ဆုံနေရက်နှင့်လွမ်းလေခြင်း

By Hlaing1942

4K 270 3

This is the replacement of one of the best Author Juu's book with Annyeongz. Crd.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27(Final)

21

73 8 0
By Hlaing1942

(၂၁)

ဟုတ်ကဲ့။ ကျွန်မ Youngကို ငြင်းခဲ့ပါသည်။ Youngကို ကျွန်မ လက်မထပ်နိုင်ပါ။ လက်မထပ်နိုင်သည့် Youngကို ချစ်တယ်ဟု ပြောဖို့လည်း စိတ်မလုံပါ။

သို့သော် ကျွန်မနှင့် နီးနီး အခန်းငှားဖို့ သူငယ်ချင်းတွေစုပြီး အခန်းရှာနေသည့်Young ကို မတားမြစ်ဘဲ စိတ်ထဲက ကြိတ်ပြီး ကျေနပ်ကြည်နူးနေခဲ့မိသည်။ Youngတို့ စုငှားလိုက်သည့် တိုက်ခန်းနှင့်နီးနီး တစ်ထပ်အိမ်လေးတစ်ခုကို ကျွန်မစုထားသောငွေဖြင့် ဝယ်ယူနိုင်လိုက်တော့ သူငယ်ချင်းကိုတောင် အားနာစရာမလိုတော့ဘဲ Youngကို ကျွန်မအိမ်သို့ တံခါးမရှိ ဝင်ထွက်ခွင့် ပေးနိုင်ခဲ့သည်။ ကျွန်မနှင့်Young တော်တော်နီးသွားတော့ Young ခုတင်နှင့်စားပွဲလေးကို ကျွန်မကိုယ်တိုင် မွမ်းမံပြင်ဆင် ပေးချင်ခဲ့သည်။ Young နီးလာမှာကို မကာကွယ်ခဲ့မိလို့ သို့မဟုတ် ကိုယ်တိုင်က နောက်မဆုတ်ခဲ့မိသည့်အပြင် ရှေ့တောင် တိုးခဲ့မိလို့ ကျွန်မကိုယ်ကျွန်မ ယူကြုံးမရ ဖြစ်ခဲ့မိပါသည်။ ဒါတွေအားလုံး ကျွန်မ အပြစ်ပါပဲ။

Youngကို မွေ့ရာပါးပါးလေးပေါ် အိပ်စေချင်ခဲ့လို့မွေ့ရာ နှင့် အိပ်ရာခင်းကို ကျွန်မကိုယ်တိုင် အရောင်ရွေးပြီး ရှာဝယ်ကာ ကိုယ်တိုင်ခင်းပေးခဲ့တာ။ Youngအတွက် စာအုပ်စင်လေးကို ရှာဝယ်ပေးခဲ့တာ။ ထိုစာအုပ်စင်ပေါ်မှာပဲ Young ဖတ်စေချင်သည့် အင်္ဂလိပ်စာအုပ် ခပ်လွယ်လွယ်တို့ကိုပါ ဖြည့်ပေးခဲ့တာ။ Young အတွက် ကော်ဖီမတ်ခွက်၊ ရေနွေးကျိုသည့် လျှပ်စစ်ကရား ထမင်းချက်ဖို့ လျှပ်စစ်ပေါင်းအိုး၊ ဒါတွေလည်း တဖြည်းဖြည်း စုဆောင်းပေးခဲ့တာ။ Young ဆီသို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်ရုံမက ကျွန်မ အခန်းကိုလည်း Young အတွက် အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေခဲ့တာ။ ဘီယာစက်ရုံမှာ လုပ်နေတာကို ကျွန်မ မနှစ်မြို့သဖြင့် Youngက ရေမွှေးထုတ်သောကုမ္ပဏီတစ်ခုသို့ ပြောင်းရွှေ့ရန် ကြိတ်ပြီး ကြံစည်နေရာက အလုပ်ရသွားသည့် တစ်လပြည့်နေ့မှာတော့ ကျွန်မတို့ အမှတ်တရ အခမ်းအနားလေးတစ်ခု ကျင်းပခဲ့ကြသည်။

“မမရယ် သူတို့ပြောတဲ့ အမွှေးနံ့က အတုတွေပါ။ Young သိတယ်။ တကယ့်နှင်းဆီကနေ ထုတ်ယူထားတာ မဟုတ်ဘူး။ အမွှေးဆီတွေ အမျိုးမျိုးပဲရှိတယ်လေ”

သူ ဘွဲ့ရခဲ့သည့် ဓာတုဗေဒဘာသာရပ်နှင့် သက်ဆိုင်သော အလုပ်ကို ရသွားတာမို့ ကျွန်မ တော်တော် ကျေနပ်ဝမ်းသာ နေခဲ့ပါသည်။ ငါ့ကို အလုပ်ဝင်တာ တစ်လပြည့်မှ ဖွင့်ပြောရသလားဟု စိတ်တိုချင်သော်လည်း တကယ်တော့ ကျွန်မ Youngကို စိတ်မဆိုးရက်ခဲ့ပါ။

“ခေါင်းလျှော်ရည်စမ်းတာ အခုထိ သူတို့ မအောင်မြင်သေးဘူးတဲ့ မမရဲ့၊ ရေနဲ့ထိလိုက်တာနဲ့ ပုပ်စော်နံနံသွားသတဲ့။ ပညာရှင်တွေ ဦးနှောက်ခြောက်နေကြတယ်တယ်”

သူ့အလုပ်သစ်မှ အတွေ့အကြုံတွေကို သူ သိထားသမျှ ကျွန်မအား ပြောပြနေခဲ့သည်။

“မမ ဘယ် ရေမွှေးအမျိုးအစားကို အကြိုက်ဆုံးလဲ ဟင်”

“ဘယ်အမျိုးအစားလို့ ပြောတော့ အဲဒီနာမည် မင်းသိမှာမို့လား”

“အော် မသိလို့ မေးပါတယ်ဆိုမှ”

“ရေမွှေးဆိုတာက ကုမ္ပဏီတစ်ခုတည်းက ထုတ်တာတောင် အမျိုးအစားကွဲရင် အနံ့က ကွဲသေးတာ၊ ကုမ္ပဏီတွေကလည်း အများကြီး”

“မမ ဘာအမျိုးအစား ကြိုက်လဲလို့ မေးနေတာ”

“အေးလေ မမလည်း ပြောမလို့ပဲ။ မမနိုင်ငံခြားက ပြန်လာပြီးမှ ဘဝင် နည်းနည်းမြင့်လာတော့ အက်စ်တေး လော်ဒါတို့ လန်ကွန်းတို့ ဒီအောတို့က ထုတ်တဲ့ရေမွှေးမှ ကြိုက်တော့တယ်”

သူ ရယ်မလားဟု စိတ်ပူသွားပေမယ့် သူ မရယ်ပါ။ အင်းလေ အစ်ကိုသာဆိုလျှင် ဟားတိုက်ပြီး လှောင်ရယ်ရယ်မှာပေါ့။ Youngကတော့ ဘယ်ရယ်မလဲ။

“ဒါတောင်နော် သူတို့ထုတ်သမျှ တံဆိပ်တိုင်းကိုတော့ ကြိုက်တာမဟုတ်ဘူး။ သူ့အမျိုးအစားနဲ့သူ ရှိတယ်”

“ဥပမာ”

“အင်း ဥပမာ လင်ကွန်းက ထုတ်တဲ့ မီရာကယ်လ် အမျိုးအစားပေါ့”

“ အော်”

“ဘာဖြစ်လို့မေးတာလဲ”

“မမ ကြိုက်တဲ့ရေမွှေးမျိုး တစ်နေ့ကျရင် Young ထုတ်နိုင်အောင် ကြိုးစားမလို့”

“အို ကြီးကျယ်ခမ်းနားလိုက်တဲ့အိပ်မက်”

ကျွန်မ ရယ်မောမိသည်။

“အနည်းဆုံး မမတစ်ယောက်တည်းအတွက်ပေါ့”

အဲဒါက ပိုတောင် ရယ်စရာကောင်းသေးသည် မဟုတ်လား။ ကမ္ဘာမှာ ရေမွှေးကို တစ်ယောက်တည်းအတွက် ထုတ်လုပ်တယ်ဆိုတာ ကြားမှ မကြားဖူးဘဲ။

ကျွန်မတို့ ရေမွှေးအကြောင်း၊ ပန်းတွေအကြောင်း ရောက်တတ်ရာရာပြောနေတုန်းက အကောင်း။ သူက မေးခွန်းတစ်ခုကို ကောက်မေးလိုက်တော့မှ ပြဿနာက စတော့သည်။

“Youngတို့နှစ်ယောက် ဒီလိုပဲ နေသွားကြရတော့မှာလား ဟင်” တဲ့။

သူ့မေးခွန်းကို ကျွန်မ အတိအကျ နားလည်ခဲ့သည်။ တစ်နှစ်တစ်ခါဆိုသလို မေးခွန်းတွေ တစ်ခုပြီး တစ်ခု မရိုးနိုင်အောင် မေးတတ်သည့် ကောင်မလေး.... Youngတို့ လက်ထပ်ကြမလား ဟု မေးတာကတစ်မျိုး။

“မမ Youngကို ချစ်လား” ဟု မေးတာက တစ်မျိုး။

“မချစ်ပါဘူးYoungရယ်”

“မမ Youngကို ချစ်တယ်မဟုတ်လား”

“မချစ်ပါဘူး။ မမ Young အပေါ်မှာ မေတ္တာရှိတာပါ။ အချစ်နဲ့ မေတ္တာနဲ့ မတူဘူးYoung”

“Young အတွက်တော့ အတူတူပဲ။ မမ Youngကို ချစ်တယ် ဟုတ်တယ်နော်”

ပြောပြီး ပြုံးရယ်ကာ သူ့ဟာသူ ကြည်နူးနေတတ်သောကောင်မလေးသည် အခုတော့ စိတ်ပျက်လက်ပျက် ပုံစံမျိုးနှင့် အတည်ပေါက် မေးခွန်းကို မေးလေပြီ။

“မမ Youngတို့ ဒီလိုပဲ နေသွားကြရတော့မှာလား”

“ဒီလိုပဲပေါ့ ဘယ်လိုနေချင်သေးလို့လဲ”

ထိုနေ့က ကျွန်မတို့နှစ်ယောက် လှပစွာခိုင်ခန့်သော သစ်သားအလှဆင် တိုက်အဆောက်အဦးဖြစ်သော ကော်ဖီဆိုင်လေးထဲမှာ ထိုင်နေခဲ့ကြသည်။ သူက အမေရိကန်နိုကော်ဖီကို သောက်ပြီး ကျွန်မက ကက်ပူချီနိုကော်ဖီကို သောက်နေခဲ့သည်။

ကျွန်မတို့စားပွဲသည် သစ်သားပွတ်လုံး အိမ်လက်ရန်းတစ်ခု၏ ဘေးတွင် ရှိသည်။ လက်ရန်း၏ဟိုဘက်တွင် ခြံဝန်းကျယ် ရှိသည် ခြံဝန်းထဲတွင် အုန်းပွားပင်များ မြင့်မြင့်မားမား စိမ်းစို ယိမ်းနွဲ့နေကြသည်။ မြက်ခင်းပြင်သည် နေ့စဉ်စက်ဖြင့် ညှိထားသည့်ပုံစံပဲ။ စိမ်းစိုညီညာနေသည်။ ခြံဝန်းစည်းရိုးနေရာသည် တရုပ်စံကားပင်တို့ စီတန်းနေခြင်းဖြစ်ပြီး အဖြူရောင်အဆုပ်လိုက်ပွင့်သော ပန်းတို့သည် အပင်ပေါ်မှာရော မြက်ခင်းပေါ်မှာပါ စီရီဖြာဝေနေကြသည်။

ပတ်ဝန်းကျင်သည် စိတ်ကူးယဉ်ဖွယ်ကောင်းသည်။ သို့သော် “ဒီလိုပဲ” ဟူသည့်စကားလုံးသည် တော်တော်ယေဘုယျ ကျသည်ဟု ကျွန်မထင်၏။ ဒီလိုပဲ တစ်ယောက်နှင့်တစ်ယောက် နီးလာလိုက် ဝေးသွားလိုက်၊ ဒီလိုပဲ တစ်ယောက်စီက တစ်ဘဝစီ၊ ဒီလိုပဲလေ။

“မမရဲ့ ဒီလိုပဲက ဘယ်လိုလဲ”

“မင်းမေးတဲ့ဒီလိုပဲကကော ဘယ်လိုလဲ”

ကျွန်မ သူ့ကို ပြုံးစစဖြင့် မေးမိသည်။

“Youngရဲ့ ဒီလိုပဲက အခုလိုပဲ လက်ဖက်ရည်ဆိုင်လေး ထိုင်လိုက် ကော်ဖီဆိုင်လေး ထိုင်လိုက်၊Young အလုပ်အကြောင်းပြောလိုက် မမရဲ့ စာတမ်းဖတ်ပွဲတွေအကြောင်း ပြောလိုက်၊ မမ နိုင်ငံခြားထိ သွားတဲ့အခါ Youngက လွမ်းလိုက် အဲဒီလိုနဲ့ ဘဝနေဝင်ရတော့မှာလားလို့ ပြောတာ”

“ဟဲ့ အခုမှ ဘဝနေထွက်ချိန်ပဲ ရှိသေးတယ် နေမဝင်နဲ့ဦး”

“မမ မလှောင်နဲ့”

သူ စိတ်နည်းနည်းတိုနေသည်။

“မမပြောချင်တဲ့ ဒီလိုပဲကရော အဲဒါပဲမဟုတ်လား ကော်ဖီဆိုင်ထိုင်မယ် Youngကို အိမ်ခေါ်ပြီး မုန့်တွေကျွေးမယ်”

“ဘယ်ဟုတ်မလဲ မမရဲ့ဒီလိုပဲက ပိုပြီး အဆင့်မြင့်တယ်။ မမရဲ့ ဒီလိုပဲဆိုတာက ဘယ်တော့မှ မခွဲကြစတမ်းလို့ ဆိုလိုတာ။ အခုလိုပဲ တွေ့ကြမယ်။ အကြံဉာဏ်တွေပေးကြမယ်။ နှစ်သိမ့်မှု
တွေပေးကြမယ်”

“အော် ဒါပဲလား”

“အင်းလေ”

“ဒီထက်ပိုစရာမလိုဘူးပေါ့”

“ပိုဦးမှာပေါ့။ တခြားနေရာတွေလည်း ပါဦးမှာပေါ့။ ဥပမာ မင်း ရေမွှေးကုမ္ပဏီတစ်ခု တည်ထောင်နိုင်သွားရင် မင်းရဲ့ ရုံးခန်းမှာ၊ မင်းရဲ့ ဓာတ်ခွဲခန်းမှာ မင်း စမ်းသပ်မှုတွေကို မမ စောင့်ကြည့်မယ်။ အားပေးမယ်။ မမခြံတစ်ခု ဝယ်ပြီးတဲ့အခါ မင်းပဲ လာဗင်ဒါ စိုက်ခင်းဖြစ်အောင် ကြိုးစားပေးမယ်ဆို မမက အပင်တွေ စိုက်၊ မင်းက အဲဒီအပင်တွေကနေ အမွှေးဆီထုတ်။ တို့တွေ ဘဝဘယ်လောက် ပြည့်စုံလိုက်မလဲYoungရယ်”

သူ မပြုံးပါ။

“မြစ်ကမ်းပါးတို့ ပင်လယ်ကမ်းစပ်တို့ တောင်ခြေ တောအုပ်လေးတို့မှာ တို့နှစ်ယောက် အတူ စကားတွေပြော၊ ကဗျာတွေရွတ် မင်းက ဂစ်တာတီးပြီး သီချင်းဆို”

သူ့မျက်လုံးတွေ တောက်ပမလာဘဲ နွမ်းနယ်နေဆဲ။ ကျွန်မ ပင့်သက်ရှိုက်လိုက်မိ၏။ သူ ဘာကိုလိုချင်သည်ဆိုတာ သိလျက်သားနှင့် မသိချင်ဟန်ဆောင်ရတာ ခက်ခဲလှပါသည်။

“ဒါမှ မဟုတ် မင်း အိမ်ပိုင်လာတဲ့အချိန်မှာ မင်းရဲ့စာကြည့်ခန်းကို စာအုပ်တွေနဲ့ မမ ပြင်ဆင်ပေးမယ်။ အဖြစ်နိုင်ဆုံးက မင်းနဲ့မမနဲ့စပ်တူနောက်ထပ် ခြံကျယ်ကျယ်လေးဝယ်မယ်။ တစ်ခြံဝန်းတည်းမှာ အိမ်လေးဆောက်ပြီး အတူနေကြမလား။ အဲလိုဆိုရင် တို့နှစ်ယောက်လုံး ပိုင်တဲ့အိမ်မှာပေါ့”

သူ ကျွန်မကို ခပ်စူးစူးတစ်ချက် စိုက်ကြည့်သည်။

“အမှန်အတိုင်း ပြောရမလား မမ”

“အေး ပြောလေ”

ကျွန်မ သူ့ကို ပြုံးကြည့်လျက် ခွင့်ပေးလိုက်ပါသည်။

“မမပြောတဲ့ အဲဒီစကားတွေရဲ့ အဓိပ္ပါယ်ကို Young မသိဘူး မမရော သိလား”

သူ့မျက်နှာထားက ခပ်တင်းတင်း။

“Youngတို့နှစ်ယောက် တစ်အိမ်တည်းတော့ အတူနေလို့ရတယ်။ ဒါပေမယ့် လက်ထပ်လို့မရဘူး အဲဒီလိုလား”

“ဘာ”

ကျွန်မ မျက်နှာနွေးခနဲ ပူသွားသည်။

“မဟုတ်ဘူး။ မမကို စော်ကားတာ မဟုတ်ဘူး။ Young တကယ် နားမလည်ဘူး။ ဒါမှမဟုတ် မမ ဒေါသထွက်သွားတယ်ဆိုတော့ မောင်နှမလို မေတ္တာမပျက် သွေးရိုးသားရိုး အတူတူနေဖို့ တကယ် စိတ်ကူးယဉ်နေတာလား”

သူ့ကြည့်ရတာ ကျွန်မသိခဲ့သည့် အပြစ်ကင်းစင်သည့် Jang Wonyoungလေး မဟုတ်တော့ပါလား။ တကယ့် အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်ကို ကျွန်မ မြင်တွေ့နေရတာလား။

ထို့နောက်သူဟက်ခနဲ တစ်ချက်ရယ်သည်။ သူရယ်ပုံက မထေမဲ့မြင် ရယ်ပုံမျိုး။ ကျွန်မ ရင်ထဲမှာ ကျင်ခနဲနာသွား၏။

“မမ သိပ်ရိုးနေတာလား။ ဒါမှမဟုတ်လည်း သိပ်ခေတ်မီဆန်းပြားနေတာများလား”

ကျွန်မ သူ့ကို ငေးကြည့်နေမိသည်။

“ဒါဖြင့် Youngက အိမ်ထောင်မပြုရတော့ဘူးလား။ မမကလည်း လက်မထပ်တော့ဘူးဆိုတဲ့အဓိပ္ပါယ်လားဟင်။ Young မမကို တကယ် နားမလည်ဘူး”

“အိမ်ထောင် ဟုတ်လား။ ရှုပ်ကရှုပ်နဲ့ ညီမလေးရယ်။ မမဘေးမှာ မင်းရှိတယ်။ မင်းဘေးမှာ မမရှိတယ်။ ဘယ်သူ့ကို ထပ်လိုဦးမှာလဲ”

“ဘယ်သူလိုသေးလို့လဲဟုတ်လား။ မမ အဲဒီမေးခွန်းကို Young မဖြေတတ်ဘူး တကယ်ပဲ"

သူ ကျွန်မထံက မျက်နှာလွှဲလျက် တခြားနေရာတွေသို့ ငေးမောကြည့်နေတာ အကြာကြီးပါ။ သူကြည့်ရာသို့ ကျွန်မ လိုက်ကြည့်သည်။ မျက်နှာကျက်မှ အလှတပ် သစ်သား ပန်ကာရွက်ကြီးသုံးခု၊ ပြီးတော့ အုန်းပွားပင်ပေါ်မှာ ပျံဝဲနေသော လိပ်ပြာ အဝါလေးဆီလား။ ပြီးတော့ ကျွန်မကော်ဖီအပေါ်ယံမှာ အမြုပ်လေးတွေဖြင့် ဖန်တီးပြုလုပ်ပေးထားသောအသဲပုံ အဖြူရစ်လေးလား။

သူ ကြည့်နေသည်ဟု ထင်သော ထိုအရာတွေကို ကျွန်မ ငေးမိသည်။ ထို့နောက် အားတင်းကာ စကားတစ်ခွန်းပြောမိသည်။

“မမကတော့ လက်မထပ်ဘူး”

သူ ငြိမ်သက်နေသည်။ ကျွန်မကို မကြည့်ပါ။

“Young မမပြောမယ် နားထောင်။ မမ ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ရှိတယ်။ အဲဒီဝတ္ထုထဲမှာ အိမ်ထောင်ရေးအကြောင်းကို မှတ်ချက်ချထားတဲ့ စကားတစ်ခွန်းရှိတယ်။ သိပ်ကောင်းတာပဲ။ Youngကို ပြောပြမယ်"

သူ့ကို ပျော်အောင်စတော့မည့် ခပ်နောက်နောက် မျက်နှာလေးကို ကျွန်မ ပြုံးယူလိုက်သည်။

“အိမ်ထောင်ရေးဆိုတာ လိမ်ညာထားတဲ့ ကြည့်ချင်ပွဲတစ်ခုပဲတဲ့။ အထဲကိုရောက်ပြီးတဲ့လူက ဘာမှလည်း မကောင်းပါဘူးကွာ လို့ ညည်းညူပြီး ပြန်ထွက်လာတဲ့အချိန်မှာ ဝင်မကြည့်ရသေးတဲ့လူတွေက အပြင်က ဝင်ပေါက်မှာ အထဲဝင်ဖို့ တိုးဝှေ့နေကြတုန်းတဲ့။ သိလား”

သူ နှုတ်ခမ်းတွန့်ကွေးကာ ပြုံးသည်။ ထိုအယူအဆကို သူလက်ခံမှာမဟုတ်။

“ဝတ္ထုနာမည်တော့ မမ မေ့သွားပြီ”

“မမေ့ပါနဲ့မမရဲ့။ အဲဒီဝတ္ထုအကြောင်းကို Young ဆယ့်လေးနှစ်သမီးကတည်းက မမ ပြောပြဖူးခဲ့တာပါ။ လီယိုတော်စတွိုင်းရဲ့ ခရူဇာဆိုနာတာ မဟုတ်လား”

“ဟယ် ကြည့်စမ်း ကလေးက မှတ်ဉာဏ်သိပ်ကောင်းတာပါလား၊ အေးအေး ဟုတ်မှာပေါ့။ အဲဒီစကားကို မင်း ဘယ်လို သဘောရလဲ”

“ဘယ်လိုသဘောရလဲ ဟုတ်လား”

သူ ကျွန်မကို ဗလာမျက်လုံးများဖြင့် ခပ်ကြာကြာစိုက် ကြည့်နေပြီးမှ

“Young မမကို ပြောချင်တဲ့စကားတွေ အများကြီးရှိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မမကို စကားတစ်ခွန်းမှကို မပြောချင်တော့အောင်လည်း စိတ်ပျက်လက်ပျက် ဖြစ်မိတယ်”

ဟု ပြောသည်။

Youngကို ကျွန်မ နားလည်ပါသည်။ Young သည် ဘဝတွင် တစ်ယောက်တည်း နေခဲ့ရတာ များသည်။ သူ ငယ်စဉ်ကတတည်းက ချစ်ခြင်းမေတ္တာနှင့် ဝေးခဲ့ရသည်။ အယုယ အကြင်နာ ဆိုတာကို ကျွန်မနှင့်တွေ့မှ ရခဲ့သည်။ သူ့ဘဝတွင် ကျွန်မသည် မိခင်အစားထိုးပြီး ရလာခဲ့သည့် မေတ္တာရှင် ဖြစ်သည်။ သူ စွဲလမ်းပေမပေါ့။

သူ့ကို ကျွန်မချစ်မြတ်နိုးပါသည်။ ချစ်မြတ်နိုးမှုတစ်ခုတည်းဖြင့် ကျွန်မ သူ့ကို လက်ထပ်နိုင်ဖို့ လုံလောက်ပြီလား။ ဘဝတွင် အခက်ခဲဆုံးမေးခွန်းများမှာ သူများမေးသည့်မေးခွန်း မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မေးရသော မေးခွန်းများ ဖြစ်နေပါရောလား။

“မမကို Young မညှာမတာ ဝေဖန်ခွင့်ရှိလား”

“အို ရှိပါ့တော် ရှိပါ့ ဝေဖန်စမ်းပါ”

“မမက ကိုယ့်ကိုယ်ကို ညာနေတာပဲ”

ကျွန်မ မျက်နှာနွေးခနဲဖြစ်သွားပါသည်။ သူ့ကို မျက်လုံးချင်း ဆိုင်ကြည့်ဖို့ ကျွန်မ မနည်းအားယူရသည်။ မဖြစ်ဘူး။ သူ့စကားကို ကျွန်မ တုန်လှုပ်လို့ မဖြစ်ဘူးလေ။

“မင်း မင်း မမကို ဒီစကား ပြောရဲတယ်ပေါ့”

ကျွန်မ သူ့ကို မျက်နှာထားဖြင့် ငေါက်ငမ်းလိုက်သည်။ သို့သော် ကျွန်မ၏အသံက အဖျားဆွတ်ကာ တုန်ရီသွားသည်။ ကျွန်မ ခဏကြာလျှင် ပုံလျက်သား လဲကျသွားတော့မည်။

“ပြောရဲလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် Young မမကို လက်ထပ်ဖို့ခွင့်တောင်းခဲ့တာ နှစ်တွေလည်းမနည်းတော့ဘူး။ မမ အမြဲတမ်း ငြင်းခဲ့တယ်။ အကြောင်းပြချက်တွေကလည်း အမျိုးမျိုးပဲ။ ဒီနှစ် အကြောင်းပြချက်က တစ်မျိုး၊ နောက်နှစ် အကြောင်းပြချက်က တစ်မျိုး။ ချစ်လားဆိုတော့လည်း မချစ်ဘူး တဲ့။ ဒါပေမယ့် Youngကို မမနားမှာ တစ်ချိန်လုံး ရှိနေစေချင်တာလည်း မမပဲ။ အဲဒီတော့ Youngက ဘာလဲ မမရဲ့။ Young က”

သူက အံတင်းတင်းကြိတ်ထားလျက်က အသက်မရှူဘဲ စကားတွေ တောက်လျှောက်ပြောသွားသည်။

“Young..... တို့နှစ်ယောက် ညီအစ်မတွေအဖြစ် နီးနီးလေးမှာ အတူတူ နေသွားလို့ မရဘူးလား”

သူဒေါသကြီးလာပြီဆိုတော့ ကျွန်မ သူ့ကိုလေသံပျော့ပျော့လေးဖြင့် ဖျောင်းဖျဖို့ ကြိုးစားမိသည်။

"Young ပြောပြီးပြီပဲ ။ Young မနေနိုင်ဘူးမမ။ Young ဘယ်လောက်ပင်ပန်း ဆင်းရဲရတယ်မှတ်လဲ။ မမ အနားမှာ အပြစ်ကင်းကင်းလေးနဲ့ သူတော်စင်လေးတစ်ယောက်လို နေနိုင်ဖို့ Young ဘယ်လောက် ပင်ပန်းရလဲ။ မမ မသိဘူး”

ဘုရားဘုရား။ အဲဒါ တကယ်ပဲ Wonyoung ပြောလိုက်တဲ့ စကားတဲ့လား။ ကျွန်မ သူ့ကို ငေးမောကြည့်လျက် ဘာမှမပြောနိုင်တော့ပါ။ Young ဘာတွေပြောနေတာလဲ။ မမကို အဲလိုစကားတွေ မပြောပါနဲ့လား။

“မမ Youngကို တစ်ခုခုဆုံးဖြတ်ပေးပါ။ Youngကို မမလက်ထပ်မှာလား။ ဒါမှမဟုတ် Young မမ အနားကနေ ထွက်သွားရမှာလား”

Youngမျက်နှာထားက နည်းနည်းထန်နေသည်။ ကျွန်မ ရင်ထဲမှာ ခါးသက်စွာ နာကျင်သွား၏။ အော။ မင်းက ရာဇသံပေးတဲ့သဘောလား။ ကလေးဘဝကတည်းက ရှင်သန်လာတဲ့ ဖြူစင်တဲ့ မေတ္တာလေးတွေကို မင်း ဖျက်ဆီးချင်နေတာ၊ ဒါကို ငါက အလိုလိုက်ရမတဲ့လား။ ဘယ်ဖြစ်မလဲ။ လုံးဝ မဖြစ်နိုင်ဘူး။

“မမကတော့ မင်းကို မနှင်ဘူးနော်”

ကျွန်မ အသံမတုန်အောင် ထိန်းပြီး ပြောလိုက်၏။

“ဟုတ်တယ် မနှင်ပါဘူး။ မမ Youngကို အပျင်းပြေခေါ်ထားချင်ဦးမှာပေါ့။ အနားမှာ နေစေချင်ဦးမှာပါ။ ဒါပေမယ့် Young ပြောလိုက်မယ်။ Young မမအနားမှာ မမရဲ့ ဇနီးအဖြစ်ကလွဲလို့ ဘယ်လို လူအဖြစ်မျိုးနဲ့မှ မနေနိုင်ဘူးမမ”

“ဟင်”

ကျွန်မ တစ်ကိုယ်လုံး ပူရှိန်းသွား၏။ အဲဒီလောက် ပြောဖို့လိုလို့လား။ သူ ကျွန်မကို အဲဒီလောက် ရိုင်းပျဖို့ လိုလို့လား။ မမျှော်လင့်ဘဲ ကျွန်မလက်က စားပွဲပေါ်မှ ကျော်လျက် သူ့မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်ထည့်လိုက်မိတော့သည်။

Youngပါးပြင်နှင့် ကျွန်မ၏လက်ဖဝါးထိခတ်သံသည် ကျယ်လောင်လှသည်။ ဖြူဝင်းသော ပါးပြင်က ချက်ချင်းပန်းသွေးရောင် ရဲသွားသည်။

Youngက ကျွန်မ သူ့ကို ရိုက်လိုက်မည်ဆိုတာ ကြိုသိနေသလိုပဲ။ အံ့ဩဟန်မပြ။ သို့သော် မျက်လုံးတွေမှာ နာကျင်မှုကို မြင်ရသည်။ ပြီးတော့ ဝမ်းနည်းမှု။ Youngမျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်း ရစ်ဝဲ တက်လာခဲ့သည်။ Young နာသွားမှာပါ။ ပါးလည်း နာကျင်မှာ၊ နှလုံးသားက ပို၍ပင် နာကျင်သွားမှာပါ။

သို့သော် Youngက မျက်နှာကို ချက်ချင်း လွှဲပစ်လိုက်တော့ Youngမျက်လုံးနှင့် နှုတ်ခမ်းကို မမြင်ရတော့ပါ။

Youngက ဝုန်းခနဲ ထိုင်ရာမှ ထထွက်သွား၏။ သူ ထိုင်နေသည့် ကုလားထိုင်ကိုလည်း ခလုပ်တိုက်သွားသည်။ စားပွဲပေါ်က လက်သုပ်စက္ကူခေါက်လေးကိုလည်း လက်ဖြင့်တိုက်သွားသည်။ ရိုက်လိုက်မိလို့ သနားသွားသည့်စိတ်ကို မိုက်ရိုင်းလှချည့်ဟု ဒေါသဖြစ်စိတ်က လွှမ်းမိုးသွားသည်။ လူရှေ့သူရှေ့မှာ ကျွန်မတို့ အိန္ဒြေပျက်ခဲ့ကြရတာ ရှက်စရာကြီးဟု ကျွန်မ မျက်နှာပူနေသဖြင့် ဆိုင်ထဲကနေ တော်တော်နှင့် ပြန်မထွက်မိ။ ကျွန်မ၏ ဆူဝေနေသည့် ရှက်စိတ်နှင့်ဒေါသစိတ်ကို မြိုချနေရသောကြောင့်ဖြစ်သည်။

နောက်နေ့ သူ မရောက်လာပါ။ ဖုန်းလည်း မဆက်လာပါ။ နေပေါ့။ သူကများ စိတ်ကောက်ရတယ်ရှိသေး။ မင်းပဲ နေနိုင်မလား၊ ငါပဲ နေနိုင်မလား။

နောက်တစ်နေ့။

နောက်ထပ်တစ်နေ့။

ကျွန်မ စောင့်ရတာ လုံလောက်ပြီဟု သတ်မှတ်လိုက်သည်က တစ်ပတ်တိတိအကြာတွင် ဖြစ်သည်။ သူ့ဆီက တယ်လီဖုန်းမလာလို့ သူ့ကို ဖုန်းဆက်ဖို့ကလည်း သူ့မှာ တယ်လီဖုန်းမရှိ အရေးပေါ် ခေါ်လို့ရအောင် ဟု သူပေးထားသည့်ဖုန်းသည် သူတို့တိုက်ခန်း၏ အောက်ဆုံးထပ်က  ဖုန်းဖြစ်သည်။

သူ ရုံးပြန်ရောက်ချိန် မှန်းပြီး ထိုဖုန်းကို ခေါ်ပြီး သူ့ကို ခေါ်ပေးခိုင်းတော့ သူ လာမကိုင်ပါ။

သူတို့သူငယ်ချင်းတစ်စု ငှားထားသည့် အခန်းသို့ ကျွန်မအကြိမ်ပေါင်းများစွာ ရောက်ခဲ့သည်။ သူ့ကို ဘယ်တော့မှ မတွေ့ရ။ သူငယ်ချင်းတွေက သူ ပြန်မလာတာ ကြာပြီဟု ဖြေတော့ ကျွန်မမှာ ပူပန်သောကစိတ်တွေဖြင့် ငိုလိုက်ရတာ။ သူ့အလုပ်ကို သွားဖို့လည်း သူက ကျွန်မကို သူ့အလုပ်သစ်၏ နာမည်နှင့်လိပ်စာ အပြည့်အစုံကို ပြောခဲ့တာမဟုတ်။

ဘယ်ကို လိုက်လို့လိုက်ရမှန်းမသိ။ သူ့မှာ အခင်မင်ဆုံးသူငယ်ချင်းရော ရှိရဲ့လား။ သူခံစားရသမျှကို ရင်ဖွင့် ပြောပြ ပေါက်ကွဲရမည့် သူငယ်ချင်းစစ်စစ် ရှိမှ ရှိရဲ့လား။

လနှင့်ချီပြီး သူ ပျောက်ကွယ်နေသည့်အခါ ကျွန်မ Gwangju သို့ ပြန်ရသည်။ ဘုရားကျောင်းကိုတော့ Young အဆက်အသွယ် ဖြတ်မှာမဟုတ်ဘူးဆိုသည့် မျှော်လင့်ချက်ဖြင့်ဖြစ်သည်။

သို့သော် ဖာသာကလည်း Youngထံမှ စာမလာတာ ကြာပြီဟု ဆိုပါသည်။ Eunju ဆီသွားသည်။ Eunju မသိဘူးဆိုတော့ Jisan ဆီ သွားမေးသည်။ Jisanလည်း မသိဘူးဆိုတော့ Daniel ဆီသွားမေးသည်။ ထို့နောက် Cha Sohyun.... မေမေ့ကလေး ဆယ့်ငါးယောက်လုံးကို ကျွန်မ ဆက်သွယ်ပြီး မေးကြည့်သည်။

သူတို့အားလုံး Jang Wonyoung ဘယ်ရောက်နေမှန်း မသိပါတဲ့။ ကျွန်မ အံ့ဩစွာ မျက်ရည်ကျမိသည်။

ကျွန်မ Youngကို လေးနှစ်လုံးလုံး မသိမသာ ရှာဖွေနေခဲ့တာ။ နေရာအနှံ့ပါပဲ။
ကျွန်မကို တမ်းတမ်းတတ အားကိုးတကြီး လိုအပ်နေသူဟု ကျွန်မ ယုံကြည်ထားခဲ့သည့် Youngတစ်ယောက် အခုလို ကျွန်မဘဝထဲကနေ ပျောက်ကွယ်သွားလိမ့်မည်ဟု တစ်ခါမှတောင် တွေးမကြည့်ဖူးခဲ့ပေ။

---

(အခန်း ၂၂ ဆက်ရန်)

Continue Reading

You'll Also Like

184K 5.4K 70
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
58.2K 7.4K 59
2019-2020 Complete Undergoing editions Am I queen I thought "Yes" I noded my head without even acknowledging wah that meant. I was just overwhelme...
505K 7.7K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
174K 3.6K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...