မိုးပြိုပြီ။
မျက်ဝန်းကမ်းပါးစွန်းက မျက်ရည်တွေ
ဗလာသက်သက်စီးကျလာတယ်
ဟင်းလင်းပြင်ထဲ ခိုနားရာရင်ခွင်မရှိ။
မျှော်လင့်ခြင်းတွေ အလင်းရောင်လေးဆီပြေးသွားတော့
နောက်ဆုံးခြေလှမ်းမှာ
သမုဒ္ဒရာနက်ထဲ ကျောက်ခဲတစ်လုံးပြုတ်ကျသွားတယ်
ကူကယ်မယ့်သူမရှိ။
ကွက်လပ်တွေကို ခဲဖျက်နဲ့ဖျက်လိုက်တယ်
ထင်ရာတွေရေးခြစ်ထားတဲ့စာရွက်ဟာ
ဗလာက ဗလာပါပဲ။
မနက်ဖြန်ကလည်း ဒီနေ့လို
ဒီနေ့ဟာလည်း မနေ့ကလို
ဖန်အိုးအလွတ်ထဲ ရွှေငါးလေးသံသရာလည်
အပ်ချည်လုံးကိုအစရှာတယ်
ကြောင်တွေဟာပျောက်သွားပြီးရင်အိမ်ပြန်လာတယ်
ယုန်လေးတစ်ကောင်ထွက်သွားပြေးတယ်
ကမ္ဘာကုန်ကျယ်သရွေ့ သူရှာမတွေ့။
..................
ပြသနာတွေဖြစ်ပြီးတဲ့နောက် မြို့တော်ဝန်မင်း အကူအညီနဲ့ ကျွန်မ မြို့ကအမြန်ဆုံးထွက်ခွာလာခဲ့သည်။
အရေးပိုင် မင်းကတော်၏ပြောပြချက်အရ ဂျူဟျွန်းဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုလည်း အလုံးစုံသိခဲ့ရသည်။
ကျွန်မ ဂျူဟျွန်းကိုသနားသည်။
ကျွန်မ ချစ်ရတဲ့သူဟာ ဘယ်လောက်များ တစ်ယောက်တည်းဒုက္ခတွေရောက်နေလိမ့်မလဲ။
အခုထိလည်း ဘယ်ဆီဘယ်ဝယ် ရောက်လို့ရောက်နေမယ်မသိ။ သေသလား၊ ရှင်သလားလည်းမသိ။
အခြေနေအားလုံးကခက်ခဲတာထက်ပိုနေပြီ။
သူပုန်စာရင်းဝင်သွားတဲ့ ဂျူဟျွန်း ကိုလည်း ဂျပန်တွေကဆုတော်ငွေကြေညာထားသည်။
အပ်ချည်လုံးအစရှာနေသလို ကျွန်မမှာလမ်းဆုံးဆုံးပျောက်ခဲ့ရပြီ။
''ဘာဆက်လုပ်မှာလဲ ဆူယောင်း''
ရထားပြတင်းပေါက်မှ အပြင်ဘက်တစ်နေနေရာရာသို့ဦးတည်ချက်မဲ့စွာ ငေးမော မှိုင်တွေနေသောကျွန်မအား ဆွန်းဝမ်ကမေးသည်။
''မသိတော့ဘူး''
''မသိရင်လည်း ဒါလေးတော့စားလိုက်ပါ''
သူက ကြက်ဥပြုတ်တစ်လုံးအခွံခွာပြီးကျွေးသည်။
''မစားချင်ဘူး''
''စားပါ နင်မနက်ကတည်းကဘာမှမစားရသေးဘူးလေ၊ ဆေးရုံမှာသတိရလာပြီးကတည်းကလည်း ဘာမှကောင်းကောင်းမစားဘူး''
''ငါ စားချင်စိတ်မရှိဘူး''
ဆွန်းဝမ်က သက်ပြင်းချသည်။
''ဂျူဟျွန်းတစ်ယောက်လုံး ဒီလိုအဖြစ်ဆိုးတွေဖြစ်ခဲ့တာကို ငါဘာမှမသိခဲ့ရတာ ငါ့မှာစားလို့ဝင် အိပ်လို့ပျော်နိုင်ပါ့မလား ဆွန်းဝမ်ရယ်''
ရထားဟာ သူ့အရှိန်နဲ့သူအိပဲ့အိပဲ့ရွေ့လျားနေ၏။
အပြင်ဘက်ကောင်းကင်၌ ညိုမှောင်သောတိမ်လိပ်များစုဝေးလျှက်ရှိကြသည်။
နွေဟာ ပူပူပြင်းပြင်းကုန်ဆုံးပြီးတဲ့နောက် မိုးဦးရောက်ချေဦးမည်။
''အခု သူ့မှာသေသလား၊ရှင်သလားတောင်မသိရဘူး၊ ဂျပန်ကောင်တွေကလည်း ဆုကြေးတောင်ထုတ်ထားတာ၊ ငါ့မှာသူ့ကိုဘယ်ကစလို့ဘယ်လိုရှာရပါတော့မလဲ ဒုက္ခပဲ''
ဆွန်းဝမ်ကသက်ပြင်းချသည်။ ကျွန်မလည်းထိုနည်းတူ။
အဲ့ဒီနောက် ကျွန်မရောက်တတ်ရာရာအတွေးတွေနဲ့ တရိပ်ရိပ်ဖြတ်သွားခဲ့တဲ့မြက်ခင်းပြင်တွေကိုငေးနေမိသည်။
ဆွန်းဝမ်လည်းဘာတွေတွေးနေတယ်မသိ။
အတန်ကြာမှဆွန်းဝမ်ကစကားစလာသည်။
''ဘယ်ဂျူဟျွန်းရဲ့ မိသားစုကိုရှာရင်ရော တစ်ခုခုတော့သိမှာပဲ''
ဆွန်းဝမ်စကားကြောင့် ကျွန်မရှေ့မှာလမ်းစလေးလိုလာသလိုလိုရှိသည်။
'' ဒါပေမယ့် သူတို့ဘယ်မှာလဲဆိုတာ ငါလည်းမသိဘူး..အာ ငါအရေးပိုင်မင်းကတော်ကိုမေးကြည့်ခဲ့သင့်တာ..''
ကျွန်မကိုယ့်နဖူးကိုယ်ရိုက်မိသည်။
ဒီလိုနဲ့ ဂယောင်းဆောင်းကိုပြန်ရောက်သည်နှင့် ကျွန်မအရေးပိုင်မင်းကတော်ဆီ စာရေးခဲ့၏။
ထိုရက်များအတွင်း ကျွန်မတစ်ယောက်တည်း တမှိုင်မှိုင်တတွေတွေနဲ့ စားမဝင်အိပ်မပျော်ဖြစ်နေသည်ကို ဆွန်းဝမ်ကလည်းမကြည့်ရက်ပါ။ ကျွန်မစိတ်ပျော်အောင်အမျိုးမျိုးကြိုးစားပေးရှာသည်။
သို့သော် ကျွန်မဘယ်နည်းနဲ့မှမပျော်နိုင်ပါ။ဘယ်လိုများပျော်ရဲပါ့မလဲ။
ကျွန်မ အတွေးတွေထဲမှာ နှလုံးသားထဲမှာ ဂျူဟျွန်းသာစိုးမိုးနေ၏။ ရင်ဘတ်ထဲတွင် မွန်းကျပ်နာကျင်ကာ ကိုယ်တွင်းအစိတ်အပိုင်းတွေတစ်စစီကြေမွနေသလိုခံစားရသည်။
ဒီလိုသာဆို ကျွန်မဘယ်နည်းနဲ့အသက်ဆက်ရှင်ရပါ့မလဲ။ ဂျူဟျွန်းမရှိပဲနဲ့။
ကြိုးစားခဲ့သမျှအရာအားလုံးလည်း သဲထဲရေသွန်ဖြစ်ပြီပေါ့။
ပိုဆိုးတာက ဂျူဟျွန်းဟာ သက်ရှိထင်ရှားရှိနေသေးသလားဆိုတာတောင် မသိရတဲ့အခြေနေ။
ကျွန်မ အလုပ်တွေအားလုံးရပ်နားပစ်လိုက်သည်။
ဒီလို ကိုယ့်ကိုယ်ကို မတ်မတ်တောင်ရပ်နိုင်ဖို့ခက်ခဲတဲ့အခြေနေမှာ တစ်ပါးသူတွေပျော်ရွှင်ဖို့ဖျော်ဖြေပေးရတဲ့ အဆိုတော်အလုပ်ကိုကျွန်မဘယ်လုပ်နိုင်ပါ့မလဲ။
ကျွန်မကိုယ်တိုင်တောင် အလဲလဲအကွဲကွဲရယ်။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက်မှာ အရေးပိုင်မင်းကတော်ဆီက ပြန်စာရခဲ့သည်။
စာတွင် ကျွန်မကို အားပေးနှစ်သိမ့်လိုသောစကားများပါသည်။
ဂျူဟျွန်း၏ မိသားစုက တရုတ်ပြည် ရှန်ဟိုင်းဘက်တွင်ရှိနေကြကြောင်းလည်းပါသည်။
စာရပြီးပြီးချင်းပဲ ရှန်ဟိုင်းသို့သွားရန်စီစဥ်ကာ၊ နောက်ရက်၌ဆွန်းဝမ်နှင့်ကျွန်မ သင်္ဘောတစ်တန်၊ ရထားတစ်တန်၊ကားတစ်တန်ဖြင့် ရှန်ဟိုင်းသို့ရောက်ရှိလာခဲ့ပါသည်။
သို့သော် စိတ်များမှာလေးလံလျှက်ရှိ၏။
အကယ်၍ ဒါဟာထွက်ပေါက်တစ်ခုမဟုတ်ပဲ လှိုဏ်ဂူတစ်ခုရဲ့တစ်ဖက်ခြောက်ကမ်းပါးအစွန်းဖြစ်နေရင် ကျွန်မဘယ်လိုလုပ်ရပါ့မလဲ။
လမ်းရှာရင်း လမ်းထပ်ပျောက်သွားရင်ဘယ်လိုလုပ်ရပါ့မလဲ။
လက်ရှိ 'ဘယ်'မိသားစုဟာ ရှန်ဟိုင်းမှာ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုကိုလုပ်ကိုင်လျှက်ရှိသည်ဟုသိရသည်။ ထိုလိပ်စာကိုကျွန်မရခဲ့သည်။
စိတ်ဆန္ဒဇောများဖြင့် မောဟိုက်နေသောကျွန်မမှာ ရှန်ဟိုင်းကိုရောက်ရောက်ချင်း မနားနိုင်သေးပဲ 'ဘယ်'မိသားစု၏ ကုန်သွယ်လုပ်ငန်းရှိရာရုံးသို့ အလျှင်သွားခဲ့၏။
''မင်္ဂလာပါ မမလေးတို့ ဘာများအလိုရှိပါသလဲ''
ရုံးကောင်တာက တရုတ်မလေး၏စကားကိုကျွန်မ နားမလည်။
ကျွန်မက တရုတ်စကားမတတ်ပါ။ သို့သော်ဆွန်းဝမ်က တတ်သည်။
''ကျွန်မတို့ ဒီကသူဌေးမင်း ဘယ်မူယော့နဲ့တွေ့ချင်လို့ပါ''
ဆွန်းဝမ်၏ စကားကို တရုတ်စာရေးမလေးကနဲနဲစဥ်းစားသွား၏။
ပြီးမှ သဘောပေါက်သွားဟန်တူသည်။
''သြော် သူဌေးမင်း ယိရှင်းကိုပြောတာထင်တယ်၊ ဂျိုဆွန်းလူမျိုးမဟုတ်လား?''
''ဟုတ်ပါတယ်''
''သူဌေးမင်းက စည်းဝေးပွဲသွားပါတယ်၊ တော်တော်နဲ့ပြန်လာဦးမှာမဟုတ်သေးဘူးရှင့်''
ဆွန်းဝမ်က စာရေးမလေး၏စကားကို ဘာသာပြန်ပေးကာကျွန်မအားပြောပြသည်။
''ပြန်လာတဲ့အထိဒီကစောင့်နေမယ် လို့ပြောလိုက်''
ဆုန်းဝမ်က ကျွန်မကိုမျက်လုံးပြူးကြည့်သည်။
ကျွန်မက မျက်လွှာချ၍ ပြောလိုက်ဟုသာ။
ကျွန်မတို့စကားကြောင့် တရုတ်မလေးလည်းအနည်းငယ် ယောက်ယက်ခတ်သွား၏။
''အဆင်ပြေပါ့မလား မမလေးတို့ရှင့်၊ လိုချင်တာကိုသာပြောလိုက်ပါ တခြားဒီမှာရှိတဲ့တာဝန်ခံတွေနဲ့ချိတ်ဆက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးမှာပါ။ အားလုံးကကျွမ်းကျင်သူတွေမို့စိတ်ချရပါတယ်''
ဒီတစ်ခါတော့ ဆွန်းဝမ်ကကျွန်မကိုပြန်မမေးတော့ပါ။
လက်သည်းထိပ်ချင်းထိုးဆိတ်ရင်း မျက်လုံးတွေဂဏာမငြိမ်စွာနဲ့ဆောက်တည်ရာမဲ့နေသောကျွန်မပုံကိုကြည့်ကာ သူသက်ပြင်းချသည်။
အဲ့ဒီနောက် ဆွန်းဝမ်ကကြည့်ကောင်းအောင်ဆက်ပြောလိုက်သည်။
''ကျွန်မတို့က ဘယ်မူယော့ရဲ့မိတ်ဆွေတွေပါ ဂျိုဆွန်းကနေလာခဲ့တာ''
ထိုမှ စာရေးမလေးကနားလည်သွားဟန်။
''ဒါဆိုလည်း သက်သာသလိုနေပြီးစောင့်နေပေးပါမမလေးတို့ သူဌေးမင်းပြန်လာရင် ကျွန်မအကြောင်းကြားပေးပါမယ်ရှင့်''
''ဘယ်ဂျူဟျွန်းရဲ့ မိတ်ဆွေတွေလို့ပြောလိုက်ပါ''
ကျွန်မပြောလိုက်တာကို ဆွန်းဝမ်ကပြန်ပြောပေး၏။
တရုတ်မလေးက 'ဘယ်ဂျူဟျွန်း' ဆိုတဲ့နာမည်ကိုရေရွတ်ရင်းနဲ့ နားလည်ပါပြီဟူသောပုံစံဖြင့်ခေါင်းညိမ့်ပြကာ ကျွန်မတို့အနားမှထွက်သွားလေသည်။
ထိုနေ့က ညနေစောင်းသည်အထိ ရုံး၏ဧည့်ခန်း၌ထိုင်၍ ကျွန်မစောင့်ခဲ့သည်။
ဆွန်းဝမ်ကတော့ဘေးနားမှာစကားတွေပြောနေပေမယ့် သူဘာတွေပြောနေသလဲဆိုတာ ကျွန်မနားမဝင်ပါ။
ကိုယ့်ပူပင်သောကကို ကိုယ်တိုင်သာအသိဆုံးဖြစ်ပါသည်။
မှောင်ရီလုချိန်၌ နေ့လည်ကတရုတ်မလေး ကျွန်မတို့အနားကိုရောက်လာသည်။
သူဌေးမင်းက ရုံးခန်းကိုလိုက်ခဲ့ဖို့မှာလိုက်သည်ဟုဆိုသည်။ ကျွန်မနှင့်ဆွန်းဝမ်လည်း လိုက်သွားခဲ့သည်။
ထိုကုန်သွယ်ရေးရုံးကလေးမှာ ကြီးကျယ်ခမ်းနားမှုတွေမရှိပဲ သာမာန်မျှသာဖြစ်သည်။
ဤသည်ကိုကြည့်ချင်းဖြင့် တစ်ချိန်ကမြို့၌ ကျိကျိတက်ချမ်းသာခဲ့သော ဘယ် မျိုးနွယ်ဟာ ဘယ်လိုကြမ်းတမ်းတဲ့အခက်ခဲတွေကိုဖြတ်ကျော်ခဲ့ရသလဲဆိုတာ ကျွန်မသဘောပေါက်လာသည်။
သူဌေးမင်းရုံးခန်းဟုခေါ်သော သားသားနားနားမရှိပေမယ့်သပ်ခပ်သည့်အခန်းလေးထဲသို့ကျွန်မတို့ရောက်လာခဲ့သည်။
ချောမောခန့်ညားသော ယောကျ်ားပျိုတစ်ဦးကဖော်ရွေသောအပြုံးနှင့်ဆီးကြိုနေသည်။
သူ့အပြုံးသည် ကျွန်မအလွန်တရင်းတနီးရှိခဲ့သောသူ၏ အပြုံးများနှင့်ဆင်တူသည်။ သို့သော်ထိုယောကျ်ား၏အပြုံးက နှုတ်ခမ်းတို့ကွေးယုံမျှသာဖြစ်ပြီး ကျွန်မချစ်သောတစ်စုံတစ်ဦးကဲ့သို့ မျက်လုံးများထဲအထိပြုံးမနေခဲ့ပါ။
ဂျူဟျွန်းရော ကျွန်မတို့ပြန်တွေ့ခဲ့ရင် အရင်ကလိုအေးချမ်းတဲ့အပြုံးမျိုးပြုံးပြနိုင်ပါ့ဦးမလား၊ ဒီယောကျ်ားလိုပဲ အသက်မပါတဲ့အပြုံးတွေပြုံးနေမလားဟု ကျွန်မတွေးမိသည်။
''ရှင်က ဘယ်မူယော့ လား? ဘယ်ဂျူဟျွန်းရဲ့အစ်ကို''
ရောက်မစိုက်ပဲ ကျွန်မမေးလိုက်သည်။
တစ်ချက်တော့သူကမျက်နှာကွက်ကနဲပျက်သွားသည်၊ သို့သော်ချက်ချင်းပြန်အိန္နြေဆယ်ကာ။
''ဟုတ်ပါတယ်ခင်ဗျ၊ ညီမတို့က ဘာကိစ္စများရှိလို့လဲ?
ဒါနဲ့ ဒီကညီမကို သိသလိုပဲ..ပတ်ဆူယောင်းဆိုတာလား?''
''ဟုတ်ကဲ့ ကျွန်မ ပတ်ဆူယောင်းပါ။ ဘယ်ဂျူဟျွန်းကိုလိုက်ရှာနေတာ''
ကျွန်မတည့်တည့်ပဲပြောလိုက်၏။
သူ့မျက်နှာကသိသိသာသာပျက်ယွင်းသွားသည်။
စကားပြန်မပြောခင် သူကသက်ပြင်းချသည်။
''အင်း..ညီမ ဒီအထိရောက်လာပြီဆိုမှတော့ ဖြစ်သမျှအကြောင်းစုံလည်းသိပြီးလောက်ရောပေါ့လေ''
''ညီမ သိပြီးပါပြီ''
''ဂျူဟျွန်းကိုရှာနေတာပေါ့?''
သူကသက်ပြင်းပူတွေထပ်မှုတ်ထုတ်ပြန်သည်။
သေချာကြည့်မိမှ ဂျူဟျွန်းနဲ့ဆင်တူတဲ့ သူ့မျက်ဝန်းရဲ့အရောင်တွေဟာရှိရင်စွဲအသက်ထက် မှိန်ဖျော့နေတာကိုတွေ့ရသည်။
''ခက်တာပဲ ဂျူဟျွန်းဘယ်မှာလဲဆိုတာသာသိရင် အစ်ကိုလည်း အစ်ကို့ညီမလေးကိုပြန်တွေ့ချင်တယ်''
''ဂျူဟျွန်း..ဂျူဟျွန်းဘယ်မှာလဲမသိဘူးလား''
ကျွန်မနှုတ်မယောင်ရမ်းစွာထွက်လာသည်။
''မသိဘူး... အဲ့ဒီညက ဂျူဟျွန်းထွက်သွားကတည်းက အဆက်သွယ်မရတော့ဘူး၊ အဆက်သွယ်လည်းမလုပ်တော့ဘူး၊ သူရောအစ်ကိုတို့အားလုံးအတွက်ရော အန္တရာယ်များတယ်လေ''
သူ့လေသံက လောကဓံကိုအရှုံးပေးထားသကဲ့သို့ လေးပင်နေ၏။
ကျွန်မ ဘယ်လိုလုပ်ရမလဲ၊ ဘာဆက်လုပ်ရမလဲဂျူဟျွန်းရယ်။
ကျွန်မ မျှော်လင့်ထားခဲ့တဲ့ထွက်ပေါက်မှိန်ဖျော့ဖျော့လေးဟာ၊ တကယ်ပဲချောက်ကမ်းပါးအစွန်းဖြစ်နေချေပြီ။
ကျွန်မတွေဝေနေသည်။
တွေဝေတာထက် အားလုံးဗလာဖြစ်သွားတာဆိုလျှင်ပိုမှန်လိမ့်မည်။
မျှော်လင့်ချက်တွေ၊ တင်းထားခဲ့သမျှအင်အားတွေဟာ ချောက်ကမ်းပါးအစွန်းကပြုတ်ကျသူလိုမျိုး ဆုံးဆုံးကင်းမဲ့ကုန်သည်။
ရင်ဘတ်ထဲက ဗလာကျင်းသွားတဲ့ကွက်လပ်တွေ၊ စို့နစ်မွန်းကျပ်ခြင်းတွေနဲ့ ကျွန်မဟာလက်ရှိကမ္ဘာနဲ့အဆက်ပြတ်သွားသူကဲ့သို့ဖြစ်နေသည်။
ကျွန်မလက်ထဲကို ဆွန်းဝမ်က ပုဝါစလေးထည့်ပေးလာမှ ကျွန်မမျက်ရည်တွေထိန်းမနိုင်အောင်ကျနေပြီမှန်း သိတော့သည်။
''တောင်း.. တောင်းပန်ပါတယ်''
ကျွန်မ ထိုမျက်ရည်တွေကိုသုတ်လိုက်သည်။
ဒီနေရာကနေ၊ ဒီလောကကြီးထဲကနေ၊ အရာအားလုံးဆီကနေ ချက်ချင်းထွက်ပြေးသွားချင်ပေမယ့် ကျွန်မခြေထောက်တွေဟာရပ်တည်ဖို့ခွန်အားမရှိမှန်းသိသည်။
ဘယ်လိုလုပ်ရမလဲ၊ ဒီတိုင်းဆက်ငိုနေလို့မှမဖြစ်တာ။
ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ်ဆက်ငိုနေမိမှာပဲ။
''အစ်ကိုလည်း စိတ်မကောင်းပါဘူး ညီမရယ်''
ထို လေးပင် စို့နစ်နေသောအသံကိုထပ်ကြားရသည်။
''အဆင်ပြေမယ်ဆိုရင် အိမ်ကိုခဏလောက်လိုက်ခဲ့စေချင်တယ်၊ ညီမ ပတ်ဆူယောင်းကို ပေးစရာရှိတယ်၊ ဂျူဟျွန်းချန်ထားခဲ့တာ''
ဂျူဟျွန်း ဟူသော ထိုနာမည်လေးက စက္ကန့်ပိုင်းအတွင်းမှာကျွန်မစိတ်ကိုခံစားချက်မျိုးစုံဖြစ်သွားစေ၏။
ဆွန်းဝမ်ကတော့ နှစ်သိမ့်သည့်သဘောဖြင့် ကျွန်မကျောပြင်ကိုဖွဖွလေးပွတ်သပ်ပေးနေသည်။
''ဟုတ်ကဲ့ လိုက်ခဲ့ပါ့မယ်''
ကျွန်မ မဆိုင်းမတွဖြေလိုက်သည်။
........
ဘယ်မျိုးရိုး စံအိမ်တော် ဟုပင်ခေါ်၍မရသော မြို့ကစံအိမ်တော်နှင့်ပင်လားလားမျှ မအပ်စပ်သော ထိုသာမာန်အိမ်လေးသို့ ကျွန်မလိုက်လာခဲ့သည်။
ဘယ်မူယော့က ကျွန်မတို့ကိုဧည့်ခန်းတွင်နေရာပေးသည်။
ထိုစဥ် နွမ်းလျလျအသက်အရွယ်ကြီးကြီးအမျိုးသမီးကြီးတစ်ယောက်က ကျွန်မတို့ကိုဧည့်ခံရန် စားသောက်ဖွယ်ရာအချို့ခင်းကျင်းပေးသည်။
ဘယ်မူယော့ ကကျွန်မတို့ကိုခဏစောင့်နေပေးဖို့ပြောကာထွက်သွား၏။
ကျွန်မ ကတော့ ဘာကိုမှ မမြင်နိုင် မကြားနိုင်ပဲ ကိုယ့်သောကနှင့်ကိုယ်သာနစ်မြောနေ၏။
''အဲ့ဒါ ဂျူဟျွန်းတို့ အဖေကဆုံးပါးသွားပြီထင်တယ်''
ဆွန်းဝမ်၏ အံ့သြမှုတို့စွက်ဖက်ပါဝင်နေသောစကားကိုကျွန်မကြားလိုက်ရသောကြောင့် မော့ကြည့်လိုက်သည်။
ဟုတ်ပါသည်။ ဧည့်ခန်းနံရံတွင် လူကြီးမင်းဘယ်ဆုန်းဟို၏ဓာတ်ပုံကို အောင့်မေ့ဖွယ်ချိတ်ဆွဲထားသည်။
''လူကြီးမင်း ဘယ်က ဆုံးပါးသွားပြီလား''
အလဲလဲအပြိုပြိုဖြစ်နေသော ကျွန်မ၏စိတ်အစဥ်သည်၊ ရေနက်နက်အောက်ထဲသို့ဆုံးဆုံးမြုပ်သွားသည့်နှယ် ကူကယ်ရာမဲ့။
ဘယ်လိုများဖြစ်ရတာပါလဲ၊ ဒီမိသားစုလေးအပေါ် လောကကြီးက ဘာလို့အဲ့လောက်ထိရက်စက်ရတာလဲ။
ကျွန်မချုံးပွဲချငိုမိလိုက်ပြီလားမသိ။
ကျွန်မရဲ့သိမ့်သိမ့်တုန်နေသောခန္ဓာကိုယ်က ဆုန်းဝမ်ရင်ခွင်ထဲမှာ။
ခဏကြာတော့ ဘယ်မူယော့ပြန်ရောက်လာသည်။
''ဘာဖြစ်လို့လဲ...ညီမ နေမကောင်းဘူးလား''
သူစိုးရိမ်တကြီးမေး၏။
ကျွန်မ မဖြေနိုင်။
ထိုအစား
''လူကြီးမင်းဘယ်က ဆုံးပါးသွားပြီးလား? ဘယ်လိုဖြစ်ရတာလဲ''
ငိုသံတွေပါနေတာ ကျွန်မကောင်းကောင်းသိသည်။
သူက တွေ့စကအတိုင်းသက်ပြင်းမောချ၏။ ထို့နောက် လေးပင်နေသောအသံ မွဲခြောက်နေသောမျက်ဝန်းများဖြင့်ပြောပြသည်။
''ဟုတ်တယ် ဖေဖေကဒီရောက်ပြီးသိပ်မကြာဘူးဆုံးသွားတယ်၊ သမီးကိုပူဆွေးတဲ့ဒဏ်၊ စီးပွားပျက်တဲ့ဒဏ်၊ အသိုင်းအဝိုင်းကဝိုင်းပြီးထိုးနှက်ဖိနိပ်တဲ့ဒဏ်တွေကို မခံနိုင်တော့လို့နေပါလိမ့်မယ်၊ အိပ်ရာထဲဘုန်းဘုန်းလဲတာပဲ၊ မကြာပါဘူး အားလုံးကိုထားခဲ့ပြီးထွက်သွားတာပဲ''
သူက လူကြီးမင်းဘယ်၏ရုပ်ပုံကို ဆွေးဆွေးမြေ့မြေ့ကြည့်၍ ခြောက်ကပ်စွာပြုံးသည်။
''လူကြီးမင်းဆုံးသွားတာကို ဂျူဟျွန်းသိလား''
''မသိဘူးပေါ့၊ ညီမလေးလည်းမသိဘူး၊ အရူးတစ်ပိုင်းဖြစ်နေတဲ့မေမေလည်းမသိဘူး''
သူက မောဟိုက်စွာ ဖန်ခွက်ထဲရေအနည်းငယ်ငှဲ့ပြီးသောက်သည်။
''သနားပါတယ် ကျွန်မရဲ့ဂျူဟျွန်းလေးက အဖေဖြစ်သူ ဆုံးပါးတာတောင်မသိရရှာဘူး''
ကျွန်မ စို့နစ်စွာရည်ရွတ်မိသည်။
မျက်ရည်တွေဟာ တိတ်လည်းမတိတ်နိုင်။
ဖြေမဆည်နိုင်။
''ပြီးခဲ့တာတွေပြီးပြီပဲ၊ ထားပါတော့လေ''
အရာအားလုံးဆုံးရှူံးထားတဲ့သူမှာ နှစ်သိမ့်လိုသောမျက်ဝန်းတွေရှိသည်။
''ဒီစာလေး၊ ညီမလေးက ဟောဒီက ပတ်ဆူယောင်းကို ပေးစေချင်ခဲ့တယ်၊ ဒီကြားထဲ အစ်ကိုလည်းမေ့မေ့လျော့လျော့နဲ့ မပို့ဖြစ်ခဲ့ဘူး။
အချိန်တွေလွန်နေပြီဆိုပေမယ့်လည်း၊ နောက်ဆုံးတော့ဂျူဟျွန်းရဲ့ ဆန္ဒကိုအစ်ကိုဖြည့်ဆည်းပေးလိုက်နိုင်ပါပြီ''
သူပေးသော နွမ်းလျလျစာအိတ်လေးကိုကျွန်မ တယုတယဖြင့် ရင်ခွင်ထဲထွေးဖက်ထားမိသည်။
''အစ်ကိုတစ်ယောက်အနေနဲ့ပြောချင်တာရှိတယ်။
ညီမ ပတ်ဆူယောင်းလည်း အရင်ဆုံးကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျန်နေခဲ့တဲ့လူတွေက အကောင်းဆုံးကြိုးစားပြီးရှင်သန်ကြရမှာပဲလေ။
ဒါဟာ ကိုယ်ကိုယ်တိုင်ရဲ့အမှားလည်းမဟုတ်သလို၊ ဘယ်သူရဲ့အမှားမှမဟုတ်ပါဘူး၊ လောကကြီးကသတ်မှတ်ထားတဲ့ လောကဓံပဲမို့ အကောင်းဆုံးရင်ဆိုင်ပြီး ရှင်သန်သွားပါလို့ အစ်ကိုမှာပါရစေ၊
ညီမလေးကိုလည်း မရှာပါနဲ့တော့။
အခုလောက်ဆို သူလေးလည်း အသက်ရှူဖြောင့်မယ့် တစ်နေရာရာမှာ ဘဝကိုအေးအေးချမ်းချမ်းနဲ့ နေထိုင်နေလောက်ရောပေါ့။
ကျန်ခဲ့တဲ့လူတွေအနေနဲ့ သူရောက်လေရာမှာ ပျော်ရွှင်ပါစေ၊ အေးချမ်းပါစေ ဆုတောင်းပေး ယုံကလွဲရင် တတ်နိုင်တာမှမရှိပဲကွာ''
................
နောက်ဆုံးစာ
............
တောင်းပန်ပါတယ် ဆူယောင်း
ချစ်တယ်၊ လွမ်းလည်းလွမ်းတယ်။
ဆူယောင်းကို သိပ်ချစ်တာကိုတော့ယုံပေးမှဖြစ်မယ်။
တစ်လောကလုံးနဲ့ဆန့်ကျင်ခဲ့ရင်တောင် ဆူယောင်းတစ်ယောက်ကတော့ အစ်မကိုယုံပြီး အစ်မဘက်မှာရှိနေပေးမယ်ထင်တယ်။
အားလုံးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်းနဲ့၊ အားလုံးလက်လွှတ်လိုက်ရပြီထင်တယ်ဆူယောင်းရယ်။
လက်လွှတ်လိုက်ရတဲ့အရာတွေထဲမှာ ဆူယောင်းလည်းပါသွားမှာသိပ်ကြောက်တယ်...ဒါပေမယ့်
မဖြစ်နိုင်တော့ဘူးထင်ပါတယ်
ဆူယောင်းကို မစောင့်နေနိုင်တော့ သလို
ဆူယောင်းအနားကိုလည်း အစ်မ မလာနိုင်လောက်တော့ဘူး။
အစ်မကြောက်တယ် ဆူယောင်း။
အမှားတွေပဲလုပ်ခဲ့မိပြီထင်တယ်၊
''ဆူယောင်းကို ချစ်တယ်''
ဒီစကားကိုလည်းနောက်ထပ်ပြောခွင့်မရှိလောက်တော့ဘူးထင်တယ်။
ဒီစာကို ဆူယောင်းဖတ်ဖြစ်တဲ့အချိန်မှာ အစ်မဟာဒီလောကကြီးရဲ့တစ်နေရာရာမှာရှိချင်လည်းရှိနေဦးမယ်။
ဒါမှမဟုတ် ဟိုးကောင်းကင်ပေါ်က ကြယ်လေးတွေထဲကတစ်ပွင့်ဖြစ်ချင်လည်းဖြစ်နေလိမ့်မယ်။
နောက်ဆုံး အနေနဲ့လို့ပဲ သဘောထားပြီးနှုတ်ဆက်ခဲ့ပါတယ်။
ဆူယောင်းကတော့ တောက်ပပြီး၊ ပျော်ရွှင်နေမှဖြစ်မယ်။
အစ်မက အမြဲစောင့်ကြည့်နေမှာမို့လို့။
ဆူယောင်းသာ ရည်မှန်းချက်အတိုင်း အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ရင်၊ ဘယ်နေရာပဲရောက်ရောက် ဆူယောင်းကို အစ်မမြင်နိုင် တွေ့နိုင်လိမ့်မယ်ထင်တယ်။
ဒီ ကတိမတည်နိုင်တဲ့လူအတွက်၊ သတ္တိမရှိတဲ့လူအတွက်၊ အမှားတွေပဲလုပ်ခဲ့မိတဲ့လူအတွက် မဟုတ်ပဲ၊ ဆူယောင်းက ကိုယ့်အတွက်ကိုယ်ကြိုးစားပြီး တောက်တောက်ပပ၊ပျော်ပျော်ရွှင်ရွှင်ရှင်သန်သွားပါ။
အစ်မကိုလည်း မေ့ပစ်ပေးပါ။
သတိရခဲ့ရင်၊ လွမ်းခဲ့ရင်တောင် ဒီမကောင်းတဲ့မိန်းမကို နာကျည်း ပြီး မုန်းမေ့လိုက်ပါ။
အစ်မက မကောင်းတဲ့လူပဲ၊ ဆူယောင်းကအများကြီးထိုက်တန်ပါတယ်။
တစ်ခါလောက်ဖြစ်ဖြစ် အခွင့်ရှိခဲ့ရင်တော့
မပြောဖြစ်ခဲ့တဲ့စကားတွေ
ထိန်းထားခဲ့တဲ့ မျက်ရည်တွေအတွက်
ဆူယောင်း ရင်ခွင်ထဲတိုးဝင်ပြီး
စိတ်ရှိလက်ရှိငိုချလိုက်မိမှာ....။
ဒီလောက်နဲ့ နှုတ်ဆက်ခဲ့ရလို့ တောင်းပန်ပါတယ်။
သတိရခြင်းများစွာနဲ့
ဆူယောင်းအတွက် မကောင်းတဲ့လူ
ဂျူဟျွန်း။
...............