"တစ်မျိုးလေးပဲ ဘာကတစ်မျိုးလေးမှန်းတော့မပြောတတ်ဘူး"
I'm fragile
And fractured, that's for sure
I burned myself down to the ground.
|
"ဟွေ့ လွယ်အိတ်ရှာလို့တွေ့သွားပြီလား။
ငါ့လက်ထဲမှာလေ.."
ကျောင်းအဝင်ဝက ဂိတ်မှာတက်ထိုင်ပြီး
ယူဂျင်းလျှောက်လာတာမြင်တာနဲ့ ထိုလူကသူ့လက်ထဲကကိုင်ထားတဲ့
လွယ်အိတ်ကိုမြှောက်ပြကာသူ့အပေါင်းအပါတွေနဲ့
တစ်သံတည်းရယ်မောလို့နေတယ်။
အရင်ကနေ့တွေထက်ပိုသပ်သပ်ရပ်ရပ်
ဝတ်စားထားတဲ့ထိုလူကဘာလို့ဒီနေ့မှ
ယူဂျင်းမျက်လုံးထဲပိုစုတ်ပဲ့နေရတာလဲ။
မဲ့ပြုံးပြုံးနေတဲ့အဲ့မျက်နှာက
နည်းနည်းလေးမှတောင်ကြည့်ချင်စရာကောင်းမနေဘူး။
စိတ်ပျက်ဖို့ကောင်းလိုက်တာ။
"လာမယူတော့ဘူးလား ဘာလို့လဲ..မယူရဲဘူးလား"
ထပ်ပြီးတုတ်တုတ်တောင်မလှုပ်ဘဲရပ်ကြည့်နေတဲ့
ယူဂျင်းကိုမေးငေါ့ပြပြီးထိုလူကခနဲ့တယ်။
သူ့ကိုရယ်စရာတစ်ခုလိုကြည့်နေတဲ့ အုပ်စုကို
ယူဂျင်းကြည့်ပြီးသက်မပြင်းပြင်းတစ်ချက်ချလို့
ဥပေက္ခာပြုကာလှည့်ထွက်လာလိုက်တော့တယ်။
အဲ့လိုလူရဲ့လက်ထဲကသူ့ပစ္စည်းကိုအချိန်ကုန်ခံပြီးပြန်လုမနေချင်တော့လို့ပဲ။
ကလေးဆန်လိုက်တာ စီနီယာတွေဖြစ်ပြီး
ကလေးအကွက်တွေနဲ့တစ်ကျောင်းလုံးကိုဒုက္ခလိုက်ပေးနေတာ။
အတန်းစဖို့သိပ်မလိုတော့ပေမယ် ဒီတစ်ရက်တော့
ဘေးကလူနဲ့စာအုပ်ကပ်ကြည့်လိုက်ဖို့ပဲတွေးလိုက်တယ်။
တစ်ကယ်လို့အဲ့လူယုတ်မာကသူ့အတန်းဖော်တွေကို
မခြိမ်းခြောက်ထားဘူးဆိုရင်တော့သူ့ကိုစာအုပ်အပိုငှားပေးကြမှာပါ
အဓိကအားဖြင့် အတန်းခေါင်းဆောင်က။
ဒါပေမယ့်ယူဂျင်းသိပ်မမျှော်လင့်ထားဘူး။
ဘာလို့ဆို ဒီကျောင်းမှာအဲ့လူနဲ့ပတ်သက်မိလို့
ဘယ်သူကမှငဲ့ကြည့်နေမှာမဟုတ်လို့ပဲ။
ယူဂျင်းကအဲ့လိုအဖြစ်အပျက်မျိုးတွေကိုကိုယ်တိုင်တွေ့ခဲ့ရပြီးပြီ
အခုသူကိုယ်တိုင်ကြုံနေရပြီပေါ့။
စိတ်ညစ်စရာကောင်းပေမယ့် ဝမ်းတော့မနည်းမိဘူးပဲ။
သူကအဲ့အရူးကိုမကြောက်လို့ဖြစ်မယ်။
.
အဲ့လိုနဲ့လွယ်အိတ်ရောစာအုပ်တွေရော အရူးလက်ထဲပါသွားတဲ့
ယူဂျင်းဘဝဟာပထမအချိန်မှာတင်ပဲ အပြစ်ပေးခံနေရတော့တယ်။
တစ်ခန်းလုံးကထိုင်နေရပေမယ့် သူတစ်ယောက်တည်းကပဲ
တစ်ချိန်လုံးမတ်တပ်ရပ်နေရတာမျိုး...။
နောက်တစ်ချိန်ပြောင်းသွားတဲ့ဘဲလ်တီးသံကြားတော့
ယူဂျင်းထိုင်ချလိုက်ဖို့တောင်မတွေးရဲတော့ဘူး။
သူတော့ဒီတစ်ရက်လုံး စာသင်ချိန်၈ချိန်လုံးအပြစ်ပေးခံနေရတော့မှာပဲ။
ကြိုတွေးမိတော့ ဟိုအရူးကြီးရဲ့မျက်နှာကိုပြေးမြင်လာတယ်။
စိတ်ရှိလက်ရှိ အဲ့လှောင်ပြုံးနဲ့မျက်နှာကြီးကိုကုတ်ဖဲ့ပစ်ချင်တော့တာပဲ။
သူ့ညီကိုဒုက္ခပေးပြီး သူ့ကိုပါဒုက္ခလာပေးနေတာ။
သေရင်ငရဲရောက်မှာထက် မသေခင်နတ်ဆိုးဖြစ်နေပြီ အဲဒီလူက။
တစ်နေ့တည်းမှာပဲ ဒုတိယအကြိမ်ထပ်တွေးမိတယ်။
စိတ်ပျက်ဖို့ကောင်းလိုက်တာ ဆိုတာကို။
.
စာသင်ချိန်လေးချိန်မြောက်။
ဒီတစ်ချိန်ပြီးရင် နေ့လည်စာစားချိန်မို့ ယူဂျင်းက
မြှောက်ထားရတဲ့သူ့လက်နှစ်ဖက်လုံးနဲ့
ထောက်ထားရတဲ့ဒူးနှစ်ဖက်ကိုပါ
ဆက်တောင့်ထားဖို့သတိပေးလိုက်ရတယ်။
သူဖြင့်စည်းကမ်းကြီးတဲ့ကျောင်းက လူဆိုးကောင်လုပ်လို့
စည်းကမ်းကြီးတဲ့ဆရာဆရာမတွေဆီကနေအပြစ်ပေးခံနေရတယ်လို့။
အံ့သြဖို့ကောင်းလိုက်တာ။
ဆယ့်ငါးမိနစ်လောက်ထပ်စောင့်လိုက်ပြီးတော့
ယူဂျင်းမျှော်လင့်နေတဲ့အချိန်ကကျရောက်လို့လာပြီ။
နောက်ဆုံးတော့ ဘဲလ်တီးပြီပဲ။
စိတ်လိုလက်ရညီးညူလိုက်ပြီး နံရံကိုအားပြုကာ
ကျဥ်နေတဲ့ခြေထောက်တွေနဲ့မတ်တပ်ထရပ်လိုက်ရတော့တယ်။
မတ်တပ်ကောင်းကောင်းရပ်နိုင်ပေမယ့် လမ်းလျှောက်ဖို့ကအဆင်မပြေဘူးပဲ။
ဒူးဆစ်ကထုံထိုင်းပြီအံကြိတ်ရလောက်အောင်ကိုနာနေတာ။
ဒါတွေအကုန်ဟိုလူကြောင့်ပဲ။
အသက်ရှည်ဦးမယ်ပြောရင်းဆိုရင်း
ကော်ရစ်တာကနေလျှောက်လာနေတဲ့လူကြောင့်
ယူဂျင်းက စိတ်ပျက်တယ်ဆိုတဲ့
လေပူကြီးကိုမှုတ်ထုတ်လိုက်မိတော့တယ်။
သူ့လွယ်အိတ်အစွန်းကိုလက်တစ်ဖက်နဲ့ကိုင်ပြီး
ပခုံးတစ်ဖက်ပေါ်တင်ထားတဲ့ထိုလူက
အေးအေးဆေးဆေးသူရှိရာကိုဦးတည်နေတာကြောင့်
ယူဂျင်းကကျောပေးပြီးတစ်ခြားဘက်ကနေလှည့်ထွက်ဖို့ပြင်တယ်။
ချီးပဲ!
ခြေလှမ်းတစ်လှမ်းရွေ့လိုက်တာနဲ့ ဦးနှောက်ထဲက
ကျိန်ဆဲသံကအလိုလိုထွက်လာတယ်။
ယူဂျင်းသူ့ခြေထောက်တွေကိုမုန်းလိုက်တာ။
ဘာလို့ဒီအချိန်ကျမှနှေးကွေးနေရတာလဲ။
အသုံးမကျလိုက်တာ!
အဲ့လိုနဲ့ ယိုင်တိယိုင်တိုင်ခြေလှမ်းတွေနဲ့လျှောက်နေတဲ့သူက
ခြေတံအရှည်ကြီးတွေရှိတဲ့အရူးကြီးဆီမှာပြန်မိသွားတော့တယ်။
အတိအကျပြောရရင် အဲ့အရူးကြီးကယူဂျင်းရဲ့
အင်္ကျီကော်လံကိုအနောက်ကနေဆွဲထားတာ။
အရှေ့ကိုဆက်လှမ်းလို့မရတော့တဲ့အချိန်မှာ
ယူဂျင်းစိတ်ထဲကနေဆက်တိုက်
ဆဲဆိုသံတွေကထွက်လာတော့တယ်။
သူ့ကိုလွှတ်ပေးထားလိုက်လို့မရဘူးလား။
ပုံမှန်ဆိုရင်ဒီလိုတွေးမိမှာမဟုတ်ပေမယ့် အခုက
လက်ရောခြေထောက်ရောအပင်ပန်းခံထားရတာမို့
အဲဒီလူသူ့ကိုလွှတ်ပေးဖို့ပဲတွေးနေမိတော့တာ။
ကျေးဇူးပြုပြီး လွယ်အိတ်ကိုလုပ်ချင်ရာလုပ်ပြီး
သူ့ကိုဆွဲထားတဲ့လက်လေးပဲလွှတ်ပေးပါ။
ရှိသမျှအားကုန်သုံးလို့ရုန်းပြီးထွက်ပြေးရအောင်လည်း
ရုန်းလို့ကရတယ် ပြေးလို့ကမရတဲ့သူ့ခြေထောက်အကြောင်းတွေးမိတော့
ယူဂျင်းကရှူးရှူးရှဲရှဲဖြစ်ရတယ်။
"ရော့မင်းလွယ်အိတ်။ မင်းကိုယ်တိုင်လာလုရင်ပိုပြီးစိတ်ဝင်စားစရာကောင်းမှာကို
မင်းကရှောင်ပြေးနေတော့ငါကပဲလာပေးရတာပေါ့..."
ယူဂျင်းနောက်ကျောဖက်ဆီကနေနီးနီးကပ်ကပ်ထွက်လာတဲ့အသံက
သေချာပေါက်သူမကြားချင်တဲ့အသံပဲ။
သူ့ခေါင်းကိုကျော်ပြီးသူ့အရှေ့ရောက်အောင်
တွဲလောင်းချမြှောက်ခံထားရတဲ့လွယ်အိတ်ကလည်း
သူ့မျက်စိရှေ့လေးတင်မို့ ယူဂျင်းကမြန်မြန်ယူပြီး
မြန်မြန်ထွက်သွားဖို့ပြင်တယ်။
လက်ကိုအသာမြှောက်ပြီးဆွဲယူလိုက်တာနဲ့
တစ်ပြိုင်တည်း သူ့နောက်ကျောဘက်ကလူကလည်း
မလွှတ်ပေးဘဲလွယ်အိတ်ကိုပြန်ဆွဲထားသည်။
ယူဂျင်းကအားပိုထည့်လိုက်ပြီးဆွဲယူတယ်။
မကြာခင်သူ့ဆီပါလာတော့မှာပါလို့ယုံကြည်ထားပေမယ့်
သူ့လိုပဲအားထည့်ပြီးပြန်ဆွဲလိုက်တဲ့လူကြောင့်
ယူဂျင်းရဲ့ခန္ဓာကိုယ်ဟာသူ့အနောက်ကလူကိုသွားတိုက်မိတော့တယ်။
အင့်ခနဲအသံထွက်သွားသလားတောင်ယူဂျင်းသတိမပြုလိုက်မိပါ။
သူသိတာအခု သူကအဲ့လူယုတ်မာရဲ့ရင်ဘတ်ကြီးကို
ခေါင်းမှီထားပြီး အဲ့လူကပါသူ့ကိုငုံ့ကြည့်နေတယ်ဆိုတာပဲ။
ချီးပဲ ချီးပဲ!
ယူဂျင်းက ကမန်းကတန်းရုန်းထွက်ဖို့လုပ်တော့
ထိုလူရဲ့လက်တစ်ဖက်ကသူ့ခါးကိုအတင်းချုပ်ထားတယ်။
အတင်းကိုချုပ်ထားတာမို့ သူ့ခန္ဓာကိုယ်က
အဲ့လူရဲ့ခန္ဓာကိုယ်ထဲဝင်သွားတော့မလိုပဲ။
"လွှတ် ခင်များ- ခင်များလက်ကိုဖယ်လို့"
.
သူ့လက်ထဲကနေအတင်းရုန်းနေတဲ့ကောင်လေးက
မလွှတ်နိုင်မှန်းသိသွားတော့ တအီအီအသံလေးတွေနဲ့
လွှတ်ပေးဖို့ပြောလို့လာတယ်။
ဂယူဘင်းမှာတော့သူ့ကိုအတင်းငြင်းဆန်နေပြီး
ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ကောင်လေးကို
အရိုးတွေကြေသွားအောင်ထိ
ဖျစ်ညှစ်ပစ်ချင်စိတ်တွေပေါက်လာရတော့တာပဲ။
တစ်ကယ်ပဲ ဒီအကြောတင်းလေးက ဘာလို့အဲ့လောက်အထိမခံဖြစ်နေရတာလဲ။
သူ့ရင်ဘတ်သာသာကောင်လေးက မရမကရုန်းကန်ပြီး
တစ်ချက်တစ်ချက်သူ့ကိုလည်း
အကြည့်စူးစူးတွေနဲ့မော့မော့ကြည့်နေသေးတယ်။
ပါးစပ်ကတော့လွှတ်ပေးဖို့ပြောနေပြီး
စိတ်ထဲကနေတော့သူ့ကိုကျိန်ဆဲနေလောက်မှာပေါ့။
သူချုပ်ထားတာနေ့လည်စာစားချိန်ရဲ့ငါးမိနစ်တောင်ကုန်သွားပြီပဲ။
သေချာပေါက်အဲ့ကောင်လေးစိတ်ထဲတနုံ့နုံ့ဖြစ်နေလောက်တယ်။
ဟက် တစ်မျိုးလေးပဲ စိတ်ဝင်စားစရာကောင်းနေပြန်တယ်။
အသည်းအသန်ဖြစ်နေတဲ့ခွေးပေါက်ကိုငုံ့ကြည့်ပြီး
ဂယူဘင်း ဘာမှန်းမသိတဲ့စိတ်တွေဝင်လာရတော့တယ်။
ဘာမှန်းမသိပေမယ့် ဒီကောင်လေးကို
မလွှတ်ပေးလိုက်ချင်တာတော့သေချာနေတာမို့
ဂယူဘင်းကမြန်မြန်ဆန်ဆန်
ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရတယ်။
"လွှတ်ပေးစေချင်ရင် ငါနဲ့နေ့လည်စာအတူစားမလား"
ပြုံးယောင်သန်းနေတဲ့မျက်နှာအမူအရာနဲ့မေးတဲ့ဂယူဘင်းကို
ထိုကောင်လေးကပိုးဟပ်တစ်ကောင်ကိုကြည့်သလိုအကြည့်တွေနဲ့တုံ့ပြန်တယ်။
ဂယူဘင်းနှုတ်ခမ်းတွေပိုပြီးကော့ညွှန့်သွားသလားတောင်မသိပါ။
သူ့ဘဝမှာပထမဆုံးသူ့ထက်ငယ်တဲ့ဂျူနီယာဆီက
မတူသလိုမတန်သလိုအကြည့်ခံလိုက်ရတာ။
ဝါး....ဒေါသထွက်စရာပဲ။
ဒေါသထွက်စရာကောင်းလွန်းလို့ သူ့မှာအဲ့ခွေးကောင်လေးကို
မျက်လုံးတွေမှိတ်သွားတဲ့အထိရိုက်နှက်ပစ်ချင်တော့တာပဲ။
ဒေါသထွက်လွန်းလို့ ကော့ညွှန့်နေတဲ့နှုတ်ခမ်းစွန်းတွေနဲ့
ဂယူဘင်းက ဟန်ယူဂျင်းလက်ကိုအကြမ်းပတမ်းဆွဲပြီး
အထက်တန်းပထမနှစ်တွေရဲ့အဆောင်ကနေထွက်သွားတော့တယ်။
မြင်သမျှလူတွေကတော့ ရိုက်နှက်ဖို့ခေါ်သွားတယ်ပဲထင်နေမှာပေါ့။
တစ်ကယ်ရော ဒေါသထွက်နေတဲ့ ဂယူဘင်းက
အဲ့လိုလုပ်ပါ့မလား...?
.
.
.
ဟင်အင့် မလုပ်ပါဘူး။
ဂယူဘင်း သူ့မျက်စိရှေ့ကထမင်းကို
တစ်လှုပ်လှုပ်ပါးလေးဖောင်းလိုက်ပိန်လိုက်နဲ့
ဝါးနေတဲ့ကောင်လေးကိုထိုင်ကြည့်နေမိတယ်။
သူ့ဆွဲခေါ်မှုနောက်ပါလာတဲ့ကောင်လေးကအစကတော့
သူဘာလုပ်လုပ်အကန်တွေကြီးပဲလုပ်မယ်လို့
ဆုံးဖြတ်ချက်ချပြီးလိုက်လာခဲ့ပုံရတယ်။
သူလွှတ်ပေးလိုက်တာနဲ့ထွက်ပြေးဖို့လုပ်တော့တာ။
သူကတစ်လှမ်းမှမရွေ့နဲ့လို့ပြောရင် သူနဲ့
ငါးလှမ်းလောက်အကွာကိုကြိုရောက်နေပြီဖြစ်တာ။
သူကထိုင်ခိုင်းရင်တုတ်တုတ်မှမလှုပ်ဘဲမှင်သေသေနဲ့မတ်တပ်ရပ်နေတာ။
သူပြောသမျှကိုမကြားချင်ယောင်ဆောင်ပြီး သူခေါ်လာတဲ့
အခန်းထဲကနေဘယ်လိုထွက်ရမလဲဘဲတွေးနေတာ။
အကုန်အကန်တွေချည်းပဲလုပ်နေလို့ စိတ်မရှည်တော့တဲ့ဂယူဘင်းက
နည်းနည်းပါးပါးခြိမ်းခြောက်အကျပ်ကိုင်လိုက်မှသာ
မထိုင်ချင်ထိုင်ချင်နဲ့သူတွန်းပေးတဲ့ခုံမှာဝင်ထိုင်ပြီး
သူရွေးပေးတဲ့နေ့လည်စာကိုလည်းမစားချင်စားချင်နဲ့စားနေတော့တာ။
ကြားထဲသူ့ကိုငြင်းဆန်နေတာက ဆယ်ဘဝလောက်ကြာနေတာမို့
နေ့လည်စာစားချိန်ကိုကျော်သွားသေးတယ်။
အဲ့ဒါနဲ့ပဲ.. သူကသူ့အတွက်သီးသန့်နားခန်းထဲမှာ
အဲ့ခွေးကောင်လေးကိုအချိန်ပိုင်းခွင့်တိုင်ပေးပြီး
နေ့လည်စာခေါ်ကျွေးလိုက်ရတာပဲ။
သူကလုပ်ချင်လွန်းလို့မဟုတ်ပါဘူး။
ကောင်လေးကလည်းသူအဲ့လိုလုပ်တာကိုကြိုက်မှာမဟုတ်ဘူး။
ဒါပေမယ့်ဘာကသူ့ကိုအဲ့လိုလုပ်စေတာလဲ။
ဒေါသထွက်နေတဲ့သူကရုတ်တရက်ကြီး သူ့ကို
ဒေါသထွက်အောင်လုပ်တဲ့
အကြောင်းအရင်းလေးကိုတကူးတကခေါ်လာပြီး
နေ့လည်စာထိုင်ကျွေးနေတဲ့အကြောင်းပြချက်ကလေ..။
တစ်ကယ်ပဲဘာလဲ။
ဘာကသူ့ကိုထူးဆန်းစေတာလဲလို့ ..
ဂယူဘင်း သူ့မျက်စိရှေ့ကကောင်လေးကို
မျက်တောင်မခတ်တမ်းငေးကြည့်ပြီးအဖြေရှာနေမိတော့တယ်။
မျက်မှောင်ကိုကြုတ်ထားရင်း
အတော်လေးကြာအောင်ကြည့်နေမိတော့ သိလာတယ်။
အဖြေက မျက်လုံးကြည်ကြည်တောက်တောက်လေးတွေနဲ့
အသည်းပုံနှုတ်ခမ်းနဲ့ရှည်ရှည်သွယ်သွယ်ကောင်လေးက
စိတ်ဝင်စားစရာကောင်းနေလို့ပဲ။
သူ့ကိုစိတ်တိုအောင်လုပ်တဲ့ဟန်ယူဂျင်းက ပိုစိတ်ဝင်စားစရာကောင်းနေလို့ပဲ။
အဲ့ဒါကြောင့် သူကအဲ့စိတ်ဝင်စားစရာလေးကိုထိခိုက်အောင်မလုပ်မိတော့တာ။
ရှင်းတယ်မလား။ တစ်ကယ့်ကိုရှင်းရှင်းလေးပါပဲ။
အရမ်းကိုရှင်းလွန်းလို့ဂယူဘင်းကတောင်
သူ့ကိုယ်သူမကျေမနပ်ဖြစ်ရတဲ့အထိပဲ။
အဲ့ကောင်လေးကဘာမလို့ သူ့ကိုအဲ့လိုဖြစ်စေတာလဲဆိုပြီးတော့လေ။
"စားပြီးရင် အတန်းသွားတက်တော့။
ဟိုပေါ်တင်ထားတဲ့လွယ်အိတ်ရောတစ်ခါတည်းယူသွား
မဟုတ်ရင်ထပ်ပြီးအပြစ်ပေးခံနေရဦးမယ်"
ဂယူဘင်းပြောသွားသမျှကိုယူဂျင်းက
မျက်လုံးဝိုင်းဝိုင်းနဲ့ပါးစပ်လေးဟပြီးကြည့်လို့နေတယ်။
ပြီးတော့မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
ပြန်ပြောတာက 'တစ်ကယ် ဘာမှမလုပ်ဘဲထမင်းပဲစားခိုင်းတာလား' တဲ့။
သူ့မှာပြန်ဖြေစရာစကားတောင်ရှိမနေလို့
မသိချင်ယောင်ဆောင်ပြီးထွက်သွားခိုင်းလိုက်ရတာပါပဲ။
ဟန်ယူဂျင်းနဲ့မှ သူလည်းကြောင်တောင်တောင်တွေဖြစ်ကုန်ပြီ။
______
TBC