- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍...

By rubino96

14.9K 1.6K 384

- ထိုစကြဝဠာတွင် စစ်ချီတေးများ စည်သံများ Cosmos ပန်းများနှင့် နီညိုရောင်မျက်ဝန်းတို့က နှလုံးအိမ်အားဖြည့်စွက်သည... More

01
02
04
05

03

2.6K 344 99
By rubino96

နီယာနာတွင်နိုးထရသည့် ပထမဆုံးမနက်ခင်း။

လီဆာမျက်လုံးတွေမဖွင့်ရသေးခင် ငှက်သံတကျီကျီကိုအရင်ကြားနေရသည်။ ထို့နောက် လေပြည်အေးအေးကမျက်နှာဆီတိုးဝေ့တော့ မျက်လုံးဖွင့်လိုက်၏။ နေခြည်ထိုးနေသော ရွှေရောင်အသုံးအဆောင်များကြောင့် အခန်းကတလက်လက်ဖြင့်။

"မနေ့ကကြုံရသမျှက အိပ်မက်မဟုတ်ဘူးပဲ"

စကြဝဠာရဲ့ ဘယ်ထောင့်မှာတည်ရှိနေမှန်းမသိရတဲ့ နေရာတစ်ခုမှာ လီဆာရောက်နေတာ။ အသိဝင်လာတော့ အခန်းကိုဝေ့ဝဲကြည့်လိုက်သည်။ ချန်းမရှိ။

မနေ့ညက ဂျိန်းနီယာနာကိုယ်တိုင်ပတ်ပေးထားတဲ့ဝတ်ရုံကြီးက ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ်ရှိနေတုန်းပဲ။ ရှုပ်ပွနေတဲ့ဆံပင်တွေကို ရှင်းလင်းရင်း စည်းစရာရှာပေမယ့်မတွေ့။ ထို့ကြောင့် ကုတ်ဝဲဆံပင်တွေကို ဒီအတိုင်းချထားရင်း ငုတ်တုပ်ဆက်ထိုင်နေလိုက်သည်။

ခေါင်းထဲမှာ ဘယ်သွားရမှန်းမသိသလို ဘယ်သူနဲ့တွေ့ရမယ်လဲမသိဘူး။ ဘာမှမလုပ်တာအကောင်းဆုံးမို့ လီဆာတစ်ယောက်ယောက်ရောက်လာမည့်အချိန်ကိုသာ စောင့်ရမည်။

" နိုးနေပြီလား "

ချီဆူးက လီဆာ့ကိုမကြည့်ဘဲ အခန်းပြတင်းတွေအကုန်လိုက်ဖွင့်ရင်း ပြောသည်။ လီဆာခေါင်းငြိမ့်ပြရင်း ထိုင်ရာမှထရပ်တော့ ချီဆူးကလက်ကာပြလာသည်။

" နင်ကဒီကမ္ဘာကမှမဟုတ်တာ ငါ့ကိုတော့အရိုအသေပေးဖို့မလိုပါဘူး အရှင့်ကိုပဲပေး "

" ကျွန်မ ဒီမှာဘာလုပ်ရမလဲ ချီဆူး "

" နင့်ကိုချန်းရဲ့အမျိုးနွယ်လို့ပဲ လူတွေသိထားကြလိမ့်မယ် ဒီနန်းတော်ထဲမှာနေလို့ရတာ နီယန်းမျိုးနွယ်စုပဲရှိတယ် နန်းပြင်ကလူတွေက ငါတို့မျိုးနွယ်စုကို ကိုးကွယ်ကြတယ် ငါတို့ကသူတို့ကိုပြန်ပြီး စောင့်ရှောက်ပေးရတယ် .. ဒါဘိုးဘေးတွေလက်ထက်ကတည်းကဆိုပေမယ့် အခုတော့အရှင့်နာမအောက်မှာ အရေးအကုန်ငြိမ်နေတယ် ..  နင်ဒီလောက်တော့ သိထားလို့ရတယ် ..  ဒီနန်းတော်ထဲမှာရှိတဲ့သူတွေရော အပြင်ကလူတွေရော နင့်ကိုနီယန်းမျိုးနွယ်ထဲကမဟုတ်မှန်း သိသွားရင် နင်သေမှာ "

" ကျွန်မ ပြန်ဖို့ကရော "

" အရှင်စီမံပေးလိမ့်မယ် နင်ဘာကိုမှမယုံရင်တောင် အရှင့်ကိုယုံရမယ် "

" ကျွန်မ ယုံပါတယ် "

ဂျိန်းနီယာနာကို လီဆာယုံတယ်။ လီဆာ လူကဲခတ်မညံ့ဘူးလေ။ ဂျိန်းနီယာနာက ပြန်ပို့ပေးမယ်ပြောထားရင် .. လီဆာကိုယ်တိုင်လည်းအမှားမလုပ်ရင် .. တစ်နေ့သေချာပေါက်ပြန်နိုင်မှာပဲ။

" လောလောဆယ် နင့်ဟိုဘက်ကမ္ဘာကပါလာသမျှထုပ်ပိုးပြီး ငါ့နောက်လိုက်ခဲ့ နင် အရှင်နဲ့တွေ့ရမယ် "

လီဆာခေါင်းငြိမ့်ပြရင်း ကျောပိုးအိတ်ကို ဝတ်ရုံကြီးထဲဖွက်သိမ်းကာ ချီဆူးနောက်လိုက်လာရသည်။ လမ်းတစ်လျှောက် လီဆာတွေ့သမျှလူတိုင်းက မီးခိုရောင်၊ အမဲရောင်နဲ့ အဖြူရောင်ဝတ်ရုံတွေ ခြုံကြတယ်။ နောက်ပြီး ကြေးနီရောင်ခါးစည်းကြိုးတွေနဲ့။

ခါးစည်းကြိုးတွေကိုကြည့်ပြီး ရာထူးနဲ့မျိုးရိုးခွဲတာထင်ပါတယ်။ လီဆာ ခါးမှာစည်းထားတဲ့ငွေရောင်ခါးစည်းကြိုးကြောင့် နည်းနည်းစိတ်သက်သာရာရတယ်။

မြင်းဇောင်းတန်းနဲ့ ပန်းပဲဖိုကိုဖြတ်တော့ အသံအနည်းငယ်ဆူတယ်။ မြင်းတွေလေ့ကျင့်နေတဲ့ကွင်းမှာလည်း လူစုစုကိုတွေ့ရတယ်။ နီယာနာက လှပါတယ်။ အားလုံးစနစ်တကျလည်ပတ်ပြီး ဒီအရပ်ကလူတွေဟာ ပျော်နေတယ်ထင်ရတယ်။

" ချီဆူး ဟိုတံခါးပိတ်ထားတဲ့အဆောင်ထဲက အသံတွေကြားရတယ် "

တံခါးပိတ်ထားတဲ့ အဆောင်ခပ်လတ်လတ်ကိုလက်ညှိုးထိုးပြရင်းမေးတော့ ချီဆူးက သစ်ပင်အရိပ်မှာရပ်သည်။ ထို့နောက် လီဆာညွှန်ပြသောအဆောင်ကိုလှမ်းကြည့်ရင်း ..

" အဲ့တာတရားရေးဆောင် .. တံခါးပိတ်ထားတယ်ဆိုရင် အထဲမှာတရားစီရင်နေလို့ .. ကျန်တဲ့အချိန်ဆို အဲ့ဒီ့တံခါးကအမြဲဖွင့်ထားရတယ် .. "

" တရားစီရင်တာ ဂျိန်းနီယာနာစီရင်တာမဟုတ်ဘူးလား "

ချီဆူးက လီဆာ့ကိုအလိုမကျသလိုကြည့်သည်။

" အရှင့်ကိုနာမည်တပ်မခေါ်နဲ့ လီဆာ .. အဲ့ဒါသေဒဏ်ကျနိုင်တဲ့အပြစ်ပဲ "

" ဟုတ်ကဲ့ ကျွန်မ ဆင်ခြင်ပါ့မယ် "

အကျိုးအပြစ်တွေသင်ယူနေဆဲကာလမို့ ချီဆူးက လီဆာ့ကိုသိပ်တော့မဆူ။

" အဲ့ဒီ့အဆောင်က ပြည်ထဲကအသေးအဖွဲအရေးတွေစီရင်ပေးတာ .. ပစ္စည်းခိုးတာတို့ ပိုင်ဆိုင်မှုခွဲတာတို့ အဲ့လိုတွေ .. အရှင်ကိုယ်တိုင်စီရင်တဲ့ အမှုကြီးတွေက သပ်သပ်ရှိတယ် နောက်ပြီးအဲ့တာက နန်းရင်ပြင်မှာစီရင်တယ် "

ချီဆူးကိုသိလိုသမျှမေးရင်း ရုတ်တရက်တိတ်ဆိတ်သော ပတ်ဝန်းကျင်ဘက်ရောက်လာသည်။ ဂျိန်းနီယာနာ၏စံနန်းဆောင်တစ်ဝိုက်သည် မည်သည့်အသံမှမကြားရသည်အထိ တိတ်ဆိတ်သည်ဟု ချန်းကပြောထားသည်။ လီဆာတို့ ရောက်တော့မည်ထင့်။

ခေတ္တမျှလမ်းဆက်လျှောက်ပြီးနောက် နန်းတော်အတွင်းအကြီးဆုံးဟုထင်ရသော နန်းဆောင်ကြီးဆီရောက်လာသည်။ ထိုနန်းဆောင်အဝင်ဝအနားတွင် ဘောင်ခတ်ထားသော ပန်းပင်တစ်ပင်ရှိသည်။ ဒီကိုရောက်ကတည်းက ပထမဆုံးတွေ့ရတဲ့ ပန်းပဲ။ ပန်းနာမည်ကိုသိပေမယ့် ရုတ်တရက် လီဆာမမှတ်မိ။

" ဒီပန်းက အရှင်မွေးတဲ့နေ့က ဒီနေရာမှာအလိုအလျောက်ပေါက်လာတာ "

ဂျိန်းနီယာနာက အံ့သြစရာတွေပြည့်နေတဲ့မိန်းမပဲ။ သူ့ကံကြမ္မာကို လီဆာ တဖြည်းဖြည်းစိတ်ဝင်စားလာတယ်။

နန်းဆောင်ထဲဝင်လိုက်တော့ အရင်ဆုံးခံစားရတာ ဆိတ်ငြိမ်မှု။ နောက်ပြီး နင်းဖို့တောင်မဝံ့ရဲဖြစ်ရတဲ့ အနီရောင်ကြမ်းပြင်။ အနီရောင်ပုဝါတွေ အနီရောင်အခင်းတွေ အနီရောင်ပုလ္လင် .. ဂျိန်းနီယာနာက ဂျိန်းနီယာနာပါပဲ။ သိပ်ခမ်းနားလွန်းတယ်။ ဒီကမ္ဘာမှာ အနီရောင်ကို ဂျိန်းနီယာနာတစ်ယောက်ထဲအသုံးပြုခွင့်ရှိတယ်လို့ ချန်းပြောတုန်းက စနောက်တယ်ထင်မိသေးတာ။

ငေးမောရင်းလီဆာသတိဝင်တော့ ရှေ့မှာရပ်နေတဲ့ချီဆူးပုခုံးကို ဝင်တိုက်မိနေပြီ။ လီဆာနဖူးကိုပွတ်ရင်း ချီဆူးကိုကြည့်တော့ ချီဆူးအရှေ့မှာရပ်နေတဲ့ အနီရောင်ဝတ်ရုံပိုင်ရှင်ကိုမြင်ရတယ်။ ကြောက်ကြောက်လန့်လန့် မျက်လွှာချရင်း ခေါင်းကိုခပ်မြန်မြန်ငုံ့လိုက်တယ်။ ချီဆူးကတော့ ဂျိန်းနီယာနာခွင့်ပြုချက်မလိုဘဲ ဂျိန်းနီယာနာကိုမော့ကြည့်ခွင့်ရတယ်။ လီဆာကတော့ ငုံ့ထားရဆဲပဲ။

" လူစိမ်းပစ္စည်းတွေပါ အရှင် "

လီဆာ့ကျောပိုးအိတ်ဟာ ဂျိန်းနီယာနာလက်ထဲရောက်သွားတယ်။

" ခေါင်းမော့လို့ရပြီ .. မင်း "

ခပ်လေးလေးလေယူလေသိမ်းအဆုံး လီဆာမော်ဖူးခွင့်ရတယ်။ ဂျိန်းနီယာနာရဲ့နဖူးပေါ်မှာ တလက်လက်ထနေတဲ့ အဆင်တန်ဆာသေးသေးဟာ ဂျိန်းနီယာနာမျက်ဝန်းတွေလောက်တော့ မစူးရှ။ ဖြောင့်စင်းနေတာမဟုတ်ဘဲ ခပ်ခွေခွေ ဆံစတွေကရော မွေးရာပါဖြစ်မလားပဲ။

ဘာအရိပ်အယောင်မှမရှိတဲ့ တည်တင်းတင်းမျက်နှာထားကလည်း ထူးပါတယ်။ ဒေါသရိပ်မရှိတဲ့မျက်ဝန်းတွေမှန်းသိတာတောင် ဘာကြောင့်မှန်းမသိ ကြောက်ရတယ်။ ဒါဟာ ချန်းပြောပြတဲ့ ဂျိန်းနီယာနာရဲ့ အုပ်စိုးသူဇာတာဖြစ်မယ်။

နောက်တော့ဂျိန်းနီယာနာက ပုလ္လင်ပေါ်မှာထိုင်တယ်။ ပုလ္လင်ပေါ်ကဂျိန်းနီယာနာက လီဆာ့မျက်လုံးထဲ ခမ်းခမ်းနားနားကြီးမို့ နှုတ်ခမ်းတွေတောင် မစေ့လိုက်နိုင်။ ဒါမျိုးမြင်ကွင်းတွေကို လီဆာက စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။

" လီဆာ "

တစ်ခုခုကိုအလေးအနက်ပြောတော့မယ်ထင်ထားပေမယ့် ဂျိန်းနီယာနာပါးစပ်က အရင်ဆုံးထွက်လာတာ လီဆာ့နာမည်မို့ ကျောပြင်တွေမတ်ထားလျက်သား။ ဦးနှောက်ရဲ့ဆဲလ်တစ်ချို့မှာ အပျော်တွေစိမ့်ထွက်လာတယ်။ ဂျိန်းနီယာနာက လီဆာ့နာမည်ကို မှတ်မိနေခဲ့လို့။

" မင်းနန်းဆောင်အပြင်ထွက်တဲ့အခါ ချီဆူးမဟုတ်ရင် ချန်းပါရမယ် .. နောက်ပြီး ငါ့ခွင့်ပြုချက်မရှိဘဲ မြို့တော်ထဲမသွားရဘူး .. နန်းပြင်လည်းမထွက်ရဘူး .. "

" ဟုတ်ကဲ့ပါအရှင် .. "

ပြန်ဖြေလိုက်ပေမယ့် ပါးစပ်ထဲစကားလုံးတစ်ချို့ ကျန်ရစ်ခဲ့တယ်။ လီဆာ ချန်းနန်းဆောင်ထဲမှာပဲ အကျယ်ချုပ်လိုနေရရင် ပျင်းရိလို့သေမှာ။ ဒါပေမယ့် မပြောရဲ။ မျက်လွှာချရင်း လီဆာငြိမ်နေလိုက်တော့ ခဏပြန်တိတ်ဆိတ်သွားတယ်။

" အရှင် လျှောက်စရာ ..

ရုတ်ချည်းဝင်လာသည့်မိန်းကလေးက ဂျိန်းနီယာနာ၏အစေခံဖြစ်မည်။ သို့ပေမယ့် ဂျိန်းနီယာနာကလက်ကာပြသည်မို့ ဆက်မပြောဘဲတန့်သွား၏။

ထို့နောက် ဂျိန်းနီယာနာက ညာဘက်လက်ဖြင့်ခါးထောက်ကာ လီဆာ့အားမေးငေါ့ပြသည်။ လီဆာ့စိတ်တွေ ပြာယာခတ်သွားပါသည်။ ချီဆူးကိုကြည့်တော့ ချီဆူးလဲ နားလည်ပုံမပေါ်။

" ပြောလေ မင်းခုနက တစ်ခုခုပြောမလို့မဟုတ်လား "

" အရှင် မသိတာဘာမှမရှိဘူး "

ရုတ်တရက် ချန်းရဲ့စကားကို သတိရလာသည်။ ဂျိန်းနီယာနာက လီဆာ့စိတ်ကိုမြင်နေရတာတော့ မဟုတ်ဘူးမလား။ ဘယ်လိုဇာတာနဲ့ဖြစ်ဖြစ် သူလည်း သေချာပေါက်လူပါ။

" ဟို ချန်းရဲ့နန်းဆောင်မှာ ဒီအတိုင်းမထားဘဲ တစ်ခုခုအမှုထမ်းခိုင်းလို့မရဘူးလား .. လို့ .. လျှောက် .. လျှောက်မလို့ပါ .. ဘာမှမလုပ်ဘဲ ဒီအတိုင်းနေရင် လူတွေပိုသတိထားမိမှာလည်းစိုးပြီး .. ကျွန်မ ပျင်း .. ပျင်းလို့ "

လှည့်ကြည့်ပြီး မျက်လုံးပြူးပြလာတဲ့ချီဆူးကြောင့် နောက်ဆုံးစကားလုံးတွေက ခပ်တိုးတိုးရယ်။ ပြောဆိုလို့သာပြောရတာ။ ဂျိန်းနီယာနာစိုက်ကြည့်နေမှန်းသိနေတော့ လီဆာဘယ်လိုနေရမယ်မသိ။

" မြင်းစီးတတ်လား "

လီဆာ ခေါင်းရမ်းပြလိုက်သည်။

" တိုက်ခိုက်တတ်လား "

ထပ်မံခေါင်းရမ်းရသည်။

" အစားအသောက် ချက်ပြုတ်တတ်လား "

ခေါင်းရမ်းရပြန်သည်။

" လက်နက်ရော လုပ်တတ်လား "

ခေါင်းရမ်းရလွန်းလို့ ရှက်ပင်ရှက်လာသည်။ ဘေးကချီဆူးကပါပြုံးစိစိမို့ လီဆာခေါင်းမဖော်ဝံ့တော့။

" ဟုတ်ပြီ မင်းလုပ်တတ်တာတစ်ခုခုကိုစဥ်းစား .. ရပြီဆို ငါ့ကိုလျှောက်တင်လှည့် "

ထိုသို့ပြောရင်း ဂျိန်းနီယာနာက ညာဘက်လက်ကိုမြှောက်ပြတော့ အရိုအသေပေးရင်း စံနန်းဆောင်မှ ထွက်လာရသည်။ စံနန်းဆောင်ကို ကျောအပေးမှာ တိုးဖွဖွထွက်လာတဲ့ ရယ်သံပိုင်ရှင်ဟာ ဂျိန်းနီယာနာလားတော့ လီဆာမသေချာခဲ့။

✯✯✯

ဂျိန်းနီယာနာဆီကပြန်လာပြီး လီဆာ ချန်းနှင့်အတူ နေ့လည်စာစားရသည်။ တစ်မနက်လုံးပျောက်နေသောချန်းကို မေးကြည့်တော့ ဆုတောင်းပွဲအတွက်ပြင်ဆင်နေသည်ဟုဆို၏။ ဘာ့ကြောင့်ဆုတောင်းလဲတော့ လီဆာမသိ။ ထို့နောက် ချန်းနဲ့စကားစမြည်ပြောဖြစ်တာ ညနေစောင်းတဲ့အထိပဲ။

ခွပ် ခွပ် *

ဟာ့*

မြင်းခွာသံတွေနဲ့ မြင်းဟန့်သံကြောင့် လီဆာ အပြင်ကိုလှမ်းကြည့်လိုက်သည်။ ချန်းရဲ့နန်းဆောင်ပြတင်းက နန်းပြင်ထွက်သည့်ဂိတ်ကို ကောင်းစွာမြင်ရသည်မို့ အပျင်းအနည်းငယ်တော့ပြေရပါသည်။

မြင်းခွာသံနီးကပ်လာပြီး နန်းဆောင်ရှေ့ကဖြတ်သည်။ လီဆာမြင်လိုက်တာ မာတီယိုရဲ့မြင်း၊ မာတီယို .. နောက်ပြီး မာတီယိုရဲ့ရင်ခွင်ထဲက ဂျိန်းနီယာနာ။ ဘာ့ကြောင့်များ ထိုမြင်းက လီဆာ့ကိုပါတက်နင်းသွားသလို ခံစားရမှန်းမသိပါ။ ကြင်ယာတော်၏ရင်ခွင်တွင် ဂျိန်းနီယာနာက နေသားတကျလို။

" အရှင်တို့ မြင်းနဲ့နန်းပြင်ထွက်သွားတာလား "

အနောက်တွင်ရပ်နေသည့်ချန်းက လီဆာ့လိုပဲလှမ်းမြင်လိုက်ပုံပေါ်သည်။

" အင်း အမြဲထွက်တာလား "

"တစ်ခါတစ်လေပါ အရှင်စိတ်ပျော်တဲ့အချိန်"

" ချန်း အရှင်က .. "

ကြင်ယာတော်ကိုချစ်သလားလို့မေးဖို့ပေမယ့် မာတီယို့ရင်ခွင်ထဲက အပြုံးတစ်စွန်းတစ်စကြောင့် မမေးရဲတော့ဘူး။

" ဘာပြောမလို့လဲ "

" လှတယ်နော် "

လီဆာထိုသို့ပြောတော့ ချန်းကခပ်ပြုံးပြုံးနှင့် ခေါင်းငြိမ့်ပြသည်။

" ကြင်ယာတော်နဲ့က ဘယ်ကဘယ်လို လက်ဆက်ဖြစ်သွားတာလဲ "

" အရှင်ကိုယ်တိုင် ရွေးချယ်ထားတာလေ "

" သြော် "

ကြင်ယာတော်ကိုမပေါင်းသင်းချင်တာနဲ့ မိုဂန်အရေးကိုအကြောင်းပြတယ်လို့ တွေးမိတဲ့ လီဆာ့ရဲ့အတွေးတွေကို ချန်းရဲ့စကားတွေကပြက်ရယ်ပြုလို့။ ဂျိန်းနီယာနာက ပျော်နေတယ်ထင်တယ်။ ဂျိန်းနီယာနာက မာတီယိုနဲ့အတူရှိရတာ ပျော်နေတယ်ထင်ပါတယ်။

ပြတင်းမှာ လီဆာအကြာကြီးရပ်နေခဲ့ရတယ်။ နေဝင်သွားတယ်။ ချန်းနဲ့ညစာအတူစားတယ်။ အစေခံတစ်ယောက်က မီးတုတ်တွေယူလာပြီး ထွန်းပေးပြီးတဲ့နောက် လီဆာအဲ့ဒီ့နေရာမှာပြန်ရပ်တယ်။

ကိုယ့်ကိုယ်ကိုယ် ဘာတွေဖြစ်နေသလဲ မသိတာမဟုတ်။ ဂျိန်းနီယာနာကြောင့် ဝမ်းနည်းနေတာသိတယ်။ စရောက်တဲ့နေ့က အတူတွဲမြင်ရတာဘာမှမဖြစ်ခဲ့ဘဲ အခုတော့ ကောက်ကာငင်ကာ ဝမ်းနည်းနေတယ်။ ဂျိန်းနီယာနာနဲ့ စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောရသေးပါဘဲ။

မနေ့ညကထိ ပေါက်ကရတွေစဥ်းစားခဲ့သေးတာ။ မိဘတွေမရှိဘဲ အရာအားလုံးကိုတာဝန်ယူရတာ ဂျိန်းနီယာနာ မပင်ပန်းခဲ့ဘူးလားလို့။ ပျော်စရာတွေမှ ဘဝထဲရှိခဲ့ရဲ့လားလို့။ ဝမ်းနည်းရင် ဘယ်သူ့ရှေ့ မျက်ရည်ကျခဲ့သလဲ။ မာတီယိုနဲ့လက်ဆက်စဥ်က မိန်းမပျိုတစ်ယောက်လို ရှက်သွေးဖြာခဲ့ရဲ့လား။ နောက်ပြီး ဂျိန်းနီယာနာက ချစ်ရောချစ်တတ်ရဲ့လား။ ရှက်စရာကောင်းတဲ့အထိ ဂျိန်းနီယာနာအတွက် တွေးပေးခဲ့မိတာ။

အခုတော့ လီဆာ့မေးခွန်းတွေကို မာတီယို့ရင်ခွင်ထဲသက်တောင့်သက်သာပြုံးနေတဲ့ မျက်နှာထားက အဖြေပေးလိုက်တယ်။ ဂျိန်းနီယာနာနဲ့အတူ ရွှေရောင်ခါးစည်း စည်းထားခွင့်ရတဲ့ မာတီယိုဟာ ဘုရားသခင်ရဲ့အချစ်တော်ဖြစ်ခဲ့တာထင်တယ်။

လီဆာ အိပ်ယာထဲလှဲပြီး အတန်ကြာမှ မြင်းခွာသံကြားလိုက်ရတော့ ဝရုန်းသုန်းကားထရင်း ကြည့်လိုက်တယ်။ ဂျိန်းနီယာနာ ပြန်ရောက်လာပြီ။

မာတီယိုက ဂျိန်းနီယာနာရဲ့ခါးကိုပွေ့ပြီး မြင်းပေါ်ကဆင်းစေတယ်။ အစေခံတွေ ဟိုတစ်စုဒီတစ်စုကြည့်နေတဲ့ကြားက မာတီယိုက ဂျိန်းနီယာနာရဲ့ညာဘက်လက်ဖမိုးကို နမ်းတယ်။ လီဆာ ဝတ်ရုံစကို ဆုပ်ပစ်မိတာပဲ။

ဂုဏ်ယူနေတဲ့မျက်နှာနဲ့ မာတီယို ပတ်ဝန်းကျင်ကိုဝေ့ကြည့်လာတဲ့အခါ ခံရခက်ပြီး လီဆာအလိုမကျတော့ဘူး။ ဘာကိုအလိုမကျရလဲဆိုတော့ ဂျိန်းနီယာနာမလိုအပ်ပါဘဲ လီဆာ့ရင်ထဲ ဂျိန်းနီယာနာအတွက် ပန်းတွေပွင့်လာတာကိုလေ။ နှစ်ဦးနှစ်ဖက်မှအလိုမရှိရင် အကြီးဆုံးလက်နက်လို့ပြောကြတဲ့မေတ္တာတွေလည်း သိမ်ငယ်စရာဖြစ်လာတာပဲ။

မာတီယိုမြင်းပေါ်တက်ပြီး ပြန်ထွက်သွားတဲ့အခါ လီဆာ ချန်းရဲ့နန်းဆောင်ပေါ်က ပြေးဆင်းခဲ့သည်။

" အရှင် "

ဂျိန်းနီယာနာလှည့်ကြည့်လာတော့ လီဆာအရင်ဆုံး အရိုအသေပေးလိုက်၏။

" ကျွန်မ သိပါပြီ "

" ဘာကိုလဲ လီဆာ "

" ကျွန်မလုပ်တတ်တာ ဘာလဲဆိုတာ "

ဂျိန်းနီယာနာနှုတ်ခမ်းများ ပြုံးယောင်သမ်းသွားသည်။

" ပြောပါဦး မင်းဘာလုပ်တတ်သလဲ "

လီဆာ ဂျိန်းနီယာနာနှင့် မျက်လုံးချင်းဆုံအောင်ကြည့်သည်။ ယုံကြည်ချက်တွေလည်း ဘယ်ကရလာမှန်းမသိခဲ့။ ပြုံးယောင်မသမ်းတော့ပေမယ့် ဂျိန်းနီယာနာက လီဆာ့မျက်ဝန်းတွေကို ပြန်ငေးမောလာခဲ့ပါသည်။ ဤအနေအထားကို စိတ်တိုင်းတကျပဲ လီဆာပြန်ဖြေလိုက်သည်။

" အရှင့်နန်းဆောင်ရှေ့က တစ်ပွင့်ထဲဖြစ်နေတဲ့ပန်းကို ပန်းခင်းတစ်ခုဖြစ်လာတဲ့ထိ ပျိုးပေးပါမယ် "

ဂျိန်းနီယာနာက ပြုံးသည်။ ထိုအပြုံးက မာတီယို့ရင်ခွင်ထဲကထက် ပိုတောက်ပနေခဲ့သလိုပါပဲ။

✯✯✯

Hi xD. Enjoy Guys.

Continue Reading

You'll Also Like

394K 23.9K 83
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
999K 61.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
442K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...