အခန်း (၁၉၆)
-------- --------- -------- ------- --------
ဖင်ချင်က ပြောလိုက်ပါတယ်။
"စည်းမျဉ်းအရ ထွတ်မြတ်သွေးသားရဲဝိဉာဉ်နှစ်ခုကို လေလံပွဲမှာ ပြထားမယ်...။ ဒါပေမဲ့...ရှင်လိုချင်ရင်... ကျမက ရှင့်ကို ကြိုရောင်းပေးလို့ရတယ်...။ ခန့်မှန်းခြေဈေးနဲ့ အရောင်းအဝယ်လုပ်လို့ရတယ်...။ ဒီလုပ်ငန်းက ကျမတဦးတည်းပိုင်,မဟုတ်ပေမဲ့... ဒါလောက်တော့... လုပ်ပေးလို့ရတယ်...။''
"ဘယ်ဈေးလဲ...။''
ဟန်ဆန်းက ထပ်မေးလိုက်ပါတယ်။ ဖင်ချင်က ဖုန်းထုတ်ပြီး ဈေးနှုန်းစာရင်းကို ပြလိုက်ပါတယ်။
မှိန်းရဲ့ဈေးနှုန်းကို မြင်တဲ့အခါ
ဟန်ဆန်းက တူးတူးခါးခါး ပြောလိုက်ပါတယ်။
"သန်း ၂၃၀..., ငါ မတတ်နိုင်ဘူး...။''
သူ့ပိုင်ဆိုင်မှုတွေအားလုံးပေါင်းလိုက်ရင် သန်း ၆၀ ကျော်ပါတယ်။ သူ့မှာ ဝါးဖရိမ်သုံးစီးရှိပါတယ်။ ဆေးဗားကေလာနဲ့ အပြာရောင်SKTSကို ရောင်းဖို့ အစီအစဉ်မရှိပါ။ ကျန်တဲ့ SKTS တစီးကို ရောင်းရင်... သန်း၇၀ ရပါမယ်။ သန်း ၆၀ နဲ့ သန်း ၇၀...။ နှစ်ခုပေါင်း သန်း ၁၃၀ က ကြမ်းခင်းစျေး သန်း ၂၃၀ ပြည့်ဖို့ သန်း ၁၀၀ လိုပါသေးတယ်။
"ကောင်းကင်၏သားတော်တို့လိုလူတွေလာမှာမို့ ကြမ်းခင်းစျေးကို သန်း ၂၃၀ လောက်တင်ထားတာ...။''
ဖင်ချင်က ပြောလိုက်ပါတယ်။
"ရှင်တကယ်လိုချင်ရင်... ကျမက ရှင့်ကို ဝန်ထမ်းလျှော့ဈေး သန်း ၁၈၀ နဲ့ ပေးမယ်...။''
ဟန်ဆန်းဟာ...
သားရဲဝိဉာဉ်ရောင်းဝယ်ရေး လုပ်ငန်းရဲ့ အမြတ်ပမာဏကို နားလည်သွားပါတယ်။ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ဟာ ဘယ်လောက်တန်ဖိုးရှိမှန်းလည်း သိသွားပါတယ်။
ဟန်ဆန်းဟာ...
အတွေးထဲမှာ နစ်မျောရင်း တိတ်ဆိတ်သွားပါတယ်။
ထိုစဉ်...
ဖင်ချင်က တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်ပါတယ်။
"ရှင့်မှာ ပိုက်ဆံမလောက်ရင်... ကျမ အကြံတခုပေးမယ်...။ အာ့ဆို..., ရှင်တပြားမှ မကုန်ဘဲ အဲ့မှိန်းကို ရမယ်...။''
"ဘာအကြံလဲ...။''
ဟန်ဆန်းဟာ...
အနည်းငယ်အံ့အားသင့်သွားပါတယ်။
"ရှင်..., ကျမတို့ကုမ္ပဏီမှာ ၂နှစ် အလုပ်လုပ်ရမယ်...။ ကျမတို့နဲ့အလုပ်လုပ်ဖို့ စာချုပ်,ချုပ်ပြီးသွားရင် အဲ့မှိန်းကို လစာအဖြစ်ပေးမယ်...။ ဘယ်လိုလဲ...။''
ဖင်ချင်က ဟန်ဆန်းကို ကြည့်ရင်း စကားကို တလုံးချင်း ဖြည်းညှင်းစွာ ပြောလိုက်ပါတယ်။
ဟန်ဆန်းဟာ...
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရယ်လိုက်ပါတယ်။
"ငါ... တနှစ်ကို သန်းတရာ တန်မှန်း... ငါ မသိခဲ့ဘူး...။''
ဖင်ချင်က ပြောလိုက်ပါတယ်။
"ရှင်က SKTSရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်ရင်တောင်မှ... ရှင့်ကို ဒီဈေးနဲ့ငှါးဖို့ ကျမစိတ်မဝင်စားဘူး...။ မကောင်းဆိုးဝါး သဲကန္တာရမှာ ရှင့်ရဲ့အစွမ်းတွေကို မြင်ပြီးတဲ့နောက်မှာ... ရှင်က ကျမတို့လုပ်ငန်းကို အများကြီးအထောက်အကူပြုနိုင်တယ်လို့ ယုံကြည်လို့ ရှင့်ကို ငှါးမှာ...။ ရှင်... ကျမနဲ့... လုပ်ချင်လား...။''
အနက်ရောင်သိမ်းငှက်ကို အကြောင်းရှာပြီး သူမပြောင်းလာတဲ့ ရည်ရွယ်ချက်ထဲမှာ ဟန်ဆန်းကို ငှါးဖို့လည်း ပါပါတယ်။
"ကျေးဇူးတင်တယ်... ညီမ...။ လောလောဆယ်... ငါ,စိတ်မဝင်စားသေးဘူး...။''
ဟန်ဆန်းဟာ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းငြင်းပယ်လိုက်ပါတယ်။
သူမရဲ့လူတွေဟာ...
ရဲတိုက်ပေါင်းစုံကို လှည့်လည်ခရီးထွက်ပြီး အဆင့်မြင့် သားရဲတွေကို ''သားရဲဝိဉာဉ်ရောင်းဝယ်ရေးလုပ်ငန်း''အတွက် ရှာဖွေကြပါတယ်။ ဒါပေမဲ့... သူမတို့က အသက်အန္တရာယ်တွေ့တဲ့အထိတော့ မစွန့်စားကြပါ။ ထို့ကြောင့်... သူမတို့လုပ်ငန်းမှာ ဟန်ဆန်းလိုလူတွေ အများကြီးလိုအပ်နေပါတယ်။
"ရှင်ကလည်း... စိတ်ကြီးပဲ...။ အမြန်မငြင်းနဲ့လေ...။ ဒီအကြောင်းကို ရှင်အေးအေးဆေးဆေး စဉ်းစားဦးလေ...။ လစာကို ညှိလို့ရတယ်ရှင့်...။ ဟွန့်..., လူကြီးကိုက...။''
ဟန်ဆန်းက ငြင်းသော်လည်း ဖင်ချင်က လက်မလျှော့ပါ။
"ညီမ..., ငါမလုပ်ချင်လို့ပါ...။''
ဟန်ဆန်းက...
သူမရဲ့ကမ်းလှမ်းမှုကို ပယ်ချဖို့ ယတိပြတ် ဆုံးဖြတ်ထားပါတယ်။
ဟန်ဆန်းငြင်းလိမ့်မယ်လို့ ဖင်ချင်,မမျှော်လင့်ခဲ့ပါ။ ဒါပေမဲ့... ဖင်ချင်ဆိုတာကလည်း လွယ်လွယ်နဲ့လက်လျှော့တတ်သူ မဟုတ်ပါ။
"ကောင်းပြီလေ...။ ရှင်မလုပ်ချင်လည်း အခြားတခု ပြောင်းပြောကြတာပေါ့...။ ရှင်စိတ်ပြောင်းသွားရင်... အချိန်မရွေး... ကျမနဲ့ လာလုပ်လို့ရတယ်...။''
ဖင်ချင်က ဝိုင်ပုလင်းကို ဖွင့်ပြီးခွက်နှစ်ခွက်ထဲကို လောင်းထည့်လိုက်ပါတယ်။
ဖင်ချင်က တငုံသောက်ကာ
သူမဖန်ခွက်ကို မြှောက်ပြီး ပြောလိုက်ပါတယ်။
"ကုမ္ပဏီအဖွဲ့ဝင်တယောက်အနေနဲ့ အလုပ်ကိစ္စ ပြောပြီးသွားပြီ...။ အခု ကျမတို့ ကိုယ်ရေးကိုယ်တာအကြောင်း ပြောကြရအောင်...။''
"ဘာကိုယ်ရေးကိုယ်တာလဲ...။''
ဟန်ဆန်းက ဖင်ချင်ကို ပဟေဠိဆန်စွာ ကြည့်လိုက်ပါတယ်။
ရုတ်တရက်...
ဖင်ချင်က ဟန်ဆန်းရဲ့လက်မောင်းကို ဆွဲယူပြီး သူမရင်ဘတ်နဲ့ကပ်ကာ ညို့အားပြင်းတဲ့အပြုံးနဲ့ မေးလိုက်ပါတယ်။
"အကိုဟန်..., အကို့မှာ ရည်းစားရှိလား...။ မရှိရင် ဖင်ချင့်ကို စဉ်းစားပေးပါလား...။''
သူငုံထားတဲ့ ဝိုင်တွေဟာ...
ဖင်ချင်အပေါ်ကို အော့အန်ထွက်ကုန်ပါတယ်။
ဟန်ဆန်းဟာ...
သူမကိုယ်ပေါ်မှာ ပေသွားတဲ့ဝိုင်တွေကိုသုတ်ဖို့ စနိုးတာဝါတချို့ကို အမြန်ယူလိုက်ပါတယ်။ ဒါပေမဲ့... တခုခုမှားနေပြီလို့ ဟန်ဆန်းခံစားမိလိုက်ပါတယ်။ စနိုးတာဝါရဲ့အောက်မှာ အိထွားတဲ့စနေနှစ်ခိုင် ရှိနေပါတယ်။ သူသုတ်လိုက်တိုင်း ထိုစနေနှစ်ခိုင်ဟာ လှုပ်ခုန်နေပါတယ်။
"ရှင်...''
ဖင်ချင်ရဲ့ပါးပြင်ဟာ ကြက်သွေးရောင်ပြောင်းသွားပါတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဖင်ချင်,မထင်ခဲ့ပါ။
"ဆောရီး..., ဆောရီး..., ငါ မရည်ရွယ်ပါဘူး...။''
ဟန်ဆန်းဟာ...
သူ့လက်တွေကို အမြန်ရုပ်လိုက်ပါတယ်။
ဖင်ချင်ဟာ...
နှုတ်ခမ်းကိုကိုက်ပြီး ဟန်ဆန်းကို ဒေါသတကြီးစိုက်ကြည့်ကာ ဝိုင်စိုသွားတဲ့အင်္ကျီကို လက်နှစ်ဖက်နဲ့ အုပ်လိုက်ပါတယ်။
"ညီမ..., အချိန်လင့်နေပြီ...။ ပြန်ကြရအောင်...။ နောက်တခါတွေ့မှ ထပ်ပြောကြတာပေါ့...။''
ဟန်ဆန်းက ပြောလိုက်ပါတယ်။
သူတို့နှစ်ယောက်က...
စစ်တက္ကသိုလ်မှာပါ။ အခုအချိန်မှာ... ဖင်ချင်က တခုခုထအော်ရင်... သူ,ကံဆိုးမိုးမှောင်ကျနိုင်ပါတယ်။
"အင်း..., နောက်တခါ ထပ်တွေ့ကြတာပေါ့...။''
ဖင်ချင်လည်း...
ဒီနေရာမှာ ထပ်မနေချင်တော့ပါ။ သူမက သူ့ကို စချင်ရုံသက်သက်ပါ။ လူကိုတော့ မပေးနိုင်ပါ။
-------- --------- -------- ------- --------
"ဟင်း..., ဟင်း..., ဟင်း..., ကျမလက်က လွတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး..., ရှင်ရယ်...။''
စိတ်အနှောက်အယှက်ဖြစ်ကာ... သီးသန့်ခန်းထဲက ထွက်လာပြီးနောက်...
ဖင်ချင်ဟာ..
ဟန်ဆန်း,စနိုးတာဝါနဲ့ ပွတ်သတ်သွားတဲ့ စနေနှစ်ခိုင်ဆီကို စိတ်ရောက်သွာပါတယ်။
ထိုအခါ...
သူမမျက်နှာဟာ အနီရောင်အဝတ်စတခုလို နီရဲသွားပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ...
ခပ်ဝေးဝေးရောက်အောင် ခပ်သွက်သွက် လမ်းလျှောက်ပြီးနောက် သူ့လက်တွေကို ကြည့်လိုက်ပါတယ်။
"တင်းအိနေတာပဲ...။''
-------- --------- -------- ------- --------
ဖင်ချင်က တွက်ချက်တတ်တဲ့မိန်းမ...။ ဟန်ဆန်းက ထက်မြက်တဲ့ယောက်ကျား...။ သူက သူမရင်သားတွေကို လာထိတဲ့အခါ... ရုတ်တရက်တော့... သူမဟာ သူ့ကို သတ်ချင်စိတ်ပေါက်သွားပါတယ်။ ဒါပေမဲ့... သူ့ရှေ့မှာ သူမရဲ့စိတ်ခံစားချက်ကို မဖော်ပြခဲ့ပါ။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ...
ဖလက်မီးမှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ သူ့ဖုန်းကို တချက်ကြည့်လိုက်ပါတယ်။ တယောက်ယောက်က မက်ဆေ့ ပို့ထားပုံရပါတယ်။
ဖင်ချင်ပေးခဲ့တဲ့ မံမိုရီကဒ်ကို ကော်ပီကူးပြီး ဂျီရန်လန်ကို ပြလိုက်ရင်... အမြတ်နည်းနည်းတော့ ရနိုင်ပါတယ်။
"မဟုတ်ဘူး...။ အမြတ်များများရမှာ...။''
ဟန်ဆန်းက အမှန်ပြင်တွေးလိုက်ပါတယ်။
ဂျီရန်လန်ရဲ့ဓနအင်အားဟာ မသေးနိုင်ပါ။ ဒါပေမဲ့... ဖင်ချင် ထက်သေးတာတော့ ရှိပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ...
အဆောင်ကို ပြန်ခဲ့ပါတယ်။ အဆောင်ရောက်တဲ့အခါ စကားများနေတဲ့ ရှီဇီခန်ကို တွေ့ပါတယ်။
"ဆန်း..., မင်းကတော့ အချိန်ကိုက်ကွက်တိကို ရောက်လာတာပဲ...။ ဒါနဲ့စကားမစပ်..., ဆော်လေးတဗွေ... ကျောင်းပြောင်းလာတာ မင်းသိပြီးပြီလား...။''
"ကျောင်းပြောင်းလာတဲ့ဆော်..., ဟုတ်လား...။''
ဟန်ဆန်းက...
အံ့အားသင့်ချင်ယောင်ဆောင်လိုက်ပါတယ်။
ရှီဇီခန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
"ဟုတ်တယ်...။ ဆော်လေးက အချောလေး...။ နာမည်က... ဟွမ်ဖူဖင်ချင်... တဲ့...။ အရမ်းမိုက်တယ်...။ အထူးသဖြင့်... သူမရဲ့ဟိုဟာ...။ သူမက ငါတို့တက္ကသိုလ်ရဲ့ ရင်သားအလှဘုရင်မ ဖြစ်သွားပြီ...။ သူမကို မြင်တဲ့လုတိုင်း အရူးတပိုင်း ဖြစ်သွားကြတယ်...။ သူမရဲ့ဟိုဟာနှစ်ခုကို ထိခွင့်ရရင်... ငါ့ဘဝရဲ့ဆယ်နှစ်စာတောင် ပေးလိုက်ချင်တယ်..., တကယ်...။''
"ဆယ်နှစ်...''
ဟန်ဆန်းဟာ...
သူ့ညာလက်ကို အမှတ်မထင် ကြည့်မိသွားပါတယ်။
"မအိုခေဘူး...။ ငါ့ဘဝရဲ့နှစ်ပေါင်းများစွာ ပေးရမယ့်ကိန်းပဲ....။ မလွယ်ဘူး..., ဟူးစ်...။''
🐱🐱🐱🐱🐱🐱
အခန်း (၁၉၇)
-------- --------- -------- ------- --------
အခုတေလာ...
ချူ ချူ ဟာ မပျော်မရွှင် ဖြစ်နေပါတယ်။ သူမဟာ ဖြူမည်းလက်ဝှေ့ ပြိုင်ပွဲရဲ့ အလုပ်သင်အစီအစဉ်တင်ဆက်သူ ဖြစ်သလို သတင်းစာဆရာမတယောက်လည်း ဖြစ်ပါတယ်။ သူမက နာမည်ကျော်အစီအစဉ်တင်ဆက်သူ''ဖန်မင်ကွမ်''လက်အောက်မှာ အလုပ်လုပ်ပါတယ်။
အစက...
သူမအရည်အချင်းနဲ့ဆိုရင်...
နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ ဖန်မင်ကွမ်ဆီမှာ အလုပ်ရဖို့ မဖြစ်နိုင်ပါ။ ထင်ရှားတဲ့မိသားစုနောက်ခံကြောင့်သာ ဖန်မင်ကွမ်လက်အောက်မှာ အလုပ်လုပ်ခွင့်ရခဲ့တာပါ။
ဖန်မင်ကွမ်ရဲ့လက်အောက်မှာ သူမရဲ့ပင်ကိုအရည်အချင်းကို ထုတ်ပြခွင့်ရမယ်လို့... ချူချူ ထင်ထားပါတယ်။ ဒါပေမဲ့... ဖန်မင်ကွမ်က သူမကို ပထမဆုံးပေးတဲ့တာဝန်က... အနက်ရောင်သိမ်းငှက်စစ်တက္ကသိုလ်ကိုသွားဖို့ ဖြစ်ပါတယ်။
စကိုင်းနက်မှာကျင်းပမယ့် ဖြူမည်းလက်ဝှေ့ပြိုင်ပွဲကို နာမည်ကြီးဂိမ်းပလက်ဖောင်းတခုက စပွန်ဆာပေးထားပါတယ်။ နာမည်ကျော်စစ်တက္ကသိုလ်တွေကို ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ချူချူ မျှော်လင့်ထားတာက...
ဖန်မင်ကွမ်က သူမကို မနှစ်က ပထမ/ဒုတိယရထားတဲ့ စစ်တက္ကသိုလ်တွေကို လွှတ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့... ဖန်မင်ကွမ်က သူမကို အနက်ရောင်သိမ်းငှက်စစ်တက္ကသိုလ်သို့ စေလွှတ်ခဲ့ပါတယ်။ အနက်ရောင်သိမ်းငှက်ဟာ ၁၆ သင်း အဆင့်တောင် မနှစ်က မဝင်ခဲ့ပါ။ သူမက ငြင်းချင်သော်လည်း ဖန်မင်ကွမ်က သူမကို ထိုအနက်ရောင်သိမ်းငှက်သို့သာ စေလွတ်ခဲ့ပါတယ်။ အံ့အားသင့်စရာတခု ဖြစ်လိမ့်မယ်လို့တောင် သူက ပြောလိုက်ပါသေးတယ်။
အံ့အားသင့်စရာတခုခုကို ထိုတက္ကသိုလ်မှာ တွေ့ရလိမ့်မယ်လို့... ဝှမ်ချူချူ မထင်ပါ။ သူမက အနက်ရောင်သိမ်းငှက်ရဲ့ ပွဲစဉ်တွေကို ရှာပြီးကြည့်လိုက်ပါတယ်။ အနက်ရောင်သိမ်းငှက်ဟာ ပထမဆုံးပွဲစဉ်အနေနဲ့ သူ့ရဲ့ဂန္ထဝင်ပြိုင်ဘက် စိန့်ဂျာမိန်စစ်တက္ကသိုလ်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ စိန့်ဂျာမိန်က နောက်ဆုံးလေးသင်းအဆင့်ကို မနှစ်က ရောက်ခဲ့ပါတယ်။
ယေဘုယျအားဖြင့်...
စိန့်ဂျာမိန်ဟာ ရိုးရားသိုင်းကောင်းပါတယ်။ အထူးသဖြင့်... ဖြူမည်းလက်ဝှေ့ မှာ ပိုကောင်းပါတယ်။ ရိုးရာသိုင်းပြိုင်ပွဲ မျိုးကွဲအားလုံးမှာလည်း လေးသင်းအဆင့် ဝင်နေကျပါ။ ဒါပေမဲ့... တဦးချင်းပြိုင်ပွဲမှာတော့ ဒုတိယသာ အမြင့်ဆုံးရဖူးပါတယ်။ အစဉ်အလာအရပဲကြည့်ကြည့်..., သမိုင်းကြောင်းအရပဲကြည့်ကြည့်..., စိန့်ဂျာမိန်ဟာ အနက်ရောင်သိမ်းငှက်ကို မတော်တဆတောင် ရှုံးစရာအကြောင်း မရှိပါ။
ဖန်မင်ကွမ်ဟာ...
ကျောင်းနာမည်မှားပြီး သူမကို လွတ်ခဲ့တာလားလို့တောင်... ဝှမ်ချူချူ သံသယဝင်မိပါတယ်။ တကယ်တော့... သူမဟာ အခုအချိန်မှာ အနက်ရောင်သိမ်းငှက်မှာ မရှိဘဲ... စိန့်ဂျာမိန်မှာ ရှိရမှာပါ။
ဝှမ်ချူချူ ဟာ ဖန်မင်ကွမ်ကို စိန့်ဂျာမိန်အကြောင်း အရိပ်အမြွက်ပြောသော်လည်း... ဖန်မင်ကွမ်က ကြားပုံမပေါ်ပါ။ သူမကိုသာ အနက်ရောင်သိမ်းငှက်သို့ ပို့လိုက်ပါတယ်။
"ကောင်းပြီလေ..., ဘာပဲဖြစ်ဖြစ်... ဖြူမည်းလက်ဝှေ့ချင်း အတူတူပဲ...။ ငါက စိန့်ဂျာမိန် ကို အသားပေးပြီး တင်ဆက်လိုက်မယ်...။''
ဝှမ်ချူချူ က အနက်ရောင်သိမ်းငှက်ကို မျှော်လင့်ချက်ကြီးကြီးမားမားမထားပါ။
အနက်ရောင်သိမ်းငှက်ဟာ အစကတည်းက ရိုးရာသိုင်း မကောင်းပါ။ ဖြူမည်းလက်ဝှေ့မှာ ပိုဆိုးပါတယ်။ ဒီကြားထဲ ''ရှင်နည်းတဲ့အထဲ အဂ္ဂလူထွက်''ဆိုသလို အဓိကကစားသမားတွေကလည်း ဒုတိယနတ်ဘုရားကမ္ဘာကို တက်သွားပါပြီ။ ထို့ကြောင့်... အရည်အချင်းနည်းနည်းပါးပါးရှိသူဆိုလို့ ''ကွေးရန်ဇိုင်ရိုဇမ်'' တယောက်သာ ကျန်ပါတော့တယ်။
ကွေးရန်ဇိုင်ရိုဇမ်ဟာ
မနှစ်က တဦးချင်းပြိုင်ပွဲမှာ ဆယ်ယောက်စာရင်းဝင်ခဲ့ပါတယ်။ သူရှိပေမဲ့... အုပ်စုလိုက်ပြိုင်ပွဲတွေမှာ... သူတယောက်တည်းနဲ့ ပွဲအဖြေကို မပြောင်းနိုင်ပါ။
-------- --------- -------- ------- --------
စိတ်ပျက်နေသော်လည်း...
ဝှမ်ချူချူ ဟာ အင်တာဗျူ တခုလုပ်ပြီး ကစားသမားတွေကို ကြိုတင်မိတ်ဆက်ပေးဖို့ အနက်ရောင်သိမ်းငှက်ကို တာဝန်အရ လာခဲ့ရပါတယ်။
ဝှမ်ချူချူဟာ
သတင်းထောက်ကဒ်ပြားကို ကိုင်ပြီး ကျောင်းဝင်းထဲကို ဝင်လာခဲ့ပါတယ်။ အနက်ရောင် သိမ်းငှက်ရဲ့ အလွန်တရာကျယ်ဝန်းတဲ့ ကျောင်းဝင်းထဲမှာ သူမဟာ လမ်းပျောက်နေပါတယ်။ အနက်ရောင်သိမ်းငှက်ဟာ မြို့တမြို့စာလောက် ကျယ်ပါတယ်။ ဖြူမည်းလက်ဝှေ့ကစားသမားတွေ ဘယ်နေရာမှာ လေ့ကျင့်နေလဲ။ သူမ မသိပါ။
ရောက်တတ်ရာရာလျှောက်သွားရင်း... ဝှမ်ချူချူ ဟာ စိမ်းလန်းဇုံတခုသို့ ရောက်ခဲ့ပါတယ်။ ထိုစိမ်းလန်းဇုံမှာ ကျောင်းသားတွေအများကြီး တွေ့ရပါတယ်။ တချို့က အဖွဲ့လိုက်ပါ...။ တချို့က အတွဲနဲ့ပါ..။ သူမရပ်နေတဲ့နေရာနဲ့ မနီးမဝေးမှာ..., ကျောင်းသားတယောက်ဟာ ခုံတန်းရှည်တခုပေါ်မှာ တယောက်တည်းထိုင်ပြီး စာဖတ်နေပါတယ်။
-------- --------- -------- ------- --------
ဝှမ်ချူချူ ဟာ
ထိုကျောင်းသားဆီသို့ လမ်းလျှောက်သွားပြီး ထိုကျောင်းသားကို ဂရုတစိုက်ကြည့်ကာ စဉ်းစားလိုက်ပါတယ်။
"နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းက လာဘ်တပါးပဲ...။ ယောက်ကျားလေးတယောက်မှာလည်း... ဒီလိုအသားအရေရှိတယ်...။ အံ့ရော...!!!''
"မောင်လေး..., မင်းကိုပဲ ဒုက္ခ ပေးရတော့မယ်...။ ရိုးရာသိုင်းအသင်း ဘယ်နေရာမှာရှိလဲ...။ မင်းသိလား...။''
ဝှမ်ချူချူဟာ
စကားပြောရင်း သူမဆံပင်တွေကို အသာသပ်တင်လိုက်ပါတယ်။ သူမဟာလည်း လှပတဲ့ မိန်းမတယောက်ပါ။ ယောက်ကျားလေးတယောက်ကို လမ်းလိုက်ပြပေးအောင် လုပ်တာလောက်က သူမအတွက် ထမင်းစားရေသောက်သပါ။
ကောင်လေးက...
ဝှမ်ချူချူ ကို မော့ကြည့်ပြီး ပြုံးကာ ပြောလိုက်ပါတယ်။
"ရိုးရာသိုင်းအသင်းကို သွားချင်ရင် ဒီလမ်းအတိုင်းသွားပြီး တတိယအကွက်ကို ရောက်ရင် ဘယ်ဘက်ချိုး...။ ပြီးရင်... နှစ်ဘလောက်ဆက်ပြီးလမ်းလျှောက်...။ ပြီးရင် ညာကွေ့...''
ဝှမ်ချူချူ ဟာ...
အတော်စိတ်ရှုပ်သွားပြီး အထာလေးနဲ့ ပြုံးပြလိုက်ပါတယ်။
"မောင်လေး..., မင်းမှာ အချိန်တမိနစ်လောက် မအားဘူးလား...။ အမကို လိုက်ပို့ပေးပါလား...။ ဒီနေရာကို အမ တကယ် မကျွမ်းလို့ပါ...။''
"ဝမ်းနည်းပါတယ်...အမ...။ ကျနော့်မှာ လုပ်စရာလေးတွေ ရှိနေလို့ပါ...။ အခြားတယောက်ယောက်ကို အကူအညီတောင်းကြည့်ပါလား...။''
ထိုကောင်လေးက ပြုံးပြီး ပြောလိုက်ပါတယ်။
ဝှမ်ချူချူ ဟာ...
မခံချိမခံသာ ဖြစ်သွားပါတယ်။ သူမဟာ ငယ်ငယ်တုန်းက ကွင်းတယောက်ပါ။ နောက်ပြီး သူမက ရောက်ရာနေရာတိုင်းမှာ အလှဆုံးဘွဲ့ကို ယူလာခဲ့တဲ့ မိန်းမပါ။
ဒီမှာရှိတဲ့ ကျောင်းသားတွေထက် သူမက ကြီးသော်လည်း သူမဟာ ဆွဲဆောင်မှုရှိနေဆဲပါ။ ဒါပေမဲ့... အခုတွေ့တဲ့ ကောင်လေးက သူမရဲ့အလှကို အရေးတောင်မလုပ်ပါ။ ဒီလိုလုပ်တာကို သူမ,လက်မခံနိုင်ပါ။
လက်မလျှော့ချင်သေးတဲ့ ဝှမ်ချူချူ ဟာ တခုခုပြောဖို့ လုပ်လိုက်ပါတယ်။ ထိုစဉ်... ခုံတန်းရှည်ဆီသို့ လမ်းလျှောက်လာပြီး ကောင်လေးဘေးမှာ ဝင်ထိုင်လိုက်တဲ့ ကောင်မလေးတယောက်ကို ဝှမ်ချူချူ မြင်လိုက်ပါတယ်။ သူမက ဝှမ်ချူချူ ကို ကြည့်ပြီး ကောင်လေးကို မေးလိုက်ပါတယ်။
"သူမက ဘယ်သူလဲ...။''
ကောင်မလေးရဲ့အကြည့်ကြောင့် ဝှမ်ချူချူ ဟာ အနည်းငယ်စိတ်ရှုပ်သွားပါတယ်။ မိန်းမအချင်းချင်းတောင်မှ... ဒီကောင်မလေးဟာ အရမ်းလှတယ်လို့ သူမ,ဝန်ခံလိုက်ရပါတယ်။
ကောင်မလေးဟာ...
အသက်မကြီးသေးသော်လည်း သူမရဲ့ငယ်ရွယ်ပျိုမြစ်မှုနဲ့ အပြစ်ကင်းစင်မှုက မြင်သူတကာကို လွန်စွာဆွဲဆောင်နိုင်ပါတယ်။
"အဲ့အမက လမ်းမေးနေတာ...။''
ဟန်ဆန်းက ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။
ဂျီရန်လန်က ဝှမ်ချူချူ ကို ကြည့်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်ပါတယ်။
"အမလည်း ကျောင်းသူပဲလား...။ ဘယ်သွားမလို့လဲ...။''
ဝှမ်ချူချူ ဟာ...
သတင်းထောက်ကဒ်ကို ထုတ်ပြပြီး ပြောလိုက်ပါတယ်။
"အမက ဟောက်ဆင်းသတင်းဌာနက သတင်းထောက်ပါ...။ ရိုးရာသိုင်းအသင်းက ကျောင်းသားတွေကို အင်တာဗျူ ချင်လို့ပါ...။ သူတို့ကို ဘယ်နေရာမှာ ရှာရမှန်းမသိလို့...။''
ဂျီရန်လန်က ခဏစဉ်းစားပြီး အနီးအနားက လူငယ်တွေကို လက်ညိုးထိုးပြလိုက်ပါတယ်။
"သူတို့တွေက ရိုးရားသိုင်းအသင်းက...။ သူတို့ကို ဗျူးလို့ရတယ်...။''
ဝှမ်ချူချူ က သူမကို ကျေးဇူးတင်စကားပြောပြီး ထိုလူငယ်တွေရှိရာသို့ သွားလိုက်ပါတယ်။
-------- --------- -------- ------- --------
ကံကောင်းစွာဖြင့်...
ဒီတခါမှာတော့ အရာရာဟာ အဆင်ပြေချောမွေ့သွားပါတယ်။ သူတို့ဟာ သူမအလှမှာ ကျဆုံးပြီး သူမကို ရိုးရာသိုင်းဌာနသို့ ခေါ်ဆောင်သွားကြပါတယ်။
အသင်းက...
ပထမကစားသမားငါးယောက်ကို တရားဝင်ကြော်ငြာ ထားပြီးပါပြီ...။ ထို့ကြောင့်... အင်တာဗျူ ခွင့်ရတဲ့ အရံ ကစားသမားသုံးယောက်ကို ဝှမ်ချူချူ က စိတ်ဝင်စားခြင်းမရှိပါ။ ဒါပေမဲ့... တာဝန်အရ အင်တာဗျူးခဲ့ပါတယ်။
သူမဟာ ပထမအသင်းကိုတောင် အထင်မကြီးပါ။ ပထမကစားသမားတွေတောင် ဘာအဆင့်မှမရှိရင် အရံကစားသမားတွေဆို ဘာမှသုံးစားလို့ ရမှာမဟုတ်ပါ။
ဒါပေမဲ့...
နေ့လယ်က တွေ့ခဲ့တဲ့ ကောင်လေးအကြောင်း စဉ်းစားမိတဲ့အခါ... သူမဟာ သူ့ကို ရင်းရင်းနှီးနှီးသိနေသလို ခံစားမိပါတယ်။ ဒါပေမဲ့... ဘယ်နေရာမှာ သိခဲ့သလဲ...။ သူမ စဉ်းစားလို့မရပါ။
သူမ.. သူ့ကို... မမှတ်မိတာ...
ထူးဆန်းတာတော့ မဟုတ်ပါ။ ကြော်ငြာပေါက်ပြီးကတည်းက... ဟန်ဆန်းဟာ လူရှေ့သူရှေ့ မထွက်ခဲ့ပါ။ နောက်ပြီး ကြော်ငြာရိုက်တုန်းကလည်း သူဟာ မိတ်ကပ်သုံးခဲ့ပါတယ်။ ဒါကြောင့်... သူ့ကို သူမ မမှတ်မိတာ သဘာဝကျပါတယ်။
🐱🐱🐱🐱🐱🐱🐱
အခန်း (၁၉၈)
-------- --------- -------- ------- --------
အင်တာဗျူ ပြီးနောက်...
ဝှမ်ချူချူ ဟာ အနက်ရောင်သိမ်းငှက်ကို ပိုလို့အထင်သေးသွားပါတယ်။ အင်တာဗျူ မှာ ကွေးရန်ဇိုင်ရိုဇမ် မပါပါ။ သူ့ကို ဗျူးခွင့်ရခဲ့ရင်လည်း သူမရဲ့အထင်အမြင်ဟာ ပြောင်းလဲသွားမှာ မဟုတ်ပါ။
"ကောင်းပြီ...။ အစီအစဉ်တင်ဆက်တဲ့အခါ ထည့်ပြောလို့ရအောင် စိန့်ဂျာမိန်အကြောင်းကို မျာများရှာဖတ်ထားရမယ်...။''
တက္ကသိုလ်ပရိဝုဏ်အတွင်း...
စီစဉ်စရာရှိတာတွေကို စီစဉ်ခဲ့ပြီးမှ... ဝှမ်ချူချူ ဟာ အခန်းကို ပြန်လာခဲ့ပါတယ်။ ခဏနားပြီးနောက် သတင်းဆောင်းပါးတပုဒ်ကို ပေါ့ပေါ့ပါးပါး ချရေးလိုက်ပါတယ်။ ပြီးနောက်... စိန့်ဂျာမိန်အကြောင်း အွန်လိုင်းမှာ ရှာကြည့်လိုက်ပါတယ်။
သူမဟာ...
ဖြူမည်းလက်ဝှေ့ ပွဲတွေကို အဓိကထားပြီး ရှာဖွေခဲ့ပါတယ်။ သူမဟာ ဖြူမည်းလက်ဝှေ့ကို အမှန်အကန် စိတ်ဝင်စားသူပါ။ ဒါကြောင့်... သူမဟာ ဖြူမည်းလက်ဝှေ့ အသင်း တော်တော်များများကို သိနေပါတယ်။ မကြာမီ... စိန့်ဂျာမိန်အသင်းရဲ့ ဒေတာတွေအများကြီးကို သူမတွေ့ရှိခဲ့ပါတယ်။ သူမဟာ ဗီဒီယို အတော်များများကိုလည်း ဒေါင်းလုပ်ဆွဲထားလိုက်ပါတယ်။
စိန့်ဂျာမိန်အသင်းရဲ့ဖန်တွေဟာ သူတို့အသင်းနဲ့... ပွဲဦးထွက်တွေ့မယ့်အသင်းဟာ အနက်ရောင်သိမ်းငှက်လို့ သိလိုက်ရတဲ့အချိန်မှာ... သူတို့ဟာ အတိုင်းမသိဝမ်းသာ ပီတိဖြာသွားပါတယ်။ ပထမပွဲကို အလွယ်တကူနိုင်ပြီလို့... တထစ်ချမှတ်ယူသွားကြပါတယ်။
ရှာလို့ရသမျှ အချက်အလက် တွေဟာ အတူတူပါ။ မသိမသာလေးသာ ကွဲပြားပါတယ်။ စိန့်ဂျာမိန်အသင်းရဲ့ ပထမငါးယောက်ထဲက လေးယောက်ဟာ မဟာမိတ်ရဲ့အကောင်းဆုံးကစားသမား၂၀ထဲမှာ ပါပါတယ်။ နာလန်ချွန်နော် ဟာ အကောင်းဆုံး၂၀ထဲမှာ အဆင့်၂ပါ။
အနက်ရောင်သိမ်းငှက်အသင်းရဲ့ အကောင်းဆုံးကစားသမား''ကွေးရန်ဇိုင်ရိုဇမ်''ဟာ မဟာမိတ်ရဲ့ အကောင်းဆုံး၂၀ထဲမှာ မပါပါ။ ဒါပေမဲ့... အကောင်းဆုံး၁၀၀ထဲမှာ တော့ ပါပါတယ်။ ထို့ကြောင့်... အချက်အလက်ချင်း နှိုင်းယှဉ်ကြည့်ရင် အနက်ရောင်သိမ်းငှက်ဟာ ဘယ်လိုနည်းနဲ့မှ မနိုင်နိုင်ပါ။
ဒီအချက်အလက်တွေကြောင့်
ကွေးရန်ဇိုင်ရိုဇမ်ဟာ ပြိုင်ပွဲဝင်ဖို့ တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။
ဝှမ်ချူချူ ဟာ...
ရှာဖွေလေ... တွေ့ရှိလေ...,
တွေ့ရှိလေ... စိတ်ညစ်လေ... ဖြစ်နေပါတယ်။ ဖန်မင်ကွမ်ဟာ ရှုံးဖို့သေချာတဲ့ အစီအစဉ်ကို ဘာလို့တင်ဆက်ချင်တာလဲ...။ သူမ နားမလည်တော့ပါ...။
ဝှမ်ချူချူ ရဲ့အမြင်မှာ...
ဖန်မင်ကွမ်ဟာ သူမရဲ့တောက်ပတဲ့အနာဂတ်ကို ဖန်မင်ကွမ်က လှလှပပဖျက်ဆီးဖို့ ကြံစည်နေတယ်လို့ မြင်ပါတယ်။ သူမကလည်း မိသားစုဝိတ်နဲ့ ဒီနေရာကို မရရအောင် ယူခဲ့တာကိုး။ ဒါကြောင့်... သူမရဲ့အစီအစဉ်မှာ စိန့်ဂျာမိန်ကို ဦးစားပေးတင်ဆက်သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်း, ရှီဇီခန်နဲ့ လူမိန်းတို့ဟာ ဂိုဒေါင်၇မှာ ဝါးဖရိမ်မောင်းလေ့ကျင့်နေပါတယ်။
ဒီနေ့ဟာ...
ပြိုင်ပွဲနေ့ပါ။ ထို့ကြောင့်... ဟန်ဆန်းဟာ နတ်ဘုရားကမ္ဘာသို့ မသွားပါ။ သူ့ရဲ့မီးလောင်ဒဏ်ရာတွေဟာလည်း ပျောက်ကင်းသက်သာသွားခဲ့ပါပြီ။
"ငါ... ကောင်မလေးတွေကို မတွေ့တာကြာပြီ...။ ဘယ်ရောက်နေကြလဲ...။ မသိဘူး...။''
ရှီဇီခန်က ပြောလိုက်ပါတယ်။
"ငါ... ဘယ်သိမလဲ...။''
ဟန်ဆန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပါတယ်။
-------- --------- -------- ------- --------
တကယ်တော့...
ဝမ်မိန်မိန်ဟာ နတ်ဘုရားကမ္ဘာမှာ အနေများပါတယ်။ သူမမိသားစုရဲ့နောက်ခံကြောင့် သူမဟာ စာမေးပွဲကျစရာအကြောင်းမရှိပါ။ ဘွဲ့ရပြီးရင်လည်း အလုပ်အကိုင်အတွက် ပူပင်စရာမလိုပါ။ အဲ့တော့... သူမအတွက်လုပ်စရာက ကြံ့ခိုင်ရေးအညွှန်းကိန်းတက်အောင်လုပ်ဖို့နဲ့ မျိုးရိုးဗီဇအမှတ်တွေ များများရအောင်လုပ်ဖို့ပါ။ ဒါကြောင့် သူမကို ကျောင်းဝင်းထဲမှာ မတွေ့ရတာပါ။
ဝမ်မိန်မိန်မရှိတော့...
သူမသူငယ်ချင်းတွေလည်း မလာကြတော့ပါ။ နဂိုကတည်းက ဝါးဖရိမ်ကို စိတ်မဝင်စားကြတာလည်း ပါ,ပါတယ်။ ဂိုဒေါင်၇ကို မကြာခဏ... လာတာကတော့... ဖက်တီးနဲ့ ငပိန်ပါ။ ဟန်ဆန်းနဲ့ သူ့သူငယ်ချင်းတွေတောင်မှ မေ့ခါလျော့ခါမှ တခါလောက် ရောက်ကြပါတယ်။
-------- --------- -------- ------- --------
ဒီနေ့...
သူတို့သုံးယောက် လေ့ကျင့်လို့ပြီးတဲ့အချိန်မှာ ဖက်တီးနဲ့ငပိန်တို့ ရောက်ချလာပါတယ်။ ယောက်ကျားလေးငါးယောက်ဆုံတဲ့အခါ... ထုံးစံအတိုင်း မိန်းကလေးတွေအကြောင်း ပြောကြပါတယ်။
"မင်းတို့ ကြားပြီးပြီလား...။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ်အကြောင်း ကြားပြီးပြီလား...။ သူမက အရမ်းလှတယ်... ။''
ဖက်တီးက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
"အဲ့ဒါ... လူတိုင်းသိပြီးသား သတင်းကွ...။ သူမနာမည်က ဟွမ်ဖူဖင်ချင်တဲ့...။''
"ငါပြောတာကို ဆုံးအောင်နားထောင်ဦးလေ...။ မင်းတို့အားလုံး သူမနာမည်ကို သိတယ်...။ သူမရဲ့နောက်ခံအသိုင်းအဝိုင်းကိုကော သိလား... ။''
ဖက်တီးက အလျင်စလို ဆက်ပြောလိုက်ပါတယ်။
"ငါတို့က ဘယ်လိုလုပ်ပြီး သိမှာလဲ...။ မင်းသိလို့လား...။''
ရှီဇီခန်က ဖက်တီးကို ကြည့်ပြီး မေးလိုက်ပါတယ်။
"သိတာပေါ့... ။ မင်းတို့ကို ပြောပြမယ့်လူကို အသေအချာကြည့်ထား...။ မှတ်မိတယ်နော်...။ တီး..., ဖက်တီး...။''
ဖက်တီးက ဂျိမ်းစဘွန်းအိုင်တင်နဲ့ ပြောလိုက်ပါတယ်။
"ဟွမ်ဖူဖင်ချင်က လှရုံတင်မကဘူး...။ ထင်ရှားတဲ့ မိသားစုမှာ မွေးဖွားလာတာ... ။''
"ဟေ့ကောင်..., ဖက်တီး...။ တံတွေးစင်တယ်...။ အရူးထမနေနဲ့...။''
ဖက်တီးက လည်ချောင်းရှင်းပြီး တမင်လုပ်ယူထားတဲ့အသံနဲ့ ဆက်ပြောလိုက်ပါတယ်။
"အဲရင့်သိုင်းခန်းမကို ကြားဖူးလား...။
"ကြားဖူးတာပေါ့...။ မဟာမိတ်ရဲ့ အကောင်းဆုံးသိုင်းခန်းမတွေထဲက တခုပဲ။ မကြားဖူးတဲ့လူမရှိဘူး...။ လူတိုင်းကြားဖူးတယ်...။''
ရှီဇီခန်က နှုတ်ခမ်းကို အသာတွန့်ပြီး ပြောလိုက်ပါတယ်။
"ဟုတ်တယ်...။ အဲရင့်သိုင်းခန်းမက နာမည်ကြီးသိုင်းခန်းမတခုပဲ...။ အဲရင့်သိုင်းခန်းမရဲ့ဥက္ကဋ္ဌက ဟွမ်ဖူချွန်ချန်တဲ့...။ အဲ့နာမည်ကို မင်းတို့ ကြားဖူးတယ်, မဟုတ်လား...။ သူက ဟွမ်ဖူဖင်ချင်ရဲ့ အဘိုးပဲ...။''
ဖက်တီးက ပြောလိုက်ပါတယ်။
"ဝိုး..., တကယ်လား...။''
ကျန်လေးယောက်ဟာ...
မျက်လုံးတွေပြူးကျယ်သွားပါတယ်။
"လုံးဝအမှန်ပဲ...။ ငါ့အဖေက အဲရင့်သိုင်းခန်းမမှာ အလုပ်လုပ်နေတာ...။ သူ့အဘိုးက သူ့မြေးကို နှစ်ပတ်လည်အခမ်းအနားတွေမှာ အမြဲခေါ်လာတယ်ကွ...။''
ဖက်တီးက ဆက်ပြောလိုက်ပါတယ်။
"တကယ့် အထင်ကြီးစရာ... ။ သူမအချစ်ကို ရတဲ့ကောင်တော့ ဖိုးကံကောင်းပဲ...။ ဟွမ်ဖူချွန်ချန်,ချန်ခဲ့တဲ့ အမွေနဲ့ဆို တသက်လုံးထိုင်စားလို့ရပြီ...။''
ငပိန်က တမ်းတမ်းတတ ပြောလိုက်ပါတယ်။
"ဟေး..., အဲ့ဒါက မလွယ်ရေးချ မလွယ်ဘူး...။ သူမလိုမိန်ကလေးကလည်း ငါတို့လို လူတွေကို ဘယ်တော့မှမရွေးဘူးကွ...။''
ဖက်တီးက ရယ်ပြီး ပြောလိုက်ပါတယ်။
"ကံဆိုးတာက... ဆန်းမှာက ရည်းစားရှိပြီးသား...။ မဟုတ်ရင်... သူ့အသားအရေ ကောင်းတာနဲ့တင်... ဖင်ချင်က သူ့ကို ရွေးလောက်တယ်...။''
ရှီဇီခန်က ရယ်ပြီး ပြောလိုက်ပါတယ်။
-------- --------- -------- ------- --------
"ကျမကတော့ အဲ့စကားကို ကြိုက်တယ်...။ အကိုဟန်တော့ ကြိုက်လား, မကြိုက်လား, မသိဘူး...။''
ရုတ်တရက်...
အလွန်မိန်းမဆန်တဲ့ အသံတသံကို ကြားလိုက်ရပါတယ်။ ထိုအသံကြောင့် သူတို့ငါးယောက်ဟာ လန့်ဖျပ်သွားပါတယ်။
အမြန်လှမ်းကြည့်လိုက်တော့...
ဂိုဒေါင်သို့ ပြုံးပြီး လမ်းလျှောက် လာတဲ့...
ခြေတံရှည်ရှည်နဲ့...
ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နဲ့...
မိန်းမချောလေးတယောက်ကို
သူတို့မြင်လိုက်ရပါတယ်။
"ဟွမ်ဖူဖင်ချင်...''
သူတို့ဟာ မျက်လုံးပြူးသွားပါတယ်။ သူမအကြောင်းကို ပြောနေတဲ့အချိန်မှာ... သူမပေါ်လာတာကို သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါတယ်။ သူမကလည်း တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတာပါ။
ဖင်ချင်ဟာ..
ဟန်ဆန်းရှိရာသို့ ဦးတည်ကာ လမ်းလျှောက်လာပြီး မျက်တောင်ကော့လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှတတအသံလေးနဲ့ ပြောလိုက်ပါတယ်။
"အကိုဟန်..., ရှင်... ကျမနဲ့... လုပ်ပါလား...။ ရှင်တောင်းသလောက်... ကျမပေးမယ်လေ...။''
ကျန်လေးယောက်ဟာ...
ပါးစပ်တွေ တဖန်ဟသွားပါတယ်။ ဟန်ဆန်းကိုလည်း ထူးဆန်းစွာကြည့်လိုက်ကြပါတယ်။
"အဟမ်း..., အဟမ်း..., ဖင်ချင်..., အဲ့လို မနောက်ရဘူးလေ...။''
ဒီမိန်းမက သူ့ကို အသေရရ..., အရှင်ရရ..., မသေမရှင်ရရ... လိုချင်နေတာကို... ဟန်ဆန်း,မတွေးတတ်တော့ပါ။ သူမက သူ့ကို သူမတို့ကုမ္ပဏီမှာ အလုပ်လုပ်စေချင်ပါတယ်။
"ကျမ နောက်နေတာ မဟုတ်ဘူး...။ ရှင့်ကို တနှစ်သန်း'၁၀၀'ပေးမယ်...။''
ဖင်ချင်က ညုတုတုပြုံးလိုက်ပါတယ်။
"ဒီအကြောင်းကို အခြားတနေရာမှာ သွားပြောကြရအောင်...။''
ဟန်ဆန်းက...
ထိုင်ရာမှ အမြန်ထပြီး ပြောလိုက်ပါတယ်။ ဒီနေရာမှာ ကြာကြာဆက်နေရင်... ဟိုကောင်တွေရဲ့အကြည့်နဲ့တင်... သူပွဲချင်းပြီး သေသွားနိုင်ပါတယ်။
"ဆန်းကတော့... တကယ့် ဆော်ကြည်ဘဲပဲ...။''
စုံတွဲခုတ်သွားတဲ့...
ဟန်ဆန်းနဲ့ ဖင်ချင်ကို ကြည့်ရင်း...
ရှီဇီခန်က ရေရွတ်လိုက်ပါတယ်။
🐱🐱🐱🐱🐱🐱
အခန်း (၁၉၉)
-------- --------- -------- ------- --------
"ညီမ..., ဒီနေရာကို ဘာလို့ လိုက်လာတာလဲ...။''
ဟန်ဆန်းက ဖင်ချင်ကို ဂိုဒေါင် အပြင်ဘက်က စိမ်းလန်းဇုံကို ခေါ်လာခဲ့ပါတယ်။ ညသန်းခေါင်အချိန်ဖြစ်တာကြောင့် အနီးတဝိုက်မှာ လူသူကင်းမဲ့နေပါတယ်။
"ကျမ... ရှင့်ဆီကို အကြောင်းပြချက်မရှိဘဲ... လာလို့မရဘူးလား...။''
ဖင်ချင်က ဟန်ဆန်းကို အဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
"ရတယ်...။ လာလို့ရတယ်...။ ဒါပေမဲ့... အခု အပြင်မှာ အတော်မှောင်နေပြီ...။ မင်းမှာ ပြောစရာမရှိရင် ငါ အနားယူဖို့ ပြန်တော့မယ်...။ နောက်တခါဆုံမှ ပြောကြမယ်လေ...။''
ဟန်ဆန်းက သူ့နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ပြောလိုက်ပါတယ်။
"ဘာလဲ...။ ရှင်က ဂျီရန်လန် သိသွားမှာ ကြောက်လို့လား...။''
ဖင်ချင်ဟာ...
အနက်ရောင်သိမ်းငှက်ကို ရောက်ကတည်းက ဟန်ဆန်းအကြောင်းတွေ အများကြီးစုံစမ်းထားပါတယ်။ သူ့ရည်းစား အကြောင်းအပါအဝင် ဟန်ဆန်းနဲ့ ပတ်သက်တဲ့လူတွေအကြောင်းကိုလည်း စုံစမ်းထားပါတယ်။
"အဟမ်း..., ညီမ..., အလုပ်အကြောင်း ပြောကြစို့...။''
ဟန်ဆန်းက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
"ကောင်းပြီလေ...။ ဟိုတခေါက်ကလည်း ကျမနဲ့လုပ်ဖို့အကြောင်း ပြောလို့တောင်,မပြီးသေးဘူး...။ ရှင်က ထွက်သွားရော...။''
ဖင်ချင်က...
မျက်စောင်းတချက် ထိုးလိုက်ပါတယ်။ သူမရဲ့ပြောပုံလေးက သူ့နှလုံးသားကို တချက်ချက်နဲ့ ခုန်စေပါတယ်။
"အာ့ဆို..., ဆက်ပါဦး...။''
ဟန်ဆန်းက အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။
"ရှင်..., ထွတ်မြတ်သွေးအသွားသုံးဖက်မှိန်းကို လိုချင်ရင် အခြားနည်းလမ်းရှိသေးတယ်...။ ရှင့်မှာ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာ အပိုတခုရှိတယ်မဟုတ်လား...။ ဝမ်မိန်မိန်ဝတ်တဲ့ဟာလေ...။''
ဖင်ချင်က အလေးအနက် ပြောလိုက်ပါတယ်။
"မရှိဘူး...။ အဲ့တခုပဲ ရှိတယ်...။''
ဟန်ဆန်းက...
သူမရဲ့နောက်ထပ်ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။ ထွတ်မြတ်သွေးချပ်ဝတ်တန်ဆာသားရဲဝိဉာဉ်ဟာ အရမ်းရှားပြီး သူ့အသက်ကိုလည်း ကယ်တင်နိုင်ပါတယ်။ မှိန်းအတွက်နဲ့တော့ အလဲအလှယ် မလုပ်နိုင်ပါ။
"ဒါပေမဲ့...ရှင့်မှာ အခြားတခု ရှိသေးတာပဲ...။ နှစ်ခုမလိုပါဘူး...။ တခုကို မှိန်းနဲ့လှဲလိုက်ပါလား...။ ကျမက ပိုက်ဆံလည်း အလိုက်ထပ်ပေးမယ်လေ...။ ရှင်... ပိုက်ဆံဘယ်လောက် လိုချင်လဲပြော...။''
ဖင်ချင်က အကြံပေးလိုက်ပါတယ်။
"ဆောရီး..., ညီမလေး...။''
ဟန်ဆန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ပြောလိုက်ပါတယ်။ ဖင်ချင်က နတ်သမီးဘုရင်မကို ချပ်ဝတ်တန်ဆာသားရဲဝိဉာဉ်လို့ ထင်သွားတာပါ။ တကယ်တော့... နတ်သမီးဘုရင်မရဲ့ ချပ်ဝတ်တန်ဆာက ချပ်ဝတ်တန်ဆာအစစ်တွေလောက် မကောင်းပါ။
ဟန်းဆန်းက...
ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကို ဘယ်တော့မှမရောင်းပါ။ ဒီပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာက ပထမနတ်ဘုရားကမ္ဘာမှာ သူ့အတွက် အရမ်းအသုံးဝင်ပါတယ်။ ဒုတိယနတ်ဘုရားကမ္ဘာကို ရောက်ရင်တောင် တချို့နေရာတွေမှာ အသုံးဝင်နိုင်ပါသေးတယ်။
ဒါ့အပြင်...
သူရောင်းချင်ရင်...
ပထမဦးစားပေး စဉ်းစားပေးမယ်လို့... လင်ဘီဖန်းကို သူကတိပေးထားပြီးပါပြီ။
ပုရွက်ဆိတ်သရဲချပ်ဝတ်တန်ဆာကို သူလက်တွေ့မသုံးဖူးသးသော်လည်း ဒီဇိုင်းက အရမ်းလှပါတယ်။ ရွှေပိုးကောင်နက်ချပ်ဝတ်တန်ဆာလိုမျိုး ကောင်းချက်တွေရှိတာကြောင့် ၎င်းရဲ့ဈေးဟာလည်း အရမ်းမြင့်မှာပါ။
"သေချာစဉ်းစားပါဦးလား..., ရှင်ရယ်...။ ငွေက ပြသနာမဟုတ်ဘူး...။''
ဖင်ချင်ကလည်း ဇွဲကောင်းပါတယ်။ အခုထက်ထိ လက်မလျှော့သေးပါ။ သူမဟာ ထိုချပ်ဝတ်တန်ဆာရဲ့ပုံစံလေးကို အရမ်းခိုက်နေပါတယ်။
ထိုချပ်ဝတ်တန်ဆာက
ဒီဇိုင်းရော..., အရည်အသွေးပါ... ကောင်းပါတယ်။ ၎င်းကိုဝတ်ပြီး အခြားရဲတိုက်တွေကိုသွားရင် အပြည့်အဝအကာအကွယ်ရပါမယ်။ ဒါကြောင့် ၎င်းက လက်နက်ထက် ပိုတန်ဖိုးကြီးပါတယ်။
"လောလောဆယ် ငါ့မှာ ပိုက်ဆံမလိုဘူး...။''
ဟန်ဆန်းက ပြုံးပြီး သူမကို မျက်စိတဖက် မှိတ်ပြလိုက်ပါတယ်။
"ဒါပေမဲ့..., မင်း ငါ့ကို လိုချင်ရင်... ရမယ်...။ ငါ.. အခန်းငှါးလိုက်ရမလား...။''
"ဒီအချိန်ကြီး ကျောင်းဝင်းထဲမှာ အခန်းဘယ်လို ဘယ်လိုငှါးမှာလဲ...။''
ဖင်ချင်ဟာ...
မျက်စိတဖက် ပြန်မှိတ်ပြပြီး လက်လျှော့လိုက်ပါတယ်။
"အဲ့အကြောင်း ပြန်စဉ်းစားပါဦး...။ ရှင်ရောင်းမယ်ဆိုရင် ကျမသိပါရစေ...။ အခုတော့... ကျမ... သွားပြီ..., ဘိုင်...။''
သူမထွက်သွားတာကို ကြည့်ရင်း... ဟန်ဆန်းဟာ သွားဖြဲကာ ကျိတ်ရယ်လိုက်ပါတယ်။
-------- --------- -------- ------- --------
စကိုင်းနက်မှာ...
ဖြူမည်းလက်ဝှေ့ ပြိုင်ပွဲ စတင်နေပါပြီ။ အများစုက အွန်လိုင်းကနေ ကြည့်နေကြပါတယ်။ ကစားသမားတွေက ယှဉ်ပြိုင်ရန်အတွက် သူတို့ကျောင်းက စက်ပစ္စည်းတွေကို သုံးကြပါတယ်။ ပြိုင်ပွဲကျင်းပရာနေရာကို တိုက်ရိုက်လာကြည့်သူနည်းပါတယ်။
ဝှမ်ချူချူ ဟာ...
ပုံရိပ်ယောင်ရုပ်ကြွစက်တွေနဲ့အတူ အနက်ရောင်သိမ်းငှက်သို့ အစောကြီးရောက်လာခဲ့ပါတယ်။ ဒါပေမဲ့... ထိုနေရာမှာ ရိုးရာသိုင်းအသင်းနဲ့ ရိုးရာသိုင်းဌာနက ကျောင်းသားတွေမှတပါး အခြားဘယ်သူမှမရှိပါ။
ဝှမ်ချူချူ ဟာ...
ကင်မရာတွေကို စနစ်တကျတပ်ဆင်ပြီး အသင့်ပြင်ထားလိုက်ပါတယ်။ အွန်လိုင်းက ရှာဖွေစုဆောင်းထားတာတွေကို တင်ပြပြီးတဲ့နောက်မှာ ဝှမ်ချူချူ မှာ ပြစရာမရှိတော့ပါ။
အနက်ရောင်သိမ်းငှက်ဟာ
ပေါ်ပြူလာအသင်း မဟုတ်ပါ။ ထို့ကြောင့် အနက်ရောင်သိမ်းငှက်အကြောင်း သတင်းတင်ဆက်တာ သူမ,တယောက်တည်းသာရှိပါတယ်။ အခြားမီဒီယာအားလုံးက နိုင်ခြေ ရှိတဲ့အသင်းတွေရှိရာ ကျောင်းတွေဆီသို့ သွားရောက်သတင်းယူကြပါတယ်။
ဝှမ်ချူချူ ဟာ...
သူမရဲ့သတင်းထောက်အခွင့်အရေးကိုသုံးပြီး ကစားသမားတွေရဲ့နားနေခန်းထဲကို ဝင်ခဲ့ပါတယ်။
ဝှမ်ချူချူ ဟာ...
ကစားသမားတွေအလယ်မှာ ထိုင်စကားပြောနေတဲ့ ဟန်ဆန်းကို ရုတ်တရက် မြင်လိုက်ပါတယ်။
"ဒီကောင်လေးက ရိုးရာသိုင်းအသင်းက ကစားသမားကိုး...။''
ဝှမ်ချူချူ ဟာ...
သူမကို လမ်းပြကာ လိုက်မပို့ပေးခဲ့လို့ ဟန်ဆန်းကို မကြည်ပါ။
ဒါပေမဲ့...
ဝှမ်ချူချူ ဟာ ဟန်ဆန်းကို လျစ်လျူ ရှုကာ အသင်းနည်းပြ ဆရာမချင်လင်ကို အင်တာဗျူ းလိုက်ပါတယ်။
"နည်းပြချင်..., ဒီပြိုင်ပွဲအတွက် ဘာတွေစဉ်းစားထားလဲ...။ အစဉ်အလာအရ ဖြူမည်းလက်ဝှေ့မှာ စိန့်ဂျာမိန်က သာတယ်...။ ဒါတောင် နာလန်ချွန်နော် မပါသေးဘူး...။ စိန့်ဂျာမိန်နဲ့ ကစားဖို့ ဘာအစီအစဉ်တွေ, ဘာနည်းဗျူဟာတွေ ရှာထားလဲ...။''
ဝှမ်ချူချူ က ချင်လင်ကို မေးလိုက်ပါတယ်။
"ဘာအစီအစဉ်..., ဘာနည်းဗျူဟာမှ မလိုဘူး...။ ဒီပွဲမှာ အနက်ရောင်သိမ်းငှက်က နိုင်လိမ့်မယ်...။''
ချင်လင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပါတယ်။
ချင်လင်ရဲ့အဖြေကြောင့်...
ဝှမ်ချူချူ ဟာ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားပါတယ်။ ချင်လင်ရဲ့ယုံကြည်ချက်ကိုလည်း နားမလည်နိုင်တော့ပါ။
ချင်လင်ရဲ့အဖြေဟာ...
သူမအတွေးရဲ့အပြင်ဘက်ကို ရောက်နေပါတယ်။ ကြိုတင်ပြင်ဆင်လာခဲ့တဲ့ သူမရဲ့မေးခွန်းတွေဟာ ယခုအခါ အသုံးမဝင်တော့ပါ။ ဘာဆက်မေးရမယ်..., ဘာဆက်ပြောရမယ်ဆိုတာ... သူမ,မသိတော့ပါ။
ဝှမ်ချူချူ မျှော်လင့်ထားတဲ့ အဖြေက...''စိန့်ဂျာမိန်ဟာ အသင်းကြီးတသင်းဖြစ်တယ်။ အနက်ရောင်သိမ်းငှက်အနေနဲ့... စိန့်ဂျာမိန်ကို နိုင်ဖို့မလွယ်ဘူး။ ဒါပေမဲ့... ပရိသတ်ကြီးအတွက် အကောင်းဆုံးကြိုးစားပြီး ကစားသွားမယ်...။''ဆိုတဲ့ အဖြေမျိုးပါ။
"သတင်းထောက်ဝှမ်..., ကျမ ကစားသမားတွေကို အရင်အင်တာဗျူ းပါလား...။''
ချင်လင်က သူမအသင်းကို စိတ်ဝင်စားတဲ့ သတင်းထောက် တယောက်ကို တွေ့ရလို့ အလွန်ဝမ်းသာသွားပါတယ်။
ဝှမ်ချူချူ ဟာ...
စိတ်မပါတပါနဲ့ ကစားသမားတွေဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ ကွေးရန်ဇိုင်ရိုဇမ် က အနားယူနေပါတယ်။ ဝှမ်ချူချူ ဟာ ခဏလောက်တုံ့ဆိုင်းနေပြီးမှ သူမနဲ့ စကားပြောဖူးတဲ့ ချီချင်ဆီသို့ လမ်းလျှောက်သွားလိုက်ပါတယ်။
"ဟိုင်း..., ချီချင်..., ဒီပွဲနဲ့ပတ်သက်ပြီး မင်းမှာယုံကြည်ချက်တခုခုရှိလား...။''
ချီချင်က...
သွားဖြဲရယ်ကာ ပြောလိုက်ပါတယ်။
"ဟုတ်ကဲ့..., ကျနော်တို့ ကျိန်းသေနိုင်မယ်...။''
သူ့အဖြေကို ကြားရတဲ့အခါ...
တသင်းလုံးရူးသွားပြီလို့ ဝှမ်ချူချူ ခံစားမိပါတယ်။
ဝှမ်ချူချူ ဟာ...
ချီချင်ကို မေးခွန်းအနည်းငယ် ဆက်မေးပြီးနောက် ကျန် ကစားသမားတွေကို ဆက်လက်အင်တာဗျူ းလိုက်ပါတယ်။
သူမရတဲ့ အဖြေအားလုံးက
''အနက်ရောင်သိမ်းငှက်က စိန့်ဂျာမိန်ကို အနိုင်ယူပြီး နောက်တဆင့်ကို တက်မယ်...''
ဆိုတဲ့ တူညီတဲ့အဖြေတွေပါ။
"ကွေးရန်..., နာလန်ချွန်နော်အပေါ် မင်းရဲ့အမြင်လေး သိပါရစေ...။''
နောက်ဆုံးမှာ...
ဝှမ်ချူချူ ဟာ ကွေးရန်ဇိုင်ရိုဇမ် ကို အင်တာဗျူ းခွင့်ရသွားပါတယ်။
"ကျနော်... သူ့ကို မသိဘူး...။''
ကွေးရန်က...
မျက်လုံးတောင်မဖွင့်ခဲ့ပါ။
-------- --------- -------- ------- --------
ဒီအင်တာဗျူ းကြောင့်...
စကိုင်းနက်မှာ ဒီဘိတ်မုန်တိုင်းတခု...
ဖြစ်ပေါ်စေခဲ့တယ်ဆိုတာကိုတော့...
ဝှမ်ချူချူ ဟာ... ကြိုမသိခဲ့ပါ...။
🐱🐱🐱🐱🐱🐱🐱
အခန်း (၂၀၀)
-------- --------- -------- ------- --------
ဖန်မင်ကွမ်က...
ဝှမ်ချူချူ ကို အနက်ရောင်သိမ်းငှက်သို့ပို့တာ သူမကို အရူးလုပ်ချင်လို့ မဟုတ်ပါ။
ဝှမ်ချူချူ ဟာ...
အရေးပါတဲ့မိသားစုမှ ပေါက်ဖွားလာတာဖြစ်ပါတယ်။ သူမတို့မိသားစုကလည်း သူ့ရဲ့အနာဂတ်ကို ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်... ဖန်မင်ကွမ်ဟာ သူမကို အစွမ်းကုန်ပံ့ပိုးကူညီသွားဖို့ စိတ်ကူးထားပါတယ်။ နောက်ပြီး... ဒီပြိုင်ပွဲမှာ ဟန်ဆန်းပါဝင်မယ့်အကြောင်းကိုလည်း သူသိထားပါတယ်။ အဲ့ဒါကြောင့် သူက သူမကို အနက်ရောင်သိမ်းငှက်သို့ ပို့လိုက်တာဖြစ်ပါတယ်။
ဝှမ်ချူချူ စတင်,တင်ဆက်တာနဲ့ တပြိုင်နက် ဖန်မင်ကွမ်ဟာ သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်ကို ရပ်နားပြီး သူမရဲ့အစီအစဉ်ကို ပြောင်းပြလိုက်ပါတယ်။ သူ့ရဲ့ ဖန်တွေနဲ့ ပရိသတ်တွေဟာ သူမရဲ့အစီအစဉ်ကို လိုက်ကြည့်ကြပါတယ်။
ယခုအချိန်မှာ...
ဖန်မင်ကွမ်ဟာ အထူးနာမည်ကြီးနေပါပြီ။ သူပြတဲ့အစီအစဉ်တိုင်းဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ သူက ဝှမ်ချူချူ ရဲ့အစီအစဉ်ကို ပြောင်းပြလိုက်တာနဲ့ ဝှမ်ချူချူ ရဲ့အစီအစဉ် ကို ဝင်ရောက်ကြည့်ရှုသူဦးရေဟာ ရုတ်တရက် ဆယ်သန်းကျော်သွားပါတယ်။
တကယ်တော့...
ဒီပြိုင်ပွဲဟာ အစဉ်အလာအားဖြင့် လူစိတ်ဝင်စားမှုနည်းတဲ့ ပြိုင်ပွဲတခုပါ။ စိတ်ဝင်စားသူတချို့ရှိသော်လည်း သူတို့က စိန့်ဂျာမိန်ဘက်က အားပေးကြတဲ့သူတွေပါ။ စိန့်ဂျာမိန်အသင်းက နာမည်ကျော်''နာလန်ချွန်နော်''ပါဝင်တဲ့ အသင်းပါ။
အနက်ရောင်သိမ်းငှက်ကတော့ လူစိတ်ဝင်စားမှုနည်းတဲ့(သို့မဟုတ်) လူသိနည်းတဲ့ အိမ်ဖြည့်အသင်းလေးပါ။ သူ့ရဲ့ပြိုင်ဘက်ဟာ စိန့်ဂျာမိန် မဟုတ်ရင်တောင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါ။
ဖန်မင်ကွမ်ရဲ့အမာခံပရိသတ်တွေက ပထမနတ်ဘုရားကမ္ဘာမှ ဖြစ်ပါတယ်။ သူတို့ဟာ ဝှမ်ချူချူ ရဲ့အင်တာဗျူ းကိုကြည့်ပြီးနောက် ဝိုင်းဆဲကြပါတော့တယ်။
-------- --------- -------- ------- --------
"အနက်ရောင်သိမ်းငှက်ဟာ အလိုလိုနေရင်း စိတ်ကြီးဝင်နေတာ...။''
"ဒီလိုပြောဖို့သတ္တိတွေ... သူတို့ကို ဘယ်သူက ပေးလိုက်တာလဲ...။''
"ဟ..., ဟ..., အနက်ရောင်သိမ်းငှက်က စိန့်ဂျာမိန်ကို အတော်အထင်သေးတာပဲ...။''
"သူတို့ ဘယ်လိုရှုံးတယ်ဆိုတာ စောင့်ကြည့်လိုက်ဦးမယ်...။''
"သူတို့အရည်အချင်းနဲ့
အနက်ရောင်သိမ်းငှက်က ပြောရဲလိုက်တာ...။ အံ့ရော...။''
"အမှိုက်တွေ...။''
"ဒီအင်တာဗျူ းကို ကြည့်ပြီးရင် စိန့်ဂျာမိန်အသင်းက လူတွေ ဘာပြောမလဲ...။ သိချင်လိုက်တာ...။''
"...''
-------- --------- -------- ------- --------
ဖြစ်ချင်တော့...
စိန့်ဂျာမိန်အသင်းက ကစားသမားတယောက်ဟာ ဖန်မင်ကွမ်ရဲ့ဖန်တယောက် ဖြစ်နေပါတယ်။ သူက ဒီအစီအစဉ်ကို နားနေခန်းထဲမှာ ကြည့်နေပါတယ်။
ဖန်မင်ကွမ်က...
ဝှမ်ချူချူ ရဲ့အစီအစဉ်ကို တိုက်ရိုက်လိုက်ဗ်လွှင့်ပေးနေပါတယ်။ ထိုကစားသမားဟာ ဝင်ကြည့်ပြီးနောက် အလွန်ဒေါသထွက်သွားပါတယ်။
"အနက်ရောင်သိမ်းငှက်...! မင်းတို့က ကိုယ့်ကိုယ်ကို တော်တယ်လို့ ထင်နေတာလား...။ ငါတို့က မင်းတို့ဖင်ကို ဘယ်လိုဆောင့်ကန်မလဲ...။ စောင့်ကြည့်လိုက်...။''
ဝန်ရန်ဂျင်က ဒေါသတကြီး တွေးလိုက်ပါတယ်။
-------- --------- -------- ------- --------
စိန့်ဂျာမိန်နဲ့ အနက်ရောင်သိမ်းငှက်က မဟာရန်ဘက်တွေပါ။ အရေးကြီးတဲ့ပွဲစဉ်တွေမှာ သူတို့နှစ်သင်းဟာ ထိပ်တိုက်တွေ့နေကျပါ။ အဆုံးအဖြတ်ပွဲစဉ်တွေမှာ စိန့်ဂျာမိန်က အနက်ရောင်သိမ်းငှက်ကို နိုင်နေကျပါ။ စိန့်ဂျာမိန်ကြောင့် အနက်ရောင်သိမ်းငှက်ဟာ ၈သင်းအဆင့်သို့ မဝင်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။
-------- --------- -------- ------- --------
အရှုံးသမားတွေရဲ့စိတ်ကြီးဝင်ခြင်းက ဝန်ရန်ဂျင်ကို ရူးသွပ်သွားစေပါတယ်။
"နာလန်..., ဒီကို လာကြည့်စမ်း...။''
ဝန်ရန်ဂျင်က နာလန်ချွန်နော်ဆီကိုသွားပြီး အင်တာဗျူ းကို ပြလိုက်ပါတယ်။
"အနက်ရောင် သိမ်းငှက် က ကောင်တွေ ရူးသွားတာပဲ ဖြစ်ရမယ်... ။''
လျူရောင်ချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်ပါတယ်။
"ဒီကောင်တွေတော့ ဂေါက်သွားပြီ...။''
မာချောင်းကုန်းက ဝင်ပြောလိုက်ပါတယ်။
"သနားစရာသတ္တဝါလေးတွေပါကွာ...။''
ဝန်ရန်ဂျင်က လှန့်ရယ်လိုက်ပါတယ်။
နာလန်ချွန်နော်ကတော့...
ဗီဒီယိုကို တချက်စောင်းကြည့်ပြီး မျက်တောင်တချက်ခတ်လိုက်ပါတယ်။ စကားတော့မပြောပါ။ မျက်လုံးကို အသာမှေးပြီး လက်ထဲကဂျယ်လီကို ဆက်စားလိုက်ပါတယ်။
"နာလန်..., မင်း... ဂျယ်လီတွေချည်း ဖိစားမနေနဲ့...။ ဆီးချို ဖြစ်နေဦးမယ်...။''
ဝန်ရန်ဂျင်က နာလန်ရဲ့အနာအဆာမရှိတဲ့ အသားအရေကို မနာလိုစွာ ကြည့်လိုက်ပါတယ်။
"ဆီးချို..., ဟုတ်လား...။ အန်းတိတ်ရောဂါကြီးပါကွာ...။''
လျူရောင်ချန်က ပြောလိုက်ပါတယ်။ သူတို့တဖွဲ့လုံးဟာ ရယ်လိုက်ပြောလိုက်, နောက်လိုက်ပြောင်လိုက်,လုပ်နေကြပါတယ်။ အနက်ရောင်သိမ်းငှက်ကို ဘယ်သူမှအရေးမလုပ်ကြပါ။
-------- --------- -------- ------- --------
တကယ်တော့...
ဒီနှစ်စိန့်ဂျာမိန်အသင်းဟာ လူအင်အားတောင့်တင်းပါတယ်။ သူတို့အသင်းမှာ ကြယ်ပွင့်ကစားသမား''နာလန်ချွန်နော်''သာမက အကောင်းဆုံး''၂၀''စာရင်းဝင် ကစားသမားသုံးယောက်လည်း ရှိပါတယ်။
ဒါ့အပြင်...
နာလန်လက်သစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ''လီယု''လို မျိုးဆက်သစ်ကစားသမားလည်းရှိပါတယ်။ ဒီလူစာရင်းနဲ့ဆိုရင် စစ်အကယ်ဒမီလိဂ်ရဲ့ ချန်ပီယံတောင် ဖြစ်နိုင်ပါတယ်။ သူတို့အတွက် စကိုင်းနက်ပြိုင်ပွဲဟာ သွေးပူလေ့ကျင့်ခန်း လုပ်တဲ့အဆင့်ပဲ ရှိပါတယ်။
အနက်ရောင်သိမ်းငှက်မှာ...
သူတို့ကို ခြိမ်းခြောက်နိုင်တဲ့လူဆိုလို့ ကွေးရန်ဇိုင်ရိုဇမ်တယောက်သာ ရှိပါတယ်။ သူကလည်း နာလန်ချွန်နော်ရဲ့ပြိုင်ဘက်မဟုတ်ပါ။ စိန့်ဂျာမိန်အသင်းမှာ သူ့ထက်ကောင်းတဲ့လူတွေ တပုံကြီးပါ။
-------- --------- -------- ------- --------
"နာလန်..., မင်း... သူတို့ကို ဘယ်လိုဖဲ့မလဲ...။ ပွဲဦးထွက်''၅:၀''နဲ့ ပညာပေးလိုက်မလား...။''
ဝန်ရန်ဂျင်က အကြံပေးလိုက်ပါတယ်။
"ကောင်းလိုက်တဲ့စိတ်ကူး...။ ပြိုင်ပွဲပြီးရင် သူတို့ဘာတွေ ပြောမလဲ...။ ကြည့်ကြသေးတာပေါ့...။''
မာချောင်းကုန်းက ပြုံးပြီး ပြောလိုက်ပါတယ်။
"မှန်တယ်...။ သူတို့ရဲ့ပွဲပြီးအင်တာဗျူ းကို နားထောင်ဖို့ ငါမစောင့်နိုင်တော့ဘူး...။''
လျူရောင်ချန်က ရယ်ပြီး ပြောလိုက်ပါတယ်။
"နည်းပြရဲ့အစီအစဉ်အတိုင်း လိုက်လုပ်ကြတာပေါ့...။''
နာလန်က ဂျယ်လီစားရင်း ပြောလိုက်ပါတယ်။
"ဘာပြသနာမှ မရှိသင့်ဘူး...။ ငါတို့က အနက်ရောင်သိမ်းငှက်ကို ဂရုစိုက်စရာမလိုဘူး...။ ငါ... နည်းပြကို ပြောလိုက်မယ်...။ သူ... သဘောတူမှာပါ...။''
ဝန်ရန်ဂျင်က ပြောပြီး နည်းပြဆီကို သွားလိုက်ပါတယ်။
-------- --------- -------- ------- --------
စိန့်ဂျာမိန်အသင်းရဲ့နည်းပြရှူရန်ဒီက ဝန်ရန်ဂျင်ရဲ့အကြံပြုစကားကို နားထောင်ပြီး သူ့မျက်လုံးဟာ ဝင်းတောက်သွားပါတယ်။ ပြီးနောက် ရှူရန်ဒီက သွားပေါ်အောင်ပြုံးပြီး ပြောလိုက်ပါတယ်။
"အနက်ရောင်သိမ်းငှက်လောက်ကို နာလန်,မလိုပါဘူးကွာ...။ လီယုကို အရင်ပေးပြိုင်လိုက်...။ '၅:၀' လာထားပဲ...။''
"လီယုက အဲ့လိုလုပ်နိုင်ပါ့မလား..., ဆရာ...''
ဝန်ရန်ဂျင်က စိုးရိမ်စိတ်အနည်းငယ်နဲ့ ပြောလိုက်ပါတယ်။
"စိတ်မပူနဲ့...။ လီယုက နာလန်လောက်မတော်ပေမဲ့ အခုဆို အကောင်းဆုံး''၁၀''ထဲမှာ ဝင်နေပြီ...။ သူ့ကို ပြိုင်ခိုင်းလိုက်ရင် ပွဲသိမ်းပြီ...။''
ရှူရန်ဒီက ရယ်ပြီး ပြောလိုက်ပါတယ်။
လီယုက...
နည်းပြရှူရန်ဒီကိုယ်တိုင် ရွေးချယ်လေ့ကျင့်ထားတဲ့ ကစားသမားပါ။ ရှူရန်ဒီက လီယုကို ဒုတိယနာလန်ဖြစ်ရမယ်လို့ ကတိပေးထားပါတယ်။ လီယုက ပင်ကိုတော်ပါတယ်။ သူ့အတွက်လိုအပ်နေတာက အတွေ့အကြုံပါ။
သူ့ရဲ့လမ်းညွှန်မှုအောက်မှာ...
လီယုဟာ ၂နှစ်အတွင်း နာလန်လို ကောင်းလာလိမ့်မယ်လို့ ရှူရန်ဒီမျှော်လင့်,ယုံကြည်ထားပါတယ်။ အနက်ရောင်သိမ်းငှက်လောက်တော့ လီယုတယောက်တည်းနဲ့ ဖြိုနိုင်ပါတယ်။
"လီယု..., မင်း... သွားမလား...။''
ရှူရန်ဒီက လီယုကို ပြုံးပြီး ပြောလိုက်ပါတယ်။
"စိတ်ချပါ...။ ကျနော် သူတို့ကို ပြန်တိုက်ခွင့်မပေးဘူး...။''
လီယုက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"ကဲ...။ ဒါဆို...။ မင်းပဲ ပထမဆုံး ထွက်လိုက်...။''
ရှူရန်ဒီက သူ့ရဲ့ယုံကြည်မှုကို အသိအမှတ်ပြုလိုက်ပါတယ်။
ဝန်ရန်ဂျင်က...
ဘာမှဝင်မပြောပါ။ လီယုကလည်း ဖြူမည်းလက်ဝှေ့ မှာ ပါရမီကောင်းပါတယ်။ သူက ကွေးရန်ကို''၅:0''နဲ့ အနိုင်ယူနိုင်မှာပါ။
အဓိကပွဲက...
ကွေးရန်နဲ့ ကစားရမယ့်ပွဲပါ။ ဝန်ရန်ဂျင်ဟာ ကွေးရန်နဲ့ အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ဖူးပါတယ်။ ဝန်ရန်ဂျင်ဟာ ကွေးရန်ကို ပြိုင်ဘက်အသင်းက ဖြစ်ပေမဲ့ အလွန်လေးစားပါတယ်။ ခက်တာက... သူတော်သလောက် သူ့အသင်းဖော်တွေက ညံ့လွန်းနေတာပါ။
-------- --------- -------- ------- --------
"ဘယ်လိုလဲ...။ နည်းပြက သဘောတူလိုက်လား...။''
ဝန်ရန်ဂျင်ပြန်လာတာကို မြင်တဲ့အခါ လျူရောင်ချန်က အမြန်မေးလိုက်ပါတယ်။
"နည်းပြက ပြောတယ်။ အနက်ရောင်သိမ်းငှက်ကို လီယုတယောက်တည်းနဲ့ ဆော်မယ်တဲ့...။
လျူရောင်ချန်က ခေါင်းညိတ် လိုက်ပါတယ်။
"ဒါအမှန်ပဲ...။ လီယုက ပင်ကိုတော်တယ်။ သူသာ ကွေးရန်ကိုနိုင်ရင် ပွဲသိမ်းပြီ...။ ကျန်တဲ့လူတွေကို ထည့်တွက်စရာမလိုဘူး...။''
လျူရောင်ချန်က ခေါင်းညိတ်လိုက်ပါတယ်။