(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၄၆)
-------- --------- -------- ------- --------
သန္ဓေပြောင်းပုရွက်ဆိတ်သရဲ၏ သားရဲဝိဉာဉ်အမျိုးအစား = ချပ်ဝတ်တန်ဆာ
-------- --------- -------- ------- ----------
ဟန်ဆန်းက သန္ဓေပြောင်းသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်လိုက်ပါတယ်။ သူ့တကိုယ်လုံးကို အပြာရောင်တွေ ဖုံးအုပ်သွားပါတယ်။ ရွှေပိုးကောင်နက်ချပ်ဝတ်တန်ဆာလိုပဲ တကိုယ်လုံးကို ကာကွယ်ပေးနိုင်ပါတယ်။ အတော်လေးလည်း လှပါတယ်။
လင်ဘီဖန်းဟာ အံ့အားသင့်သွားပါတယ်။ လှလိုက်တဲ့ ချပ်ဝတ်တန်ဆာ..., ရွှန်းစိုတောက်နေတာပဲ....။
"မိန်းကလေးတယောက်သာ ဝတ်လိုက်ရင်... အရမ်းလှမှာကွ...။''
လင်ဘီဖန်းဟာ ပုရွက်ဆိတ်သရဲ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို တောင်းချင်နေပါတယ်။ ဒါပေမဲ့ ဟန်ဆန်းကို ဘယ်လိုစပြောရမှန်းမသိပါ။
သားရဲဝိဉာဉ်သန္ဓေပြောင်းယဉ်ကို ဟန်ဆန်းဆီက,ရထားတာ ဘယ်လောက်တောင်မကြာသေးပါ။ ဒီတော့ နောက်ထပ်,ထပ်တောင်းဖို့ လင်ဘီဖန်းဟာ အားနာနေပါတယ်။
"အဟမ်း..., အဟမ်း..., ဆန်း..., ဒီသားရဲဝိဉာဉ်ကို မင်းသုံးမှာလား...။ မသုံးရင် ငါ့ကိုရောင်းကွာ...။ ပေါက်စျေးရဲ့နှစ်ဆပေးမယ်...။''
ချပ်ဝတ်တန်ဆာကို စွဲလမ်းစွာကြည့်ရင်း...
လင်ဘီဖန်းက ဟန်ဆန်းကို မေးလိုက်ပါတယ်။
"အခုလောလောဆယ် ငါ့မှာ ပိုက်ဆံမလိုသေးဘူး...။ မင်းလိုချင်ရင် စိန့်ခန်းမဝင်ခွင့်လိုင်စင်နဲ့ လဲမယ်...။''
ဟန်ဆန်းက စဉ်းစဉ်းစားစား ပြောလိုက်ပါတယ်။ ဒီချပ်ဝတ်တန်ဆာဝတ်စုံက သူ့အတွက် မလိုအပ်ပါ။ ဒါပေမဲ့ လိုအပ်ရင်သုံးဖို့ သိမ်းထားရပါမယ်။ ရောင်းမယ်ဆိုရင်တောင် ငွေအတွက် မရောင်းပါ။
"ဆန်း..., ငါ့မှာ အဲ့လိုင်စင်မရှိဘူး...။ မင်းသိတဲ့အတိုင်း စစ်တပ်က တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတာ...။ ရိုးရိုးလိုင်စင်က ရဖို့လွယ်တယ်...။ စိန့်ခန်းမဝင်ခွင့်လိုင်စင်က ရဖို့မလွယ်ဘူး...။''
လင်ဘီဖန်းက ခါးခါးသီးသီး ပြောလိုက်ပါတယ်။
"ဒီလိုသားရဲဝိဉာဉ်ကကော ရဖို့လွယ်လို့လား...။''
ဟန်ဆန်းက သွားဖြဲရယ်ကာ ပြောလိုက်ပါတယ်။
"မင်းပြောတာလည်း မှန်ပါတယ်...။''
လင်ဘီဖန်းဟာ မျက်မှောင်ကြုတ်ကာ တွေးနေပါတယ်။ ခဏကြာမှ ဟန်ဆန်းကို စကားပြောလိုက်ပါတယ်။
"ဆန်း..., ငါ့မှာ စိန့်ခန်းမဝင်ခွင့်လိုင်စင်တော့ မရှိဘူး...။ မင်းကြိုက်နိုင်တဲ့ တခုတော့ရ်ှတယ်...။ ငါတို့ ရိုကာဂြိုလ်ကို ပြန်ရောက်ရင် မင်းကို ငါ ပြမယ်...။ မင်း စိတ်ဝင်စားရင် အရောင်းအဝယ်ဖြစ်မယ်...။ မင်း စိတ်မဝင်စားရင်တော့ ငါ့ကံပေါ့...။ ဘာတတ်နိုင်မှာလဲ....။''
"ဘာပစ္စည်းလဲ...။''
ဟန်ဆန်းက စပ်စုလိုက်ပါတယ်။
"စူပါဇီဝဝါးဖရိမ်...။''
လင်ဘီဖန်းက ပြန်ပြောလိုက်ပါတယ်။
"ဇီဝဝါးဖရိမ်အကြောင်းတော့ ငါသိတယ်...။ စူပါကိုတော့ ငါမသိဘူး...။ အဲ့ဒါ ဘာလဲ...။''
ဟန်ဆန်းက မေးခွန်းထုတ်လိုက်ပါတယ်။
လင်ဘီဖန်းက ရှင်းပြလိုက်ပါတယ်။
"ငါတို့မြင်နေကျဝါးဖရိမ်တွေက ဇီဝတဝက်, စက်တဝက် အမျိုးအစားတွေ...။ သူတို့ပုံစံက သားရဲတွေနဲ့ တူတယ်။ လူခန္ဓာကိုယ် နဲတူတဲ့ ဖန်ရှင်တွေပါတယ်။ ဒါပေမဲ့ လူနဲ့ချွတ်စွပ်တူဖို့တော့ အများကြီးလိုသေးတယ်။''
"စူပါဇီဝဝါးဖရိမ်က ဝါးဖရိမ်ကုမ္ပဏီတခုရဲ့ နောက်ဆုံးထုတ်ကုန်တခုပဲ။ အပြင်ကို ထုတ်မရောင်းသေးဘူး။ စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတွေမှာတော့ ရှေ့ပြေးပုံစံအနေနဲ့ အစမ်းသုံးနေပြီ။ စစ်တပ်က ငါတို့ကုမ္ပဏီက ထွက်တဲ့ရှားပါသတ္တုတွေလိုချင်တော့ ငါတို့ကုမ္ပဏီကို အဲ့ဒီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတယ်။ ငါရထားတာလည်း အစမ်းသုံးရှေ့ပြေးပုံစံတခုပဲ...။ အရမ်းမိုက်တယ်...။''
"ဘာကွာလဲ...။''
ဟန်ဆန်းက စိတ်ဝင်တစား မေးလိုက်ပါတယ်။
"နတ်ဘုရားကမ္ဘာမှာ သုံးလို့မရတာကလွဲရင် စူပါဇီဝဝါးဖရိမ်ဟာ ပြီးပြည့်စုံတယ်။ ရိုးရိုးဝါးဖရိမ်တွေက အနည်းဆုံး ၁၂ ပေကနေ ၁၈ ပေအထိ ရှည်တယ်။ ဟဲဗီးဝါးဖရိမ်ကိုတော့ ငါထည့်မပြောတော့ဘူး။ အဲ့ဒီ ဝါးဖရိမ်တွေကို မင်းနဲ့အတူ ယူသွားလို့မရဘူး...။''
"စူပါဇီဝဝါးဖရိမ်က အဲ့ဒါတွေနဲ့ မတူဘူး။ အတော်ကွဲတယ်။ အမှုန်ပြန်လည်တည်ဆောက်မှုနည်းပညာကို သုံးထားတယ်။ အဲ့နည်းပညာအကြောင်းတော့ ငါအတိအကျ မသိဘူး။ စူပါဇီဝဝါးဖရိမ်ကို ခရီးဆောင်လက်ဆွဲသေတ္တာထဲမှာ ထည့်သယ်သွားလို့ရတယ်။ လက်ဆွဲသေတ္တာကို ဖွင့်လိုက်တာနဲ့ အမှုန်တွေက မင်းရဲ့တကိုယ်လုံးကိုဖုံးအုပ်ပြီး ဝါးဖရိမ်ပုံစံ ပြောင်းသွားလိမ့်မယ်။ ငါ့ဟာကလည်း ရှေ့ပြေးပုံစံပဲ။ လက်နက်စနစ် မပါဘူး။ ၁၂ ပေ ပိုပိုလေးပဲ ရှိမယ်။ အင်ဂျင်ပါဝါ တအားကောင်းတယ်။ ကြယ်စင်အုပ်စုကထုတ်တဲ့ ကင်းစီးရီးဝါးဖရိမ်တွေထက် အများကြီးသာတယ်...။''
လင်ဘီဖန်းက အရှည်ကြီး ရှင်းပြလိုက်ပါတယ်။
"လက်ဆွဲသေတ္တာထဲ ထည့်သွားလို့ရတယ်...။ ဟုတ်လား...။''
ဟန်ဆန်းက သေတ္တာအရွယ်ကို လက်နဲ့ ဆပြလိုက်တယ်။ စူပါဇီဝဝါးဖရိမ်က သူ့ကို ဖမ်းစားသွားပါပြီ။
"ဟိုရောက်မှ လိုက်ကြည့်...။ မင်းကြိုက်ကို ကြိုက်သွားစေရမယ်။''
လင်ဘီဖန်းက ပြောလိုက်ပါတယ်။
"အိုခေ...''
ဟန်ဆန်းက ပြန်ပြောလိုက်ပါတယ်။
လင်ဘီဖန်းဟာ အပျော်တွေနဲ့ ပြည့်သွားပါတယ်။ သူ့အနေနဲ့ နောက်ထပ်စူပါဇီဝဝါးဖရိမ်တစီး ရနိုင်သော်လည်း ဒီသားရဲဝိဉာဉ် မျိုးကိုတော့ ရနိုင်ဖို့ဝေးရော...။ မြင်ဖူးဖို့တောင် မလွယ်ပါ။ ဒီပုရွက်ဆိတ်သရဲ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာဟာ ဒီဇိုင်းအရမ်းမိုက်ပါတယ်။ ဒီဇိုင်းအရာမှာ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာတွေတောင် သူ့ပြိုင်ဘက်မဟုတ်ပါ။
လင်ဘီဖန်းနဲ့ စကားပြောနေရင်းနဲ့...
တချိန်တည်းမှာပဲ... ပုရွက်ဆိတ်သရဲတွေကိုပစ်ဖို့ အခွင့်အလမ်းတွေကို ရှာနေပါတယ်။ အက်ကြောင်းထဲမှာလည်း ပုရွက်ဆိတ်တွေဟာ တဖြည်းဖြည်း နည်း,နည်းလာပါတယ်။ ဒါပေမဲ့ ရွှေရောင်ကျောက်တုံးတီကောင်ဘုရင်ကတော့ အလွန်လျင်မြန်စွာ စားနေဆဲပါ။
ဟန်ဆန်းဟာ ပုရွက်ဆိတ်သရဲ,ရာနဲ့ချီလို့ အမဲလိုက်ပြီးပါပြီ။ ပုရွက်ဆိတ်သရဲအများစုကတော့ ရွှေရောင်ကျောက်တုံးတီကောင်ဘုရင်ရဲ့ဗိုက်ထဲကို ရောက်သွားပါတယ်။ ဒါပေမဲ့ တီကောင်ဘုရင်ဟာ ဝတဲ့ပုံမပေါ်သေးပါ။ တီကောင်ဘုရင်ရဲ့ခန္ဓာကိုယ်ဟာလည် ပုံမှန်ကြီးထွားနေပါတယ်။
ပုရွက်ဆိတ်သရဲတွေအားလုံးနီးပါးသေကုန်တဲ့အခါ တီကောင်ဘုရင်ရဲ့ခန္ဓာကိုယ်ဟာ ခေါင်းအုံးအရွယ်ခန့် ဖြစ်းသွားပါတယ်။ သူ့ရဲ့အခွံတွေဟာလည်း ရွှေလိုမာလာပါတယ်။
"ဒီအတိုင်းဆိုရင် ရွှေရောင်ကျောက်တုံတီကောင်ဘုရင်ဟာ သူ့မူလအရွယ်ရောက်အောင် ကြီးလာလိမ့်မယ်...။''
ဟန်ဆန်းဟာ မျှော်လင့်ချက်အပြည့်နဲ့ တွေးလိုက်ပါတယ်။
သူဟာ မီညောင်ကို အစာကျွေးနေတာ အတော်ကြာပါပြီ။ သူဟာ အိမ်မွေးသားရဲဝိဉာဉ်တွေအကြောင်း စကိုင်းနက်မှာ အများကြီးရှာဖတ်ထားပါတယ်။ အိမ်မွေးသားရဲဝိဉာဉ်တွေဟာ ကိုယ်တိုင်တိုက်ခိုက်နိုင်တဲ့ တခုတည်းသော သားရဲဝိဉာဉ်တွေပါ။
သားရဲဝိဉာဉ်ယဉ်တွေဟာ စီးသူရဲ့ညွန်ကြားချက်ကို လိုအပ်ပါတယ်။ သားရဲတွေကို သူတို့ကိုယ်တိုင် မတိုက်ခိုက်နိုင်ပါ။ သူတို့ရဲ့အဓိကတာဝန်က သယ်ယူပို့ဆောင်ရေးပါ။
ဒါပေမဲ့...
အိမ်မွေးသားရဲဝိဉာဉ်တွေကတော့ အခြား သားရဲဝိဉာဉ်တွေနဲ့ မတူပါ။ သူတို့ဟာ အသွင်ပြောင်းသွားတာနဲ့တပြိုင်နက် အမဲလိုက်တဲ့စွမ်းရည်နဲ့ တိုက်ခိုက်တဲ့စွမ်းရည်ကို အလိုလိုရရှိသွားကြပါတယ်။
ဒါကြောင့်...
ဟန်ဆန်းဟာ မီညောင်နဲ့ တီကောင်ဘုရင်ကို ကြိုးစားပမ်းစားအစာကျွေးနေတာပါ။ အတော်ခက်ခဲတဲ့တာဝန် ဖြစ်ပါတယ်။ အစာကျွေးနေတာကြာပြီဖြစ်တဲ့ မီညောင်တောင်အသွင်မပြောင်းသေးပါ။
ဟန်ဆန်းဟာ သူ့ရဲ့အိမ်မွေးသားရဲဝိဉာဉ် တွေအကြောင်း စဉ်းစားနေတုန်း တခုခုထူးခြားသလို ခံစားလိုက်ရပါတယ်။ တချက်စောင်းကြည့်လိုက်တော့ မြင်းပုအရွယ်လောက်ရှိတဲ့ ပုရွက်ဆိတ်ကြီးတကောင်ဟာ အက်ကြောင်းကြိ်းထဲက ထွက်လာတာကို မြင်လိုက်ရပါတယ်။
အက်ကြောင်းဟာ အတော်ကျဉ်းပါတယ်။ သူ့ခန္ဓာကိုယ်ဟာ အက်ကြောင်းထဲမှာ ညပ်နေပါတယ်။ ကျောက်သားတွေကို ချွန်ထက်တဲ့လက်သည်းတွေနဲ့ ဖဲ့ရင်း, ပါးစပ်ထဲထည့်,ဝါးစားရင်းနဲ့ ကျောက်သားတွေဟာ ပုရွက်ဆိတ်ကြီးရဲ့ပါးစပ်ထဲမှာ တို့ဟူးတွေလို ဖြစ်နေပါတယ်။ ဖဲ့ရင်း... စားရင်းနဲ့... ပုရွက်ဆိတ်ကြီဟာ အက်ကြောင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်နေပါတယ်။
ပုရွက်ဆိတ်သရဲတွေ ဘာကြောင့်ကျောက်သားတွေကို စားနေတယ်ဆိုတာ ဟန်ဆန်းနားလည်သွားပါတယ်။ တကယ်တော့ ကျောက်သားတွေ အရသာရှိတာကြောင့် စားနေကြတာမဟုတ်ဘဲ ဒီဧရာမပုရွက်ဆိတ်ကြီး အပြင်ကိုထွက်လာနိုင်ဖို့ အက်ကြောင်းကို ချဲ့နေကြတာ ဖြစ်ပါတယ်။
"ဟား..., ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲတော့ မဟုတ်ဘူး...။ ဟုတ်တယ်မဟုတ်လား...။''
လင်ဘီဖန်းလည်း အဲ့ဒီဧရာမပုရွက်ဆိတ်ကြီးကို မြင်သွားပြီး မျက်လုံးပြူးလျက် အော်ပြောလိုက်ပါတယ်။
🐱🐱🐱🐱🐱
(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၄၇)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ဦးချိုနက်လေးရဲ့လေးကြိုးကို အားတကုန်ဆွဲပြီး ပဒူကောင်မြားနဲ့ ဧရာမပုရွက်ဆိတ်ကြီးကို ချိန်လိုက်ပါတယ်။ မြားကို မလွှတ်ခင် တစက္ကန့်လောက် တန့်လိုက်ပါတယ်။
"ခလန့်...''
ပဒူကောင်မြားဟာ ဧရာမပုရွက်ဆိတ်ကြီးရဲ့ခေါင်းကိုထိပြီး ပြုတ်ကျသွားပါတယ်။ ပုရွက်ဆိတ်ကြီးရဲ့ဦးခေါင်းခွံပေါ်မှာ ခြစ်ရာလေးတောင်မပေါ်ပါ။
"လွမ်း..., မာလှချည်လား...။ ထွတ်မြတ်သွေးသားရဲဆိုတာ သေချာသွားပြီ...။''
လင်ဘီဖန်းက ထအော်လိုက်ပါတယ်။
မျက်စိတမှိတ်စာ အချိန်အတွင်း...
ဧရာမပုရွက်ဆိတ်ကြီးဟာ အက်ကြောင်း ထဲက ထွက်လာပြီး ဟန်ဆန်းနဲ လင်ဘီဖန်းတို့ရှိရာဆီသို့ တဟုန်ထိုးပြေးလာပါတယ်။ ပြေးလာတဲ့အမြန်နှုန်းဟာ တောင်အာဖရိကတောလိုက်ကျားသစ်ထက်တောင် ပိုမြန်ပါတယ်။
ဟန်ဆန်းဟာ ပဒူကောင်မြားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လေးကြိုးကို နောက်တကြိမ်ဆွဲကာ ပုရွက်ဆိတ်ကြီးကို ပဒူကောင်မြားနဲ့ ထပ်ပစ်လိုက်ပါတယ်။
"ခလန့်...''
မြားဟာ ပုရွက်ဆိတ်ကြီးခေါင်းနဲ့ထိပြီး အဆုံးသတ်သွားပါတယ်။ ပုရွက်ဆိတ်ကြီးကတော့ ဘာမှဖြစ်မသွားဘဲ သူတို့ရှိရာဆီသာသို့ တဟုန်ထိုးဆက်ပြေးလာပါတယ်။ တခဏအတွင်း အက်ကြောင်းကနေ ပေခြောက်ရာအကွာအဝေးအထိ ရောက်လာပါတယ်။
"မင်းအရင်သွားလိုက်တော့...။''
ဟန်ဆန်းက ပဒူကောင်မြားကို ဆင့်ခေါ်ပြီး ပုရွက်ဆိတ်ကြီးကို ထပ်ပစ်လိုက်ပါတယ်။
"အတူသွားကြမယ်... ။ အခွံလေးတွေကြားက အဟက အရမ်းကျဉ်းတယ်...။ ကွက်တိထိအောင်ပစ်နိုင်ဖို့ မလွယ်ဘူး...။''
လင်ဘီဖန်းက ပြောလိုက်ပါတယ်။
"ငါ ဘာလုပ်ရမယ်ဆိုတာ ငါ သိတယ်...။ မင်း သွားတော့...။''
ဟန်ဆန်းက ကြိုးကို တဖန် ဆွဲလိုက်ပါတယ်။ ပုရွက်ဆိတ်ကြီးဟာ သူတို့နဲ့ မိုင်ဝက်သာ ဝေးပါတော့တယ်။
ဟန်ဆန်းက မထွက်ခွာလိုတာကြောင့် လင်ဘီဖန်းဟာ အရင်ထွက်လာခဲ့ပါတယ်။ လင်ဘီဖန်းဟာ သူ့အရည်အချင်းကို သူသိပါတယ်။ သူဟာ ပုရွက်ဆိတ်ကြီးရဲ့ ဆောင့်ချက်တချက်ကိုတောင် မခံနိုင်ပါ။ သူရှိနေတာက ဟန်ဆန်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
လင်ဘီဖန်းဟာ ပြေးနေရင်းနဲ့...
နောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖြစ်ပါတယ်။ ဟန်ဆန်းဘေးအန္တရာယ်ကင်းပါ့မလား...။ လင်ဘီဖန်း စိုးရိမ်နေပါတယ်။
ဟန်ဆန်းဟာ မြားချက်နှစ်ချက် ထပ်ပစ်ပြီးပါပြီ။ ဒါပေမဲ့ ဘာမှမထူးပါ။ အခုဆိုရင် ပုရွက်ဆိတ်ကြီးနဲ့ သူနဲ့ကြားမှာ ပေခြောက်ရာသာ ခြားပါတော့တယ်။ လင်ဘီဖန်းဟာ သူ့နှလုံးသားတခုလုံး လည်ချောင်းထဲမှာ တစ်ဆို့နေသလို ခံစားလိုက်ရပါတယ်။
ဟန်ဆန်းကတော့ ကျောက်ဆောင်တခုလို တည်ငြိမ်ဆဲပါ။ ရုတ်တရက်...
သူ့ကိုယ်ပေါ်မှာ ရဲရဲနီနေတဲ့ ချပ်ဝတ်တန်ဆာတခု..., သူ့ခေါင်းပေါ်မှာ ပတ္တမြားသရဖူတခု ..., ဘွားခနဲပေါ်လာပါတယ်။ သူ့ဆံပင်တွေက ရွှေရောင်ပြောင်းသွားပါတယ်။ (အခြောက်မ ဟန်ဆန်း လာပြီ...😁)
ဟန်ဆန်းဟာ ကြက်သွေးရောင်မျက်လုံးတွေနဲ့ ဧရာမပုရွက်ဆိတ်ပြာကြီးကို စိုက်ကြည့်ကာ ခဏရပ်လိုက်ပါတယ်။
ပြိုင်တူနီးပါး ပါပဲ...။
ပုရွက်ဆိတ်ကြီးဟာ ဟန်ဆန်းနဲ့ ကိုးပေတောင်မကွာတော့ပါ။ ပုရွက်ဆိတ်ကြီးဟာ ဟန်ဆန်းကို ခုန်အုပ်ရင်း လွှနဲ့တူတဲ့လက်သည်းတွေနဲ့ ဟန်ဆန်းကို ကုတ်လိုက်ပါတယ်။
လင်ဘီဖန်းဟာ ရင်တဒိန်းဒိန်းခုန်သွားပါတယ်။ ဟန်ဆန်း ခြေတလှမ်း,လှမ်းလိုက်တာကို သူ မြင်လိုက်ရပါတယ်။ အလွန်မြန်တဲ့ အရိပ်ခြေလှမ်းပါ။ နောက်ဆုတ်ရမယ့်အစား ဟန်ဆန်းဟာ ရှေ့တိုးသွားပါတယ်။ သူနဲ့ ပုရွက်ဆိတ်ကြီးဟာ အလွန်နီးကပ်နေပါပြီ။ ထိုအချိန်မှာ ဟန်ဆန်းဟာ နောက်ဆုံးမြားချက်ကို ပစ်လိုက်ပါတယ်။
"ဝှစ်...''
သူတို့ကြားအကွာအဝေးဟာ အရမ်းနီးပါတယ်။ ဟန်ဆန်းရဲ့ပဒူကောင်မြားဟာ ပုရွက်ဆိတ်ကြီးရဲ့ပါးစပ်ထဲ ဝင်သွားပါတယ်။ မြားတချောင်းလုံးဟာ ပါးစပ်ထဲဝင်ရောက် ပျောက်ကွယ်သွားကာ ရှူ းခနဲအသံကြီးပေါ်ထွက်လာပါတယ်။
ဝရုန်းသုန်းကားဖြစ်နေတဲ့ ပုရွက်ဆိတ်ကြီး နဲ့ဝေးရာသို့ ပြေးရန်... ဟန်ဆန်းဟာ ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပါတယ်။
ပုရွက်ဆိတ်ကြီးဟာ ဟန်ဆန်းနောက်ကို မယုံနိုင်စရာအမြန်နှုန်းနဲ့ လိုက်လာပါတယ်။ ဟန်ဆန်းဟာ ပုရွက်ဆိတ်ပြာကြီးလက်က ပြေးလို့မလွတ်ဖြစ်နေပါတယ်။ လိုက်လို့မှီလာတဲ့အခါ ပုရွက်ဆိတ်ကြီးက ဟန်ဆန်းကို ခုန်အုပ်ပြီး လက်သည်းနဲ့ကုတ်လိုက်ပါတယ်။ ဟန်ဆန်းက အရိပ်ခြေလှမ်းနဲ့ ဘေးကို ရှောင်ထွက်လိုက်ပါတယ်။ ပုရွက်ဆိတ်ကြီးရဲ့မီးဇာကုန်ဆီခမ်းတိုက်ခိုက်မှုဟာ အလွန်တရာကြောက်ဖို့ကောင်းပါတယ်။
အဝေးကကြည့်နေတဲ့ လင်ဘီဖန်းဟာ အလွန်တုန်လှုပ်ချောက်ချားနေပါတယ်။ ပုရွက်ဆိတ်ကြီးဟာ အလွန်တရာမြန်လွန်း တာကြောင့် ဟန်ဆန်းဟာ ဓားသွားပေါ်မှာ ပြေးနေရသလို အသက်လုပြေးနေရပါတယ်။ တချက်မှားတာနဲ့ အသက်ပါသွားနိုင်ပါတယ်။
ဒီမြင်ကွင်းက လင်ဘီဖန်းရဲ့သွေးကို ပွက်ပွက်ဆူစေပါတယ်။ ပြန်သွားပြီး ဟန်ဆန်းနဲ့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ချင်စိတ်ပေါက်စေပါတယ်။
ပုရွက်ဆိတ်ကြီးရဲ့အံ့မခန်းအမြန်နှုန်းကို တွက်ချက်ကြည့်လိုက်တဲ့အခါ လင်ဘီဖန်းဟာ ရူးမိုက်တဲ့သူ့စိတ်ကူးကို စွန့်လွတ်လိုက်ပါတယ်။ သူပြန်သွားတာနဲ့ ပုရွက်ဆိတ်စာဖြစ်မှာ သေချာပါတယ်။
တခဏကြာ ကြည့်ပြီးနောက်...
ဟန်ဆန်းရဲ့ခြေလှမ်းတွေဟာ ထူးဆန်းနေတာကို လင်ဘီဖန်း,သတိပြုမိပါတယ်။ ဟန်ဆန်းဟာ ပုရွက်ဆိတ်ကြီးလောက် မမြန်ပေမဲ့ ပုရွက်ဆိတ်ကြီးရဲ့ လက်သည်းကုတ်ချက်တွေကို လွတ်အောင်ရှောင်နိုင်ပါတယ်။ ဟန်ဆန်းရဲ့ပြေးတဲ့ခြေလှမ်းတွေဟာ မမြန်ပေမဲ့ ရှောင်တဲ့ခြေလှမ်းတွေဟာ မယုံနိုင်စရာမြန်နေပါတယ်။
ဒီနေ့ကံမကောင်းပါလား...။
ကံမကောင်းတဲ့ကြားက...
ခြေလှမ်းတိုင်းမှာ သေခြင်းတရားက ကပ်ပါနေပါတယ်။ ဒါပေမဲ့... လေ့ကျင့်ထားတဲ့အရိပ်ခြေလှမ်းက ဟန်ဆန်းကို သေမင်းလက်မှ အကြိမ်ကြိမ်ကယ်တင်နေပါတယ်။ အသက်လုပြေးနေရတဲ့ ဟန်ဆန်း ကို ကြည့်ရင်း လင်ဘီဖန်းဟာ ရင်တလှပ်လှပ်နဲ့ ကတုန်ကယင် ဖြစ်နေပါတယ်။
အရိပ်ခြေလှမ်းကို မကြာသေးမီကမှ ဟန်ဆန်းလေ့ကျင့်ထားတာပါ။ အမြန်နှုန်းကို ခြေလှမ်းတလှမ်းထက် ပို၍မတင်နိုင်ပါ။ ခြေလှမ်းတလှမ်း လှမ်းပြီးတိုင်း နောက်တလှမ်းအတွက် အချိန်ခဏယူရပါတယ်။
အချိန်ခဏလေးရရင်ပဲ ဟန်ဆန်းအတွက် လုံလောက်ပါတယ်။ ဧရာမပုရွက်ဆိတ်ကြီးရဲ့ သေစေနိုင်တဲ့တိုက်ခိုက်မှုတွေကို ရှောင်နိုင်နေသရွေ့... အခွင့်အရေးကို ရှာလို့တွေ့မှာပါ။
နတ်သမီးဘုရင်မအဖြစ် အသွင်ပြောင်းထားရတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို ဟန်ဆန်းဟာ ကြိုတင်ခန့်မှန်းထားရပါတယ်။ တဖြည်းဖြည်းနဲ့ ဧရာမပုရွက်ဆိတ်ကြီးရဲ့ လှုပ်ရှားမှုတွေဟာ အရင်ကလောက် မမြန်တော့ပါ။ ဒါကြောင့် ပြန်လည်တုံပြန်ဖို့အတွက် ဟန်ဆန်းမှာ အချိန်ရလာပါတယ်။ ပုရွက်ဆိတ်ကြီးရဲ့အမြန်နှုန်း,ကျလာတာကြောင့် နောက်ပိုင်းမှာ... ဟန်ဆန်းဟာ အရိပ်ခြေလှမ်းကိုတောင်သုံးဖို့ မလိုတော့ပါ။
ပုရွက်ဆိတ်ကြီးရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းရင်း ဟန်ဆန်းဟာ မြားပစ်လို့ရမယ့်အခွင့်အရေးကို ချောင်းနေပါတယ်။ သူ့ရဲ့ပစ်မှတ်က ပုရွက်ဆိတ်ကြီးရဲ့ပါးစပ်ပါ။
ပုရွက်ဆိတ်ကြီးရဲ့အခွံဟာ အလွန်တရာမာပါတယ်။ အခွံလေးတွေကြားက အဟကိုပစ်တာတောင် ပုရွက်ဆိတ်ကြီးဟာ ဘာမှမဖြစ်ပါ။ ဒါကြောင့် ပုရွက်ဆိတ်ကြီးရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ပစ်ရုံမှတပါး အခြားနည်းလမ်းမရှိပါ။
"ဝှစ်...''
နောက်ထပ်မြားတချောင်း ပုရွက်ဆိတ်ကြီးရဲ့ပါးစပ်ထဲ ဝင်ရောက်ပျောက်ကွယ် သွားပါတယ်။ ပုရွက်ဆိတ်ကြီးဟာ နာကျင်လွန်းလို့ မြေကြီးပေါ်မှာ လှိမ့်နေပါတယ်။ ထို့ကြောင့် ဟန်ဆန်းဟာ ပုရွက်ဆိတ်ကြီးရဲ့လက်က ထွက်ပြေးဖို့ အခွင့်အရေးရသွားပါတယ်။
ပုရွက်ဆိတ်ကြီးက သူ့ကို ခုန်အုပ်ဖို့ လုပ်တဲ့အခါ သူက လေးကြိုးကို တင်လို့ပြီးသွားပါပြီ။
"ဝှစ်...''
ခြေနှစ်လှမ်းအကြားမှာ...
ဟန်ဆန်းဟာ နောက်ထပ်မြားတချောင်း ပစ်ပြီးပါပြီ။ မြားဟာ ထုံးစံအတိုင်း ပုရွက်ဆိတ်ကြီးရဲ့ပါးစပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။
အဝေးကကြည့်နေတဲ့ လင်ဘီဖန်းဟာ ကြက်သေ သေနေပါတယ်။ ဟန်ဆန်းလို လေးသမားမျိုးကို သူ တခါမှ မမြင်ဖူးလို့ပါ။ ဟန်ဆန်းဟာ ဘယ်လိုပြောရမှန်းမသိတဲ့ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ ထောင့်အမျိုးမျိုးကနေ မြားတွေကို မနားတမ်းပစ်နေပါတယ်။ သူဟာ ခဏလေးတောင် ရပ်တန့်ခြင်းမရှိပါ။ မြားအားလုံးဟာလည်း ပစ်မှတ်ကို ထိပါတယ်။
အခုဆိုရင်...
သံမဏိရဲတိုက်မှာကျင်းပခဲ့တဲ့ သိုင်းပြိုင်ပွဲတုန်းက လေးသမားအစစ်ဆိုတာဘာလဲလို့ သူ့ကိုပြပေးခဲ့တဲ့ သူ့ပြိုင်ဘက်ဟောင်းလီဘန်းကိုပင် ဟန်ဆန်းဟာ နိုင်လောက်ပါပြီ။ လီဘန်းဆီက သူရခဲ့တာက ပြေးလွှားနေရင်းကနေ မြားကိုဘယ်လိုပစ်ရမယ်ဆိုတာကိုပါ။ ထိုပြိုင်ပွဲ ပြီးကတည်းက ပြေးရင်းလွှားရင်း မြားပစ်ခြင်းကို ဟန်ဆန်းလေ့ကျင့်ခဲ့ပါတယ်။ ယန်းမန်လီနဲ့ ပူးတွဲလေ့ကျင့်ရာမှ၎င်း..., အနက်ရောင်သိမ်းငှက်မှာ သင်ယူရာမှ၎င်း..., ပြေးရင်းလွှားရင်း မြားပစ်ခြင်းကို ဟန်ဆန်းဟာ ကျွမ်းကျင်နေပါပြီ။
ဒါပေမဲ့...
လီဘန်းနဲနှိုင်းယှဉ်ရင်တော့ တိကျမှုအရာမှာ လီဘန်းကို သူ,မယှဉ်နိုင်သေးပါ။ သူ့ရဲ့ကြံ့ခိုင်မှုအဆင့်နဲ့ အဆင့်လွန်မျိုးရိုးဗီဇသိုင်းတွေက ထေပေးလို့သာ လီဘန်းထက် သူသာသွားတာပါ။
မြားခြောက်ချက်ထိပြီးနောက်...
ပုရွက်ဆိတ်သရဲကြီးဟာ နှေးသွားပါတယ်။ မြားက အဆိပ်တွေအစွမ်းပြပါပြီ။ ပုရွက်ဆိတ်သရဲကြီးဟာ မသေသေးသော်လည်း အားနည်းသွားပါပြီ။
အချိန်ရှိခိုက် လုံ့လစိုက်...။ နာနေတုန်း ဖိရိုက်ရမယ်...။ ဟန်ဆန်းဟာ အခွင့်အရေး ကို လက်လွှတ်မခံနိုင်ပါ။ ထို့ကြောင့် နောက်တချက်ပစ်ဖို့ အခွင့်အရေးကို ရှာနေပါတယ်။
ဒီပုရွက်ဆိတ်ကြီးဟာ ထွတ်မြတ်သွေးမြေခွေးဘုရင်လောက် ဉာဏ်မကောင်းပါ။ ဆိုးရွားစွာဒဏ်ရာရနေသော်လည်း နောက်ကြောင်းပြန်လှည့်ရမယ်ဆိုတဲ့ အသိဉာဏ်မျိုး ပုရွက်ဆိတ်သရဲကြီးမှာ မရှိပါ။
🐱🐱🐱🐱🐱
(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၄၈)
-------- --------- -------- ------- --------
"ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲ သေဆုံး...။ သားရဲဝိဉာဉ်ရရှိ...။ အသားကို စားပြီး သုညလား...။ တဆယ်လား...။ ဘယ်နှမှတ်ရမလဲ...။ ကံစမ်းပါ...။''
-------- --------- -------- ------- --------
နောက်ဆုံးမှာတော့...
ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲကြီးဟာ ဟန်ဆန်းရှေ့မှာ လဲကျသွားပါတယ်။ သူ့စိတ်နားထဲမှာ ကြားလိုက်ရတဲ့အသံကြောင့် ဟန်ဆန်းဟာ အကျယ်ကြီးအော်ချင်စိတ်ပေါက်သွားပါတယ်။ ထွတ်မြတ်သွေးသားရဲဝိဉာဉ်နောက်တခု ရလိုက်ပြီလေ...။ ဒီတခုက ရွှေပိုးကောင်နက်ချပ်ဝတ်တန်ဆာလိုပဲ ကောင်းမှာပါ။ အသုံးဝင်မှာပါ။
"ဆန်း..., အဲ့ဒါက ထွတ်မြတ်သွေးသားရဲလား...။''
လင်ဘီဖန်းက သားရဲဝိဉာဉ်ယဉ်ကို ထောင့်ဖြတ်ခွာကျ ရွရွလေးစီးကာ ပြန်လာပြီး ဟန်ဆန်းကို မေးလိုက်ပါတယ်။
"သေချာတာပေါ့... ။''
ဟန်ဆန်းက ပြုံးပြီး ဖြေလိုက်ပါတယ်။
"ဒါဆို သားရဲဝိဉာဉ်ရလိုက်လား...။''
လင်ဘီဖန်းက ဟန်ဆန်းကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
"အင်း...။''
ဟန်ဆန်းဟာ လိမ်မပြောလိုက်ပါ။ သန္ဓေပြောင်းသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို လင်ဘီဖန်း မြင်ပြီးပြီဖြစ်တာကြောင့် ထွတ်မြတ်သွေးသားရဲဝိဉာဉ်ရမယ်ဆိုတာလည်း သူသိမှာပါ။ ဒါကြောင့် ငြင်းနေစရာမလိုပါ။
"ထွတ်မြတ်သွေး သားရဲဝိဉာဉ်!
တကယ်ကြီးလား...။ မင်းက ဆော်လေးနဲ့ အိပ်ရသလို ကံကောင်းတာပဲ...။''
လင်ဘီဖန်းက ဟန်ဆန်းရဲ့ပခုံးကို ကိုင်ကာ အားရပါးရဆွဲလှုပ်လိုက်ပါတယ်။
ဒီတခါတော့...
လင်ဘီဖန်းဟာ ထွတ်မြတ်သွေးသားရဲဝိဉာဉ်နဲ့ အသားကို ဝယ်ဖို့ မကြိုးစားတော့ပါ။ လင်ဘီဖန်း ပုံမှန်ပြန်ဖြစ်သွားတော့မှ ဟန်ဆန်းက သူ့ကို ပြောလိုက်ပါတယ်။
"လင်..., ထွတ်မြတ်သွေးသားရဲဝိဉာဉ်နဲ့ အသားကို ငါ့မှာ လိုနေတယ်။ ငါ မင်းကို ခွဲမပေးနိုင်ဘူး။ သန္ဓေပြောင်းပုရွက်ဆိတ်အသားတွေ မင်းကြိုက်သလောက်ယူကွာ...။''
လင်ဘီဖန်းက ဟန်ဆန်းကို ကြည့်လိုက်ပါတယ်။
"အဲ့အသားတွေကို ငါက ဘာလုပ်ရမှာလဲ။ ရောင်းစားရမှာလား။ ငါက ဆင်းရဲတဲ့ပုံ ပေါက်နေလို့လား''
"သန္ဓေပြောင်းသားရဲဝိဉာဉ်နဲ့ အလဲအှယ်... ဒါမှမဟုတ်... အရောင်းအဝယ်လုပ်ပေါ့...။''
ဟန်ဆန်းက ရယ်ပြီး ပြောလိုက်ပါတယ်။
လင်ဘီဖန်းက ပြောလိုက်ပါတယ်။
"သန္ဓေပြောင်းပုရွက်ဆိတ်သရဲရဲ့ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို မြင်ပြီးကတည်းက အခြားသားရဲဝိဉာဉ်တွေကို ငါ မလိုချင်တော့ဘူး။ သားရဲဝိဉာဉ်တခုအတွက်နဲ့ အရောင်းအဝယ် မလုပ်ချင်တော့ဘူး။ လုပ်ခဲ့ရင်တော့ ငါ စိတ်မမှန်လို့ပဲဖြစ်မယ်။''
လင်ဘီဖန်းက ဟန်ဆန်းကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။
"ငါ ဘာမှ ထပ်မလိုချင်တော့ပါဘူးကွာ...။ ဒါပေမဲ့... တကယ်လို့ ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲရဲ့ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို ရောင်းချင်ရင် ငါ့ဆီ ပထမဆုံး လာခဲ့ပါကွာ...။''
လင်ဘီဖန်းဟာ အပြန်ပြန်အလှန်လှန်စဉ်းစားပြီးမှ ဒီစကားကို ပြောလိုက်တာပါ။ ဟန်ဆန်းဟာ ဒုတိယနတ်ဘုရားကမ္ဘာသို့ မကြာမီ ရောက်မယ့်လူပါ။ အဲ့ဒီအချိန်ကျရင် ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲရဲ့ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို ရဖို့အခွင့်အရေး သူ့အတွက်ရှိပါသေးတယ်။
"အိုခေ... , ငါ မင်းကို ကတိပေးတယ်...။ ငါ ရောင်းဖို့ စိတ်ကူးရင် မင်းကို အရင်ဆုံး ပြောမယ်...။''
ဟန်ဆန်းက အလျင်အမြန် သဘောတူ လိုက်ပါတယ်။
"ကတိနော် ကတိ...။''
လင်ဘီဖန်းက လက်သန်းချင်းချိတ်ရန် သူ့လက်ကို ကမ်းပေးလိုက်ပါတယ်။
"ကလေးကျနေတာပဲ...။''
ဟန်ဆန်းက ပြောလိုက်ပါတယ်။
"ကျ ဘာဖြစ်လဲ...။ ငါ လုံးဝဂရုမစိုက်ဘူး...။''
လင်ဘီဖန်းက သူ့လက်သန်းကို ဟန်ဆန်းလက်သန်းနဲ့ချိတ်ရင်း ကျိန်ပြောလိုက်ပါတယ်။
"ဂတိဖျက်တဲ့သူ... မယားဆယ်ယောက် ရပြီး --ီးမရှိပါစေနဲ့...။''
"ဒါ သက်သက်ယုတ်မာတာ...။ ချီးထုပ်ပဲ ရမယ်...။''
ဟန်ဆန်းက သူ့လက်သန်းကို အမြန်ပြန်ဖြုတ်လိုက်ပါတယ်။
"ဟား...ဟား...ဟား...''
လင်ဘီဖန်းက ရယ်လိုက်ပါတယ်။
ထို့နောက်...
သူတို့နှစ်ယောက်ဟာ ကျန်နေတဲ့ပုရွက်ဆိတ်အသေတွေကို ရှင်းလင်းသိမ်းဆည်းလိုက်ပါတယ်။ စုစုပေါင်းငါးရာခန့်ရှိပါတယ်။ အများစုက တီကောင်ဘုရင်ရဲ့ အသူတရာနက်တဲ့ဗိုက်ထဲကို ရောက်သွားပါတယ်။
ဟန်ဆန်းဟာ မီညောင်အတွက် ပုရွက်ဆိတ်သရဲအကောင်တရာကို အခြောက်ခံလိုက်ပါတယ်။ ပြီးနောက် ကျန်တာအားလုံးကို တီကောင်ဘုရင်ကို ကျွေးလိုက်ပါတယ်။
နောက်ထပ်ငါးကောင်စားပြီးနောက်...
လင်ဘီဖန်းဟာ ပုရွက်ဆိတ်သရဲတွေကို စိတ်မဝင်စားတော့ပါ။ ဟန်ဆန်းက သူ့ကို တချို့တဝက်ယူဖို့ ပြောပါသေးတယ်။ ဒါပေမဲ့ သူက ယူဖို့ ငြင်းပါတယ်။ ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲရဲ့ သားရဲဝိဉာဉ်ကို ရောင်းချင်တဲ့အခါ သူ့ကို အရင်ဆုံး သတင်းပို့ဖို့သာ ထပ်ခါထပ်ခါ ပြောနေပါတယ်။
ကျိန်းသေပေါက်ပြောမယ်လို့
ဟန်ဆန်းမှာ အထပ်ထပ်အခါခါ အာမခံနေရပါတယ်။
လင်ဘီဖန်းဟာ ထွတ်မြတ်သွေးပုရွက်ဆိတ်သရဲရဲ့ အသားစတူးတအိုးကို ကုန်အောင်စားပြီး အရည်တွေကိုပါ ကုန်အောင်သောက်နေတဲ့ ဟန်ဆန်းကိုကြည့်ကာ မနာလိုဖြစ်နေပါတယ်။
ထွတ်မြတ်သွေးမျိုးရိုးဗီဇအမှတ် ငါးမှတ် ထပ်ရလိုက်ပါတယ်။ အခုဆိုရင် ဟန်ဆန်းမှာ ထွတ်မြတ်သွေးအမှတ် ၄၅မှတ် ရထားပါပြီ။ သူ့အမှတ်ဟာ အမှတ်ပြည့်တရာရဲ့ တဝက်နီးပါးဖြစ်သွားပါပြီ။ ဒါဟာ တနှစ်အတွင်း ရခဲ့တဲ့အမှတ်တွေပါ။
လင်ဘီဖန်းစိတ်ချမ်းသာသွားအောင်...
ဟန်ဆန်းက သန္ဓေပြောင်းပုရွက်ဆိတ် သရဲရဲ့ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို အရင်ပေးထားလိုက်ပါတယ်။ လင်ဘီဖန်းကလည်း သံမဏိရဲတိုက်ကို ရောက်,ရောက်ချင်း... သူပြောထားတဲ့ စူပါဇီဝဝါးဖရိမ်ကို ယူပေးလိုက်ပါတယ်။
ထိုအရာဟာ...
လက်ဆွဲအိတ်အရွယ်ခန့် ငွေရောင်သတ္တုစပ်သေတ္တာလေးတလုံးပါ။ အတော်လေးပါတယ်။ ဒီအထဲမှာ ၁၂ပေကျော်ရှည်တဲ့ ဝါးဖရိမ်ကို ထည့်ထားတယ်လို့ ပြောရင် ဘယ်သူမှယုံမှာမဟုတ်ပါ။
-------- --------- -------- ------- --------
ကျောင်းကိုပြန်ရောက်တော့ သန်းခေါင်ည,ရောက်နေပါပြီ။ ဟန်ဆန်းဟာ ခဏလေးနားပြီးနောက် စူပါဇီဝဝါးဖရိမ်ကိုယူပြီး ဂိုဒေါင်၇ကို သွားလိုက်ပါတယ်။
ဂိုဒေါင်၇ထဲမှာ ဘယ်သူမှမရှိပါ။ ဟန်ဆန်းဟာ လင်ဘီဖန်းပြောတဲ့နည်းနဲ့ လက်ဆွဲသေတ္တာကို ဖွင့်လိုက်ပါတယ်။
လက်ဆွဲသေတ္တာထဲကနေ အလင်းတန်းတခုထွက်ပေါ်လာပြီး ဟန်ဆန်းရဲ့ခန္ဓာကိုယ်ကို စကန်ဖတ်လိုက်ပါတယ်။
"စကန်ဖတ်ခြင်းပြီးဆုံး...။ အသေးစိတ်တွက်ချက်ခြင်းပြီးဆုံး... ။ စူပါဇီဝဝါးဖရိမ် ''ဆေးဗားကေလာ'' ဖွင့်လှစ်...။''
လက်ဆွဲသေတ္တာပွင့်သွားတာနဲ့တပြိုင်နက်... ရောင်စုံအမှုန်တွေနဲ့ ရောနှောထားတဲ့ ပြဒါးနဲ့တူတဲ့ အရည်တွေဟာ လက်ဆွဲသေတ္တာထဲကနေ ပန်းထွက်လာပါတယ်။ သေတ္တာတခုလုံးမှာ အရည်တွေ အများဆုံးပါ,ပါတယ်။ ထိုအရည်တွေဟာ ဟန်ဆန်းဆီသို့ လွင့်မျောစီးဆင်းသွားပါတယ်။ မကြာမီ... ဟန်ဆန်းတကိုယ်လုံး အရည်တွေဖုံးလွှမ်းသွားပါတယ်။
ဟန်ဆန်းဟာ ခံစားချက်ကိုဖော်ပြဖို့ စကားလုံးရှာမရပါ။ သံချပ်ကာအင်္ကျီဝတ်ဆင်ထားတဲ့ သံမဏိလူသားနဲ့ တူနေပါတယ်။ သံမဏိလူသားနဲ့ အနည်းငယ်ကွဲတာက ဒီဝါးဖရိမ်ရဲ့အစိတ်အပိုင်းအားလုံးကို အမှုန်တွေနဲ့ တည်ဆောက်ထားတာပါ။
မကြာမီ...
ဟန်ဆန်းမတ်တပ်ရပ်နေတဲ့နေရာမှာ...
၁၂ပေကျော်ရှည်တဲ့ လူသားနဲ့တူတဲ့ ငွေရောင်ဝါးဖရိမ်တစီး ပေါ်လာပါတယ်။ ယဉ်မောင်းနေရာမှာ ဟန်ဆန်းထိုင်နေပါတယ်။
ဟန်ဆန်းဟာ သိပ္ပံပညာရဲ့အံ့မခန်းစွမ်းပကားကို ဦးညွှတ်လိုက်ပါတယ်။ ပေါင်တရာအောက်သေတ္တာလေးထဲကနေ ဒီလိုကြီးမားတဲ့ဝါးဖရိမ်ကြီး ထွက်ပေါ်လာတာဟာ ပြောမယုံကြုံဖူးမှသိပါမယ်။ ပေါင်တရာမပြည့်တဲ့ သေတ္တာလေးရဲ့အလေးချိန်ဟာ ပုံမှန်ဝါးဖရိမ်တစီးရဲ့တန်ချိန်ကို ခံနိုင်တာအံ့ဩစရာပါ။
"ကံဆိုးတာက... လူသားတွေရဲ့သိပ္ပံနဲ့နည်းပညာက ပြီးပြည့်စုံပေမဲ့ နတ်ဘုရားကမ္ဘာမှာ အသုံးမဝင်ဘူး...။ အသုံးများဝင်ခဲ့ရင် နတ်ဘုရားတကမ္ဘာလုံးကို လူသားတွေသိမ်းပိုက်ပြီးတာ ကြာရော့မယ်။ ခုလောက်ဆိုရင် သားရဲတွေလည်း တကောင်တောင်ကျန်မှာမဟုတ်တော့ဘူး...။''
ဟန်ဆန်းဟာတွေးပြီး သက်ပြင်းချလိုက်ပါတယ်။
တကယ်တော့...
ဟန်ဆန်းဟာ ပထမနတ်ဘုရားကမ္ဘာမှာ ရှိနေဆဲမို့ ဒီလိုအတွေးမျိုး တွေးတာပါ။ သူသာ အမှတ်တရာပြည့်ပြီး အဆင့်တက်သွားရင်..., ဒုတိယနတ်ဘုရားကမ္ဘာကို ရောက်သွားရင်..., ဒီလိုအတွေးမျိုး တွေးတော့မှာ မဟုတ်ပါ။
ဟန်ဆန်းဟာ ဆေးဗားကေလာကို စမ်းမောင်းလိုက်ပါတယ်။ လင်ဘီဖန်းပြောတဲ့အတိုင်း အင်ဂျင်ပါဝါတအားကောင်းပါတယ်။ ဒီဝါးဖရိမ်ငယ်ငယ်လေးဟာ ဗေဒါ လိုဟဲဗီးဝါးဖရိမ်ထက်တောင် အင်ဂျင်ပါဝါပိုကောင်းပါတယ်။ ဗေဒါထက်လည်း ပိုပြီးကွေးနိုင်ဆန့်နိုင်ပါတယ်။
ဟဲဗီးဝါးဖရိမ်တွေထက် ပိုသာတာက...
ဆေးဗားကေလာဟာ လူသားတယောက်လို လှုပ်ရှားနိုင်ပါတယ်။
လင်ဘီဖန်း ပြောခဲ့သလိုပါပဲ...။
လက်နက်စနစ် မပါတာကလွဲရင်...
ဆေးဗားကေလာဟာ ပြီးပြည့်စုံပါတယ်။
တကယ်တော့...
မောင်းရခက်လေ..., မောင်းသူကို ဝန်ထုပ်ဝန်ပိုးဖြစ်လေပါ...။ လူအများစုဟာ ချားစီးရာမှာတောင် ထိန်းရခက်တဲ့ အချိန်တွေ,အခြေအနေတွေ ရှိပါတယ်။ ဝါးဖရိမ်ကို မြန်နှုန်းမြှင့်မောင်းဖို့ဆိုတာ လူတိုင်းမလုပ်နိုင်ပါ။
"အင်း..., ဒါက ရှေ့ပြေးပုံစံပဲ ရှိသေးတယ်...။ လက်နက်စနစ်ပါ တပ်ဆင်လိုက်ရင်တော့...။ ဘာပြောကောင်းမလဲ...။''
လက်နက်စနစ်မပါပေမဲ့...
ဟန်ဆန်း ကျေနပ်ပါတယ်။ လေဆာဓား, လေဆာသေနတ်, အမှုန်သေနတ်... စတာတွေကို ကိုယ့်ဟာကိုယ် တပ်သွားလို့ ရပါတယ်။
အချိန်ပိုင်းလေးအတွင်းမှာပဲ...
ဟန်ဆန်းဟာ ဆေးဗားကေလာကို ပိုလို့ပိုလို့ နှစ်သက်သွားပါတယ်။ လင်ဘီဖန်းကို ကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် ဒီလိုဝါးဖရိမ်မျိုးကို ကိုယ်ပိုင်ရဖို့ဝေးရော...။ မြင်တောင်မြင်ဖူးမှာမဟုတ်ပါ...။
🐱🐱🐱🐱🐱🐱
(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၄၉)
-------- --------- -------- ------- --------
ကံကြမ္မာရဲ့စီစဉ်မှုလေလား...။
ကြယ်စင်ဖလားကို ဟောက်ဆင်းသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် ကို ဖန်မင်ကွမ်က တာဝန်ယူမှာ ဖြစ်ပါတယ်။
"ပြိုင်ပွဲသတင်းစင်တာ''ဟာ ယာယီထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တခုသာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးနောက် လေနဲ့အတူ လွှင့်စဉ်ကွယ်ပျောက်ခဲ့ပါပြီ။ နောက်နှစ်ပြိုင်ပွဲရောက်မှ ပြန်လည်တင်ဆက်ရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ...
ဖန်မင်ကွမ်မှာ တင်ဆက်ပြသဖို့ရန် ဘာအစီအစဉ်မှမရှိပါ။ ပရိသတ်တွေကလည်း နောက်အစီအစဉ်အသစ်တခုလွှင့်ဖို့ တောင်းဆိုနေကြပါပြီ။ ထို့ကြောင့် ကြယ်စင်ဖလားတိုက်ရိုက်ထုတ်လွှင့်မှုကို သူရွေးချယ်ခဲ့ပါတယ်။
ကံကြမ္မာက...
ဖန်မင်ကွမ်နဲ့ ဟန်ဆန်းကို နောက်ထပ်တဖန်တွေ့စေချင်ပုံပေါ်ပါတယ်။
ဒါပေမဲ့...
ဒေါ်လာဟာ အနက်ရောင်သိမ်းငှက်မှာ ကျောင်းတက်နေတယ်ဆိုတာကို ဖန်မင်ကွမ်,မသိပါ။
အခုလောလောဆယ်...
ဘာအကြောင်းကို ခေါင်းစီးတင်ရမယ်ဆိုတာကို ဖန်မင်ကွမ်,မသိတာကြောင့် အတော်ခေါင်းစားနေပါတယ်။
ပြိုင်ပွဲက ဘုရားပေးတဲ့လက်, ရိုးရာသိုင်း, ဝါးဖရိမ်... စသဖြင့် အမျိုးအစားစုံပါတယ်။ ပြိုင်ပွဲအများစုကလည်း တပြိုင်တည်းကျင်းပမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ပြိုင်ပွဲအမျိုးအစားတမျိုးကိုရွေးရင် နောက်တမျိုးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ ခေါင်းစီးတင်ဖို့ ပြိုင်ပွဲအမျိုးအစားတခုကို ဖန်မင်ကွမ်,မဖြစ်မနေရွေးချယ်ရပါမယ်။
"လျူ..., အနက်ရောင်သိမ်းငှက်မှာ ဘာတွေက အစဉ်အလာရှိလဲ...။''
အချက်အလက်အချို့ကို စစ်ဆေးရင်း...
ဖန်မင်ကွမ်က သူ့လက်ထောက်ကို မေးလိုက်ပါတယ်။
လျူဟာ သူ့ကွန်ပြူတာနဲ့ သုတေသနလုပ်နေရင်းကနေ အလျင်အမြန်ပြန်ဖြေလိုက်ပါတယ်။
"အနက်ရောင်သိမ်းငှက်မှာ အစဉ်အလာ ရှိတာက အမျိုးသားတဦးချင်းရိုးရာသိုင်းပြိုင်ပွဲဗျ...။ ပြီးခဲ့တဲ့နှစ် ကြယ်စင်ဖလားမှာ အနက်ရောင်သိမ်းငှက်က တတိယရခဲ့တယ်။ ဂြိုလ်ပေါင်းစုံမဟာမိတ်မှာ ရတာဗျ..။ အဲ့တုန်းက အနိုင်ရခဲ့တဲ့ ကျောင်းသားဟာ အနက်ရောင်သိမ်းငှက်မှာ ကျောင်းတက်နေတုန်းသေး...။ သူ့နာမည်က ကွေးရန်ဇိုင်ရိုဇန်...တဲ့။ ဒီနှစ်လည်း သူဝင်ပြိုင်ဖို့ စာရင်းပေးထားတယ်...။''
"နောက်ထပ်ကော...။''
ဖန်မင်ကွမ်က ထပ်မေးလိုက်ပါတယ်။
"သိပ်မရှိဘူးဗျ...။ ဝါးဖရိမ်အသင်းနဲ့ ဘုရားပေးတဲ့လက်အသင်းလည်း အတော်ကောင်းတယ်...။ ဒါပေမဲ့ မဟာမိတ်မှာတော့ နာမည်သိပ်မကြီးဘူး..။ သူတို့နှစ်သင်းစလုံးက အဆင့်၁၀နဲ့ ၂၀ ကြားမှာပဲ ဝင်လေ့ရှိတယ်...။''
လျူက ဒေတာတွေကိုကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ ဆက်ပြောလိုက်ပါတယ်။
"စိတ်ပျက်စရာမှတ်တမ်းရှိတဲ့ လေးဌာနလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနှစ်မှာမှ အနက်ရောင်သိမ်းငှက်က လေးပညာကို စိတ်ဝင်စားတဲ့ ကျောင်းသားသစ်တွေအများကြီး လက်ခံထားတယ်။ ဒါကြောင့် ဒီနှစ်မှာ သူတို့ အစွမ်းပြလိမ့်မယ်...။ မနှစ်ကထက်ပိုကောင်းအောင် တခုခုလုပ်ပြလိမ့်မယ်လို့ ကျနော်ထင်တယ်...။''
"လေးဌာန...။''
ဖန်မင်ကွမ် အနည်းငယ်မျက်မှောင်ကြုတ် သွားပါတယ်။ လေးပစ်အားကစားဟာ လူကြိုက်နည်းပါတယ်။ ဂြိုလ်ပေါင်းစုံမဟာမိတ်မှာ ခေတ်စားတာတွေက တိုက်လေယဉ်, ဝါးဖရိမ်, ရိုးရာသိုင်း... စတာတွေပါ။ လေးပညာကို အရံလောက်သာ သဘောထားကြပါတယ်။ လူအများစုကလည်း လေးပစ်ပြိုင်ပွဲထက် သေနတ်ပစ်ပြိုင်ပွဲကိုသာ ပိုပြီးကြည့်ချင်ကြပါတယ်။
"ကြယ်စင်ဖလားမှာ ဟိုက်လိုက်လုပ်ပြီး အထိုင်ချရမှာ ရိုးရာသိုင်းဗျ...။ ကျနော်တို့က ကွေးရန်ဇိုင်ရိုဇမ်ရဲ့ပွဲစဉ်တွေကို အဓိကတင်ဆက်ရမယ်။ သူ့ပွဲစဉ် မရှိတဲ့ရက်တွေမှာ ဝါးဖရိမ်နဲ့ ဘုရားပေးတဲ့လက်ကို ကြားညှပ်တင်ဆက်လိုက်ပေါ့...။''
လျူက အကြံပြုလိုက်ပါတယ်။
"ပွဲမစခင် နှစ်ရက်အချိန်ရသေးတယ်။ အနက်ရောင်သိမ်းငှက်ကို ဒီထက်ပိုလေ့လာပြီးတဲ့အခါမှ ဆုံးဖြတ်ကြတာပေါ့...။''
ဖန်မင်ကွမ်က အချိန်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။
"အတော်မှောင်နေပြီ...။ ခဏနားကြစို့...။ ငါတို့အလုပ်လုပ်နေတာ ညနေကတည်းက...။ ဘာမှမစားရသေးဘူး...။ တခုခု သွားစားကြမယ်...။''
ဖန်မင်ကွမ်နဲ့ လျူ တို့ဟာ ကျောင်းက သူတို့ကို ပေးထားတဲ့ အခန်းထဲကနေ ထွက်လာပြီး ကဖီးတခုသို့ သွားလိုက်ပါတယ်။
ညသန်းခေါင်ကျော်နေပါပြီ...။
အပြင်ကကြည့်တော့ ကဖီးမှာ လူမရှိပါ။ အစားအစာတွေကို အလိုအလျောက်စက်တွေက ရောင်းချပေးပါတယ်။ ထိုအလိုအလျောက်စက်တွေကို စက်ရုပ်တွေက မောင်းနှင်ပါတယ်။
ဖန်မင်ကွမ်က အထဲကို လှမ်းကြည့်လိုက်ပါတယ်။ ကျောင်းသားတယောက်ဟာ ထောင့်မှာထိုင်ပြီး စားနေပါတယ်။ ဖန်မင်ကွမ်လည်း စားစရာတွေ ယူလာပြီး ထိုကျောင်းသားရှေ့မှာ ဝင်ထိုင်လိုက်ပါတယ်။ လျူက ဖန်မင်ကွမ်ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။
"ကောင်လေး..., နောက်ကျလှခည်လား...။''
ဖန်မင်ကွမ်က ပြုံးပြီး မေးလိုက်ပါတယ်။
သူ့ရှေ့ကကျောင်းသားဟာ သူ့ကိုသိလိမ့်မယ်လို့ ဖန်မင်ကွမ်ယုံကြည်ပါတယ်။ ထိုကျောင်းသားဟာ အသက်ငယ်တယ်။ ဒီတော့ ပထမနတ်ဘုရားကမ္ဘာကပဲ ဖြစ်ရမယ်။ ပထမနတ်ဘုရားကမ္ဘာကဆိုရင် သူတင်ဆက်တဲ့ ပြိုင်ပွဲသတင်းစင်တာကို ကြည့်ဖူးမယ်လို့ ဖန်မင်ကွမ်အပိုင်တွက်လိုက်ပါတယ်။
ဟန်ဆန်းဟာ ခေါင်းငုံ့စားနေရာမှ မော့ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဖန်မင်ကွမ် ကို သူ,မသိပါ။ ဖန်မင်ကွမ်ရေးတဲ့ "ဘုရင်တပါးဟာ အထီးကျန်မှုကြားမှာ ခရီးသွားနေသည်။'' ဆောင်းပါးကို သူဖတ်ပြီးပါပြီ။ ဒါပေမဲ့ သူ့မှာ ပြိုင်ပွဲသတင်းစင်တာ ကို ကြည့်ဖို့ အချိန်မရှိပါ။ ဒါကြောင့် သူဟာ ဖန်မင်ကွမ်ရဲ့နာမည်ကို ကြားဖူးသော်လည်း မျက်နှာကို မမြင်ဖူးပါ။ ဒါကြောင့် ဟန်ဆန်းဟာ ဖန်မင်ကွမ်ကို မသိပါ။
"ထရိန်နင်ဆင်းတာ အခုမှပြီးလို့ ဗိုက်ဆာတာနဲ့ ကဖီးမှာ လာစားတာဗျ... ။''
ဟန်ဆန်းဟာ ဖန်မင်ကွမ်နဲ့ လျူကို ကြည့်ပြီး ဘယ်သူတွေလဲလို့ စဉ်းစားနေပါတယ်။ သူတို့အသက်အရွယ်နဲ့ ကျောင်းသားလည်းမဖြစ်နိုင်ပါ။
ဟန်ဆန်းက သူ့ကို မသိလို့ ဖန်မင်ကွမ်ဟာ အတော်စိတ်လေသွားပါတယ်။ ဖန်မင်ကွမ်က သူ့ကိုယ်သူ နာမည်ကြီးနေပြီလို့ ထင်ထားတာပါ။ ဒါပေမဲ့ သူက လျစ်လျူ ရှုထားလိုက်ပါတယ်။
"မင်းနာမည် ဘယ်လိုခေါ်လဲ...။ ဘယ်ဌာနကလဲ... ။''
ဖန်မင်ကွမ်က စားရင်းသောက်ရင်း ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်ပါတယ်။
"ဟန်ဆန်း... , လေးဌာနက... ။''
ဟန်ဆန်းက ရိုးရိုးရှင်းရှင်း ဖြေလိုက်ပါတယ်။
"လေးဌာန...။''
ကျောင်းကိုရောက်ရောက်ချင်း ပထမနေ့မှာပဲ အထူးအစီအစဉ်နဲ့ဝင်ခွင့်ရတဲ့ ကျောင်းသားတယောက်ကို တွေ့လိုက်ရလို့ ဖန်မင်ကွမ်နဲ့ လျူ တို့ဟာ အံ့အားသင့်သွားကြပါတယ်။
ဖန်မင်ကွမ်က ဟန်ဆန်းကို အထက်အောက် အပြန်ပြန်အလှန်လှန် ကြည့်လိုက်ပါတယ်။
"မင်းက လေးဌာနကကိုး...။ ကြယ်စင်ဖလားမှာ ဝင်ပြိုင်မှာလား...။ လေးပြိုင်ပွဲရဲ့ ဘယ်အမျိုးအစားတွေမှာ စာရင်းပေးထားလဲ...။''
"ဘယ်အမျိုးအစားမှာမှ စာရင်းပေးမထားဘူး...။''
ဟန်ဆန်းက ပြုံးပြီး ဖြေလိုက်ပါတယ်။
"ဒါဆို ဘယ်ပြိုင်ပွဲမှာ စာရင်းပေးထားလဲ...။''
လျူက ဝင်မေးလိုက်ပါတယ်။
"ဝါးဖရိမ်...။''
ဟန်ဆန်းက ပြန်ဖြေလိုက်ပါတယ်။
"ဒါဆို မင်းက ဝါးဖရိမ်အသင်းကပေါ့...။''
လျူက ထပ်မေးလိုက်ပါတယ်။
"မဟုတ်ဘူး...။ ဟဲဗီးဝါးဖရိမ်အသင်းက...။
ဟန်ဆန်းက ရယ်ပြီး ပြန်ဖြေလိုက်ပါတယ်။
သူကိုယ်တိုင် စစ်တက္ကသိုလ်က ဘွဲ့ရခဲ့သူ ဖြစ်တာကြောင့် ဟဲဗီးဝါးဖရိမ်အသင်းအကြောင်းကို လျူ သိပါတယ်။ ဟဲဗီးဝါးဖရိမ်အသင်းဟာ အချိန်ဖြုန်းတဲ့လူတွေနဲ့ ပြည့်နေတဲ့အသင်းပါ။
ဖန်မင်ကွမ်က ပြုံးပြီး ပြောလိုက်ပါတယ်။
"ဟဲဗီးဝါးဖရိမ်အသင်းလည်း ဝါးဖရိမ်အသင်းပါပဲ..။ ဆန်း.., ဘယ်အမျိုးအစားတွေမှာ စာရင်းပေးထားလဲ...။''
"အချိန်တိုက်နေတဲ့ဟာတွေကလွဲရင် အမျိုးအစားအားလုံးမှာ စာရင်းပေးထားတယ်။''
ဟန်ဆန်းက ပြန်ဖြေလိုက်ပါတယ်။
ဟန်ဆန်းဟာ လူပျင်းတယောက်လို့ လျူက ပိုလို့ထင်သွားပါတယ်။ ပြိုင်ပွဲဝင်ဝါးဖရိမ်အမျိုးအစား အများကြီးရှိပါတယ်။ အဲ့ဒီအမျိုးအစားတွေဟာ တခုနဲ့တခု အများကြီးကွာပါတယ်။ ဒါကြောင့် လူအများစုဟာ အကောင်းဆုံးရလဒ်ထွက်နိုင်မယ့် အမျိုးအစားတခု,နှစ်ခုကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။
"အိုး..., မင်းက ပြိုင်ပွဲမှာ ဘယ်အဆင့်အထိရောက်မယ်လို့ မှန်းထားလဲ...။''
ဖန်မင်ကွမ်က မေးလိုက်ပါတယ်။
"ကျနော်က ကျနော်စာရင်းပေးထားတဲ့ အမျိုးအစားအားလုံးမှာ ချန်ပီယံဆုယူမှာ...။''
ဟန်ဆန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပါတယ်။
ဟန်ဆန်းရဲ့စကားကို ကြားလိုက်တော့ လျူဟာ ရေသောက်ရင်း ကနိတီးသွားပါတယ်။ ခဏလောက် ချောင်းဆိုးပြီးမှ လျူက ဟန်ဆန်းကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
"ကောင်လေး..., ဘုရားပေးတဲ့လက်လို ဟာမျိုးမှာပဲ အစုံဝင်ပြိုင်သင့်တယ်။ ဝါးဖရိမ်က မလွယ်ဘူး...။''
"ဘုရားပေးတဲ့လက်က ပျင်းဖို့ကောင်းတယ်...။''
ဟန်ဆန်းက လျူရဲ့ထေ့ငေါ့ပြီးပြောတဲ့စကားတွေကို ဂရုမစိုက်ပါ။
"ဘာကြောင့်လဲ...။''
ဖန်မင်ကွမ်က စပ်စုလိုက်ပါတယ်။
"ပြိုင်ဘက်တွေက အရမ်းညံ့တယ်...။''
ဟန်ဆန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပါတယ်။
လျူဟာ ဟန်ဆန်းပြောတဲ့ စကားတွေကို ယုံဖို့ ခက်နေပါတယ်။ ဒီနေ့ခေတ်ကျောင်းသားတွေဟာ အကြွားသန်တယ်လို့ လျူ ခံစားမိပါတယ်။ သူတို့ဟာ သူများတွေ အထင်ကြီးအောင် အမျိုးမျိုး ပြောတတ်ကြပါတယ်။
🐱🐱🐱🐱🐱
(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- --------
အခန်း (၁၅၀)
-------- --------- -------- ------- --------
လျူက အနက်ရောင်သိမ်းငှက်စစ်တက္ကသိုလ်မှ ဘုရားပေးတဲ့လက်အသင်းရဲ့မှတ်တမ်းကို စစ်ကြည့်လိုက်ပါတယ်။ ရလဒ်တွေက အတော်အထင်ကြီးစရာကောင်းပါတယ်။ အခြားလူတွေထက် လိုင်ယုဖန်က မဟာမိတ်မှာ ထိပ်ဆုံးအဆင့် ၅၀စာရင်းထဲဝင်ပါတယ်။
ဒါပေမဲ့...
ဟန်ဆန်းနာမည်ကိုတော့ တခါမှမကြားဖူးပါ။ သူကောက်ယူထားတဲ့ ဒေတာတွေမှတဆင့် ရှာဖွေကြည့်လိုက်တော့ ဘုရားပေးတဲ့လက်အသင်းမှာ ဟန်ဆန်းနာမည်ကို မတွေ့ရပါ။
လျူက ဟန်ဆန်းကိုကြည့်ပြီး သရော်တော်တော်ပြောလိုက်ပါတယ်။
"ဒါဆို..., မင်းက လိုင်ယုဖန်ထက် တော်တယ်ပေါ့...။''
"အများကြီးတော့ ပိုမတော်ပါဘူး.. ။ သူ့ကို အမှတ်နှစ်ဆယ်နဲ့ ကပ်နိုင်ခဲ့တယ်ဗျ...။''
ဟန်ဆန်းက ပြောလိုက်ပါတယ်။
ဒီကျောင်းသားရဲ့စကားဟာ ယုတ္တိရှိပုံမပေါ်ပါ။ ဒါပေမဲ့ သူနဲ့စကားပြောဖို့ကိုတော့ လျူ လက်လျှော့လိုက်ပါတယ်။
အခြားတဖက်မှာတော့...
ဖန်မင်ကွမ်ဟာ ဟန်ဆန်းကို စိတ်ဝင်စား သွားပါတယ်။ သူက ဟန်ဆန်းကို ပြောလိုက်ပါတယ်။
"လူငယ်တယောက်မှာ ယုံကြည်မှုဟာ အရေးအကြီးဆုံးပဲ...။ မင်းကစားမယ့်ပွဲက ဘယ်အချိန်လဲ...။ ငါတို့ လာအားပေးမယ်...။''
"အချိန်စာရင်းကို ကျနော်မသိသေးဘူး...။ ဒါပေမဲ့ ဝါးဖရိမ်ပြိုင်ပွဲအားလုံးနီးပါးမှာ ကျနော်ဝင်ပျြုင်မှာဆိုတော့ အချိန်မရွေး လာကြည့်နိုင်ပါတယ်...။''
ဟန်ဆန်းက နောက်ဆုံးတလုတ်ကို စားလိုက်ပြီးနောက် မတ်တပ်ရပ်ကာပြောလိုက်ပါတယ်။
"အေးအေးဆေးဆေးစားကြပါ...။ ကျနော်ပင်ပန်းနေလို့ အနားယူဖို့ ပြန်လိုက်ပါဦးမယ်...။''
ဟန်ဆန်း ထွက်သွားပြီးနောက်...
လျူက ပြောလိုက်ပါတယ်။
"အခုခေတ်လူငယ်တွေ တကယ်ပျက်စီးနေပြီ...။ ပေါက်ကရတွေပဲ လျှောက်ပြောနေကြတယ်...။''
"ငါတော့ ကောင်းတယ်လို့ထင်တယ်။ သူက ပြိုင်ပွဲအားလုံးမှာ ပြိုင်ဖို့ စာရင်းပေးထားတော့ ဘာမှမပြိုင်တာနဲ့စာရင် ပြိုင်တာက ပိုကောင်းတယ်ကွ...။''
ဖန်မင်ကွမ်က ပြုံးပြီး မှတ်ချက်ပေးလိုက်ပါတယ်။
ဒါပေမဲ့...
ဖန်မင်ကွမ်ဟာ ဟန်ဆန်းစကားကို သိပ်ပြီးတော့အလေးအနက်မထားပါ။ လေးဌာနက ဝင်ခွင့်အမှတ်နိမ့်ပါတယ်။ ဒါကြောင့် လေးဌာနက ကျောင်းသားတွေဟာ ကြံ့ခိုင်မှုအားနည်းပါတယ်။ သတင်းဆိုးနဲ့ကျော်ကြားတဲ့ ဟဲဗီးဝါးဖရိမ်အသင်းရဲ့ အဖွဲ့ဝင်တဦး အနေနဲ့၎င်း, လေးဌာနရဲ့ ကျောင်းသားသစ်တဦး အနေနဲ့၎င်း, ဝါးဖရိမ်ပြိုင်ပွဲရဲ့ ဘယ်အမျိုးအစားမှာမှ ချန်ပီယံ မဖြစ်နိုင်ပါ။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကဖီးက ထွက်လာပြီးနောက် သူ့အခန်းရှိရာသို့ လမ်းလျှောက်လာခဲ့ပါတယ်။
မမျှော်လင့်ဘဲ...
သူမအခန်းဆီသို့ လမ်းလျှောက်ပြန်လာတဲ့ ဂျီရန်လန်ကို တွေ့လိုက်ရပါတယ်။
"ဟေး...။''
ဟန်ဆန်းက သူမကိုနှုတ်ဆက်ဖို့ အမြန်လမ်းလျှောက်လိုက်ပါတယ်။ လောင်းကြေးအရ သူမက သူ့ရည်းစားလေးလေ...။
ဂျီရန်လန်က ဟန်ဆန်းကို မြင်သွားပြီး စောင်းကြည့်လိုက်ပါတယ်။ ပြီးနောက် အကြံတခုရသွားပြီး ပြုံးလိုက်ပါတယ်။
"ရှင်က ရှင်မလိမ်ဘူးလို့ အမြဲတမ်းသက်သေပြချင်နေတယ်...။ ဒါဆို ကြယ်စင်ဖလားမှာ ဝင်ပြိုင်လို့ရအောင် ဘုရားပေးတဲ့လက်အသင်းမှာ မှတ်ပုံတင်ပါလား...။''
ဟန်ဆန်းဟာ သက်ပြင်းချလိုက်ပါတယ်။
"ဘုရားပေးတဲ့လက်အသင်းမှာ မှတ်ပုံတင်ချင်ပါတယ်။ ဒါပေမဲ့ ငါက ဝါးဖရိမ်ပြိုင်ပွဲအတွက် စာရင်းပေးထားပြီးပြီ။ သက်သေပြဖို့ ငါ့မှာ အခွင့်အရေးမရှိတော့ဘူးနဲ့.. တူတယ်။''
"အော်...ဟတ်လား...။''
ဂျီရန်လန်ဟာ ဟန်ဆန်းကို ပိုလို့အထင်သေးသွားပါတယ်။ သူဟာ ဘုရားပေးတဲ့လက်အသင်းထဲကို ဝင်ရဲတဲ့သတ္တိမရှိဘူးလို့ ဂျီရန်လန်ယူဆလိုက်ပါတယ်။
"မင်းက ငါ့ရည်းစားဆိုတော့ ငါ့ပွဲစဉ်တွေကို လာအားပေးပေါ့...။''
ဟန်ဆန်းက ပြုံးပြီး ပြောလိုက်ပါတယ်။
"ပြောလိုက်ရင် အလုံးကြီးတွေချည်းပဲ... ။''
ဂျီရန်လန်က ပြောလိုက်ပါတယ်။
"ဘယ်ဝါးဖရိမ်ပြိုင်ပွဲတွေမှာ စာရင်းပေးထားလဲ... ။''
"အချိန်ထပ်တာကလွှဲရင်... အားလုံးမှာပေးထားတယ်...။''
"ဘာကြောင့်အားလုံးဝင်ပြိုင်တာလဲ...။ အလှမ်းကျယ်... အလယ်လပ်...။ အလိုကြီး အရနည်းတဲ့...။ ရှင်မကြားဘူးဖူးလား...။''
ဂျီရန်လန်ဟာ ဟန်ဆန်းကို အတော်လေးစိတ်ကုန်နေပါတယ်။
"ဘာကြောင့်ဝင်ပြိုင်လဲ...။ ဟုတ်လား...။ ဆုလိုချင်လို့ပေါ့...။ ဝါးဖရိမ်ခေါင်းစဉ်အောက်မှာ အမျိုးအစားဆယ်မျိုးလောက်ရှိတယ်။ တမျိုးချင်းစီအတွက် ပေးထားတဲ့ ဆုကြေးက နင့်နေတာပဲ။ ငါ,ပထမချည်းပဲကျရင် ဆုကြေးငွေဆယ်သန်းလောက် ရမယ်...။ ဆယ်သန်းဆိုတာ နည်းတာမဟုတ်ဘူး...။''
ဟန်ဆန်းက အမှန်တရားကို ပြောလိုက်တာပါ။ သူပြိုင်ပွဲဝင်တဲ့ရည်ရွယ်ချက်ကလည်း ဆုကြေးငွေတွေလိုချင်လို့ပါ။
"ပထမဆုချည်းပဲယူမယ်...။ ဟုတ်လား...။ ဟဟပဲ... ရမယ်...။ ကျမအထင်... တတိယဝေးရော...။ အဆင့်၁၀တောင်ရမှာမဟုတ်ဘူး...။''
ဂျီရန်လန်က ဟန်ဆန်းကို မေးခွန်းထုတ်ပြီး သရော်လိုက်ပါတယ်။
"မင်းက ငါ့ကို လျှော့တွက်ပြန်ပြီ...။''
ဟန်ဆန်းက စိတ်ပျက်လက်ပျက်ပြောလိုက်ပါတယ်။
"ခွဲခြမ်းစိတ်ဖြာသုံးသပ်တာလို့ ခေါ်တယ်ရှင့်...။ လျှော့တွက်တာမဟုတ်ဘူး...။''
ဂျီရန်လန်က ပြုံးပြီး ပြောလိုက်ပါတယ်။
"ကောင်းပြီလေ...။ ငါဆုမရနိုင်ဘူးလို့ မင်းထင်ရင်... လောင်းမလား...။''
ဟန်ဆန်းက အဆိုပြုလိုက်ပါတယ်။
"ရှင်က ထပ်ပြီး လိမ်ချင်ပြန်ပြီပေါ့..။''
ဟန်ဆန်းက ပြောလာတော့ သူမအနည်းငယ်တွေဝေသွားပါတယ်။ ခွက်ဂိမ်းမှာ လူပိန်နဲ့ လိုင်ယုဖန်ကို ဟန်ဆန်းက ဘယ်ဘိုအနိုင်ယူသွားတယ်ဆိုတာကို သူမ,မဖော်ထုတ်နိုင်သေးပါ။
လိုင်ယုဖန်လည်း ခွက်ဂိမ်းနဲ့ပတ်သက်ပြီး သဲလွန်စမရသေးပါ။ ပွဲပြီးကတည်းက သူစဉ်းစားခဲ့ပါတယ်။
"အဲ့ပြိုင်ပွဲမှာ ငါက ဘာတွေလုပ်ပြရမလဲ...။''
သူမက သူ့ကို လူလိမ်ဆိုပြီး အသလွတ်အထင်အမြင်သေးနေတာကို ဟန်ဆန်းနားမလည်ပါ။ မိုးနတ်မင်းကြီးကယ်ပါ။ သူဟာ ဂျီရန်လန်ရှေ့မှာ တခါမှ မလိမ်ခဲ့ပါ။
ဂျီရန်လန်က အကြံပြုလိုက်ပါတယ်။
"အိုခေ...။ ကျမကပဲ အလျှော့ပေးပါတယ်။ ပြိုင်ပွဲအားလုံးမှာ ပထမဆုယူမယ်လို့ ရှင်ပြောခဲ့တယ်နော်။ ရှင့်ကို စိတ်အနှောက်အယှက်မပေးတော့ပါဘူး။ ပထမဆု ငါးဆုရရင်ပဲ... ရှင်နိုင်တယ်လို့ သတ်မှတ်ပေးမယ်...။ ဘယ်လိုလဲ...။''
"ငါနိုင်ရင် ဘာရမလဲ... ။''
ဟန်ဆန်းက သွားဖြဲရယ်ကာ မေးလိုက်ပါတယ်။
"ရှင် ပထမဆု ငါးဆုရရင်...
ရှင့်ဘက်က သက်သေပြလို့ ပြီးသွားပြီ...
ကျမဘက်က ကတိတည်ရမှာပေါ့...။ ရှင့်ရည်းစားလုပ်ပေးမယ်... ။ စိတ်ချ...။''
ဂျီရန်လန်က ပြုံးပြီး ပြောလိုက်ပါတယ်။ ဒါပေမဲ့... သူမ စိတ်ထဲမှာတော့...
"ပထမဆု တဆုတောင် ရမှာမဟုတ်ပဲနဲ့များ...။ ဟွန်း...။''
"မမျှတဘူး...။''
ဟန်ဆန်းက ခေါင်းကို ထပ်ကာထပ်ကာ ယမ်းလိုက်ပါတယ်။
"ဆိုစမ်းပါဦး...။ ဘယ်လိုမမျှတတာလဲ...။'
ဂျီရန်လန်ဟာ စိတ်အနှောက်အယှက်ဖြစ်သွားပါတယ်။
"မင်းက ငါ့ရည်းစားဖြစ်ပြီးသားလေ...။ လောင်းကြေးက ငါ့အတွက်အဓိပ္ပာယ်မရှိဘူး..။ မင်းရှုံးရင် ငါ့ကိုနမ်းရမယ်။ ပါးကို မဟုတ်ဘူးနော်...။ ပါးစပ်ကို နမ်းရမှာ...။''
ဟန်ဆန်းက ထပ်ပြောလိုက်ပါ
တယ်။
"တရက်အတွင်းနော်...။ တရက်ကျော်သွားရင် ဒဏ်ကြေးပေးရမယ်...။ တရက်နောက်ကျရင် တချက်ပိုနမ်းရမယ်...။''
ဂျီရန်လန်ဟာ အတော်စိတ်တိုသွားပါတယ်။
"ကောင်းပြီ...။ ပထမဆုငါးဆုမရရင် ရှင့်ကိုအပြစ်ပြန်ပေးမယ်...။ သဘောတူလား...။''
"မင်းကြိုက်တဲ့အပြစ်ပေး..။ ဘယ်လိုဖြစ်ဖြစ်... ငါနိုင်မှာ သေချာတယ်...။''
ဟန်ဆန်းက အပိုင်ပြောလိုက်ပါတယ်။
"စိတ်ကြီးမဝင်နဲ့ဦး...။ ရှုံးရင် ငြင်းလို့မရအောင် စာချုပ်ချုပ်ကြမယ်...။''
ဂျီရန်လန်မှာ ဘောပင်နဲ့ စာရွက် မပါပါ။
"ကျမနဲ့လိုက်ခဲ့...။ စာချုပ်ချုပ်ပြီး နှစ်ယောက်စလုံးလက်မှတ်ထိုးမယ်...။''
ဂျီရန်လန်က ဟန်ဆန်းကို စတိုးဆိုင်တဆိုင်သို့ ဦးဆောင်ခေါ်သွားပါတယ်။ စာချုပ်နှစ်ခုဝယ်ကာ သဘောတူထားတဲ့အချက်တွေကို ချရေးပြီး ဟန်ဆန်းကို ပြလိုက် ပါတယ်။
"ကဲ..., စစ်ကြည့်လိုက်ဦး...။ သဘောတူရင်... လက်မှတ်ထိုး...။''
ဟန်ဆန်းက စာချုပ်ကို ကောက်ယူလိုက်ပြီး အသေအချာဖတ်လိုက်ပါတယ်။ ဥပဒေဆိုင်ရာခံဝန်စာချုပ်တခု ဖြစ်ပါတယ်။ သူမကတိမတည်မှာကို ဟန်ဆန်းကြောက်မိပါတယ်။
ကံကောင်းတာက...
ဂျီရန်လန်က သူမရှုံးမယ်လို့ လုံးဝထင်မထားတာပါ။ တကယ်လို့... သူရှုံးရင် ခွက်ဂိမ်းရဲ့လှည့်ကွက်ကို သူမကို သင်ပေးဖို့, သူမရှေ့ကို ဘယ်တော့မှမလာဖို့နဲ့ သူမရဲ့ခွင့်ပြုချက်မရဘဲနဲ့ သူမရဲ့နာမည်ကို မသုံးဖို့ ကတိပေးရပါမယ်။
စာချုပ်ကိုဖတ်ပြီးနောက်...
ဟန်ဆန်းဟာ ချီတုံချတုံဖြစ်သွားပါတယ်။ ပဉ္စလက်သိုင်းကို အခြားလူကို သင်ပေးလို့သင့်တော်ပါ့မလား။ ပဉ္စလက်သိုင်းက ဖဲဝိဇ္ဇာတို့မိသားစုပိုင်သိုင်းပါ။ သူ့အနေနဲ့ ဖဲဝိဇ္ဇာရဲ့ခွင့်ပြုချက်မရဘဲနဲ့ အခြားသူကို သင်မပေးသင့်ပါ။
ဂျီရန်လန်ကလည်း ဟန်ဆန်းချီတုံချတုံ ဖြစ်နေတာကို မြင်ပါတယ်။ ဒါကြောင့် သူ ကြောက်သွားပြီလို့ ဂျီရန်လန်ထင်လိုက်ပါတယ်။ သူမက နှုတ်ခမ်းစူပြီး ပြောလိုက်ပါတယ်။
"အခုတော့ ရှင်ကြောက်နေပြီမလား...။ ရှင့်သတ္တိတွေ ဘယ်ရောက်သွားလဲ...။''