ဆုံနေရက်နှင့်လွမ်းလေခြင်း

By Hlaing1942

4K 270 3

This is the replacement of one of the best Author Juu's book with Annyeongz. Crd.... More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27(Final)

1

1.2K 32 0
By Hlaing1942

(၁)

နောက်ဆုံးစာကြောင်းကို ရေးပြီးချိန်မှာ လွမ်းတစိတ်နှင့် အားငယ်စိတ်တို့ ရောယှက်လျက် စူးနစ်စွာ နာကျင်လာသည်။

ဒီစာကိုရော Young ဖတ်ရပါ့မလား။
ပြီးတော့ လက်မှတ်မထိုးခင်မှာ ဘာစကားဖြင့် နှုတ်ခွန်းဆက်ရမလဲ။ ဒီတစ်ခါ သတ္တိကောင်းကောင်း သို့မဟုတ် မိုက်မိုက် မဲမဲ တစ်ခါမှ မရေးဖူးသော စကားလုံးအဖြစ် “အချစ်များစွာဖြင့်” ဟု ရေးလိုက်ရမလား။ တစ်ခါလောက် ဘဝမှာ စိတ်လွတ်လက်လွတ် ဖွင့်ချပစ်လိုက်ချင်လို့ပါ။ ကျွန်မလေ... ကျွန်မ Ahn Yujin လေ ဘဝမှာ တစ်ခါလေးတော့ ရူးသွပ်သွားလိုက်ချင်သည်။

မဖြစ်ပါဘူး Youngရယ်။
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
တစ်ခါတလေ သုံးနှုန်းဖူးသော “ချစ်ခင်စွာဖြင့်” ဆိုတာကမှ တော်ဦးမည်။ သို့မဟုတ် သုံးနှုန်းနေကျ စကားလုံးလေးရော၊ အဲဒါပဲ ကောင်းပါတယ်။ နောက်ဆုံးတော့ “မေတ္တာဖြင့် မမ” ဟု ရေးလိုက်တော့သည်။

စာကို သေသေသပ်သပ် မြတ်မြတ်နိုးနိုးခေါက်ပြီး အဖြူရောင် စာအိတ်လေးထဲထည့်ကာ မြန်မြန်ပိတ်ပစ်လိုက်သည်။

ပြီးတော့ စာအိတ်ကို ပလတ်စတစ်အိတ်လေးထဲ သေသေချာချာထည့်ပြီး ပလတ်စတစ်ကို ပိတ်၊ အပေါ်မှ စက္ကူချုပ်စက်လေးဖြင့် ပလတ်စတစ်အစွန်းပိတ်ကို သုံးနေရာလောက် ချုပ်ပေးလိုက်၏။

မိုးရေစိုမှာကို မပူရတော့ဘူးပေါ့။ မနက်ကတည်းက ရွာနေသည့် မိုးသည် အခုအခါ နည်းနည်းတော့ စဲသွားပြီ။ သို့သော် မိုး မတိတ်သေးပါ။

လက်ဆွဲသေတ္တာကို လက်တစ်ဖက်၊ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျွန်မ အခန်းထဲကထွက်တော့မည့်ဆဲဆဲ စားပွဲပေါ်မှာ ထောက်တိုင်လေးဖြင့် တင်ထားသော ဓာတ်ပုံတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိသည်။ ဟင့်အင်း မယူနဲ့။ မှန်ပေါင် သွင်းထားတာမို့ ကွဲမှာ ရှမှာ စိုးရသည်။ အိပ်ခန်းထဲမှာပဲ နေခဲ့ပါစေတော့။ မဖြစ်သေးပါဘူး။ ယူမှ ဖြစ်မှာပါ။ ကျွန်မအနားမှာ Young မရှိပေမယ့် ဒီဓာတ်ပုံလေးတစ်ခု ရှိနေဖို့လိုပါသည်။ ကျွန်မ ဖျတ်ခနဲ ဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်စဉ် ခြံရှေ့ ဆီမှ ဟွန်းတီးသံတစ်ခု ကြားလိုက်ရသည်။ အငှားကား ရောက်လာပြီထင်ပါရဲ့။

ကျွန်မ အိမ်ခန်းပတ်လည်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ ဘာများ လိုဦးမလဲ၊ တံခါးတွေ အသေအချာ ပိတ်ပြီးပြီ။

မီးဖိုခန်း နံရံကပ်ဘီဒိုထဲမှာ Young အတွက် မွေးနေ့လက်ဆောင်လေးတွေကို သူ့နေရာနှင့်သူ စီပြီး ထည့်ပေးထားပြီးပြီ။ ဒီနှစ်လက်ဆောင် အပါအဝင်ဆို အားလုံး လေးနှစ်စာပေါ့။ လေးနှစ်စာ မွေးနေ့လက်ဆောင်များသည် ကျွန်မအပြန်ကိုပဲ စောင့်နေမလား မွေးနေ့ရှင်က အရင်ဦးစွာ ရောက်ပြီး အမြတ်တနိုး ထိကိုင်ရယူခြင်း ခံရမလား။

အိမ်မှမထွက်မီ သေချာအောင် ကျောပိုးအိတ်ကို ကျွန်မနောက်ဆုံးအကြိမ် ဖွင့်ကြည့်လိုက်သည်။ လိုအပ်သမျှ ပါရဲ့လား။ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ ပြည်ပထွက်ခွာခွင့်ပြုသည့်လက်မှတ်၊ ကျွန်မ၏ခရီးဆောင်ကွန်ပျူတာ၊ ပြီးတော့ ကျွန်မ မြတ်နိုးသည့် ဓာတ်ပုံ၊ ပြီးတော့ စာကြောင်းတိုတိုတွေ ပုံတွေဖြင့်
ပြည့်နေသည့် ကိုယ်ရေးကိုယ်တာမှတ်စု (scrap book) လေး။ အကုန်ပါခဲ့ပါပြီ။

ထီးယူလာခဲ့သော်လည်း ထီးဆောင်းဖို့ လက်က မအားသဖြင့် မိုးဖွဲဖွဲအောက်မှာပင် အိမ်တံခါးကိုသော့ခတ်၊ လက်ဆွဲသေတ္တာကိုဆွဲ၊ ကျောပိုးအိတ်ကို ကျောမှာလွယ်ပြီး ခပ်သွက်သွက် လျှောက်ခဲ့သည်။ နောက်ဆုံးအဖြစ် ခြံတံခါးကို သော့ခတ်အပြီး အိတ်ထဲကစာကို ထုတ်ယူကာ ခြံတံခါးဘေး သစ်သားတိုင်တွင် Young မြင်သာအောင် တွဲလွဲချိတ်လိုက်သည် ။

ခွင့်လွှတ်ပါ Young ရေ။ Young မွေးနေ့မှာ ​
Young လာသည်ဖြစ်စေ မလာသည်ဖြစ်စေ Young ကို အိမ်ကနေ စောင့်ကြိုနေကျအဖြစ်ကနေ ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့ရပြီ။ တကယ်လို့များ ဒီနှစ် Young ရောက်လာခဲ့မယ်ဆိုရင်ပေါ့လေ။

ခြံသော့ကို ဖွင့်ပြီး Young ဝင်နှင့်ပေါ့။ ဟုတ်တယ်လေ။ Young မရောက်လာဘူးလို့ ဘယ်သူမှ အတတ်မပြောနိုင်။

Young ရောက်လာခဲ့လျှင် ခြံတံခါးသော့မှ နံပါတ်လေးခုကို လှည့်ပြီး ဖွင့်ဝင်လိမ့်မည်။ ထိုနံပါတ်သည် Young မွေးသက္ကရာဇ် ဖြစ်လို့ ကျွန်မတို့နှစ်ယောက်လုံး ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။ ခြံထဲသို့ရောက်ပြီးလျှင် အိမ်သော့ ရှာရမည့်နေရာကိုလည်း Young ကလွဲပြီး ဘယ်သူ့ကိုမှ ကျွန်မ ပြောပြမထားခဲ့ပါ။

Young မရောက်လာခဲ့လျှင်ရော။

ထိုအတွေးကြောင့် ရင်ထဲမှာ စူးနင့်စွာ နာကျင်သွား၏။ Young မရောက်လာခဲ့လျှင်တော့ ထိုစာလေးကို အိမ်ပြန်အဝင်တွင် ကျွန်မ ရှက်ရွံ့စွာ ပြန်တွေ့ရလိမ့်မည်။

သို့သော် ဘာအကြောင်းကြားစာမှ မထားခဲ့မိလို့ Young ရောက်လာချိန် တွယ်ရာမဲ့ လေလွင့်စိတ်ဖြင့် Young နာကျင်သွားရမည့်အဖြစ်ထက် ဖတ်မည့်သူမရှိသည့်ကိုယ့်စာကို ကိုယ် ပြန်တွေ့ရလို့ ရှက်ရွံ့ နာကျင်စွာ ငိုကြွေးရသည့်အဖြစ်ကို ကျွန်မ ရွေးချယ်လိုက်ပါမည်။

ဒါဟာ အချစ်လား၊ မဟုတ်ပါဘူးနော်။ ဒါဟာ မေတ္တာသာ ဖြစ်ပါသည်။

ကျွန်မ သွားတော့မည်။ ကျွန်မ၏အိမ်ပုပုပြားပြားလေးကို ကျွန်မလှမ်းကြည့်ပြီး နောက်ဆုံး နှုတ်ဆက်လိုက်သည်။ Young ကို နှုတ်ဆက်ခွင့်မကြုံတော့ Young အရိပ်နှင့်အငွေ့တို့ကိုသာ နှုတ်ဆက်ရတော့မည်။ မကြာပါဘူး Young၊ ဆယ်ရက်ပါပဲ။

ဆယ်ရက် ကြာလျှင် ကျွန်မ ပြန်လာမှာပါ။
ကားသမားက ကျွန်မအိတ်တို့ကို နောက်ခန်းထဲ
ထည့်နေစဉ် ကျွန်မက အိမ်ပတ်ဝန်းကျင်ရှိ စိမ်းမှောင်သော အရွက်အခက်စိပ်စိပ် ချုံပင် သစ်ပင် ပန်းပင်များကို အကျင့်ပါနေသော ရှာဖွေသည့်မျက်လုံးတို့ဖြင့် ဝေ့ဝဲ ကြည့်လိုက်မိသည်။ ကျွန်မမမြင်နိုင်သည့် တစ်နေရာရာကနေ ကျွန်မကို စောင့်ကြည့်နေဖို့ Young ကျွန်မနှင့်မနီးမဝေးမှာ ရှိနေလိမ့်မည်ဟု ဘာဖြစ်လို့များ ထင်နေခဲ့မိသလဲမသိ။

နောက်တော့လည်း အရာရာသည် ဟိုစဉ်ကလိုပဲ မပြည့်သည့်ဆုတောင်းများ၊ ရင်ထဲမှာ လှိုက်ဟာစေမည့် မျှော်လင့်ချက်များ၊ လစ်ဟာမှုများနှင့် နေသားတကျ ဖြစ်လျက် ကျန်ရစ်ခဲ့ပြန်တော့သည်။

ကျွန်မ သိချင်လှပါရဲ့။ Young ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က Young ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား။ တွန့်ဆုတ်ခဲ့သေးလား၊ ဝေခွဲရခက်ခဲ့သေးလား။ နည်းနည်းလေး ဖြစ်ဖြစ်လေ။

ကိုယ့်ကိုယ်ကို မဲ့ပြုံးပြုံးလိုက်ရင်း ရှက်ရွံ့စွာ ခေါင်းတစ်ချက် ဆတ်ခါပစ်လိုက်သည့်အခါ မျက်ဝန်းတွင် ခိုတွဲလာသော မျက်ရည်တို့ လွင့်စင်သွားပါသည်။

---

နံနက်ခင်း၏ ပြာလွင်သော ကောင်းကင်ထဲမှာလွင့်မျောနေသည့် တိမ်ခိုးမျှင်တွေကို မြင်ရသည်။ အမြင့်ပေ သုံးသောင်းမှာ ဆိုတော့ တိမ်မျှင်အလွှာပါးပါးသာ ဟိုး ခပ်ဝေးဝေးမှာပေါ့။ ဒါပေမယ့် တိမ်ကတော့ တိမ်ပါပဲလေ။ ရေးလက်စမှတ်စုထဲမှာ စာကြောင်းတချို့ ထပ်ဖြည့်လိုက်မိသည်။

“လေယာဉ်အပြင်မှာတော့ ကောင်းကင်အပြာသက်သက် ပါပဲ။ တိမ်မျှင် နည်းနည်းကို ဟိုး ခပ်လှမ်းလှမ်းမှာ အမျှင်လိုက် ကျဲကျဲပါးပါး လှမ်းမြင်ရတယ်။ တိမ်တွေက မင်းနဲ့ ကိုယ်ရဲ့ တိမ်တွေလို မလှပါဘူး Young ”

“မင်းနဲ့ကိုယ်ရဲ့တိမ်” တဲ့။ ကျွန်မလက်ရေးများကို ငေးမောကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ကျွန်မတို့နှစ်ယောက်၏ တိမ်တွေက လှပခဲ့ပါသည်။ ထို့နောက် မင်းနဲ့ကိုယ်ရဲ့ တိမ် ဟူသော စကားစုကို ဘောလ်ပင်ဖြင့် ခြစ်ပြီး ပြန်ဖျက်ပစ်လိုက်၏။

ထို့နောက် စကားစုတစ်ခုဖြင့် အစားထိုးလိုက်သည်။

“Mr.Kim ရဲ့ တိမ်ပန်းချီကားတွေလောက်” ဟု ပြင်လိုက်သည်။ Young သာ အနားမှာရှိနေပြီး ကျွန်မ၏မှတ်စုကို ခိုးဖတ်နေသည်ဆိုလျှင် လှောင်ပြောင်သည့် ရယ်မောသံဖြင့် ကျွန်မကို ရှုတ်ချလေမလား။ “Young ကို လိမ်တယ်တဲ့လား။ မမကမှ လိမ်တာ” ဟု ခနိုးခနဲ့ ရယ်မောလေမလား။ ကျွန်မ မလုံမလဲစိတ်ဖြင့် မင်းနဲ့ ကိုယ်ရဲ့ တိမ် ဟူသောစကားစုကို ဖတ်လို့မရနိုင်တော့သည်အထိ မဲနက် နေအောင် ထပ်ခါထပ်ခါ ခြစ်ပစ်လိုက်သည်။ သို့သော် ကျွန်မ၏ အာရုံထဲမှာ ပေါ်လာသည့် စကားသံတို့ကိုတော့ ဖျောက်ဖျက်ပစ် လို့ မရနိုင်ပေ။

“တိမ်ဆိုတာ အငွေ့အဖြစ် မြင်ရတဲ့ မြစ်ရဲ့ ဝိညာဉ်တွေပဲ”

Young ပြောခဲ့သည့်စကားပါ။ သူ့ကိုယ်ပိုင်စကားတော့ ဘယ်ဟုတ်မလဲ။ ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ထားပြီး ကျွန်မကို ပြန်ရွတ်ပြခြင်း ဖြစ်သည်။ Young ကဗျာတွေကို ချစ်တတ်လာသည့်အတွက် ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူခဲ့ရပါသည်။

Young ကို ကျွန်မအတွေးထဲကနေ ထုတ်ပယ်လို့ မရနိုင်တော့ဘူးလား။ တကယ်ဆိုလျှင် အခုအချိန်မှာ ကျွန်မရေးနေသည့် မှတ်စုသည် စက်တင်ဘာလ(၁)ရက်နေ့၊အခမ်းအနားတစ်ခုမှာ ပြောရမည့် အဖွင့်အမှာစကားနှင့် သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေရမည်။

သို့မဟုတ်လျှင်လည်း (၂)ရက် (၃)ရက် (၄)ရက် တစ်ရက်ရက်တွင် ဖတ်ရမည့် ကျွန်မ၏ စာတမ်းနှင့် သက်ဆိုင်သည့်အကြောင်းအရာ ဖြစ်နေရမည်။ အခုတော့ Young အကြောင်းပဲ တွေးနေမိပြန်သတဲ့။ လေယာဉ်စီးတိုင်း Young ကို သတိရစိတ်က ပေါ်လာတတ်လို့ပါလေ။

Young က ဘဝမှာ လေယာဉ်တစ်ခါမှ မစီးဖူးဘူးတဲ့။ ကျွန်မက တစ်ခါလောက် Paris သို့ လေယာဉ်ဖြင့်သွားရန် လိုက်ပို့ပေးမည်ဟု စီစဉ်တော့လည်း လေယာဉ်စီးရမှာ ကြောက်သတဲ့။

တကယ်တော့ လေယာဉ်ကိုကြောက်သည့်နေရာမှာ ကျွန်မက ပိုမှာပါ။ ကျွန်မက လေယာဉ်စီးတိုင်း ကြောက်နေဆဲ။ အခု ကျွန်မစီးလာသည့်လေယာဉ်က ပြင်သစ်လေကြောင်း Air France ဖြစ်သဖြင့် ပိုတောင် ကြောက်မိသည်။ ၂၀၀၉ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးလေဆိပ်မှ ပြင်သစ်နိုင်ငံ ပါရီမြို့ ချားလ်စ်ဒီဂေါလ် လေဆိပ်သို့ ပျံသန်းလာသည့် အဲဖရန့်စ် လေယာဉ် တစ်စင်း အက်တလန်တစ်သမုဒ္ဒရာထဲ ပျက်ကျခဲ့သည့်အဖြစ် ရှိထားတာကိုး။ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၂၁၆ ယောက်နှင့် လေယာဉ်အမှုထမ်း ၁၂ ယောက် စုစုပေါင်း ၂၂၈ ဦး အကုန်လုံး သေဆုံးသွားခဲ့သည်ဟု ဖတ်လိုက်ရသည်။ ကျွန်မတို့လေယာဉ်လည်း အချိန်မရွေးပျက်ကျနိုင်တာပေါ့။ Young ကို ပြန်မတွေ့ရဘဲနှင့် ကျွန်မ မသေချင်ပါ။ Young တစ်နေရာရာမှာ ငြိမ်းချမ်းပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေသည်
ဟု ကျွန်မ သိပြီးမှ သေချင်သည်။ လေယာဉ်တွေမှာ ဆင်းခါနီးအချိန် ပျက်ကျသည့်ရာခိုင်နှုန်းနှင့် တက်ပြီးခါစ ပျက်ကျသည့် ရာခိုင်နှုန်း ဘယ်ဟာက ပိုများပါလိမ့်။ နေပါဦး။ အဲဖရန့်စ် ပျက်ကျခဲ့တာကတော့ တက်ခါစလည်း မဟုတ်၊ ဆင်းခါနီးလည်း မဟုတ်။

ပျံသန်းချိန် သုံးနာရီကျော်အကြာ တစ်ဝက်တောင် မကျိုးသေးသည့် ခရီးတစ်ပိုင်းတစ်စမှာ ပျက်ကျခဲ့တာဖြစ်သည်။ အင်း အခုတော့ ကျွန်မက ဖရန့်ဖွတ်မှာ တစ်ထောက်နားပြီးမှ ပြင်သစ်လေကြောင်းဖြင့် ခရီးထပ်ဆက် ပျံသန်းလာတာမို့ အကွာအဝေး နီးပါသည်။ မိုင် ၄၉၀ လောက်ပဲ။ တစ်နာရီ ဆယ့်သုံးမိနစ်ခန့် ကြာလိမ့်မည်ဟု လေယာဉ်မယ်က ကြေညာသွားခဲ့သည်။ ဒီအတွင်းတော့ ဘာမှ မဖြစ်လောက်ဘူး ထင်ပါရဲ့။ ဘန်ကောက်မှ ဖရန့်ဖွတ်အထိ လာခဲ့သည့်ခရီးရှည်ကြီးမှာတောင် ဘာမှ မဖြစ်ခဲ့တာ။ အခုလို ခရီးတိုကျမှတော့ ဘာမှအန္တရာယ်ကြုံမှာ မဟုတ်ပါဘူးနော်။

ကျွန်မ ခရီးထွက်တိုင်း Young က ကျန်ရစ်ခဲ့သည်ချည်းပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် အခြေအနေအရ အသက်အရွယ်အရ အလုပ်အရ အမြဲလိုလိုပင် ကျွန်မက ထားရစ်သူဖြစ်ပြီး Young က ကျန်ရစ်သူ ဖြစ်သည်။

ကျွန်မနှင့်Young ကြားမှာ မမြင်နိုင်သောကြိုးတစ်ချောင်းရှိသည်။ မမြင်နိုင်ဘူးဆိုမှတော့ ထိုကြိုး၏အရှည်ကိုလည်း တိုင်းထွာဖို့ ခက်ခဲသည်။ သေချာတာကတော့ ထိုကြိုးသည် တိုပါသည်။

Young အိမ်ပြန်သွားလျှင် Young နောက်ကျောကို လှမ်းကြည့်ရင်း ကျွန်မရင်ထဲမှာ နာကျင်သွားအောင် တင်းခနဲ ဖြစ်သွားသည့် ကြိုးမျိုး။ Young ရှိရာမြို့ကနေ ခွဲခွာရတိုင်း လွမ်းလှပြီဟု ထင်ထားပေမယ့် ကျွန်မ မိုင်ပေါင်း ထောင်ချီပြီးထွက်သွားသည့်အခါ Young အသံကို ကြားလိုစိတ်၊ Young ကို မြင်လိုစိတ်က အတိုင်းအဆ ပမာဏ ကြီးမားလှသည်။ ကျွန်မတို့နှစ်ယောက်ကြားက ကြိုးက တင်းလှချည်ရဲ့။ သို့သော် ကျွန်မက ထားရစ်သူမဟုတ်ဘဲ ကျန်ရစ်သူ ဖြစ်ရပြီဆိုတော့မှ လွမ်းရပုံချင်း မတူပါလားဟု ကိုယ်တွေ့ သိရတော့သည်။ ထားရစ်ခဲ့ရသည့်အခါ လွမ်းစိတ်သည် သေချာရေရာမှုတွေနှင့် ပိုင်ပိုင်နိုင်နိုင် ရှိ၏။ ကျန်ရစ်ခဲ့ရပြီဆိုသည့်အခါ မသေချာမရေရာသည့် တွယ်ရာမဲ့ စိုးထိတ်မှုဖြင့် လွမ်းရလေသည်။ သည်နေ့ဆိုလျှင် ဩဂုတ်လ သုံးဆယ်ရက်နေ့ဖြစ်ပြီ၊ မနက်ဖြန် Young မွေးနေ့ဖြစ်သည်။ Young မွေးနေ့တွေမှာ ကျွန်မဆီက လက်ဆောင်ကို တောင်းဖို့ Young လာနေကျ။ မနက်ဖြန် ကျွန်မ၏စာလေးကိုဖတ်ဖို့ Young ကျွန်မအိမ်သို့ ရောက်သွားလေမလား။ ပျော်စရာကောင်းသည့်မွေးနေ့ ဖြစ်ပါစေဟု ကျွန်မ ဘယ်တော့မှ နှုတ်ခွန်းမဆက်ခဲ့ပါ။ Young လူ့လောကထဲ ရောက်လာသည့်နေ့သည် ပျော်စရာမှ မဟုတ်ဘဲ။ ဝမ်းနည်းကြေကွဲစရာ မွေးနေ့ကို ကြုံရသူရယ်လို့ ဒီကမ္ဘာတွင် သိပ်များများရှိမှာမဟုတ်။ ထို့ကြောင့် ကျွန်မYoung ကို အမြဲပြောလေ့ရှိသည့် စကားက ...

“မွေးနေ့မှာ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံပေးလိုက်ပြီမို့ တစ်နှစ်ပတ်လုံး ဘေးမသီရန်မခ နွေးထွေးနေပါစေ” တဲ့။ ဒါပါပဲ။

ချစ်ခြင်းမေတ္တာဆိုတာ အချစ်မဟုတ်ဘူးဟု ကျွန်မ အမြဲ ရှင်းပြပေးခဲ့ရသည်။

လေယာဉ်က နိမ့်ခနဲ စိုက်ဆင်းသွားသည်။ လေယာဉ်ဆင်းတော့မည် ထင်ပါရဲ့။

“ကျွန်မတို့လေယာဉ်ဟာ မကြာမီအချိန်အတွင်း မာဆေးပရောဗန့်စ်လေဆိပ်သို့ ဆင်းသက်ပါတော့မယ်ရှင်”

လေယာဉ်မယ်က ပြင်သစ်ဘာသာဖြင့် ကြေငြာ၏။ ကျွန်မက ပြင်သစ်စာကို ထမင်းစားရေသောက်သာ ပြောနိုင်သူ ဖြစ်ပေမဲ့ တချို့အသံထွက်တွေကို မှန်းဆပြီး နားလည်လိုက်သည်။

“ကွန်ပျူတာနှင့် အီလက်ထရွန်းနစ် ပစ္စည်းများကို သုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ပြတင်းမှန်များကို ပြန်တင်ပေးကြပါရန်၊ ထိုင်ခုံများကို မတ်မတ်အနေအထားသို့ ပြန်လည် ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်”

ထိုစကားတို့ကိုပင် အင်္ဂလိပ်လို ထပ်ကြေညာချိန်တွင် လေယာဉ်က အောက်သို့ ခပ်မြန်မြန် စိုက်ဆင်းလိုက်သည်။

မကြောက်နဲ့။ ခဏနေရင် လေယာဉ်ဆိုက်တော့မှာပဲ။ ကိုယ့်ကိုယ်ကို အားပေးရင်း ပြတင်းမှ ကြည့်လိုက်သည့်အခါ တဖြည်းဖြည်းနီးလာသော မာဆေးမြို့ မြင်ကွင်းကို မြင်ရသည်။

အိမ် နိမ့်နိမ့်လေးတွေ၊ တစ်အိမ်ချင်းဘေးမှာ အပြာရောင် စက်ဝိုင်းကွက်လေးတွေ၊ လေးထောင့်ကွက်လေးတွေ၊ ဘဲဥပုံကွက်လေးတွေ။

အဲဒါလေးတွေကို အာရုံစိုက်နေပါလား။ ပထမတော့ ဘာတွေမှန်းမသိ။ နောက် တဖြည်းဖြည်း လေယာဉ်က ပိုနိမ့်ဆင်းလာတော့မှ အိမ်တစ်အိမ်ချင်း၏ ရေကူးကန်တွေဟု သိလိုက်ရသည်။

တစ်နှစ်ပတ်လုံးမှာ ရက်ပေါင်းသုံးရာကျော် နေရောင်ခြည်ရသည်ဆိုသော မာဆေးမြို့သည် နွေရာသီမှာ တော်တော် ပူနွေးပုံရသည်။ ကြည့်ပါလား။ မြင်ကွင်းတစ်ခုလုံး နေရောင်က တောက်တောက်ပပ လင်းထိန်နေလိုက်တာ။ မြင်မြင်သမျှ အိမ်တွေတိုင်းလိုလိုမှာ အပြာရောင်ကွက်လေးတွေ တွဲလျက်ပါနေသည်။

လေယာဉ်သည် ရိပ်ခနဲ ရိပ်ခနဲ အောက်သို့ ထိုးဆင်းနေသည်။ အကြောက်ပြေဖို့ ဝင်လေထွက်လေကို မှတ်ရင်း မေမေ့ကို သတိရသွားပြန်၏။ မေမေလည်း Youngလိုပဲ တစ်ခါမှ လေယာဉ်မစီးခဲ့ဖူးပေ။ လေယာဉ်ဖြင့် ကောင်းကင်မှာ ပျံသန်းသွားသည့်အရသာကို မေမေ တစ်ခါမှ မခံစားလိုက်ရဘူး။ မေမေ မစီးဖူးသည့်လေယာဉ်ကို ကျွန်မ အခေါက်ပေါင်းများစွာ စီးနေခဲ့သည်။ ကျွန်မ ရင်ထဲမှာ နာကျင်သွားသလိုပဲ စူးနင့်နင့် ခံစားလိုက်ရသည်။ ကျွန်မ လိပ်ပြာမသန့် ဖြစ်မိတာလား။ မေမေ မစီးခဲ့ဖူးသည့်လေယာဉ်ကို ကျွန်မ စီးနေရလို့ စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါ။

မဆိုင်ပါဘူးနော်။ ဘာမှ မဆိုင်ဘူးမဟုတ်လား။ မေမေက မြို့ငယ်လေးတစ်မြို့က ဆရာမတစ်ယောက်သာပဲ။ မေမေ့ဘဝသည် တကယ်ပဲ ရိုးစင်းခဲ့ပါသည်။

လေယာဉ်ဘီးနှင့် ကွင်းမြေပြင်ကို ထိလိုက်သည့်လှုပ်ရှားမှုက ငြင်သာသားပဲ။ ကွင်းထက်သို့ ဆိုက်ပြီပေါ့။ အောင့်ထားမိသောအသက်ကို အခုမှ လွှတ်ချလိုက်ရသည်။ ဘေးမသီရန်မခ မာဆေးမြို့သို့ ရောက်ခဲ့ပြီး လေဆိပ်ဧည့်သည်ကြိုဆိုရာခန်းမတွင် ကျွန်မကို စောင့်နေသည့် အမျိုးသမီးတစ်ယောက်ရှိနေမည်ဟု သိပြီးသားမို့ များပြားလှသော လူအုပ်ကြားထဲမှာ ရှာဖွေကြည့်သည်။

တချို့လူတွေက လက်ထဲမှာ ကြိုဆိုရမည့်သူ၏နာမည်ရေးထားသည့် ကပ်ပြားလေးတွေကို ကိုင်ကာ ရပ်နေကြသည်။ ထိုကပ်ပြားတွေကို ကျွန်မ လိုက်ဖတ်ကြည့်နေမိသည်။ ကျွန်မ ဦးစားပေး ကြည့်တာက အမျိုးသမီးတွေကိုပါ။ လာကြိုမည့် “လေး” သည် ကျွန်မကို တစ်ခါမှ မမြင်ဖူးပါ။

နောက်ပြီး အင်တာနက်မှတစ်ဆင့် အီးမေးလ်ဖြင့်လည်း ကျွန်မ၏ဓာတ်ပုံကို ပို့မပေးဖြစ်ခဲ့ပါ။ သို့သော် ကျွန်မကိုယ်တိုင်ပင် စာဖြင့် အဆက်အသွယ် ပြုလုပ်ခဲ့ပေမယ့် လေး၏ဓာတ်ပုံကို တောင်းမကြည့်ခဲ့မိပါ။

ဆိုက်ရောက်ခန်းမမှာ ကြိုဆိုနေသူတွေ၏ မျက်နှာတွေနှင့် လက်ထဲမှာ ကိုင်မြှောက်ပြထားသော နာမည်ကပ်ပြားတို့ကို လိုက်ကြည့်နေစဉ်မှာပင် ကျွန်မဆီသို့ လူတစ်ယောက် ရုတ်တရက် နီးကပ်လာသည်။ ကျွန်မ မျှော်လင့်ထားသလို အမျိုးသမီးတစ်ယောက် မဟုတ်ပါ။ အမျိုးသားတစ်ယောက် ဖြစ်သည်။

“Ahn Yujin လား ခင်ဗျာ”

အပြုံးဖြင့် ကျွန်မကို ကိုရီးယားလို မေးသည်။ ကျွန်မ အံ့သြသွား၏။ ထိုသူကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါ။ သူ့ အသားအရေက နုညက်ဖြူဖွေးရုံမက ပန်းသွေးရောင်ပင်ထနေ၏။ အခုလို ရေခြားမြေခြားတွင် ကိုရီးယားစကားသံကြားလိုက်ရတာ အားတက်စရာ။

သူ့ ကိုရီးယားစကားသည် ဝဲနေ၏။ သို့သော် ဒီလောက်ပီပီသသပြောနိုင်လျှင် သူ ကိုရီးယားပါပဲ။

“ဟုတ်ပါတယ်”

“ကျွန်တော့်နာမည် Mark ပါ။ Ms.Yujin ကို လာကြိုတာပါ”

ကာကီရောင်ချည်သားဘောင်းဘီ၊ ရှပ်လက်တို အဖြူရောင်နှင့် ရည်ရည်မွန်မွန် လူတစ်ယောက်ပါပဲ။ ကျွန်မထက် အသက်ငယ်လိမ့်မည်။ တော်တော် ငယ်ပါလိမ့်မည်။

“ဟုတ်လား”

ကျွန်မ၏ခရီးဆောင်အိတ်ကို အလိုက်တသိ ဆွဲယူလိုက်သဖြင့် ကျွန်မ ကျေးဇူးတင်သွားသည်။ သူက ရှေ့မှ ခြေလှမ်း ခပ်သွက်သွက်ဖြင့် လျှောက်သွားသည်။ သူ ခြေလှမ်းကျဲလွန်းလို့ ကျွန်မမှာ အပြေးလိုက်ရလေသည်။ တကယ်တော့ ကျွန်မ၏ ခရီးသည် မပင်ပန်းသော်လည်း အေးအေးသက်သာတော့ မဟုတ်ခဲ့ပါ။

လေယာဉ်တစ်စင်းမှ နောက်တစ်စင်း ပြောင်းလဲသည့် အကြိမ်တွေများသည်မို့ အလောတကြီးပြေးလွှားရတာ မဟုတ်သော်လည်း စိတ်တော့မောရလေသည်။ အခုလည်း ဘာဖြစ်လို့ ကျွန်မက သူ့နောက်ကနေ အပြေးလိုက်နေရပါလိမ့်။

“ခဏလေးရှင့် ဖြည်းဖြည်းသွားပါ”

ကျွန်မ၏ဖိနပ်သည် စကတ်နှင့်လိုက်ဖက်ညီအောင် ဒေါက်မြင့်ဖိနပ်ဖြစ်နေသည်။ လမ်းသွက်သွက်လျှောက်လို့ရသော်လည်း အခုလို အပြေးတစ်ပိုင်းလျှောက်ဖို့တော့ အဆင်မပြေ။ သူက ကျွန်မ လှမ်းပြောမှ သတိပြုမိသွားသလို ကျမကိုစောင့်ပြီး ခြေလှမ်းလှမ်းသည်။ သို့သော် သူ့ ကြည့်ရတာ တစ်ခုခုကို စိတ်စောနေသလို။ ခပ်သွက်သွက် ခပ်လောလော။

နေစမ်းပါဦး ကျွန်မကို လာကြိုမှာက အမျိုးသမီးမဟုတ်ဘူးလား။ အခု ဘယ်လိုဖြစ်ပြီး ယောက်ျားကြီး ဖြစ်နေတာလဲ။

“နေပါဦးရှင့်။ ကျွန်မ နားမလည်လို့။ ကျွန်မကို လာကြိုမှာက ပါမောက္ခဖရောင့်ထွာ
ရဲ့ အမျိုးသမီး မလေး ဖြစ်ရမှာပါ”

“အော် ဟုတ်ကဲ့။ အဲဒီအစ်မ မအားလို့ ကျွန်တော် လာကြိုရတာပါ”

လေဆိပ်အဆောက်အဦ၏အပြင်သို့ ကျွန်မတို့ ရောက်သွားကြသည်။ ကားရပ်နားကွင်းသည် လေဆိပ်ရှေ့ လမ်းမ၏ တစ်ဖက်မှာရှိသည်ကို မြင်ရသည်။ သူ့အရပ်က ရှည်သည်။ ကျွန်မ ဦးခေါင်းထိပ်ဖျားက သူ့ပခုံးလောက်မှာပဲ ရှိသည်။ သူ့ကို နောက်နား ခပ်ကျကျကနေ အကဲခတ်ရင်း သူ့နောက်သို့ လိုက်လာခဲ့ရသည်။ သူ့ကားသည် ပူဂျိုဟု ကျွန်မတို့ဆီမှာ ခေါ်သော ပါဂျိုအညိုနုရောင် ဖြစ်သည်။ ကား ရှေ့ဘန်ပါမှာ လမ်းလျှောက်တော့မလို မတ်တတ်ရပ်နေသော ခြင်္သေ့ပုံလေးကို ကျွန်မ သိပါသည်။

သူက ကျွန်မ၏ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲသို့ အရင် ထည့်သည်။ ပြီးတော့ ကျွန်မကို ရှေ့ခန်း ကားမောင်းသူဘေး ထိုင်ခုံမှာထိုင်ဖို့ ကားတံခါးဖွင့်ပေးသည်။ ကျွန်မ ကားထဲသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်း မွှေးရနံ့တစ်ခုကို ရလိုက်သည်။ ရေမွှေးနံ့ မဟုတ်ပါ။ ပန်းနံ့ ဖြစ်ပါသည်။

ကျွန်မ ထိုင်လိုက်သည့်အချိန်မှာပဲ ကားနောက်ခုံမှာ တင်ထားသော ခရမ်းပြာရောင်ပန်းစည်းကို မြင်လိုက်ရခြင်း ဖြစ်သည်။ ထိုပန်းကို ဓာတ်ပုံတွင် သို့မဟုတ် ရုပ်ရှင်ဇာတ်ကားတွင် မြင်ရတိုင်း ကျွန်မ အမြဲ ကြည်နူးတမ်းတခဲ့ရသည်။ အခုတော့ရင်ခုန်သွားပါသည်။ ဒါ လာဗင်ဒါပန်းတွေပဲ မဟုတ်လား။

“ဟယ် လှလိုက်တဲ့ပန်းတွေ”

ကျွန်မ သူစိမ်းယောက်ျားတစ်ယောက်ရှေ့မှာ လွှတ်ခနဲ ရေရွတ်လိုက်မိတော့ သူ ကားမောင်းသူနေရာမှာဝင်ထိုင်ရင်း ပြုံးလိုက်သည်။

“အစ်မ လာဗင်ဒါပန်းကို ကြိုက်လား”

ဟုတ်တာပေါ့။ ထင်တဲ့အတိုင်း ဒါ လာဗင်ဒါပန်းတွေပါလား။ ဘဝမှာ ပထမဆုံးအကြိမ် လာဗင်ဒါပန်းကို မျက်ဝါး ထင်ထင် မြင်ဖူးခြင်းပေတည်း။

ကြည့်စမ်းပါဦး၊ လာဗင်ဒါပန်းတွေတဲ့ Young ရေ။ Young အပြုံးကို ချက်ချင်း မြင်ယောင်မိသွားသည်။ Young မမကို စိုက်ပေးမယ်ဆိုတဲ့ လာဗင်ဒါပန်းတွေကို အခုတော့ မမ မြင်နေရပြီ။ မွှေးလိုက်တာ Young ရယ်။

“အမှန်ကတော့ ဒီပန်းစည်းက အစ်မကို လာကြိုရင်း ပေးဖို့ယူလာတာပါ။ ဒါပေမယ့် လေယာဉ် နည်းနည်းစောရင် လူချင်းလွဲမှာစိုးလို့ ကမန်းကတန်း ဆင်းပြေးလာလို့ မေ့သွားတာ လူချင်းလွဲမှာစိုးလို့”

ဘာဖြစ်လို့ လူချင်းလွဲရမှာလဲ။ ကျွန်မက လာကြိုတဲ့လူကို တွေ့တဲ့အထိ စောင့်မှာပေါ့။
သို့သော် ကျွန်မ သူ့ကို ပြန်ပြောလိုက်သည်က တစ်ခွန်းတည်း။

“မွှေးတယ်နော်"

သူက ခါးပတ်မပတ်မီ နောက်ခန်းက လာဗင်ဒါပန်းစည်းကို ကျွန်မအား တရိုတသေ ကမ်းပေးသည်။ ကျွန်မ လက်ထဲမှာ ပွေ့လိုက်ရသော ပန်းစည်းသည် အရိုးတံရှည်ရှည်မှာ မရမ်းရောင်အပွင့်သေးသေးများ ပွင့်တချို့ငုံတချို့ တန်းစီစွာ လှပနေသောပန်းခက်များ ဖြစ်သည်။ ပန်းတွေကို ရင်မှာ ပွေ့အပ်ရင်း တစ်ခါတုန်းက ဓာတ်ပုံထဲမှ ခရမ်းရောင် ပန်းလွင်ပြင်ကြီးကို လွမ်းမိသွားပါသည်။

နဲနဲတော့ကြာခဲ့ပါပြီ။ လွန်ခဲ့သော သုံးနှစ်လောက်က ဖြစ်မှာပေါ့။ ထိုနေ့က Young ပိုက်ဆံထုတ်ရင်း ပိုက်ဆံအိတ်ထဲမှ ထွက်လာသော အိတ်ဆောင်အင်္ဂလိပ်စကားပြောနည်း စာအုပ်လေးကို ကျွန်မမြင်သွားသည်။ သူ့ကို အင်္ဂလိပ်စာ ဒီထက် တော်စေချင်၏။ ထို့ကြောင့် သူဖတ်ဖို့ လိုအပ်မည့် စာအုပ်တို့ကို ကျွန်မစားပွဲကနေ ယူပြီး ပေးလိုက်ရသည်။

“မမစာအုပ်တွေက ကိုရီးယားလိုလည်း မပါဘူး”

“ကိုရီးယားလို ပါစရာမလိုပါဘူး။ အင်္ဂလိပ်လို ရှင်းထားတာ ရှင်းရှင်းလေးရယ်”

“Young က ကိုရီးယားလို မပါရင် နားမလည်ဘူး”

ကျွန်မ သူ့ကို စိတ်ပျက်စွာ အသာကြည့်မိသည်။  ကျွန်မ သူ့ဆီက ဘာတွေများ မျှော်လင့်နေခဲ့မိတာလဲ။

“Young အင်္ဂလိပ်စာတော့ တတ်ချင်တယ်လား”

“တတ်ချင်တာပေါ့ မမရာ တချို့အလုပ်တွေက ကောင်းပါရဲ့ ၊ ဒါပေမယ့် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ရေးနိုင်ပြောနိုင်ရမည်တဲ့။ သေရော”

“တတ်ချင်ရင် တတ်ပါတယ်။ တတ်အောင်လုပ်ပေးလို့ရပါတယ်”

“တကယ်လား”

“အော် တကယ်ပေါ့။ အဲဒီ ကိုရီးယားလို မီးနင်းတွေ ထည့်ထားတဲ့စာအုပ်ကို မင်း ဘေးဖယ်ထားလိုက်ဖို့ပဲ လိုတယ်”

ပထမဆင့်အနေဖြင့် ကျွန်မ သူ့ကို စာအုပ်ဆိုင်တစ်ခုသို့ ခေါ် သွားသည်။ အင်္ဂလိပ်ဘာသာမှ ကိုရီးယားဘာသာသို့ ပြန်ဆိုသည့် အဘိဓာန်တစ်ခုကို ဝယ်ပေးလိုက်သည်။ သူက သူ့ဟာသူ ဝယ်မည်ဟု ခေါင်းမာနေသေးသည်။

“မမဝယ်ပေးပါ့မယ်။ လက်ဆောင်ပေါ့”

“ဒါဖြင့် Young လည်း မမကို စာအုပ်တစ်အုပ် လက်ဆောင်ဝယ်ပေးမယ်”

“အို ဒီလိုကြီးလား၊ အပြန်အလှန်ဆိုတာမျိုးလား”

“မဟုတ်ပါဘူး၊ မမကို Young က လက်ဆောင်ပေးချင်လို့ပါ။ မမ ဘာစာအုပ်ကြိုက်လဲ”

“မမကြိုက်တဲ့စာအုပ်ကို မင်းကို ပြောရမှ
သိမှာလား”

“ဟောရှင်”

သူ ခေါင်းတစ်ချက် ကုတ်သည်။

“အေးလေ ဟုတ်ပါရဲ့။ မမကတော့ Young ဘာလိုတယ်ဆိုတာ မပြောဘဲ သိသိနေတာကိုး။ နေဦး ဒါဖြင့် Young မမကြိုက်မယ့်စာအုပ်ကို ရှာလိုက်မယ်”

ကျွန်မ ပြုံးရယ်မိသည်။ ကျွန်မ ဘာစာအုပ်တွေဖတ်လဲဆိုတာ သူသိရမည်။ ကျွန်မ သူ့ကို စာအုပ်တွေ ပေးပေးဖတ်ခဲ့တာ နည်းမှ မနည်းတော့တာ။ အုပ်ပေါင်း ရာနှင့်ချီနေမလား။ အများစုကတော့ ရသစာပေတွေပဲ ဖြစ်သည်။ ခဏကြာတော့ သူစာအုပ်တစ်အုပ်ကိုင်လျက် ကျွန်မနားသို့ ရောက်လာသည်။

“မမ ဒီမှာ ဒီစာအုပ်လေး မမကို ဝယ်ပေးမယ်”

ခပ်ပေါ့ပေါ့သာ ပြုံးလျက် သူပြသောစာအုပ်ကို ကျွန်မငုံ့ကြည့်လိုက်သည်။ အို ကျွန်မ ရင်တောင် ခုန်သွားခဲ့မလားမသိ။ လှပသော ဥယျာဉ်များတဲ့။ နိုင်ငံခြားစာအုပ်တစ်အုပ် ဖြစ်သည်။ အို လှလိုက်တာ Youngရယ်။ အင်္ဂလန်ရှိဥယျာဉ်
ဂျပန်ရှိ ဥယျာဉ်။ ပန်းမျိုးစုံကို သဘာဝအတိုင်း သို့သော် အနုပညာမြောက်စွာ စိုက်ပျိုးခင်းကျင်းထားသည့် ဥယျာဉ်ပေါင်းများစွာ၏ အလှအပ။

“အို ဈေးကြီးမှာ ကလေးရယ်”

“ကြီးပါစေ၊ Young မမကို ပေးချင်တာ။ Sadang-Dongက မမရဲ့ ဥယျာဉ်ကို Young ကူပြီး စိုက်ပေးချင်လို့ပါ”

ကျွန်မအဆောင်သို့ ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ကျွန်မတို့နှစ်ယောက် အတူထိုင်ရင်း စာအုပ်ကို မြည်းစမ်းကြည့် ကြသည်။ လှပသော ခရမ်းရောင်ပန်းလွင်ပြင်တစ်ခုကို မြင်တော့ သူက ထိုစာမျက်နှာမှ တော်တော်နှင့်မျက်နှာကို မခွာ။

“မမ ဒါဘာပန်းလဲ လှလိုက်တာနော်”

“အေး ဖတ်ကြည့်လေ”

“Young မှ မဖတ်တတ်တာ”

“ စာလုံးပေါင်းဖတ်”

“ဟာ Young မသိတဲ့ အင်္ဂလိပ်စာတွေ“

“စကားလုံးတွေကို မသိပေမယ့် အဲဒီစာလုံးတွေတော့သိတယ်မဟုတ်လား။ ဖတ်”

သူ ကြိုးစားပမ်းစား စာလုံးပေါင်းပြီး ဖတ်သည်။

“အယ်လ်အေဗွီအီးအန် ဒီအီးအာရ်”

“ဟုတ်ပြီ အသံထွက်ကြည့်”

“မထွက်တတ်ဘူး”

“ရအောင်ထွက်ကြည့်။ မှားရင် မမပြင်ပေးမယ်။ ကိုယ်သိတဲ့စာလုံးတွေချည်းပဲ။ မင်း အဲဒီလောက် မညံ့ရဘူးလေ”

နောက်ဆုံးတော့ လာဗင်ဒါ ဟူသည့် အသံထွက်ကို သူထွက်တတ်အောင် ကျွန်မ စာလုံးစု တစ်တွဲချင်း အသံထွက်ခိုင်း လိုက်နိုင်သည်။

“လာဗင်ဒါ Young သိပြီ။ ဘွားဘွားလိမ်းနေကျ၊ ပေါင်ဒါဘူးက အဲဒီစာလုံးပဲ”

ကြည့်စမ်း။ ကျွန်မ၏မိသားစုကို တော်တော် ဂရုစိုက်မိပြီး အလေးထားတဲ့ ကလေး။

“ဘွားဘွားပေါင်ဒါက သိပ်မွှေးတာနော် မမ”

“အေး အဲဒါ လာဗင်ဒါပန်းရဲ့ အနံ့စစ်စစ်လို့ ဘွားဘွားက ပြောတာပဲ”

ကျွန်မတို့နှစ်ယောက် စာအုပ်ထဲက လာဗင်ဒါပန်းခင်းကြီးကို အားကျနေခဲ့ကြသည်။

“မမ အဲဒီပန်းတွေ သိပ်လှတယ်။ မမဥယျာဉ်ထဲမှာ ဘာလို့ မစိုက်တာလဲ”

“Young ကလည်း အဲဒါက ကိုရီးယားနိုင်ငံမှာ မရှိဘူးလေ”

“ဟင် ဟုတ်လား”

“သူက ပြင်သစ်နိုင်ငံမှာ ပေါက်တာ”

“ပြင်သစ် ဟုတ်လား”

တောက်ပနေသည့် သူ့မျက်လုံးတွေ အရောင်ဖျော့သွားသည်။ မျှော်လင့်ချက်တွေ လျော့သွားသည့်မျက်လုံးမျိုး။

“မမ သိပ်စိုက်ချင်တာပေါ့။ မမ လာဗင်ဒါပန်းတောထဲမှာ သိပ်လမ်းလျှောက်ချင်တာပဲ”

စိတ်ကူးယဉ်ဖွယ်ကောင်းလောက်အောင် လှပခမ်းနားသော ခရမ်းရောင်ပန်းလွင်ပြင်ကို ကြည့်ရင်း တကယ်ပဲ ဓာတ်ပုံထဲ ကျွန်မရောက်သွားသလို ကြည်နူးချမ်းမြေ့သွားသည်။

“မျိုးယူလာပြီး စိုက်ကြည့်မှာပေါ့ မမရဲ့။ မမသာ သိပ်ကြိုက်ရင် အဲဒီပန်းကို ကိုရီးယားနိုင်ငံမှာ ပေါက်အောင် လုပ်မှာပေါ့။ ဘယ်လိုရာသီဥတုမျိုး ဘယ်လိုမြေမျိုးမှာ ပေါက်တယ်ဆိုတာ Young တို့ လေ့လာကြည့် ကြရအောင်လေ”

ကျွန်မ ပြင်သစ်နိုင်ငံသို့ စာတမ်းဖတ်ဖို့ လာခဲ့ခြင်းဖြစ်ပေမယ့် အခုလို လာဗင်ဒါပန်းကို မြင်တွေ့ရမည်ဟု စိတ်ထဲမှာ နည်းနည်းမှ ကြိုပြီး မျှော်လင့်မထားခဲ့မိပါ။ အခုတော့ ကားထဲမှာ လာဗင်ဒါ၏မွှေးရနံ့ဖြင့် စိတ်ကို ကြည်လင်လန်းဆန်းလျက်ရှိသည်။ Young ကို လွမ်းတာတောင် နူးညံ့သာယာသည့်အလွမ်းဖြင့် လွမ်းရအောင် နာကျင်မှုကို လျှော့ချပေးနိုင်စွမ်းပါပေသည်။

လာကြိုသူက ကားကို အာရုံစိုက်ပြီး မောင်းနေသည်။ ဟိုတယ်ရောက်လျှင် လာဗင်ဒါပန်းစည်းကို ရေဖြည့်သည့်ခွက်တစ်ခုခုထဲ ထည့်ပြီး ပန်းအိုးလုပ်ထားလိုက်လျှင် ကောင်းမည်။ ပန်းရနံ့မွှေးမွှေးဖြင့် ကျွန်မ စာတမ်းကို အစမ်းဖတ်ကြည့်ပြီး အချိန်ညှိရမည်။ ကောင်းလိုက်တာ။

“လေယာဉ်ကွင်းနဲ့ ဟိုတယ်နဲ့ ဘယ်လောက်ဝေးလဲရှင့်”

“ကီလိုမီတာ တစ်ရာ့နှစ်ဆယ်လောက် ဝေးတယ်အစ်မ”

ဟင် မဟုတ်တာ။ မမျှော်လင့်သောစကားကြောင့် ကျွန်မကြောင်သွားသည်။ ကျွန်မ မလာခင် အင်တာနက်မှာ ဖတ်ထားတာကတော့ မာဆေးမြို့ထဲသို့ လေယာဉ်ကွင်းကနေ ၁၆ မိုင်လောက်ပဲ သွားရသည်ဆို ကျွန်မ သူ့ကို တအံ့တဩ လှမ်းကြည့် လိုက်မိသည်။ ကျွန်မ အကြည့်ကို သူ သတိပြုမိ၏။ ချက်ချင်းဖြေရှင်းသည်။

“အစ်မက မာဆေးမှာ တည်းရမှာမဟုတ်ဘူး။ ဆိုး ဆိုတဲ့မြို့လေးမှာ တည်းရမှာ”

တစ်ခုခုတော့ မှားနေပြီ။ ကျွန်မ တည်းခိုရမည့်ဟိုတယ်နာမည်ကို ကျွန်မ သိသည်။ ပြင်သစ်ပါမောက္ခက ကျွန်မဆီ စာပို့ထားသည်။ ဟိုတယ်သည် မာဆေးဆိပ်ကမ်းဟောင်း ဟုအဓိပ္ပါယ်ရသော (Vieu port) ရပ်ကွက်တွင် တည်ရှိသည်။ မြေထဲပင်လယ် ကမ်းခြေနှင့်တစ်ဆက်တည်း ဆိပ်ကမ်းဘေး ဖြစ်သည်။ ဟိုတယ်အမည်က ဟိုတယ်သစ် (New hotel) တဲ့။ အင်တာနက်ထဲမှာ ကျွန်မ ရှာဖွေကြည့်ခဲ့တုန်းက လေဆိပ်နှင့် ဆယ့်ငါးမိနစ်လောက်မောင်းလျှင် ရောက်သည်ဆိုပဲ။ အခု ဘာဖြစ်လို့ ကျွန်မက ကီလိုမီတာ ၁၂ဝ ဝေးသည့်နေရာသို့ သွားရမှာပါလိမ့်။

“ဒါပေမယ့် ကျွန်မတည်းရမယ့်ဟိုတယ်က ဖြားယေးပေါ်မှာ ရှိတဲ့ နယူးဟိုတယ်လို့ ကျွန်မသိထားတာ”

လာကြိုသူက လေး မဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေခြင်းအပေါ် ဘယ်လိုမှ စိတ်ထဲ သံသယမဖြစ်သော်လည်း တည်းရမည့်ဟိုတယ်မဟုတ်၊ မာဆေးမြို့တောင်မဟုတ်ဘဲ တခြားမြို့လေးဟု သိလိုက်ရသည့်အခါ ကျွန်မ စိတ်မသက်မသာ ဖြစ်သွားပါသည်။

“အဲဒီဟိုတယ်မှာ ဒီနေ့အတွက် နေရာမလွတ်သေးလို့ပါ။ မနက်ဖြန်ညနေကျမှ နေရာလွတ်မှာမို့ ဒီနေ့တစ်ရက်ကို ဆိုး လို့ခေါ်တဲ့ မြို့လေးမှာ ထားပေးတာပါ။ အဲဒီကိုရောက်ရင် အစ်မ သိပ်သဘောကျသွားမှာ”

“ဘာဖြစ်လို့ အဲဒီနေရာကို ကျွန်မ သဘောကျရမှာလဲရှင့်”

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ လာဗင်ဒါပန်းခင်းတွေက မျက်စိတစ်ဆုံး ပန်းပင်လယ်ကြီး ဖြစ်နေလို့ပေါ့”

သူ ကျွန်မဘက်သို့ လှည့်ကြည့်ပြီး ပြုံးပြသည်။ ထိုအပြုံးသည် တော်တော်ဖော်ရွေသည့်အပြုံး၊ ယုံကြည်ထိုက်သည့်အပြုံး၊ ထိုအပြုံးတွင် ကျွန်မ ရင်းနှီးသည့် တစ်ခုခုကို မြင်လိုက်ရသလိုပဲ။

ဘာမှန်းမသဲကွဲ။

“ဒီဒေသက ပြင်သစ်မှာ နေလို့ထိုင်လို့ အကောင်းဆုံးပဲ။ ဆောင်းတွင်းမှာလည်း သိပ်ကြီးမအေးဘူး။ ရာသီဥတုမျှတတယ်။ အခုလိုနွေရာသီမှာ ဒီဒေသက သိပ်စည်ကားတယ်။ တခြားဒေသကလူတွေ ဒီတောင်ပိုင်းကို အပန်းဖြေဖို့လာကြတယ်။ ရေကူးကြတယ်။ ကမ်းခြေတွေမှာ လူတွေ အများကြီးပေါ့၊ ဟိုတယ်တွေလည်း ပြည့်နေတတ်တယ်”

“ဟုတ်လား”

အလိုက်အထိုက်ပြောရပေမယ့် ကျွန်မအာရုံက လွင့်သွားခဲ့ပြီးပါပြီ။

“သူတို့နွေရာသီက ဇွန်၊ ဇူလိုင် ဩဂုတ်လတွေဗျ။ ကျွန်တော်တို့နိုင်ငံက နွေရာသီနဲ့ အချိန်မတူဘူး”

ကျွန်မတို့သည် အဝေးပြေးလမ်းမှာ သွားနေရင်း အိမ်တွေ ကျိုးတိုးကျဲတဲရှိသော နေရာတချို့ကို ဖြတ်ကျော်ရသည်။

ရေကူးကန်ပါသော အိမ်လေးများစွာကို မြင်ရသည်။...လေယာဉ်ပေါ်မှာတုန်းက မြင်ခဲ့ရသည့်ရေကူးကန်လေးတွေလား၊ ပြာလဲ့နေတာပဲနော်။ ထို့နောက် နောက်ထပ်အဝေးပြေးလမ်းတစ်ခုပေါ်သို့ ရောက်ပြန်လေသည်။

“ဒီလမ်းကနေ ဆက်မောင်းရင် ဆိုး ဆိုတဲ့ မြို့လေးကို ရောက်တယ်။ မာဆေးလို မြေထဲပင်လယ်ကမ်းခြေမဟုတ်ဘူး။ သူက တောင်ပေါ်မြို့လေးပေါ့”

ထို့နောက် သူက ကျွန်မ စိတ်လိုလက်ရ ပြန်မပြောတာကို သတိထားမိပုံဖြင့် အသာပြုံးပြီး ပြောသည်။

“အစ်မ ခရီးပန်းလာတယ်ထင်တယ်။ ကျွန်တော်က စကားတွေ ပြောနေမိတယ်။ ဆောရီး။ သက်သာသလို နေပါ”

ထို့နောက် သူက သီချင်း ခပ်တိုးတိုး ဖွင့်သည်။ အဖွင့်တီးလုံးဂီတမှာကိုပင် အသံက ကောင်းလိုက်တာ တော်တော်ကောင်းတဲ့ စီဒီစက်ပဲဟု ကျွန်မ စိတ်ထဲက ရေရွတ်မိသည်။

ဒါမှမဟုတ် ကား၏စပီကာက ကောင်းနေတာလား။ သူ ဖွင့်သည့်သီချင်းကို ကျွန်မ မသိပါ။ ပြင်သစ်သီချင်းတစ်ပုဒ် ဖြစ်သည်။ စကားလုံးတချို့ကို သိသလိုပဲ။ နားထောင်စမ်းပါဦး။ Cest famour လို့ ဆိုလိုက်သလားလို့။ ဒါ အချစ်ပဲ လို့ အဓိပ္ပါယ်ရသည်မဟုတ်လား။ အမျိုးသမီးအသံက ကောင်းလိုက်တာ ၊ ဒါအချစ်မဟုတ်ဘူးဟု ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကို မကြာခဏ ငြင်းဆိုခဲ့သည့်ကျွန်မကို အဆိုတော် အမျိုးသမီး၏ ဒါ အချစ်ပဲဟု ရေရွတ်လိုက်သည့်စကားသံက စွပ်စွဲလှောင်ပြောင်နေသလိုပဲ။

မဟုတ်ပါဘူး၊ ဒါက အချစ်မဟုတ်ပါဘူးကွယ်။ ဒါကမေတ္တာသက်သက်ပါ။ ကျွန်မ ရိပ်ခနဲရိပ်ခနဲ ကျန်ခဲ့သည့် လမ်းဘေး ကွန်ကရစ်နံရံများဆီ ကြည့်နေရင်း ရှက်ပြုံးပြုံးမိသည်။

ဒီနေ့ ကျွန်မ၏Seoulအိမ်သို့ Young ရောက်ချင် ရောက်လာနိုင်သည်။ ပလတ်စတစ်အိတ်ထဲ ထည့်ထားခဲ့သော စာအိတ်လေးကို Youngတွေ့မှာပေါ့။

ပြီးတော့။ ခြံတံခါးကိုသော့ဖွင့်ပြီး ဝင်ချင်ဝင်နေမှာပေါ့။ အခုအချိန်ဆို Young စာကို ဖတ်နေရပြီလား။ Youngပြုံးနေမှာလား။

“ကလေးလေး ... မင်း မမဆီကို ရောက်လာခဲ့တယ်ဆိုရင်ပေါ့ကွယ်။ ဒီတစ်ခါ မွေးနေ့မှာ မမ ရှိမနေလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ခြံတံခါးသော့ရဲ့ နံပါတ်တွေက အရင်အတိုင်းပါပဲ။ အိမ်သော့ကလည်း အရင်နေရာ မှာပါပဲ။ မီးဖိုထဲက နံရံကပ်ဘီဒိုထဲမှာ Youngအတွက် မွေးနေ့ လက်ဆောင်ထားခဲ့တယ်။ အရင် သုံးနှစ်စာ လက်ဆောင်တွေလည်း အဲဒီမှာ Youngကို စောင့်နေကြတုန်းပဲ။ ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံပေးလိုက်တာမို့ ဒီနေ့ကစ တစ်နှစ်ပတ်လုံး ဘေးမသီရန်မခ နွေးထွေးနေပါစေ။

မေတ္တာဖြင့် ”

ကျွန်မသိသည့်ချစ်ခြင်းမေတ္တာမှာ Youngသိသည့်အချစ်နှင့် မတူဘူးဟု ကျွန်မ ယူဆသည်ဆိုတာ Young လက်ခံချင်မှလက်ခံမှာ။ Young နှင့် ကျွန်မ ဝေးခဲ့ကြရခြင်း၏ အခြေခံအကြောင်းကလည်း အဲဒါပါပဲ။

ကျွန်မတို့ ဘာကြောင့်ဝေးရတာလဲ။ လက်မထပ်ဖြစ်လို့ပေါ့ဟူသော ခပ်လွယ်လွယ်အဖြေကို ပေးလျှင် Young မဲ့ပြုံးပြုံးလေမလား။

---

(အခန်း ၂ ဆက်ရန်)

Continue Reading

You'll Also Like

58.2K 7.4K 59
2019-2020 Complete Undergoing editions Am I queen I thought "Yes" I noded my head without even acknowledging wah that meant. I was just overwhelme...
19.5K 776 5
မ ကိုပိုင်​ဆိုင်​ရဖို့ဆိုရင်​ ကိုယ်​တိုင်​လည်း​သေရဲသလို အကုန်​လုံးကိုလည်း သတ်​ပစ်​နိုင်​တယ်​။ မ ကိုပိုင်​ဆိုင်​ရဖို့ဆိုရင်​ ကိုယ်​တိုင်​လည်​း​သေရဲသ...
171K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
103K 8.9K 41
Your Title Here 🖤[U + Z ]