရှည်သည်။
တန်ကူးတို့ဖေကြီးဘက်မှအဖိုးသည် အင်္ဂလိပ်လူမျိုးဖြစ်ကာ စစ်ပွဲကာလတွင် သည်မန္တလေးမှာပဲ အိမ်ထောင်ကျပြီးစစ်ကြီးပြီးသော် မွေးရပ်မြေကိုမပြန်တော့ပါ။တန်ကူးဟာ အရပ်အမောင်းကအစ လက်တံရှည်၊ခြေတံရှည်လေးများကဖိုးဖိုးနဲ့သွားတူသည်။သို့သော် တန်ကူးအသားမဖြူပါ။မန္တလေးသူပီပီညိုညက်လှသည်။နှာတံက ခပ်ချွန်ချွန်နဲ့မြင့်၏။နှုတ်ခမ်းထူထူက ကြည့်ရမဆိုးသွားဘဲ လှပမှုကို မြှင့်တင်ပေးသည်။တန်ကူးတွင် မျက်ဆံညိုညိုကလေးလည်း ရှိလေရာ အဆုံးတွင် တန်ကူးသာကြည်က မိန်းမလှလေးဖြစ်လေသည်။
မတ်တပ်ရပ်ပြီးလည်း တန်ကူးသာကြည်က ငြိမ်နေတာမဟုတ်။ထိုင်လိုက်ထလိုက်နဲ့ လူမျက်စိနှောက်အောင် နေတက်လွန်းသည်။နောက်ဆုံး မျောက်နဲ့စပ်မွေးထားသလားထင်ရအောင် တလှုပ်ယွယွဖြစ်နေသည့် တန်ကူးကို ဖေကြီးက ခပ်တင်းတင်းကြည့်လေသည်။
" ပုံ့ပုံ့ အငြိမ်နေလေ "
" မနေတက်ဘူး "
" ဘာမနေတက်တာလဲ "
" ဖေကြီးပြောတဲ့ အငြိမ်လေ၊ပုံ့အငြိမ်မနေတက်ဘူး ဖေကြီး "
" ဒီကလေးမနှယ့်..."
ဦးသာကြည် နင်သွားလေပြီ။
ပြောမနိုင်ဆိုမနိုင်လေးကို ဦးသာကြည်နိုင်အောင်မပြောတက်ပါ။ငယ်ငယ်တုန်းက ကပေါက်တိကပေါက်ချာပြောသမျှကို စကားတက်လိုက်တာ ဆိုပြီး အားပေးအားမြှောက်လုပ်
ခဲ့သမျှ အခုကျ သူက ကိုယ်တို့မိဘတွေကို ဆရာပြန်လုပ်ချင်သည်။ထို့ကြောင့် ဦးသာကြည်မှာ ဒီမျောက်မသမီးလေးကို ပြောရမဲ့အစား ကျားမြီးသာပြေးဆွဲလိုက်ချင်တော့သည်။
" ဖေကြီး ပုံ့ရန်ကုန်မသွားချင်ဘူး "
" ဒီလို ဘယ်ရမလဲ။ခဏနေဆိုရင်ပဲ ရထားကထွက်တော့မယ်လေ မသွားချင်လို့မရပါဘူး "
ရထားဟွန်းသံတဘူဘူကိုကြားလေ တန်ကူးသာကြည်(ပုံ့ပုံ့) ဟိုနားကယားသလို၊ဒီနားကယားသလိုလို ဖြစ်လာသည်။စိတ်လှုပ်ရှားခြင်းနဲ့အတူ ဝမ်းနည်းစိတ်ကလေးများက ရင်ဘတ်ထဲ ပြည့်လျှံလာသည်။
" မေကြီး ဖေကြီးကို ပြောဦးလေ။ပုံ့မသွားချင်ပါဘူးဆို "
" အို...တော်ပါ မိပုံ့။ပုံ့ ရန်ကုန်ကို သွားကိုသွားရမယ်။ပုံ့ကို ဒီမှာ တို့တွေထိန်းမနိုင်ဘူး။ပုံ့ကလည်း တို့မိဘစကားကို နားထောင်လို့လား "
" ပုံ့မှန်တယ်ထင်လို့လေ "
" ဆယ်တန်းနှစ်ခါဆက်တိုက်ကျတာ ပုံ့မှန်တယ်ပေါ့ "
" အဲ့တာ စာမလုပ်ချင်လို့ "
တန်ကူးသာကြည်မှာ အသက်တစ်ဆယ့်ရှစ်ကျော်ပြီဖြစ်သော်လည်း အခုချိန်ထိဆယ်တန်းမအောင်သေး။နှစ်နှစ်ဆက်တိုက်ကျတာကိုလည်း ကြိုးစားရကောင်းမှန်းမသိ အပေါင်းအသင်းတစ်သိုက်နဲ့ အလေလိုက်လို့ကောင်းတုန်း။အိမ်အလုပ်တွင်လည်း မကူ။ဆိုးလွန်းမိုက်လွန်းသည်။ထိုအဆိုးအမိုက်ကို မြှောက်ထိုးပင့်ကော်လုပ်သူများက ရှိသေးသဖြင့် ဒေါ်မာမာ ပိုပြီး ရင်ထုမနာဖြစ်ရသေး၏။တန်ကူးသာကြည်သည် စကားကို တုတ်ထိုးအိုးပေါက်ပြောတက်သော်လည်း ချစ်မွှေးပါသည်။မျက်နှာလေးလှသည်။
သူတို့အပေါင်းအသင်းဆိုတာတွေကလည်း မိန်းကလေးက ခပ်နည်းနည်း။ယောက်ျားလေးတွေအများသား။မိပုံ့ကတော့ ဘော်ဒါအကန့်တွေပါ လို့ ပေါ့ပေါ့သာသာပြောပေမဲ့ သမီးမိန်းကလေးမွေးထားပြီး ဗမာမိဘတွေဖြစ်တဲ့ကိုယ်တို့က ဘယ်လိုမှမျက်နှာလွှဲစိတ်ချထားမနိုင်တော့ပေ။
နောက်ဆုံးတွင် ထိုအဆိုးအပေလေးကို ရန်ကုန်ကိုပို့ဖို့ ဦးသာကြည်အကြံရလာသည်။မိဝေးဖဝေးနဲ့နေရမှ ပုံ့ပုံ့လိမ္မာရကောင်းမှန်းသိလာမည်။နောက်ပြီး ရန်ကုန်တွင် ကိုကိုကြီးညီမ မြစိမ်း ရှိလေသည်။မြစိမ်းလို မိန်းကလေးမျိုးနဲ့သာဆိုရင် တန်ကူးသာကြည်တစ်ယောက် ကောင်းကောင်းအပိုကျိုးလာနိုင်သည်။သူတို့ရဲ့မျောက်ကလေးကို မြစိမ်း ပြုပြင်ပေးနိုင်မည်ဟုလည်း တစ်ထစ်ချယုံကြည်လေသည်။
" ပုံ့ လမ်းခရီးကို သတိ၊ဝိရီယနဲ့သွားနော် တအားပေါ့ပေါ့ပျက်ပျက်မနေနဲ့။ဟိုရောက်ရင် စိမ်းစကားကိုနားထောင် ဟုတ်ပြီလား "
" မေကြီးတို့စိမ်းက ပုံ့ကို မလိမ္မာလို့ ရိုက်နှက်ရင် ဘယ်လိုလုပ်မလဲ။ပုံ့က ပြန်ချမှာနော် "
သမီးဖြစ်သူရဲ့ အကဲပိုစကားကြောင့် ဒေါ်မာမာ နှာခေါင်းရှုံ့လိုက်သည်။ဦးအောင်ဇေယျမြေးမိပုံ့တို့ကတော့ သတ္တိသွေးတွေ ရဲရဲဝောာကျနတော။
" ဟဲ့ ဒီကလေး!!စိမ်းက ပုံ့ထင်သလောက်မဆိုးပါဘူးကွယ်။စိမ်းကိုသာ စိတ်ဆင်းရဲအောင်မလုပ်နဲ့။
မေကြီးဖြင့် ပုံ့အတွက်မပူဘဲ စိမ်းအတွက်ပဲ စိတ်ပူနေတယ် "
တန်ကူးက သူတို့စိမ်းကို ဘာလုပ်မှာကျလို့ အဲ့လောက်ပူနေ?
" ဖေကြီး "
" ဘာလဲ "
" ရထားမစီးချင်ဘူး "
" ဟမ် "
" အိမ်ကကားနဲ့လိုက်ပို့ပေး "
တန်ကူးသာကြည်တစ်ယောက် ရထားပေါ်ရောက်လို့ ရထားဘီးစလှိမ့်တာတောင် မိဘများ နားအေူပါးအေးမနေရအောင် မရမက ဂျစ်တိုက်၊စိတ်ဒုက္ခပေးခဲ့ပါသေးသည်။
.....................................................
10နာရီနီးပါးရထားစီးပြီးသည့်နောက်တွင် တန်ကူးသာကြည် ရန်ကုန်မြေကို ခြေစချရလေသည်။ရန်ကုန်မြေကို နင်းပြီးပြီးချင်း တန်ကူး ဘူတာရုံသို့ ဟိုနားဒီနား မျက်စိကစားဝေ့ဝဲကြည့်လိုက်သည်။ရန်ကုန်ဘူတာရုံသည်လည်း မန္တလေးကနဲ့သိပ်တော့ မခြားနား။သို့သော် တန်ကူးသာကြည်မှာ မန္တလေးကိုပဲ အကောင်းဆုံး ဟု သတ်မှတ်ထားသဖြင့် လူများခြေချင်းလိမ်နေအောင်
စည်းကားတောက်ပြောင်နေသော ရန်ကုန်ဘူတာရုံကြီးကို နည်းနည်းလေးမှ အထင်မကြီး၊အကောင်းမြင်ပေးလို့မရပါ။မျက်နှာကလေးပင် မဲ့လိုက်သေး၏။
အသက်ရှုတာခြင်းတူရင်တောင် မန္တလေးကလေက ပိုသန့်သည် ဟု တန်ကူးသာကြည်ထင်မိသည်။တန်ကူးသာကြည်ဟာ ထိုသို့မိန်းကလေးဖြစ်သည်။မိမိအကောင်းဆုံးဟု သတ်မှတ်သည့်အရာအပေါ် စွဲလမ်းစိတ်ကြီးမားသည်။သည်တစ်လမ်းသွားစိတ်ကြောင့် ပုံ့ပုံ့ တစ်နေ့ ဒုက္ခရောက်လိမ့်မည် ဟု မေကြီးစိတ်ဆိုးတိုင်း ပြောတက်သည်ကို တန်ကူး ရုတ်တရက်သတိရမိသွားသည်။
" မိန်းကလေးက ပုံ့ပုံ့လား "
လူနည်းစုသိငယ်နာမည်ကို မေးမြန်းလာသော
ထိုအနှီးအမျိုးသမီးသည် တန်ကူးသာကြည်အား စူးစမ်းချင်နေသလို...
" အန်တီက... "
" ပုံ့ပုံ့ဟုတ်နေတာပဲ။တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် "
" ဟုတ်ကဲ့ အန်တီ "
" အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး "
မျက်ခုံးတန်းနှစ်ခု ဟန်ပါပါပင့်တက်သည်က
အလိုမကျသည့်ဟန်မူသွင်မှန်းသိနေတာကြောင့် တန်ကူးနှုတ်ခမ်းတွေ ပြုံးချင်သလိုလို။ပြင်ပေးလာသောအသံကြည်ကြည်လေးမှာ နာခံချင်စရာကောင်းပါသော်လည်း တန်ကူးသာကြည်က တန်ကူးသာကြည်ပေမို့ အလွယ်တကူနာခံတတ်ရိုး ထုံးစံမရှိ။
" နာမည်ကြီးထည့်မခေါ်ချင်ပါဘူး "
" ဘာဖြစ်လို့ .. "
" အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "
ဘဝတစ်လျှောက် လျှာရိုးမရှိပြောခဲ့သောစကားများတွင် သည်စကားက နားရှက်ဖို့အကောင်းဆုံးဖြစ်လိမ့်မည်။ပြောသူက မိမိကိုယ်တိုင်ဖြစ်ပေမဲ့ တန်ကူး နားရွက်ဖျားတွေ ချက်ချင်းရဲတက်လာသည်။ထိုအမျိုးသမီးကိုပင် စေ့စေ့မကြည့်ရဲတော့သလို မိမိဘက်မှ ဦးစွာအကြည့်လွှဲရှောင်ဖယ်မိသည်။
နှစ်ဦးသားတွေ့ဆုံမှု၏ဖော်ရွေမှုသည် ခဏတောင်မကြာဘဲ အေးခဲသွားလေသည်။တန်ကူး၏ရဲတင်းသည့်အပြောကြောင့် အန်တီ့ဘက်ကလည်း ပြောစရာမဲ့သွားသည်ထင်။တန်ကူးကို ဘာမှထပ်မပြောလာ။နောက် မိနစ်အနည်းငယ်ကြာကာမှ အန်တီသည် အသားဖြူဖြူလက်ကောက်ဝတ်သွယ်သွယ်တွင် ပတ်ထားသည့် ခဲရောင်Rolexနာရီကို တစ်ချက်ကြည့်ပြီး....
" တို့ရှက်ဖို့လည်း ချန်ပါဦးကွယ်။မင်းကဝောာ့ အိမ်ရောက်မှ ရှက်ပါလေ။အခုတော့ နေမဝင်ခင်သွားကြရအောင် "တဲ့။
ရှက်တယ်?
ဘယ်သူက ရှက်နေတာလဲ?
တန်ကူးသာကြည်ကလား?
..............................................................
28.5.2023
ဦးသာကြည်ရဲ့သမီး တန်ကူးသာကြည်ပါ။
တန္ခူးမဟုတ္ဘဲ တန်ကူးပါ။တမင်ကူးတာပါ။အဓိပ္ပာယ်ကဝောာ့မရှိပါဘူး။ကျွန်တော် ကူး ချင်လို့ ကူး လိုက်တာရယ်။ဒီအထိဆို နာမည်တော်တော်များများပါလာပြီလို့ပြောလို့ရတယ်ဗျ။
ကျွန်တော်ပေးထားတာတွေနဲ့နာမည်တူတာဖြစ်ဖြစ် (အဓိကလူနှစ်ယောက်)၊ပလော့တူတာမျိုးရှိရင်ဖြစ်ဖြစ် အချိန်မရွေးလာပြောလို့ရပါတယ်။