(၁၂)
မမ
Youngတို့ဘဝတွေကို မမရဲ့ ကိုယ်ကျိုးအတွက် လူပုံအလယ်မှာ ချခင်းမပြလောက်ဘူးလို့ ယုံကြည်ထားခဲ့ပါတယ်။ အခုတော့ မမလုပ်ရက်တယ်။ Young တကယ်ပဲ ဝမ်းနည်းရပါတယ် ။
မမတင်မယ့်စာတမ်းကို Young မပိတ်ပင်ရက်ပါဘူး။ ဒါပေမယ့် မမ တစ်ချက်လောက် ပြန်စဉ်းစားပေးပါလို့ Young တောင်းပန်ပါတယ်။
Jang Wonyoung
ကျွန်မသည် စာတိုတိုလေးကို ရင်တလှပ်လှပ်တုန်ရီစွာ ဒုတိယအကြိမ် ပြန်ဖတ်လိုက်မိ ပြန်သည်။ ဒုတိယအကြိမ်ဖတ်တော့ ပထမအကြိမ်လောက်တော့ မခံစားရတော့ပါ။ သို့သော် ... ။ သူ ပြောင်းလဲသွားပြီပဲ။
ဟိုတုန်းက ကျွန်မဆီ သူစာရေးလျှင် အီးမေးလ်ဖြင့်ပဲရေးရေး စာရေးစက္ကူပေါ်မှာပဲ ရေးရေး ချစ်သောမမ ဟု ချစ်သောဟူသည့် စကားလုံးကို အမြဲထည့်ခဲ့သည်။ Jang Wonyoung ဟု လက်မှတ်ထိုးသည့်အခါတိုင်း ချစ်မြတ်နိုးစွာဖြင့် Wonyoung ဟုရေးလေ့ရှိသည်။
အခုတော့ အပိုစကားတွေ တစ်လုံးမှ မပါဘဲ လိုရင်းကို တိုတိုရှင်းရှင်း ရေးထားသော စာတစ်စောင်ဖြစ်လေသည်။ စာ၏ဖွဲ့စည်းပုံနှင့် အရေးအသားကို ကျွန်မ မရှင်းလင်းပါ။ မရှင်းလင်းဘူး ဆိုတာထက် လက်ခံရတာအောင့်သက်သက် ခံစားရလို့ပါ။
သူ ကျွန်မကို “ချစ်သောမမ” ဟု မသုံးတော့ဘူး။ ကျွန်မသည် သူ ချစ်သောမမ မဟုတ်တော့ဘူး။ “ချစ်မြတ်နိုးစွာဖြင့်”ဟု သူ မသုံးတော့ဘူး။ သူသည် ကျွန်မကို ချစ်မြတ်နိုးနေသူ မဟုတ်တော့ဘူး။ အဲဒီလို ကျွန်မ သဘောပေါက်အောင် ထိုစကားလုံးတို့ကို သူ ရည်ရွယ်ချက်ပါပါ တမင် ချန်လှပ်ခဲ့တာမဟုတ်လား။
စာအဓိပ္ပါယ်ကတော့ ရှင်းပါသည်။ ကျွန်မ၏စာတမ်းကို မတင်စေချင်ဘူးဆိုတာပဲ။ အော် သူတောင်းဆိုချင်သည်ဆိုတာ ဒါလား၊ သူ့ဆီက ကြားနေကျ တောင်းဆိုမှုတစ်ခုကို မျှော်လင့်ထားမိသော ကျွန်မအတွက် ဒါက ပြင်းထန်သော ရိုက်ချက်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်မ နားမလည်တာက ထိုစာတမ်းကို ဘာစာတမ်းဟု သူ ထင်နေခဲ့လို့လဲ။ ဘာဖြစ်လို့ မတင်စေချင်တာလဲ။ သူတို့ဘဝကို ကျွန်မက လူပုံ အလယ်မှာ ချခင်းပြမည်ဟု ဘာဖြစ်လို့ စွပ်စွဲရတာလဲ။ ကျွန်မ စာတမ်းခေါင်းစဉ်ကို သူသိနေခဲ့လို့လား။ သူက ဘယ်လို သိနေခဲ့သလဲ။
ကျွန်မ စာတမ်းခေါင်းစဉ်က “Give me a child until she is seven” ဖြစ်သည်ဟုတော့ သူ သိနေခဲ့လို့ ဖြစ်မှာပေါ့။ သူ ဘယ်လို သိသွားတာလဲ။ စက္ကန့်ပိုင်းလောက် အချိန်ကာလအတွင်း ကျွန်မ၏စိတ်အာရုံတို့သည် မနားမနေ ပြေးလွှားခရီးဆန့်နေကြ လေသည်။
သူ ဘယ်လို သိမလဲ။ သူ ဘယ်လိုသိမလဲ။
နေဦး.....
ခဏနေဦး၊ ထိုခေါင်းစဉ်ကို ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူ သိလိုက်ပြီးသည့်နောက် မေမေ့မှတ်စုနှင့် မေမေ့ ဗွီဒီယိုဖိုင်တွေ စာတမ်းတွေကို သူ သတိရသွားမှာပေါ့။ မေမေ ပြုစုထားသော သူတို့ဘဝတွေကို ကျွန်မက ညီလာခံပရိသတ်ကို၊ ကမ္ဘာတစ်ခုလုံးကို ချပြတော့မှာလားဟု သူစိုးရိမ်မိလိမ့်မည်။
ကျွန်မ ရင်ထဲမှာ နာကျင်သွား၏။ သူ ဘယ်လောက် စိုးရိမ်ကြောင့်ကြပူပန်လိုက်မလဲဟု တွေးမိသွားရင်း တစ်ပြိုင်တည်း ကျွန်မကို အထင်သေးရက်လေခြင်းဟု ဝမ်းနည်းသွားမိလို့ပါ။ Young ရယ်..... Young တို့ဘဝတွေကို သုတေသနစာတမ်းအဖြစ် ထုတ်မပြောဖြစ်အောင် မေမေ့ကို မမ ဘယ်လောက်စည်းရုံးထားခဲ့ရတယ်ဆိုတာ Young မသိလိုက်လေခြင်းကွယ်။
ထားပါဦး။ သူ ဘယ်လိုသိသွားလဲဆိုတာကို ကျွန်မ စဉ်းစားကြည့်သည်။ မာဆေးရှိ ပရောဗန့်စ်တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ယောက်ယောက်နှင့် သူ ခင်မင်သလား၊ အဲဒီကနေ သိသွားသလား။
သို့သော် သူက တက္ကသိုလ်နှင့်နီးစပ်သူမှ မဟုတ်ဘဲ။ ဒါဖြင့် Mark က နီးစပ်သလား၊ အို အကိုJimin ဆီကနေ သိသွားတာလား။ အခုမှ သတိရသွားသည်။ ကျွန်မရေးသည့် စာတမ်းကို ခေါင်းစဉ်ပေးတာ အကို့အကြံဉာဏ်ပါ။
ကျွန်မက ရိုးရှင်းစွာပင် ကလေးသူငယ်နှင့်ကဗျာဟု ပေးဖို့ရည်ရွယ်သည်။ သို့သော် အကိုက အခုခေါင်းစဉ်ကို ပေးဖို့ အတင်းအကြပ်တိုက်တွန်းသည်။
“ဒီနာမည်က သိပ်ဆွဲဆောင်တယ် Yujinရ”
အပြုံးစစဖြင့် ပြောခဲ့သော အကို့ကို မြင်ယောင်မိ၏
“ဘယ်လို ဆွဲဆောင်တာလဲ”
“အော် နာမည်ကို ကြားလိုက်ရတဲ့လူတိုင်းက ဘာပါလိမ့်လို့ တွေးမိသွားအောင် စာတမ်းကို ဖတ်ချင်သွားအောင် ဆွဲဆောင်တာပေါ့”
အစ်ကိုသည် ကျွန်မပြင်သစ်သို့ လာလိမ့်မည်ဆိုတာ Wonyoung ကို ကြိုပြောထားသလား။ သူတို့ အဆက်အသွယ် မပြတ်ခဲ့ဘူးလား။ ဒီလောက် မျက်နှာချင်းဆိုင်လို့ မရသည့် လူနှစ်ယောက်လေ။
ကျွန်မဖတ်မည့် ခေါင်းစဉ်ကိုရော ကြိုပြောထားသလား။ ကျွန်မ မရှာဖွေရဘဲ ကျွန်မဆီ Wonyoung ဆက်သွယ်ချဉ်းကပ်လာအောင် ဉာဏ်သုံးပြီး အကြံပေးလိုက်တာများလား။
“ပြင်သစ်ကို စာတမ်းဖတ်ဖို့သွားရမယ်ဆိုရင် နင့် အတွက် တကယ့် ကြီးမားတဲ့အခွင့်အရေး။ နင်ထင်တာထက် ပိုကြီးတဲ့အခွင့်အရေးပါ။ နင်လက်မလွှတ်နဲ့၊ ပြီးမှ နင် ငါ့ကို ကျေးဇူးတင်လှချည်ရဲ့လို့ ပြောမိလိမ့်မယ်"
ဟုတ်မှာပါ။ ဒါ အကို့ အကြံအစည်ပဲထင်တယ်။ ဒါပေမယ့် မင်းတို့ဘဝတွေကို မမ ချခင်းမပြဘူးဆိုတာ မင်း နည်းနည်းမှ မတွေးမိဘူးလားကွယ်။
“ကျွန်မ Wonyoung နဲ့ စကားပြောချင်တယ် ဖြစ်လား”
“ရတယ်လေအစ်မ။ သူ့ဖုန်းနံပါတ်ကို အစ်မအခန်း ခေါင်းရင်းစားပွဲပေါ်က တယ်လီဖုန်းအောက်မှာ ထားပေးထားတယ်”
အို ကျွန်မ မသိခဲ့လေခြင်း။
ကျွန်မခေါင်းရင်းမှာ တယ်လီဖုန်းတင်သည့်စင်လေး ရှိတာပဲ၊ တယ်လီဖုန်းကို လက်ဖျားနှင့်ပင် ထိမကြည့်ခဲ့ပေ။ ကျွန်မ ဖုန်းဆက်ရမည့်လူလည်း မရှိလောက်ဘူးဟု ထင်ခဲ့တာကိုး။
ကျွန်မ အခန်းထဲပြန်သွားပြီး ရှာကြည့်တော့ ဖုန်းနံပါတ်နှင့်နာမည်ကို တွေ့၏။ အင်္ဂလိပ်လက်ရေးများ ဖြစ်သည်။ Mark ၏ လက်ရေးတွေ ဖြစ်မှာပေါ့။ Wonyoung တဲ့။
သူ့တယ်လီဖုန်းနံပါတ်ကို နှိပ်နေစဉ် ကျွန်မ လက်တွေ မသိမသာ တုန်ယင်နေကြသည်။ နေဦး ဒီအတိုင်းဆိုလျှင် မဖြစ်သေးဘူး။ လက်တောင်တုန်နေရင် အသံကော မတုန်ဘဲ ရှိမလား။ အခုအခါမှာ သူက ကျွန်မဖုန်းဆက်ပြီး အကျိုးအကြောင်း မေးလာမှာကို ကြိုတင်သိနေပြီး ပြင်ဆင်ထားမည့်သူ။ ကျွန်မက အခုမှ အံ့သြတုန်လှုပ်စရာအဖြစ်ကို ကြုံလိုက်ရသည့်လူ။ ကျွန်မ စိတ်ငြိမ်အောင် ပြင်ဆင်ရဦးမှာပေါ့။ ကျွန်မ ဖုန်းကို ပြန်ချလိုက်၏။
ကျွန်မဖတ်မည့် စာတမ်းသည် သူထင်သလို သူတို့ဘဝတွေကို ချပြမည့်စာတမ်း မဟုတ်ဆိုတာ သူသိသွားစေချင်လှပြီ။
သို့သော် ကျွန်မ ခဏစောင့်နိုင်ပါသည်။ ကျွန်မစိတ် တည်ငြိမ်အောင် စောင့်ရပါမည်။ ကျွန်မ အိပ်ရာပေါ်လှဲအိပ်လိုက်၏။ ကျွန်မ ခြေရင်းက နံရံမှာ ပုရစ်လိုလို အကောင်ကြီးကြီးတစ်ကောင်။ မဟုတ်ဘူး။ တော်တော်ကြီးပြီး နံရံမှာ မလှုပ်မယှက် တပ်နေတာမို့ အကောင်တော့ မဖြစ်နိုင်ဘူး။ အရုပ်တစ်ခု ဖြစ်မည်။ ဘာကောင်လဲ၊ ဂျဲနက်ပြောသည့် စီကာဒါ အကောင်လား။ အပြင်ဘက်မှာ ပုရစ်သံလိုလို စီစီ စီစီ အသံတွေကို ကြားနေရသည်။ စီကာဒါတို့၏အသံပဲ ဖြစ်လိမ့်မည်။
Youngရေ.... နင် အခု ဘယ်မှာလဲ။
ကျွန်မက ဘယ်သူ့အပေါ်မှာမဆို စိတ်ခံစားမှုနှင့်ကြည့်တတ်သူပါ။ မေမေ့လို သုတေသနစိတ်ဖြင့်ကြည့်တတ်သူမဟုတ်။ မေမေ့လိုလည်း ကျွန်မက စိတ်ဓာတ်မမာကြောပါ။ Youngတို့ဘဝတွေကို စာအုပ်တစ်အုပ်ရေးဖို့ အကြံအစည်ကြီးမားခဲ့သော မေမေ့ကို ကျွန်မ နည်းမျိုးစုံဖြင့် တားမြစ်နေခဲ့တာ Young သိစေချင်သည်။
သို့သော် Youngထံသို့ တယ်လီဖုန်းမဆက်မိအောင် ကျွန်မ ထိန်းချုပ် မြိုသိပ်မှ ဖြစ်မည်။
Youngက ကျွန်မထံမှ တယ်လီဖုန်းကို စောင့်နေပေလိမ့်မည်။ ကျွန်မကို အံ့ဩအောင် လုပ်ခဲ့နိုင်သော Youngကို ကျွန်မကပြန်ပြီး အံ့ဩစေမှ ဖြစ်မည်မဟုတ်လား။
Youngအသံကို ကြားချင်လှသည့်တိုင်၊ Young စကားသံတို့ကို နားထောင်ချင်လှသည့်တိုင် ကျွန်မ မြိုသိပ်ရပါမည်။ နောက်ပြီး အခု လေးနှစ်အတွင်းမှာ ကျွန်မဘက်က ဘာမှ မပြောင်းလဲပေမဲ့ Young ဘက်က ဘာတွေ ပြောင်းလဲနေခဲ့ပြီးပြီလဲမှ မသိနိုင်တာ ၊Young ကို ဖုန်းဆက်မည့်အစား သိချင်တာကို Markကို မေးကြည့်မှာပေါ့။ သူ့ ကြည့်ရတာတော့ သိပ်လျှို့ဝှက်မြိုသိပ်မည့်သူ မဟုတ်ပါ။
နေဦး၊ ကျွန်မ Youngနှင့်ပတ်သက်ပြီး ဘာမှ မမေးဘဲ နေလို့မရနိုင်ဘူးလား။ ကျွန်မကို လေးနှစ်လုံးလုံး ခြေရာဖျောက်ထားခဲ့သည့်လူကို ကျွန်မက အစအနလေးတစ်ခုရသည်နှင့် သွေးရူးသွေးတမ်း အစ လိုက်ဆွဲတော့မလို့လား။ နေစမ်းပါစေ။ Youngကိုချစ်လွန်းလို့ ကျွန်မ သေသွားစမ်းပါစေ၊ ကျွန်မ အသေသာခံလိုက်ပါမည်။
ပြီးခဲ့သည့်လေးနှစ်လုံးလုံး ကျွန်မမှာတော့ Young ဘယ်ရောက်နေမှန်းမသိ။ ကျန်းမာရဲ့လား အသက်ထင်ရှားမှ ရှိသေးရဲ့လား။ စိတ်တွေပူလိုက်ရတာ။ Youngထံ အီးမေးလ်တွေပို့၊ ပြန်စာမလာလို့ စိတ်ပူ။ နောက်တော့ Youngအီးမေးလ်ကို ကျွန်မ သိနေခဲ့သော အရင်က လျှို့ဝှက်စကားလုံးဖြင့် ဖွင့်ကြည့်ပြီး ကျွန်မစာတွေကို Youngဖတ်ရဲ့လားဟု တိတ်တခိုး စုံစမ်းမိသည်။ Young ကျွန်မအနီးကနေ ထွက်သွားသည့်ကာလ အစပိုင်းတုန်းက အီးမေးလ်လျှို့ဝှက်စာလုံးကို မပြင်သေးသဖြင့် ကျွန်မ စာပို့ပြီးတိုင်း Youngဆီသို့ ရောက်ပြီလား။ Young ဖတ်ပြီးပြီလားဟု သိချင်လို့ Young အီးမေးလ်ကို ဖွင့်ဖွင့်ကြည့်သည်။ ဖွင့်လို့လည်း ရသည်။ Youngဆီမှာရောက်နေသည့် ကျွန်မစာတွေကိုလည်း တွေ့သည်။ ဖွင့်ဖတ်ထားမှန်းလည်း သိသည်။ ဖွင့်ဖတ်ပြီးသားစာနှင့် ဖွင့်မဖတ်ရသေးသည့်စာ အနေအထားမှ မတူဘဲကိုး။ ကျွန်မ၏စာတို့ကို Youngက ဖတ်တော့ ဖတ်ပါရဲ့။ ဖွင့်ဖတ်ဖော်ရသည့်အတွက် ကျွန်မ ဝမ်းသာရမှာလား။ ဖွင့်မဖတ်ဘဲ ထားတာကို မြင်ရတာနှင့်စာလျှင် ဖွင့်ဖတ်ထားတာကို မြင်ရခြင်းက စိတ်ကျေနပ်ရမှာလား။ ဖွင့်ဖတ်လျက်သားနှင့် စာမပြန်တာကိုရော ဘယ်လိုတွေးရမလဲ။ တစ်စောင်ကလေးမျှပင် မပြန်လာခဲ့တာ ကျွန်မအတွက်ပြင်းထန် စူးရှသော ထိုးနှက်ချက်တစ်ခုပါ။ ခါးသီးစွာ နာကျည်းတာ မဟုတ်သော်လည်း နင့်သည်းစွာ နာကျင်ခဲ့ရသည်။
သို့သော် လပိုင်းအတွင်းမှာပင် Youngက လျှို့ဝှက်စာလုံးကို ပြောင်းပစ်လိုက်တော့သဖြင့် Youngစာကို ကျွန်မ ဖွင့်လို့ မရ။ သည်တော့လည်း ကျွန်မ နောက်တစ်မျိုး နာကျင်ရ၏။
Youngသည် ကျွန်မကို စိတ်ကောက်နေတာ မဟုတ်ဘဲ နာကျည်းစွာ ရှောင်တိမ်းနေတာဟု လက်ခံလိုက်ရတော့သည်။
သူ့အီးမေးလ် လျှို့ဝှက်စာလုံးပြင်လိုက်တာကို ကျွန်မ ခံစားရပေမယ့် ကျွန်မက ကျွန်မ၏လျှို့ဝှက်စာလုံးကို လုံးဝ မပြင်ခဲ့တာ ဘာကြောင့်လို့ Youngထင်နေလဲ။
ကျွန်မတို့နှစ်ယောက် တစ်ယောက်အီးမေးလ်ကို တစ်ယောက် ဖွင့်ကြည့်လို့ရအောင် လျှို့ဝှက်စကားလုံးကို အချင်းချင်း အသိပေးထားခဲ့တာမဟုတ်လား။ တစ်ယောက်ကို တစ်ယောက် မသင်္ကာတာ မရှိစတမ်း။ ဖုံးကွယ်မှု မရှိစတမ်း။ ကျွန်မဘက်က Youngမသိစေချင်သောအရာ ဘာမှ မရှိပါ။
Youngသည် အရင်လျှို့ဝှက်စကားလုံးအတိုင်းရှိနေသော ကျွန်မ၏အီးမေးလ်ကို နေ့တိုင်း ဖွင့်ကြည့်နိုင်ပါသည်။ ကျွန်မ၏ အပြောင်းအလဲတို့ကို နေ့စဉ် ထောက်လှမ်းစုံစမ်းနေနိုင်ပါသည်။ ကျွန်မ၏ခေါင်းစဉ်ကို အစ်ကိုက မပြောလည်း Youngသိနေမှာပါ။ သို့သော် အဲဒါဆိုလျှင်လည်း Young ဘာစိုးရိမ် နေစရာ ရှိသလဲ။
ခေါင်းစဉ်ကသာ “ကလေးတစ်ယောက်ကို ခုနစ်နှစ်မတိုင်မီ ငါ့ကို ပေးပါ” လို့ ပြောထားပေမယ့် ဒါ Youngတို့ ဆယ့်ခြောက်ယောက်ရဲ့အကြောင်းတွေ မဟုတ်မှန်း Young သိရမှာပေါ့။ “ကလေးတွေကို ခုနစ်နှစ်မတိုင်မီမှာ စိတ်ထားနူးညံ့အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ လိမ်မာရေးခြားလည်း ရှိအောင် ကလေးကဗျာများကို သင်ကြားပေးခြင်းအားဖြင့် စိတ်နှလုံးနှင့် ကျင့်ဝတ်ကို မြင့်မြတ်အောင် လေ့ကျင့်ယူရမည်” အဆိုဖြင့် ကလေးကဗျာများအကြောင်း ပြုစုရေးသားထားသည့်စာတမ်း ဆိုတာ Young သိရမှာပေါ့။ ကျွန်မ ထိုစာတမ်းကို ဖရောင်ဆွာတို့ဆီသို့ အီးမေးလ်ဖြင့် ပို့ပေးခဲ့တာပဲလေ။ Young မဖတ်ရဘူးလား။
သို့သော် တစ်ခု စဉ်းစားမိသွားပြန်သည်။
မဟုတ်ဘူး။ စာတမ်းကို ကျွန်မ၏ ကိုယ်ပိုင်အီးမေးလ်မှပို့ခြင်း မဟုတ်။ ပြင်သစ်သံရုံးယဉ်ကျေးမှုဌာနမှ တစ်ဆင့် ပို့ပေးတာ။ ကျွန်မ မှတ်မိပြီ။ ကျွန်မက Seoul မြို့ ပြင်သစ်သံရုံးကိုပဲ ပို့ရမည်ထင်ပြီး စာတမ်းကို စာရွက်ဖြင့် ပုံနှိပ်ပြီး ယူသွားခဲ့တာ။
ဟိုရောက်တော့မှ ပုံနှိပ်ပြီးစာရွက် (hard copy) မဟုတ်ဘဲ soft copy ကို ပြင်သစ်နိုင်ငံ မာဆေးရှိ ပရောဗန့်စ်တက္ကသိုလ်သို့ တိုက်ရိုက်ပို့ပေးရမည်ဟု သိခဲ့တာ။ ထို့ကြောင့် အသင့်ပါလာသော Flash drive ခေါ် အီလက်ထရွန်းနစ် မှတ်ဉာဏ်အချောင်းလေးထဲက စာတမ်းကို သူတို့ ကွန်ပျူတာထဲ ထည့်ပြီးချက်ချင်း ပို့ပေးလိုက်တာ။
အခုတော့ ကျွန်မ နားလည်သွားပါပြီ။ ရှက်ရွံ့စွာလည်း နာကျင်သွားမိသည်။ ကျွန်မကသာ သူ့အကြောင်းတွေကို မသိပေမယ့် သူကတော့ ကျွန်မအကြောင်းတွေကို အကုန်သိနေခဲ့တာပါလား။ ဒါကိုပဲ မသိချင်ယောင်ဆောင်ပြီး ကျွန်မဆီက စာတွေကို မရချင်ယောင်ဆောင်ပြီး ပုန်းကွယ်နေနိုင်ရက်တယ်နော်။
ရက်စက်တဲ့သူ လို့ ကျွန်မ မစွပ်စွဲရက်ပါ။
သူ့အပေါ်ရက်စက်မိတာက ကျွန်မသာလျှင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အပြစ်တင်ခဲ့မိသူပါ။ ကောက်ကျစ်သူဟုလည်း မစွပ်စွဲရက်ပါ၊ သူနှင့်ပတ်သက်လျှင် ကောက်ကျစ်မိသူက ကျွန်မသာလျှင် ဖြစ်တာကိုး။
ဒါက ကျွန်မကိုယ်တိုင် သူ့ကိုပေးထားသည့် အခွင့်အရေးကို သူအပြည့်အဝ အသုံးချနေခဲ့တာမဟုတ်လား။ ကျွန်မ မပေးသည့် အရာတစ်ခုကို သူယူတာ မဟုတ်ဘူးလေ။ အင်းလေ ကျွန်မ မပေးသည့်အရာတစ်ခုကို ဘယ်တုန်းကမှ သူ မယူခဲ့ဖူးပေ။
Youngတို့ဘဝတွေကို မမရဲ့ ကိုယ်ကျိုးအတွက် လူပုံအလယ်မှာ ချခင်းမပြလောက်ဘူးလို့ Young ယုံကြည်ထားခဲ့ပါတယ်။ အခုတော့ မမလုပ်ရက်တယ်။ Young တကယ်ပဲ ဝမ်းနည်းရပါတယ်။
ကျွန်မ သူ့စာကို တတိယအကြိမ် ပြန်ဖတ်ကြည့်လိုက်၏၊ ဒါ ကျွန်မသိသည့် Young မဟုတ်တော့ဘူး။ အလွန်ရင့်ကျက်နေသော၊ စိမ်းကား အေးစက်နေသော Young၊ မမ မင်းကို တွေ့ချင်လိုက်တာ Youngရယ်။ Young ပြုံးလိုက်ရင် Young မျက်လုံးတွေ အရင်လိုပဲ လက်ခနဲ တောက်ပသွားတုန်းပဲလား။ Young အပေါ်နှုတ်ခမ်းအထက်က အချိုင့်ရာလေးက အရင်လိုပဲ ကော့ကော့လေး ထင်ရှားနေတုန်းပဲလား။ မမကို တွေ့ရင် Young ပြုံးနိုင်ဦးမှာလား။
ကျွန်မ မျက်စိကို မှိတ်ထားလိုက်မိသည်။
Young ပြင်သစ်မှာနေတာ ကြာပြီလား။ လေးနှစ်လုံး ခြေရာပျောက်နေတာ ပြင်သစ်နိုင်ငံမှာ နေနေတာလား။ ကျွန်မ သတင်းအစအန ကြားလိုက်ရတာကတော့ မလေးရှားမှာ အလုပ်သွားလုပ်သည်ဆိုလား။ သို့သော် သူတို့လည်း ရေရေရာရာ မသိ။
အခုတော့ Young ကျွန်မကို အဆက်အသွယ် လုပ်လာခဲ့ပြီ။ Youngတို့အကြောင်းတွေကို စာတမ်းတင်မှာ စိုးရိမ်လို့ ပုန်းကွယ်နေရာကနေ ထွက်လာရတာ မဟုတ်လား။ မဖြစ်သာလွန်းလို့လေ။ ဒီနေရာမှာတော့ အစ်ကို့စိတ်ကူး တော်တော် မှန်တာ။
Young စိတ်မပူပါနဲ့။ Youngတို့တွေ သဘောမတူဘဲနဲ့ ကိုယ်က ဒီဗွီဒီယိုတွေကို လူအများရှေ့မှာ ချမပြပါဘူး။ မေမေရေးနေတဲ့စာအုပ်ကိုတောင် Youngတို့သဘောမတူရင် နာမည်ရင်းတွေနဲ့ မရေးပါနဲ့လို့ တောင်းပန်နေခဲ့တာပါ။
အခုတော့ Young စိုးရိမ်နေပြီဆိုတော့ ကျွန်မ စာတမ်းကို Young သိအောင် ပြမှ ဖြစ်တော့မည်။ ဖြစ်နိုင်လျှင်တော့ ကျွန်မကွန်ပျူတာထဲကနေ အီးမေးလ်နှင့် Young လိပ်စာအသစ်ဆီသို့ ထည့်ပေးလိုက်ချင်သည်။ ဒါမှ Young စိတ်ပူပန်ရ သက်သာသွားမှာပေါ့။ သို့သော် Young ရဲ့ အီးမေးလ်လိပ်စာအသစ်ကို ကျွန်မ မသိ။
Mark ဆီက တောင်းမှ မြန်မြန်ရမှာ။ တယ်လီဖုန်းနံပါတ်ကို ကျွန်မ မြင်သာအောင် အလွယ်တကူရနိုင်အောင် ထားပေးခဲ့သည့် Mark သည် ကျွန်မအား Young ရဲ့အီးမေးလ် လိပ်စာကို ပျော်ရွှင်စွာ ပေးချင်လိမ့်မည်။ သို့သော် ကျွန်မ Young ရဲ့လိပ်စာကို သူတစ်ပါးဆီက မတောင်းယူချင်ပါ၊ ကျွန်မကို ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ မပေးချင်လို့ လေးနှစ်လုံးလုံး အဆက်အသွယ် ဖြတ်ပြီး စိမ်းကား အေးစက်ပြတ်တောက်စွာ နေခဲ့သူလေ။ သို့သော် သူ့ဆီသို့ ကျွန်မ၏ စာတမ်းကို အခုပဲ ပို့ချင်သည်။
ကျွန်မ လှဲအိပ်နေရာမှ ထလိုက်သည်။ မေ့မေ့လျော့လျော့ ထားခဲ့မိသော လက်ပ်တော့ပ် ကွန်ပျူတာလေးက ဖွင့်လျက်သားလေးပါ။ ကျွန်မ ဖလက်ရ်ှဒရိုက်ဗ် မှတ်ဉာဏ်တောင့်လေးထဲသို့ ကျွန်မ၏ စာတမ်းကို ကူးယူလိုက်သည်။ ပြီးတော့ Mark ကိုပေးဖို့ အခန်းထဲမှ ထွက်လာခဲ့ပါသည်။
Mark ကို အခန်းတစ်ခုရှေ့မှာ တံခါးပြန်စေ့ပိတ်နေသည်ကို တွေ့ရသည်။ ကျွန်မကို မြင်တော့ ကြည်လင်စွာ ပြုံးပြသည်။
“အစ်မ။ Wonyoung နဲ့ စကားပြောလို့ရလား”
“ကျွန်မ မပြောတော့ဘူး Mark ရယ်။ ဖုန်း မဆက်တော့ပါဘူး။ ဒီမှာ သူ စိတ်ပူနေတဲ့ ကျွန်မရဲ့ စာတမ်း၊ အဲဒါကိုပဲ Mark က သူ့ဆီ အီးမေးလ်နဲ့ ပို့ပေးပါ”
သူ ကျွန်မကို တွေလျက် ငေးကြည့်နေသည်။ သို့သော် သူက ထင်မြင်ချက်ပေးခြင်း ဝေဖန်ခြင်း လုံးဝ မပြုလုပ်ပါ။
တော်တော်ကြာအောင် ငြိမ်သက်နေပြီးမှ ကျွန်မ ကမ်းပေးနေသော memory stick လေးကို ယူလိုက်သည်။
“ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော် အခုပဲ ပို့ပေးလိုက်မယ်”
သူက ထွက်ခွာတော့မည်ပြင်ပြီးမှ အစ်မလည်း လိုက်ခဲ့ပါလား ဟု ခေါ်သည်။ ကျွန်မ တစ်ချက် စဉ်းစားပြီးမှ သူ့နောက်ကနေ လိုက်သွားလိုက်ပါသည်။
ကျွန်မတို့ဝင်သွားသည့် ထိုအခန်းသည် စာအုပ်စင်တွေ စီရီစွာ ခင်းကျင်းထားသည့် စာကြည့်ခန်း။ ဟင့်အင်း အဲဒါထက် ပိုသည်။ ဓာတ်ပုံတွေ ပန်းချီကားတွေ ချိတ်ထားသည့် ပြခန်း၊ ဟင့်အင်း အဲဒါထက်လည်း ပိုသည်။ နံရံတွေမှာ ပန်းချီတွေရှိတာ မှန်ပါရဲ့။ စင်တွေပေါ်မှာ ပန်းပု ရုပ်တုတွေ ရှိတာလည်း မှန်ပါရဲ့။ သို့သော် နံရံမှာ ကျွန်မ မျှော်လင့်မထားသည့် အရာတွေကို မြင်လိုက်ရပါသည်။
ကျွန်မ၏ ငယ်ဘဝတွေ၊ အများကြီးပါလား။
ဒါ ဘာအခန်းလဲ။ ဘာဖြစ်လို့ ကျွန်မနှင့်ပတ်သက်သည့်အရာတွေ ဒီမှာ ရှိနေတာလဲ။ ကျွန်မရင်ထဲမှာ နွေးသွားသည်။
ကျွန်မ၏လက်ရေးတွေ၊ ကျောင်းသုံးဗလာစာအုပ်၏ မှတ်စုများထဲက စာမျက်နှာတချို့၊ ကျွန်မလက်ရေးက မေမေ့လက်ရေးလောက် မလှဘူးဟု အားငယ်တတ်ခဲ့ပေမယ့် အခုတော့ ကျွန်မလက်ရေးလေးတွေက မှန်ပေါင်သွင်းထားသည့် ပန်းချီကားတွေဖြစ်နေပါရောလား။ ဒါ ဘယ်သူ့အခန်းမို့ ကျွန်မ၏ လက်ရေးတွေက ဒီမှာ ရှိနေတာလဲ။ Mark က ကွန်ပျူတာစားပွဲရှိရာသို့ လျှောက်သွားချိန်တွင် ကျွန်မက ဆန့်ကျင်ဘက်ဖြစ်သော နံရံတစ်ခုဆီသို့ လျှောက်သွားနေမိသည်။
ကျွန်မ အလယ်တန်းကျောင်းသူဘဝတုန်းက ရေးထားခဲ့သည့် ကဗျာတစ်ပုဒ်ကို တွေ့လိုက်ရလို့ဖြစ်ပါသည်။
စပယ်သုံးကုံး ညကကုံး
သုံးကုံးပြီးအောင် မောင် မလာ
ပြန်တော့မင်းရှင် မင်းညိုစင်
လုလင်ပြန်တော့ ပြန်တော့လေ။
ကျွန်မတို့ငယ်စဉ်က အလယ်တန်းကာလက်ရွေးစင်စာအုပ်တွင်သင်ရိုးညွှန်းတမ်းအဖြစ် ပါခဲ့သော ကဗျာ။ ဟိုစဉ်တုန်းက ထိုကဗျာကို Youngကို ဖတ်ခိုင်းခဲ့ဖူးသည်။ ။
“မမ ဘာဖြစ်လို့ အဲဒီလုလင်ကို ပြန်ခိုင်းတာလဲ”
“စိတ်တိုတိုနဲ့ ငေါ့တာထင်တာပဲ Youngရဲ့”
“ အော်”
“ညတုန်းက သူစောင့်နေပေမယ့် သူချစ်တဲ့ ညိုစင်တဲ့ အသားအရောင်ရှိတဲ့ မောင်ကြီးက သူ့ဆီကို ရောက်မလာဘူး။ မောင်ကြီးကို စောင့်ရင်း စောင့်တာကို လူမသိအောင် စံပယ်ပန်းလေးတွေကို ဖြည်းဖြည်းချင်း အချိန်ဆွဲပြီး သီနေခဲ့တာ သုံးကုံးပြီးသွားတဲ့အထိ မောင်ကြီးက ရောက်မလာဘူးတဲ့”
စပါးသုံးတင်း ညကနင်း
သုံးတင်းပြီးအောင် မောင် မလာ
ပြန်တော့မင်းရှင် မင်းညိုစင်
လုလင်ပြန်တော့ ပြန်တော့လေ။
ဖွဲမီးသုံးပုံ ညကပုံ
သုံးပုံကျွမ်းအောင် မောင် မလာ
ပြန်တော့မင်းရှင် မင်းညိုစင်
လုလင်ပြန်တော့ ပြန်တော့လေ။
“ဒါဆို ကောင်မလေးက ပြန်တော့လို့ ပြောတာက လာပါတော့လို့ ခေါ်တာပေါ့ ဟတ်လား”
Young သည် ငယ်ငယ်က ဟုတ်လားဟု မေးလျှင် အသံလေးလေးကြီးဖြင့် ဟတ်လား ဟု မေးတတ်သည်။
“ဟုတ်တယ်”
“ဒါဖြင့် ကောင်မလေးတွေက အမှန်ကိုမပြောဘူးပေါ့။ စိတ်ထဲရှိတာကို ပြောင်းပြန်လုပ်ပြီး ပြောကြတာလားဟင်”
“အမြဲတမ်းတော့ မဟုတ်ပါဘူးဟယ်”
“မမရော စိတ်ထဲရှိတဲ့အတိုင်း ပြောလား။ ဒါမှမဟုတ် ပြောင်းပြန်ပြောလား”
အဲသည်တုန်းက ကောင်မလေး ဘာကို ဦးတည်ပြီး မေးချင်မှန်းမသိ။ ကလေးပီပီ စပ်စုစိတ်ဖြင့် မေးသည်ဟုသာ ယူဆသဖြင့် “ဒါကတော့ ဘယ်သူ့ကို ပြောနေတာလဲဆိုတာပေါ်မှာ မူတည်တာပေါ့ကွယ်” ဟု ပြန်ဖြေလိုက်ဖူးသည်။
“တကယ်လို့ အကိုJimin ကို ပြောတာဆိုရင် မမ အမှန်အတိုင်းပြောမှာလား။ ပြောင်းပြန်ပြောမှာလား”
“အို ဘယ်က အကိုJimin က ပါလာပြန်တာတုန်း”
“မမပဲ အသားညိုစင်တဲ့မောင်ကြီးဆို”
ကျွန်မ ခွက်ထိုးခွက်လန်ရယ်ခဲ့မိသည်ကို သတိရ၏။
ကျွန်မ ပြုံးနေမိသည်ဟု ကိုယ့်ကိုယ်ကို သတိပြုမိ၏။ ကျွန်မ သိပ်နှစ်သက်သည့် ထိုကဗျာကို Young အား ဖတ်စေချင်ခဲ့ပါလိမ့်မည်။ စာအုပ်အတိုင်းပေးလျှင် Young မဖတ်မှာစိုးလို့ ကူးရေးပြီးပေးခဲ့တာ ဖြစ်နိုင်ပါသည် ။
“အစ်မ ဖွင့်ပြီးပြီ။ ဖိုင်တွေက အများကြီးပဲ၊ ဖိုင်နာမည်က ဘာတဲ့လဲ”
“Give me a child until she is seven တဲ့”
“အိုကေ”
သူ ကွန်ပျူတာဆီသို့ ပြန်ငုံ့သွားသည်။ ဒီအခန်းထဲသို့ ကျွန်မကို ဝင်ဖြစ်အောင် Mark တမင်ခေါ်လာခဲ့တာ ဖြစ်ရမည်။ ဒီအတိုင်းဆိုလျှင် Wonyoung နှင့် ကျွန်မကြားက ဆက်စပ်မှုကို Mark သည် ကျွန်မ ထင်ထားသည့်ပမာဏထက် ပိုသိနေမည်မှာ သေချာသည်။ နောက်မှန်ပေါင်တစ်ခု။ ကျွန်မ လက်ရေးတော့ ဟုတ်သည်။ သို့သော် အစစ် မဟုတ်။ မိတ္တူကူးထားသည့် စာရွက်လား။ မဟုတ်ပါ။ မင်အပြာကို မင်အပြာအတိုင်း မြင်နေရသည် ဆိုတော့ ဓာတ်ပုံရိုက်သလို စကင်ဖတ်ထားတာဖြစ်သည်။
အော် ကျွန်မ မှတ်မိပြီ။ သည်ကဗျာကို ကျွန်မ မှတ်မိသည်။ ကျွန်မ ပို့ပေးခဲ့သည့် ကဗျာမဟုတ်လား။
---
(အခန်း ၁၃ ဆက်ရန်)