"ဘာစားမှာလဲ စပျစ်သီးပဲလား..."
"ဟုတ်!..."
"ခဏလေး အစေ့တွေဖယ်ပေးဦးမယ်..."
ရှင်းခန့်က ပြောပြောဆိုဆို စပျစ်သီလေးများအား သေချာခွဲစိတ်၍ တုတ်ချွန်လေးဖြင့် အစေ့လေးများအား စိတ်ရှည်လက်ရှည် ဖယ်သင်ပေးနေ၏။နိုရာကတော့ ဆိုဖာပေါ်မှာ ခပ်လျော့လျော့မှီထိုင်နေရင်း ရှင်းခန့် အဆင်သင့်ပြင်ပေးထားသော စပျစ်သီးတို့အား ပါးစပ်အပြည့်ထည့်၍ တမြှုပ်မြှုပ်ဝါးလို့နေသည်။ဖွင့်ထားသော ကားတွန်းကားကိုလည်း မျက်စိမလွှဲ အကြည့်မပျက်စေရ။ရှင်းခန့်ကလည်း ဒါကိုပဲ မျက်နှာတချက်မပျက်စေပဲ စိတ်ရှည်လက်ရှည်ရှိလှသည်။မြင်ကွင်းကို ဘာရယ်မဟုတ် ရပ်ကြည့်နေမိရင်း ဒေါ်ဂျာနူးစိတ်ထဲ တစ်မျိုးလေးဖြစ်သွားရသည်။
ဒီကောင်လေးက နိုရာ့အပေါ်မှာ ဟိုးအရင်ကတည်းက သံယောဇဥ်ရှိခဲ့တဲ့သူဖြစ်သည်။ဆိုင်းလော့ဒ်နှင့် ပတ်သတ်နေ၍ မဟုတ်ပါပဲ ဒီကလေးအပေါ်မှာ သီးသီးသန့်သန့် သံယောဇဥ်ကြီးခဲ့တာမျိုးဖြစ်၏။ကိုယ့်သားနှင့်ကိစ္စကို မကြည်ဖြူနိုင်သော်ငြားလည်း ကိုယ့်မြေးအပေါ် သံယောဇဥ်ရှိတာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်။ပြီးတော့ သူ့အခြေအနေ သူ့အနေထားဖြင့် ကိုယ့်သားအတွက် မျက်နှာငယ်ခံနေတာကိုလည်း အားနာစိတ်ဖြစ်မိတာကသပ်သပ်ပဲ ဖြစ်လေသည်။
မြင်ကွင်းကို အမှတ်တမဲ့ငေးကြည့်နေတုန်း ရှင်းခန့်က ဖြတ်ကနဲလှည့်ကြည့်လာတာမို့ သူမအိုးတိုးအမ်းတမ်း ဖြစ်သွားရတော့လေသည်။ရှင်းခန့်က သူမအားမြင်လိုက်ရတော့ အံ့သြသွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ နေရာမှထရပ်၏။
"အနူး..."
တိုးညှင်းသောလေသံလေးက နူးနူးညံ့ညံ့လေး ထွက်ပေါ်လာ၏။ဒီကောင်လေးကိုက မြင်လိုက်ရတိုင်း ဒီလိုပုံစံလေးပဲဖြစ်သည်။နူးနူးညံ့ညံ့ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်လေးသာ။တွေ့လိုက်ရတိုင်း စိတ်အေးချမ်းစေတဲ့ နှစ်လိုဖွယ်အသွင်လေးဖြင့်ရှိလေသည်။
"ဆိုင်းလော့ဒ်က အပြင်သွားတယ် အနူး..."
သူမက ဒီအတိုင်းဆက်ရပ်နေတော့ ရှင်းခန့်ဆီမှ တိုးညှင်းညှင်းလေသံလေးက မဝံ့မရဲဖြင့်ထွက်ပေါ်၍လာလေသည်။
"မီးအတွက် ဟင်းလာပို့တာလား..."
နိုရာကတော့ အသံစွာစွာလေးဖြင့် နေရာမှပြေးထ၍လာခဲ့လေသည်။
"အင်း! ရတယ် သူ့ဆီလာတာမဟုတ်ဘူး ဟင်းလာပို့ပေးတာ..."
နှုတ်ကအကျင့်ပါနေကြအတိုင်း သားဆိုတာကို မခေါ်မိအောင် အလျှင်အမြန်ဘရိတ်အုပ်လိုက်ရသည်။ဟိုတုန်းကတည်းက အားပန်သူငယ်ချင်းဖြစ်ဖြစ် အားလော့ဒ်သူငယ်ချင်းဖြစ်ဖြစ် သားတန်သား သမီးတန်သမီးခေါ်နေကြမို့ ပါးစပ်ကအကျင့်ပါနေမိသည်။ရှင်းခန့်ကိုလည်း စတွေ့တုန်းကတော့ သားဟုပဲသုံးနှုန်းခဲ့၏။အခုကျတော့ ထိုနာမ်စားက သူမအတွက်တမျိုးတမည် အနေခက်ရစေသည်။ဘာရယ်မဟုတ်ပေမဲ့လည်း နှုတ်ကသုံးနှုန်းလိုက်ဖို့ကို ခက်ခဲ၍နေစေ၏။လေသံကိုတော့ အတတ်နိုင်ဆုံး အနိမ့်ဆုံးဖြင့်အောင် လျှော့ချထားရသည်။ကိုယ့်သားက ရွေးချယ်ပြီးပြီမို့ မကြည်ဖြူနိုင်သော်လည်း မငြိုငြင်မိအောင်ဆင်ခြင်ရတော့မည်။ပြီးတော့ ရှင်းခန့်မောင်ဟာလည်း သူ့အနေအထားဖြင့် အဆင့်အတန်းတစ်ခု ရှိပြီးသားသူဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားနှင့်ပတ်သတ်ပြီးပြီမို့ လေးစားမှုလေးတစ်ခုတော့ ထားကိုထားရတော့မှာ ဖြစ်လေသည်။
သူမ သက်ပြင်းငွေ့ငွေ့အားရှိုက်ပြီးမှ မီးဖိုခန်းထဲသို့ လှမ်းဝင်ခဲ့လိုက်လေတော့သည်။
~~~~~~
"အနူး လာသွားတာလား..."
စားပွဲပေါ်မှာ စုံလင်နေတဲ့ ကချင်ဟင်းတွေကို ကြည့်ပြီး ဆိုင်းလော့ဒ်ကမေးသည်။သူကြိုက်တက်တဲ့ဟင်းအမယ်တွေရော နိုရာကြိုက်တက်တာတွေရော၊ပြီးတော့ ရှင်းခန့်အကြိုက် ကြက်သားကတက်ချဥ်ချက်ရယ်၊ပြီးတော့ ငါးကြင်းဖြူကို မုန်ညှင်းနဲ့ထုတ်ပြီး ပေါင်းထားတဲ့ဟင်းချည်းပဲ နှစ်ချိုင့်ရှိ၏။ဟိုတစ်ခေါက် ဟင်းတွေလာပို့ကတည်းက ဒီဟင်းတွေကို ရှင်းခန့်ကြိုက်တက်သည်ဟု ပြောမိတာကို အနူးကသေချာလေး မှတ်သားထားပုံရသည်။လူသုံးယောက်အတွက် အကြိုက်သုံးမျိုးစုံအောင် ချက်ပြုတ်ပြင်ဆင်ပေးခဲ့၏။ဒါသည်ကပဲ ရှင်းခန့်အပေါ်မှာ အနူး၏ လက်ခံပေးနိုင်စွမ်း အရိပ်အယောင်မျိုးသာ မဟုတ်ပါလား။
"ဟိုတစ်ခေါက်က ကြက်ကတက်ချဥ်ချက်ကို အမေ့သားမက်လေး ကြိုက်တယ်လို့ပြောပေးလိုက်တာ..."
"......"
ဆိုင်းလော့ဒ်၏စကားကြောင့် သူစားနေသော ထမင်းပင်နင်ချင်သလို ဖြစ်သွားရသည်။
"တစ်ခါတည်း သူ့သားမက်အကြိုက်တွေ တန်းချက်ခဲ့တော့တာပဲ..."
"အဲ့လို မဟုတ်လောက်ပါဘူး..."
"...."
"မင်းအမေက ကိုယ့်ကိုသဘောမကျပါဘူး..."
ရှင်းခန့်က ခပ်တိုးတိုးပြောရင်းဖြင့် မျက်လွှာချပစ်သည်။
ချစ်ရသူ၏ ညှိုးငယ်ဝမ်းနည်းနေသောပုံစံလေးကြောင့် သူသက်ပြင်းအားရှိုက်မိတော့သည်။ပြီးတော့ ရှင်းခန့်၏လက်ဖျားလေးအား ခပ်ဖွဖွထွေးဆုပ်ပြီးမှ...
"အဲ့လိုမျိုးကြီး သဘောမကျတာတော့ မဟုတ်ပါဘူးကွာ..."
"...."
"ဘယ်လိုပြောရမလဲ...မောင့်ရဲ့လက်တွဲဖော်က ယောက်ျားတစ်ယောက်ဆိုတဲ့အဖြစ်ကို လက်ခံလိုက်ဖို့ သူတို့အသားမကျဖြစ်နေတာမျိုးပါ၊ဒီအတိုင်းကြီး ခင်ဗျားကိုမုန်းနေတာမျိုး မဟုတ်ပါဘူး၊ကိုယ့်အနူးစိတ်ကို ကိုယ်အသိဆုံးပါ၊အခု ခင်ဗျားကြိုက်တဲ့ဟင်းတွေတောင် ရွေးချက်လာခဲ့ပေးသေးတာ၊အနူးက တကယ်စိတ်ထဲမရှိဘူးဆို မျက်လုံးတောင်စွေကြည့်တဲ့လူ မဟုတ်ဘူး၊ခင်ဗျားကို မမုန်းပါဘူး၊သူ ဒီအတိုင်းအသားမကျဖြစ်နေတာမျိုးပါ..."
ဆိုင်းလော့ဒ်က ပြေရာပြေကြောင်းရှင်းပြသည်။မုန်းနေတာမျိုး မဟုတ်ပေမဲ့လည်း မကြည်ဖြူနိုင်ဘူးဆိုတဲ့အသိဟာ လူကိုတစ်ခါတစ်လေတော့လည်း သိမ်ငယ်စေလေသည်။
"အဲ့ဒါတွေကို စိတ်ထဲထားမနေပါနဲ့၊အဓိကက ခင်ဗျားရဲ့ဘေးမှာ မောင်နဲ့သမီးနဲ့အတူရှိနေဖို့ပဲ မဟုတ်လား..."
ဆိုင်းလော့ဒ်က တောင်းပန်သလိုပြောရင်းဖြင့် လက်ဖဝါးလေးကို ခပ်ဖွဖွဖျစ်ညှစ်သည်။
"အင်း! မင်းပြောတာမှန်ပါတယ်၊ဒါပေမဲ့ တစ်ခါတလေတော့ ကိုယ်လည်း..."
ရှင်းခန့်ကပြောရင်းဖြင့် စကားကိုရပ်ပစ်တော့ ဆိုင်းလော့ဒ် သက်ပြင်းအသာရှိုက်ရင်းဖြင့်....
"မောင်နားလည်ပါတယ်၊တကယ်ဆို အနူးတို့ကြည်ဖြူလက်ခံလာအောင် မောင်ကြိုစားပေးရမှာ၊အခုတော့ မောင့်ကြောင့်နဲ့ ခင်ဗျားသိမ်ငယ်နေရတယ်၊မောင် တောင်းပန်ပါတယ်ကွာ..."
ဆိုင်းလော့ဒ်က စိတ်မကောင်းသည့်လေသံဖြင့် တောင်းပန်သလိုပြောလာတာကြောင့် သူ့ကိုယ်သူအပြစ်တင်မိလာရတော့သည်။တကယ်ဆို ဒီအမျိုးသားလေးကလွဲလို့ သူတခြားဘာကိုများ ထပ်လိုအပ်နေစရာရှိလို့လဲ။ဒီအမျိုးသားတစ်ယောက်ကိုသာပဲ အပြည့်အဝမျက်နှာမူထားသင့်တာမဟုတ်လား။
"မတောင်းပန်ပါနဲ့ မင်းအမှားမှမဟုတ်တာ၊ကိုယ်လည်း ဒီအတိုင်းပြောလိုက်တာ၊ဘာရယ်မဟုတ်ပါဘူး၊အဓိကက ကိုယ့်အတွက် မင်းရှိနေရင်ရပါပြီ၊မင်းတစ်ယောက်နဲ့တင် ပြီးပြည့်စုံတာထက်ကို ပိုနေပါပြီ ကောင်လေးရဲ့...."
"စိတ်ချ! မောင့်တစ်ဘဝလုံးက ခင်ဗျားတစ်ယောက်တည်းအတွက်ပဲ...."
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိတဲ့လက်ဖဝါးနွေးနွေးတွေ၊ကော့ညွှတ်သွားတဲ့ နှုတ်ခမ်းလွှာတွေနဲ့ ဆုံစည်းမိကြတဲ့ နက်ရှိုင်းအကြည့်တွေထဲ တစ်သက်စာအတွက် ကတိစကားတို့သာ ဖြစ်တည်လေတော့သည်။
~~~~~~
ခေါင်းတွေတဒိန်းဒိန်းထိုးကိုက်ပြီး မျက်ခမ်းစပ်တွေပါ ပူနေကာ မျက်ရည်ပူတွေကျနေပြီဆိုတာလည်း သိသည်။အဲကွန်းပိတ်ပြီး စောင်အထူကြီးအောက်ဝင်နေတာတောင်မှ အအေးဓာတ်က အူထဲအသဲထဲကနေ လှိုက်တက်လို့နေသည်။လေးလံနေတဲ့ မျက်ခွံတွေကို အားတင်းဖွင့်သော်လည်း ဘယ်လိုမှမရပေ။ဆိုင်းလော့ဒ်က အလုပ်ကိစ္စဖြင့် ခရီးထွက်သွားသလို အဒေါ်ကြီးကလည်း သူမ၏သမီးကလေးမွေးတာမို့ ဒီနေ့မှပဲဆေးရုံသို့လိုက်သွားရသည်။နိုရာကလည်း သူ့အဘွားဖြင့်ခဏသွားနေတာမို့ အိမ်မှာသူတစ်ယောက်တည်းဖြစ်သည်။
အဒေါ်ကြီးမသွားခင်ကတည်းက လူကအဖျားငွေ့ငွေ့ဖြင့် မအီမသာကြီးဖြစ်နေတာဖြစ်သည်။အရင်ကလည်းဒီလိုပဲ ဖြစ်နေကြမို့ လန်းဆန်းသွားအောင် ရေချိုးချလိုက်တော့ ခဏပဲနေသာထိုင်သာရှိပြီး ညနေစောင်းတာနှင့် အဖျားတက်လာတော့လေသည်။အိမ်မှာတစ်ကိုယ်တည်းဆိုသည့်အသိကြောင့် လွတ်ထွက်မတက်ဖြစ်နေသည့် သတိကိုဖမ်းဆုပ်ရင်း အိပ်ရာပေါ်မှအားတင်းထရပ်မိ၏။
ကုတင်ဘေးရှိစားပွဲအား အားပြု၍ယိုင်တိယိုင်တိုင် အားတင်းရပ်လိုက်ပေမဲ့ လူကမိုက်ကနဲဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ ယိုင်ကျလေသည်။
"ဟဲ့ ဟဲ့ ဘယ်လိုဖြစ်ရတာလဲ..."
စိုးရိမ်တကြီးအသံနှင့်အတူ အားလျော့စွာယိုင်ကျသွားသော သူ့ခန္ဓာကိုယ်အား အချိန်မှီထိန်းလိုက်သော လက်မောင်းတစ်ခု...။
"ကိုယ်တွေလည်း ပူခြစ်နေတာပဲ အဖျားတွေတက်နေတာလား..."
"....."
"ကောင်လေး ဟဲ့ သတိထားဦးလေ..."
ထိန်းဖက်ထားသော တစ်ကိုယ်လုံး မီးခဲတမျှပူခြစ်နေသလို နဂိုဖြူနုသော မျက်နှာသည်လည်း အဖျားအရှိန်ဖြင့် ရဲပတောင်းခတ်လို့နေသည်။မျက်တောင်ဖျားတွေ ရီဝေစင်းကျကာ လူကသတိလွတ်ချင်ချင်ဖြစ်နေပြီဖြစ်သည်။
"သြော်! ဒုက္ခပါပဲ ဘယ်သူမှလည်းမရှိပဲနဲ့ တစ်ယောက်တည်း ဒီကလေးကတော့..."
ဒေါ်ဂျာနူး နှုတ်မှရေရွတ်ရင်းဖြင့် ထိန်းဖက်ထားသော ခန္ဓာကိုယ်အား ကုတင်ပေါ်သို့ရောက်အောင် နေရာပြန်ချရသည်။ရှင်းခန့်ကတော့ အဖျားတွေတက်ရင်းဖြင့် သတိကောင်းကောင်း မလည်ချင်တော့ပေ။ရှင်းခန့်အား ကုတင်ပေါ်၌ နေရာချပေးပြီးမှ ဆရာဝန်အားအရင်ဖုန်းဆက်ရ၏။ပြီးတော့မှ အပူကျစေဖို့ ရေပတ်တိုက်ပေးဖို့ ပြင်ဆင်ရလေသည်။
ဆိုင်းလော့ဒ်နှင့်ဖုန်းပြောနေရင်း ဒီဖက်လမ်းကိုသွားစရာရှိတယ်ဆိုတော့ သားဖြစ်သူက အိမ်ကိုဝင်ကြည့်ပေးဖို့တောင်းဆိုသည်။ရှင်းခန့်မောင်ဆီ မနက်ကတည်းက ဖုန်းဆက်မရလို့တဲ့။အိမ်ဖုန်းလည်းဆက်မရသလို ဆိုင်မှာလည်းမရှိဘူးဟုပြောသည်။မအေရှေ့မှာမို့ ထိန်းထိန်းသိမ်းသိမ်းပြောနေပေမဲ့ တကယ်စိတ်ပူနေတာသိသာလှသည်။ဝင်ကြည့်ပေးမယ် ဘာညာလည်းပြန်မပြောခဲ့ပဲ သူမဒီအတိုင်းသာ မသိချင်ယောင်ဆောင်၍ ထွက်လာခဲ့တာဖြစ်သည်။
"မေ...."
"....."
"သား! စက်ဘီးလေး...."
"ဘာပြောတာလဲ..."
ရေပတ်ဝတ်ကပ်ပေးနေတုန်း ရှင်းခန့်ဆီမှ တိုးညှင်းသောအသံလေး ထွက်ပေါ်လာတာမို့ သေချာပြန်မေးနေရင်း နားနားကပ်၍ နားထောင်မိသည်။
"မေ...မေမေ...."
"......"
"မေမေ...."
မေမေဆိုတာကိုပဲ ထပ်တလဲလဲရေရွတ်ရင်း မှေးမှိတ်ထားသော မျက်ဝန်းထောင့်မှ မျက်ရည်တို့စီးကျ၍လာခဲ့၏။ဒီကလေးက ငယ်ငယ်လေးကတည်းက ဖခင်ဖြစ်သူ၏နောက်အိမ်ထောင်နှင့် အတူနေခဲ့ရတာလို့ သားဖြစ်သူဆီမှ တဆင့်ကြားထားရ၏။ဒါကြောင့်မို့လည်း တွေ့လိုက်ရတိုင်း ဒီကလေး၏ပုံစံက တမျိုးလေးငြိမ်သက်တိတ်ဆိတ်နေတက်၏။
အဖျားတွေကြီးပြီး ကယောင်ကတမ်းဖြင့် မိခင်ဖြစ်သူအား ကယောင်ကတမ်း တမ်းတနေပုံရလေသည်။ဒေါ်ဂျာနူးအတွေးနှင့်အတူ စိတ််မကောင်းဖြစ်သွားရပြီး ရင်ဘတ်လေးအား ခပ်ဖွဖွပုတ်ပေးလိုက်တော့ ရှင်းခန့်က သူမ၏လက်အား အားကိုးတကြီးဆုပ်ကိုင်၍လာ၏။
"မေမေ..."
"......."
"မသွားပါနဲ့ မေမေ! မေ့...."
သူမ၏လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း ကယောင်ကတမ်း ရေရွတ်၍ မျက်ရည်တွေစိုလူးနေသော မျက်နှာရဲရဲလေးအားကြည့်ကာ သူမရင်ထဲတကယ်ကို စိတ်မကောင်းခြင်းတို့ ကြီးစိုးလာရတော့သည်။မိခင်မေတ္တာကို ဆာလောင်ငတ်မွတ်ရတဲ့ ဒဏ်ရာဟာ ဘယ်လိုပဲကုသကုသ မပျောက်ကင်းနိုင်တဲ့အရာ မဟုတ်ပါလား။
~~~~~~
အသိနှင့်သတိပြန်ကပ်၍ နိုးထလာချိန်မှာတော့ အနည်းငယ်မူးဝေနေသည်မှလွဲ၍ ကိုယ်တွင်းမှလှိုက်ကာ ချမ်းတုန်နေသည့် ဝေဒနာကိုမခံစားရတော့ချေ။
!သူ ဘယ်လောက်ကြာကြာ သတိလစ်သွားခဲ့တာလဲ!
!အဒေါ်ကြီးများပြန်ရောက်နေတာလား!
ခန္ဓာကိုယ်ပေါ်ရှိလဲလှယ်ထားပေးသော ညအိပ်ဝတ်စုံအားကြည့်၍ သူတွေးနေမိသည်။
အခန်းထဲသို့ တိုးဝင်နေသည့် အလင်းရောင်ကြောင့် နောက်တစ်ရက်သို့ ကူးသွားပြီဆိုတာကိုတော့ သတိပြုမိလိုက်သည်။ရေငတ်သလို အာခေါင်တွေခြောက်နေတာမို့ သူအိပ်ရာမှ ထဖို့ပြင်ရသည်။အဖျားဝင်ထားတာမို့ လူကအားနည်းနေသည်ထင် လှဲနေရာမှထဖို့ကို အတော်လေးအားယူနေရသည်။
"ဖြည်းဖြည်း! ဖြည်းဖြည်း! နေဦး နေဦး အန်တီထူပေးမယ်..."
စကားသံဝဲဝဲနှင့်အတူ ရုတ်တရက်ကြီး အခန်းထဲသို့ဝင်ရောက်လာပါသော ဆိုင်းလော့ဒ်၏မိခင်ဖြစ်သူကြောင့် သူအံ့သြသွားရသည်။ဒေါ်ဂျာနူးက လက်ထဲကိုင်ခဲ့သော စားစရာဗန်းအား စားပွဲပေါ်သို့လှမ်းတင်လိုက်ပြီးမှ သူ့အားအသာအယာထူမပေးသည်။
"ဖြည်းဖြည်းထ ဆရာဝန်ပြောသွားတာ အရမ်းအားနည်းပြီး အဖျားဝင်သွားတာတဲ့..."
ကျောဖက်၌ ခေါင်းအုံးကိုသေချာခုပေးရင်း ကုတင်၌သေချာကျောမှီစေပြီး သေချာလေးပြောပြလို့နေလေသည်။
"အခုဘယ်လိုလဲ နေရတာ သက်သာရဲ့လား..."
နှုတ်ကလည်းမေးနေရင်းဖြင့် နဖူးပြင်အားစမ်းကြည့်ဖို့ လက်လှမ်းလာပြီးမှ ကြောင်ငေးကြည့်နေသော သူ့ကြောင့်အိုးတိုးအမ်းတမ်းဖြစ်သွားပြီး လက်အားပြန်ရုတ်သွားလေသည်။
"မနေ့က အားလော့ဒ်က ဖုန်းဆက်တာမရလို့ လာကြည့်ခိုင်းလို့..."
"......."
ဒေါ်ဂျာနူးက ခပ်အမ်းအမ်းပြောရင်းဖြင့် စွပ်ပြုတ်ပန်းကန်အား ရှေ့သို့တိုးပေးပြီးမှ...
"အားရှိအောင် စွပ်ပြုတ်လေးသောက်လိုက်ဦး၊ဒီမှာ ဆေးလည်းထည့်ထားတယ်နော်..."
"....."
"ညနေကျ ဆန်ပြုတ်နဲ့စားရအောင် ငါးလေးကင်ပေးနေတာ၊အားလော့ဒ်လည်း ညနေပြန်ရောက်မယ်ပြောတယ်၊တစ်ခုခုလိုချင်ရင် လှမ်းခေါ်လိုက်နော် အန်တီမီးဖိုထဲမှာရှိမယ်..."
ဒေါ်ဂျာနူးက အနေခက်နေသော အခြေအနေအားရှောင်ရှားဖို့အတွက် စကားတွေဆက်တိုက်ပြောရင်းဖြင့် အခန်းထဲမှပြန်ထွက်ဖို့ ခြေလှမ်းပြင်လေသည်။ဆိုင်းလော့ဒ်နှင့် ပတ်သတ်မှုကြောင့်သာ အနေခက်ရတဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာ။စတွေ့ကတည်းက ဒီအမျိုးသမီးကြီးဟာ နူးညံ့ကြင်နာတက်တဲ့ အမျိုးသမီးကြီးဖြစ်တာ ပေါ်လွင်ထင်ရှားလေသည်။သားသမီးဇောဖြင့် သောကများခဲ့ရတာတောင်မှ
သူ့အပေါ်မှာ မောက်မာရင့်သီးတဲ့စကားတစ်ခွန်းတောင် မပြောခဲ့ပေ။တောင်းပန်တိုးလျှိုးခဲ့တာသာရှိ၏။
"အန်တီ...."
"....."
"တောင်းပန်ပါတယ်...."
သူတိုးဖွဖွပြောမိတော့ ကျောခိုင်းထားသော ကျောပြင်ကဆတ်ကနဲတုန်ခါ၍သွားလေသည်။
"အန်တီတောင်းပန်နေရဲ့နဲ့ ရှေ့ဆက်တိုးခဲ့မိတယ်၊အန်တီဘယ်လောက်အထိ စိတ်ထိခိုက်နေရမလဲ ကျွန်တော်နားလည်ပါတယ်။ကျွန်တော် အတ္တကြီးမိတာတွေအတွက် တကယ်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ဒါက မလုံလောက်ဘူးဆိုတာလည်း သိပါတယ်၊ကျွန်တော် တကယ်ကိုအပြစ်မကင်းပါဘူး..."
ဒေါ်ဂျာနူးသက်ပြင်းအားရှိုက်ရင်းဖြင့် အသာအယာပြန်လှည့်လိုက်ပြီးမှ ကုတင်ပေါ်ရှိဖျော့တော့နေပါသော လူငယ်လေးအား သေချာကြည့်ရင်းဖြင့်....
"မင်းမှာ အပြစ်မရှိပါဘူး..."
"......"
"ဘယ်လိုပဲဖြစ်ဖြစ် မင်းလက်ခံတာဖြစ်ဖြစ် လက်မခံတာဖြစ်ဖြစ် အားလော့ဒ်က မင်းကိုပဲရွေးချယ်မှာ၊သူ့တသက်လုံး မင်းတစ်ယောက်ထဲကိုပဲ ဦးတည်နေတော့မှာ...."
"......"
"စိတ်ထိခိုက်ရတယ်ဆိုပေမဲ့ မင်းကိုမုန်းနေတာမျိုး မဟုတ်ပါဘူး၊အန်တီတို့အသိုင်းအဝိုင်းအတွက် ဒါကထူးဆန်းနေတာပါ၊အခုအားလုံးက နေသားတကျဖြစ်နေပြီပဲ၊အဲ့ဒါတွေကို စိတ်ထဲမထားပါနဲ့တော့၊အားလော့ဒ် တကယ်ပျော်နေတာနဲ့တင် အန်တီကျေနပ်ပါတယ်..."
ဒေါ်ဂျာနူးက ငြင်သာစွာပြောပြီးတော့မှ နေရာမှလှည့်ထွက်ဖို့ ခြေလှမ်းပြင်လေသည်။
"ကျေးဇူးပါ အန်တီ! အားလုံးအတွက်ကျေးဇူးပါ၊အခုလို ပြုစုစောင့်ရှောက်ပေးတာ အတွက်ရော...."
"ကျေးဇူးတင်ဖို့ မလိုပါဘူး၊မိသားစုတွေပဲလေ...."
"......"
!မိသားစု...၊သူက မိသားစုတဲ့လား...!
ဒေါ်ဂျာနူးအခန်းအပြင်သို့ ရောက်သွားသည့်အထိ ထိုစကားတစ်ခွန်းဟာ သူ့နားထဲမှာပဲ့တင်ထပ်လို့နေလေသည်။
!သူ့ကို မိသားစုတဲ့လား။သူက မိသားစုဝင်တဲ့လား အဟား...!
ဒီလောကကြီးထဲမှာ သူ့အတွက် နောက်ထပ်နွေးထွေးတဲ့မိသားစုတစ်ခုကို ရရှိပြီတဲ့လား။ထိုသို့တွေးမိတော့ ရင်ထဲမှာကြည်နူးမှုတို့ဟာ အတိုင်းအဆမရှိလွှမ်းခြုံကုန်လေတော့လေသည်။
!သူဟာနောက်ထပ် ဘယ်တော့မှ အသိုက်မဲ့ငှက်တစ်ကောင် မဟုတ်တော့ဘူးမဟုတ်ပါလား...!
~~~~~~~
"ဒါက ဘာတွေလဲ...."
"သြော် အနူးလုပ်ခဲ့ပေးတာ ကြက်မဲစွပ်ပြုတ်တဲ့..."
"အံမယ်..."
သူပြောတော့ ဆိုင်းလော့ဒ်က စပ်ဖြဲဖြဲဖြစ်သွားတာကြောင့် သူမျက်ခုံးတွန့်သွားရပြီးမှ...
"ဘာလဲ!..."
"ဘာမှမဟုတ်ပါဘူး..."
ဆိုင်းလော့ဒ်၏ပုံစံကြောင့် သူမျက်ခုံးတွန့်လိုက်ပြီးမှ....
"ခဏနေ နိုရာ့ကိုသွားခေါ်ရင် စားပွဲပေါ်မှာ ပျားရည်နဲ့နှမ်းဆီပုလင်းယူသွားပေးဦး၊အနူးလိုချင်တယ်လို့ ပြောနေလို့ မှော်ထဲကနေ မှာထားပေးတာ..."
"အင်း! အင်း!..."
အင်းဆိုတဲ့လေသံက ရယ်ချင်ပက်ကျိဖြစ်နေခဲ့တာကို အတင်းချိုးနှိမ်မြိုသိပ်ထားရတဲ့အတိုင်း...
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ရေခဲသေတ္တာအားပြန်ပိတ်လိုက်ပြီး....
"ယောက္ခမကြီးနဲ့ အဆင်ပြေပြီ...."
"......"
"အခုတော့အားလုံးပြောင်းပြန် ပုံစံပြောင်းသွားပြီ၊ယောက္ခမအားကိုးလောက်တဲ့ ရွှေသမက်ဖြစ်နေပြီ..."
!ကြည့်စမ်း...!
!တမင်သပ်သပ်ကြီး....!
"အိမ်ဦးခန်းမှာ အမြဲတမ်းတင်ကာထားပါ့မည်၊နေ့တိုင်းသုံးကြိမ်ဦးချ ရှိခိုးကန်တော့ပါမည်..."
"....."
မိုးမိုးရဲ့ ယောက္ခမသီချင်းကို ဟိုတစ်စဒီတစ်စဖြတ်တောက်ဆိုပြနေတဲ့ မျက်နှာကစပ်ဖြဲဖြဲဖြင့် သီချင်းညည်းနေတာနှင့်လည်းမတူ။ဟိုတစ်ခေါက် အိမ်မှာတစ်ယောက်တည်း ဖျားသွားပြီးကတည်းက ဆိုင်းလော့ဒ်၏မိသားစုနှင့် သူ့ကြားကဆက်ဆံရေးဟာ အနည်းငယ်ချော့မွေ့လို့လာခဲ့သည်။အရမ်းကြီးရင်းနှီးလုံးထွေးနေတာမျိုးတော့ မဟုတ်ပေမဲ့ သူဟာလည်းဒီမိသားစုထဲ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဆိုတာကို အသိမှတ်ပြုလက်ခံထားပါသည်ဆိုသည့်သဘော။ဒီလိုလေးအဆင်ပြေသွားသည့်အတွက် ဆိုင်းလော့ဒ်တစ်ယောက်ကတော့ သူ့ထက်ကိုပျော်မဆုံးမော်မဆုံးဖြစ်နေတော့လေသည်။
"ဘာဖြစ်နေတာလဲ အဲ့ဒါက!.."
သူခပ်စောင်းစောင်းကြည့်၍ ပြောမိတော့ ဆိုင်းလော့ဒ်ကမျက်ခုံးပင့်ပြပြီးမှ....
"သီချင်းဆိုနေတာလေ..."
"ဘာကိုသီချင်းဆိုတာလဲ...."
"သြော် ယောက္ခမကျေးဇူးကိုချီးမွမ်းတာလေ...."
"......"
"အနန္တမေတ္တာကျေးဇူးလွန်စွာကြီးမာသည်။တသက်လုံးစိတ်လက်ချမ်းသာအောင် အလုပ်ကျွေးပြုပါမည်..."
"......"
"လာ လာ့ လာ လာ့ လာ့ လာ့..."
"လာ လာ လာ့ လာ လာ....."
ခေါင်းတယမ်းယမ်း ခန္ဓာကိုယ်တလှုပ်လှုပ်ဖြင့် မျက်နှာပြောင်နေပါသော ဆိုင်းလော့ဒ်အားကြည့်၍ သူခေါင်းကိုခါယမ်းမိတော့သည်။
"ပေါတောတောနဲ့..."
"ဟာ!..."
သူမှတ်ချက်ပြုတော့ ဆိုင်းလော့ဒ်က ဟာကနဲအသံပြုသည်။
"ဟာမနေနဲ့ ကလေးကြိုတာနောက်ကျတော့မယ် မြန်မြန်သွားတော့..."
မျက်ခုံးတွန့်တွန့်ဖြင့် ပွစိပွစိပြောနေပါသော ရှင်းခန့်၏ပုံစံလေးကြောင့် သူအသဲတယားယားဖြင့်ပါးကိုလိမ်ဆွဲပစ်တော့ ရှင်းခန့်က လက်ကိုဖယ်ချသည်။
"ဘာလုပ်တာလဲ..."
ပိန်သွယ်သောပါးပြင်လေးကို ထိုသို့လိမ်ဆွဲတိုင်း ရှင်းခန့်မောင်က မျက်ခုံးတွန့်တွန့်ဖြင့် မကြိုက်ကြောင်းပြသည်။ပြီးလျှင် သူကဘယ်လောက်အသက်ကြီးကြောင်း သူ့ကိုကလေးလိုဆက်ဆံဖို့မလိုကြောင်း မပွင့်တပွင့်ပြောပေလိမ့်မည်။
"မင်းနော်!...."
ရှင်းခန့်ဆီမှ ဆူပူဖို့စကားစလာတုန်းရှိသေးသည် သူအသဲတယားယားဖြင့် စုပုံလုံးချွန်လာသော နှုတ်ခမ်းလေးအား ဖြတ်ကနဲဖိကပ်နမ်းရှိုက်ပစ်လိုက်၏။ထို့ကြောင့်ရှင်းခန့်၏ စကားသံတို့တိကနဲ တိတ်ကျကုန်ရလေသည်။
"ခင်ဗျားဖာသာ အသက်ဘယ်လောက်ကြီးကြီး မောင့်မျက်လုံးထဲမှာတော့ တီတီတာတာနဲ့ ကယုကယင်လုပ်ရမဲ့ကလေးလေးပဲ..."
"ဘာဆိုင်လဲ! ပါးကိုလာမဆွဲပါနဲ့ဆို!..."
"ခင်ဗျားက ဆွဲချင်စရာလေးဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ..."
"....."
ဆိုင်းလော့ဒ်၏ ပိုပိုကဲကဲစကားကြောင့် သူမျက်လုံးလည်ပြပြီးမှ....
"ကဲ! ကလေးသွားကြိုဖို့လုပ်ပါတော့..."
သူပြောတော့ ဆိုင်းလော့ဒ်က ခေါင်းခါယမ်းပြီးမှ ရှင်းခန့်၏ခါးလေးအား ရင်ခွင်ထဲသို့ဆွဲယူပွေ့ဖက်ပစ်ပြီး....
"ဘာကို ကလေးသွားကြိုရမှာလဲကွာ! အနူးနဲ့ပဲအိပ်ပါစေ..."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ရင်ခွင်ထဲသို့ ခေါင်းတိုးဝှေ့ချွဲနွဲ့၏။
"ခင်ဗျားအနား မကပ်ရတာဘယ်လောက်ကြာပြီလဲ..."
"....."
"တစ်ခါတလေလေး အလုပ်ပါးတုန်း ကိုယ့်ယောက်ျားလေးနဲ့ လွတ်လွတ်လပ်လပ်နေချင်တာပေါ့..."
ဟုတ်တော့လည်း ဟုတ်သည်။နှစ်ယောက်စလုံးက အလုပ်တာဝန် ကလေးတာဝန်တွေဖြင့် လွတ်လွတ်လပ်လပ်အချိန်ဖြုန်းရတယ်ဆိုတာက အခုနောက်ပိုင်း မရှိသလောက်ရှားပါးလာသည်။ဆိုင်းလော့ဒ်သူဌေး၏ ကျောက်မြတ်ရတနာအရောင်းပြခန်းကလည်း စဖွင့်နေပြီဖြစ်သည်။သူ့သူဌေးက အစစအရာရာ ဆိုင်းလော့ဒ်ကိုသာအလုံးစုံပုံအပ်ထားသည်။ဖွင့်ပွဲနေ့ကတောင် မရောက်လာခဲ့ပေ။ထိုပြခန်းကြီး၏ ကိစ္စအဝဝအားလုံးက ဆိုင်းလော့ဒ်၏ခေါင်းပေါ်၌သာ။သူအိမ်ပြန်ရောက်ချိန်ဆို ကိုယ်ကလည်းပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့ပြီ။မနက်ကျတော့ ကိုယ်ကဆိုင်အစောကြီးထသွားဖြင့် နှစ်ယောက်သားဟာ မျက်နှာချင်းဆိုင်ဖြစ်ချိန်တောင် မရှိတော့ပေ။
"ဘာကို ကိုယ့်ယောက်ျားလဲ..."
"ဟုတ်တာပဲ! ခင်ဗျားက မောင့်ယောက်ျားမဟုတ်ရင် ဘယ်သူ့ယောက်ျားလဲပြော..."
"ဘာမှ ယောက်ျားမဟုတ်ဘူး! ဒီအတိုင်းပဲ..."
သူပြောတော့ ရှင်းခန့်က ခပ်တည်တည်မျက်နှာထားလေးဖြင့်ပြောသည်။ဒါကို သူသတိပြုမိတာကြာပြီ။ယောက်ျားရယ် အိမ်ထောင်ဖက်ရယ်လို့ သုံးနှုန်းလိုက်တိုင်း ရှင်းခန့်၏ အမူအယာကတမျိုးလေးဖြစ်သွားတက်သည်။မကြိုက်တာမျိုးလည်းမဟုတ်ပဲ မကျေမလည်ဖြစ်နေတာမျိုး။ဘာကိုမကျေမလည် ဖြစ်နေမှန်းလည်း သူစဥ်းစားလို့မရပေ။
"ဒီအတိုင်းပဲဆိုတာက ဘာလဲ! မောင်က ခင်ဗျားအတွက် လက်တွဲဖော် အိမ်ထောင်ဖက်မဟုတ်ဘူးလား၊မောင့်ကိုအဲ့လိုမသတ်မှတ်ထားတာလား..."
"မသတ်မှတ်ထားတာတော့ မဟုတ်ပါဘူး၊ဒါပေမဲ့ ကိုယ်တို့ကလက်ထပ်ထားတာမှ မဟုတ်တာပဲ..."
"....."
ရှင်းခန့်က မျက်နှာခပ်လွှဲလွှဲဖြင့် မပွင့်တပွင့်လေးပြောသည်။ကြည့်စမ်း! ဒါကိုမကျေမလည်ဖြစ်နေခဲ့တာတဲ့လား။သူလည်းစဥ်းစားခဲ့ဖူးတာပဲ။ဒါပေမဲ့ ယောက်ျားနှစ်ယောက် လက်ထပ်ကြတယ်ဆိုတာမျိုးဟာ သူ့အတွက်တော့ နည်းနည်းထူးဆန်းနေသလိုမျိုး။ပြီးတော့ ရှင်းခန့်သည်လည်း ဒါကိုစိတ်ထဲမထားဘူးဟု ထင်ခဲ့မိသည်။နှစ်ယောက်အတူတူ နားလည်မှုရှိရှိဖြင့် အတူရှိနေခြင်းကသာ သူတို့အတွက် ကတိစကားများဟု သူထင်မှတ်ခဲ့မိတာဖြစ်လေသည်။
တကယ်တော့ သူအတွေးမှားသွားခဲ့ပုံရလေသည်...
ဆိုင်းလော့ဒ်သက်ပြင်းအားရှိုက်ပြီးတော့မှ....
"ဟုတ်ပြီး! အဲ့ဒါဆို မောင့်ကိုလက်ထပ်ချင်လား..."
သူပြောတော့ ရှင်းခန့်၏မျက်လုံးလေးတွေ စူးကနဲဖြစ်သွားပြီး
"ဟင်အင်း..."
အေးစက်စက်လေး ငြင်းဆိုလာသော ရှင်းခန့်၏စကားကြောင့် ဆိုင်းလော့ဒ်မျက်နှာပျက်သွားရသည်။ရှင်းခန့်က သိုင်းဖက်ထားပါသော ဆိုင်းလော့ဒ်၏လက်တို့အား ဖယ်ချပစ်ပြီးမှ...
"ကိုယ်က ဒီအတိုင်းပဲ အဆင်ပြေပါတယ်..."
"ဘာရယ်!..."
သူပြောတော့ ရှင်းခန့်က မျက်နှာသေဖြင့် ကြည့်လာခဲ့ပြီးမှ...
"ကိုယ့်စိတ်ဆန္ဒထက် မင်းစိတ်ဆန္ဒကိုပဲ အရင်သေချာအောင်ပြန်မေးလိုက်ပါလား..."
"....."
ပြောပြီးတာနှင့် ရှင်းခန့်ကနေရာမှ ချာကနဲလှည့်ထွက်သည်။သူ လက်မောင်းတစ်ဖက်အား အသဲအသန်ပြန်ဆွဲရခြင်းသို့ရောက်ပြီးမှ...
"မာနကလည်းမိုးထိုးနေတာပဲ ခင်ဗျားရယ်! စကားလေးတောင် အမှားမခံတော့ဘူး..."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ရှင်းခန့်၏ ပခုံးလေးအား မချင့်မရဲဆုပ်ကိုင်ဖျစ်ညှစ်ပြီးမှ...
"မောင်က လက်ထပ်ချင်တာပါ၊မောင့်ကို လက်ထပ်ခွင့်ပြုပါ ဟုတ်ပြီလား..."
"......"
"ခင်ဗျားကို လက်ထပ်ပါရစေနော်..."
ခေါင်းညိတ်ပြမိတာလား ခေါင်းငုံ့လိုက်မိတာလား မသေချာ။မဖြစ်မနေကြီး မျှော်လင့်နေခဲ့တဲ့ စကားမျိုးမဟုတ်ပေမဲ့လည်း တိတ်တခိုးလေးတော့ ကြားချင်နေခဲ့မိတာမဟုတ်လား။ဒီအမျိုးသားနဲ့ ဒီလိုမျိုးအတူရှိခွင့်ရနေခဲ့တာကို ပြီးပြည့်စုံနေခဲ့ပေမဲ့လည်း တစ်ခါတစ်ရံကျတော့ ဒီအမျိုးသားရဲ့ လက်မောင်းကိုဆွဲချိတ်ပြီး ဒါငါ့အပိုင်ရယ်လို့ လူပုံအလယ်မှာ ဝင့်ကြွားလိုမိပြန်သည်။တစ်ခါတစ်ရံကျတော့လည်း ဒီရင်ခွင်အရိပ်ထဲ ဘယ်သူမှမမြင်အောင် ပုန်းကွယ်ချင်နေမိသည်။
အချစ်ဟာ တစ်ခါတစ်ရံမှာ ပေးဆပ်လိုခြင်းမေတ္တာဖြင့်မျှတတ်သလို တစ်ခါရံကျတော့လည်း ပိုင်ဆိုင်လိုခြင်းလောဘတို့ဖြင့် နှောင်ဖွဲ့ချင်မိတာမျိုး....။
~~~~~~~
မင်္ဂလာဧည့်ခံပွဲဆိုပေမဲ့လည်း နှစ်ဖက်မိဘအသိုင်းအဝိုင်းရယ်နှင့် ရင်းနှီးသောမိတ်ဆွေအနည်းငယ်ဖြင့်သာ အေးအေးချမ်းချမ်း ကျင်းပဖြစ်သော အသိအမှတ်ပြုပွဲလေးသာဖြစ်သည်။ဘယ်ဟိုတယ် ဘယ်ခန်းမမှာမှမဟုတ်သလို ဘယ်လိုထုံးထမ်းအစဥ်လာမျှလည်း မပါဝင်ပေ။ဆိုင်းလော့ဒ်သူငယ်ချင်း၏ သစ်တောအိမ်restaurantလေး၏ သစ်တောလေးထဲ ရိုးရိုးရှင်းရှင်းသာ ကျင်းပဖြစ်တဲ့ပွဲလေးပဲဖြစ်လေသည်။အခမ်းအနားတစ်ခုလုံး အဖြူရောင်တွေချည်းသုံးထားပြီး ပန်းအစား ဝါကျင့်ကျင့်မီးလုံးလေးများဖြင့် အလှဆင်ထားလေသည်။အဖြူရောင်ပေါ်မှာ ငွေချည်ထိုး၍အလှဆင်ထားပါသော ဒီဇိုင်နာချုပ်သတို့သားဝတ်စုံဖြင့် ထိုအမျိုးသားကို ကြည့်နေမိရင်း သူ့၏ရင်ခုန်သံတွေဟာ တမူထူးခြားစွာ တသိမ့်သိမ့်ခုန်လှုပ်၍ နေခဲ့လေသည်။
"Congratulation ကိုရှင်း!..."
"နေးလ်!"
အပြုံးမြမြမျက်နှာထားဖြင့်နေးလ်က အနောက်တိုင်းဝတ်စုံဖြင့် သပ်ရပ်ခန့်ညားလို့နေသည်။နံဘေးရှိအတူပါလာသည့်လူကတော့ မျက်ခုံးတို့တွန့်ကုပ်နေခဲ့ကာ တစ်စုံတစ်ခုကို အလိုမကျဖြစ်နေသည့်ပုံပင်။
"အချိန်ပေးပြီး လာပေးတာကျေးဇူးပါနော် နေးလ်"
"အကို့ပွဲပဲဗျာ လာရမှာပေါ့၊ဒီအတိုင်း အကြာကြီးမရှိပေးနိုင်တာပဲ စိတ်မကောင်းဖြစ်ရတာ..."
"ရပါတယ်ကွာ! လာပေးတာနဲ့တင်ပဲ ကျေနပ်ပါပြီ၊မင်းက အလုပ်အားတဲ့လူမှမဟုတ်တာ..."
"အကို့ပွဲအတွက် အလုပ်ကိစ္စတွေတောင် အကုန်ဖျက်ထားတာဗျ၊အစက အေးဆေးနေပြီးမှပြန်မလို့၊ဒီမှာသူက ခေါင်းမူးလာလို့တဲ့လေ..."
နေးလ်ကနံဘေးရှိလူအား ငဲ့ပြရင်းဖြင့်ပြောသည်။
"ဒါက မှိုင်းဇနတဲ့ အကို့ကိုဟိုတစ်ခါ ပစ္စည်းလာအပ်
တာသူ့အတွက်လေ..."
"သြော်!..."
"မှိုင်း ဒါကိုပြောပြနေတဲ့ ကိုရှင်းခန့်လေ..."
နေးလ်ကမိတ်ဆက်ပေးတာမို့ သူအလိုက်သင့်ပြုံးပြရင်း
"တွေ့ရတာဝမ်းသာပါတယ်..."
မှိုင်းဇနကတော့ မှုန်တေတေဖြင့်သာ ခေါင်းတချက်ဆတ်ပြရင်းဖြင့်
"သွားရအောင်လေ!..."
နေးလ်အား မပွင့်တပွင့်လှည့်ပြောသည်။မှိုင်းဇန၏ အပြုအမူကြောင့် နေးလ်မျက်နှာပျက်သွားရပေမဲ့ ခဏပဲဖြစ်ပြီး ချက်ချင်းပြန်ဖုံးကွယ်ပစ်ကာ...
"သွားတော့မယ်နော် အကို! သူတော်တော်မူးနေလို့ စိတ်မရှိပါနဲ့..."
"အာ မဟုတ်တာ အိုခေ အိုခေ ဆီးယူနော်..."
"ဆီးယူ အကို..."
နေးလ်က သူ့အားခပ်လောလော နှုတ်ဆက်ရင်းဖြင့် နေရာမှအရင်ထွက်သွားသော မှိုင်းဇန၏ခြေလှမ်းတို့အား အမှီလိုက်သွားတော့လေသည်။ဒီမော်ဒယ်နှင့်နေးလ်၏သတင်းက ကိုယ်တိုင်လည်း တစ်စွန်းတစသိထားရတာမို့ ရှင်းခန့် အခြေအနေကို အလိုအလျောက်ပဲ လိုက်ကြည့်နေမိလျှက်သား ဖြစ်နေရသည်။အခုခဏလေးတွေ့လိုက်ရယုံဖြင့် ထိုကောင်လေးအပေါ် နေးလ်၏သဘောထားဟာ အဘယ်မျှလိုက်လျောလွန်းနေလဲ မြင်လိုက်ရ၏။ထိုကောင်လေးကတော့ စိတ်ရှုပ်ထွေး အလိုမကျမှုအပြည့်ဖြင့်သာ။
"ဘာတွေလိုက်ကြည့်နေတာလဲ..."
"ဟင်!..."
နေးလ်တို့အတွဲအား လိုက်ငေးနေမိရင်း ဆိုင်းလော့ဒ်ဆီမှအသံကြားတော့မှ သူသတိဝင်လေသည်။ဆိုင်းလော့ဒ်က သူ့၏နဖူးပြင်မှ ချွေးစတို့အားတို့သုတ်ပေးရင်းဖြင့်
"ပင်ပန်းနေပြီလား..."
သူပြောတော့ ရှင်းခန့်၏မျက်နှာလေး ရှုံ့မဲ့သွားပြီး...
"လူတကာကို သွားဖြဲပြနေရတာ ပါးတွေတောင့်နေပြီ..."
ရှင်းခန့်၏စကားကြောင့် သူခပ်ဟဟရယ်မိပြီးမှ...
"ညကျမှ မောင်သေချာပြုစုပေးမယ်နော်..."
ဆိုင်းလော့ဒ်၏ စပ်ဖြဲဖြဲရုပ်နှင့် ဘာလိုလိုစကားကြောင့် သူမျက်လုံးပြူးပြရခြင်းသို့ရောက်လေတော့သည်။
"သားရှင်း! ဟိုဖက်မှာ အန်တီမာတို့ကို လာနှုတ်ဆက်ဦး လာ!.."
မေချိုက ခပ်သုတ်သုတ်ရောက်လာရင်း ရှင်းခန့်အား ဆွဲခေါ်သွားပြန်တာမို့ သူ့တစ်ယောက်တည်း နေရာ၌ရပ်ကျန်ခဲ့ရခြင်းသို့ရောက်လေတော့သည်။
"နွားပြာကြီးအောက်သွားမရှိဆိုတာ ဒါမျိုးထင်တယ်နော်..."
ဝသုန်က ဝိုင်ခွက်အားခပ်လှုပ်လှုပ်ကိုင်ရင်းဖြင့် စပ်ဖြဲဖြဲမျက်နှာဖြင့် အနားသို့ရောက်လာလေသည်။
"သွားလေးသိမ်းပြီး အိန္ဒြေလေးဆည်ပါဦးလားကွာ လင်ရတာ မတရားပျော်နေတာ မြင်လို့တောင်မကောင်းဘူး..."
ဝသုန်က အကွက်ဝင်ပြီမို့ အပြီအပြင်ဖဲ့သည်။သူ ဝသုန်အား လက်ခလယ်ခိုးထောင်ပြရင်းဖြင့်...
"မကောင်းရင်မကြည့်နဲ့လေ ဘယ်သူမှမကြည်ခိုင်းဘူး..."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ရှင်းခန့်ဆီမှ တချက်မှအကြည့်တို့မရွေ့....
"နွား! တော်တော်ဖြစ်နေတယ် ဟက်လား..."
"အေး ဖြစ်နေတယ် ဘာဖြစ်လဲ!..."
"အေးပါကွာ! ချစ်စခင်စကြင်နာစဆိုတော့ ဒီလိုပဲပေါ့၊နောက်ကျမှ..."
"အစလည်းဒီလိုပဲ အဆုံးလည်းဒီလိုပဲ..."
"မင့်မေလခွမ်း!..."
ဝသုန်ပြောမနိုင်တော့ ဆဲဆိုခြင်းဖြင့်အဆုံးသတ်လေတော့သည်။သူကတော့ ဧည့်သည်တွေကြားရှိနေသည့် အဖြူရောင်အရိပ်လေးဆီမှ အာရုံတို့ကို မလွှဲဖယ်နိုင်ချေ။ ဒီအတိုင်းအတူတူရှိနေခဲ့တုန်းကလို ခံစားချက်မျိုးလည်းမဟုတ်။အချစ်တွေထပ်တူကျခဲ့တုန်းကလို ပျော်ရွှင်မှုမျိုးလည်းမဟုတ်။ဒီအမျိုးသားဟာ သူ့အပိုင်ပါလို့ တလောကလုံးကြေငြာခွင့်ရလိုက်ပြီဆိုတဲ့ အသိဟာ သူ့တစ်ကိုယ်လုံးကို လေပေါ်မှာလွင့်၍နေစေသည်။ခုနကလေးတင် လဲလှယ်ခဲ့ကြသော လက်သူကြွယ်ရှိ လက်ထပ်လက်စွပ်ကို ခပ်ဖွဖွပွတ်သပ်ပြီး နှုတ်ခမ်းပါးတို့ အလိုအလျောက်ကော့ညွှတ်လို့လာလေသည်။ဧည့်သည်တချို့အား လက်ဆွဲနှုတ်ဆက်ရင်း ပြုံးပျော်နေတဲ့ ရှင်းခန့်မောင်၏ အပြုံးတွေဟာ ဒီညမှာတော့ သူမြင်ဖူးသမျှထဲ အတောက်ပဆုံးနှင့် အလှပဆုံးသာဖြစ်သည်။
သူလက်ထပ်ခဲ့ဖူးပေမဲ့ ဒီလိုမျိုး ကြည်နူးလှိုက်ခါမှုမျိုးကိုတော့ မခံစားခဲ့ရဖူးပေ။ထိုအမျိုးသားကို ကြည့်နေရယုံဖြင့် သူ့ရင်ဟာ ကြည်နူးလှိုက်ဖြာခြင်းတို့ တသိမ့်သိမ့် တငြိမ့်ငြိမ့်ဖြစ်၏။သူ့ဆီသို့ တရွေ့ရွေ့လျှောက်လှမ်းလာပါသော ထိုအမျိုးသားအား လက်ကမ်းကြိုရင်း ကမ္ဘာလောကကြီးတစ်ခုလုံးကို အပိုင်ရလိုက်သလို ခံစားနေရသည်။မျက်ဝန်းချင်းဆုံမိတော့ တွဲလက်တို့ဟာ ပို၍တင်းကျပ်ခိုင်မြဲခဲ့သည်။ထိုအမျိုးသား၏ အပြုံးတွေထဲ သူ့၏အနာဂတ်နေ့ရက်တို့ဟာ တောက်ပလက်ဖြာနေခဲ့လေတော့သည်။တစ်ယောက်ကိုတစ်ယောက် တရားဝင်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဒီညဟာ သူ့ဘဝအတွက် အလှပဆုံးနှင့်အမှတ်ရဆုံး မှတ်ဉာဏ်အဖြစ် ဖြစ်တည်တော့မည်ဖြစ်လေသည်။
!I remember what you wore on the first day..!
!you come into my life and i thought hey!
!you know!this could be something..!
ပထမဆုံးစတွေ့တုန်းက မင်းဘာဝတ်ထားလဲ ကိုယ်မှတ်မိနေတုန်းပဲ။ပြီးတော့ ကိုယ့်ဘဝထဲကို မင်းဝင်ရောက်လာခဲ့တယ်။သိပ်ထူးဆန်းတာပဲလို့ ကိုယ်တွေးမိတာ မင်းသိရဲ့လား။
!cause everything you do and words you say!
!you know that it all takes my breath away!
!and now i'm left with nothing!
ဘာလို့လဲဆိုတော့ မင်းပြောသမျှ လုပ်သမျှ အရာတိုင်းဟာ ကိုယ့်ကိုအသက်ရှုရပ်မတက်ဖြစ်စေခဲ့လို့ပဲ။အခုတော့ ကိုယ့်ရင်ထဲ ဟာတာတာနဲ့။
!so may be is true that l can't live without you!
ကိုယ်တော့ မင်းမရှိပဲအသက်မရှင်နိုင်တော့ဘူးဖြစ်မယ်။
!and may be two is better than one!
နှစ်ယောက်အတူရှိရခြင်းဟာ တစ်ယောက်တည်းရှိရတာထက် ပိုကောင်းတယ်ဆိုတာ ဖြစ်နိုင်တယ်။
!but there's so much time to figure out the rest of my life!
!and you have already got me coming undone!
ကျန်နေတဲ့ကိုယ့်ဘဝအချိန်တွေကို ဘယ်လိုဖြတ်သန်းရမလဲ စဥ်းစားကြည့်ဖူးတယ်။ပြီးတော့ မင်းကကိုယ့်ကို သိမ်းပိုက်ထားပြီးသားဖြစ်နေခဲ့တယ်။
!and i thinking two is better than one!
အခုတော့ နှစ်ယောက်အတူရှိရခြင်းဟာ တစ်ယောက်တည်းရှိရတာထက် ပိုကောင်းတယ်လို့ ကိုယ်တွေးနေမိပြီလေ...!
song name-two is better than one(boys like girls)
~The end~
အတူရှိပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီအား အထူးကျေးဇူးတင်လျှက်
LahPhan