အခန်း (၃)
-------- --------- -------- ------- --------
သူ့အခန်းကို ပြန်ရောက်တော့
ဟန်ဆန်းဟာ မီးမွှေးပြီး ရွှေပိုးကောင်နက်ရဲ့ လက်ချောင်း တွေနဲ့ အခွံတွေကို အိုးတအိုးထဲ ထည့်ပြုတ်လိုက်ပါတယ်။
ရွှေပိုးကောင်နက်ရဲ့အခွံတွေကိုပြုတ်ဖို့ အနည်းဆုံးအချိန် ၁နာရီ,၂ နာရီ လောက်လိုပါတယ်။ ဒါကြောင့် ဟန်ဆန်းဟာ အိုးအဖုံးကို ဖွင့်ထားလိုက်ပါတယ်။ အဲ့နောက် ရွှေပိုးကောင်နက်ဆီက ရထားတဲ့ အနက်ရောင်ပုံဆောင်ခဲကို အသေးစိတ်ကြည့်ဖို့ အိတ်ထဲကနေ ထုတ်လိုက်ပါတယ်။ ဒါပေမဲ့... ဘာသဲလွန်စမှ ရှာမတွေ့ပါဘူး။
ထိုစဉ်...
ဟန်ဆန်းဟာ ကြောင်အရွယ်လောက်ရှိတဲ့ အခွံစိမ်းသားရဲကို အခန်းထောင့်မှ လှောင်အိမ်ထဲမှာ ရိပ်ခနဲမြင်လိုက်ပါတယ်။ ဒီကောင်ကို ဟင်းမရှိတဲ့နေ့ သတ်စားဖို့ ဖမ်းပြီး လှောင်အိမ်ထဲ ထည့်ထားခဲ့တာပါ။ ရုတ်တရက်ပဲ သူ စိတ်ကူးတခု ရသွားပါတယ်။
ပိုးကောင်နက်တွေလိုပဲ...
အခွံစိမ်းသားရဲဟာ ရိုးရိုးသတ္တဝါပါ။ ဟန်ဆန်းက သူတို့ကို ဖမ်းဆီးသတ်ဖြတ်စားသောက်လေ့ရှိတယ်။ သူ့အမှတ်တွေ တိုးလာဖို့ အတွက်ပေါ့။
ဒါပေမဲ့...
ဒီအခွံစိမ်းသားရဲတွေစားလို့ ဘာအမှတ်လည်း မရမှန်းသိတော့ လက်ကျန်နောက်ဆုံးတကောင်ကို သူမစားဘဲ ချန်ထားခဲ့ပါတယ်။
" ဟာ... ဒီကောင်... အခုထိရှိနေတုန်းပဲ။ ငါက မေ့တောင်နေပြီ...။''
သူက လှောင်အိမ်ထဲက အခွံစိမ်းသားရဲကို ဆွဲထုတ်လိုက်ပြီး တခဏလောက် ချီတုံချတုံ စဉ်းစားပြီး အခွံစိမ်းသားရဲကို အနက်ရောင်ပုံဆောင်ခဲ ကျွေး လိုက်ပါတယ်။
အခွံစိမ်းသားရဲဟာ...
အနက်ရောင်ပုံဆောင်ခဲကို အံအားသင့်စွာကြည့်ရင်း... သူ့လျှာအရှည်ကြီးနဲ့ ပါးစပ်ထဲကိုလိပ်ပြီး ထည့်လိုက်ပါတယ်။ ပြီးတော့... ပုံဆောင်ခဲတခုလုံးကို မျိုချလိုက်ပါတယ်။
"ဒီအနက်ရောင်ပုံဆောင်ခဲမှာ ထူးဆန်းတာတခုခုတော့ ရှိရမယ်...။''
ဟန်ဆန်းဟာ..
ကြည့်နေရင်းတန်းလန်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြက်သေ,သေသွားပါတယ်။
အခွံစိမ်းသားရဲဟာ...
အနက်ရောင်ပုံဆောင်ခဲကို မျိုချ ပြီးနောက် သူ့ခြေ ၄ ချောင်းကို ဆန့်ထုတ်လိုက်ပါတယ်။ သူ့ခေါင်းက ဟန်ဆန်းကိုကိုက်ဖို့ ရွေ့လျားလာပါတယ်။
ဟန်ဆန်းက...
အခွံစိမ်းသားရဲကို လှောင်အိမ်ထဲသို့ ပြန်ပစ်ထည့်ပြိ်း သတိကြီးကြီးနဲ့ စောင့်ကြည့်လိုက်တယ်။ ဒီသားရဲဟာ အစာ မစားရတာ ရက်အတော်ကြာပါပြီ။ အခွံစိမ်းသားရဲဟာ သူ့ အသက်ဓာတ်ကို သူပြန်ရှာတွေ့သလို ယက်ကန်လျက်။ ပထမအကြိမ် သူအဖမ်းခံရတုန်းကလို လှောင်အိမ်ကို အငြိုးတကြီးကုတ်ခြစ်လျက်။
ဟန်ဆန်းက...
လှောင်အိမ်ရှေ့မှာ ငုတ်တုတ်သွားထိုင်ပြီး အခွံစိမ်းသားရဲရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေလိုက်ပါတယ်။ ထိုစဉ်... သူအတွေးတခု ရရှိလိုက်ပါတယ်။ သူ့အတွေးသာမှန်ခဲ့ရင် ထွတ်မြတ်သွေးသားရဲ ရွှေပိုးကောင်နက်ထက် ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ မယုံနိုင်ဖွယ်တခုခုကို ရပါလိမ့်မယ်။
တခုခုအမှားအယွင်းဖြစ်ပြီး ပုံဆောင်ခဲလေး ဆုံးရှုံးသွားမှာကိုလည်း ဟန်ဆန်းကြောက်နေတယ်။ ဒါပေမဲ့... သူမျှော်မှန်းထားတဲ့ အပြောင်းအလဲတခုခုကို မြင်ရမယ်လို့ စိတ်လှုပ်ရှားစွာမျှော်လင့်လျက်။
ဟန်ဆန်းဟာ...
စိတ်လှုပ်ရှားလျက် စူးစူးစိုက်စိုက်ကြည့်နေပါတယ်။ စွပ်ပြုတ်အိုးက အနံ့မရမချင်း... သူ ဆာနေမှန်း သူကိုယ်တိုင်,မရိပ်မိခဲ့ပါ။
သူရိပ်မိချိန်မှာတော့...
သူဘာမှမစားရတာ တရက်နီးပါးကြာခဲ့ပါပြီ။ အိုးထဲက ရွှေပိုးကောင်နက်အခွံတွေကို ကြည့်ဖို့ အဖုံးဖွင့်လိုက်တဲ့အခါ ပြုတ်ထားတဲ့ ရွှေရောင်အခွံတွေကို မြင်ရပါတယ်။ စွပ်ပြုတ်ရည်ဟာလည်း ရွှေအဆင်းနဲ့ ဝင်းဝါလို့နေပါတယ်။ အနံ့ကလည်း အရမ်းဆာလောင်နေတဲ့ ဟန်ဆန်းကို လျှာရည်ကျလောက်အောင်ကို မွှေးကြိုင်သင်းပျံ့နေပါတယ်။
စွပ်ပြုတ်တခွက်ခပ်သောက်မလို့လုပ်တုန်း... လှောင်အိမ် ထဲက အခွံစိမ်းသားရဲရဲ့ သံတိုင်တွေကို ချိုးဖျက်နေသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဟန်ဆန်း,အမြန်လှည့်ကြည့်လိုက်တော့... အခွံစိမ်း သားရဲဟာ လှောင်အိမ်က သံချောင်းတချောင်းကို ကိုက်ဖြတ်ပြီး သူ့ခေါင်းကို လှောင်အိမ်ထဲက အပြင်ကိုထုတ်နေတာကို တွေ့လိုက်ရပါတယ်။
သူ့ရဲ့အစိမ်းဖျော့ဖျော့အကြေးခွံတွေဟာ... အခုဆို... အစိမ်းရင့်ရင့်ဖြစ်နေပါတယ်။ သူ့သွားတွေဟာ အရမ်းထက်လာပြီး ခြေသည်း,လက်သည်းတွေဟာလည်း သံချိတ်တွေလို ချွန်မြလာပါတယ်။ အခွံစိမ်းသားရဲဟာ လှောင်အိမ်ထဲက ထွက်လာပါတော့တယ်။
ဟန်ဆန်းဟာ...
အံ့အားသင့်ပြီး သူ့ခါးက ဓားမြှောင်ကို ဆွဲထုတ်လိုက်ပါတယ်။ လှောင်အိမ်ရှေ့ကို တဟုန်ထိုးပြေးထွက်ပြီး အခွံစိမ်း သားရဲရဲ့ဝမ်းဗိုက်အောက်ပိုင်းကို ဓားမြှောင်နဲ့ ထိုးစိုက်လိုက်ပါတယ်။ ဓားမြှောင်တချက် တည်းနဲ့ အခွံစိမ်းသားရဲရဲ့ရုန်းကန်ခြင်းဟာ ချက်ချင်းရပ်တန့် သွားပါတယ်။
"ရှေးဦးအဆင့်အခွံစိမ်းသားရဲ သေဆုံး...။ သားရဲဝိဉာဉ်မရရှိ...။ အသားကိုစားပြီး သုညလား...။ တစ်ဆယ်လား...။ ဘယ်နှမှတ်ရမလဲ...။ ကံစမ်းပါ...။''
ထူးဆန်းတဲ့အသံကို...
စိတ်ထဲကနေ ကြားလိုက်ပြီးနောက်.. ဟန်ဆန်းဟာ အံ့အားသင့်ပြီးကျန်ခဲ့ပါတယ်။
"ဘာ!!! ရှေးဦးအဆင့်အခွံစိမ်းသားရဲ...။ ရိုးရိုးအဆင့်သားရဲကို အနက်ရောင်ပုံဆောင်ခဲက အဆင့်ပြောင်းစေတယ်...။ တကယ်ကြီးလား...။''
ဟန်ဆန်းဟာ...
အပျော်လွန်ပြီး ဘာလုပ်လို့,ဘာကိုင်ရမှန်းတောင် မသိတော့ပါ။
အချိန်အနည်းငယ်ကြာတော့မှ
အခွံစိမ်းသားရဲရဲ့ ရင်ကိုခွဲပြီး ငုံးဥလောက်သာကြီးတဲ့ အနက်ရောင်ပုံဆောင်ခဲကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။ သွေးပေနေတာကိုတောင် ဂရုမစိုက်တော့ဘဲ ပုံဆောင်ခဲကို နှစ်ကြိမ်တိတိနမ်းပြီးတော့မှ သွေးစင်အောင်သုတ်ပြီး အဖိုးတန်ရတနာတခုလို လက်ထဲမှာ ဆုတ်ကိုင်ထားလိုက်ပါတယ်။
”ဒါဆို... ပိုးကောင်နက်ဟာ အနက်ရောင်ပုံဆောင်ခဲကြောင့် ထွတ်မြတ်သွေးအဆင့် ရွှေပိုးကောင်နက် ဖြစ်သွားတာပေါ့။ တကယ်လို့ အခွံစိမ်းသားရဲကိုသာ အချိန်ကြာကြာ ဆက်ထားလိုက်ရင် သူလည်း ထွတ်မြတ်သွေးအဆင့် ရောက်သွားနိုင်တာပေါ့...။''
အရမ်းထူးဆန်းလွန်းလို့...
ဟန်ဆန်းဟာ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်မတွေးဝံ့တော့ပါ။
ဟန်ဆန်းဟာ...
ပုံဆောင်ခဲကို ဆုပ်ကိုင်ထားရင်း... သူ့လက်တွေတုန်တုန်ယင်ယင်ဖြစ်လောက်အောင်ကို စိတ်လှုပ်ရှားနေပါတယ်။ သူဟာ သူ့လျှာကို ကိုက်ကြည့် လိုက်ပါတယ်။ နာတော့မှ... အိပ်မက်မဟုတ်မှန်း သိလိုက်ရပါတယ်။
အချိန်အတော်ကြာ စိတ်လှုပ်ရှားနေပြီးနောက် ဟန်ဆန်း ဟာ သူ့ပုံဆောင်ခဲကို သိမ်းဆည်းလိုက်ပြီး ရွှေပိုးကောင်နက်စွပ်ပြုတ်ကို အငမ်းမရ သောက်လိုက်ပါတယ်။ သောက်ပြီးနောက်... အမှတ်'၈'မှတ် ထပ်တိုးသွားပါတယ်။
ရွှေပိုးကောင်နက်ကို...
သတ်ပြီးတဲ့အခါ ရွှေပိုးကောင်နက်ရဲ့ထွတ်မြတ်သွေးသားရဲဝိဉာဉ်ကို ပိုင်ဆိုင်ပြီလို့ ဟန်ဆန်း,နားလည်လိုက်ပါတယ်။ ဟန်ဆန်းဟာ သူ့ရဲ့ကိုယ်ရေးမှတ်တမ်းကို ဝင်ကြည့်လိုက်ပါတယ်။
------ ----- ----- ----- ---- ---- ---- -----
ဟန်ဆန်း : အဆင့် ပြောင်းလဲခြင်းမရှိ
လက်ရှိအဆင့် : သာမန်
ဘဝသက်တမ်း:အနှစ် ၂၀၀
အဆင့်ပြောင်းရန် လိုအပ်သောအမှတ်: ၁၀၀ မှတ်
ရရှိပြီးအမှတ်: ရိုးရိုး ၇၉ မှတ် နှင့် ထွတ်မြတ်သွေး ၈ မှတ်
ရရှိထားသောသားရဲဝိဉာဉ်: ထွတ်မြတ်သွေးအဆင့် ရွှေပိုးကောင်နက်
ထွတ်မြတ်သွေးသားရဲဝိဉာဉ် ၏အမျိုးအစား: ချပ်ဝတ်တန်ဆာ
------ ----- ----- ----- ---- ---- ---- -----
”ရွှေပိုးကောင်နက်ရဲ့ ချပ်ဝတ်တန်ဆာဟာ ဘာနဲ့တူပါလိမ့်...။''
ဟန်ဆန်းရဲ့အတွေးမဆုံးခင်မှာပဲ လေထဲမှာ ရွှေပိုးကောင်နက်နဲ့ ချွတ်စွပ်တူတဲ့ ရွှေရောင်အရိပ်တခု ပေါ်လာပါတယ်။
ရွှေပိုးကောင်နက်ဟာ...
ဟန်ဆန်းရဲ့ရင်ဘတ်ပေါ်သိူ့ ပျံသန်းလာပြီး ရွှေရောင်အရည်အဖြစ်ပြောင်းလဲကာ ဟန်ဆန်းကိုယ်ထဲကို စိမ့်ဝင်သွားပါတယ်။ မျက်တောင်တခတ်စာအချိန်အတွင်း ဟန်ဆန်းတကိုယ်လုံး ဆံပင်တွေပါမကျန် ရွှေရောင်လွှမ်းခြုံသွားပါတယ်။
ရွှေရောင်ချပ်ဝတ်တန်ဆာဟာ
စွမ်းအားတွေနဲ့ ပြည့်နှက်နေပြီး ဟန်ဆန်းတကိုယ်လုံးကို ဖုံးအုပ်ထားပါတယ်။
ရွှေရောင်တလက်လက်ထနေပြီး ထိုချပ်ဝတ်တန်ဆာဟာ ခမ်းနားထည်ဝါလွန်းလှပါတယ်။ သူတော်စင်တွေဝတ်ဆင်တဲ့ ရွှေရောင်အဝတ်အစားတွေနဲ့တောင်တူပါတယ်။
ရွှေသင်္ကန်းနဲ့ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာအကြား အဓိကကွာခြားချက်ကတော့ ချပ်ဝတ်တန်ဆာက ခေါင်းရောကိုယ်ပါလုံပြီး ချပ်ပြားတွေထပ်ထားတဲ့ နေရာတွေမှာသာ အနည်းငယ်သော အဟလေးတွေရှိပါတယ်။ ထိုအဟလေးတွေဟာ သားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာရဲ့ အားနည်းချက်တွေဖြစ်ပါတယ်။
ချပ်ဝတ်တန်ဆာထဲမှာ...
ဟန်ဆန်းဟာ လှုပ်ရှားကြည့်လိုက်ပါတယ်။ လေးလံခြင်းမရှိပါဘူး။ လေးလံမယ့်အစား သူ့ခန္ဓာကိုယ်ဟာ ပို၍ပေါ့ပါးလာပြီး တန်ခိုးစွမ်းအားတွေနဲ့ ပြည့်နေပါတယ်။
"တကယ်တော့... ဒါဟာ... ရွှေပိုးကောင်နက်သားရဲဝိဉာဉ်ကဖြစ်လာတဲ့ ချပ်ဝတ်တန်ဆာပဲ။ သံမဏိရဲတိုက်က ငါ မြင်နေကျရှေးဦးသားရဲဝိဉာဉ်ကရတဲ့ ချပ်ဝတ်တန်ဆာတွေထက် အများကြီးသာတယ်။''
ဟန်ဆန်းရင်ထဲ ပီတိဖြာသွားပါတယ်။
သူဟာ...
ရှေးဦးသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာရှိတဲ့လူတွေကို အားကျလေ့ရှိခဲ့ပါတယ်။
တနေ့မှာ...
သူဟာ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ချပ်ဝတ်တန်ဆာကို ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ,ထင်ခဲ့ပါ။
-------- --------- -------- ------- --------
အခန်း (၄)
-------- --------- -------- ------- --------
"နတ်ဘုရားကမ္ဘာက...
သတင်းများကို ကြေငြာနေပါတယ်...။''
-------- --------- -------- ------- --------
"ရိတ်အုပ်စုခေါင်းဆောင်''ဇိုရဲလောင်''သည် တတိယအဆင့်ကို အောင်မြင်ပြီး စတုတ္ထနတ်ဘုရားကမ္ဘာကို ဝင်ရောက်သွားပါတယ်။ သူသည် နတ်ဘုရားကမ္ဘာ၏သမိုင်းတွင် စတုတ္ထနတ်ဘုရားကမ္ဘာကို တက်ရောက်နိုင်သော ၈၃ ယောက်မြောက်လူသား ဖြစ်ပါတယ်။ သူ့ရဲ့ဘဝသက်တမ်းက အနှစ် ၅၀၀ သို့ ရောက်ရှိ သွားပြီး သူ့ရဲ့အဆင့်က နတ်သွေးနှောလူသား ဖြစ်ပါတယ်။''
-------- --------- -------- ------- --------
"ရေးကော့ကြယ်စင်စုမှ ပါရမီရှင်ကလေး''လန်ဂျီ''သည် ဒုတိယနတ်ဘုရားကမ္ဘာသို့ သန္ဓေပြောင်းမျိုးရိုးဗီဇအမှတ် ၁၀၀ ဖြင့် ဝင်ရောက်သွားပါတယ်။ သူ့ရဲ့ဘဝသက်တမ်းက အနှစ် ၃၀၀ သို့ ရောက်ရှိသွားပြီး သူ့ရဲ့အဆင့် က လွတ်မြောက်သူ ဖြစ်ပါတယ်။''
-------- --------- -------- ------- --------
"ကိုယ်စားလှယ်များစံအိမ်က ပြောရေးဆိုခွင့်ရှိသူ''ဟမ်းမင်းဝေး''သည် နတ်သွေးနှောကြယ်ပင်လယ်သားရဲကို မနေ့က သတ်ခဲ့သည်။ ဤစွမ်းဆောင်မှုသည်...''
-------- --------- -------- ------- --------
"ယုံကြည်လောက်သောကျွမ်းကျင်သူတို့က... တစုံတယောက်ဟာ ဆယ်နှစ်အတွင်းမှာ စတုတ္ထအဆင့်ကို ပထမဆုံးအကြိမ်ပြီးမြောက်အောင်မြင်ပြီး ပဉ္စမနတ်ဘုရားကမ္ဘာကို တက်လှမ်းနိုင်မယ်လို့... ဆိုကြပါတယ်...။''
--- ----- ----- ------ ------ ------ ----- ---
ဟန်ဆန်းဟာ...
သံမဏိရဲတိုက်မှ ရိုကာဂြိုလ်သို့ ပြန်လာခဲ့ပါတယ်။ သူ့ရှေ့က ပုံရိပ်ယောင်စခရင်မှာ သတင်းတွေပြနေပါတယ်။
"လွတ်မြောက်သူ! သာလွန်သူ! နတ်သွေးနှောလူသား! .... ဟုတ်လား။ အနက်ရောင်ပုံဆောင်ခဲ အကူအညီနဲ့ဆိုရင် ငါလည်း သူတို့လို လုပ်နိုင်တယ်။ သူတို့ထက်တောင် ကျော်ချင်ကျော်သွားဦးမယ်။''
ဟန်ဆန်းဟာ...
စဉ်းစားရင်း လေကို လက်သီးနဲ့ထိုးလိုက်ပါတယ်။ ပြီးနောက် ဘူတာရုံမှ ထွက်ပြီး အိမ်ပြန်ဖို့ သံလိုက်ရထားစီးလိုက်ပါတယ်။
--- ----- ----- ------ ------ ------ ----- ---
အိမ်ခြံဝင်းထဲသို့
မရောက်ခင်မှာပင်... ဟန်ဆန်းဟာ အမျိုးသမီးတယောက်ရဲ့ စူးရှရှအသံကို ကြားလိုက်ရပါတယ်။
"လိုစုဟန်..., ဟန်အိမ်ဟောင်းကို မင်းလိုချင်လား။ ဒီအိမ်ကို ငါ့အကို၂ယောက်နဲ့ ငါပိုင်တယ်။ အခု... ငါ့အကိုကြီးက ဆုံးသွားပြီ...။ မင်းကလည်း မုဆိုးမ...။ ငါတို့က မင်းကို အနိုင်မကျင့်ချင်ဘူး။ ဒီတော့.... ငါတို့က မင်းကို ဝေစုခွဲပေးမယ်...။ ဒါပေမဲ့... အားလုံးလို မင်းလိုချင်လို့တော့ မရဘူး...။''
"မှန်တယ်။''
သက်လတ်ပိုင်းအရွယ်လူကြီး တယောက်က ကြားဖြတ်ဝင်ပြောလိုက်ပါတယ်။
"အိမ်ဟောင်းက ငါတို့မိဘ တွေ ချန်ထားခဲ့တဲ့အမွေ...။ ငါတို့အားလုံးမှာ အမွေဆက်ခံခွင့်ရှိတယ်။ မင်းတယောက်ထဲ အပိုင်ယူလို့မရဘူး။ မင်းတို့မိသားစု..., ဒီမှာနေ,နေတာလည်း အနှစ် ၂၀ ကျော်နေပြီ။ မင်းတို့ခံစားခွင့် အများကြီးရပြီးပြီ။ အခု... အမွေခွဲရမယ့် အချိန်ရောက်ပြီ...။ ဒီအမွေကိစ္စကို ဆုံးသွားတဲ့ငါတို့အကိုကြီး ပြောဖူးပါတယ်...။
သူက...
လေသံတိုးတိုးလေးနဲ့ ဆက်ပြောလိုက်ပါတယ်။
''မင်းတို့..., ဒီအိမ်တော်မှာတနတာ အနှစ် ၂၀ ကျော်ပြီ။ ငါတို့က အိမ်ငှါးခလည်း မယူခဲ့ဘူး။ ဒီအိမ်တော်က ငါတို့အမွေဘုံ...။ အခု... အမွေခွဲဖို့အချိန်တန်ပြီ။''
ဟန်ဆန်းဟာ...
အမျိုးသမီးရဲ့စကားပြောသံကို ဆက်ကြားရပါတယ်။
"ငါတို့ရှေ့နေနဲ့ တွက်ကြည့်ပြီးပြီ။ ဒီအိမ်က ၃သန်းမကတန်တယ်။ အခုလက်ရှိပိုင်ရှင်၃ယောက်ရှိတယ်ဆိုတာ့ တယောက်ကို တသန်းစီရမယ်။ မင်းက ငါတို့ကို တယောက်တသန်းစီပေး။ မဟုတ်ရင်... ဒီအိမ်ကိုရောင်းပြီး ခွဲယူရမယ်။ ငါတို့ဘက်က အိုကေပဲ။ မင်းကြိုက်တဲ့နည်းလမ်းကို ရွေးပေတော့...။''
ထိုစဉ်...
အမျိုးသမီးရဲ့စူးရှရအသံ ပြန်ပေါ်လာပါတယ်....။
”ငါတို့အကိုကြီးလည်း ဆုံးသွားပြီ။ မုဆိုးမနဲ့ ကလေးတွေကို အနိုင်မကျင့်ချင်ဘူး။ မင်းက ငါတို့ကို ငွေပြန်အမ်းချင်အမ်း၊ ဒါမှမဟုတ် အိမ်ရောင်းချင်ရောင်း၊ မင်းသဘောပဲ...။''
"အကိုနဲ့ အမ..., ကျမကို အတင်းအကြပ်ပြောဖို့မလိုပါဘူး။ ကျမအခြေအနေကိုလည်း အကိုတို့..., အမတို့..., သိပါတယ်။ ကျမမှာ ပြန်အမ်းဖို့ငွေလည်းမရှိဘူး''
အမျိုးသမီးက...
ဝမ်းနည်းကြေကွဲစွာ ပြောလိုက်ပါတယ်။
"ဒါဆိုရင်... အိမ်ရောင်းပေါ့..။''
စူးရှရှအသံနဲ့ အမျိုးသမီးက ချက်ချင်းပြန်ပြောလိုက်ပါတယ်။
"ကျမတို့က အိမ်မရှိဘဲ ဘယ်လိုနေရမလဲ။ ဟန်ဆန်း ကတော့ ဘွဲ့ရပြီးပြီ။ ဟန်ရင် က... အခုမှ... ကျောင်းစတက်ရမှာ...။''
အမျိုးသမီးက...
ဝမ်းပန်းတနည်း ပြန်ပြောလိုက်ပါတယ်။
"ယောင်းမ..., ဒါက အကြောင်းပြချက်မဟုတ်ဘူး။ မင်းသားဟန်ဆန်းက အခြေခံပညာပြီးသွားပြီ။ ဟန်ရင်က ငယ်ငယ်လေးရှိသေးတယ်။ ငါ့သား''ဟန်ဝူး''က ကိုယ်ပိုင်ကျောင်းတက်နေရတုန်း။ သူ့ကျောင်းစရိတ်ကြောင့် ငါခေါင်းမွေးဖြူတော့မယ်။''
"အမပြောတာ မှန်ပါတယ်။ ကျမတို့အားလုံးမှာ ကိုယ့်ဒုက္ခနဲ့ကိုယ်။ ငွေလိုနေကြတယ်။ ဒါပေမဲ့... ဘာကြောင့်အိမ်ကို ချက်ချင်းရောင်းမှာလဲ။ ကျမတို့ မှာ ရှိသင့်သလောက်ရှိသေးတာပဲ။ ဟန်ဝူးကျောင်းစရိတ် ကိုလည်း အမတတ်နိုင်နေတာပဲ။''
ဟန်ဆန်းအမေက ပြန်ပြောတယ်။
"ငွေပေးနိုင်ရင်ပေး...။ မပေးနိုင်ရင် အိမ်ရောင်း...။ ဒါပဲ...။''
စူးရှရှအသံနဲ့ အမျိုးသမီးက အေးစက်စက်နဲ့ ပြောလိုက်တယ်။
အိမ်အပြင်က...
နားထောင်နေတဲ့ဟန်ဆန်းဟာ ဒေါသထွက်လာပြီး တံခါး ကိုတွန်းဖွင့်လိုက်ပါတယ်။
ထိုအခါ...
သူ့ညီမဟန်ရင်ကိုချီရင်း...
မျက်ရည်တွေစီးကျနေတဲ့ သူ့အမေကို မြင်လိုက်ရပါတယ်။
သူ့အမေလက်ထဲက...
ငါးနှစ်သမီးလေးဟန်ရင်ဟာ ကြောက်ပြီး မျက်လုံးကလေးပြူးနေရှာပါတယ်။
ယောက်ကျား၂ယောက်နဲ့ မိန်းမ၂ယောက်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက် ပြုံးလျက်။
"ဘာသဘောနဲ့... ဒီကိုလာပြီး အမွေတောင်းနေတာလဲ...။''
ဟန်ဆန်းက...
ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမဝတုတ်ကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါသတကြီးအပြစ်တင်လိုက်ပါတယ်။
"အန်တီ..., ကုမ္ပဏီမှာ စားရင်းကိုင်လုပ်တုန်းက စာရင်းကွာပြီး ငွေ၁၀သန်းအကြွေး တင်တော့ အဖေ,မကူညီခဲ့ဘူးလား...။''
"ဟန်ဆန်း..., အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့...။ ဘယ်သူအကြွေးတင်လို့လဲ...။ လိမ်နေတာရပ်စမ်း...။''
မိန်းမလိုမိန်မရအသံနဲ့
အရိုးပြိုင်းပြိုင်းလူကြီးက ဟန်ဆန်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဝင်ပြောလိုက်ပါတယ်။
"ဒီမှာဦးလေး...., ရင်းနှီးမြှုပ်နှံဖို့ ဆိုပြီး ကုမ္ပဏီက အများပိုင်ငွေတွေကို သန်းနဲ့ချီပြီး ဦးလေးအလွဲသုံးစားလုပ်ခဲ့တယ်...။''
ဟန်ဆန်းက...
အရိုးပြိုင်းပြိုင်းနဲ့လူကို လက်ညိုးငေါက်ငေါက်ထိုးပြီး ဆက်ပြောလိုက်ပါတယ်။
"အဲ့ဒီတုန်းက.. ကျနော်တို့အိမ် လာပြီး အကူအညီပေးဖို့ အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့တာ..., ဦးလေးမဟုတ်လား...။''
လူပိန်ပိန်ကို ပြောပြီးနောက်...
ဟန်ဆန်းက လူဝတုတ်ကြီးဘက်ကို လှည့်ပြောလိုက်ပါတယ်။
"ပြီးတော့..., လောင်းကစားဝိုင်းမှာရှုံးလို့ ကိုယ့်ကိုယ်ကို သတ်သေဖိုလုပ်တုန်းက ဦးလေး ကို ဘယ်သူကူညီခဲ့လဲ...။ သေလုမျောပါးအရိုက်ခံရတုန်းကကော ဦးလေးကို ဘယ်သူကယ်ခဲ့လဲ...။''
ဟန်ဆန်းဟာ...
ခဏနားပြီး ဆက်ပြောလိုက်ပါတယ်။
"ကြယ်စင်အုပ်စုက ကျနော်တို့ မိသားစုပိုင်လုပ်ငန်းကို လိုချင် ခဲ့တယ်။ ကျနော့်အဖေကသာ မိသားစုကို ကိုယ်စားမပြုခဲ့ရင်...၊ ကြယ်စင်အုပ်စုကို မရှုံးနိမ့်ခဲ့ရင် ဒီလိုလုပ်ကြံခံရပြီး သေဆုံးခဲ့ရမှာ မဟုတ်ဘူး...။''
ဟန်ဆန်းက...
လူလေးယောက်ကို စိုက်ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ်ရင်း ဆက်ပြောလိုက်ပါတယ်။
"ပြီးတော့..., ဦးလေးတို့အားလုံး..., အဖေ့အသုဘကို မတက်ခဲ့ကြဘူး...။ အသုဘပြီးတော့... ကုမ္ပဏီကို ကြယ်စင် အုပ်စုကို ရောင်းစားလိုက်ကြတယ်...။ ကုမ္ပဏီရောင်းရငွေ ထဲက ဘယ်နှပြား,ကျနော်တို့ ကို ပေးခဲ့လဲ။ ဦးလေးတို့မင်္ဂလာဆောင်တုန်းက အိမ်တွေ လက်ဖွဲ့ခဲ့တာ ဘယ်သူလဲ။ ဒီအိမ်ထက် အဲဒီအိမ်တွေက စျေးပေါလို့လား။ အဖိုးနဲ့ အဖွား အသက်ရှင်တုန်းကကော ဦးလေးတို့ဂရုစိုက်ခဲ့ကြလား...။ ဘယ်လိုစိတ်မျိုးနဲ့ ဒီအိမ်ကို အမွေလာတောင်းကြတာလဲ...။''
"ရပ်စမ်း...။ မင်းအဖေလုပ်ချင်တာ လုပ်ခဲ့တာလည်းထည့်ပြောဦး။ ကုမ္ပဏီက ငါတို့ အဖေ, မင်းအဖိုးပိုင်တာ။ ငါတို့ မှာ ရပိုင်ခွင့်ရှိတယ်။ ငါတို့ကိုယ်စား... သူ့မှာဆုံးဖြတ်ပိုင်ခွင့် မရှိဘူး.. ။ သေချာတာက ငါတို့ငွေ ငါတို့သုံးတာကွ...။''
ဦးလေးဟန်က...
အရှက်မရှိမျက်နှာပြောင်တိုက်ပြီး ပြောလိုက်ပါတယ်။
"ဒါတွေအားလုံးဟာ... မင်းအဖေရဲ့အပြစ်တေချည်းပဲ...။''
သူတို့အားလုံးက
သွားလေသူဟန်ဆန်းအဖေကိုဝိုင်းပြီး စွပ်စွဲကြပါတယ်။
ဟန်ဆန်းဟာ ဒေါသနဲ့တုန်ယင်နေပြီး သူ့အဖေအတွက် ခံစားနေရတယ်။ သူ့အဖေကုမ္ပဏီကို လွဲပြောင်းလက်ခံစဉ်က ကုမ္ပဏီဟာ တကယ့်သေးသေးလေးပါ။ အလွန်ဆုံးတန်မှ ၁သန်း,၂သန်းပါ။ သူ့အဖေဟာ ကုမ္ပဏီအောင်မြင်ဖို့ အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်။ မိသားစုကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။ သူတို့အမှားတွေကိုလည်း တာဝန်ခံခဲ့ရပါတယ်။ ငွေပေါ်လွယ်မှုပြသနာတွေကြောင့် ဒေဝါလီခံရလုဆဲဆဲ အချိန်မှာမှ ကုမ္ပဏီအတွက် အသက်ပေးခဲ့ရတယ်။ သူသေဆုံးပြီးနောက်မှာ သူ့မိန်းမနဲ့ သူ့ကလေးတွေကို သူကူညီခဲ့တဲ့ သူ့ဆွေမျိုးတွေက အနိုင်ကျင့်ခဲ့ကြပါတယ်။
သူ့အဖေအသက်ရှိစဉ်က...
သူအမြဲပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်။
"ငါတို့ဟာ မိသားစု...။ ငြင်းခုံ နေဖို့မလိုဘူး။ ''
အခုကြုံနေရတာ...
ကံကြမ္မာရဲ့ဘယ်လိုလှည့်ကွက်မျိုးပါလိမ့်။