မုန်း၍ဖြင့် မနေရစ်စေလို

By HninnUnDaung

1.1K 15 8

"ရှေးကကြမ္မာငွေ့ကြောင့်" ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ။ ရှင်လူထွက်သစ်၊ဆယ့်သုံးနှစ်က၊ချစ်တ... More

မုန်း၍ဖြင့် မနေရစ်စေလို_(၂)
မုန်း၍ဖြင့် မနေရစ်စေလို_(၃)
မုန်း၍ဖြင့် မနေရစ်စေလို_(၄)
မုန်း၍ဖြင့် မနေရစ်စေလို_(၅)

မုန်း၍ဖြင့် မနေရစ်စေလို_(၁)

342 8 0
By HninnUnDaung

      ပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်သို့ မမှိတ်မသုန်စိုက်ကြည့်နေမိသည်မှာ မည်မျှ အချိန်ကြာသွားခဲ့ပြီမသိ။လက်တွင် ပတ်ထားသည့်နာရီကို ကြည့်ဖို့ရန်လည်း စိတ်မပါလှသဖြင့် အချိန်ကြာမြင့်စွာ အပြင်ဘက်သို့သာ‌ ငေးကြည့်နေမိသည်။ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်နေသည့် ခံစားချက်နှင့်ရင်ဘတ်ထဲတွင် မအီမသာဖြစ်နေသည့် ခံစားချက်တို့သည် အချိန်နှင့်အမျှ ပို၍သာ ဆိုးလို့လာသည်။ဇိမ်နှင့် ထိုင်နေရပါသော်လည်း ခန္ဓာကိုယ်မှာ သက်တောင့်သက်သာ မရှိလှ။ကားမှန်တံခါးသည် တစ်ဝက်တစ်ပျက်သာ ပိတ်၍ ရသဖြင့် အကြိုအကြားမှ တဟုန်ထိုး တိုးဝင်လာနေသည့် စိမ်းဆတ်ဆတ်လေအေးကြီးသည် မောလျနေသည့် စိတ်နှလုံးကို ပို၍ ညစ်ညူးစေလေသည်။
      ‌သူမသည် လေးကန်သောသက်ပြင်းများကို မကြာခဏချလျှက် ဆံနွယ်များအကြားသို့လည်း လက်ချောင်းများဖြင့် မကြာခဏ ထိုးသပ်‌နေမိ၏။'တကယ်ဆိုလျှင် ကားမစီးခဲ့သင့်ဘူး'ဟူသော နောင်တရသည့်စိတ်သည် အမြုတ်ကဲ့သို့ တစီစီတက်နေလျှက် 'ငါဟာ ကားစီးဖို့‌ကို ဘယ်လိုကနေဘယ်လို စိတ်ကူးရခဲ့ပါလိမ့်' ဟုတွေးမိကာ ကိုယ့်ကိုယ်ကို နားမလည် ဖြစ်ရသည်။ဘဝဟူသည် နောင်တတို့နှင့် ပြည့်နှက်နေသည့် အတိုင်းအရှည်မသိရသော မှောင်မဲနေသည့် ချောက်နက်ကြီးတစ်ခုသဖွယ်ဖြစ်သည်။ထိုချောက်နက်ကြီးထဲသို့ ဆင်းသက်ခဲ့ပြီးကာမှတော့ နောင်တဟူသောအရာများနှင့် ဘဝကြီးသည် ကင်းနိုင်ဖွယ်ရာမရှိ။နောင်တဟူသည် နောင်လွန်မှ ရတတ်၍ နောင်တပါတကားဟု စိတ်အတွင်းသဏ္ဍာန်၌ သိရချိန်တွင် အရာအားလုံးသည် နောက်တွင် ကျန်ရစ်ခဲ့ရပြီဖြစ်သည်။ထိုသဘောတရားကို မလွန်ဆန်နိုင်သော သူမသည် နောင်တတစ်ခုကို ဆုပ်ကိုင်၍ ခရီးသည်တင်ကားတစ်စီး၏ တစ်ခုသော ထိုင်ခုံတစ်ခုတွင် ထိုင်ရင်း စိတ်နှလုံးငြှိုးချုံးစွာ လိုက်ပါနေရလေသည်။
       အစွမ်းထက်လှပါသည်ဟူသည့် ကားမူးပျောက်သည့်ဆေးကို သောက်၍ အမူးအမော်အတွက်ကောင်းလှပါချည်ရဲ့ဟူသော နားထင်ကပ်ကိုကပ်ကာ ညစ်ညစ်ကျေအောင်ထောင်းထားသည့်ဂျင်းဖတ်မျာကို လက်ကောက်ဝက်တွင်အုံ၍ တိတ်နှင့်ကပ်တွဲထားပါသော်လည်း ထူး၍ သက်သာသည်ဟု မထင်မိ။သူမသည် ကားဝင်းထဲမှ သနခါးဘဲကြားနှင့် ဈေးသည်အမကြီး၏ ရွှီးရွှမ်းဖြီးဖြန်းခြင်းကို ခံလာရပြီ ထင်သည်။ပုံမှန်အတိုင်း မူးမြဲမူး‌နေကာ အိပ်လို့လည်းမရ။ထိုင်နေလို့လည်း အဆင်မပြေ။ယခုမူ သူမသည် ကားမူးသဖြင့် နှစ်ကြိမ်အန်ခဲ့ရပြီးပြီဖြစ်သည်။နောက်တစ်ကြိမ်အန်ချရန်လည်း ခန္ဓာသည် အချက်ပြလျှက်ရှိသည်။
        လမ်းသည် မဟာမြိုင်‌ဘေးမဲ့တောကိုဖြတ်၍ ဖောက်ထားသောလမ်းဖြစ်သဖြင့် ရန်ကုန်-မန္တလေး ဟိုင်းဝေးလမ်းမကြီးများကဲ့သို့ ညီညာ‌ချောမွေ့မှုမရှိဘဲ ခဲပြုတ်ကျောက်ပြုပ်များနှင့် ပြည့်နှက်‌နေကာ အကွေ့အကောက်ကလည်း များလှသည်။ထိုလမ်းပေါ်တွင်သွားနေရသည့် ခရီးသည်တင်ကားထဲမှ ခရီးသည်များ၏ အဖြစ်သနစ်သည် ဆီးဖြူသီးများကို ဆန်ကောထဲတွင် ထည့်၍ လှိမ့်သကဲ့သို့ ဖြစ်နေ၏။ရှေ့သို့ ငိုက်ခနဲ ယိုင်၍ ကျသွားလိုက်၊လေပေါ်သို့ မြှောက်ခနဲ ခုန်၍တက်သွားလိုက်၊ညာဘက်သို့ ယိုင်ခနဲ ဖြစ်သွားလိုက်၊ဘယ်ဘက်သို့ ယိမ်းခနဲဖြစ်သွားလိုက်နှင့် ဣန္ဒြေရရနေရသည်ဟူ၍ သိပ်မရှိ။ကားဆရာသည် ကားထွက်ခွင့်ကလေးရခိုက် အော်ဒါရသမျှ ကုန်မာ၊ကုန်ခြောက်၊ကုန်စို သိမ်းကျုံး၍ တင်လာသဖြင့် ကားတစ်စီးလုံး ပြည့်ကျပ်ကာ ရှုပ်နေသည်။‌ရှေ့ခုံ၏အောက်သူမ၏ခြေထောက်အရင်းနားမှာတောင် ကွမ်းခြင်းတောင်းနှစ်လုံးရှိနေသဖြင့် သူမမှာ ကောင်းစွာပင် ခြေဆန့်ခွင့်မရ။ကား၏ ခေါင်းမိုးပေါ်တွင် တင်လာသည့် ငါးခြောက်တောင်းများဆီမှ အနံ့သည် တစ်ချက်တစ်ချက်တွင် သူမ၏ နှာသီးဖျားများအထိ နယ်ကျွံ၍ ဝင်လာတတ်သေးသည်။ဘုရားစူး ခရီသည်တင်သည့်ကားပါဟု ကျိန်တွယ်၍ ပြောရမတတ်။
      ကားသည် ကျွီခနဲရပ်သွားလိုက် အထုတ်များနှင့် လူတစ်ယောက်တက်လာလိုက်၊တစ်ဖန်ထပ်ပြီး ကျွီခနဲရပ်သွားလိုက် နောက်ထပ် အထုတ်များနှင့် လူတစ်ယောက်ထပ်ပြီးတက်လာလိုက်နှင့် ကုန်ပစ္စည်းများ စီ၍ထပ်ချထားသည့် လျှောက်လမ်းသည် တဖြည်းဖြည်းနှင့် လူတွေနှင့်ပါ ပြည့်၍လာသည်။ကြာ‌လာတော့ ကားဝမ်းထဲတွင် ထိုင်စရာ နေရာလပ်ပင် မရှိတော့။သို့‌သော် ကားဆရာသည် ရပ်တန့်လိုဟန် မရှိသေး။လမ်းဘေးတွင် လူရိပ်ရိပ်မြင်လိုက်တိုင်း "ကလေးကိုနော်...က‌‌လေးကို"ဟု ‌အားကုန်အော်ဟစ်လျှက် သူ၏ မေတ္တာအိမ်ကလေးကို အစ‌ဉ်ဖွင့်၍ ကြိုဆိုနေလေသည်။ကားတစ်စီးတွင် တင်ခွင့်ရှိသည့် သတ်မှတ်ကုန်တန်ချိန်သည် ကားဆရာ မေ့ထားခဲ့သော အတိတ်တစ်ခုဖြစ်ပုံကျ၏။     
        ကားဆရာသည် သူ၏ ခရီးသည်များအပေါ် ဝန်ဆောင်မှုကလည်း ကောင်းသေးသည်။ဦးဘိုဖြူ၏ 'မြေနီလမ်းလေးကို မင်းသတိရပါ'သီချင်းကို အသံထွက်အားကောင်းလှသည့် ဆောင်းဘောက်နှင့် မုံရွာမှ ထွက်ခဲ့သည့်အချိန်မှစ၍ ထပ်ကာထပ်ကာ ကျော့၍ ဖွင့်‌‌ပေးထားသည်။အစက‌တော့ သူမသည် သီချင်းသံမြူးမြူးကြောင့် ကြည်နူးသလိုလို ခံစားရသော်လည်း ကြာလာတော့ သူမသည် ထိုသီချင်းသံ‌ကြောင့် ရင်တွေပူနားတွေညည်းကာ ပို၍ပင် မူး‌နောက်လာသည်။ဘာမျှမပြောဝံ့သဖြင့်သာ နားညီးညီးနှင့် ဒီအတိုင်း ကျိတ်မှိတ်သည်းခံ၍ နား‌ထောင်နေရတော့သည်။
      သူမကသာ နားညည်းသည်ဟု ခံစားနေရသည်။ကား‌၏နောက်ဆုံးတန်းတွင် ထိုင်လိုက်ကြသည့် မှော်ပြန် ယောက်ျားလေးခရီးသည်အုပ်စုသည် ယစ်ရွှေမြူးကာ ထိုသီချင်းကို တပျော်တစ်ပါးကြီး လိုက်ဆိုနေကြသည်။ထပ်ကာထပ်ကာ ကျော့၍ ဖွင့်နေသည်ဟူ၍လည်း ငြိုငြင်ကြပုံမရ။သူမနှင့် ထိုလူများသည် ဘာများ ထူးထူးခြားခြား ကွာခြားနေသည် မသိ။ထိုလူများသည် ကားစီးရင်း ပျော်ပျော်ပါးပါး နှင့်သီချင်းလိုက်ဆိုနိုင်ကြသည်။အခြား‌သောသူများသည်လည်း ၎င်းတို့ သီချင်းဆိုနေကြသည်ကို ကြည့်၍ တပြုံးပြုံးနှင့်ဖြစ်နေနိုင်ကြသည်။သူမတစ်ယောက်သာလျှင် မျက်မှောင် တကုပ်ကုပ်၊သက်ပြင်းတချချနှင့်။

        "‌ဗျို့ ကားဆရာ အကိုကြီး။သီချင်းပြောင်းပေးအုန်းဗျ...ဟဲလို့ ကောင်းမယ့်ဟာလေးတွေဆိုရင်တော့ ပိုအဆင်ပြေတယ်ဗျို့"

         နောက်ခန်းမှ လူများ၏ အသံကြောင့်သူမ၏ ပျော့ခွေနေသည့် ကိုယ်ကလေးသည် တွန့်ခနဲဖြစ်သွားသည်။တစ်ချိန်တည်းမှာပင် ကားဆရာနှင့် စပယ်ရာဖြစ်သူဆီသို့ မျက်လုံးများပို့လျှက်ပြီးသားဖြစ်သွား၏။သီချင်လေးညည်းရင်း လိုက်ရလျှင်တော့ အမူး သက်သာလိမ့်မည်ဟု ထင်သည်။မြေနီလမ်းသီချင်းကို စ၍ နားထောင်ခဲ့တုန်းက သီချင်းစာသားများကို လိုက်ဆိုရင်း ကားမူးသက်သာနေခဲ့သေးသည်မဟုတ်ပါလား။

       "မသိလို့မေးပါရစေအုန်း...🎶ခဏလေးအတွက်ချစ်ခဲ့တာလား မောင်လိုလူ အညတရကို အပျော်သဘောနဲ့တွဲခဲ့တာလား.....🎶"

        ဆောင်းဘောက်စ်မှ အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ကားတွင်းမှ ခရီးသည်များဆီမှ 'ဟေး' ခနဲ ညာသံများ တစ်ပြိုင်နက်ထွက်ပေါ်လာကြသည်။ဘေးမှ မိန်းကလေးအုပ်စုကတော့ 'ဟင်း' ဟု သံပြိုင်အော်လိုက်ကြကာ ဘာသီချင်းဖွင့်၊ညာသီချင်းဖွင့်၊ဘယ်သီချင်းကြီး မကြိုက်ဘူး၊ညာသီချင်းကြီး မကြိုက်ဘူးဟု ဆိုကာ စက်ကိုင်ဆရာကို ကွန်ပလိန်းတွေအတင်းတက်နေကြသည်။အနောက်က ယောက်ျားလေးပရိတ်သတ်များကလည်း လက်မခံ။'ငါတို့က‌တော့ သဟာအောင်မှ သဟာအောင်ပဲဟေ့'ဟု တစ်‌ယောက်တစ်ပေါက်အော်ဟစ်လိုက်ကြပြီး၎င်းတို့၏ စိတ်သဘောကို အတိအလင်း ကြေညာလိုက်သည်။အပျိုတစ်စုနှင့် လူပျိုတစ်စု ..... ကြည့်လို့တော့ ခပ်ကောင်းကောင်းပင်။အခြားသော လူကြီးနှင့်လူလတ် ခရီးသည်များကတော့ ၎င်းတို့နှစ်ဖွဲ့ကိုကြည့်၍ သဘောတွေအကျကြီးကျနေကြသည်။သူမသည်လည်း သူတို့နှစ်ဖွဲ့၏ အခေါ်အလှော်ဖြစ်နေကြသည့်ပုံကို ကြည့်နေ‌တာပါပဲ။စိတ်ပျက်‌သည့် မျက်လုံးများနှင့် ကြည့်‌နေခဲ့သည်မို့လို့သာ အခြားသောဆိုတဲ့ လူအုပ်စုထဲမှာ မပါခဲ့တာဖြစ်သည်။သူမသည် နားနှစ်ဖက်ကို နားကြပ်တပ်၍ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေလိုက်သည်။
      နာရီအနည်းငယ်ကြာပြီးနောက် ခုဏက ဆူညံနေခဲ့သော စစ်ပွဲသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။ဘာ‌‌ကြောင့်မှန်းမသိ သီချင်းဖွင့်သံ မကြားရတော့။သူမသည်လည်း လေးကြိမ်မြောက် အန်ပြီးသွားခဲ့ပြီဖြစ်သည်။လူက နွမ်းလျ၍ ချိနဲ့‌နေကာ အားအင်များ ကုန်ခမ်းနေသည်။ဗိုက်ထဲတွင် အစာကုန်သလောက်ရှိနေပြီဖြစ်၍ မူးသည့်ဒဏ်ကို ယခင်ကလောက် တောင့်၍ မခံနိုင်တော့။ကားစီးစက တစ်နာရီလောက်နေမှတစ်ခါသာ ပျို့သော်လည်း ယခုအခါ ဆယ့်ငါးမိနစ်တစ်ခါ ပျို့၍ တက်တက်လာသည်။သို့သော် သူမ၏ ဒုက္ခသည် ဤမျှနှင့်မပြီးသေး။
        သူမနှင့်ဘေးချင်းကပ်ခုံတွင်ထိုင်သည့် မိန်းကလေးသည် သူမအား တကယ်ပင်မရိုးရအောင် စိတ်အနှောက်အယှက်တွေ တစ်မျိုးပြီးတစ်မျိုး ထပ်၍ ပေးလာပြန်သည်။ထိုမိန်းကလေးသည် မှော်ပြန် ကောင်လေးများ ကြားစေရန် ရည်စူး၍ မကြာခဏ တစ်ခစ်ခစ်နှင့်ညှစ်၍ ရယ်ပြနေတတ်သည်။ထိုအအသံကို အနောက်အုပ်စုက ကြားရသည်၊မကြားရသည် မသိသော်လည်း သူမကတော့ မကြားချင်ဘဲ ခပ်စိပ်စိပ်ပင် ကြားနေရသည်။သူမသည် ထိုအသံကို နားကြားပြင်းကပ်လှသဖြင့်လည်ပင်းကို အတင်းလိမ်ချိုး၍ မျက်နှာကိုပြတင်းပေါက်ဖက်သို့ လှည့်ထားလိုက်သည်။သို့သော် အကြင်မိန်းကလေးသည် သူမအား ပြတင်းပေါက်ကို ကြာကြာကြည့်နေခွင့်မပေးဘဲ သူမကို လှမ်းလှမ်းခေါ်၍ စကားတွေ လာလာ ပြောတော့သည်။
         သူမသည် ထိုမိန်းက‌လေး စကားလာပြောသည်ကို အတော်ကလေး စိတ်ပျက်လှသည်။စကား‌ပြောလျှင်လည်း လက်ဟန်‌ခြေဟန်တွေက ပါသေးသည်။ 'သိလား အမ' ဟု အစချီ၍ ပေါင်ကို လာပုတ်လိုက်၊လက်မောင်းကို လာပုတ်လိုက်နှင့်။စကား‌ပြောလျှင်လည်းဗလုံးဗထွေးနှင့် ဘာတွေကို ပြောလို့ ပြောနေမှန်း မသိ။အကြောင်းကြုံကြိုက်၍ တစ်ခရီးတည်းသွားရသည့် ခရီးသွားဖော်တစ်ယောက်အပေါ်တွင် ရိုင်းပြစွာ ဆက်ဆံရန် မသင့်တော်လှသဖြင့်သာ သည်းညည်းခံ၍ နားထောင်နေရတော့သည်။တချို့တချို့သော စကားများကိုလည်း ပင်ပန်းနေသည့်ကြားထဲမှ အရေးတယူလုပ်၍ ပြန်ပြော‌ပေးနေရပြန်သည်။သူမ ဘယ်လို အခြေအနေဖြစ်နေသည် ဆိုတာကိုတော့ မိန်းကလေးသည် နည်းနည်းက‌လေးမျှ စိတ်ဝင်စားပုံမရ။ခပ်မာမာ ခပ်ပြတ်ပြတ်ပြော ပြီးတုံ့ပြန်ပစ်ချင်သော်လည်း ယခုကဲ့သို့ ပျော့ခွေအိကျနေပုံနှင့် တစ်ပါးသူအပေါ် လေသံမမာရဲသေး။
         နာရီ၊မိနစ်နှင့်စက္ကန့်တည်းဟူသောလူသားတို့၏ အချိန်များစွာကို တတိတိ လျှင်မြန်စွာ စား‌သောက်ပစ်တတ်သည့်လောက၏ အင်အားအကြီးမားဆုံးစက်ယန္တရားကြီးသည် သူမ၏ အဖိုးမတန်လှသော ဤအချိန်များကို ပုံမှန်ထက်ပို၍နှေးကွေး‌လေးကန်စွာ တိုက်စားနေကြ၏။သူမ၏ ဘေးခုံမှ အမျိုးသမီးသည် ၎င်း၏သူငယ်ချင်းဖြစ်ဟန်တူသူများနှင့် အဖွဲ့ကျနေရာမှ ဘာစိတ်ကူးပေါက်သွားပြန်သည် မသိ။သူမ၏ အနီးသို့ တိုးကပ်လျှက် စာအုပ်တစ်အုပ်၏အကြောင်းကို စိတ်ပါလက်ပါနှင့် ပြောလာပြန်လေသည်။
      သူမမှာကား ကြက်တူရွေးနှင့် ဆင်ဆင်တူလှသည့် ၎င်း မိန်းကလေး၏ အဖိုးတန်စကားများကို စိတ်မဝင်စားအား။တဂျီဂျီကြား‌နေရသော မနှစ်မြှိ့ဖွယ်ကောင်းလှသည့် အသံများသာဟု စိတ်တွင်မှတ်၍ ၎င်းမိန်းကလေးအားမုန်းတီးနေမိလေသည်။တစ်ပါးသူ၏အတွင်းစိတ်သဘောကို မသိရှာဘဲ သူမ၏စကားများကို စိတ်ဝင်တစား ဖြစ်နေသည်ဟု ထင်နေရှာသည့် မိန်းကလေး၏ဖြစ်အင်ကို သနားတော့ သနားလှသည်။သူမသည်၎င်းမိန်းက‌လေး၏ အဖိုးတန်စကားများကို ကျိတ်မှိတ်နားထောင်နေရင်း ရင်ဘတ်ထဲမှ ပျို့ပျို့တက်လာသည့် ဝေသနာကို ခံစားနေရကာ သည်းမခံနိုင်‌တော့သည့်အဆုံးတွင် အနက်ရောင် ပလတ်စတစ်အိတ်ထဲသို့ ပါးစပ်အလျှင်အမြန်သွင်း၍ 'ဝေါ့' ခနဲ အန်ချလိုက်လေသည်။ထိုအခါမှသာ ထို မိန်းကလေးသည် သူမ၏ပြည်တန်စကားများကို တိခနဲ ဖြတ်တောက်၍ အခြားတစ်ဖက်သို့ လှည့်သွားလေတော့သည်။
        မှန်ပြတင်း၏အပြင်ဘက်ရှိ တရိပ်‌ရိပ်ပြေးနေသည့်အရာများနှင့် တရိပ်ရိပ်ကျန်နေရစ်သည့်အရာများကို အသက်မဲ့နေသောမျက်လုံးများနှင့် ငေး‌မောကြည့်ရင်း ကားမူးသည့်ဒဏ်ကို တောင့်ခံနေခဲ့သည်မှာ အချိန်အတော်လင့်သွားခဲ့ဟန်တူသည်။နေမင်းကြီးသည် ယခင်ကသူမ၏ ဦးခေါင်းထက်တွင် ရှိနေခဲ့ရာမှ ယခုမူအနောက်တောင်ရိုးနှင့် တစ်ထွာခန့်အကွာသို့ ရောက်နေသည်။'အိပ်‌ပျော်သွားခဲ့ပါသည်'ဟု ဆိုရလောက်အောင်လည်း ကားစီးနေရသည်ဟူသည့် သတိကား ရှိနေခဲ့သေးသည်။သို့ဆိုလျှင် ဖြစ်ပျက်ကြုံတွေ့ခဲ့ရ သမျှအရာအားလုံကို သိခဲ့ပါ၏လောဟု မေးလာလျှင်ကား အလျှင်းမသိ။အရာရာသည် ဝေ‌ဝေဝါးဝါးနှင့် မှုန်မှုန်မွှားမွှားပင်။အိပ်‌ပျော်သွားသည်ဟု ယူဆ၍မရသော မိန့်မောခြင်းတစ်မျိုးသည် သူမ၏ဦးနှောက်နှင့်နှလုံးသားတွင် နေရာယူနေခဲ့ရာမှ ခန္ဓာဆီသို့ အသိစိတ်ပြန်လည်ကပ်ငြိ၍ လာသည်နှင့်တစ်ပြိုင်နက် ပျို့အန်လိုစိတ်တို့သည် အရှိန်နှင့်ထိုး၍တက်လာသည်။'အော့'ဟု လေချည်တစ်ချက်တက်လိုက်ပြီး တံတွေးအချို့ကို မနှက်မြို့စွာ မြှိချလိုက်၏။
       မျက်လုံးအိမ်အတွင်းသို့ ခေတ္တခဏမျှသာ အလည်ဝင်လာ‌သည့် အနိမ့်၊အမြင့်၊အဖြောင့်၊အကောက် အမျိုးစုံသည့် သစ်ပင်ကြီး သစ်ပင်ငယ်များ၊အစိမ်းရောင်အရွက်များဝေနေသေးသည့်သစ်ပင်၊အိုမင်း ရင့်ရော် နေပြီဖြစ်သည့်အရွက်ဝါဝါများကို လွယ်ထားရသည့် သစ်ပင်နှင့်အရွက်မရှိ‌တော့သည့် သစ်ပင်များသည် နှုတ်ဆက်စကားဆိုရန်ပင် အချိန်မရလိုက်ဘဲ အနောက်တွင် ဝေး၍ တစိမ်းတရံဆန်စွာကျန်ရစ်ခဲ့ကြသည်။နေမင်းဖန်ဝါသည် ၎င်း၏ လက်ကျန်အလင်းရောင်ကို အယုတ်၊အလတ်၊အမြတ်မရွေးဘဲ လောကကြီးထဲမှသက်ရှိအားလုံးအတွက် ထွန်းလင်းပေးလျှက်ရှိ‌သေးသည်။၎င်းသည် တစ်ခါတစ်ရံ သူမ၏ မျက်နှာပေါ်သို့ လှစ်ခနဲ လှစ်ခနဲ ရောက်၍လာတတ်သေးသည်။ကား၏ခေါင်းခန်းဘက်တွင်မူ ကားမောင်းသမားနှင့် သူ၏အကူဖြစ်သူ စပါယ်ယာ လူငယ်လေးတို့သည် တစ်စုံတစ်ရာကို တီးတိုးပြောဆိုရင်း အလုပ်များလျှက် ရှိကြ၏။ဘေးခုံမှမိန်းကလေးနှင့် ၎င်း၏အဖော်သူငယ်ချင်း တစ်စုမှလွဲ၍ ကျန်ခရီးသည်များအားလုံးသည် နှစ်ခြိုက်စွာ အိပ်မောကျနေကြပုံရသည်။ကား၏အနောက်ခန်း လေဟာပြင်တွင် ထိုင်သည့် အရက်သမားအုပ်စုသည်ပင်လျှင် တစ်ယောက်ပေါ် တစ်ယောက်ထပ်လျှက် ငြိမ်သက်စွာ အိပ်ပျော်နေကြပြီဖြစ်သည်။
       ကားသည် အရှိန်ပြင်းပြင်းနှင့် ခရီးနှင်နေရာမှ စားသောက်ဆိုင်တန်းအချို့ရှိရာသို့ အရောက်တွင် တဖြည်းဖြည်းအရှိန်လျော့ကာ တစ်ခုသော စားသောက်ဆိုင်ဝန်းအတွင်းသို့ ကွေ့ဝင်၍ ရပ်လိုက်သည်။ရုတ်တရက်ပြေးနေရာမှရပ်လိုက်သည့်အတွက် ငြိမ်သက်စွာရှိနေသည့်ခန္ဓာကိုယ်သည် အရှိန်ပျက်သွားကာ ရှေ့သို့ငိုက်ခနဲဖြစ်သွားပြီး ခေါင်းထဲက ပို၍မူးလာသည်။ယခင်ကတည်းက အန်ချလုနီးပါးဖြစ်‌နေရသည့်အထဲ ‌ကားရပ်လိုက်သောအခါ အစာအိမ်တွင်းမှ လက်ကျန်ပစ္စည်းများသည် လည်ချောင်းဝအထိ မိုးကြိုးသွားတစ်ခုကဲ့သို့ လျှင်မြန်စွာ ဆန်တက်လာကြ၏။နားထင်ဆီမှ ချွေးစေးတစ်ပေါက်သည် မေးရိုးအထိ နယ်ကျွန်လာသည်။ကားမောင်းနေစဉ်က ပြတင်းမှ လေတဟူးဟူးတိုးဝင်နေသဖြင့် သက်သာခဲ့သော ကား၏အနံ့နှင့် လူ၏ချွေးနံ့၊‌ရေမွှေးနံ့ နှင့် အရက်နံ့တို့သည် ရောပြွမ်း၍ အလုံးအရင်းနှင့် နှာခေါင်းဝသို့ အတင်းတိုး‌ဝှေ့ ဝင်လာကြသည်။သူမ၏ ရင်ဘတ်ဆီမှ လည်ချောင်းဝသို့ 'အော့'ဟု လေချည် တစ်ချက် ထပ်တက်လာ၏။
      နောက်ထပ်တစ်ကြိမ် လေချည်တက်မလာမှီ သူမသည် ခေါင်းတစ်လုံးထွက်သာယုံသာဖွင့်ထားသည့်ပြတင်းမှန်တံခါးကို အတင်းတွန်းဖွင့်လိုက်ကာ အပြင်ဘက်သို့ ဦးခေါင်းကို ထွက်၍ အောက်သို့အန်ချပစ်လိုက်သည်။အန်ခြင်းကိစ္စမပြီး‌မြောက်မှီ မူးနေသည့်ကြားမှ စည်း‌နှောင်ထားခဲ့ရသော ခေါင်းစည်းကြိုးသည် ဘယ်အချိန်ကစ၍ ပြေကျသွားခဲ့သည် မသိ။ဆံနွယ်များသည် ဂုတ်ပေါ်မှ ရှေ့သို့ ပြိုဆင်း၍ ကျလာလေသည်။သူမ၏ပုံစံသည် အဝေးမှကြည့်ကြည့် အနီးမှကြည့်ကြည့် နံရံတစ်ခုကို ဖောက်ထွက်လာသော ခေါင်းပြတ်သရဲမကြီးနှင့်တူနေလေသည်။ကမ္ဘာလူဦးရေသုံးပုံပုံနှစ်ပုံ၏ ဝါသနာသည် ထွာဘယ်လင်း ဘိုင် ကား(Travelling by car)ဖြစ်နေရခြင်းမှာ သူမနားမလည်နိုင်သော အံဩစရာကိစ္စကြီးဖြစ်လို့ပင်‌ နေချေပြီ။

      "ဟာ....ဟိုအမ ကြွပ်ကြွပ်အိတ်ထဲအန်ပါဆိုနေမှဗျာ"

       သူမသည် ကားစပယ်ယာ၏စကားကို အရေးထားမ‌နေအား။ကိုယ်ဝမ်းနာကိုယ်သာသိ၍ တစ်လုတ်ပြီးတစ်လုတ်အန်ချပစ်လိုက်သည်။ပြီးမှ ကားဆရာနှင့်စပယ်ယာဖြစ်သူတို့ကို အသေအချာလေးပြော၍ တောင်းပန်ရအုန်းမည်ဟုသာ တွေးထားလိုက်မိသည်။သူမသည် အန်ခြင်းကိစ္စပြီးမြောက်သွားပြီးနောက် ဆံပင်များကို စု၍သိမ်းလိုက်ကာ ဦးခေါင်းကိုမော့လိုက်၏။ထိုအခါ လူငယ်တစ်ဦးသည် သူမနှင့်မျက်နှာချင်းဆိုင် မလှမ်းမကမ်းတွင်ရပ်လျှက် သူမကို မျက်မှောင်ကြုတ်၍ အလိုမကျစွာ ကြည့်နေသည်ကို တွေ့ရလေသည်။ထိုလူငယ်သည် တစ်ကိုယ်လုံးတွင် စစ်လက်နက်ပစ္စည် အပြည့်အစုံကို တပ်ဆင်လျှက် ခါးတွင် ပစ္စတိုကို ချိတ်ထားသည်။ပျောက်ကြားဝတ်စုံကိုဝတ်၍ ပျောက်ကျားလျှာထိုးဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး သားရေစစ်ဖိနပ်ကိုလည်း သပ်ယပ်စွာ စီထား၏။ထိုလူငယ်သည် သူမကို အတန်ကြာအောင် ကြည့်နေပြီးမှ ကားဆရာကို စကားပြောရန် ကားခေါင်းခန်းဘက်သို့‌ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားလေသည်။
           သူမသည် 'ဘာများပါလိမ့်'ဟု တွေးလိုက်မိပြီးမှ သူမ တကယ့်ကို မေ့နေခဲ့သည့်ကိစ္စကြီးကို သတိရသွားကာ ဦးခေါင်းတစ်ခုလုံး ထူ၍ ပူသွားသည်။သို့‌သော် ပထမဦးစွာ လုပ်လိုက်မိသော အရာသည် မိမိ၏မျက်နှာအနှံ့ကို လက်နှင့် ယောင်ရမ်း၍ စမ်းလိုက်မိခြင်းသာ ဖြစ်လေသည်။ခဏ‌လေး‌မျှတွေ့ဆုံခြင်းပင် ဖြစ်လင့်ကစား တစ်ဦးကိုတစ်ဦးမြင်သည့်ပထမဦးဆုံး‌အမြင်သည် အရေးကြီးဆုံးဖြစ်သည်ဟု လူတစ်ယောက် ပြောခဲ့ဖူးသည်။ထို့‌ကြောင့်ထိုချောမောသောလူစိမ်းတစ်ဦး၏ မိမိအပေါ်မြင်သည့် ပထမဦးဆုံးအမြင်သည် ခမ်းခမ်းနားနားနှင့်လှလှပပဖြစ်နေဖို့ လိုသည်ဟု ထင်လိုက်မိပုံရ၏။သို့‌သော်နှုတ်ခမ်းအနီးတစ်ဝိုက်မှ ရလိုက်သည့် ထမင်းစေ့အချို့နှင့်နှာခေါင်းဝတွင်တစ်နေသည့် ယံယံဖတ်အချို့သည် သူမ၏ အလှအပနှင့် ထည်ဝါမှုများကို ရက်စက်စွာ သိမ်းပိုက်၍ သွား‌လေသည်။
       သူမသည် ဒရိုင်ဘာဖြစ်သူနှင့်စကားပြောနေသည့် ထိုလူငယ်ကို မသိမသာ ကြည့်လိုက်သည်။ထိုလူငယ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးထူးခြားခြားဖြစ်နေသည့် အရာများမှာ အတော့်ကို များပြားလှသည်။တစ်ကိုယ်လုံး လုံနေအောင် ဝတ်ထားသော်လည်း အင်္ကျီလက်ကို တစ်တောင်ဆစ်၏ အောက်ဘက်နားအထိ ခေါက်တင်ထားသဖြင့် သွေးကြောစိမ်းများနှင့် ယှက်နေသည့် လက်ဖျံရိုးနှင့် လက်ချောင်းရှည်ရှည်သွယ်သွယ်များကို မြင်နေရကာ ထိုမြင်းကွင်းသည်ပင် မျက်လုံးခွာ၍ မသွားချင်လောက်အောင် ဆွဲဆောင်မှု ရှိ‌‌နေသည်။ဤမျှ‌ ချောမောသော ယောက်ျားသည် မြန်မာပြည်တွင် ရှိနေတာအံ့ဩစရာ။မြင့်မားသည့်အရပ်၊ထင်းနေသည့် နှာတံ၊ဖြူသည့် အသားအရည်နှင့် အထူးသဖြင့် ယောက်ျားတန်မဲ့ ပန်းသွေးဘက်သို့သမ်းနေသည့် နှုတ်ခမ်းများက ပို၍ ထူးခြားလှသည်။တုတ်ခိုင်သန်မာနေတာမျိုးမဟုတ်ဘဲ အပိုအလိုမရှိ ကွက်တိကျနေသည့် ခန္ဓာကိုယ်သည်....ဘုရားရေ သူမ၏ ရင်ဘတ်ထဲမှာ တဒုတ်ဒုတ်နှင့် ခုန်လို့နေပါလား။'ရူးနေပြီ၊နင်‌တော့ ရူး‌နေပြီ'ဟုစိတ်အတွင်းတွင်ဆူညံစွာ အော်ဟစ်ပစ်လိုက်သည်။
       ထိုလူငယ်က ကားဆရာနှင့်စကားပြောနေရာမှ သူမဆီသို့ ဖျတ်ကနဲ လှမ်းကြည့်လာသည်။သူမ၏ ထိုသူငယ်၏ အကြည့်များကို ရှောင်ရန် ဦးခေါင်းကို ကားအတွင်းသို့ လျှင်မြန်စွာ ပြန်ဆုတ်လိုက်ရာ တံခါးမှန်ပြားနှင့်‌ ဦးခေါင်းတို့ ပြင်းထန်စွာ တိုက်မိကြလေသည်။သို့‌သော် သူမမှာ တံခါးနှင့်တိုက်မိသဖြင့် နာသွားသည့်  ဦးခေါင်းကို သတိမပြုအား။သူမကြည့်နေသည်ကို ဟိုလူက မြင်၍များသွားပြီလားမသိဟူသောအတွေးများသာ ကြီးစိုးလျှက် မလုံစိတ်တို့ ဝင်နေမိ၏။သူမြင်သွား၏၊မမြင်သွား၏ကိုစုံစမ်းကြည့်ချင်လှသော်လည်း ထပ်ပြီးလည်း မကြည့်ဝံ့။‌တော်တော်ကြာ ကြည့်လိုက်မိကာမှ အကြည့်မတော်ဘဲ မျက်လုံးချင်းဆုံ‌နေလျှင် ဒုက္ခ။

        "အမ အဆင်ပြေရဲ့လား"

        သူမသည် ဘေးခုံမှ မိန်းကလေး၏ မေးလိုက်သည့် အသံကြောင့် လန့်သွားကာ တုန်ခနဲဖြစ်သွားသည်။သူမသည် မိန်းကလေးကို ကြောင်၍ ကြည့်နေမိရာမှ

        "ဪ ပြေပါတယ်။လူက မူးနေတော့ တံခါးမှန်ကို ဝင်တိုက်မိလိုက်တယ် ထင်ပါရဲ့" ဟု ဖြီးဖြန်း၍ ပြောလိုက်ရ၏။

    မိန်းကလေးသည် သူမကို ကျီးကန်းတောင်မှောက်ကြည့်ကာ စူးစမ်းနေသည်။၎င်းသည် သူမ၏ သူခိုးလူမိသည့် အဖြစ်ကို သတိချပ်မိပုံမပေါ်။ထိုအတွက်ပင် ကျေးဇူးတင်မိသည်။မိန်းကလေးသည်စိတ်ရင်းကောင်းသည့်ပုံဖြစ်သော်လည်း ပါးစပ်‌ကတော့ အင်မတန် ဖွာသည့်ပုံပင်။ကားစီးနေသည့်အချိန် တစ်လျှောက်လုံး လူတကာ၏ အကြောင်းစုံကို သူငယ်ချင်းဖြစ်သူများနှင့် ခရေစေ့တွင်းကျ မမောနိုင် မပန်းနိုင် ရှင်းပြပြောပြနေခဲ့သည်ကို ထောက်ရှုကြည့်ခြင်းအားဖြင့် ၎င်း၏အကျင့် မည်သို့ရှိသည်ကို သိနှင့်နေခဲ့ပြီးဖြစ်သည်။မိန်းကလေးသည် သူမ၏ ချောင်ကျ‌နေသည့် မျက်နှာကို အတန်ကြာအောင် စူးစမ်းသလို ကြည့်နေခဲ့ပြီးနောက် ခေါင်းမူးနေသဖြင့် တံခါးနှင့်တိုက်မိသွားရသည်ဟူသော အကြောင်းပြချက်ကို လက်ခံသွားပုံရ၏။ဘာမျှ ဆက်မမေးတော့။
     ခဏကြာတော့ မိန်းကလေးသည် သူမ၏ အနီးသို့ တိုး၍ ကပ်လာပြီး

      "အမ ဟိုအနားက ကားသမားဦး‌လေးကြီးနဲ့ စကားပြောနေတဲ့တစ်ယောက်ကို တွေ့တယ်မလား"ဟုလက်ညှိုးကလေးညွှန်ကာ လေတိုးသံက‌လေးနှင့် ပြောလာ၏။

       သူမသည် မိန်းကလေး၏ အမေး‌စကားကြောင့် ထိတ်ခနဲဖြစ်သွားကာ လက်ဖျားများပင် အေးစက်သွား၏။သို့သော် သူမသည် ထိုမိန်းကလေး၏ မျက်နှာအား ဟန်အမူအရာမပျက်ပင် လှည့်ကြည့်လိုက်ကာ တစ်ပါး‌သောသူများ၏ အကြောင်းကို သိရန် စိတ်မပါလှသောဟန်ပန်မျိုးဖြင့် နှုတ်ဖြင့်မဖြေဘဲ ခေါင်းကိုသာငြိမ့်၍ ပြလိုက်လေသည်။

    "အဲ့ဒီအကိုက ပြည်သူကာကွယ်ရေးတပ်ရဲ့တပ်ရင်းမှူးတဲ့၊အသွားတုန်းက ဟိုးဘက်ဆိုင်က အချည်ပေါင်းသည် အမကြီးပြောပြလိုက်တာ... အဲ့ဒီတုန်းက အဝေးကပဲ မြင်လိုက်ရတာ...သိပ်ချောတာပဲနော်"

    "ဪ.."

     သူမ၏ 'ဪ'ထဲတွင် အဓိပ္ပါယ်ပေါင်း မြောက်များစွာ ပျော်ဝင်လျှက်ရှိ‌နေသည်ကိုမူထိုမိန်းကလေးကတော့ ဘယ်သောအခါမျှသိနိုင်လိမ့်မည် မဟုတ်။ကိုယ် ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ 'ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ရင်းမှူးတဲ့လားကွယ်'ဟု လွှတ်ခနဲစိတ်အတွင်းမှ ဖွဖွကလေး ရေရွက်မိသွား၏။တစ်ဆက်တည်းမှာပင် သူမအတွက်အရေးပါသည့် တစ်စုံတစ်ခုသည် သူမ၏ဘဝကြီးထဲမှ အပြီးအပိုင် ပျောက်ကွယ်သွားသလိုလို ခံစားလိုက်ရ၏။သူမသည် သူရှိနေရာသို့ ဖျတ်ကနဲ လှမ်းကြည့်လိုက်သည်။ကားသမားဖြစ်သူက ဘာ‌တွေများ သံတော်ဦးတင်တော်မူနေသည် မသိ။သူက လက်နှစ်ဖက်ကို ခါးတွင် ထောက်လျှက် မျက်ခုံးများကိုတွန့်‌‌ကွေး၍ ကားသမားပြောသမျှကို သေချာစွာ နားထောင်နေသည်။‌သူမသည်အန်နီမေးရှင်းဆွဲထားသည့်အလား  ခေါက်ရိုးကျလှသည့်ထိုမြင်ကွင်းကို မက်မက် မောမောကြည့်နေမိရာမှ ရုတ်တရက် မျက်နှာအပျက်ကြီးပျက်သွားကာ သူမ၏ မျက်လုံးများကို ထိုလူထံမှ ရုပ်သိမ်းလိုက်လေသည်။မိမိနှင့်မထိုက်တန်သော အဖိုးတန်လွန်းသည့် အင်္ကျီတစ်ထည်၏အ‌ကြောင်းကို စွဲလမ်းစိတ်ဖြစ်မလာမိခင် မေ့ပစ်လိုက်သင့်သည် မဟုတ်ပါလား။
 

မည်သို့ပင်ဖြစ်စေ အချိန်တစ်ပတ်ခန့်မျှကြာသွားပြီးလျှင် သူမ၏ဉာဉ်အတိုင်း ခဏတာတွေ့ခဲ့ရသော ထိုခပ်ချောချောမျက်နှာကို သူမ၏ ဦးနှောက်နှင့် နှလုံးသားသည် မေ့ပစ်ကြပါလိမ့်မည်။စတွေ့ကတည်းက သူနှင့်သူမတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း‌တောင် ဖြစ်နေခဲ့ကြပြီမဟုတ်ပါ၏‌လော။‌သူမနှင့်သူသည် နောက်ထပ်တစ်ဖန် ဆုံတွေ့နိုင်ကြဖို့ရန် အကြောင်းအရင်းလည်း မရှိသကဲ့သို့ သူမနှင့်သူ၏ကြားတွင် မမေ့နိုင်ဘဲ တမ်းတမက်မောနေရမည့်အရာများလည်း ဖြစ်ပျက်၍မထား။သို့‌သော်လည်း သူမ၏နှလုံးသားသည် ဖြတ်သွားရင်း တွေ့မိသည့် သူမကိုမုန်းမည့် လူတစ်ယောက်၏ပေါ်တွင် ဘာကြောင့်များ သာမာန်ထက်ပို၍အရှက်မရှိစွာခုန်မင်နေရပါသနည်း။
       အများတကာပြောကြသည့် အချစ်ဆိုသောထိုအရာသည် ဤကမ္ဘာပေါ်တွင် အမှန်တကယ်နေထိုင်နေရဲ့လားဆိုတာကို သိချင်မိ သည်။သူမအဖို့မူ အချစ်ဆိုသောအရာသည် ထူးခြားသောယောက်ျားကလေးတစ်ဦးဦးနှင့် ဆုံသည့်အခါတိုင်းဖြစ်ပေါ်နေကျပဲဖြစ်သည်။ထူးခြားသော ကောင်းကလေးတစ်ဦးကို မြင်လိုက်ရယုံပဲရှိသေးသည်။စိတ်ကူးထဲတွင် ထိုကောင်ကလေးနှင့်အတူ အနာဂတ်၏ခရီးများကို ရှေ့ဆက်၍သွားနေပြီ ဖြစ်သည်။တစ်ဖန် ထိုကောင်ကလေး မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီ ဆိုသည်နှင့် ခုဏက စိတ်ကူးယဥ်ခဲ့သော ကိစ္စများသည် ပြီးပြီးပျောက်ပျောက်ပဲ ဖြစ်သွားပြန်၏။‌
        သူမ၏ ဘဝရည်မှန်းချက်စိတ်ကူးများထဲမှ အရေးအကြီးဆုံး‌သောတစ်ခုသည် ဆန့်ကျင်ဘက်လိင်ပိုင်ရှင် သူစိမ်း‌ယောက်ျားတစ်ယောက်ထံမှ စစ်မှန်သော ချစ်ချင်းမေတ္တာကို ရ၍ ၎င်းနှင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းရန်ဖြစ်သည်။သူမသည်တစ်ခါတစ်ရံသပွက်အူကဲ့သို့ ရှုပ်ထွေးပွေလီလွန်းလှသော လောကကြီးကို မျက်ကွယ်ပြု၍ တောင်ပေါ်ဒေသလေးတစ်ခုသို့သွားကာ ကလေးငယ်များကို စာသင်ပေးချင်သည်။ပြီးလျှင် ထိုဒေသမှ အပြုံးချိုချိုနှင့် စိတ်သ‌ဘောထားကောင်း‌သော‌ သစ်သီးခြံပိုင်ရှင်ကောင်လေးတစ်ဦးနှင့်တွေ့ဆုံကာ စစ်မှန်သော ချစ်ချင်းမေတ္တာတစ်ခုကို မွေးဖွား၍ ထိုဒေသနှင့်ထိုဒေသကို မြတ်နိုး‌သောလူသားတစ်ဦးကို ရာသက်ပန်မြတ်နိုးတန်ဖိုးထားရင်း ထိုဒေသမှာပဲ အရိုးမြေကျသည်အထိနေထိုင်သွားချင်သည်။           
       တစ်ခါတစ်ရံ နှစ်ဆယ့်တစ်ရာစုနှင့် ရင်ဘောင်တန်းလျှက် ပူလောင်လှသော မြို့ပြ၏ ရင်ခွင်တွင် ထက်မြက်သော တက္ကသိုလ်ဆရာမတစ်‌ယောက်အဖြစ်နှင့် နေထိုင်သွားချင်၏။ဒါ့အပြင်မဟာပညာရေးဘွဲ့နှင့်ပါရဂူပညာရေးဘွဲ့များကို နိုင်ငံခြားသို့ သွား၍ ယူလိုက်အုန်းမည်။ရည်မှန်းထားသကဲ့သို့ တက္ကသိုလ်ဆရာမတစ်ဦးအဖြစ်ဖြင့် နေထိုင်သွားနိုင်ပြီဆိုလျှင် အတွင်းစိတ်သဘောထား ဖြူစင်သော်လည်း ခက်ထန်ချင်ဟန် ဆောင်နေသည့် ခပ်ချေချေ ခပ်မိုက်မိုက်‌ သူဌေးကိုလူ‌ချောတစ်ဦးနှင့် ပြဇာတ်ဆန်ဆန် ရည်ငံမိပြီး ဇာတ်ပေါင်းထုပ်လိုက်ချင်သည်။
       သူမ၏ စိတ်ကူးများသည် မည့်သို့သော အကြောင်းအရာမျိုးများမှစတင်သည်ဖြစ်စေ ဇာတ်သိမ်းသည် တစ်နေရာတည်းသို့သာ အစဥ်သဖြင့် ဦးတည်နေ၏။သူမသည် အချစ်ကို ငမ်းငမ်းတက်လိုချင်နေသည့် မိန်းမတစ်ယောက်အဖြစ် မောဟကြီးစွာ မွေးဖွားလာခဲ့ပုံရသည်။သို့သော် အချစ်ဟူသည် အသက်ရှင်နေသမျှကာလပတ်လုံးတစ်ယောက်တည်း၏ အ‌ပေါ်တွင်သာ သစ္စာရှိစွာ ချစ်မြတ်နိုးသွားရခြင်းမျိုးကို ဆိုလိုခြင်းဖြစ်လျှင်မူ ထိုအချစ်ဟူသောအရာသည် သူမအတွက် ထိတ်လန့်ဖွယ် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေပြန်သည်။
       သူမသည် ဝတ္ထုစာအုပ်များထဲကလို စစ်မှန်သော အချစ်တစ်ခုနှင့်တွေ့လိုလှသည်။သူ့မှ မရလျှင် သေရပါတော့မည်ဟူသော အချစ်မျိုးနှင့်ကြုံချင်သည်။ချစ်သူ့မျက်နှာသာလျှင် တစ်ကမ္ဘာထင်ချင်သည်။အသက်ပင် စွန့်၍ ပေးချင်ရလောက်သည့်အထိ ချစ်ချင်သည်။ချစ်သလိုလို ကြိုက်သလိုလို ခံစားချက်သည် ဆယ်ကျော်သက် မြှီးကောင်ပေါက်စ အရွယ်ကတည်းက ရင်တွင် အကြိမ်ကြိမ် ဖြစ်ပေါ်နေခဲ့ဖူးပြီးဖြစ်သဖြင့်'တစ်သက်မှာ တစ်ခါတည်းပဲ ချစ်ခဲ့တာပါကွယ်'ဟုတော့ အရှက်မရှိစွာ လိမ်၍မပြောလိုပါ။သို့‌သော်'မင်းမဟုတ်သော အခြားသူတစ်ယောက်နှင့်‌ ကိုယ့်ရဲ့ဘဝကြီးကို ရှေ့ဆက်နေထိုင်မသွားချင်ဘူးကွယ်'ဟုတော့ မျက်ရည်တစမ်းစမ်းနှင့် ပြောရလောက်သည်အထိ ချစ်ချင်သေးသည်။ထိုကဲ့သို့ အချစ်ကိုသာ ကိုးကွယ်၍၊အချစ်ကိုသာ မှီခို၍၊‌အချစ်နှင့်သာ အနာဂတ်ကို‌ရှေ့ဆက်၍ နေထိုင်ချင်လှသောသူမသည် အဘယ်ကြောင့် အနည်းငယ်မျှ ထင်ပေါ်သော ယောက်ျားတိုင်း၏အပေါ်တွင် လွယ်လွယ်ကူကူနှင့် တိမ်းညွှတ်စိတ်တို့ ဖြစ်ပေါ်နေရပါသနည်း။အဘယ့်ကြောင့်များသူတကာတွေ မက်မက်မောမောနှင့်လိုချင်နေသည့် အချစ်ဟူသော ထိုအရာသည် သူမ၏ စိတ်နှလုံးတွင်မှ အကြိမ်ကြိမ်ဖြစ်‌ပေါ်နေရပါသနည်း။အချစ်သည် သူမအား မုန်းတီးစိတ်ဝင်နေသဖြင့်ခပ်ပေါပေါကျိန်စာတစ်ခုနှင့်များဒဏ်ခတ်ထားခဲ့လေသလား။

      "အရေးပေါ်စစ်ဆေးစရာရှိလို့ အားလုံး မှတ်ပုံတင်ကိုယ်စီကိုင်ပြီး အောက်ဆင်းပေးကြပါ..ခင်ဗျာ"

      ကားစပယ်ရာ၏ ယဉ်ကျေးစွာအော်ပြောလိုက်သောစကားသံသည် သူမ၏ အတွေးစများကို အပိုင်းပိုင်းပြတ်တောက်သွား‌စေကာ စောနက သူမမေ့နေခဲ့သည့် အကြောင်းအရာသည် ခေါင်းထဲသို့ တဟုန်ထိုး ပစ်ဝင်လာပြီး ဦးနှောက်နှင့်နှလုံးသားတစ်ခုလုံးကို နေရာဝင်ယူသွား၏။ဘယ်ဘက်ရင်အုံဆီမှ တဒိတ်ဒိတ်ခုန်‌နေသော နှလုံးခုန်သံသည် ချောမောသည့် မျက်နှာတစ်ခုကို မြင်လိုက်ရတုန်းကထက် ပိုပြီး လှုပ်ခုန်‌နေကြသည်ဟု ထင်မိသည်။ကားမှန်ပြတင်း၏ အပြင်ဘက်သို့ မျက်လုံးများကို ဝေ့၍ မသိသာကြည့်လိုက်တော့ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသည့် တပ်သားများသည် စောစောကထက် ပို၍များလာသည်ကို တွေ့ရသည်။ထိုအထဲတွင် လက်နက်ကိုင်ထားသည့် အမျိုးသမီးအချို့ကိုလည်း ဟိုတစ်ယောက်သည်တစ်ယောက် တွေ့နေရ၏။  

      ထမင်းဆိုင်၏အဝတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မတုန်မလှုပ်ရပ်ကာ ကင်းစောင့်နေသည့် တပ်သားကလေးသည် သူ၏ ကလေးရုပ်မပျောက်သေးသည့် နုနယ်သည့်မျက်နှာကို ရှုတည်တည်ထားလျှက် ခရီးသည်များကို သံသယမျက်လုံးများနှင့် လိုက်လံကြည့်ကာစူးစမ်းနေ၏။သူငယ်‌လေးကိုကြည့်ရသည်မှာ ဆယ့်ရှစ်နှစ်ပင် ပြည့်ပါသေးရဲ့လားမသိ။ရုပ်ကလေးကြည့်ရ‌တာ‌တော့ ဆယ်တန်း၊ဆယ့်တစ်တန်း တက်နေကြသည့် သူမ၏ တပည့်ကလေးများနှင့် ပုံစံအားဖြင့်အတူတူ။သူငယ်က‌လေးမှာ မိဘတွေမရှိကြတော့တာများလား သို့မဟုတ် ထိုကဲ့သို့ လုပ်နေသည်ကို မိဘများက ဘာတစ်ခွန်းမျှဝင်မပြောဘဲ မြှောက်ပင့်၍ နေကြသလား သို့မဟုတ် ပြောလို့ဆိုလို့ပဲ မရတာများလားမသိ။
       အင်အား‌တောင့်တင်းလျှင်ပြီးရောဟု သဘောထား၍ ဖြစ်သင့်သည် မဖြစ်သင့်သည်ကို မစဉ်းစား‌တော့ဘဲ လက်နက်ကိုင်ခွင့်ပေးထားကြပုံရသည်။‌ဒီနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးများအားလုံး စာသင်ကျောင်းများကို ကျောခိုင်းသွား‌စေရန် ဘယ်သူတွေကများ စ၍ အကြံထုတ်ခဲ့ကြတာပါလိမ့်ဟု တွေးမိကာ အမြင်ကပ်မိသည်။လူ‌သေစေနိုင်သည့် လက်နက်တစ်ခုကို ကိုင်ထားရန် ဤအရွယ်သည် တကယ့်ကို ငယ်လွန်လှသေး၏။ပြောလို့သာ ပြောရသည်။တပ်ရင်းမှူးဖြစ်သူ အကိုကြီးကိုလည်း တစ်ချက်မျှ ရှုစားကြပါအုန်း။သူမထက်တော့ အနည်းဆုံး ‌သုံးလေးနှစ်ခန့်နီးပါးတော့ ငယ်မှာ‌ သေချာသည်။

       "အမ မသွားသေးဘူးလားဟင်"

       "ဟင်.....ဪ..အေး"

       ဘေးမှ မိန်းကလေးသည် သူမ၏ ပုခုံးကို ကိုင်လှုပ်ကာမေးလိုက်သဖြင့် ထိုင်ခုံ‌အောက်မှ ခရီး‌ဆောင်အိတ်ကို ခပ်မြန်မြန်ဆွဲထုတ်၍ မှတ်ပုံတင်ကို ရှာလိုက်သည်။သို့သော် အိတ်ထဲမှာ မှတ်ပုံတင်ကို ရှာမတွေ့။‌ကားမူးသည့်ဒဏ်နှင့် ကားတွင်းမှလာသည့် အနံ့‌အသက်တွေကြောင့်တစ်ကြောင်း၊မှတ်ပုံတင်ကို ရှာလို့မတွေ့တာကတစ်ကြောင်းကြောင့် မျက်လုံးတွေက ပြာလာသည်။လူက အလိုလိုနေရင်း ပို၍ မူးနောက်လာကာ အန်ချင်လာပြန်သည်။နာရီများစွာ မလှုပ်မလျှက်ထိုင်ထားရသဖြင့် ခြေထောက်တွေကလည်း ထုံ၍ကျည်နေ၏။

      "ဟို အမကြီး ခုထိမှတ်ပုံတင်မတွေ့သေးဘူးလား....အသင့်ဆောင်ထားပါဆိုနေဗျာ၊ခင်ဗျားတို့ ကားငမူးတွေနဲ့လည်း ခွကျတယ်"

       သူမသည် ကားဆရာ၏ စကားကို ဂရုမစိုက်အားသေးပဲ မှတ်ပုံတင်ကိုသာ သည်းမဲ၍ ရှာနေမိသည်။ခရီး‌ဆောင်အိတ်ထဲတွင် မ‌တွေ့သဖြင့် ကျောပိုးအိတ်၏ ဇက်များကို တစ်ခုပြီးတစ်ခုဖွင့်၍ ရှာလိုက်သည်။ကျောပိုးအိတ်ထဲမှာလည်း မတွေ့။ခရီးသည်များသာ ကားပေါ် မှတစ်ယောက်ပြီးတစ်ယောက်ဆင်းသွား ၏။သူမ၏မှတ်ပုံတင်ကိုတော့ ရှာ၍ မတွေ့။သူမသည် မှတ်ပုံတင်ရှာရင်း စိတ်တွေအိုက်လာကာ ချွေးပါပြန်ချင်လာသည်။‌ခြေသလုံးအလယ်လောက်အထိ ရှည်သည့် (A)ပုံဂျင်းစကပ်ကို ဝတ်ထားမိသည့်အတွက် ထိုင်ရထရသည်မှာ သိပ်မလွယ်လှ။‌အကွဲကြောင်းများပါသဖြင့် ထိုင်လိုက်တိုင်း အောက်စလွတ်သွားမည်စိုးရိမ်ရ၍ ထိန်းသိမ်းနေရသေးသည်။စီးထားသည့် စနီကာဖိနပ်ကိုလည်း ချွတ်ပစ်ချင်နေသည်။အနက်နှင့် အဖြူကျားထားသည့် ခပ်ပါးပါးလက်ရှည်တစ်ထပ် ၎င်း၏အပေါ်တွင် ထပ်ဝတ်ထားသည့် အဖြူရောင် ဟော်ဒီခေါင်းစွပ်လက်ရှည်က တစ်ထပ်နှင့်မို့ လူက အတော်ပင် အိုက်စပ်လာ၏။ရှာ၍မတွေ့တော့သည့်အဆုံးတွင် 'အခြေအနေကြည့်၍ ပြောရတော့မှာပဲ'ဟုဆုံးဖြတ်လိုက်ကာဆလင်းဘတ်ကို လွယ်၍ နေရာမှ ထလိုက်စဉ် ပိုက်ဆံအိတ်ကို အတွေးပေါ်လာ၏။မသင်္ကာ၍ လှပ်ကြည့်လိုက်တော့မှ အထဲမှာ ခန့်ခန့်ကြီး စံပယ်တော်မူနေသည့် မယ်မင်းကြီးမ မှတ်ပုံတင်။သူမသည် အောင်ပွဲရသူတစ်ဦးကဲ့သို့ မှတ်ပုံတင်ကိုကိုင်ကာ နေရာမှ ကတမ်းကမန်းထလိုက်သည်။

      "ဆလင်းဘတ်အိတ် ကျန်ခဲ့ပြီနော် အမ"

       သူမသည် ကားစပယ်ယာဖြစ်သူကို ဘာမျှပြန်ပြောမနေတော့ဘဲ ပြုံးယုံသာပြုံးပြကာ ဆလင်းဘတ်ကို တဖန်ပြန်လှည့်ယူ၍ စလွယ်တိုင်းလိုက်သည်။ရင်ဘတ်ထဲမှ အော့ခနဲ ပျို့တက်လာကာ ခေါင်းထဲမှလည်း မိုက်ခနဲဖြစ်သွားသဖြင့် ကားထိုင်ခုံတစ်ခု၏ နောက်မှီကို ကိုင်ကာ ခ‌ဏမျှ ရပ်နေရသေးသည်။ဤဒုက္ခကို ခံစားရန် သူမတွင် မည်မျှ များပြားသော အချိန်တွေ ကျန်ရှိနေပါသေးသနည်း။
       ကားပေါ်မှဆင်းလိုက်သည်နှင့်အေးမြ၍ လတ်ဆတ်သောလေသည် သူမအား သိမ့်မွှေ့ခြင်းအသွင်ဆောင်၍ ဆီးကြို၏။ငွေပန်း၏ ရနံ့သင်းသင်းသည် အချိန်အခါမဟုတ်ပါဘဲလျှက် မွှေပျံ့ကြိုင်လှိုင်လို့နေသည်။

       "ဒီက ငါ့တူမလေး ပန်းယူအုန်းမလား။ငွေပန်း၊စံပယ်ပန်းနဲ့ သဇင်ပန်းကုံးလေးတွေ ပါတယ်နော်"

       ဘယ်အချိန်ကတည်းက သူမ၏အနီးတွင် ရောက်နေသည်မသိသည့် သနခါးဘဲကြားနှင့် အဒေါ်ကြီးသည် လက်ထဲမှ ပန်းများကို မြှောက်ပြ၍ ညှင်သာသော အသံနှင့်ဆိုသည်။

       "ကျေးဇူးပါပဲ အဒေါ်။လတ် ပန်းမကြိုက်လို့ပါ"

     "အိုးကွယ်...မျက်နှာကလေးလှ‌သလောက် ပန်းကျမကြိုက်ဘူးတဲ့လား.."

      အဒေါ်ကြီးသည် အင်မတန်အံဩသွားသောဟန်နှင့် မျက်လုံးကြီးပြူးကာ သူမကို လူထူးဆန်းသဖွယ် ကြည့်လာသည်။

      "ပန်းမကြိုက်ဘူးလို့ မပြောကောင်းဘူး‌နော်။အဲ့လိုပြောရင် 'တစ်ဘဝလုံး ချစ်တဲ့ကြိုက်တဲ့သူ မရှိပါစေနဲ့'ဆိုပြီး ပန်းတွေက ကျိန်စာတိုက်တတ်တယ်တဲ့။"

     ဒုက္ခပါဘဲ ပန်းမကြိုက်တာကို မကြိုက်ပါဘူးလို့မပြောလို့ မည်သို့များပြောရမည်နည်း။ကျိန်စာတိုက်မည်ဆိုလျှင်လည်း တိုက်ပါစေတော့။အစကတည်းက သူမမှာ ဒီကျိန်စာက ရှိနေနှင့်ပြီးသားပဲ။

       "ပြီးတော့ ဒီကမ္ဘာကြီး ဒီလောက်လှ၊ဒီလောက်မွှေးနေတာက ဘယ်သူတွေကြောင့်လဲ..ပန်းတွေကြောင့်ပဲလေ။ဒီကမ္ဘာကြီး‌ပေါ်ကနေ ပန်းတွေသာ ပျောက်သွားကြည့်ပါလား.... အမလေး တွေးတောင် မတွေးရဲဘူး။ညည်းတို့ ခေတ်လူငယ်တွေလည်း မပြောရဲတာကို မရှိတော့တာပါကလား..ရော့ရော့...ငွေပန်းတစ်ကုံး အလကားယူသွား...."

     "ရပါတယ် အဒေါ်၊မယူတော့ပါဘူး။"
   
      "ယူစမ်းပါအေ...ငွေပန်းနံ့က ကားမူးတာကို သက်သာစေပါတယ်...စောနက ဟော့ဟိုက ကားပြတင်းပေါက်ကနေ ညည်းအန်နေတာ ကျုပ်မြင်သားပဲ...ယူ..ယူ"

       အဒေါ်ကြီးသည် အတင်း‌ပေးသဖြင့် သူမသည် အားနာနာနှင့်ပင် ပန်းတစ်ကုံးကို ယူလိုက်ရသည်။စင်စစ်မူ သူမသည် ပန်းကို မလိုချင်လို့ရယ်တော့ မဟုတ်။အလုပ်ရှုပ်မည်စိုး၍သာ ပါးစပ်ထဲရှိရာကို ပြောလိုက်မိခြင်းဖြစ်သည်။ငွေကလေး နည်းနည်းရရန် ပင်ပန်းကြီးစွာ ရောင်းချနေရသည့် ဤအဘွားအိုကြီးသည် သူမ၏အပေါ်တွင် အဘယ့်ကြောင့်များ စေတနာထား၍ ပန်းကုံးတစ်ကုံးကို ‌ငွေမယူဘဲ အလကား ပေးနေရပါသနည်း။ခောတ်ခပ်စုတ်စုတ်၊နိုင်ငံခပ်စုတ်စုတ်နှင့် လူခပ်စုတ်စုတ်များ၏ကြားတွင် ဤသို့သောလူများလည်း ရှိနေသေးတာပဲဟု အံ့ဩရ‌သေး၏။ငွေပန်း၏ ရနံ့ကလေး နှာသီးဖျားထဲသို့ တိုးဝင်လာတော့ အီနောက်နောက်ညှီစီစီဖြစ်နေသည့်စိတ်သည် အနည်းငယ်သက်သာ၍သွားသလိုတော့ ထင်မိသည်။သူမသည် ငွေပန်းဆီမှလာသည့် ရနံ့ကို သဘောကျသွားကာ လှစ်ခနဲ ပြုံးလိုက်ပြီးအဒေါ်ကြီးကို ကြည့်၍ "ဒီလိုဆိုရင် လတ်ကို ငွေပန်းတစ်ထောင်ဖိုးလောက် ရောင်းပါ"ဟု အလကားရထားသည့် ငွေပန်းကုံးကို ထပ်မံနမ်းရှိုက်ရင်း ပြောလိုက်သည်။

       "အိုအေ...ငါ ရောင်းချင်လို့ ညည်းကို ပေးတာမဟုတ်ပါဘူး။ငါက.."

       "မဟုတ်ပါဘူး အဒေါ်ရဲ့။ခုမှ ရချင်သွားလို့ပါ...လတ်ကို အလကားပေးလို့ ပြန်ဝယ်တာလည်း မဟုတ်ပါဘူး။"

       အဘွားကြီးက သူမအား ပန်းကုံးများကိုတော်တော်နှင့် မပေးဘဲ အလိုမကျစွာ ကြည့်နေသည်။အဘွားအို၏ မျက်လုံးများထဲတွင် 'ခွင်ဆင်သည်'ဟု အထင်ခံရမှာကို အတော်ကလေး စိုးရိမ်နေသည့် အရိပ်များကို မြင်နေရ၏။သူမသည် ထိုအခြေအနေကို ရိပ်မိသွားကာ ပိုက်ဆံအိတ်ထဲမှ ငွေတစ်ထောင်ထုတ်၍ အဒေါ်ကြီး၏ လက်ထဲသို့ အလျှင်အမြန် ထိုးထည့်လိုက်ပြီး

       "ကဲ..ပေးပါ။အဒေါ်ရဲ့..."ဟုပြုံး၍ ပြောလိုက်သည်။ထို့နောက် မေတ္တာလက်ဆောင်ရထားသည့် ငွေပန်းကုံးကို ထပ်မံ၍ နမ်းရှိုက်နေလိုက်သည်။အ‌ဘွားအိုသည် ဘာမျှမပြောတော့ဘဲ သက်ပြင်းကို ဟင်းခနဲချကာ သူမကို ပေးရန် ပန်းကုံးလေးကုံးကို ရွေးလိုက်သည်။

       "ပန်းကုံးတွေက အရင်တုန်းကတော့ တစ်ကုံး တစ်ရာ၊နှစ်ရာဖိုးသုံးကုံး၊ငါးရာဖိုးဆို ဖောချင်းသောချင်းရတာအေ့။ခုတော့ တစ်ကုံးသုံးရာ၊ငါးရာဖိုး နှစ်ကုံးပဲ ပေးနိုင်တော့တယ်။ပန်းတွေ ရှားသွားလို့ရယ်တော့ မဟုတ်‌ဘူးအေ့။ကုန်ဈေးနှုန်းက အတင်းတက်နေတော့ ရတာလေးနဲ့ စားဖို့သောက်ဖို့ ကာမိအောင် လိုက်တက်ရတာရယ်"

         သူမသည် အဘွားအိုကြီးပြောသမျှကို နားသာထောင်နေ၍ တစ်စုံတစ်ရာပြန်မပြောဖြစ်။သူမပြောတာ မှန်သည်ဟုတော့ စိတ်ထဲမှ ထောက်ခံမိသည်။ဧရာမင်း ဆန်တစ်ပြည်ကို (၇၀၀၀)ကျပ်၊ကြက်သား တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ဆီတစ်ပိဿာ(၁၅၀၀၀)ကျပ်၊မြေပဲဆန် တစ်ပြည်ကို (၁၅၀၀၀)ကျပ်။ဒါက လက်ရှိဈေးနှုန်း။နောက်ထပ် ဘယ်လောက်ထိ ထပ်တက်အုန်းမည်မှန်း မသိ။တစ်နှစ်ထက်တစ်နှစ် စပါးမစိုက်ပျိုးကြရ၊ပဲမစိုက်ကြရ၊နှမ်းမစိုက်ကြရ၊‌နေကြာမစိုက်ကြရသည့် ဒေသက ပို၍သာ တိုးလာသည်။လတ်တို့၏ ကလေးခရိုင်တွင်းကိုပဲ ကြည့်ပါအုန်း။မင်းကင်း၊ကလေးနှင့်ကလေးဝ သုံးမြို့နယ်သည် ယခင်က ဆန်၊ဆီနှင့်ပဲ အကြီးအကျယ်ထွက်ရှိသည့် ဒေသဖြစ်သည်။ယခုတော့ ဆန်၊ဆီနှင့်ပဲ အဓိကထွက်ရှိသည့် ကလေးတောင်ပိုင်းက တိုက်ပွဲတွေ တအုန်းအုန်းဖြစ်နေကြသည်။ကလေးဝမြို့နယ်တွင်းမှ ဆန်အဓိကထွက်ရှိသည့် မစိန်နှင့်ဆည်ကြီးအုပ်စု၊ဂဇက်အုပ်စု၊တောင်အောက်အုပ်စု၊ချင်းချောင်းအုပ်စု၊မန်ဖာလေးအုပ်စုတို့ကိုမူ ပီဒီအဖ်က ထိန်းချုပ်ထားပြီး ၎င်းတို့က ဆန်နှင့်ဆီများကို အခြားသောမြို့နယ်များနှင့်ကူးသန်းရောင်းဝယ်ခွင့်မပြု။မင်းကင်းမြို့နယ်အတွင်းတွင်လည်း ရွာတစ်ချို့တစ်ဝက်သာ စိုက်ပျိုခွင့်ရ၍ ဒေသတစ်ချို့က အချိန်ပြည့် ပြေးနေ၊လွှားနေရသဖြင့် စိုက်ပျိုးထွန်ယက်ခွင့်မရကြ။စိုက်ပျိုးခွင့်ရသည့် ဒေသကျတော့လည်း ပြင်ပမြို့နယ်များသို့ သယ်ယူခွင့်မရှိကြပြန်။
        ပြီးလျှင် ပြည်တွင်းမှာ ဖောချင်းသောချင်း ထွက်သည့် ဓာတ်ဆီတစ်ဂါလံရဲ့ဈေးကိုလည်း ကြည့်ကြပါအုန်း။(၁၆၀၀၀)ကျပ်တဲ့။ဒါတောင်အမြဲတမ်းရနေနိုင်တာမျိုးမဟုတ်။လမ်းတွေပိတ်နေလျှင် တစ်နယ်လုံး ရက်နှင့်ချီ၍ဆီတွေပြတ်နေတတ်သည်။ဓာတ်ဆီ‌ဈေးကတော့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် တက်နေသည်မို့ ထားပါအုန်း။ဆန်နှင့်ဆီ အဓိကထွက်သည့် နိုင်ငံမှာ ဆန်နှင့်ဆီတွေ ဈေးကြီးနေတာတော့ အသဲပေါက်ဖို့ ကောင်းသည်။ဒီအကြောင်းတွေကိုများ တွေးမိလျှင်'စိတ်ပျက်တယ် တကယ့် အလကားနိုင်ငံ'ဟုသာ အကျယ်ကြီးအော်လိုက်ချင်သည်။

       "ဇွန်ပန်းကုံးလေးတစ်ကုံး အပိုထည့်ပေးလိုက်မယ်နော် ဇွန်ပန်းကို ကြိုက်တယ်မို့လား။"

        "ဟုတ်"

        "ဒါနဲ့လေ အဒေါ် ခုဏကပြောတဲ့ ပန်းတွေကြောင့် ကမ္ဘာကြီးကလှနေတာဆိုတာလေ...."

        "အေး ဘာဖြစ်လို့တုန်း"

       အဒေါ်ကြီးသည် ပန်းကုံးများကို ရွေးနေရာမှာ သူမ၏ စကားကို ထောက်လိုက်လိုက်သည်။

      "လတ်တော့ လက်မခံဘူးရယ်..."

       "ဟမ်..."

       "အမှန်က ကမ္ဘာကြီးက အဒေါ်နဲ့ လတ်တို့လို မိန်းမချောကလေးတွေရှိနေလို့သာ လှနေနိုင်တာ။လတ်နဲ့အဒေါ်တို့လို့ မိန်းမချောတွေသာ မရှိကြည့်ပါလား။အမလေး တွေးတောင် မတွေးဝံ့ဘူး"

       အဘွားအိုသည် ပန်းကုံးရွေးနေရာမှ သူမကို အထူးအဆန်းသဖွယ် မော့ကြည့်သည်။ပြီးနောက် အတွေးပေါက်ကာ ဟတ်ဟတ်ပတ်ပတ်ရယ်မောလိုက်ပြီး 'ဟေ ဒါတော့ ဟုတ်တယ်‌အေ့'ဟု အသံကျယ်ကြီးနှင့်ထောက်ခံလေသည်။အဘွားအိုက ရယ်သဖြင့် သူမကလည်း လိုက်ရယ်လိုက်သည်။ရယ်နေရင်းဖြင့် သူမ၏မျက်လုံးများသည် ဘေးဘီဝဲယာသို့ ကင်းလှည့်လိုက်ရာ ကိုတပ်ရင်းမှူးသည် သူမတို့နှစ်ဦးကို မျက်ခုံးများတွန့်၍ အလိုမကျစွာ ကြည့်နေသည်ကို တွေ့ရလေသည်။သူမသည်သူ၏ မျက်နှာကို မြင်လိုက်သည်နှင့် နှုတ်မှ 'အိုရ်'ဟု လွှတ်ခနဲထွက်သွားပြီး ရယ်မောခြင်းသည်လည်း တိခနဲ အရှိန်သတ်သွားသည်။

       "အဒေါ် ကျွန်မ သွားလိုက်အုန်းမယ်နော်"

       "ကောင်းပါပြီတော်။အခုလို ပန်းဝယ်ပြီး အလှူပြုရတဲ့အတွက် ဘုန်းကြီးပါစေ၊အသက်ရှည်ပါစေ၊ရောဂါဘယကင်းရှင်းပါစေ၊ချစ်ရမြတ်နိုးရသည့်သူ၏ အချစ်ကိုလည်း ရပါစေ၊ရတနာမြတ်ငါးပါးကို ဦးထိပ်ထားနိုင်သူ တစ်ယောက်လည်းဖြစ်ပါစေ၊ငါးပါးသောသီလကို လည်း ခါးဝတ်ပုဆိုးကဲ့သို့မြဲပါ‌စီတော်"

      "ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ‌နော် ကြီးဒေါ်"

       "ကိုင်း..ပြည့်ပါစေတော်..ပြည့်‌ပါစေ"

       သူမသည် အဘွားအို၏ ဆုပေးများထဲမှ တစ်ခုကို သဘောကျ၍ အလိုလိုပင်ပြုံးလိုက်မိသည်။၎င်းနောက် သူမသည် အဘွားအိုကို လျှင်လျှင်မြန်မြန်နှုတ်ဆက်၍ လူတန်းကြီးရှိရာသို့ လျှောက်သွားကာ တန်းစီ‌နေသည့် လူများ၏နောက်တွင် ရပ်လိုက်သည်။

      "စစ်သတင်းပေးပါတယ်သတင်းရလို့ လာသမျှကားတိုင်းကို စစ်ဆေးနေတာတဲ့တော်"

     "ဟိုတလောက မုံရွာမှာ ဖြစ်တဲ့ကိစ္စလေသိလိုက်တယ်မလား။အဲ့ဒါ..အဲ့ဒါ"

      ဝဝဖိုင့်ဖိုင့်နှင့်အမျိုးသမီးကြီးနှစ်ဦးသည် အချင်းချင်လက်တို့လိုက်ကာ ခပ်ကျိတ်ကျိတ်ကလေးပြောလိုက်၏။၎င်းအမျိုးသမီးကြီး နှစ်ဦး၏ ဘေးတွင် ရပ်နေသည့် ဖြူဖြူသေးသေးမိန်းမငယ်ကလေးသည် အဒေါ်ကြီးနှစ်ဦး၏ လေနှင့် ပြောသည့်အသံကို ကြားလိုက်သည်နှင့် ဖုန်းကိုငုံ့၍ ကြည့်နေရာမှ

      "သိလိုက်တယ်။သမီးနေခဲ့တဲ့ ရပ်ကွက်နဲ့ နီးနီးလေးရယ်။အဖမ်းခံလိုက်ရသည့် သူတွေထဲမှာ သမီးအကိုရဲ့ အသိလည်းပါတယ်။"ဟု ခပ်တိုးတိုးကလေး ထောက်ခံလိုက်၏။   

       "ဟုတ်တယ် ကြားလိုက်တယ်။လူငယ်လေးတွေအများကြီး အဆွဲခံလိုက်ရတာတဲ့။တက္ကသိုလ် ကျောင်းသားလေးတွေချည်းတဲ့တော်။ရုပ်မှ ချောမှချောတဲ့။"

       ၎င်းတို့သုံးဦး၏ဘေးတွင် ရပ်နေသည့် ရွှေဆွဲကြိုးကြီးကြီးဆွဲထားသည့် အမျိုးသမီးကြီးသည့် စကားဝိုင်းထဲသို့ အသာချည်းကပ်လိုက်ကာ ၎င်းသိသည်များကို ဖောက်သည်ချလိုက်ပြန်သည်။ခပ်ကျဲကျဲရပ်နေကြသောလူစုသည် အတင်းအုပ်နေသည့် အမျိုးသမီးကြီးများရှိရာသို့ မသိမသာပင် တိုးကပ်၍လာကြ၏။ထိုအထဲတွင် သူမလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

       "လူငယ်တွေက တိုင်းပြည်ဒုက္ခရောက်နေတာမကြည့်ရစ်တော့လည်း အသက်သေသွားမှာတွေ ဘာတွေ‌ကို ကြောက်မနေကြတော့ဘူးလေ။သနားပါတယ် ကလေးတွေ။ဘေးကင်းကြပါစေတော်"

    "အဲ့တာပြောတာလေ ဒလန်လုပ်လိုက်လို့ ဘယ်လောက်များနစ်နာသွားလဲ။ခဲရာခဲဆစ်အလှူခံထားရတဲ့ငွေနဲ့ ဝယ်ထားတဲ့ လက်နက်ခဲယမ်းတွေရော၊လူတွေရောအကုန်ပါပြီလေ။လူ‌တွေတောင် အသက်ရှိနေကြသေးရင်ပဲကံကောင်းလှပေါ့"

     "သူလျှိုတွေ၊ဒလန်တွေများ ဘာလို့ လုပ်ချင်နေကြရတယ် မသိပေါင်အေ"

      "ပီဒီအဖ်က လုပ်မှာ။အခုကိစ္စရဲ့ ဒလန်ကို ရအောင်ဖော်မှာရယ်၊အဲ့တာကြောင့်လည်း ခုလို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာ။အဲကောင် မြို့ပေါ်မှာ မနေရဲတော့ဘူးလေ။ပြေးမှာရယ်၊ဒါကို တွက်မိလို့ ကားတွေကို ရှောင်သခင်လာစစ်တာ အရင်က အရေးပေါ်မဟုတ်ရင် မစစ်ဘူး"

        အမျိုးသမီးများ၊အမျိုးသားများသည် တိုးတိုးတိတ်တိတ်နှင့်တစ်ယောက်တစ်ပေါက် လက်လှမ်းမှီရာသို့ လက်တို့၍ပြောနေကြ၏။သူမသည် ခရီးသည်များ ပြောသမျှကို ကြားတစ်ချက်မကြားတစ်ချက်နှင့် နားထောင်နေမိသည်။သူမတစ်ယောက်သာ တောထဲမှ ခုမှ ကုန်းထထွက်လာသည့်အတွက် သူတို့ပြောသည့် မုံရွာကိစ္စကို မသိဟန်တူ၏။

        "အဲ့တာပြောတာပေါ့ ကြီးတော်ရဲ့၊ခောတ်မကောင်းရတဲ့ကြားထဲ ဘုရားမဖူးချင်ပါနဲ့ ဘုရားမဖူးပါနဲ့အုန်း သွားရလာရတာ ခက်ခဲပါတယ် ဒီလောက်ပြောနေတာကို အတင်းလာချင်၊သွားချင်နေရတာ...မတော်လို့ ကိုယ့်မှားပြီး ဖမ်းသွားကြပါပြီတဲ့ ဘယ်နှယ့်လုပ်ကြမတုန်း၊ခုခောတ်က လွယ်တာမဟုတ်ဘူး..မိလို့ကတော့ ဟုတ်သလား မဟုတ်သလားမေးမနေဘူး ဂေါက်ခနဲဆို သတ်ပစ်လိုက်ကြတာပဲ"

      "အဲ့တာတော့ ဟုတ်တယ်။ကျုပ်တို့ဖက်မှာလည်း ဒလန်လို့ထင်ပြီး ကျောင်းဆရာတစ်ယောက်ကို မှားပြီး သတ်ပစ်လိုက်ကြသေးတယ်။နောက်မှ မဟုတ်မှန်းသိကြရတာ"

      "ကိုငွေမောင်း။တိုးတိုးပြောစမ်းပါ။တော့်ပါးစပ်ကြီးကတော့.."

      "ဟုတ်လား၊မဟုတ်လား မသေချာဘဲနဲ့တော့ ရမ်းသမ်းမသတ်ကြပါဘူး ဦးကြီးရဲ့။သေချာတဲ့ အချက်အလက်ရှိမှသာ လုပ်ကြတာပါ။"

      ကိုငွေမောင်းဟူသည့် ခေါင်းဖြူစပြုနေပြီဖြစ်သောလူကြီးသည် သူ၏စကားကို ဝေဖန်လိုက်သည့် လူငယ်ကို

        "အဲ့တာက ပညာတတ်တွေ ဦးဆောင်တဲ့ နေရာမို့နေမှာကိုးကွ"ဟု ခပ်ကျိတ်ကျိတ်က‌လေး ပြန်ပြောလိုက်၏။

      "အဲလိုချည်းပဲလည်း မဟုတ်ပါဘူးဗျာ၊ဘယ်အဖွဲ့အစည်းတိုင်းမှာမဆို ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူဆိုပြီး ရှိကြတာချည်းပါပဲ"

       "တီဗွီကြည့်လိုက်ရရင်လည်း ဟိုကျောင်းမီးရှို့၊ဒီတံတား မီးရှို့၊ဟိုလမ်း‌ဖောက်က်ခွဲ၊သူလူမို့လို့သတ်..ကိုယ့်လူဖြစ်နေလို့လက်ခုပ်တီး ဆိုတာတွေချည်းရယ်။သွေးအိုင်ထဲမှာလဲနေလို့ ကြည့်လိုက်မြင်လိုက်ရရင် ကျောင်းဆရာ/မ မဟုတ်ရင် ပညာရေးမှူးဆိုတဲ့ လူတွေချည်းပဲ။အန‌န္တောအနန္တဂိုဏ်းဝင် အာစရိယရှင်တွေဟာ ဂိုဏ်းသင့်နေကြသလားမသိဘူး"

      "အဲ့ဒါပြောတာပေါ့ ကျုပ်နှမရယ်။ရှေးလူတွေက ပြောခဲ့ကြတာ'မကောင်းတဲ့အနိဌာရုံတွေကို မမြင်မကြားရပါစီနဲ့။မကောင်းတဲ့ အနိဌာရုံတွေနဲ့ ဝေးရပါစီ'လို့ ဆုတောင်းကြတာ အလကားမှတ်လို့။ခင်ဗျာတို့ ကျုပ်တို့ ရှေးကံမကောင်းခဲ့တော့ မမြင်သင့် မမြင်အပ်တာတွေမြင်၊မကြားသင့် မကြားအပ်တာတွေကြားနေရပြီ"

     "ဒီလို မဖြစ်သင့်တာတွေ ဖြစ်နေရတာဟာစစ်တပ်ကနေ အာဏာသိမ်းလိုက်လို့ဘဲလေ ဦးကြီးရဲ့။ကျွန်တော်အခု ရွှေမှော်ကနေ ပြန်ခဲ့တာနော်။လမ်းမှာ စစ်ဆေးရေးစစ်ဂိတ်တစ်ခုကိုလည်းဝင်‌ရော ပိုက်ဆံ တစ်သိန်းပေးရမယ်တဲ့။မပေးရင် အင်အားလိုနေတာမို့ တပ်ထဲဝင်ရမယ်တဲ့ဗျာ။အဲ့တာနဲ့ ပေးခဲ့ရတာပါလား"

        "ဟယ် စစ်သားတွေကလေ"

        "‌ဟုတ်ပါတယ်ဆို အရီးကလည်း"

        "အံ့ပါ့ဟယ်"

        "ရှေ့ကပြောခဲ့သလို့ပေါ့ကွာ ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်းရှိတာပေါ့"

       "ဒီကောင်တွေက အုံနဲ့ကျင်းနဲ့ကို မကောင်းတာနော..ဦးလေး..."

       "တိုးတိုးပြောကြစမ်းပါ မင်းတို့မလဲ။ငါ ခေါင်းတွေကျိန်းလွန်းလို့ပါ"

   "ဘာပဲဖြစ်ဖြစ် မုံရွာကိစ္စကို သတင်းပေးတဲ့ ဒလန်‌ကိုတော့ ဖမ်းမိသင့်တယ်။‌အဆွဲခံလိုက်ရတဲ့ က‌လေးတွေကို သနားလွန်းလို့။ပြောကြတာတော့ ကျောင်းဆရာဆိုလား"

       ဟင်။သူမသည် ငြိမ်သက်စွာ နားထောင်နေခဲ့ရမှာ မျက်ခုံးများကို ပင့်လိုက်ကာ ကိုငွေမောင်း၏ဘေးမှလူကြီးကို ကြည့်လိုက်သည်။သူမစီးလိုက်သည့်အခါကျမှ တိုက်တိုက်ဆိုင်ဆိုင်တဲ့လား မိုးနတ်မင်းကြီးရယ်။ကျီးစားတာ တော်ယုံပဲ ကောင်းလိမ့်မယ်။ဘုရားစာရွက်ရလျှင်ကောင်းမည်လားဟု တွေးမိသော်လည်း စိတ်ဂယောင်ချောက်ခြားနှင့်မို့ ပြီးသည်အထိရွက်လိုက်ရသည်မရှိ။သူမ၏ရှေ့တွင် ရပ်နေသည့် လူတန်းကြီးထဲမှ သူတို့ရှာနေသည့်လူကို အမြန်ဆုံးတွေ့ပါစေဟုလည်း အကျင့်ပုပ်စွာဆုတောင်းမိ၏။
      သူမသည် ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားလိုလှသည်။သူမသည်အပြစ်တစ်စုံတစ်ရာ မလုပ်ထား‌သော်လည်းယခုအချိန်တွင် သူမကဲ့သို့သောလူများသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသည့် နှယ် ဖြစ်သည်။အသွားမ‌တော် တစ်လှမ်းဆိုသကဲ့သို့ ခြေချမတော်လျှင် သူမ၏တစ်ဘဝလုံးပါ ပေးလိုက်ရနိုင်၏။
       သို့‌သော် မိနစ်နှင့်စက္ကန့်တွေသာ တစ်‌ရွေ့ရွေ့ကုန်ဆုံးသွား၍ ကင်းတဲထဲမှ လူတွေသာတစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်လာကြသည်။သူမ၏အလိုဆန္ဒကို မည်သူတစ်ဦးတစ်‌ယောက်ကမျှ အနစ်နာခံ၍ မဖြည့်ဆည်းပေးကြ။သူမအလှည့်ရောက်လာသည်အထိ ရှာနေသည့်လူကို မတွေ့ကြ‌သေး။

      "မ နေခြည်လင်းလင်းလတ်နော်"

      "ဟုတ်ပါတယ်"

      "မှတ်ပုံတင်က ဆယ်ရှစ်နှစ်ပြည့်ပြီးမှ မလဲရသေးတာလား၊ဘာလို့ မလဲသေးတာလဲ"

       "ဟုတ်ပါတယ်၊ကျွန်မ မလဲဖြစ်သေးတာပါ၊လဝကရုံးကိုလည်း မသွားချင်လို့"

       'အယ်'ဘယ်ဆိုလို့တုန်း။‌နေခြည်လင်းလင်းလတ်တို့ လိမ်တာ ပိရိသားပဲ။လဝကရုံးကို မသွားချင်လို့တဲ့။ဘယ်ကအကြံဉာဏ်တွေ ထွက်လာသည်မသိ။အ‌ဖြေကြောင့် မေးခွန်းမေးသည့်ကောင်မလေး‌က သဘောကျသွားကာ ပြုံးလိုက်သည်။

    "အလုပ်အကိုင်က ကျောင်းသူတဲ့။ဒီအရွယ်ကြီးကျမှ ကျောင်းသူတော့ မဟုတ်တော့ဘူးမလား။အသက်‌မွေးဝမ်းကြောင်းအဖြစ် လက်ရှိ ဘာအလုပ် လုပ်နေလဲ"

       စစ်ဆေးမေးမြန်းနေသည့် အမျိုးသမီးသည် သူမအောက် အနည်းငယ် ငယ်ပုံရ၏။မျက်ခုံးပါးပါး၊နှာတံပေါ်ပေါ်နှင့် ပုံစံကျသော နှုတ်ခမ်းတစ်စုံကို ပိုင်ထားသည်။စကားပြောလိုက်တိုင်း ပါးစုံ့မို့မို့တွင် ပါးခွက်လှလှများက အလိုလိုပေါ်လာ၏။သူမသည်မိန်းကလေး၏ စကားကြောင့် ရုတ်တရက် ပြန်မဖြေတတ်ဘဲ ရှိနေရာ မိန်းကလေးသည် သူမ၏ မှတ်ပုံတင်ကို သေချာစူးစိုက်၍ ကြည့်နေရင်း သူမ၏ အဖြေစကားမည်သို့ဖြစ်မည်ကို စောင့်နေ၏။

     "မိဘအိမ်မှာနေပြီး အိမ်မှုကိစ္စကူလုပ်နေတာပါ။ကိုယ်ပိုင်အလုပ်ရယ်တော့ မရှိပါဘူး"

       သူမသည် မညာချင်ဘဲ လိမ်ညာလိုက်ရသည်။သူမ၏အကြောင်းကို အစအဆုံးသိသည့် လူတစ်ယောက်သာ ဤစကားကိုကြားလျှင် သူမကို လက်ညှိုး ထိုးကာ ရယ်နေပေလိမ့်မည်။မိန်းကလေးသည် ခေါင်းကို တညိမ့်ညိမ့်လုပ်ကာ

     "မုံရွာကနေ ဘာလုပ်ပြီးပြန်လာတာလဲ"ဟု ဆက်၍မေးသည်။

      "အမျိုးတွေဆီအလည်သွားပြီး ပြန်လာတာပါ"

       "ဟုတ်ပါပြီ သွားလို့ရပါပြီ"

      သူမသည် မှတ်ပုံတင်ကိုယူကာ ကင်းတဲထဲမှ ထွက်လိုက်ပြီး ပထမဦးစွာ အိမ်သာရှိရာသို့ ဦးတည်လိုက်သည်။အခုမှ စိတ်အေးရတော့သည်ဟုတွေးကာ လူကလည်း အတော်ကလေးပေါ့ပါးလန်းဆန်းသွားသည်။မူးတာ၊နောက်တာတွေ မရှိတော့။ခုဏကထွက်သည့် ဇောချွေးတွေနှင့်အတူ ပါသွားခဲ့ပြီထင်သည်။ခရီးသည်အချို့သည် ထမင်းဆိုင်ကြီးထဲတွင် ဝမ်းစာဖြည့်ရင်း တစ်ယောက်တစ်ပေါက်နှင့်ဆူညံစွာစကားပြောနေကြတုန်းပဲဖြစ်သည်။အိမ်သာမှ ပြန်လာပြီးနောက် မျက်နှာသစ်ရန် ရေဘုံဘိုင်ရှိရာသို့ ဦးတည်လိုက်သည်။တစ်ကိုယ်ရည်သန့်ရှင်း၍ပြီးပါက ဗိုက်ပြည့်စေရန် တစ်ခုခုစားရအုန်းမည်ဖြစ်သည်။ကားမူးခြင်း ၏အဓိက အကြောင်းအရင်းသည် ခန္ဓာကိုယ်နှင့်နှလုံးတို့၏ခံနိုင်ရည်အားနည်းခြင်းကြောင့်သာဖြစ်သည်။ကားမူးသည်ဟုဆိုကာ ဘာမျှမစားပဲနေလိုက်လျှင် ခန္ဓာသည်ပို၍အားနည်းသွားယုံသာရှိမည်ဖြစ်ပြီးကားမူးသည့်ဒဏ်ကိုလည်း ပို၍ ဆိုရွားစွာ ခံသွားရဖို့သာရှိသည်။သို့အတွက်ကြောင့် ခံနိုင်ရည်တိုးစေရန် အစာများများစားဖို့ရန် လိုလှသည်။
       တပ်ရင်းမှူးဆရာကို လှမ်းကြည့်လိုက်တော့ ကားဘေးတွင်ရပ်ကာ ကားဆရာနှင့်ဘာတွေပြောနေကြသည် မသိ။၎င်းတို့နှစ်ဦး၏ အနီးတွင်မူ စကားပြောရင်း ရပ်နေကြသည့် ခရီးသည်အချို့လည်း ရှိသေးသည်။သူမသည် အိပ်ကပ်ထဲမှ တရှူးအစိုကို ထုတ်လိုက်သည်။

       "ထိုင်ခုံနံပါတ် ၁၃ က စစ်အစိုးရနဲ့သက်ဆိုင်တဲ့တားမြစ်ပစ္စည်းအချို့ တွေ့ပါတယ် ဗိုလ်ကြီး"

       သူမသည် တရှူးအစိုနှင့် မျက်နှာကိုသုပ်နေရာမှ တရှူးသည် လက်ထဲမှ လျှောခနဲပြုတ်ကျသွား၏။သို့‌သော်သူမသည် ကျသွားသည့်တစ်ရှူးကို ပြန်မကောက်မိဘဲ ကားဆီသို့သာ ပါးစပ်အဟောင်းသားနှင့်ကြောင်၍ ကြည့်နေမိသည်။ခုဏက သူတစ်ပေါက်ငါတစ်ပေါက်နှင့် ဆူညံနေကြသော လူအားလုံးဆီမှ မည့်သည့် အသံဗလံမျှ ထွက်မလာတော့ဘဲ ရုတ်ချည်တိတ်ဆိတ်သွားကာ တားမြစ်ပစ္စည်းဆိုတာကြီးကို စိတ်ဝင်တစားနှင့် လိုက်လံကြည့်နေကြ၏။သူမသည် 'ပြေးသင့်သည်'ဟု တွေးမိသော်လည်း လက်တွေ့တွင် နေရာ၌သာ ငူငူကြီးရပ်နေမိပြီး ခြေထောက်များသည်လည်းသစ္စာရှိစွာ မြေကြီးနှင့် ကပ်နေကြသည်။

      "အဲ့တာ ရေတွင်းနားက အမရဲ့ထိုင်ခုံ"

     သူမကို စကားတွေ အတင်းလာပြောသည့် သူမနှင့်ကပ်လျှက် ဘေးခုံတွင် ယှဉ်ထိုင်သည့် မိန်းကလေး၏အသံသည် စီခနဲထွက်၍ လာသည်။လူအားလုံး၏ မျက်လုံးများသည် သူမဆီသို့ စုပြုံ၍ရောက်ရှိလာကြသည်။တပ်သားအားလုံးသည် ၎င်းတို့၏သေနတ်များကို သူမဆီသို့ လှမ်းချိန်လိုက်ကြ၏။သူမသည် မကြာခင်အချိန်အတွင်း၌ အနှေးနှင့်အမြန်ဆိုသလို သေရတော့မည် ထင်သည်။လူတစ်‌ယောက်အတွက် အချစ်နှင့် စ၍တွေ့သောအချိန်သည် ထိုလူ၏ သေရတော့မည့် အချိန်ပင်ဖြစ်သည်ဟူ‌သော စကားကို သတိရမိသည်။တပ်သားအချို့သည် သူမရှိရာသို့ ဖြည်းဖြည်းချင်းတိုးကပ်၍လာနေကြသည်။သူမသည်တပ်ရင်းမှူးဆိုသည့်လူကို ကြည့်လိုက်သည်။သူမသည် သူ့ကို ဘာအဓိပ္ပါယ်နှင့်များ ကြည့်မိပါလိမ့်။အားကိုးချင်‌နေတာလား။နာကျည်းသွားခဲ့မိခြင်းလေလား။သူသည်သူမအား မျက်ခုံးများတွန့်၍ အလိုမကျစွာ ကြည့်နေခဲ့သည်မှလွဲ၍ သူမအား သေနတ်နှင့်ချိန်ထားခြင်းမရှိပါ။

                                          (ဆက်ရန်.....)

                                          နှင်းအံဒေါင်း

Continue Reading

You'll Also Like

671K 26.1K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
615K 17.9K 23
Beau HATES Oliver Fowler. But Oliver doesn't hate Beau.. quite the opposite actually. Oliver is the univeristies 'Golden Boy', adored and admired by...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.6M 96.8K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...