Super God Gene (531)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၁)
-------- --------- --------
------- --------
ဆဲလ်ပြောင်းကောင်ဖြစ်လာတဲ့
ရွှေမာန်ဖီကောင်ဟာ ဒုတိယနတ်ဘုရားကမ္ဘာက ထွတ်မြတ်သွေးစီးစရာယာဉ်တွေထက်မညံ့ပါ။ ဒါ့အပြင် သူဟာ ခန္ဓာကိုယ်နဲ့မလိုက်အောင် မြန်ဆန်တယ်။ သူ့ခြေတလှမ်းဟာ ပေသုံးရာကျော်တယ်။ မြန်ပါတယ်ဆိုတဲ့ ငွေရောင်ဆံပင်နဲ့ ဝိညာဉ်မိန်းကလေးတောင် သူ့ကို မှီအောင် မလိုက်နိုင်ခဲ့ပါ။
သားရဲအများစုဟာ
ရွှေမာန်ဖီကောင်ရှေ့မှာ ပုရွက်ဆိတ်ကလေးတွေဖြစ်သွားတယ်။
ဒါတောင်မှ သားရဲများစွာဟာ
ရွှေမာန်ဖီကောင်ကို ကိုယ်လုံးနဲ့ ဝင်တိုက်ကြတယ်။ သွားနဲ့ ဝင်ကိုက်ကြတယ်။ မကြာမီ ရွှေမာန်ဖီကောင်ဟာ သွေးတွေ ပန်းထွက်လာပြီး နာကျင်စွာ ဆက်ပြေးနေတယ်။
ဟန်ဆန်းဟာ
သူ့ကို ကိုယ်လုံးနဲ့ ဝင်တိုက်တဲ့ သားရဲတွေကို ရွှေမာန်ဖီကောင်ရဲ့ ကျောပေါ်ကနေ နိုင်သလောက် သတ်ခဲ့တယ်။ ငှက်တွေနဲ့ ပျံသန်းနိုင်တဲ့ သားရဲတွေကလည်း ဟန်ဆန်းကို ကောင်းကင်ကနေ ခုန်အုပ်ကြတယ်။ သွေးသံရဲရဲနဲ့ သားရဲအသေကောင်တွေကို နေရာအနှံ့မှာ တွေ့ရပါတယ်။
ဟန်ဆန်းဟာ
ခေါင်းကို ရုတ်တရက် အဆောင့်ခံလိုက်ရတယ်။ ခေါင်းနှစ်လုံးငွေငှက်က နှုတ်သီးနဲ့ ပေါက်လိုက်တာပါ။ ခေါင်းဆောင်းကွဲမသွားသော်လည်း ဟန်ဆန်းဟာ ခေါင်းကွဲလုနီးပါး နာကျင်သွားပြီး ရွှေမာန်ဖီကောင်ရဲ့ ကျောပေါ်ကနေ ပြုတ်ကျမလို ဖြစ်သွားတယ်။
ရွှေမာန်ဖီကောင်ဟာ
သူ့ကျောပေါ်မှာ သားရဲဘယ်နှကောင်ရှိတယ်ဆိုတာကို နတ်ဘုရားတွေကို သိစေချင်ခဲ့တယ်။ ရွှေမာန်ဖီကောင် တကိုယ်လုံး သွေးတွေနဲ့ ရွှဲရွှဲစိုနေတယ်။ အော်...၊ ပထမနတ်ဘုရားကမ္ဘာက သားရဲဘုရင်ရဲ့ ဖြစ်အင်...၊ နတ်ဘုရားတွေကို လာကြည့်စေချင်ပါတယ်...။
ရွှေမာန်ဖီကောင်ဟာ
ရုတ်တရက် ဒေါသတကြီး ထခုန်လိုက်ရာ တောင်ကုန်းကြီးတကုန်းလို မြောက်တက်သွားတယ်။ ပြန်ကျလာတဲ့အခါ အဆောက်အအုံများစွာ ကျိုးပဲ့ပျက်စီးသွားတယ်။ ငလျင်လှုပ်သွားသလားလို့ ထင်မှတ်မှားရတယ်။ သားရဲများစွာဟာ ရွှေမာန်ဖီကောင်ပိပြီး သေဆုံးသွားကြတယ်။ သားရဲအများစုကတော့ သူ့ကိုယ်ပေါ်မှ ပြုတ်ကျသွားတယ်။
ဟန်ဆန်းဟာ
ရွှေမာန်ဖီကောင်ရဲ့ ရွှေရောင်အမွေးတချို့ကို ကမန်းကတန်း ဖမ်းဆွဲထားလိုက်ရတယ်။ သူဟာ ကံကောင်းလို့ ပြုတ်မကျလိုက်ပါ။
ရွှေမာန်ဖီကောင်ဟာ
ကုန်းရုန်းထပြီး ရဲတိုက်ရဲ့ ပင်မတံခါးသို့ ကပျာကယာ ပြေးသွားခဲ့တယ်။ သားရဲအုပ်ကြီးဟာ သူတို့ဆီသို့ ပြေးဝင်လာပြန်တယ်။
"ပြေး...''
"ပြေး...''
"ပြေး...''
ဟန်ဆန်းဟာ
ရွှေမန်ဖီကောင်ကို အတင်းပြေးခိုင်းခဲ့တယ်။ အခုလိုမျိုး ချောင်ပိတ်ပြီး အမဲလိုက်ခံရတာ သူ့ဘဝမှာ ပထမဆုံးအကြိမ်ပါ။ သားရဲဘယ်နှကောင်ကို သူ သတ်ပြီးပြီလဲ။ သူ မသိတော့ပါ။ သတ်ရလွန်းလို့ လက်အံတွေလည်း သေနေပါပြီ။ ဒါပေမဲ့ သားရဲတွေဟာ သူ့ဆီကို ဝင်လာမစဲ တသဲသဲပါ။
ပင်မတံခါးဝကို ရောက်ဖို့ တမိုင်အလိုမှာ၊ ရွှေမာန်ဖီကောင် ဟာ လဲကျသွားခဲ့တယ်။ လဲကျတဲ့ အရှိန်ကြောင့် မြေကြီးတွေတောင် ကွဲအက်သွားတယ်။
ရွှေမာန်ဖီကောင်ဟာ
သွေးတွေနဲ့ ရွှဲရွှဲစိုနေတယ်။ တကိုယ်လုံးမှာလည်း ဒဏ်ရာတွေအပြည့်။ လက်ဖဝါးတဖက်ဆို အရိုးပေါ်နေပြီ။ ရွှေမာန်ဖီကောင်ရဲ့ ခံနိုင်ရည်ဟာ မယုံနိုင်စရာကောင်းပါတယ်။
ဟန်ဆန်းဟာ
ရွှေမာန်ဖီကောင်ကို ရုပ်သိမ်းပြီး အိပ်မက်နတ်ဆိုးရဲ့ အတောင်ပံကို ဆင့်ခေါ်ကာ ရဲတိုက်အပြင်ဘက်သို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံပြေးခဲ့တယ်။
ဒါပေမဲ့ ငှက်တွေနဲ့ ပျံသန်းနိုင်တဲ့ သားရဲတွေဟာ ဟန်ဆန်းအနီးသို့ ချက်ချင်း ရောက်လာတယ်။ အဲ့ဒီအထဲမှာ အဆိုးဆုံးက ကျွဲပျံကြီးပါ။ ကျွဲပျံကြီးဟာ ကောင်းကင်မှ ဒိုင်ဗင်ထိုး,ပျံဆင်းလာပြီး ဟန်ဆန်းကို လှံနဲ့ တူတဲ့ ချိုနှစ်ချောင်းနဲ့ ဝှေ့လိုက်တယ်။
ဟန်ဆန်းဟာ
ရွှေမန်ဖီကောင်ရဲ့ အကာအကွယ်မဲ့သွားသော်လည်း ဘယ်သားရဲကမှ သူ့ကို မတားနိုင်ခဲ့ပါ။ ကျွဲပျံကြီးအပြင် ခေါင်းနှစ်လုံးငွေငှက်ကလည်း သူ့နောက်ကို ထက်ကြပ်မကွာ လိုက်လာတယ်။ ဟန်ဆန်းဟာ အံကြိတ်ပြီး ကျွဲပျံကြီးကို ခုန်အုပ်လိုက်တယ်။
အနက်ရောင်နဲ့ သွေးနီရောင်
လေထဲမှာ တိုက်မိတော့မယောင်။ ခေါင်းနဲ့ ကျွဲချိုတို့ တိုက်မိခါနီးမှာ ဟန်ဆန်းဟာ ရုတ်တရက် အတောင်ပံတွေကို ရုတ်သိမ်းပြီး နောက်ပြန်လှန်ကာ ကျွဲပျံကြီးရဲ့ ခေါင်းကို ခြေထောက်နှစ်ချောင်းနဲ့ ညှပ်ဖမ်းပြီး ကျွဲပျံကြီးရဲ့ ဗိုက်ကို ခရမ်းရောင်လက်သည်းသုံးချောင်းနဲ့ ထိုးစိုက်လိုက်တယ်။ ခရမ်းရောင်လက်သည်းတွေဟာ အနက်ရောင်ကျွဲပျံကြီးရဲ့ ဗိုက်ထဲကို တဆုံးထိ နစ်ဝင်သွားတယ်။ ဟန်ဆန်းဟာ လက်သည်းတွေကို ခက်ခက်ခဲခဲ ပြန်နှုတ်ခဲ့ရတယ်။ နှုတ်ပြီးချိန်မှာတော့ သွေးတွေဟာ ဒလဟော ပန်းထွက်လာတယ်။ ကျွဲပျံကြီးဟာ အသံကုန်အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတယ်။
"ဘုံး...''
လေထဲကနေ ပြန်ကျလာတဲ့
ဟန်ဆန်းဟာ ကျွဲနက်ကြီးရဲ့ ကျောပေါ်မှာ ခေတ္တခဏ မတ်တတ်ရပ်လိုက်တယ်။ ပြီးနောက် ရဲတိုက်ထဲမှ တဟုန်ထိုး ပျံထွက်သွားခဲ့တယ်။ ထိုစဉ် ဟန်ဆန်းဟာ ကြားနေကျအသံကို ကြားလိုက်ရတယ်။
-------- --------- -------- ------- --------
"ထွတ်မြတ်သွေးသားရဲ ကျွဲပျံကြီးကို သတ်ပြီး...။ သားရဲဝိညာဉ်ကို ရရှိ...။ အသားကို စားပြီး သုညလား...၊ တဆယ်လား...၊ ဘယ်နှမှတ်ရမလဲ...၊ ကံစမ်းပါ...။''
-------- --------- -------- ------- --------
ဒါပေမဲ့ ဟန်ဆန်းမှာ
အဲ့ဒါကို ဂရုစိုက်နေဖို့ အချိန်မရှိပါ။ သူဟာ ပျံသန်းနိုင်တဲ့ သားရဲတွေကြားမှာ သွေးလိပ်ပြာတကောင်လို လှပစွာ လိမ်ခေါက်ပျံသန်းရင်း တော်ဝင်ဝိညာဉ်ရဲတိုက်ထဲမှ နောက်ဆုံးမှာ ထွက်လာနိုင်ခဲ့တယ်။
-------- --------- -------- ------- --------
ရဲတိုက်ထဲမှ
ပျံသန်းလွတ်မြောက်သွားတဲ့ ဟန်ဆန်းကို ကြည့်ရင်း ငွေရောင်ဆံပင်နဲ့ ဝိညာဉ်မိန်းကလေးဟာ အံတကြိတ်ကြိတ်နဲ့ ဒေါသတွေ အလိပ်အလိပ်ထွက်နေတယ်။ ဒါပေမဲ့ သူမဟာ ဘာမှ မတတ်နိုင်တော့ပါ။
ဒီလို ဘေးကျပ်နံကျပ် အခြေအနေမျိုးမှာတောင်၊ ရွှေလူသားဟာ ဝိညာဉ်ရဲတိုက်ထဲမှ ဖောက်ထွက်သွားနိုင်ခဲ့တယ်။ သူမဟာ ထိုလူရဲ့ ထွက်ပြေးလွတ်မြောက်မှုကို အသိအမှတ်ပြုရုံမှတပါး အခြားမရှိတော့ပါ။
-------- --------- -------- ------- --------
ရဲတိုက်အပြင်ဘက်မှာ
လူတွေရော သားရဲတွေပါ မရှိတော့ပါ။ ငွေပိုးကောင်တွေလည်း မြေကြီးထဲကို ပြန်ဝင်သွားခဲ့ပြီ။ ဟန်ဆန်းရဲ့ အိပ်မက်နတ်ဆိုးအတောင်ပံဟာ အလွန်မြန်ပါတယ်။ သူဟာ မကြာမီ သူဟာ ငွေရောင်ဆံပင်နဲ့ ဝိညာဉ်မိန်းကလေးရဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားပါတယ်။
-------- --------- -------- ------- --------
ကျောက်သလင်းရွက်လှေသို့
ပြန်ရောက်တဲ့အခါ ဟန်ဆန်းဟာ ဒဏ်ရာတွေကို ကုသရင်း သူကြုံခဲ့ရတဲ့ အမြွာဝိညာဉ်အကြောင်း ပြန်ပြောင်းတွေးနေမိတယ်။
ဟန်ဆန်းဟာ
ဖြစ်ပျက်ခဲ့သမျှအတွက် နောင်တမရခဲ့ပါ။ ဒီအချိန်မှာ သူစဉ်းစားနေတာ အမြွာဝိညာဉ် မိန်းကလေးနှစ်ယောက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုပါ။
သူဟာ ထိုအမြွာကို အမှန်အကန် လိုချင်ပါတယ်။ ထိုအမြွာဟာ ရှားရှားပါးပါး တော်ဝင်ဝိညာဉ်တွေပါ။ နောက်ပြီး သူတို့ဟာ ကြောက်စရာလည်း အလွန်ကောင်းပါတယ်။ သူတို့ရဲ့ ခွန်အားနဲ့ အလှပါ ပေါင်းလိုက်ရင် အမြွာဝိညာဉ်နှစ်ဖော်ဟာ နတ်ဘုရားပေးတဲ့ လက်ဆောင်မွန်တွေပါ။
"ဒီအမြွာကို ငါရရမယ်...။''
ဟန်ဆန်းဟာ မကျေမချမ်း တွေးလိုက်တယ်။ လာဘမသတ်နိုင်တဲ့ ဟန်ဆန်းဟာ ဝိညာဉ်အမြွာကို အရယူဖို့ သန္နိဋ္ဌာန်ချလိုက်တယ်။ ဘယ်လောက်ပင် ခက်ခဲပါစေ၊ သူဟာ မရရအောင် ကြိုးစားမှာပါ။
"ဒီအမြွာကို ရဖို့ သူတို့ကို အရင် အနိုင်ယူရမယ်...။ ပြီးမှ ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ယူရမယ်...။ ဒါဆို ထွတ်မြတ်သွေးသားရဲတွေကို ကြောက်စရာမလိုတော့ဘူး...။ နောက်ပြီး ဒီကောင်တွေက အသိဉာဏ်မရှိဘူး...။ သူတို့ကို ရင်ဆိုင်ရတာမခက်ဘူး...။ ခက်တာက အမြွာတွေပဲ...။ အမြွာတွေက ဉာဏ်ကောင်းတယ်...။ ဓားသိုင်းတော်တယ်...။ သူတို့ကို မနိုင်ရင် ဝိညာဉ်ကျောက်တုံးကို ယူလို့ရမှာမဟုတ်ဘူး...''
ဟန်ဆန်းဟာ
သူတို့ရဲ့ ဓားသိုင်းအကြောင်း ပြန်ပြောင်းတွေးမိခဲ့တယ်။
ဟန်ဆန်းဟာ
အမြွာညီအမရဲ့ ဓားချက်တွေကြောင့် ဒဏ်ရာပေါင်း တရာကျော် နှစ်ရာနီးပါး ရခဲ့တယ်။ ဒါပေမဲ့ အမြွာတွေနဲ့ တိုက်ခိုက်ရာမှ ဓားပညာနဲ့ပတ်သက်တဲ့ ဉာဏ်အလင်းတွေရခဲ့တယ်။ အထူးသဖြင့် ငွေရောင်ဆံပင်နဲ့ ဝိညာဉ်မိန်းကလေးနဲ့ တိုက်ခိုက်တာမှ ပညာပိုရခဲ့ပါတယ်။
"ငါ့ကို အချိန်နည်းနည်းပေးပါ...။ အဖြေတခုတော့ သေချာပေါက် ရှိရမယ်...။''
ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ အမြွာတွေရဲ့ ဓားသိုင်းဟာ
ထူးဆန်းပြီး မြန်လွန်းတယ်။ နှစ်ယောက်ပေါင်းတိုက်တဲ့အခါ သူဟာ ဟာကွက်ပင် ရှာမတွေ့ခဲ့ပါ။ ဒါပေမဲ့ အမြွာတွေရဲ့ ဓားသိုင်း...၊ ဘယ်လောက်ပဲ ကောင်းပါစေ...၊ ဖွဲ့စည်းပုံတော့ ရှိမှာပါ။ ဖွဲ့စည်းပုံရှိရင် အဖြေလည်းရှိမှာပါ။ အဲ့ဒီအဖြေကို ရှာနိုင်လိမ့်မယ်လို့ ဟန်ဆန်းယုံကြည်ပါတယ်။
"နေနှင့်ဦးပေါ့ကွာ...။ မင်းတို့အမြွာညီအမတွေ ငါ့လက်အောက်ကို ရောက်လာမှာပါ...။''
ဝိညာဉ်ဒိုင်းရူးကို
စတေးခဲ့ရသော်လည်း သူဟာ ရဲတိုက်ထဲမှာ သားရဲများစွာကို သတ်နိုင်ခဲ့တယ်။ ရှေးဦးသားရဲဝိညာဉ်များစွာနဲ့ သန္ဓေပြောင်းသားရဲဝိညာဉ်တကောင်ရခဲ့တယ်။ ဒါ့အပြင် ကျွဲပျံကြီးရဲ့ ထွတ်မြတ်သွေးသားရဲဝိညာဉ်ကိုလည်း ရခဲ့တယ်။ အဲ့ဒါကြောင့် ဟန်ဆန်းဟာ အများကြီး ဆုံးရှုံးခဲ့တယ်လို့ မခံစားခဲ့ရပါ။
-------- --------- -------- ------- --------
-------- --------- -------- ------- --------
Super God Gene (532)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၂)
-------- --------- --------
------- --------
ဟန်ဆန်းဟာ
သားရဲဝိညာဉ်အသစ်ကို မဆိုင်းမတွ စစ်ကြည့်လိုက်တယ်။
-------- --------- -------- ------- --------
ထွတ်မြတ်သွေးကျွဲပျံကြီးရဲ့ သားရဲဝိညာဉ်အမျိုးအစား => အသွင်ပြောင်းသားရဲဝိညာဉ်
-------- --------- -------- ------- --------
ကျွဲပျံကြီးရဲ့ သားရဲဝိညာဉ်ဟာ အသွင်ပြောင်းသားရဲဝိညာဉ်ဖြစ်လိမ့်မယ်လို့ ဟန်ဆန်း,မထင်ခဲ့ပါ။ အသွင်ပြောင်းသားရဲဝိညာဉ်တွေဟာ တိုက်ပွဲတွေမှာ အလွန်အသုံးဝင်တယ်။
ဟန်ဆန်းဟာ
အသွင်ပြောင်းသားရဲဝိညာဉ်ကို စိတ်မဝင်စားသော်လည်း ကျွဲပျံကြီးရဲ့ ပျံသန်းနိုင်ခြင်းကိုတော့ စိတ်ဝင်စားပါတယ်။ ပျံသန်းနိုင်တဲ့ သားရဲဝိညာဉ်မျိုးဟာ ရောင်းစားရင် ဈေးကောင်းရပါတယ်။ ကျွဲပျံကြီးကိုအနက်ရောင်ပုံဆောင်ခဲကျွေးပြီး ဆဲလ်ပြောင်းကောင်အဆင့်သို့ မြှင့်လိုက်ရင် ဈေးနှုန်းဟာလည်း ခေါင်ခိုက်သွားပါမယ်။
နောက်ထပ်သူရခဲ့တဲ့
သားရဲဝိညာဉ်က သန္ဓေပြောင်းဒိုင်းတခုပါ။ သူဟာ အဲ့ဒီလိုသားရဲဝိညာဉ်မျိုးကို စိတ်မဝင်စားပါ။ အဲ့ဒါကြောင့် အဲ့ဒီသားရဲဝိညာဉ်ကို အရောင်းစာရင်းထဲပဲ ထည်းထားလိုက်တယ်။
ဟန်ဆန်းဟာ
အမြွာဝိညာဉ်ညီအမကို လူတူသားရဲဝိညာဉ်သုံးပြီး တိုက်ခိုက်ရင် အနိုင်ရနိုင်တယ်လို့ တွေးမိတယ်။ ကျွဲပျံကြီးဟာ လူတူသားရဲဝိညာဉ်ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တဆက်တည်း တွေးမိပါတယ်။
ဟန်ဆန်းမှာ
နတ်သမီးဘုရင်မသားရဲဝိညာဉ်ရှိသော်လည်း သူမမှာ အားနည်းချက်တွေရှိတယ်။ အဓိက အားနည်းချက်က သူမရဲ့ ချပ်ဝတ်တန်ဆာပါ။ အဲ့ဒီချပ်ဝတ်တန်ဆာဟာ ဒုတိယနတ်ဘုရားကမ္ဘာမှာ အသုံးမတည့်တော့တာကြောင့် ခုခံရေးအပိုင်းမှာ အားနည်းသွားပါတယ်။
ဟန်ဆန်းမှာ
အခြေအနေတခုလုံးအတွက် အဖြေမရှိသေးပါ။ ဒဏ်ရာတွေဟာ မပြင်းထန်သော်လည်း ပျောက်အောင်တော့ အချိန်ယူရပါမယ်။ အဲ့ဒီအချိန်မှာ အမြွာဝိညာဉ်ညီအမကို အနိုင်ယူနိုင်မယ့် နည်းလမ်းကို စဉ်းစားရပါမယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
မဟာမိတ်သို့ မပြန်ခင် လီရှင်းလွင်ကို ဝင်တွေ့ပြီး လူတူသားရဲဝိညာဉ်ဝယ်ချင်တဲ့အကြောင်းပြောကာ ရောင်းမယ့်လူ,ရှာပေးဖို့ အကူအညီတောင်းခဲ့တယ်။
"လူတူသားရဲဝိညာဉ်...၊ ဟုတ်လား...။ အဲ့ဒီသားရဲဝိညာဉ်မျိုးက ရေခဲလွင်ပြင်ဒေသမှာ အရမ်းရှားတယ်...။ ရှိရင်တောင် ရောင်းကြမှာ မဟုတ်ဘူး...။''
လီရှင်းလွင်က ပြောလိုက်တယ်။
"လဲမယ်ဆိုလည်းဖြစ်တယ်...။ ထွတ်မြတ်သွေးအသွင်ပြောင်းသားရဲဝိညာဉ်နဲ့လဲမယ်...။ အဲ့ဒီသားရဲဝိညာဉ်က အသွင်ပြောင်းသက်သက်မဟုတ်ဘူး...။ ပျံသန်းလို့လည်းရတယ်...။ လူတူသားရဲ မဟုတ်တာတခုတည်း...။ နောက်ပြီး အဲ့ဒီသားရဲ ဝိညာဉ်က ဆဲလ်ပြောင်းကောင်...။''
ဟန်ဆန်းက ရှင်းပြလိုက်တယ်။
"ထွတ်မြတ်သွေး...! အသွင်ပြောင်းသားရဲဝိညာဉ်...! ဆဲလ်ပြောင်းကောင်...! ပျံနိုင်တယ်...! တကယ်လား...! မင်းမှာ တကယ်ရှိလား...!''
လီရှင်းလွင်က ဟန်ဆန်းကို တအံ့တဩ ကြည့်ရှုလိုက်တယ်။
"တကယ်ရှိတာပေါ့...။ ငါက မင်းကို လိမ်ပြောပါ့မလား...။''
ဟန်ဆန်းဟာ
ကျွဲပျံကြီးကို အနက်ရောင်ပုံဆောင်ခဲကျွေးထားတာကြောင့် အခုအချိန်မှာ ဆင့်ခေါ်ပြလို့ မရပါ။ သားရဲဝိညာဉ်တကောင်ဟာ ဆဲလ်ပြောင်းကောင်ဖြစ်သွားတဲ့အခါ မူလသားရဲဝိညာဉ်နဲ့ မတူဘဲ တမူကွဲသွားပါတယ်။ နောက်ပြီး ဆဲလ်ပြောင်းကောင်တကောင်ကို ရှာလို့တွေ့ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါ။
"အိုခေ...၊ ငါ စုံစမ်းထားလိုက်မယ်...။ စုံစမ်းလို့ရရင် မင်းကို ဘယ်လိုဆက်သွယ်ရမလဲ...။''
လီရှင်းလွင်က မေးလိုက်တယ်။
"ငါက စစ်သားဆိုတော့ တပ်ထဲရောက်ရင် အပြင်နဲ့ ဆက်သွယ်လို့ မရဘူး...၊ ဒါပေမဲ့ သိပ်မကြာခင် ငါ ကြယ်ဘီးရဲတိုက်ကို ပြန်လာခဲ့မယ်...။ ငါလာမှ ထပ်ပြောကြတာပေါ့...။''
ဟန်ဆန်းက ပြောလိုက်တယ်။
"အိုခေ...''
လီရှင်းလွင်က ပြန်ပြောလိုက်တယ်။
အဲ့ဒီနောက် ဟန်ဆန်းဟာ
လီရှင်းလွင်ကို နှုတ်ဆက်ပြီး မဟာမိတ်ကို ပြန်ခဲ့ပါတယ်။
-------- --------- -------- ------- --------
ဒဏ်ရာတွေကုသနေစဉ်
ဟန်ဆန်းဟာ အမြွာဝိညာဉ်ညီအမရဲ့ ဓားသိုင်းကို ဘယ်လိုဖြိုခွင်းရမလဲလို့ စဉ်းစားနေခဲ့တယ်။
ဟန်ဆန်းလေ့လာထားတဲ့
ဓားပညာတွေထဲမှာ ပူးပေါင်းဓားသိုင်းမပါပါ။ အဲ့ဒါကြောင့် ဝိညာဉ်ညီအမရဲ့ ပူးပေါင်းဓားကွက်တွေကို ဘယ်လိုခုခံကာကွယ်ပိတ်ဆို့ရမယ်ဆိုတာ သူ,မသိပါ။ နှစ်ယောက်တယောက်တိုက်ခိုက်ရတာဟာ တယောက်တယောက်တိုက်ခိုက်တာနဲ့ မတူပါ။
ဟန်ဆန်းဟာ
သူမတို့ရဲ့ ပူးပေါင်းဓားကွက်ကို လောလောဆယ်မှာ မချေဖျက်နိုင်ပါ။ အဲ့ဒါကြောင့် အဲ့ဒီပူးပေါင်းဓားကွက်ကို ချေဖျက်နိုင်ဖို့ မျိုးရိုးဗီဇသိုင်းတခုကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။
ဟန်ဆန်းဟာ
သူလိုချင်တဲ့ မျိုးရိုးဗီဇသိုင်းကို ရှာဖွေဖို့ စစ်အခြေစိုက်စခန်းရှိ စိန့်ခန်းမသို့ သွားခဲ့တယ်။
အမြွာဝိညာဉ်ညီအမရဲ့ ဓားသိုင်းဟာ အမြန်အပေါ်မှာ အခြေခံတယ်။ သူမတို့ရဲ့ ဓားတွေဟာ အရမ်းမြန်တယ်။ မြန်အားကြီးလို့ ဓားတွေကို ဝိုးတဝါးသာ မြင်တွေ့ရတယ်။
ဟန်ဆန်းဟာ
သူမတို့ရဲ့ မြန်နှုန်းမြင့်ဓားချက်တွေကို ခုခံဖို့ နည်းလမ်းနှစ်ခုကို စဉ်းစားမိခဲ့တယ်။
တခုက သူလည်း သူမတို့လို ဓားမြန်အောင် လေ့ကျင့်ပြီး အမြန်ကို အမြန်နဲ့ တုံ့ပြန်ဖို့ပါ။
နောက်တခုက တုံရွမ်ခန္ဓာကျင့်စဉ်ထဲက နည်းလမ်းကို သုံးပြီး သူမတို့ရဲ့ ဟာကွက်တွေကို လိုက်ထောက်ဖို့ပါ။ အဲ့ဒီလို လိုက်ထောက်ဖို့ဆိုရင် မြန်ဖို့မလိုပါ။
ဟန်ဆန်းဟာ
လွတ်မြောက်သူအဆင့် မျိုးရိုးဗီဇသိုင်းတွေရဲ့ အညွှန်းတွေကို ဖတ်ကြည့်နေတယ်။ ဒါပေမဲ့ သူ့လိုအပ်ချက်နဲ့ တခုမှ မကိုက်ညီပါ။
စစ်အခြေစိုက်စခန်းမှာ
ဖွင့်ထားတဲ့ စိန့်ခန်းမပေမဲ့ ပင်မစိန့်ခန်းမလိုပဲ ရွေးချယ်စရာတွေ တပုံကြီးရှိပါတယ်။
အညွှန်းများစွာကို ဖတ်ပြီးနောက် ဟန်ဆန်းဟာ သူနဲ့ သင့်တော်မယ်လို့ ထင်ရတဲ့ မျိုးရိုးဗီဇသိုင်းတခုကို တွေ့ခဲ့တယ်။
အဲ့ဒီသိုင်းက လူနှစ်ယောက်ပူးပေါင်းတိုက်ခိုက်ရတဲ့ ''ဒွန်တွဲ''လို့ အမည်ရတဲ့ ဓားနှစ်လက်သိုင်းပါ။ ဒွန်တွဲဓားသိုင်းဟာ လူတယောက်တည်း လေ့ကျင့်လို့မရပါ။ လူနှစ်ယောက်လေ့ကျင့်ရပါတယ်။
ဟန်ဆန်းလည်း
ဒွန်တွဲဓားသိုင်းကို လေ့ကျင့်ဖို့ လူနှစ်ယောက်လိုအပ်တဲ့အကြောင်း စဉ်းစားမိပါတယ်။ သူ့ဓားဟာ အမြွာဝိညာဉ် ညီအမထက် မြန်ခဲ့ရင်တောင် သူဟာ ဓားတလက်ပဲကိုင်လို့ သူမတို့ရဲ့ ဓားနှစ်လက်ထဲက တလက်ကိုသာ ခုခံနိုင်မယ်။ ကျန်တလက်ကိုတော့ ခုခံနိုင်မှာမဟုတ်ပါ။ သူဟာ သူမတို့ကို နိုင်ချင်ရင် ဓားနှစ်လက်ကိုင်ဖို့ လိုအပ်တယ်။ အဲ့ဒါကြောင့် သူဟာ ဒွန်တွဲဓားသိုင်းကို ရွေးချယ်ခဲ့ပါတယ်။
ဟန်ဆန်းဟာ
ဒွန်တွဲဓားသိုင်းကို တယောက်တည်း လေ့ကျင့်ဖို့ စိတ်ကူးထားပါတယ်။ ဒွန်တွဲဓားသိုင်းကိုသာ အောင်မြင်အောင် လေ့ကျင့်နိုင်ရင် အမြွာဝိညာဉ် ညီအမကို နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အခြားလူတယောက်သာဆိုရင် လက်နှစ်ဖက်သုံးရတဲ့ ဒွန်တွဲဓားသိုင်းကို ကျင့်ဖို့ စိတ်ကူးမှာ မဟုတ်ပါ။ ဒါပေမဲ့ ဟန်ဆန်းက ဘယ်သန် ညာသန် နှစ်ဖက်သန်သူဖြစ်နေလို့ ဓားသိုင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်။
အခြေခံအဆင့်မှာ
လက်တွေကို ဘယ်ညာခွဲနေစရာမလိုပါ။ ဓားသိုင်းရဲ့ သဘောတရားအရ ဓားတကွက်တည်းကို လက်နှစ်ဖက်စလုံးနဲ့ သုံးတတ်အောင် အရင်ဆုံး လေ့ကျင့်ရမယ်။ အစပိုင်းမှာ လက်တဖက်ချင်း အရင်ကျင့်ရမယ်။ တဖက်ချင်းပိုင်သွားရင် ဓားတကွက်တည်းကိုပဲ နှစ်ဖက်နဲ့ ကျင့်ရမယ်။
ဟန်ဆန်းဟာ
ဓားတကွက်,လက်နှစ်ဖက်အစား ဓားနှစ်ကွက်,လက်နှစ်ဖက်သုံးဖို့ စိတ်ကူးခဲ့မိတယ်။ ဆိုလိုတာက ဘယ်လက်နဲ့ ဓားသိုင်းတမျိုး၊ ညာလက်နဲ့ ဓားသိုင်းတမျိုး၊ စုစုပေါင်း ဓားသိုင်းနှစ်မျိုး သုံးဖို့ပါ။ ဒီလိုသုံးနိုင်ဖို့ သူ့အနေနဲ့ ဒွန်တွဲဓားသိုင်းကို အနည်းငယ် ပြု ပြင်မွမ်းမံဖို့ပဲ လိုပါတယ်။
မှတ်ဉာဏ်ကောင်းတဲ့ ဟန်ဆန်းဟာ အမြွာဝိညာဉ် ညီအမရဲ့ ပူးတွဲဓားသိုင်းကို မှတ်မိခဲ့တယ်။ ဒါ့အပြင် သူဟာ သေမင်းဓားချက် ၁၃ချက်ကိုလည်း လေ့လာထားတယ်။ အခြားနှစ်ဖက်သွားဓားသိုင်းတွေ၊ ဓားမြှောင်သိုင်းတွေကိုလည်း လေ့လာထားတယ်။ အဲ့ဒါကြောင့် ဒွန်တွဲဓားသိုင်းကို အောင်အောင်မြင်မြင် ပြု ပြင်မွမ်းမံနိုင်လို့ ယုံကြည်ပါတယ်။
နောက်ဆုံးမှာ
စိန့်ခန်းမလိုင်စင်သူဌေးလေး ဟန်ဆန်းဟာ ဒွန်တွဲဓားသိုင်း ကို မဆိုင်းမတွ ဝယ်ယူခဲ့တယ်။ အခု သူဟာ စတင်လေ့ကျင့်ဖို့ မျိုးရိုးဗီဇဖျော်ရည်ကို စောင့်ဖို့ပဲ လိုပါတော့တယ်။
ဒါပေမဲ့ ဟန်ဆန်းဟာ
ဒဏ်ရာတွေကုသဆဲမို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်သေးပါ။ သူဟာ နတ်သမီးရဲတိုက်ကို နေ့စဉ်သွားပြီး သန္ဓေပြောင်းအသားတွေစားခဲ့တယ်။ ကျန်တဲ့အချိန်တွေမှာတော့ သူဟာ ဒွန်တွဲဓားသိုင်းကို ကြိုးကြိုးစားစား ပြု ပြင်မွမ်းမံနေခဲ့ပါတယ်။
ဒွန်တွဲဓားသိုင်းကို
အစအဆုံး လေ့လာပြီးနောက် လူနှစ်ယောက်လိုအပ်တဲ့ ဓားသိုင်းဟာ လူတယောက်က ဓားနှစ်လက်ကိုင်တာနဲ့ မတူကြောင်း တွေ့ရှိရတယ်။ ဒွန်တွဲ ဓားသိုင်းကို ပြီးပြည့်စုံအောင် ပြု ပြင်မွမ်းမံဖို့ဟာလည်း ထင်သလောက် မလွယ်ကြောင်း သိခဲ့ရတယ်။
လူနှစ်ယောက်ရှိမှ
ထောင့်ပေါင်းစုံမှ တိုက်ခိုက်လို့ ရတယ်။ အဲ့ဒါကြောင့် ဒွန်တွဲဓားသိုင်းဟာ လူနှစ်ယောက်လိုအပ်တာပါ။ လူတယောက်တည်းက လက်နှစ်ဖက်သုံးတဲ့အခါ တည်နေရာနဲ့ ထောင့်က စကားပြောလာပါတယ်။ ဒွန်တွဲဓားသိုင်းထဲမှာပါတဲ့ ဓားကွက်တွေဟာ လက်နှစ်ဖက် နဲ့ အသုံးပြုဖို့ မဖြစ်နိုင်ပါ။
ဟန်ဆန်းဆိုတာ
လွယ်လွယ်နဲ့ အရှုံးပေးတတ်သူမဟုတ်ပါ။ သူဟာ ဒွန်တွဲဓားသိုင်းကို အကြီးစားပြု ပြင်ဖို့ ကြိုးစားနေဆဲပါ။ ပြု ပြင်မွမ်းမံမှုမစခင် သူဟာ လက်တဖက်သုံးဓားသိုင်းတွေကို ဦးစွာလေ့လာခဲ့တယ်။ အဲ့လိုလေ့လာပြီးမှ ဒွန်တွဲဓားသိုင်းကို ပြု ပြင်မွမ်းမံမယ်လို့ စိတ်ကူးခဲ့တယ်။
ဓားသိုင်းတခုကို
ပြု ပြင်မွမ်းမံဖို့ဆိုတာ အခြားလူတယောက်အတွက်ဆို ခက်ကောင်း ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆန်းဆိုတာက မြင်ကွင်းကျယ်ထဲက သိုင်းပညာတွေကို နှစ်ပေါင်းများစွာ လေ့လာထားသူပါ။ ဓားသိုင်းတခုကို ပြု ပြင်မွမ်းမံဖို့ ဆိုတာ သူ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ပါ။
ဟန်ဆန်းဟာ
အမြွာဝိညာဉ်ညီအမရဲ့ ပူးပေါင်းဓားကွက်တွေကို ပြန်ပြောင်းစဉ်းစားရင်း ဒွန်တွဲဓားသိုင်း ကို ပြု ပြင်မွမ်းမံခဲ့တယ်။ ထိုသို့ပြု ပြင်မွမ်းမံရာမှာ သေမင်းဓားချက် ၁၃ချက်ကိုလည်း ကိုးကားခဲ့ပါတယ်။
ဟန်ဆန်းဟာ
ဒွန်တွဲဓားသိုင်းကို ၁၂ရက်အတွင်း ပြု ပြင်မွမ်းမံနိုင်ခဲ့တယ်။ ဒါပေမဲ့ သူပြု ပြင်မွမ်းမံထားတဲ့ဒွန်တွဲဓားသိုင်းမှာ ချို့ယွင်းချက်တွေရှိနေတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး သူ,မပြုပြင်မမွမ်းမံတတ်တော့ပါ။ ထပ်ပြီး ပြု ပြင်မွမ်းမံနေလို့လည်း အကျိုးမထူးတော့ပါ။ အဲ့ဒါကြောင့် ပုံရိပ်ယောင်လေ့ကျင့်ရေးစခန်းမှာ သွားရောက်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီမှာ သူဖန်တီးထားတဲ့ ဒွန်တွဲဓားသိုင်းကို စမ်းသပ်ရပါမယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------
(ဒီအပိုင်းကစပြီး အင်္ဂလိပ်လို ဘာသာပြန်သူ ပြောင်းသွားပုံပေါ်ပါတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ရတာ အတော်တိုင်ပတ်သွားပါတယ်။ စာရေးတဲ့ ပုံစံတွေ၊ ဝါကျဖွဲ့စည်းပုံတွေ၊ စာလုံးပေါင်းတွေ အတော်ပြောင်းသွားတယ်။ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကျင့်စဉ်ဟာ ရေခဲခန္ဓာကျင့်စဉ် ဖြစ်သွားတယ်။ ဒေါ်လာ(Dollar)ဟာ ကွိုင်(Coin = ဒင်္ဂါး)ဖြစ်သွားတယ်။ transformd လို့ ရေးတာကနေ tranfigured လို့ ပြောင်းသွားတယ်...၊ စသဖြင့်ပေါ့...။ )
-------- --------- -------- ------- --------
Super God Gene (533)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၃)
-------- --------- --------
------- --------
ဟန်ဆန်းပြု ပြင်မွမ်းမံထားတဲ့
ဒွန်တွဲဓားသိုင်းမှာ ဟန်ဆန်း ထင်တဲ့အတိုင်း ချို့ယွင်းချက်တွေ များစွာရှိနေတယ်။ ထိုချို့ယွင်းချက်တွေဟာ လက်တွေ့တိုက်ခိုက်ကြည့်တဲ့အခါ ပိုပြီး ထင်ရှားလာတယ်။ ဟန်ဆန်းဟာ အခုမှ ဓားသိုင်းတခု ဖန်တီးရတာ မလွယ်ကြောင်း ကိုယ်တွေ့သိရှိလာတယ်။
ဒါပေမဲ့ ဟန်ဆန်းမှာ
ရွေးချယ်စရာမရှိပါ။ ဓားသိုင်းအသစ်ဖန်တီးမှုတိုင်းမှာ စမ်းသပ်တိုက်ပွဲတွေ၊ စိတ်ရှည်သည်းခံနိုင်မှုတွေလိုအပ်တယ်၊ မဟုတ်ပါလား။
ဟန်ဆန်းဟာ
စမ်းသပ်တိုက်ပွဲများအတွင်း သတိပြုမိသမျှ ချို့ယွင်းချက်တွေကို မှတ်တမ်းတင်ခဲ့တယ်။
မှတ်တမ်းတင်ထားတဲ့
ချို့ယွင်းချက်တွေကို သူဟာ အခုအချိန်မှာ လွတ်လပ်စွာ ပြု ပြင်နိုင်သော်လည်း တကယ့်တိုက်ပွဲမှာ အဲ့ဒီချို့ယွင်းချက်ထဲက တခုခုကို လုပ်မိပါက သွေးနဲ့ အသက်နဲ့ ပေးဆပ်ရလိမ့်မယ်။ ဟန်ဆန်းဟာ ဒီသဘောတရားကို သိထားတဲ့အတွက် အမြန်မလိုခဲ့ပါ။
ဟန်ဆန်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒွန်တွဲဓားသိုင်းဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
ဓားသိုင်းပြု ပြင်မွမ်းမံနေတာကို ခဏရပ်နားပြီး ကြယ်ဘီးရဲတိုက်သို့ သွားခဲ့တယ်။ ရဲတိုက်မှာ လီရှင်းလွင်ကို တွေ့ရတယ်။ ဒါပေမဲ့ သူ့မျက်နှာဟာ ခါတိုင်းနဲ့မတူ တမူထူးနေပါတယ်။
"ဟန်ဆန်း...၊ ထွတ်မြတ်သွေး လူတူသားရဲဝိညာဉ်ကို ငါတွေ့ထားပြီ...။''
သူ့အသံဟာ တမျိုးတဖုံ ထူးဆန်းနေတယ်။
"ပိုင်ရှင်က ရောင်းမယ်တဲ့လား...။''
ဟန်ဆန်းက မေးလိုက်တယ်။
လီရှင်းလွင်က ပြန်မဖြေဘဲ ဆက်ပြောခဲ့တယ်။
"စစချင်း ငါက သူငယ်ချင်းတယောက်ကတဆင့် ထွတ်မြတ်သွေးဆဲလ်ပြောင်းကောင်နဲ့ ထွတ်မြတ်သွေးလူတူသားရဲ လဲချင်တယ်လို့ သတင်းလွင့်လိုက်တယ်...။ လဲချင်တဲ့လူတွေ အများကြီးပေါ်လာတယ်...။ ငါ့ကို လာဆက်သွယ်ကြတယ်...။ ဒါပေမဲ့... သိတယ်မဟုတ်လား...၊ ထွတ်မြတ်သွေးလူတူသားရဲက အရမ်းရှားတယ်လေ...။ ဘယ်သူမှာမှ လဲဖို့မရှိကြဘူး...။''
လီရှင်းလွင်က ခဏရပ်ပြီးမှ ဆက်ပြောခဲ့တယ်။
"မနေ့က မိစ္ဆာနက်က ငါ့ကို ဖုန်းခေါ်တယ်...။ သူက အလဲအလှယ်လုပ်ချင်တယ်ပြောတယ်...။''
"သူ့မှာ လူတူသားရဲဝိညာဉ် တကယ်ရှိလား...။''
ဟန်ဆန်းက မေးလိုက်တယ်။
"အင်း...၊ ရှိတယ်...။ ငါ ကြည့်ပြီးပြီ...။ ထွတ်မြတ်သွေးသားရဲဝိညာဉ်ပဲ...။ နှင်းဒေဝီတဲ့...။ သူမက ခွန်အားတိုးတဲ့ အမျိုးအစားမဟုတ်ဘူး...။ အမြန်တိုးတဲ့ အမျိုးအစား...။ နောက်ပြီး သူမက ခန္ဓာကိုယ်အပူချိန်ကိုလည်း လျှော့ပေးတယ်...။ သူမက လူတူသားရဲဖြစ်ပေမယ့် ဆဲလ်ပြောင်းကောင်နဲ့လဲဖို့ မထိုက်တန်ဘူး...။ နောက်ပြီး မင်းနဲ့ မိစ္ဆာနက်က ငြိထားတယ်လေ...။ လဲမယ်ဆို မင်းဘက်က နာတယ်...။ ငါကတော့ မလဲသင့်ဘူးလို့ ထင်တယ်...။''
လီရှင်းလွင်က လေးလေးနက်နက် ပြောလိုက်တယ်။
"အလဲအလှယ် လုပ်ချင်တဲ့ လူက ငါလို့ ပြောလိုက်သေးလား...။''
ဟန်ဆန်းက မေးလိုက်တယ်။
"မပြောလိုက်ဘူး...။ ငါ့သူငယ်ချင်းလို့ပဲ ပြောထားတယ်...။''
လီရှင်းလွင်က ခေါင်းခါပြလိုက်တယ်။
ဟန်ဆန်းဟာ
ခဏကြာစဉ်းစားပြီးမှ ပြောလိုက်တယ်။
"အင်း...၊ ကောင်းပြီလေ...။ အလဲအလှယ်လုပ်ချင်တာ ငါလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့...။ တကယ်လို့ သူ့ဘက်က ဆန္ဒရှိရင် ဒီမှာပဲ အလဲအလှယ်လုပ်ကြတာပေါ့...။''
အမြန်ဟာ ဟန်ဆန်းအတွက် အခုအချိန်မှာ အလိုအပ်ဆုံးအရာပါ။ ဘာကြောင့်လဲဆိုတော့ အမြွာဝိညာဉ်ညီအမရဲ့ အားသာချက်က အမြန်ဖြစ်နေလို့ပါ။ အမြန်က တန်းတူဖြစ်ပြီး ဓားသိုင်းကိုပါ ချေဖျက်နိုင်ပါက အနိုင်ဟာ သူ့ဘက်ကို ရောက်လာမှာပါ။
ဒါ့အပြင် လူတူသားရဲဝိညာဉ် က အပူကိုပါ လျှော့ပေးနိုင်တယ်တယ်ဆိုတော့ နတ်ဆိုးခန္ဓာကျင့်စဉ်နဲ့ မနိုင်ဝန်သိုင်းကျင့်စဉ်ကြောင့် အပူချိန်မြင့်တက်လာခြင်းပြဿဘ နာကို ဖြေရှင်းပြီးသားဖြစ်သွားပါမယ်။ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကလည်း ရေခဲလွင်ပြင်ဒေသမှာ ပိုလို့ အလုပ်ဖြစ်ပါတယ်။ ဒီတော့ အပူဟာ ဟန်ဆန်းကို အန္တရာယ်မပေးနိုင်တော့ပါ။
ဒီအလဲအလှယ်ဟာ
အခြားလူတွေအတွက် အကျိုးမရှိပေမဲ့ ဟန်ဆန်းအတွက်တော့ အလွန်တရာ အကျိုးရှိပါတယ်။
ဒါ့အပြင် လူတူသားရဲဝိညာဉ်ဟာ ရေခဲလွင်ပြင်ဒေသမှာ အင်မတန် ရှားပါးတယ်။ အဲ့ဒါကြောင့် ကျွဲပျံကြီးကို နှင်းဒေဝီနဲ့ လဲလှယ်ထိုက်တယ်။ ဟန်ဆန်းဟာ မိစ္ဆာနက်ရဲ့ ကမ်းလှမ်းမှုကို ကျေနပ်မိပါတယ်။
"မင်းက မိစ္ဆာနက်နဲ့ အလဲအလှယ် တကယ်လုပ်မှာလား...။''
လီရှင်းလွင်က မေးလိုက်တယ်။
"မင်း ပြန်စဉ်းစားဦး...။ မင်းရဲ့ ဆဲလ်ပြောင်းကောင် မိစ္ဆာနက်လက်ထဲရောက်သွားရင် မိစ္ဆာနက်က မင်းကို အဲ့ဒီဆဲလ်ပြောင်းကောင်နဲ့ တိုက်ခိုက်မှာ မကြောက်ဘူးလား...။''
ဟန်ဆန်းက ရယ်လိုက်တယ်။
"ငါ့အတွက် စိတ်ပူပေးတာ ကျေးဇူးပဲ...၊ သူငယ်ချင်း...။''
သူက ဆက်ပြောလိုက်တယ်။
"ငါက သူနဲ့ အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ကတည်းက ငါ့ရဲ့ ဆဲလ်ပြောင်းကောင်ကို သူပိုင်သွားမှာ မကြောက်လို့ပေါ့...။''
"အိုခေ...၊ ဒါဆိုလည်း ပြီးရော...။ မင်းမှာ သားရဲဝိညာဉ်ပါလာပြီလား...။ ပါရင် မိစ္ဆာနက်ကို ငါ ဆက်သွယ်လိုက်မယ်...။''
လီရှင်းလွင်က ပြုံးပြီး ပြောလိုက်တယ်။
ကျွဲပျံကြီးဟာ
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆဲလ်ပြောင်းကောင်ဖြစ်လာခဲ့တယ်။ သူ ဆင့်ခေါ်လိုက်တဲ့အခါ ကျွဲပျံကြီးဟာ သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီး သူဟာ ကျောမှာ အနက်ရောင်အတောင်ပံတစုံပါတဲ့ ကျွဲနက်ကြီးတကောင်ဖြစ်သွားတယ်။
ဟန်ဆန်းက
ကျွဲပျံကြီးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျွဲပျံကြီးရဲ့ ထူးခြားချက်တွေကို လီရှင်းလွင်အား ပြောပြခဲ့တယ်။ လီရှင်းလွင်ဟာ ဟန်ဆန်းပြောတာတွေကို နားထောင်ပြီးနောက် တီးတိုးရေရွတ်လိုက်တယ်။
"ဟင်း...၊ နှမျောစရာပဲ...။''
ကျွဲပျံကြီးဟာ
လူတယောက်ရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ သားရဲဝိညာဉ်....။ ထို့ထက်ပို၍ ကျွဲပျံကြီးဟာ ပျံသန်းနိုင်တဲ့ သားရဲဝိညာဉ်...။ ဘယ်ဘက်ကကြည့်ကြည့် ဟန်ဆန်းရဲ့ ကျွဲပျံကြီးဟာ မိစ္ဆာနက်ရဲ့ နှင်းဒေဝီ ထက်သာပါတယ်။
နှင်းဒေဝီဟာ
လူတူသားရဲဖြစ်တာနဲ့ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တာကလွဲလို့ အခြားဘာထူးခြားချက်မှ မရှိပါ။ လူတယောက်ရဲ့ ခန္ဓာကိုယ်အပူရှိန်ကို လျှော့ချပေးနိုင်တာက လက်တွေ့မှာ ဘာမှအဓိပ္ပါယ် မရှိပါ။
ဒါပေမဲ့ ဟန်ဆန်းက
အလဲအလှယ်လုပ်ဖို့ အတင်းတိုက်တွန်းနေတာကြောင့် လီရှင်းလွင်ဟာ မိစ္ဆာနက်နဲ့ ဆွေးနွေးဖို့ ထွက်သွားခဲ့တယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
တရက်စောင့်ခဲ့ရတယ်။ နောက်တရက်မှာ သူဟာ ကြယ်ဘီးရဲတိုက်သို့ သွားခဲ့တယ်။ လီရှင်းလွင်ဟာ မိစ္ဆာနက်နဲ့ စကားပြောနေပါတယ်။ လီရှင်းလွင်က နှင်းဒေဝီအပြင် သန္ဓေပြောင်းသားရဲဝိညာဉ်နှစ်ကောင်ပါ အလိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။
"ကျေးဇူးပဲ...၊ သူငယ်ချင်း...။ ကိစ္စမရှိဘူး...။ ဒဲ့ပဲ လဲမယ်...။''
ဟန်ဆန်းက ပြောလိုက်တယ်။
လီရှင်းလွင်လည်း
ဟန်ဆန်းကို ဘာမှ ထပ်မပြောချင်တော့ပါ။ ဟန်ဆန်းဟာ သူ့ရဲ့ ကြယ်ဘီးရဲတိုက်ကို ဝိညာဉ်လက်မှ ကယ်တင်ခဲ့တယ်။ သူ့ကို ပြန်ကူညီခွင့်ရတာကိုပဲ ကျေးဇူးတင်မိပါတယ်။
မိစ္ဆာနက်နဲ့ အလဲအလှယ်လုပ်ဖို့ အချိန်တန်ပြီ။ မိစ္ဆာနက် ဟာ သူ့လူတွေကို ကြယ်ဘီးရဲတိုက်သို့ ခေါ်လာတယ်။ ဟန်ဆန်းရဲ့ မျက်လုံးတွေ အေးစက်နေတာကို သူ,သတိထားမိတယ်။ ဒါပေမဲ့ သူဟာ မသိသလို နေလိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ
သူတို့လက်ခံရမယ့် သားရဲဝိဉာဉ်တွေကို အသေအချာ စစ်ဆေးပြီးနောက် သားရဲဝိညာဉ်တွေကို လီရှင်းလွင်ထံသို့ လွှဲအပ်လိုက်ကြတယ်။ လီရှင်းလွင်က သားရဲဝိညာဉ်တွေကို ပိုင်ရှင်အသစ်တွေထံသို့ လွှဲပေးလိုက်တယ်။ အလဲအလှယ်ဟာ ဘာပြဿ နာမှ မတက်ဘဲ ချောမွေ့စွာ ပြီးစီးခဲ့တယ်။
ဟန်ဆန်းဟာ
နှင်းဒေဝီကို လက်ခံရရှိခဲ့တယ်။ ဟန်ဆန်းဟာ လီရှင်းလွင်ကို နှုတ်ဆက်ပြီး ပြန်ဖို့လုပ်စဉ် မိစ္ဆာနက်က ဟန်ဆန်းကို လှမ်းပြောလိုက်တယ်။
မိစ္ဆာနက်က
ဟန်ဆန်းကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်တယ်။
"ဟန်ဆန်း...၊ မင်း ငါနဲ့ အလောင်းအစားတခု လုပ်ရဲလား...။ ငါတို့နှစ်ယောက်ကြားက ကိစ္စတွေကို စာရင်းရှင်းကြတာပေါ့...၊ ဘယ်လိုလဲ...။''
"မင်းက ဘာလုပ်ချင်လို့လဲ...။''
ဟန်ဆန်းဟာ မျက်ခုံးကို ပင့်လိုက်တယ်။
"မင်းနဲ့ ငါ တပွဲတလမ်းလောက် အကဲစမ်းရအောင်...။ အရှုံးအနိုင် အဓိက မဟုတ်ပါဘူး...။ မိတ်ဖြစ်ဆွေဖြစ်ပေါ့...။''
မိစ္ဆာနက်က ဟန်ဆန်းကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။
"တကယ်လို့ မင်းရှုံးရင် နှင်းဒေဝီကို ငါ့ပြန်ပေး...၊ ငါရှုံးရင် ကျွဲပျံကြီးကို ပြန်ပေးမယ်...၊ ဘယ့်နဲ့လဲ...။''
လီရှင်းလွင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"မိစ္ဆာနက်...၊ ငါတို့ပြောထားတာ အလဲအလှယ်သီးသန့်လေ...။ အခြားဟာတွေမပါဘူး...။''
"ငါက အကြံပြုရုံသက်သက်ပဲ...။ အလောင်းအစားက သူ့အပေါ်မှာ မူတည်တယ်...။ သူ,မလောင်းရဲရင်တော့ သူ့သမိုင်းပေါ့...။''
မိစ္ဆာနက်က မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။
"ငါ မလောင်းဘူး ဆိုရင်ကော...။''
ဟန်ဆန်းက မိစ္ဆာနက်ကို စေ့စေ့ကြည့်ရင်း ပြောလိုက်တယ်။
"မင်းက ငါနဲ့ မိတ်ဆွေမဖြစ်ချင်ဘူးပေါ့...။ ငါက မိတ်ဆွေတွေအတွက်ဆို ရေ...၊ ရန်သူတွေအတွက်ဆို မီးပဲ...။''
မိစ္ဆာနက်ရဲ့ လူတွေက
သားရဲဝိညာဉ်တွေကို ဆင့်ခေါ်လိုက်ကြတယ်။
"မိစ္ဆာနက်...၊ ဒါ ကြယ်ဘီးရဲတိုက်နော်...။ မိစ္ဆာနက်ရဲတိုက်မဟုတ်ဘူး...။''
လီရှင်းလွင်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားတယ်။ သူဟာ ကြယ်ဘီးရဲတိုက်မှ လက်ရွေးစင်တချို့ကို အချက်ပြလိုက်တယ်။ သူတို့က မိစ္ဆာနက်ရဲ့ လူတွေရှေ့မှာ ပိတ်ရပ်လိုက်ကြတယ်။
"လီရှင်းလွင်...၊ ဒါ ငါတို့နှစ်ယောက်ကြားက ကိစ္စ...၊ မင်းနဲ့ မဆိုင်ဘူး...။''
မိစ္ဆာနက်က မျက်ခုံးကို ပင့်ပြီး ပြောလိုက်တယ်။
"အေး...၊ ငါ့ကိစ္စမဟုတ်တာမှန်တယ်...။ မင်းတို့ကိစ္စကိုလည်း ငါစိတ်မဝင်စားဘူး...။ ဒါပေမဲ့ ကြယ်ဘီးရဲတိုက်ထဲမှာ သူ့ကို ဘယ်သူမှ ထိခွင့်မရှိဘူး...။''
လီရှင်းလွင်က ဟန်ဆန်းဘက်က မားမားရပ်ကာ ပြောလိုက်တယ်။
"လီရှင်းလွင်...၊ အရေးမပါတဲ့ လူတယောက်အတွက် ငါ့ကို ဆန့်ကျင်မလို့လား...။''
မိစ္ဆာနက်က လီရှင်းလွင်ကို မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်တယ်။
"ကြယ်ဘီးရဲတိုက် အကျပ်အတည်းတွေ့တုန်းက ဟန်ဆန်းက ကယ်တင်ခဲ့တယ်...။ ဟန်ဆန်းက ငါ့ရဲ့ ကျေးဇူးရှင်...။ သူ့ကို ငါ့ရှေ့မှာ ဘယ်သူမှ ထိခွင့်မရှိဘူး...။''
လီရှင်းလွင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
မိစ္ဆာနက်ရဲ့ မျက်နှာဟာ
ပိုမိုတင်းမာသွားတယ်။ နှစ်ဖက်အခြေအနေဟာ မုန်တိုင်းမတိုက်ခင်ပုံစံမျိုးဖြစ်လာတယ်။ ဒီအချိန်မှာ မီပွားတစကျတာနဲ့ ပေါက်ကွဲသွားနိုင်တယ်။
"ကောင်းပြီ...၊ မိတ်ဖြစ်ဆွေဖြစ် တပွဲလောက် နွှဲကြတာပေါ့...။ ကဲ...၊ သားရဲဝိညာဉ်တွေကို လီရှင်းလွင်ဆီ ပြန်လွှဲကြမယ်...။''
ဟန်ဆန်းက ဝင်ပြောလိုက်တယ်။
"အိုခေ...၊ ပြဿ နာမရှိဘူး...။''
မိစ္ဆာနက်က
ကျွဲပျံကြီးကို လီရှင်းလွင်ထံသို့ လွှဲလိုက်တယ်။ လီရှင်းလွင်ကို သူယုံပါတယ်။
မိစ္ဆာနက်ဟာ
သားရဲဝိညာဉ်ကို အရယူဖို့တင်မကဘဲ ဟန်ဆန်းကိုပါ သတ်ဖို့ ရည်ရွယ်ထားပါတယ်။
ဟန်ဆန်းဟာ
မြွေငါးဘုရင်ကို ခိုးခဲ့တယ်။ သူ့ကိုလည်း အဆိပ်ဓားမြှောင်နဲ့ ထိုးခဲ့တယ်။ အဲ့ဒီတုန်းက သူဟာ သေလုနီးပါး ခံစားခဲ့ရတယ်။ ဒီအကြောင်းတွေကို ပြန်တွေးလိုက်တိုင်း ဒေါသတွေဟာ အလိပ်လိုက်တက်လာပါတယ်။ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေပါ။
-------- --------- -------- ------- --------
-------- --------- -------- ------- --------
Super God Gene (534)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၄)
-------- --------- --------
------- --------
"ဟန်ဆန်း...''
လီရှင်းလွင်ဟာ
အနည်းငယ် စိုးရိမ်သွားတယ်။ မိစ္ဆာနက်အကြောင်း ''ကကြီး''ကနေ ''အ''အဆုံး သိထားတဲ့ လီရှင်းလွင်ဟာ မိစ္ဆာနက်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို သိပါတယ်။
ဟန်ဆန်းက
စကားဝင်ပြောဖို့ လုပ်နေတဲ့ လီရှင်းလွင်ကို တားပြီး ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။
"ကောင်းပြီလေ...။ သားရဲဝိညာဉ်ကို လှူ ချင်နေတော့လည်း အလှူ ရှင် ဒါနမြောက်သွားအောင် လက်ခံရမှာပေါ့...။ သာဓုပါဗျာ...။''
လီရှင်းလွင်က
အားလုံးအဆင်ပြေသွားအောင် ဝင်တားမှန်း ဟန်ဆန်း သိပါတယ်။ ဒါပေမဲ့ သူကလည်း မိစ္ဆာနက်ရဲ့ စိတ်ကူးအမှန်ကို သိပါတယ်။ မြွေမြွေချင်း ခြေမြင်တယ်လို့ ဆိုမလား။ စိတ်ကူးချင်းလာတိုက်ဆိုင်နေတာကို ဟန်ဆန်း အံ့ဩမိတယ်။ တန်းဇန်လပ်နဲ့ အချိန်ကြာမြင့်စွာ လေ့ကျင့်ထားတာကြောင့် လေဆင်နှာမောင်းဓားသိုင်းအကြောင်းကို ကျေညက်စွာ နားလည်ထားပြီလို့ ဟန်ဆန်း ယုံကြည်ပါတယ်။ မိစ္ဆာနက်ဟာ ကိုယ်ဆင်တဲ့ ထောင်ချောက်ထဲ ကိုယ်တိုင်ဝင်မိလေပြီ။ မိစ္ဆာနက်ကို ကြည့်ရင်း ဟန်ဆန်းဟာ ကျိတ်ပြီး ဝမ်းသာနေမိတယ်။
သူဟာ သူ့ကျွဲပျံကြီးကို ပြန်ယူမှာပါ။ ခွင့်သာခိုက်မှ မယူလိုက်ရင် သူဟာ လူမိုက်ဖြစ်သွားပါမယ်။ အခွင့်အလမ်း ဆိုတာ မိအောင်ဖမ်းရမယ်၊ မဟုတ်ပါလား။
-------- --------- -------- ------- --------
"ကောင်းတယ်...၊ မင်းက ဆုံးဖြတ်ချက်မြန်သားပဲ...။ ငါက ဒါမျိုးမှ ကြိုက်တာ...။''
မိစ္ဆာနက်က အေးစက်စက် ရယ်လိုက်တယ်။
"ပလာဇာဘက်ကို သွားကြစို့...။ အဲ့ဒီမှာ ဖျော်ဖြေရေးစင်မြင့်ရှိတယ်...။''
ဟန်ဆန်းကလည်း အေးစက်စက်နဲ့ အကြံပြုလိုက်တယ်။
"ကောင်းပြီ...၊ သွားကြမယ်ဟေ့...။''
မိစ္ဆာနက်က ပြန်ပြောလိုက်တယ်။
-------- --------- -------- ------- --------
မိစ္ဆာနက်ရဲ့ လူတွေဟာ
ဟန်ဆန်းကို မသိမသာဝိုင်းကာ ပလာဇာဘက်ကို ထွက်လာခဲ့တယ်။ မသိရင် အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတယောက်ကို ခေါ်လာသလိုမျိုး။ သူတို့ဟာ ဟန်ဆန်းထွက်ပြေးသွားမှာကို ကြောက်နေတဲ့ ပုံပါ။
လီရှင်းလွင်ကလည်း
ဟန်ဆန်းကို စောင့်ကြပ်ဖို့ သူ့လူတွေကို ခေါ်လာခဲ့တယ်။ ပလာဇာသို့ ရောက်တဲ့အခါ ဟန်ဆန်းနဲ့ မိစ္ဆာနက်ဟာ သူတို့ရဲ့ သားရဲဝိညာဉ်တွေကို လီရှင်းလွင်ထံသို့ လွှဲအပ်လိုက်ကြတယ်။
"ငါ့နောက်က လိုက်ခဲ့...။''
မိစ္ဆာနက်က ပြောလိုက်တယ်။
ပြီးနောက် သူဟာ ပလာဇာရဲ့ စင်မြင့်ပေါ်သို့ တက်သွားခဲ့တယ်။ စင်မြင့်ပေါ်ကနေ သူ့နောက်က တက်လာတဲ့ ဟန်ဆန်းကို စိုက်ကြည့်လိုက်တယ်။
မိစ္ဆာနက်ရဲတိုက်ကို
ပိုင်ဆိုင်ခွင့်ရကတည်းက ဒီလိုဆုံးရှုံးမှုမျိုးကို မကြုံခဲ့ရပါ။ အခွင့်အရေးရရင် ဟန်ဆန်းကို ချက်ချင်း သတ်ပစ်ချင်တယ်။ သူဟာ သားရဲဝိညာဉ်ကို ပြန်မလိုချင်ပါ။ သူလိုချင်တာ ဟန်ဆန်းအသက်ပါ။
မိစ္ဆာနက်ဟာ
လေဆင်နှာမောင်းဓားသိုင်းကို အလွန်ယုံကြည်တယ်။ သူဟာ ဟန်ဆန်းနဲ့ တကြိမ် တိုက်ဖူးတယ်။ အဲ့ဒါကြောင့် သူ့သိုင်းပညာရဲ့ အတိမ်အနက်ကို သိတယ်။ ဒါကြောင့်လည်း သူက ဟန်ဆန်းကို စင်ပေါ်မှာ ခြိမ်းခြောက်အနိုင်ယူမယ်လို့ စိတ်ကူးထားတယ်။
-------- --------- -------- ------- --------
မိစ္ဆာနက်နဲ့ ဟန်ဆန်းတို့
အလောင်းအစားလုပ်တဲ့ သတင်းဟာ လျင်မြန်စွာ ပျံ့နှံ့သွားတယ်။ လူတွေဟာ အခြေအနေကို ကိုယ်တိုင်ကြည့်ဖို့ ထွက်လာကြတယ်။ ဒီလိုနဲ့ ကြယ်ဘီးရဲတိုက်မှာ လူစုလူဝေးဖြစ်လာခဲ့တယ်။
-------- --------- -------- ------- --------
လီရှင်းလွင်ဟာ
မျှော်လင့်ချက်မဲ့သလို ခံစားလာရတယ်။ ဟန်ဆန်းက အလောင်းအစားလုပ်ဖို့ သဘောမတူခဲ့ရင် သူဟာ ဟန်ဆန်းကို ကာကွယ်ပေးနိုင်တယ်။ အထူးသဖြင့် ကြယ်ဘီးရဲတိုက်ထဲမှာ ဟန်ဆန်းရဲ့ လုံခြုံရေးကို သူ အာမခံနိုင်တယ်။ အခုအချိန်မှာတော့ မိစ္ဆာနက်က ဟန်ဆန်းကို သတ်ခဲ့ရင် သူဟာ လက်ပိုက်သာ ကြည့်နေရတော့မယ်။ ဒီထက်ဆိုးတာက ဟန်ဆန်းသေသွားရင် လောင်းကြေးတင်ထားတဲ့ သားရဲဝိညာဉ်ကို မိစ္ဆာနက်အား ရင်နာနာနဲ့ လွှဲပြောင်းပေးရဦးမယ်။
-------- --------- -------- ------- --------
ဟန်ဆန်း စင်ပေါ်ရောက်လာတယ်။ မိစ္ဆာနက်ဟာ ဟန်ဆန်းနဲ့ စကားပြောချင်စိတ် မရှိပါ။ သူဟာ ဟန်ဆန်းအသားကို လူရိုင်းတွေလို အစိမ်းလိုက် ဝါးစားချင်နေတယ်။ သူဟာ သားရဲဝိညာဉ်ဓားရှည်ကို ဆင့်ခေါ်ပြီး ဟန်ဆန်း ကို အားနဲ့ လွှဲခုတ်လိုက်တယ်။
ဟန်ဆန်းကလည်း
ခရမ်းရောင်လက်သည်းရှည်သုံးချောင်းကို ဆင့်ခေါ်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်။
လက်သည်းကုတ်ချက်တွေဟာ သူ့ထက် နှေးတယ်။ ဒါပေမဲ့ အဲ့ဒီကုတ်ချက်တွေက သူ့ကို မျက်မှောင်ကြုတ်စေခဲ့တယ်။ သူဟာ ဟန်ဆန်းကို ရန်လိုတဲ့ သူ့မျက်ဝန်းတွေနဲ့ ထူးဆန်းစွာ ကြည့်လိုက်တယ်။ လက်သည်းကုတ်ချက်တွေဟာ ဒီအတိုင်း ဆက်ဝင်လာပါက သူ့လက်ကို တံတောင်ဆစ်မှ ဖြတ်ပစ်ရဖွယ်ရှိတယ်။ ကြာရင် သူပါ လက်သည်းစာမိပြီး သေနိုင်တယ်။
လက်တဖက်ပြတ်ဓားသမား မဖြစ်ချင်တဲ့ မိစ္ဆာနက်ဟာ သူ့ဓားချက်ကို ပြန်ရုပ်သိမ်းပြီး ဟန်ဆန်းရဲ့ လက်သည်းကုတ်ချက်ကို နောက်ဆုတ်ရှောင်တိမ်းကာ ဟန်ဆန်းကို နောက်တချက်ခုတ်ဖို့ အားခဲလိုက်တယ်။
မိစ္ဆာနက်ဟာ
လေဆင်နှာမောင်းဓားသိုင်းကို အလွန်ယုံကြည်တယ်။ သူ့ရဲ့ ဓားချက်ကို နှစ်ကြိမ်တားဆီးနိုင်သူဆိုတာ သူ့သမိုင်းမှာ မရှိသေးပါ။ အဲ့ဒါကြောင့် ဒုတိယဓားချက်မှာ ဟန်ဆန်း အသက်ထွက်မှာပါ။
-------- --------- -------- ------- --------
လူအများကလည်း
မိစ္ဆာနက်တွေးသလိုပဲ တွေးခဲ့ကြတယ်။ လေဆင်နှာမောင်းဓားသိုင်းကလည်း ရေခဲလွင်ပြင်ဒေသမှာ ''မကောင်းဆိုးဝါး ကိုယ်ပျောက်ဓား''လို့ နာမည်ကျော်ကြားတယ်၊ မဟုတ်လား။
လူအများစုဟာ
ဟန်ဆန်း ဘယ်သူဆိုတာကို မသိကြပါ။ အတိအကျပြောရရင် မိစ္ဆာနက်နဲ့ တိုက်ခိုက်နေတဲ့ လူဟာ ဘယ်လိုလူစားဆိုတာ လီရှင်းလွင်မှတပါး အခြား ဘယ်သူမှ မသိကြပါ။
ဒါပေမဲ့ များမကြာမီ
ပရိသတ်တွေဟာ မျက်လုံးတွေ ပြူ းကျယ်သွားတယ်။ မျက်မြင်ကိုယ်တွေ့သာမဟုတ်ရင် သူတို့ဟာ ယုံမှာ မဟုတ်ပါ။
-------- --------- -------- ------- --------
မိစ္ဆာနက်ဟာ
နောက်ကို ခြေတလှမ်းဆုတ်ကာ ရှောင်လိုက်ရတယ်။ မိစ္ဆာနက်ဟာ သူ့ဟန်ချက်ကို ပြန်ထိန်းပြီး ဟန်ဆန်းကို ဓားနဲ့ နောက်တကြိမ် ခုတ်လိုက်တယ်။ ဒါပေမဲ့ သူဟာ ဓားကို တဝက်သာ မြှောက်နိုင်ခဲ့တယ်။ သူဟာ စိတ်ကူးထဲကအတိုင်း မလုပ်နိုင်ဘဲ သူဟာ ဓားကို လိုရာသို့ မရောက်ခင် ပြန်ရုပ်ခဲ့ရတယ်။ ဓားကို ပြန်မရုပ်ရင် ခရမ်းရောင်လက်သည်းတွေက သူ့ခါးကို မိတ်ဆက်သွားလိမ့်မယ်။
"တိုက်ဆိုင်တာပဲဖြစ်မယ်...။''
မိစ္ဆာနက်ဟာ
ဖြစ်နေတာတွေကို လက်ခံဖို့ ခက်နေတယ်။ သူ့ရင်ထဲမှာလည်း စိုးရိမ်သောကတွေဖိစီးလာတယ်။ တစုံတယောက်က လေဆင်နှာမောင်းဓားသိုင်းကို ချေဖျက်နိုင်ခဲ့တာဟာ တကယ့်ကို ယုံရခက်ကြီးပါ။
မိစ္ဆာနက်ဟာ
နောက်တလှမ်းဆုတ်ပြီး ထပ်ခုတ်ခဲ့တယ်။ နဂိုကကတည်းကမှ ရှုံ့မဲ့နေတဲ့ သူ့မျက်နှာကြီးဟာ ပိုမိုရှုံ့မဲ့သွားတယ်။
မိစ္ဆာနက်ဟာ
ဟန်ဆန်းကို ၁၂ကြိမ်ခန့် ခုတ်ခဲ့တယ်။ ဒါပေမဲ့ ဓားချက်တွေဟာ လိုရာသို့ မရောက်ခဲ့ပါ။ သူ့ဓားချက်တွေဟာ လမ်းတဝက်နဲ့ ပြန်လှည့်ဖို့ ဖိအားပေးခံခဲ့ရတယ်။
မိစ္ဆာနက်ဟာ
လေဆင်နှာမောင်းဓားသိုင်းကို ထုတ်သုံးခွင့်မရခဲ့ပါ။ သူ့မျက်နှာဟာ ဒေါသကြောင့် တင်းသထက် တင်းမာလာတယ်။ သူဟာ ဒီလိုမျိုး တခါမှ မကြုံဖူးပါ။ သူဟာ ''ဒီနေ့ ကံမကောင်းပါလား''လို့ မညည်းစဖူး ညည်းခဲ့ပါတယ်။
ကြည့်နေသူတွေလည်း
အလွန်အံ့ဩသွားကြတယ်။ မိစ္ဆာနက်နဲ့ ဟန်ဆန်းတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်မှုကို ပလာဇာအတွင်းက လူတွေရော၊ အပြင်က လူတွေပါ၊ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ မိစ္ဆာနက်ရဲ့ နာမည်ကျော်ဓားသိုင်းဟာ ဟန်ဆန်းနဲ့ အတွေ့မှာ နာမည်ချော်ဓားသိုင်းဖြစ်သွားပါတယ်။
မိစ္ဆာနက်ရဲ့ ဓားဟာ
ဓားအိမ်ပါတဲ့ ဓားဆိုရင် သူဟာ ဓားကို ဓားအိမ်ထဲက ဆွဲထုတ်တိုင်း လမ်းတဝက်မှာတင် ပြန်သွင်းနေရတယ်။ သူ့အဖြစ်က ဓားကို ဓားအိမ်ထဲက ဆွဲထုတ်မရတဲ့ အဖြစ်မျိုးပါ။
ခြုံ ပြီးပြောရရင်
မိစ္ဆာနက်ဟာ တချိန်လုံး နောက်ပဲ ဆုတ်နေရတယ်။ သူ့ကြည့်ရတာ ဓားသိုင်းစသင်တဲ့ လူတယောက် ပထမဆုံးအကြိမ် ဓားဆွဲထုတ်နေတာနဲ့ တူပါတယ်။
ဒီလိုနဲ့..."မကောင်းဆိုးဝါး ကိုယ်ပျောက်ဓား''ဟာ ဟန်းဆန်းနဲ့ အတွေ့မှာ ''မကောင်းဆိုးဝါး ဟာသဓား'' ဖြစ်သွားတယ်။ မိစ္ဆာနက်ဟာ ဟန်ဆန်းကို ဓားနဲ့ ထိရောက်စွာ ခုတ်ခွင့် မရခဲ့ပါ။ သူဟာ မြန်နှုန်းကို နှစ်ဆမြှင့်ခဲ့တာတောင် အလုပ်မဖြစ်ခဲ့ပါ။
နောက်ဆုတ်
နောက်... ဆုတ်...
နောက်... ပြန်... ဆုတ်...
မိစ္ဆာနက်ဟာ
နောက်ဆုတ်ခြင်းမှတပါး အခြား ရွေးချယ်စရာ မရှိသကဲ့သို့ တဆုတ်တည်း ဆုတ်နေပါတယ်။
မိစ္ဆာနက်ဟာ
အခုအချိန်မှာ ခြေတဖက်မသန်သူတယောက်လို ထော့ကျိုးထော့ကျိုး ဖြစ်နေတယ်။ သူ့ကို တချိန်က နာမည်ကြီးစေခဲ့တဲ့ လေဆင်နှာမောင်းဓားသိုင်းဟာ ရုတ်တရက်ကြီး သုံးစားမရတဲ့ ဓားသိုင်း ဖြစ်သွားခဲ့တယ်။ သူဟာ အခုအချိန်မှာ ဓားကို ဘယ်လို သုံးရမှန်းတောင် မသိတော့ပါ။
-------- --------- -------- ------- --------
"သူ ဘယ်သူလဲ...။ အရမ်းတော်တာပဲ...။''
"ကြည့်ရတာ ရယ်စရာကြီး...။ အဖေက သားကို ဆုံးမနေတာနဲ့ တူတယ်...။''
"ဒီလူက ရေခဲလွင်ပြင်ဒေသမှာ ဘယ်အချိန်ကတည်းက ရှိနေတာလဲ...။ မိစ္ဆာနက်က ကလေးတယောက်လို အဆော်ခံနေရတယ်...။ အဲ့ဒီမိစ္ဆာနက်က မိစ္ဆာနက်ရဲတိုက်က မိစ္ဆာနက်ကော ဟုတ်ရဲ့လား...။ မိစ္ဆာနက်အတုများလား...။''
"အတုပဲ ဖြစ်လိမ့်မယ်...။ မိစ္ဆာနက်ဆိုရင် ကိုယ်ပျောက်ဓားကို မသုံးဘဲ မနေဘူး...။''
"အေးလေ...၊ ကိုယ်ပျောက်ဓားရှိရဲ့သားနဲ့ မသုံးတာ... အံ့ရော...။''
"အံ့တော့ ဩမနေဘူး...။ လောကမှာ နာမည်ကြီးသလောက် အဖြစ်မရှိသူတွေ အများကြီးပဲ...။ နောက်ပြီး အပြောကတော့ ရွှေမန်း...၊ အက ကတော့ ချိုမိုင်မိုင်တွေလည်း အားကြီးပဲ...။ မိစ္ဆာနက်ဆိုတာ အဲ့လိုလူတွေထဲက တယောက်ပဲ...။ သူက တပည့်တွေအားကိုးပြီး သူများနှာခေါင်းပေါက်နဲ့ အသက်ရှူ နေတဲ့ လူ...။ မြောက်ကြွ,မြောက်ကြွနဲ့ စင်ပေါ်တက်သွားတော့ အရိုက်ခံရတာ နည်းသေး...။
"အင်း...၊ ဒါနဲ့ စကားမစပ်...၊ အဲ့ဒီလူက ဘယ်သူလဲ...။''
-------- --------- -------- ------- --------
မိစ္ဆာနက်ရဲ့ လှုပ်ရှားမှုတွေဟာ
ကန့်သတ်ခြင်း ခံနေရတယ်။ သူဟာ အဆိပ်ဆူးပါတဲ့ နွယ်ပင်တွေကြားမှာ သွားနေတဲ့ လူနဲ့ တူတယ်။ သူဟာ ခြေတွေလက်တွေကို လွတ်လပ်စွာ လှုပ်ရှားလို့ မရပါ။ နည်းနည်းလေး မှားတာနဲ့...၊ အဆိပ်ဆူးနဲ့ ငြိနိုင်တယ်...။ မိစ္ဆာနက်ဟာ စိတ်ဓာတ်ကျပြီး အော်တောင်ငိုချင်လာတယ်။
စင်အောက်က အပြန်အလှန် စကားပြောသံတွေကို ကြားရတဲ့ အခါမှာတော့ သူဟာ ဒေါသကြောင့် မူးမေ့လုမတတ်ဖြစ်သွားခဲ့တယ်။
သူဟာ အသံကုန်အော်ပြီး ဘာမှ မစဉ်းစားဘဲ ဟန်ဆန်းကို ဓားနဲ့ ခုတ်လိုက်တယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခုတ်လိုက်သော်လည်း ဓားကို အချိန်မီ ပြန်မရုပ်ရင် ဓားကိုင်တဲ့ လက် ပြတ်သွားမယ်ဆိုတာ သူ သိပါတယ်။ သူဟာ ဒေါသကို မျိုသိပ်ပြီး ဓားကို အလျင်အမြန် ပြန်ရုပ်လိုက်ရတယ်။
မိစ္ဆာနက်ဟာ
ရုတ်တရက် သေရမှာကို ကြောက်လာတယ်။ သူဟာ ဟန်ဆန်းကို သေစေချင်ခဲ့တယ်။ ဒါပေမဲ့ သေရမယ့် လူဟာ သူဖြစ်လာမယ်လို့ သူ မထင်ခဲ့ပါ။ သူဟာ သေရမှာကို တွေးပြီး သောကပရိဒေဝမီးတွေ တောက်လောင်လာတယ်။
-------- --------- -------- ------- --------
"မျှော်လင့်သည်သာ၊ ဖြစ်မလာက၊ ရင်မှာသောက၊ တောက်လောင်ရ၏။''တဲ့...။
-------- --------- -------- ------- --------
မိစ္ဆာနက်ရဲတိုက်က လူတွေလည်း ကြည့်နေရင်း တုန်လှုပ်လာတယ်။ သူတို့ဟာ သူတို့မျက်လုံးတွေကိုပင် မယုံချင်ပါ။
မိစ္ဆာနက် ခွန်အားဘယ်လောက်ကြီးတယ်၊ ဓားပညာဘယ်လောက်တော်တယ်ဆိုတာ သူတို့အသိဆုံးပါ။ သူ့ရဲ့ လေဆင်နှာမောင်းဓားသိုင်းဟာ ရေခဲလွင်ပြင်ဒေသမှာ ပြိုင်ဘက်ကင်းတယ်။ သူဟာ ဘာလို့ နောက်ကို တဆုတ်တည်း ဆုတ်နေတာလဲ။ သူတို့ နားမလည်တော့ပါ။
"ဒီကောင် ဘယ်နေရာက လာလဲ...။''
သူတို့ဟာ
အံ့ဩလွန်းလို့ သေသွားနိုင်တယ်။ သူတို့သာ စင်ပေါ်တက်ပြီး တိုက်ခွင့်ရရင်တော့ ဒီအခြေအနေဆိုးကို အဆုံးသတ်နိုင်ပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------
Super God Gene (535)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၅)
-------- --------- --------
------- --------
"မင်း နိုင် တယ်...။''
မိစ္ဆာနက်က
အေးတိအေးစက် ပြောလိုက်တယ်။ သူ့အသံက အေးစက်နေသလို သူ့မျက်နှာကလည်း အေးစက်နေတယ်။
သူ့မှာသာ
အခွင့်အရေးမဆိုစလောက်ရှိခဲ့ရင် အခုလိုမျိုး အရှုံးကို ဝန်ခံမှာ မဟုတ်ပါ။ သူဟာ အရှုံးကို ဝန်ခံဖို့ တွန်းပို့ခံခဲ့ရတယ်။ ဆက်ပြီး တိုက်ခိုက်ခဲ့ရင် သိပ်မကြာခင် အသတ်ခံရမယ်ဆိုတာ သူ သိပါတယ်။
ဟန်ဆန်းဟာ
အတော်စိတ်ပျက်သွားတယ်။ သူ့ရဲ့ ထောက်ကွက်က တဖက်လူကို အရှက်ခွဲရုံသာ တတ်နိုင်ခဲ့တယ်။ လေဆင်နှာမောင်းဓားသိုင်းကို အနိုင်ယူရတာ လွယ်ပါတယ်။ ဒါပေမဲ့ မိစ္ဆာနက်ကို သတ်ဖိုကျ ခက်ပါတယ်။ မိစ္ဆာနက် အရှုံးကို ဝန်မခံခင် သူဟာ မိစ္ဆာနက်ကို မသတ်နိုင်ခဲ့ပါ။
မိစ္ဆာနက်ဟာ
သူ့လူတွေကို ခေါ်ပြီး ပလာဇာမှ ထွက်ခွာသွားတယ်။ သူ့မျက်နှာဟာ မိုးရွာခါနီးကောင်းကင်လို အုံ့မှိုင်းနေတယ်။ ဟန်ဆန်းဟာ သူ့မျက်နှာကို မြင်ဖြစ်အောင် မြင်လိုက်ပါတယ်။
-------- --------- -------- ------- --------
လီရှင်းလွင်က
နှင်းဒေဝီနဲ့ ကျွဲပျံကြီးကို ဟန်ဆန်းအား ပြန်ပေးခဲ့တယ်။
"ဟန်ဆန်း...၊ မင်းရဲ့ ထောက်ကွက်တွေက တအားမိုက်တယ်...။ မိစ္ဆာနက်ဟာ လှုပ်လို့တောင် မရဘူး...။''
လီရှင်းလွင်က ဟန်ဆန်းကို ချီးကျူ းလိုက်တယ်။
"သူညံ့လို့ သူ ခံရတာပါကွာ...၊ ငါ့ထောက်ကွက်က ရိုးရိုးလေး...။''
ဟန်ဆန်းက ရယ်ပြီး ပြောလိုက်တယ်။
မိစ္ဆာနက်ဟာ
အဝေးကြီးမရောက်သေးတာမို့ ဟန်ဆန်းပြောတာကို ကြားပါတယ်။ သူ့မျက်နှာဟာ ရဲတွတ်သွားတယ်။ ဒါပေမဲ့ သူဟာ ဘာမှ ပြန်မပြောဘဲ ဟန်မပျက် လမ်းဆက်လျှောက်သွားခဲ့တယ်။
-------- --------- -------- ------- --------
စိန်ခေါ်ပွဲအပြီးမှာ
"ဟန်ဆန်း''ဆိုတဲ့နာမည်ကို ရေခဲလွင်ပြင်ဒေသတခုလုံး သိသွားခဲ့တယ်။ ဟန်ဆန်းနဲ့ မိစ္ဆာနက်တို့ရဲ့ စိန်ခေါ်ပွဲဟာ ကလေးတွေအတွက် အိပ်ရာဝင်ပုံပြင်တပုဒ်ဖြစ်လာသလို လူကြီးတွေအတွက်လည်း ဆွေးနွေးစရာ အကြောင်းအရာတခု ဖြစ်လာပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းမှာ
အခြာသူတွေရဲ့ စကားကို နားထောင်ဖို့ အချိန်မရှိပါ။ သူဟာ နှင်းဒေဝီကို လက်ခံပြီးတာနဲ့၊ ကျောက်သလင်းရွက်လှေသို့ ပြန်ခဲ့တယ်။ ပြီးနောက် ရဲတိုက်သို့ ခရီးဆက်ခဲ့တယ်။ ရဲတိုက်ကို မရောက်တာကြာပြီမို့ ရဲတိုက်ရဲ့ လက်ရှိအခြေအနေကို သိချင်တာရယ်၊ စုဆောင်းသိမ်းဆည်းထားတဲ့ ရေနေသားရဲအသားတွေကို ရောင်းချင်တာရယ်ကြောင့် သူဟာ ရွက်လှေပေါ်မှာတောင် ညမအိပ်ခဲ့ပါ။
ဟန်ဆန်းဟာ
လမ်းခရီးမှာ နှင်းဒေဝီကို ဆင့်ခေါ်ပြီး အသွင်ပြောင်းကြည့်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဟာ အေးလာပြီး သူ့မျက်နှာဟာ ဖြူလာတယ်။ သူ့ဆံပင်တွေဟာလည်း အဖြူရောင်ပြောင်းသွားပြီး သူ့အသွင်ဟာ ဆံပင်ဖြူ ဖြူ ရှည်ရှည်လေးနဲ့ အလွန်ပင် နန်းဆန်နေပါတယ်။
ဟန်ဆန်းဟာ
သူ့အမြန်ကို စမ်းကြည့်လိုက်တယ်။ မြန်နှုန်းဟာ နဂိုကထက် အရမ်းမြင့်တက်သွားတာကို သတိပြုမိတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှ ထွက်လာတဲ့ အအေးဓာတ်ကိုတော့ ကျောက်စိမ်းခန္ဓာကျင့်စဉ်နဲ့ အလျင်အမြန် ခုခံလိုက်ရတယ်။ သာမန်လူတယောက်သာဆိုရင် အအေးမိပြီး ရေခဲတုံးဖြစ်သွားနိုင်ပါတယ်။
ဟန်ဆန်းဟာ
အခုအချိန်မှာ နှင်းဒေဝီနဲ့စပ်လျဉ်းတဲ့ ရလဒ်တွေကို အကြွင်းမဲ့ ကျေနပ်မိတယ်။ သူဟာ နှင်းဒေဝီကို ဆဲလ်ပြောင်းကောင်အဆင့်မြှင့်တင်ဖို့ အနက်ရောင်ပုံဆောင်ခဲကျွေးလိုက်ပါတယ်။
-------- --------- -------- ------- --------
နတ်သမီးရဲတိုက်ကို
ရောက်တဲ့အခါ ဟန်ဆန်းဟာ ယန်းမန်လီကို အသားတွေ ပေးအပ်လိုက်တယ်။ ပြီးနောက် မဟာမိတ်ကို ပြန်ဖို့ စီစဉ်နေစဉ် ယန်းမန်လီက သူ့ကို ဇီရိုး အစားမစားတဲ့အကြောင်း ပြောလာတယ်။ အတိအကျ ပြောရရင် သူမ အစားမစားတာ ရက်အနည်းငယ် ကြာပြီဖြစ်ကြောင်း ပြောပါတယ်။
-------- --------- -------- ------- --------
"ဘာလို့ မစားတာလဲ...။ ဒီမှာ ရှိတဲ့ အသားတွေကို မကြိုက်လို့လား...။''
ဟန်ဆန်းက
ဇီရိုးကို ကြည့်ရင်း မေးလိုက်တယ်။ သူမဟာ မျှော်စင်ရဲ့ ပြတင်းပေါက်နားမှာ ထိုင်ပြီး အပြင်ဘက်မှာ ကျနေတဲ့ နှင်းတွေကို ငေးငေးမောမော ကြည့်နေတယ်။ သူမဟာ အတွေးတခုခုထဲ နစ်မျောနေတဲ့ ပုံမျိုးပါ။
ဇီရိုးက ခေါင်းခါပြီး ပြောလိုက်တယ်။
"မဆာလို့ မစားတာ...။''
"မင်းက နတ်ဘုရားလည်း မဟုတ်ဘူး...။ ဘာလို့ မဆာတာလဲ...။ ဘယ်လိုအသားမျိုးကြိုက်လဲပြော...။ ငါရှာပေးမယ်...။''
ဟန်ဆန်းက သူမခေါင်းကို ညှင်သာစွာ ပုတ်လိုက်တယ်။
"နောက်တခေါက် ခရီးထွက်ရင် ကျမကို ခေါ်ပါလား...။''
ဇီရိုးဟာ ဟန်ဆန်းကို လှည့်ကြည့်ပြီး စကားပြောလိုက်တယ်။
"အင်း...၊ အင်း...၊ ခေါ်မယ်...။''
ဟန်ဆန်းဟာ
တခဏကြာ ချီတုံချတုံ ဖြစ်သွားတယ်။ ဇီရိုးရဲ့ ဖြစ်တည်မှုဟာ ထူးဆန်းတယ်။ သူမ ဘာလဲဆိုတာကို ကွဲကွဲပြားပြား သိချင်မိတယ်။ တချိန်တည်းမှာပဲ မိသားစုမရှိတဲ့ သူမအကြောင်းဟာ သူ့ခေါင်းထဲကို အလိုလို ဝင်ရောက်လာတယ်။ သူက သူမနဲ့ ဆက်စပ်မှုရှိတဲ့ တဦးတည်းသောသူ ဖြစ်လိမ့်မယ်။ သူဟာ သူမအတွက် ဝမ်းနည်းသလို ခံစားလာမိတယ်။ သူဟာ သူမရဲ့ ဆန္ဒကို မငြင်းချင်ပါ။
နောက်ဆုံးမှာတော့
ဇီရိုးမျက်နှာပေါ်မှာ အပြုံးတွေ ရောက်လာတယ်။ နှုတ်ခမ်းလေးကို အနည်းငယ် လှုပ်လိုက်တာဖြစ်သော်လည်း မြင်သူတိုင်းရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်။
"ကဲ...၊ လာ...၊ အစားလေး အရင်စားဦး...။ မင်းစားချင်တာ ငါ့ပြော...၊ ငါ ချက်ကျွေးမယ်...။ ငါ့လက်ရာက ကြယ်ငါးပွင့်ဟော်တယ်က စားဖိုမှူ းတွေရဲ့ လက်ရာကို မှီတယ်...၊ ဘာမှတ်လဲ...။''
ဟန်ဆန်းက သူမ စားချင်လာအောင် ဆွဲဆောင်လိုက်တယ်။
ဟန်ဆန်းဟာ
ဇီရိုးကို စည်းရုံးနေတယ်။ အမှန်တော့ သူဟာ အချက်အပြုတ် ညံ့ပါတယ်။ သူကျွမ်းတာ စတူးဟင်းနဲ့ အသားကင်ပါ။ သူစားချင်တဲ့ အသားကို ဒီနှစ်နည်းနဲ့ လုပ်ခွင့်မရရင် သူဟာ အစိမ်းပဲ စားခဲ့ရပါတယ်။
သူဟာ ဇီရိုးအတွက် အခွံနီပုစွန်တကောင်ကို ကင်ပေးဖို့ စိတ်ကူးလိုက်တယ်။ သူမက စားပွဲပေါ်မှာ မေးထောက်ပြီး သူ့ကို ကြည့်နေတယ်။ ဟန်ဆန်းက ပုစွန်ကို အခွံခွာပြီး အပိုင်းတပိုင်းကို ကင်လိုက်တယ်။ ပြီးနောက် သူမကို ခွန့်ကျွေးလိုက်တယ်။ သူမဟာ ပါးစပ်လေးဟကာ ဇွန်းတဇွန်းစာ ပုစွန်ကို အမြန် စားလိုက်တယ်။ သူမဟာ မျက်လုံးလေးပိတ်ကာ ပျော်နေရှာတယ်။
ဟန်ဆန်းဟာ
သူမကို ကြည့်ပြီး ဝမ်းနည်းသွားတယ်။ ဇီရိုးဝတ်ထားတဲ့ အဝတ်အစားတွေက လွန်ခဲ့တဲ့ နှစ်အတန်ကြာက သူဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေပါ။ သူပြန်တွေးကြည့်လိုက်တော့ သူမကို ပထမဆုံးအကြိမ် မဟာမိတ်ကို ခေါ်လာတုန်းက သူဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေပါ။ သူဟာ သူမကို ဂရုမစိုက်သလို ဖြစ်ခဲ့တယ်။ ပစ်ထားသလို ဖြစ်ခဲ့တယ်။ သူမမှာ အဝတ်အစားနှစ်စုံသာရှိတယ်။ အဝတ်အစားတွေဟာ ဟောင်းနွမ်းပြီး အရောင်တွေလွင့်ပြယ်နေပြီ။ မူလအရောင်ကို ဝယ်ပေးခဲ့တဲ့ သူတောင် မမှတ်မိတော့ပါ။ ဒါဟာ အကြိမ်များစွာ လျှော်ဖွတ်ခြင်းခံခဲ့ရတဲ့ သင်္ကေတပါ။
စားသောက်ပြီးနောက်
ဟန်ဆန်းဟာ ဇီရိုးကို အဝတ်အစားအသစ်တွေဝယ်ပေးဖို့ နတ်သမီးရဲတိုက်ဈေးသို့ ခေါ်သွားခဲ့တယ်။ အဝတ်အစားတွေဝယ်ပေးပြီးနောက် သူမကို ပြန်လိုက်ပို့ပြီး အဝတ်အစားလဲခိုင်းလိုက်တယ်။ သူမဟာ အရင်ကထက် ပိုလှသွားတယ်လို့ ထင်မိခဲ့တယ်။
"မိန်းကလေးဆိုတာ ဒီလိုမှပေါ့...။''
ဟန်ဆန်းက သူ့ကိုယ်သူ ပြောလိုက်တယ်။
ဇီရိုးမှာ သူမှတပါး တွယ်တာစရာမရှိပါ။ သူမကို အရင်လို တယောက်တည်း အထီးကျန်အောင် မထားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူမဟာ အရင်ကထက် ပိုသန်မာလာတာကိုလည်း သတိထားမိပါတယ်။
-------- --------- -------- ------- --------
သူဟာ ဇီရိုးကို ကျောက်သလင်းရွက်လှေသို့ ခေါ်လာခဲ့တယ်။ သူတို့ဟာ သန္ဓေပြောင်းသားရဲတွေကို အမဲလိုက်ဖို့ ပင်လယ်နက်ပိုင်းသို့ ရွက်လွှင့်ခဲ့တယ်။ သူဟာ လမ်းမှာ ဒွန်တွဲဓားသိုင်းကို လေ့ကျင့်လာခဲ့တယ်။ သူဟာ အနီးအနားက နေရာတွေကို ပြဲပြဲစင်အောင် သွားပြီးဖြစ်သော်လည်း ရေအောက်ရဲတိုက်ဆီကိုတော့ မသွားရဲသေးပါ။
ရေနေသားရဲတွေဟာ
အုပ်စုလိုက်နေလေ့ရှိတယ်။ အရေအတွက်က ရေတွက်လို့ မရလောက်အောင်ကို များတယ်။ သူဟာ အဆင့်မြင့်သားရဲတွေကို အမဲလိုက်ချင်ရင် တကောင်တည်းနေတဲ့ (သို့မဟုတ်) သင်းကွဲနေတဲ့ သားရဲမျိုးကို လိုက်ရှာရတယ်။
ဇီရိုးဟာ ထောင့်တထောင့်မှာ တိတ်ဆိတ်စွာ ထိုင်ရင်း ဒွန်တွဲဓားသိုင်းလေ့ကျင့်နေတဲ့ ဟန်ဆန်းကို ကြည့်နေတယ်။ သူမဟာ နှင်းဧကရီနဲ့ စကားပြောဖို့ စိတ်မဝင်စားပါ။
-------- --------- -------- ------- --------
ရွက်လှေကို ရွက်လွှင့်ခဲ့တာ ရက်အတော်ကြာခဲ့ပြီ။ တရက်မှာတော့ ဟန်ဆန်းဟာ ဧရာမမီးအိမ်ကြီးနဲ့တူတဲ့ ရေခူကြီးတကောင်ကို တွေ့ခဲ့တယ်။ ရေခူကြီးဟာ ရေထုကို ထိုးခွင်းပြီး လျင်မြန်စွာ သွားနေတယ်။ သူသွားနေပုံက ကြည့်လို့ပင် အတော်ကောင်းပါတယ်။
"ရေခူတွေက ရေထဲမှာ အများကြီးပဲ...။ သူတို့တွေက အုပ်စုလိုက်နေတာများတယ်...။ ဒီလို တကောင်တည်းတွေ့ဖို့ဆိုတာ မလွယ်ဘူး...။''
ဟန်ဆန်းဟာ
ဘာလုပ်ရမလဲလို့ အလေးအနက် တွေးလိုက်တယ်။ ပြီးနောက် ရွှေဂဏန်းချပ်ဝတ်တန်ဆာနဲ့ ဂလိုက်ကို ဆင့်ခေါ်လိုက်တယ်။ ပြီးနောက် ကျောက်သလင်းရွက်လှေမှ ထွက်ခွာကာ ရေခူကြီးဆီသို့ ရေကူးပြီး သွားခဲ့တယ်။
သူ့အနီးမှာ အခြားသားရဲတွေ မရှိသော်လည်း ဟန်ဆန်းဟာ ချပ်ဝတ်တန်ဆာနဲ့ ဂလိုက်ကို အကာအကွယ်ရအောင် ဝတ်ဆင်လာခဲ့တယ်။ ကျောက်သလင်းရွက်လှေရှိတာကြောင့် မနိုင်ရင် ပြေးစရာနေရာ သူ့မှာ ရှိပါတယ်။
သမုဒ္ဒရာထဲမှာ
သားရဲမျိုးစုံရှိနေတာရယ်၊ ရေကူးနေစဉ် ရေစီးကြောင်းပြောင်းနေတာရယ်ကြာင့် သူရှိနေမှုကို အခြားသားရဲတွေဟာ ဗြုန်းခနဲ သတိမပြုမိကြပါ။
မီးအိမ်ကြီးတလုံးနဲ့တူတဲ့
ရေခူကြီးဟာ ဖြည်းညှင်းစွာ ကူးခတ်နေတယ်။ တခါတရံ ရေပေါ်ကို တက်လိုက်၊ ရေအောက်ကို ဆင်းလိုက် လုပ်နေတယ်။ ရေခူကြီးဟာ ဟန်ဆန်း အနားကပ်လာတာကို သတိပြုမိပုံမပေါ်ပါ။
"ဒီရေခူဟာ အတော်နမော်နမဲ့နိုင်တာပဲ...။ အဆင့်မြင့်သားရဲတော့ မဖြစ်နိုင်ဘူး...။''
ဟန်ဆန်းဟာ
ရေခူကြီးအနီးသို့ ချဉ်းကပ်သွားတယ်။ ဒါပေမဲ့ ခရမ်းရောင်လက်သည်းတွေကိုတော့ မဆင့်ခေါ်ခဲ့ပါ။ သူဟာ ရေခူကြီးနဲ့ အနီးဆုံးနေရာသို့ ရောက်အောင်သွားပြီး ရေခူကြီးရဲ့ စက်ဝိုင်းခြမ်းပုံခန္ဓာကိုယ်ကို လက်သီးနဲ့ ထိုးလိုက်တယ်။
ခရမ်းရောင်လက်သည်းတွေမှာ အဆိပ်ပါတယ်။ ဟန်ဆန်းဟာ အဆိပ်ကို မကြောက်သော်လည်း အဆိပ်မိသားရဲတွေရဲ့ အသားဟာ အရသာ မရှိပါ။ အဲ့ဒါကြောင့် ဟန်ဆန်းဟာ ယင်အားကိုသာ အသုံးပြုလိုက်တယ်။ ဒါမှ ကင်လိုက်တဲ့အခါ စားကောင်းမှာပါ။
ရေခူကြီးရဲ့ ခန္ဓာကိုယ်ဟာ
အလင်းဖောက်နိုင်လောက်အောင် ကြည်နေပြီး တုန်တုန် တုန်တုန် ဖြစ်နေတယ်။ သူဟာ ရေခူကြီးကို လက်သီးနဲ့ ထိုးလိုက်တယ်။ သူ့လက်သီးဟာ ရွံ့တုံးကြီးကို ထိုးမိသလို ခံစားလိုက်ရပြီး သူ့ယင်အားဟာ သုံးစားမရ ဖြစ်သွားတယ်။ တချိန်တည်းမှာပဲ တစုံတရာက သူ့လက်သီးနဲ့ လက်မောင်းကို ခန္ဓာကိုယ်ကနေ ဆွဲဖြုတ်နေသလို ခံစားလိုက်ရတယ်။
ဟန်ဆန်းရဲ့ မျက်နှာဟာ
ရုတ်တရက် ရှုံ့မဲ့သွားတယ်။
သူဟာ သူ့လက်သီးကို ပြန်ဆွဲနုတ်ချင်တယ်။ ဒါပေမဲ့ ရေခူကြီးက ပြန်မလွှတ်ပေးပါ။ သူ ဘယ်လိုပဲ ပြန်ဆွဲ ပြန်ဆွဲ...၊ ရေခူကြီးသာ တန်းလန်း တန်းလန်း ပါလာတယ်။ လက်သီးကိုတော့ ပြန်နုတ်လို့ မရခဲ့ပါ။
ရေခူကြီးရဲ့ လက်တံတွေဟာ
ဟန်ဆန်းအနီးမှာ ဝိုင်းလာပြီး ဟန်ဆန်းကို ဖမ်းဆီးချုပ်နှောင်လိုက်တယ်။ ရေခူကြီးရဲ့ ခန္ဓာကိုယ်မှ လျှပ်စစ်ဓာတ်တွေထွက်လာတယ်။ ဟန်ဆန်းရဲ့ ခန္ဓာကိုယ်ဟာ ကျဉ်ခနဲ ကျဉ်ခနဲ ဖြစ်ကာ သိမ့်သိမ့်တုန်သွားတယ်။ ဟန်ဆန်းဟာ သူ့ကိုယ်သူ ထိန်းချုပ်လို့ မရတော့ပါ။ သူ့ပါးစပ်ဟာ ရုတ်တရက် ဟသွားတယ်။ ပါးစပ်ထဲကို ဆားငံရေတွေ ဝင်လာတယ်။ သူဟာ ဆားငံရေတွေကို မျိုချလိုက်ရပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------