Successive Live
Part (09)
မသွားချင်သွားချင်နဲ့ သွားရပေမယ့် ဦးငယ်ရဲ့ အဆင်မပြေရင် တစ်နှစ်လုံးနားခွင့် ပေးမယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် မြင့်မိုရ် ကျောင်းပြန်တက်ဖို့ ဖြစ်လာခဲ့ ပါတယ်။ ကျောင်းအသစ်ကို ပြောင်းတော့ အဆောင်အထိ ဦးငယ်လိုက်ပို့ပေးပါတယ်။ အဆောင်အသစ်ကို မဝင်ခင်မှာပဲ အဝမှာတင် မြင့်မိုရ် ထပ်ပြီး ဦးငယ်ကို သတိပေးလိုက်မိပြန်တယ်။
“ဦးငယ် သားအဆင်မပြေရင် လုံးဝမတက်ဘူးနော်။ ပြောပြီးသား။”
“အေးပါ သားရယ်။ မင်းကျောင်းတက်လိုက်ရင် အချိန်က ကုစား ပေးသွားမှာပါကွာ။”
“မဖြစ်နိုင်တာ ဦးငယ်ရယ်။ သားကတော့ အဆင်ပြေမယ်မယ် မထင်ပါဘူး။”
“သား အတက်နိုင်ဆုံး ကြိုးစားကြည့်ပါဦးကွာ။ နော်…..။ နောက်မှ သားတစ်ခုခု အဆင်မပြေရင် ဦးငယ် သားကို တာဝန်ယူတယ်။ သား စိတ်တိုင်းကျ ဖြစ်စေရမယ်။ ဟုတ်ပြီလား။”
“ဟုတ်ကဲ့ပါ။”
သူတို့ အဆောင်ထဲကို ဝင်လိုက်တဲ့ အချိန်မှာပဲ အဆောင်ထဲကနေ ထွက်လာတဲ့ လူတစ်ယောက်နဲ့ ခေါင်းကိုငုံ့ကာ လျှောက်လာတဲ့ မြင့်မိုရ်ထက် တို့ ပုခုံးချင်း တိုက်မိသွားတဲ့ အချိန်မှာတော့
“ဟာ………။”
“အ့ …………။”
စက္ကန့်တစ်ချို့က ကမ္ဘာလောကကြီးကို ရပ်တန့်ပစ်လိုက်တာလား မသိ။ ပုခုံးကို လာတိုက်မိလိုက်တာ ဖြေးဖြေးလေး ဆိုပေမယ့် လူတစ်ကိုယ်လုံးက လျှပ်စစ် ဓါတ်တို့စီးကူးသွားသလို ကျင်တက်သွားခဲ့ရတာမို့ မြင့်မိုရ် မော့ကြည့်လိုက်တော့ ခပ်သန့်သန့် အစ်ကိုကြီး တစ်ယောက်။ သူကလည်း မြင့်မိုရ်ကို ငေးကြောင်ကာ ကြည့်နေပါတယ်။ မျက်လုံးထဲမှာ ဘာမှန်းမသိတဲ့ ပုံရိပ်တစ်ချို့ ဖျတ်ခနဲ ဖျတ်ခနဲ။ အဲဒါတွေကို မြင့်မိုရ် မခံစား မတွေးတောအား။ ဒီအစ်ကိုကြီးကို ကြည့်နေရတဲ့ ခံစားချက်က ဘာမှန်းကိုမသိပဲ လွမ်းဆွတ်ကာ ငိုချင်လာသလိုကြီး။
“သား အဆင်ပြေရဲ့လား ဘာဖြစ်သွားလို့လဲ။”
“…………”
“စောတီးနော် သူငယ်ချင်း မင်းအဆင်ပြေရဲ့လား။”
“အော် အင်း ရတယ် ရတယ်။ စောတီးပါ ကိုမမြင်လိုက်မိလို့ ဝင်တိုက်လိုက်မိသလို ဖြစ်သွားတယ်။”
“ဟေ့ကောင် မြင့်မိုရ်။”
ဦးငယ်က ပုခုံးကို ပုတ်ကာ သတိပေးလာမှ မြင့်မိုရ် သတိပြန်ဝင်လာကာ
“အော် ဟုတ် ဦးငယ်။ သွားမယ်လေ။”
မြင့်မိုရ် အကြည့်တွေ ဦးငယ်စီရောက်သွားတော့ ဦးငယ်က ခုနက အစ်ကိုကြီးကို အဓိပ္ပါယ် တစ်ခုခုပါတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာမို့ မြင့်မိုရ်လဲ လိုက်ကြည့် လိုက်တော့ ခုနက ကိုကြီးက ဦးငယ်ကို ခေါင်းငြိမ့်ပြတာ တွေ့လိုက်ရပါတယ်။ ဦးငယ်ကလည်း သူဆိုလိုတာကို သဘောပေါက်သလို ခေါင်းပြန်ငြိမ့်ပြလိုက်တာ တွေ့ရတာမို့ မြင့်မိုရ် မျက်မှောင်လေးကျုတ်ကာ စဉ်းစားလိုက်မိပါတယ်။
အနားကနေ ထွက်လာတော့မှ
“ခုနက အစ်ကိုကြီးက ဦးငယ်နဲ့ သိလို့လား။”
“ဘယ်အစ်ကိုကြီးလဲ သား။”
“ဟာ ခုလေးတင် သားနဲ့ တိုက်မိတဲ့ အစ်ကိုကြီးကို ပြောတာလေ။”
“အော် အဲ့တာ အစ်ကိုကြီး မဟုတ်ဘူး။ သူက ဦးငယ်တို့နဲ့ တစ်ရွာထဲ အသက်လဲ အတူတူပဲ။”
“ဟင်….။ အဲ့တာကို ဦးငယ်က နှုတ်တောင်မဆက်ဘူးလား။”
တကယ်ပဲ အံ့ဩလို့ သွားရတာ အမှန်ပါ။ ဦးငယ်နဲ့ အရွယ်တူဆိုရင် မြင့်မိုရ်ထက် အသက် (၂၀) နီးပါးကြီးတာတဲ့လား။ မြင့်မိုရ်ထက် ကြီးတယ်ဆိုတာ သိသာပေမယ့် ဘယ်လိုမှ ဦးလေး အရွယ်လို့ မထင်ရလောက်အောင်ကို နုပျိုတဲ့သူပဲ။ နောက်ပြီး သူ့မျက်နှာကို ကြည့်ရတဲ့ ခံစားချက်ကြီးကို မြင့်မိုရ် နားမလည် ဘူး။ တစ်မျိုးကြီးပဲ။
“အေး မေ့သွားလို့ပါကွာ။ ခေါင်းပဲငြိမ့်ပြလိုက်တယ်။ ဘာမှမဖြစ်ဘူး။ လာလာ သွားမယ်။”
……………………………..
သူတို့ အနားကနေ ထွက်သွားသည့်တိုင်အောင် ကာရံထက် ခြေထောက်တွေ လေးလံကာ ခုနက နေရာမှာပဲ ရပ်နေလိုက်မိပါတယ်။ ပြီးတော့ ကောင်လေးရဲ့ ကျောပြင်ကို လှမ်းငေးနေမိတယ်။
ဘာဖြစ်သွားတာလဲ ဆိုတာ ကာရံထက် တကယ်မသိပါ။ ဒါပေမယ့် ဒီကောင်လေးက ကျော်စွာနဲ့ ပါလာတာ တွေ့တာမို့ ကျော်စွာ တူလေး မြင့်မိုရ်ထက် ဆိုတာပဲ ဖြစ်မှာပေါ့။ သူနဲ့ လူချင်းတိုက်မိလိုက်ချိန်မှာ ဖြစ်သွားတဲ့ ခံစားချက်က တကယ်ကို ထူးခြားနေပါတယ်။ ပြီးတော့ ကောင်လေးက ကာရံထက်ကို မော့ကြည့်လာ တော့လည်း သူ့မျက်ဝန်းတွေနဲ့ ဆုံသွားတော့ မျက်လုံးထဲမှာ နက်နက်နဲနဲ အလွမ်းဓါတ်တွေကို ကြက်သီးထမတက် ခံစားလိုက်ရပြန်ပါတယ်။ သူလွမ်းနေတာ တူလေး ဒီပါ့ကိုနေမှာပေါ့။ ဒါပေမယ့် ဒါပေမယ့်လည်းပေါ့…….။ ကာရံထက် ခေါင်းကို ငြင်သာစွာ ခါလိုက်မိပါတော့တယ်။
လေးလံလာတဲ့ စိတ်တွေက ဒီပါတို့အတွက်လား မိမိအတွက်လား ဆိုတာကိုတော့ ကာရံထက် မဝေခွဲတက်တော့ပါ။ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ သတိရလာမိတဲ့ တစ်ယောက်သောသူကတော့ ဇင်မင်းငယ်ပေါ့။ ဇင်ငယ်ရေ ငါအတက်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီနော်။ ဒါက ဘာလို့လဲ ဆိုတော့ ငါတို့ နောက်တစ်ကြိမ်သာ ပြန်ဆုံဖြစ်ခဲ့ရင် အရင်လို မခွဲခွါရတော့အောင်ပေါ့။
……………………………….
အဆောင်က အရပ်အဆောင်မို့ ထင်ပါရဲ့ နှစ်ယောက်တစ်ခန်း နေရပြန်ဦးမယ်။ အဆောင်ဆိုတဲ့ အတွေးနဲ့ အဆောင်ထဲ ဝင်လာထဲက မြင့်မိုရ် ထူးထူးခြားခြားကို လွမ်းဆွတ်မိတာ ဒီပါ့ကိုပါ။ ဒီနေရာမှာ ဒီပါနဲ့ အတူသာ နေရမယ် ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီပါကော ခုချိန်ဘာတွေ ဖြစ်နေမလဲဆိုတာ တွေးမိတိုင်း ချမိတဲ့ သက်ပြင်းပေါင်း မနည်းတော့။ အဆောင်မှာ အပ်ပေးပြီးတော့ ဦးငယ်ပြန်သွားတော့ အဆောင်မှုးက အခန်းကို လိုက်ပြပါတယ်။
“ကဲ သား အခန်းကတော့ ဒီအခန်းပဲ။ အခန်းဖော်ကလည်း ခုနတုန်းကမှ ရောက်တာ။”
“ဟုတ်ကဲ့ ကျေးဇူးပါ။”
အခန်းတံခါးကို အသာဖွင့်ကာ ဝင်လိုက်တော့ နံရံဖက်ကို လှည့်ကာ အိပ်နေတဲ့ ကောင်လေး တစ်ယောက်။ သေချာ မကြည့်မိဘူး။ အထုပ်ကို ကုတင်ဘေး မှာချကာ အိပ်ယာကို ပြင်လိုက်ပြီး အရင်ဆုံး ပက်လက်လှန်ချလိုက်ပါတယ်။ ပြီးတော့ ဖုန်းထဲက သီချင်းလေးကို ခပ်တိုးတိုး ဖွင့်ကာ မျက်လုံးတွေကို မှိတ်လို့ ထားလိုက်မိပါတယ်။
…….. အဆင်မပြေခြင်းတွေ များနဲ့ မရေရာခြင်းတွေ ပြည့်နှက်နေတဲ့ အမှောင်ထဲမှာ လမ်းလျှောက်ရသလိုပဲ ဘာဖြစ်မယ်မှန်း မသိရပေမယ့် ……. ရှာဖွေမိတယ် အပြုံးတစ်ချို့ကိုလည်း သံသယများနဲ့ ကြည့်လို့ ကိုပဲတွေ့တယ် …… ခင်မင်ခြင်းတွေ ပျောက်ဆုံးသွားခဲ့ ဘယ်တော့များ ပြန်ဆုံနိုင်မှာလဲ ……..
နားထဲဝင်လာတဲ့ ခပ်တိုးတိုး သီချင်းသံက ဒီပါ့ကို တမင်များ နှိပ်စက်နေသလားလို့ ထင်ရလောက်အောင် ထိထိရှရှ ဖြစ်ရပါတယ်။ လူကမှ နဂိုထဲက မြင့်မိုရ်ကို လွမ်းနေပါတယ် ဆိုမှ သူက ဘာသီချင်းတွေ လာဖွင့်နေတာပါလိမ့်။ သူကလည်း ကို့လို အလွမ်းသမားပဲ ထင်ပါရဲ့။ သက်ပြင်းကို ခပ်ဖွဖွချရင်း တစ်ဖက်ကို လှည့်လိုက်တော့ ကောင်လေးကလည်း ဒီပါလှုပ်လိုက်တာ သိသွားလို့ ထင်တယ် တဖက်ကို လှည့်သွားပါတယ်။
……… လဲမကျပါနဲ့ ရှေ့ကို ဆက်သွားမယ် အခက်ခဲတွေ ရှိပေမယ့် တိုးနိုင်သွားပြီ ကြွေးကျော်ကြဦးမယ် ……. လဲပြိုကျမသွားနဲ့ တစ်နေ့အောင်မြင်ခြင်းရလိမ့်မယ် အိပ်မက်ဆိုးတွေ ဖျတ်ကျော်တို့ ကမ္ဘာသစ် ပြန်ပြီးရှင်သန်ရမယ် အနာဂါတ်များ မှန်းဆလို့ မရသေးတဲ့ အချိန်များထဲ ….. ဖေးမရင်းနဲ့ အားယူရှေ့ဆက် ပြီးဆုံးသွားတဲ့ နေ့ရောက်လာဦးမယ် ……..
…….. ပျော်ခဲ့ဖူးတယ် နေ့ရက်တွေလည်း ဒီအချိန်မှ ပြန်လွမ်းမိပါတယ် ပြန်မရနိုင်တဲ့ နေ့တွေ ရက်တွေရယ်….. ဘယ်တော့များ ဆုံတွေ့ခွင့် ရှိဦးမလဲ ……. ဒါပေမယ့် အို အားမလျော့ပါနဲ့ ဒါဏ်များစွာ ပွေ့ဖက်ကာ ခရီးဆက်မယ် မျှော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းနဲ့ ပြန်ဆုံမယ့် နေ့သစ်များစွာထဲ …..
မဖြစ်တော့ဘူး ဒီကောင့်ကို သီချင်းပိတ်ခိုင်းမှ ဖြစ်တော့မယ်။ ဒီပါ လှဲနေရာမှ ထကာ တစ်ဖက်မှာ ရှိနေတဲ့ ကုတင်နားကို ကပ်သွားလိုက်ပါတယ်။ ကောင်လေး ကတော့ တစ်ဖက်ကိုလှည့်ကာ ကွေးကွေးလေး အိပ်နေဆဲ။ ပုခုံးကို လှမ်းပုတ်မလို့ လက်ကို ပြင်လိုက်စဉ်မှာပဲ ဘေးတစ်စောင်းလေး မြင်နေရတဲ့ ကောင်လေးရဲ့ မျက်နှာကို ဒီပါ သတိထားလိုက်မိပါတော့တယ်။
“ဟင်…..။”
…………………………..
အဆောင်ထဲကနေ ပြန်ထွက်လာတော့ အဆောင်ပြင်မှာ သူ့ကို ရပ်စောင့်နေတဲ့ ကာရံထက်ကို တွေ့တာမို့ ကျော်စွာ ခေါင်းကိုငြိမ့်ပြလိုက်ရင်းက သူ့နားကို လျှောက်သွားလိုက်ပြီး
“ကျေးဇူးပဲ ကာကြီး။ ခုလို ကူညီပေးတဲ့ အတွက်ပေါ့။”
“အင်း ရပါတယ်။ မင်း အခုပြန်မှာလား။”
“အေး ပြန်မယ်လေ။ တစ်ဆိုင်ဆိုင်မှာ ထိုင်ပြီး အအေးလေး ဘာလေး သောက်ကြမလား။”
“အိုခေ ထိုင်ကြတာပေါ့။”
သူတို့ အဆောင်ရှိရာလမ်းကနေ ထွက်လာတော့ လမ်းထိပ်နားလောက်မှာ အအေးဆိုင်လေး တွေ့တာနဲ့ ဝင်ထိုင်လိုက်ကြတယ်။ အအေးမှာပြီး ရောက်လာတဲ့ အထိ နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်သေး။ ခနနေမှ ကျော်စွာက
“မင်းလည်း ရွာဖက်ကို မလာတာ အတော်ကြာပြီနော် ကာကြီး။ လုံးဝကို ပျောက်သွားတာ။”
“အင်း ငါလည်း ကျောင်းပြီးထဲက ငါ့အစ်မတွေ နေတဲ့မြို့လေးမှာ ဖုန်းဆိုင်လေး ဖွင့်ထားတော့ ဘယ်မှ သိပ်မရောက်ဖြစ်ပါဘူးကွာ။”
တကယ်တော့ ဇင်ငယ့်ကို လွမ်းတိုင်း ရွာအပြင်က ဇင်ငယ့် အုတ်ဂူလေး ရှိတဲ့ ရွာအပြင်ဖက်က သုဿာန် နေရာကို ရောက်တက်တယ် ဆိုတာတော့ မပြောဖြစ်ပါဘူး။
“ကျန်တဲ့ ကောင်တွေတော့ အိမ်ထောင်တွေ ကျကုန်ကြပြီကွ။ ငါပဲ လူပျိုကြီး ဖြစ်ကျန်ခဲ့တာ။”
ကျော်စွာက ခပ်ဟဟလေး ပြုံးရင်းပြောလာတော့ ကာရံထက် ပြုံးလို့သာ နေလိုက်ပါတယ်။
“မင်းကို ငါတစ်ခုတော့ ပြောစရာရှိတယ် ဒါပေမယ့် ….. ပြောလို့ မသင့်ဘူး ထင်တယ်။”
“ဘာကိုလဲ ကျော်စွာ။ ပြောစရာရှိရင်ပြောလေကွာ။ ရပါတယ်။”
“ထားလိုက်ပါတော့…..။ ကလေးတွေ ကိစ္စ အကြောင်းထူးရင် ငါ့ကို ဖုန်းဆက်နော် ကာကြီး။”
“အေးပါ။ မင်းတူကို ကြည့်ရတာ တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ ကျော်စွာ။ ဘယ်သူနဲ့တူတာလဲ ငါစဉ်းစားလို့မရဘူး။ မင်းအစ်ကိုနဲ့လဲ မတူပါဘူး။”
ကျော်စွာ တစ်ချက်လှစ်ခနဲ ပြုံးလိုက်ရင်းက
“ဟင်း ဟင်း …. တဖြေးဖြေးတော့ မင်းသိလာမှာပါ။ ခုကတွေ့ကာစ မို့လို့ပါကွာ။”
“အေး တခါမှ မတွေ့ဖူးပေမယ့် စိတ်ထဲမှာ ရင်းရင်းနှီးနှီး သိနေသလိုကို ခံစားရလို့ကွ။”
“ငါ့အစ်ကိုနဲ့ ယူလိုက်တာ ဘယ်သူလို့ မင်းထင်လို့လဲ ကာကြီး။”
“သိဘူးလေကွာ။”
“မင်းသိရင် အရမ်း အံ့ဩသွားလိမ့်မယ်။ ငါ့အစ်ကိုနဲ့ ယူလိုက်တာ စန္ဒီမြင့်။”
“ဟေ….. တစ်ကယ်ကြီးလား ကျော်စွာ။ ဘယ်တုန်းက ယူလိုက်ကြလို့ ကလေးတောင် ဒီအရွယ်ရောက်သွားတာလဲ။ ဟား …. သွက်လှချည်လား ဟ့။”
ကာရံထက် တစ်ကယ်ပဲ အံ့ဩလို့ သွားမိတာ အမှန်ပါ။ စန္ဒီမြင့် ဆိုတာ သူတို့နဲ့ ငယ်ငယ်က တစ်ဖွဲ့ထဲ ပေါင်းလာခဲ့ကြတဲ့ သူတွေလေ။
“ပြောရရင်တော့ ငါ့ကောင်ရေ။ ဇင်ငယ်ဆုံးပြီး နောက်နှစ်ပဲ သူတို့ ခိုးပြေးကြတာ။ ခိုးပြေးတာကလဲ မပြေးမဖြစ်တော့လို့ကွ ဟား ဟား ဟား….။”
“အဲဗျာ ကောင်းရော။”
“ခိုးပြေးပြီး (၅) လပဲ ကြာတယ်။ အခုငါ့တူ မွေးတာဟေ့ ဟား ဟား ဟား။”
“မင်း အစ်ကို တော်တော် ဆိုးဆိုးပဲ ကျော်စွာရ။”
ကာရံထက်လည်း ကျော်စွာနဲ့ အတူလိုက်ပြီး ရီနေလိုက်မိပါတယ်။
“ခုမင်းတို့က အတူတူနေတာလား။”
“မနေပါဘူး။ ဒါပေမယ့် ငါ့တူစီကိုတော့ ခနခန ရောက်တယ်။ စန္ဒီနဲ့ ဒီကောင်က တည့်ကိုမတည့်တာ သားအမိတွေ။ ငါပဲ ထိန်းနေရတာ ဒီကောင့်ကို။”
“အဲဒါတော့ အတူတူပဲ ကျော်စွာ။ ငါ့အိမ်မှာလည်း ငါ့ကောင်က ငါထိန်းမှရတာ ဟေ့။ လူကြည့်လိုက်ရင် အေးပုံအေးလက်နဲ့ ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်းချီး။”
“အေးဆို။ ငါတို့လဲ အိမ်ထောင်မရှိတော့ ဒီလိုပါပဲကွာ။ သူများကလေး ဝိုင်းထိန်းရတာပေါ့ ဟား ဟား ဟား။”
“ဒီကောင်တွေ ဒီအချိန်တွေ့ နေလောက်ပြီထင်တယ်။”
“တွေ့လောက်ရောပေါ့ ကာကြီးရယ်။ ဦးလေးတွေကိုတောင် ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်းမပြောနိုင်အောင် ဘယ်လောက်တောင် အလွမ်းသယ် နေကြလဲမှ မသိတာ။”
“အေးလို့ အဲဒါဆို ငါပြန်တော့မယ် ကျော်စွာ။ ဆိုင်ကလည်း အကြာကြီး ပစ်ထားလို့ မရလို့။”
“အေးကွာ။ နောက်မှ အေးဆေး ဆုံကြမယ်။”
“အိုခေ။”
သူတို့ တစ်ယောက်တစ်နေရာစီ လမ်းခွဲခဲ့လိုက်ပါတော့တယ်။ ကာရံထက် မျက်လုံးထဲမှာ ခုနက သူ့ကို မော့ကြည့်နေတဲ့ မြင့်မိုရ်ထက် ဆိုတဲ့ ကောင်လေးရဲ့ အကြည့်တွေကိုသာ မြင်ယောင်လို့ နေပါတယ်။ ကာရံထက် သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး ခေါင်းကိုသာ ခါလိုက်မိပါတော့တယ်။
…………………………..
ပုခုံးပေါ်ကို ငြင်သာစွာ ကျလာတဲ့ လက်တစ်ဖက်ကြောင့် အိပ်နေတာ မဟုတ်တဲ့ မြင့်မိုရ် ချက်ခြင်း သတိထားလိုက် မိပါတယ်။ မျက်နှာကို အသာလှည့်ကာ ကြည့်လိုက်တော့ မျက်လုံးထဲမှာ မြင်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် ဘေးတစောင်းကနေ ခေါင်းလေး လှည့်လျက်ပင် မြင့်မိုရ် ငြိမ်သက်လို့သွား ရပါတော့တယ်။
ပြီးတော့ ပါးပြင်ပေါ် လိမ့်ခနဲ ကျလာတဲ့ အရာတစ်ချို့။ မငိုမိပါပဲ စီးကျလာတဲ့ မျက်ရည်တွေ။ သူ့ကို ကြည့်နေတဲ့ ဒီပါကလဲ မျက်ရည်တွေ ဝဲလို့။
“မြင့်မိုရ်။ မြင့်မိုရ် ရယ်…..။”
ဆက်လက် တင်ပြသွားပါ့မယ် ခမျ။
အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။
ကိုကိုလေး (ဒဿနိက)