"အနူးက ဘာလို့ပြန်လာတာလဲ အားလော့ဒ်ဆီသွားမှာဆို..."
ဟင်းဘူးတွေဆွဲ၍ အိမ်ထဲသို့ပြန်ဝင်လာပါသော မိခင်ဖြစ်သူအား ထူးဆန်းစွာကြည့်၍ ဂျူလီယာပြောမိသည်။မနက်ကတည်းက စျေးသွားချက်ပြုတ်ပြင်ဆင်နေလိုက်တာ သားအကြိုက် မြေးအကြိုက်တွေချည်း။ဟိုတုန်းကတည်းက ဆိုင်းလော့ဒ်ဆီကို နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ စားသောက်ဖို့ရာ ကြော်လှော်ပို့ပေးနေကြမို့ ဒါကဘာမှထူးဆန်းတဲ့ကိစ္စတော့မဟုတ်။အခုလည်း ဟင်းချက်ပို့ပေးဖို့ ပြင်ဆင်ထွက်သွားပြီးမှ ခြင်းကြီးဆွဲ၍ ပြန်ရောက်လာတာမို့ သူမမေးမိတာဖြစ်သည်။
အနူးက ခြင်းကြီးအား ကောင်တာစားပွဲပေါ်သို့ အသာချပြီးမှ သက်ပြင်းချ၍...
"မြင့်နိုင်ကိုပဲ ခေါ်ပြီးပို့ခိုင်းလိုက်တော့..."
ကိုမြင့်နိုင်ဆိုတာက ရပ်ကွက်ထဲက ခင်မင်ရင်းနှီးနေတဲ့ ဆိုက်ကားဆရာကြီးဖြစ်သည်။စျေးသွားတာ ဟိုနားဒီနား နီးနီးနားနားဆို သွားလာဖို့ရာ ကိုမြင့်နိုင်က အနူးလက်စွဲ။
"ဘာလို့လဲ! အနူးပဲ အနူးမြေးကို တွေ့ချင်နေတာမဟုတ်လား..."
ဟိုရက်တွေကတည်းက နိုရာများ စားတာသောက်တာ အဆင်ပြေရဲ့လား၊ကလေးက နေရထိုင်ရအဆင်ပြေပါ့မလား စသည့်ဖြင့် တဖွဖွပြောနေခဲ့တာ။နိုရာ တစ်လသမီးအရွယ်လေးဖြင့် သူ့အမေကဆုံးသွားတာမို့ ထိုအရွယ်ကတည်းက ဒီကလေးက သူမတို့ သားအမိလက်ပေါ်မှာသာ။ဝမ်းနဲ့လွယ်မမွေးရတာတစ်ခုပဲရှိခဲ့သည်။ရင်ခွင်ပိုက်ရင်း ကျွေးမွေးပြုစုခဲ့ရတာကတော့ မိဘနှင့်မခြားပေ။ထိုအချိန်တုန်းက အိမ်၏စီးပွားရေးကလည်း ကျပ်တည်းနေချိန်ဖြစ်သည်။ထို့ကြောင့် ဖားကန့်ကို ဆိုင်းလော့ဒ်ထွက်သွားတော့ ဒီကလေးအတွက် အဖေသည်လည်းကိုယ် အမေသည်လည်းကိုယ်ပဲ ဖြစ်ခဲ့ရ၏။ထို့ကြောင့် ဒီကလေးလေးအပေါ်ရှိ သံဃောဇဥ်အတိမ်အနက်ဟာ တိုင်းတာကြည့်နေစရာတောင်မလိုပေ။
"မတွေ့ချင်ပါဘူး...."
အနူးက ခပ်တိုးတိုးငြင်းဆန်သည်။
"မနေ့ကပဲ ကလေးနေကောင်းရဲ့လား စားသောက်တာအဆင်ပြေရဲ့လားဆိုပြီး အနူးစိတ်ပူနေတာ မဟုတ်ဘူးလား..."
သူမပြောတော့ အနူးကမျက်နှာအား ဟိုလွှဲဒီလွှဲပြုရင်းဖြင့်
"သူ့အဖေရှိနေတာပဲ ဘာပူစရာရှိလို့လဲ...."
အနူး၏စကားကြောင့် သူမသက်ပြင်းအား အသာရှိုက်ပြီးမှ...
"သူအဖေနဲ့ရှိနေလည်း အနူးမြေးကိုလွမ်းနေတယ်မဟုတ်လား..."
"...."
သူမပြောတော့ အနူးက ပြန်လည်ငြင်းဆန်ခြင်းမပြုပဲ တိတ်ဆိတ်၍နေလေသည်။
"ကိုယ့်သားစီကိုယ်သွားတာ ဘာဖြစ်လဲအနူးရယ်၊အရင်ကလည်း သွားနေကြပဲကို၊အားလော့ဒ်ကလည်း အနူးကိုစိတ်ဆိုးနေတာမျိုးမဟုတ်ပါဘူး၊သူ့ဖာသာစိတ်မကောင်းဖြစ်နေတာမျိုးပါ..."
သူမထပ်ပြောတော့ အနူးကသက်ပြင်းရှိုက်ပြီးမှ....
"ဒီတစ်ခေါက်ကမတူဘူးလေ နင့်မောင်က ဟိုကလေးအတွက်ကြောင့်နဲ့ ငါတို့ကိုဖြတ်တောက်ချင်နေတာမဟုတ်လား..."
"....."
"အားလော့ဒ်ရဲ့ ခေါင်းမာတဲ့အကျင့်ကြောင့်သာ ငါလက်လျှော့လိုက်ရပေမဲ့ ကိုယ့်သားက ယောက်ျားတစ်ယောက်နဲ့ တစ်အိုးတစ်အိမ်ထူထောင်ပြီး ခွဲထွက်သွားတယ်ဆိုတဲ့အဖြစ်ကို ဘယ်အမေကလက်ခံနိုင်မှာလဲ"
အနူးကပြောရင်းဖြင့် ဝေ့ဝဲလာသော မျက်ရည်စတို့အားပြန်ထိန်းသိမ်းလို့နေသည်။ဆိုင်းလော့ဒ်တို့ ပြောင်းသွားပြီးကတည်းက အနူးတစ်ယောက် အစားပျက်အအိပ်ပျက်ဖြင့် ခံစားနေခဲ့ရတာ သိသာလှသည်။နဂိုပြည့်ဖောင်းနေသော မျက်နှာတောင် အတန်ငယ်ချောင်ကျလို့သွား၏။ဂျူလီယာ မိခင်ဖြစ်သူ၏ လက်တစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင် ဖြစ်ညှစ်ရင်း နှစ်သိမ့်သလိုပြုမိသည်။
"ငါ့သားပဲလေ၊ဘယ်လိုပဲသဘောမကျပါစေ မစွန့်ပစ်လိုက်နိုင်ဘူး၊ဒါပေမဲ့...ဒါပေမဲ့ အဲ့ကလေးနဲ့ အတူတူတွဲရှိနေမှာကိုလည်း ငါမမြင်နိုင်ဘူး၊ငါ့သားကလေ အဲ့လိုသဘာဝကိုဆန့်ကျင်ပြီးတော့ ဘုရားစကားကိုဆန့်ကျင်ပြီးတော့၊ဘုရားမကြိုက်တဲ့အပြစ်ကို..."
ပြောရင်းဖြင့် အနူး၏အသံတို့ တိမ်ဝင်သွားတော့သည်။
"အနူးရယ်..."
သူမကိုယ်တိုင်လည်း အနူးနှင့်ထပ်တူခံစားရတာပဲဖြစ်သည်။အခုခေတ်မှာ ဒီလိုကိစ္စတွေက လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်၊လူ့အခွင့်အရေးဆိုပြီး တွင်ကျယ်လာပြီဖြစ်သည်။ဘယ်လိုပဲ ခေတ်နောက်ကျသည် ရှေးရိုးစွဲသည်လို့ ဆိုကြပါစေ သူမတို့အတွက်တော့ ဒီကိစ္စဟာလက်မခံချင်နိုင်စရာကောင်းနေဆဲပင်။ခေတ်ရေစီးကြောင်းအရ တခြားသူစိမ်းတွေအတွက် လိင်တူချင်းချစ်ကြိုက်ကြသည့်ကိစ္စကို လူ့အခွင့်အရေးဆိုပြီး အလွယ်တကူနားလည်ပေးကောင်း နားလည်ပေးနိုင်လိမ့်မည်။သို့ပေမဲ့ ကိုယ့်မိသားစုထဲ နဖူးတွေ့ဒူးတွေ့ ကြုံလာရလျှင်တော့ ဘယ်လိုပဲနားလည်နိုင်ပါသည်ပြောပြော လက်ခံပေးဖို့ကတော့ မလွယ်ကူနိုင်ပေ။
"ပြောခွင့်မသာလို့သာ၊တားခွင့်မသာလို့သာ ငါဒီလိုမျက်စိမှိတ်နေရတာ၊ငါစိတ်တွေ တစ်စက္ကန့်လေးတောင် မအေးချမ်းနိုင်ဘူး..."
သူမဆီမှာလည်း နှစ်သိမ့်စရာစကားတို့ရှိမနေတော့ပေ။အားလော့ဒ်က တကယ်ပဲမိသားစုကိုတောင် စွန့်ပယ်ဖြတ်တောက်နိုင်သည့်အထိ ထိုအမျိုးသား၏ဖက်မှာ တိတိကျကျကို ရပ်တည်သွားပြီမဟုတ်ပါလား။ဒီကိစ္စအတွက် မျက်စိမှိတ်နားပိတ်ထားရုံမှတပါး သူမတို့တက်နိုင်တာ ဘာမှရှိမနေတော့ချေ။
~~~~~~
"ဒီအပွင့်တွေ ဖြုတ်လိုက်ရင် ဒီဇိုင်းက ရိုးရိုးရှင်းရှင်းနဲ့ ပိုထည်ဝါသွားလိမ့်မယ်..."
"ဟုတ်ကဲ့ ကိုရှင်း..."
"ဒါကအရောင်တင်ပြီးပြီလား..."
"ဟုတ် တင်ပြီးသွားပြီ..."
"ကျစ်! ဒါအရောင်တင်တာလား၊ဘယ်သူလုပ်တာလဲ ကိုမင်းထွန်းလား အရောင်မကြိုက်ဘူး သွားပြန်တင်..."
ခပ်ဆတ်ဆတ်ပြောရင်းဖြင့် အပ်ထည်ပစ္စည်းအား ဘူးထဲသို့ပြန်ထည့်ကာ ရှေ့သို့ပြန်တိုးပေးလိုက်သည်။
"ဒါကဘယ်သူ့ဟာလဲ ကိုသန်းကျော်လား..."
"...."
နောက်ထပ်အပ်ထားသော ပစ္စည်းတို့အား ဆွဲထုတ်စစ်ဆေးနေရင်းဖြင့် ရှင်းခန့်၏ မျက်ခုံးတန်းတို့ ပို၍တွန့်ချိုးသွားရပြန်သည်။
"ဟာ လက်စွပ်က ဒီဆိုဒ်မဟုတ်ဘူးလေ၊အတိုင်းသေချာပေးထားတာကို ဘာလို့အကြီးကြီးလုပ်လာတာလဲ၊သေချာမကြည့်ဘူးလား၊လက်ရိုးကို ထူထူကျစ်ကျစ်လုပ်ရမှာ..."
"....."
"ဟား...!"
သူ စိတ်ပျက်လက်ပျက်ဖြင့် ဟားကနဲရေရွတ်ကာ လက်ထဲမှပစ္စည်းအား ကတ္တီပါခွက်ထဲသို့ ပြန်ပစ်ချပြီးမှ...
"ခင်ဗျားတို့တွေ အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ...ဟမ်"
လေသံကိုမြှင့်၍ ခပ်ဆတ်ဆတ် အော်ပစ်တော့ အားလုံးခေါင်းတွေ ငုံ့သွားကြတော့သည်။
"ဒီအပ်ထည်အသေးလေးတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ရင် ပန်းထိမ်လုပ်စားမနေကြနဲ့ ထွက်ကြ၊ဒါတွေက အော်ဒါထည်မို့ အရေးကြီးတယ်လို့ သေချာမှာထားရဲ့နဲ့၊အော်ဒါအထည်မှမဟုတ်ဘူး အပ်သမျှအပ်ထည်တိုင်းက အရေးကြီးတယ်၊ပစ်စလက်ခတ်လုပ်တာတွေ လက်မခံဘူးပြောထားပြီးသား၊အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ရင် ထွက်ကြ..."
ရှင်းခန့်၏ဒေါသတွေ ခပ်ဆတ်ဆတ်ဖြစ်နေတော့ အားလုံးခေါင်းငုံ့ကာ ငြိမ်သက်နေကြလေသည်။ရှင်းခန့်က မျက်နှာထားတင်းတင်းဖြင့် ဆူပူပစ်ပြီးမှ အပ်ထည်များအား စားပွဲရှေ့သို့ပြန်တိုးပေးလိုက်တာမို့ ပန်ထိမ်းဆရာများအား ဇွဲသုကထွက်သွားဖို့ မျက်ရိပ်ပြလိုက်ရတော့သည်။အားလုံး အလျှိုအလျှိုထွက်သွားကြသည့်အထိ ရှင်းခန့်၏ မျက်နှာထားကတည်တင်းနေဆဲဖြစ်သည်။ဟိုအရင်ကဆို အလွန်တရာမှစိတ်ရှည် အေးဆေးတဲ့သူတို့၏ သူဌေးဟာ အခုတလောမှာ အတန်ငယ်ခက်ထန်လို့နေသည်။သူ သက်ပြင်းအား အသာခိုးရှိုက်ရင်းဖြင့် အရိပ်အခြည်အား ကြည့်နေရတော့သည်။
"ရပြီ ဆက်ပြောပါဦး..."
"ဟုတ်ကဲ့ ကိုရှင်း..."
ဇွဲသုက ပြောရင်းဖြင့် အလုပ်ထဲသို့အာရုံပြန်စူးစိုက် လိုက်သည်။laptopတစ်လုံးထဲကို နှစ်ယောက်သား ခေါင်းချင်းဆိုင်နေရင်းဖြင့် အလုပ်ထဲသို့အာရုံပြန်ရောက်ကာ ပတ်ဝန်းကျင်အား မေ့လျော့သွားခဲ့လေတော့သည်။အလုပ်ထဲအာရုံကျနေရင်းဖြင့် ရုတ်တရက်ကြီး ပတ်ဝန်းကျင်ရှိလေထုက ထူးဆန်းလို့လာသည်။တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလိုမျိုး ခံစားလာရတာမို့ သူမော့ကြည့်မိတော့ မီးတောက်နေသော မျက်ဝန်းတစ်စုံဖြင့်ဆုံလိုက်ရတော့သည်။မှန်တံခါးအား ကိုယ်ဟန်နွဲ့နွဲ့ဖြင့်မှီရပ်ကာ လက်ပိုက်ထားလျှက် ခပ်တည်တည်ကြည့်နေပါသော အမျိုးသားတစ်ယောက်။ထိုအမျိုးသား၏ စူးရဲသောအကြည့်တို့က သူ့တစ်ကိုယ်လုံးကို ဓားသွားတို့ဖြင့်ထိုးနှက်နေသည့်အလား ခံစားလိုက်ရသည်။ဘာကြောင့်မှန်းမသိပါပဲ ရှင်းခန့်နှင့်အနီးကပ်ထိုင်နေရာမှ အလန့်တကြားခွာလိုက်မိသည်။
"ဒါကျတော့ ဒီဇိုင်းကရိုးရှင်းပေမဲ့ ထည်ဝါတယ်၊ဒီကနုတ်ပန်းတွေကတော့ တော်တော်လေးအနုစိတ်မှရမယ်..."
ရှင်းခန့်က အလုပ်အကြောင်းကို အားရပါးရဆွေးနွေးနေပြီးမှ ဇွဲသုတစ်ယောက် တိတ်ဆိတ်နေတာကို သတိပြုမိသွားပြီး ငဲ့စောင်းကြည့်မိသည်။ပြီးမှ ဇွဲသုကြည့်နေရာသို့ အကြည့်တို့လိုက်ပါသွားတာမို့ အခန်းဝ၌ရှိနေပါသော ဆိုင်းလော့ဒ်နှင့်အကြည့်ချင်းဆုံ၏။အကြည့်စူးစူးတို့နှင့်အတူ နှုတ်ခမ်းလွှာတို့က ခပ်မဲ့မဲ့တွန့်ကွေးသွားသေးသည်။
ပြီးမှ ခပ်တည်တည်ဖြင့် အခန်းထဲသို့လျှောက်ဝင်လာခဲ့ပြီး...
"အလုပ်များနေတာပေါ့..."
"....."
စကားမဆုံးသေးပဲ အနီးသို့ရောက်လာပြီး ပူးကပ်ထိုင်ချသည်။ပြီးတော့ ဘာမှပြန်မပြောနိုင်ပဲ ခပ်ကြောင်ကြောင်ကြည့်နေပါသော ရှင်းခန့်အားပခုံးချင်းတိုက်ပစ်ကာ...
"အလုပ်လုပ်ရင် အမြဲထမင်းမေ့ဟင်းမေ့နဲ့၊အဲ့ဒါမျိုးတွေ မလုပ်ပါနဲ့ ပြောထားရဲ့သားနဲ့၊ဘာလဲ ခင်ဗျားကိုကလေးလိုပဲ အချိန်မှန် ထမင်းလိုက်ခွံ့မှရမှာလား..."
!ရုတ်တရက်ကြီး ဘာကိစ္စနဲ့ပိုင်စိုးပိုင်နင်း...!
"သမီးကို သွားကြိုခဲ့ပြီးပြီ ဒီည ဟိုဖက်မှာလိုက်အိပ်မှာလား..."
ဇွဲသု၏ရှေ့မှာ ပိုင်စိုးပိုင်နင်းဖြင့် ဘာလိုလိုပြောလိုက်သောစကားကြောင့် ရှင်းခန့်၏မျက်နှာကြီး ဖြန်းကနဲဖြစ်သွားရသည်။
"ဆိုင်းလော့ဒ်!..."
ခပ်ကြိတ်ကြိတ်အော်ပစ်ပေမဲ့ ဆိုင်းလော့ဒ်ကတော့ ဘာမှမသိနားမလည်သည့်အလား။
"ဘာလို့လဲ၊အလုပ်များနေလို့လား၊အဲ့ဒါဆိုလည်း ဒီမှာပဲအိပ်ကြတာပေါ့၊မောင် ရေချိုးဦးမယ်၊ထမင်းပွဲပြင်ထားပေးမယ် ပြီးရင် လာခဲ့နော်..."
ပါးတစ်ဖက်ကိုပင် ခပ်ဖွဖွဖျစ်ညှစ်ဆွဲပြီးမှ နိုရာ့၏လက်အားဆွဲကာ ပြန်ထွက်သွားလေသည်။သူပြောချင်တာပြော လုပ်ချင်တာဇွတ်လုပ်၍သွား၏။ရှင်းခန့် ဘယ်လိုဖြစ်ကျန်ခဲ့မလဲဆိုတာကိုတော့ တချက်တောင်မကြည့်သွားတော့ချေ။
ဆိုင်းလော့ဒ် ဇွတ်တရွတ်ဆန်တက်တာသိပေမဲ့ ဒီလိုမျိုး မျက်နှာအရေထူလိမ့်မည်တော့ မထင်ခဲ့ချေ။သူ့ဖက်က ပြတ်ပြတ်သားသား ငြင်းဆန်ထားတာမို့ ဆိုင်းလော့ဒ်၏မာနဖြင့်သာဆို ဒီလိုမျိုးတွယ်ကပ်နေတော့မှာ မဟုတ်ချေ။သူ့ဖက်က ငြင်းဆန်မှုများဟာ အားပျော့နေသေး၍ထင်...
အတွေးနှင့်အတူ အံအားခပ်တင်းတင်းကြိတ်၍ နေရာမှထလိုက်ခဲ့သည်။ဇွဲသုကတော့ ကြောင်တောင်တောင်လေးဖြင့် ထိုင်၍ပဲကျန်ခဲ့ရမလို။အနောက်ကနေပဲလိုက်ဆွဲထားရမလို ဖြစ်လို့နေသည်။
"မင်း! နေဦး..."
ဆိုင်းလော့ဒ်၏ ခြေလှမ်းထပ်ပို၍ရှေ့ရောက်အောင်လှမ်းပြီးမှ မျက်နှာချင်းဆိုင်ပိတ်ရပ်ပစ်တော့ ဆိုင်းလော့ဒ်က ရီဝေသောမျက်ဝန်းတို့ဖြင့် ကြည့်လို့လာသည်။နိုရာသည်လည်း ဖအေလက်အား ဆုပ်ကိုင်ထားရင်းဖြင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်နေတာကို မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်လို့နေလေသည်။မှိုင်းရီနေသော မျက်ဝန်းအကြည့်တို့ကြောင့် စိတ်ပျော့သွားတာကို ပြန်တင်း၍သက်ပြင်းရှိုက်ပြီးမှ...
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ...."
"....."
"မင်းကို အရှင်းဆုံးပြောခဲ့ပြီးပြီ၊ကိုယ်တို့က ပြီးသွားခဲ့ပြီလို့..."
"အဲ့ဒါ ခင်ဗျားဖက်က တဖက်သတ်လေ..."
ဆိုင်းလော့ဒ် ဇွတ်တရွတ်စကားကြောင့် သူခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့မှ...
"ဟုတ်ပြီး လမ်းခွဲတာက ကိုယ့်ဖက်ကတဖက်သတ်ဆန်တယ်ဆို အခုလိုတွယ်ကပ်နေတဲ့မင်းကရော တဖက်သတ်ဆန်နေတာ မဟုတ်ဘူးလား..."
"....."
"ကိုယ် မင်းကို တကယ်မလိုချင်တော့တာ။တခြားဘာအကြောင်းပြချက်မှ မရှိပဲနဲ့ကို မင်းကိုမလိုချင်တော့တာ..."
"မဖြစ်နိုင်ဘူး...၊ခင်ဗျားရဲ့ ခံစားချက်တွေက စစ်မှန်ခဲ့တယ်ဆိုတာ ကျွန်တော်ခံစားလို့ရတယ်၊ကျွန်တော်တို့ ဆက်ဆံရေးမှာ ခင်ဗျားတကယ်ပျော်ခဲ့တာပဲ၊ခင်ဗျားလည်း ကျွန်တော့်ကို တကယ်ချစ်ခဲ့တာပဲ..."
ပြောနေရင်းဖြင့် ဆိုင်းလော့ဒ်၏အသံတို့က တုန်ယင်အက်ရှလာခဲ့ပြီး မျက်ဝန်းမှာလည်း ကြေကွဲရိပ်တို့သမ်း၍ နီရဲလာခဲ့၏။နဂိုကတည်းက ယိုင်နဲ့ချင်နေတဲ့နှလုံးသားဟာ တဆတ်ဆတ်ဖြင့် နာကျင်လာရသည်။သို့ပေမဲ့ သူစိတ်ပျော့သွား၍မဖြစ်ပါချေ။
"ဟုတ်တယ် ကိုယ်ဝန်ခံတယ်၊ကိုယ်တကယ်လည်းပျော်ခဲ့တယ်၊တကယ်လည်း မင်းကိုချစ်ခဲ့တယ်၊ဒါပေမဲ့ မင်းသိလား အချစ်ဆိုတာလည်း ဒိတ်ကုန်တက်တယ်..."
"....."
"ဟုတ်တယ်၊ကိုယ်က အဲ့လိုလူမျိူးပဲ၊လူတစ်ယောက်ကို ချစ်လွယ်တယ်၊ရိုးအီလွယ်တယ်၊အရင်တုန်းကချစ်ခဲ့ပေမဲ့ အခု ကိုယ်မင်းကိုရိုးအီသွားပြီ၊မင်းဆီမှာ ကိုယ့်အတွက်စိတ်ဝင်စားစရာကိုမရှိတော့တာ၊မင်းအခုလို အတင်းလိုက်တွယ်ကပ်နေတာတွေက ကိုယ့်အတွက် စိတ်အနှောင့်ယှက်ဖြစ်တယ်၊ဘယ်လိုမှ အဆင်မပြေဘူး.."
"....."
"ကိုယ့်အတွက် ယောက်ျားတစ်ယောက်ကို ချစ်တယ်ဆိုတာ အတူအိပ်ချင်တာပဲ၊ပြီးတော့ တစ်ခါအိပ်ပြီးတာနဲ့ အဲ့ဒီအချစ်ဆိုတဲ့စိတ်က တစ်ခါလျှော့တယ်၊မင်းနဲ့ ဒီလောက်အကြိမ်များစွာ အိပ်ခဲ့တာ!..."
"တော်တော့!..."
ဆိုင်းလော့ဒ်က မေးကြောကြီးများတင်းနေရင်းဖြင့် သူ့စကားမဆုံးသေးပဲ ဖြတ်အော်ပစ်သည်။အသက်ရှုသံတွေပါ ပြင်းထန်နေလျှက် ဒေါသမာနတွေလှိုင်းထန်လို့နေလေသည်။
"ခင်ဗျား...၊ခင်ဗျားဗျာ...."
ဆိုင်းလော့ဒ် မချိတင်ကဲရေရွတ်ရင်းဖြင့် လူတစ်ကိုယ်လုံးအား ဆုပ်ကိုင်ဖျစ်ညှစ်တော့မလိုမျိုး လက်နှစ်ဖက်က မြောက်တက်လာပြီးမှ ပြန်ရုတ်သွားကာ ဆံပင်တွေထဲလက်ထိုးဖွရင်းဖြင့် တောက်တချက်အား ခပ်ပြင်းပြင်းခေါက်လေသည်။
"တောက်!..."
ပြီးမှ ခေါင်းတဆတ်ဆတ်ညိတ်ရင်းဖြင့် သူ့အားနာနာကျင်ကျင်ကြည့်လာခဲ့ပြီး...
"ရပြီ၊နားလည်ပြီ သဘောပေါက်ပြီ၊ခင်ဗျား သဘောအတိုင်းပဲ ဟုတ်ပြီလား၊အားလုံး ခင်ဗျားသဘောအတိုင်းပဲ..."
အံကြိတ်ပြောရင်းဖြင့် သမီး၏လက်အားဆွဲခေါ်ဖို့ မမေ့လျော့စေပဲ နေရာမှခြေလှမ်းကျဲတို့ဖြင့် လှည့်ထွက်မိသည်။ဒီလူဟာ ရက်စက်တက်တာ သိနေပေမဲ့ နှလုံးသားတစ်ခုလုံးကို အနှမြောမရှိ ရက်ရက်ရောရောပုံချပေးခဲ့မိသည်။နှလုံးသားက နာကျင်နေရတာတောင်မှ အဲ့ဒီရက်စက်တဲ့စကားတွေ အေးခဲနေတဲ့အကြည့်တွေဆီမှ ရုန်းမထွက်နိုင်၊ရုန်းမထွက်ချင်ခဲ့။အချိန်ကျလျှင် ယင်းထလာသလိုမျိုး ဆေးစွဲသလိုစွဲနေခဲ့လေသည်။
!အချစ်ဟာ နာကျင်နေရင်းဖြင့်လည်း ကျေနပ်နေရတက်တာမျိုးလား....!
~~~~~~
နှစ်ကုန်ခါနီးပြီမို့ တစ်နှစ်စာချုပ်ထားတဲ့ စာရင်းတွေကို ပြန်လည်စစ်ဆေးနေရင်း အလုပ်ထဲခေါင်းစိုက်နေမိတာ အချိန်တွေဘယ်လို ကုန်ဆုံးသွားမှန်းတောင် မသိလိုက်တော့ချေ။ဇက်ကြောတွေတက်လာတော့မှပဲ ခုံ၌အတန်ကြာထိုင်၍ အလုပ်ထဲနစ်မျောနေမိတာကို သတိပြုမိတော့သည်။ခန္ဓာကိုယ်အား ဟိုလှည့်ဒီလှည့်ဖြင့် အညောင်းအညာဖြေပြီးတော့မှ အခန်းဝ၌ တစ်စွန်းတစ်စပေါ်နေပါသော ပန်းရောင်အဝတ်စလေးအား သတိပြုမိတော့သည်။သူ မျက်ခုံးတွန့်၍ကြည့်နေဆဲမှာပဲ တံခါးဘောင်၌ လက်သေးသေးက အနည်းငယ်တိုးထွက်လာသည်။နောက်ထပ်အတန်ငယ်စောင်းထားသော ခေါင်းသေးသေးလေးက အခန်းဝ၌ပြူတစ်ပြူတစ်ဖြစ်နေပြီးမှ သူကြည့်နေတာမြင်သွားတော့ ချက်ချင်းပြန်ပျောက်သွားလေသည်။
!ဘယ်အချိန်ကတည်းကများ ရောက်နေခဲ့တာလဲ...!
သူဒီအတိုင်း ကြည့်နေစဥ်မှာပဲ နောက်ထပ်တစ်ကြိမ် ခေါင်းလေးကပြူတစ်ပြူတစ်ဖြစ်၍လာပြန်သည်။
"အဟမ်း!..."
သူလည်ချောင်းတချက်ရှင်းပြီးတော့မှ မသိချင်ယောင်ထားဖို့ ဆုံးဖြတ်ကာ အလုပ်ထဲသို့ အာရုံပြန်စိုက်ဖို့ကြိုးစားလိုက်သည်။သို့သော်လည်း မှန်တံခါးမှတဆင့် မြင်နေရသည့် ကလေးငယ်၏ အရိပ်လေးကြောင့် သူ့အာရုံတွေဘယ်လိုမှစုစည်း၍မရတော့ပေ။
"ဟူး..."
သက်ပြင်းအား ခပ်ဆောင့်ဆောင့်မှုတ်ထုတ်ပြီးတော့မှ laptopဆီမှ အကြည့်အားခွာလိုက်ရတော့သည်။
"ဝင်ခဲ့..."
သူအသံပြုလိုက်တော့ နိုရာက မဝံ့မရဲပုံစံလေးဖြင့် အခန်းထဲသို့ ဖြည်းဖြည်းချင်းဝင်၍လာလေသည်။ပခုံးအတိထားထားတဲ့ ဆံပင်ရှည်တွေက ဖြီးသင်ထားခြင်းမရှိသလိုမျိုး ပွယောင်းယောင်းဖြစ်နေသလို ပန်းရောင်ဂါဝန်ကလည်း အနည်းငယ်တွန့်ကျေကာ ပေကျံလို့နေသည်။နိုရာ၏ ကပိုကရိုဖြစ်နေပါသောပုံစံကြောင့် သူ့မျက်ခုံးတို့တွန့်ကုပ်သွားရတော့သည်။
!ကလေးကို ဘယ်လိုတောင် ပစ်စလက်ခတ် ပစ်ထားရတာလဲ...!
နိုရာက သူ့နှင့်မနီးမဝေး၌ ခပ်ရို့ရို့လေးရပ်နေရင်းဖြင့် သူ့အားမဝံ့မရဲလေးကြည့်၍လာသည်။သူ သက်ပြင်းအား အသာရှိုက်ပြီးမှ...
"မဝင်လာပဲနဲ့ အပြင်မှာဘာလုပ်နေတာလဲ..."
သူပြောတော့ နိုရာက ခေါင်းလေးငုံ့သွားကာ လက်ကလေးနှစ်ဖက်အား လိမ်ယှက်နေရင်းဖြင့်...
"ကိုကို့ကို ကြောက်လို့..."
"ဟင်!..."
သူ အံ့သြတကြီး ရေရွတ်မိတော့ နိုရာက မဝံ့မရဲမော့ကြည့်လာပြီးမှ....
"မီးကိုမခေါ်မှာကြောက်လို့..."
"ဘာလို့ မခေါ်ရမှာလဲ နိုရာရဲ့...."
ကလေးမလေး၏ခေါင်းလေးအား အုပ်ကိုင်ပွတ်သပ်ပြီးမှ သူလေသံဖျော့ဖျော့ဖြင့်ပြောမိသည်။
"ဒယ်ဒီနဲ့ ရန်ဖြစ်ထားလို့..."
"....."
ကလေးရှေ့မှာ မဆင်မခြင်စကားများမိတာကို ပထမဦးဆုံးအကြိမ် နောင်တကြီးစွာရမိတော့သည်။လူကြီးတွေကြားဘယ်လိုဖြစ်ဖြစ် ကလေးအရှေ့မှာတော့ ဒီလိုအပြုအမူတွေဟာ မသင့်တော်ဘူးမဟုတ်ပါလား။
"ကိုကို့အတွက်..."
"....."
သူအတွေးတွေများနေဆဲမှာပဲ နိုရာ၏လက်သေးသေးလေးက မျက်နှာရှေ့သို့ဆန့်ထွက်လာသည်။လက်သီးဆုပ်သေးသေးလေးအား ဖြန့်ပြလိုက်တော့ လက်ထဲမှချောကလက်သကြားလုံးလေးများ....
"မီးကို ခေါ်နော်...."
သူ့ကိုမခေါ်မှာစိုး၍ သကြားလုံးလေးများဖြင့် လာဘ်ထိုးနေပုံလေးကြောင့် သူပို၍စိတ်မကောင်း ဖြစ်သွားရတော့သည်။နိုရာ၏ ဆံနွယ်လေးများအား ခပ်ဖွဖွပွတ်သပ်ပေးပြီးမှ...
"တစ်ကိုယ်လုံးလည်း ပေလူးနေတာပဲ ဘယ်မှာသွားဆော့ထားတာလဲ..."
"တီတီမွန်တို့နားမှာ..."
"ထမင်းရောစားပြီးပြီလား..."
"ဟင်အင်း..."
နိုရာ့ကို မေးပြီးတော့မှ ကိုယ်တိုင်လည်း ဆာလောင်ခြင်းကို ခံစားလာရသည်။ည၇နာရီတောင်ထိုးပြီမို့ အစာအိမ်ကအချက်ပြလာပြီ ဖြစ်သည်။သူ နိုရာ့၏ကိုယ်လေးအား ကောက်ပွေ့ချီလိုက်ပြီးမှ....
"လာ!...ကိုကိုနဲ့အတူသွားစားကြမယ်..."
သူပွေ့ချီလိုက်တော့မှ နိုရာက သူ့၏လည်တိုင်အား ပြန်လည်သိုင်းဖက်ရင်းဖြင့် ရွှင်ရွှင်မြူးမြူးလေး လိုက်ပါ၍လာလေတော့သည်။
!သံယောဇဥ်တွေဟာ ဖြတ်တောက်ရအခက်ခဲဆုံး မဟုတ်ပါလား...!
~~~~~~~
ထမင်းစားသောက် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပေးပြီးမှ နိုရာကြည့်ချင်တဲ့ ကာတွန်းကားအား ဖွင့်ထားပေးလိုက်သည်။သူက ကုတင်အားခပ်လျော့လျော့ ကျောမှီ၍ အလုပ်လုပ်နေပြီး နိုရာကတော့ သူ့ဘေး၌လှဲကာ ကာတွန်းကားအား စိတ်ဝင်တစားကြည့်လို့နေလေသည်။သိပ်မကြာခင်မှာပဲ နိုရာ၏မျက်လုံးလေးတွေ စင်းကျလာပြီမို့ သူနာရီကြည့်လိုက်တော့ ည၁၁နာရီထိုးနေပြီဖြစ်သည်။
!ဒီကောင် ကလေးကို ပစ်ပြီးဘယ်သွားနေတာလဲ၊ဒီလောက်အချိန်အထိ...!
နိုရာ့၏အပြောအရတော့ မနက်ကတည်းက မမွန်တို့ဆီမှာ သူ့ကိုထားခဲ့ပြီး အလုပ်သွားတာတဲ့။ဘယ်လောက်ပဲ ခင်မင်ပါစေဦး ကလေးကို ဒီလိုမျိုးသူစိမ်းတွေနဲ့ ပစ်စလက်ခတ်ထားခဲ့ရလား။အလုပ်မအားလျှင်လည်း ဟိုဖက်အိမ်ပြန်ပို့လိုက်ပေါ့၊အခုတော့ ကိုယ့်သားသမီးကိုများ မျက်နှာလွှဲခဲပစ် ပစ်ထားခဲ့ရတယ်လို့။
သူ မနှစ်မြို့စွာတွေးပြီးတော့မှ ဆိုင်းလော့ဒ်အား ဖုန်းဆက်ဖို့ စိတ်ကူးလိုက်မိသည်။ဖုန်းခေါ်ဖို့ပြင်ပြီးတော့မှ မခေါ်နေတော့ပဲ နိုရာဒီဖက်မှာရှိနေကြောင်း စာတိုသာပေးပို့လိုက်တော့သည်။အတန်ကြာသည့်အထိ ဆိုင်းလော့ဒ်ဖက်မှ တုံ့ပြန်မလာတာမို့ သူမျက်မှောင်ကြုတ်မိသွားရသည်။
!တကယ်ဆို စာပြန်ပို့တာဖြစ်ဖြစ်၊ဖုန်းပြန်ခေါ်တာဖြစ်ဖြစ် လုပ်သင့်တယ်မဟုတ်လား...!
စိတ်အတွေးတို့ကနောက်မှ၊လက်ကအရင် ဖုန်းခေါ်ဆိုထားပြီးသားဖြစ်သွားသည်။
!လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသည်ရှင်..!
!ဘာကိစ္စနဲ့စက်ပိတ်ထားရတာလဲ...!
!ကလေးကိုလည်း ပစ်ထားသွားပြီး စက်ကပိတ်ထားရသေးတယ် ဒီကောင်ကတော့...!
သူဖုန်းအားပြန်ချလိုက်စဥ်မှာပဲ လူခေါ်ဘဲလ်သံက မြည်လို့လာလေသည်။သူနေရာမှ ကမန်းကတမ်းထကာ ဝရန်တာမှထွက်ကြည့်တော့ ခြံဝ၌ဆိုင်းလော့ဒ်၏အရိပ်အား မြင်လိုက်ရလေတော့သည်။
"ပြန်ရောက်လာသေးတာပဲ...."
နှုတ်မှခပ်တိုးတိုး အသံထွက်ရေရွတ်ရင်း အောက်ထပ်သို့ဆင်းကာ တံခါးဖွင့်ပေးဖို့ပြင်ရသည်။စိတ်ထဲမှာတော့ ဘာကိုမကျေမနပ်ဖြစ်လို့ ဖြစ်နေမိမှန်းမသိ။ကလေးကို ပစ်ထားခဲ့တာ မကျေနပ်တာလား၊အိမ်ပြန်နောက်ကျတာကို မကြိုက်တာလား၊ဖုန်းစက်ပိတ်ထားတာကြောင့်လား၊မကျေမနပ်ဖြစ်နေပေမဲ့ ဘာမှန်းလည်းမသိချေ။
တံခါးဖွင့်ပေးလိုက်တော့ ဆိုင်းလော့ဒ် အတန်ငယ်အဆီပြန်၍ နီရဲနေသောမျက်နှာကြီးဖြင့် ဝင်ရောက်လို့လာသည်။
"သမီး အိပ်သွားပြီလား..."
"အင်း! ခုနကပဲအိပ်သွားတာ..."ဴလဴ
"စာပို့တာတွေ့တယ် ဖုန်းပြန်ခေါ်ဖို့က အားကုန်ပြီးစက်ပိတ်သွားလို့..."
စာမပြန်ဖြစ်တဲ့အကြောင်းကို သေချာရှင်းပြနေသေးသည်။ နှစ်ယောက်သား ထိုမျှသာစကားပြောဖြစ်ကြပြီး အပေါ်သို့တန်းတက်ခဲ့ကြသည်။အပေါ်ရောက်တာနှင့် ဆိုင်းလော့ဒ်က အပေါ်မှထပ်ဝတ်ထားသော ဂျာကင်အားချွတ်ပစ်၍ ခုံပေါ်ပစ်တင်ပြီးမှ....
"ဗိုက်ဆာလိုက်တာ ဘာမှမရှိဘူးလား..."
"....."
!သူ့သမီးအိပ်ပျော်နေတာကို လာခေါ်တာမဟုတ်ဘူးလား...!
စိတ်ကတွေးနေမိတုန်း ဆိုင်းလော့ဒ်ကတော့ ထမင်းစားပွဲရှိရာသို့လျှောက်သွားပြီဖြစ်ကာ အုပ်ဆောင်းအားဖွင့်ကြည့်နေတော့သည်။တကယ်လည်းဗိုက်ဆာနေပုံရတာမို့ မနေသာတော့ပဲ အနောက်မှလိုက်သွားရခြင်းသို့ရောက်သည်။
"ဟင်းတွေက ရေခဲသေတ္တာထဲမှာ၊ထမင်းတော့မရှိတော့ဘူးချက်လိုက်ရင်တော့ ခဏပဲ၊အဆာပြေမုန့်စားထားရင်း ခဏစောင့်မလား...."
"မချက်နဲ့တော့ ဒီမှာ ထမင်းကြော်ဝယ်လာတယ်..."
ဆိုင်းလော့ဒ် လက်မြှောက်ပြမှပဲ လက်ထဲမှဖော့ဘူးကို သတိပြုမိတော့သည်။ဆိုင်းလော့ဒ်က ထမင်းစားပွဲ၌ဝင်ထိုင်လိုက်ပြီမို့ ဟင်းပန်းကန်များကိုထုတ်ကာ စားပွဲပေါ်၌ပြင်ဆင်ပေးရခြင်းသို့ရောက်လေတော့သည်။
"အခုမှ ထမင်းစားရတာ..."
အလုပ်များနေကြောင်းကို ရည်ညွှန်းပြောဆိုသည်။
"ဘာပဲဖြစ်ဖြစ် ကလေးကိုတော့ ဒီအတိုင်းထားသွားတာ မကောင်းဘူး..."
"ခဏဆိုပြီး မမွန်နဲ့ထားခဲ့တာပါ..."
!ခဏက ည၁၁နာရီအထိလား..!
မကျေမလည်တွေးမိပြီးမှ....
"ဘာဖြစ်ဖြစ် သူစိမ်းလေ မင်းအမေဆီပို့ခဲ့တာမဟုတ်ဘူး..."
သူပြောတော့ ဆိုင်းလော့ဒ်က ထမင်းစားနေရာမှတန့်သွားပြီး....
"ကျွန်တော် အိမ်ခွဲနေနေတာ...."
"....."
ဆိုင်းလော့ဒိက ထိုမျှသာပြော၍ ထမင်းဆက်စားလို့နေသည်။မျက်စိရှေ့မှ ကောင်လေးကိုကြည့်၍ သူဘာဆက်ပြောရမှန်းမသိတော့ချေ။ရင်ဘတ်ထဲသာဆို့နင့်လာခဲ့သည်။သူ့အတွက်နဲ့ ဒီလိုမျိုးအထိ...။
"ဘာလို့လဲ!..."
သူထပ်မေးတော့ ဆိုင်းလော့ဒ်က လက်ထဲမှဇွန်းအား ပစ်ချလိုက်ပြီးမှ...
"ပြောပြဖို့လိုသေးလား...."
"....."
"ကျွန်တော် ပြောခဲ့ပြီးပြီလေ၊ခင်ဗျားတစ်ယောက်နဲ့ အားလုံးကို လဲရဲပါတယ်လို့။အဲ့ဒါ တကယ်ပြောတာ.."
"....."
"နိုရာက ကျွန်တော်တစ်သက်လုံး ထမ်းရွက်ရမဲ့ တာဝန်ဝတ္တရားဆို ခင်ဗျားက အဲ့ဒီတာဝန်ဝတ္တရားကို အဆုံးထိထမ်းဆောင်နိုင်ဖို့အတွက် အင်အားပဲ၊ကျွန်တော့်ဘဝက တကယ်ကို ခင်ဗျားရှိမှ...."
"မင်း အရူးပဲ..."
"ဟုတ်တယ် အရူးပဲ၊အဲ့အရူးကို ခင်ဗျားပဲအမဲသားကျွေးခဲ့တာမဟုတ်လား၊အခုမရတော့ဘူး ဒီလိုမျိုးပဲဆက်တိုက်ကြီးဆို ကျွန်တော်တကယ်ကို သွက်သွက်ခါသွားတော့မှာ သိရဲ့လား..."
ဆိုင်းလော့ဒ်၏ ခံစားချက်တို့ကပြင်းထန်လာတာမို့ အသံတို့က တုန်ယင်လှိုက်လှဲလို့လာသည်။ဒီစကားတွေကို သူဆက်နားထောင်နေမိလျှင် သူကာရံထားပါသော အလွှာပါးပါးလေးသည်လည်း ပြိုပျက်ကျတော့မှာဖြစ်သည့်။ပျက်ယွင်းလာသော မျက်နှာအားထိန်းသိမ်းပြင်ဆင်၍ သူနေရာမှ ချက်ချင်းကျောခိုင်းပစ်ရင်း...
"စားပြီးရင် ပြန်တော့!.."
အသံအား မတုန်ယင်အောင်ထိန်း၍ ပြောရင်းဖြင့် ထမင်းစားပွဲနားမှလှည့်ထွက်မိသည်။သို့ပေမဲ့ ဆိုင်းလော့ဒ်က သူ့ကိုထွက်ခွာခွင့်မပေးပါပဲ နောက်ကျောဖက်မှ ဒူးထောက်ထိုင်ချရင်းဖြင့် သူ့၏ခြေသလုံးအားဖက်တွယ်ပစ်သည်။
"ကျွန်တော်တောင်းပန်နေတာပါ၊ကျွန်တော့်ဖက်ကို တချက်လောက်ပဲ ငဲ့ကြည့်ပေးပါလား..."
"မင်း!..."
"နီးကပ်ဖို့ခြေလှမ်းတိုင်းကို ကျွန်တော့်ဖက်ကပဲလှမ်းပေးပါ့မယ်၊ခင်ဗျားက ရင်ဖွင့်ကြိုရုံလေးပါပဲ၊အဲ့ဒါလေးပဲ လုပ်ပေးပါ၊တကယ်တောင်းပန်ပါတယ်ဗျာ၊အဲ့ဒါလေးပဲ လုပ်ပေးပါ..."
ခြေသလုံးကို ခပ်တင်းတင်းဖက်တွယ်၍ ဆိုင်းလော့ဒ်တို့ ရှိုက်ကြီးတငင်ငိုရင်းဖြင့် ဗလုံးဗထွေးပြောသည်။
"ခင်ဗျားရယ်၊ကျွန်တော်ရယ်၊သမီးရယ်...၊အဲ့ဒီမိသားစုဘဝလေးကို အများကြီးမျှော်လင့်ထားတာမို့ တောင်းပန်ပါတယ်၊ကျွန်တော့်ကို တစ်စစီပြိုလဲသွားအောင် မလုပ်လိုက်ပါနဲ့ တကယ်တောင်းပန်ပါတယ်..."
"....."
ချစ်ရသူက ခြေသလုံးအား တင်းတင်းပွေ့ဖက်ပြီး လမ်းမခွဲဖို့တောင်းဆိုနေတာကို ဘယ်လိုစိတ်နှလုံးသားဖြင့် သူတောင့်ခံထားရမှန်းမသိတော့ချေ။ရင်တွေတလှပ်လှပ် ခုန်လှုပ်လာခဲ့ပြီး နှာခေါင်းတွေလည်း မွှန်ထူလာခဲ့လေသည်။ဒူးတွေလည်းတဆက်ဆက်တုန်ယင်လာခဲ့သလို ခပ်တင်းတင်းဆုပ်ထားပါသော လက်သီးဆုပ်တို့သည်လည်း အင်အားမဲ့လာခဲ့လေသည်။
"ခင်ဗျားရဲ့ အိပ်ဖော်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရတယ်၊ကျွန်တော့်ကိုတော့ မစွန့်ပစ်လိုက်ပါနဲ့ တောင်းပန်ပါတယ်၊တကယ်တောင်းပန်နေတာပါ..."
"....."
"ခင်ဗျား!..ထားတဲ့အတိုင်း၊ခင်ဗျားထားတဲ့နေရာမှာ...၊အဲ့ဒါမို့...အဲ့ဒါမို့ ပြီးသွားပြီလို့ မပြောပါနဲ့..."
ဆိုင်းလော့ဒ်၏ စကားတစ်လုံးစီတိုင်းဟာ သူ့ရင်ဘတ်ထဲကို ဓားထက်ထက်ဖြင့် ထိုးစိုက်လိုနေခဲ့သည်။မျက်ဝန်းတို့အားမှိတ်ချပစ်တော့ ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းတို့ ဖြတ်စီးလေသည်။
တကယ်ဆို ဒီဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့ခြင်းဟာ ဆိုင်းလော့ဒ်အတွက်၊နိုရာ့အတွက် ကြည့်ပေးသည်ဆိုတာထက် ရွံစရာမုန်းစရာ ပထွေးမဖြစ်လိုခြင်းဆိုသော အတ္တစိတ်ကသာပိုသာခဲ့၏။တကယ်တော့ သူ့ကိုယ်သူအတွက်ပိုတွေးပြီး အတ္တစိတ်တို့ဟာပိုသာနေခဲ့ခြင်းသာ။သူ့အတွက် ဒီလောက်အထိ မာန်မာနတို့ကို ခဝါချထားတဲ့ ယောက်ျားအပေါ်မှာ သူဟာ...။
!သူ့အတွက် အရာအားလုံးဖြစ်တည်ပေးနေတဲ့ ယောက်ျားကိုမှ...!
!အဲ့ဒီ အတ္တတွေကို နည်းနည်းခွာချလိုက်တော့ရော ဘာဖြစ်လဲ...!
အမှန်အတိုင်းပြောရလျှင် သူ့ဘဝမှာ ဘယ်တစ်စုံတစ်ယောက်အပေါ်ကိုမှ အလုံးစုံပုံအပ်ခဲ့တာမျိုးမရှိခဲ့ချေ။ဒေါန အပေါ်မှာလည်း အချစ်ဆိုတဲ့ ခံစားချက်ထက် လောင်းရိပ်လိုမိုးထားချင်တဲ့ အတ္တစိတ်တို့ကသာ ပို၍လွန်ကဲခဲ့တာ။သူ့ဘဝတစ်လျှောက်လုံးဟာ ကိုယ့်အတ္တနဲ့ကိုယ် လှောင်ပိတ်နေခဲ့ရတာဖြစ်သည်။
!သူ ပင်ပန်းလှပါပြီ၊ဒီတစ်ခေါက်တော့ ဒီအမျိုးသားရဲ့အပေါ်မှာပဲ သူ့ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စသည့်ဖြစ်တည်မှု အလုံးစုံကို ပုံအပ်လိုက်ချင်တော့လေသည်...!
!အားလုံးဟာ ကံကြမ္မာပါပဲ၊ဒီအမျိုးသားဆီမှာ အလုံးစုံမှီတည်ရဖို့ဟာလည်း ကံကြမ္မာပါပဲ...!
အတွေးနှင့်အတူ တင်းခံထားသော စိတ်အစဥ်အားလျှော့ချလိုက်တော့ ရင်ဘတ်ထဲမှ တင်းကြပ်မှုတို့ဟာ လျှော့ပါးသွားလေတော့သည်။ကျောခိုင်းထားရာမှ ပြန်လှည့်လိုက်တော့ ဆိုင်းလော့ဒ်က မျက်ရည်စိုလူးနေသော မျက်ဝန်းတို့ဖြင့်မော့ကြည့်၍လာလေသည်။မီးရောင်မှိန်ပြပြအောက်မှာ မျက်ရည်တို့စိုကပ်နေပါသော မျက်တောင်တို့ဟာ ပါးပြင်ထက်၌ အရိပ်ထင်လေသည်။ထိုမျက်ဝန်းတို့ထဲ စိုက်ငေးကြည့်မိရင်း မျက်နှာချင်းဆိုင်၍ ဒူးထောက်ထိုင်ချမိလေတော့သည်။
"အရူးလေး...၊တကယ်ငတုံးလေး..."
ပါးနှစ်ဖက်အားမော့ယူ၍ စိုလူးနေသော မျက်ရည်တို့အား ပွတ်သုတ်ပေးရင်း သူပြောမိသည်။
"ကိုယ့်လို အသက်ကြီးကြီး လူအိုကြီးကို ဘာလို့များအဲ့လောက်အထိ..."
"...."
"တန်လို့လား အဲ့လောက်အထိတောင်...."
"တန်တယ်...၊ခင်ဗျားနဲ့သာဆို အားလုံးတန်တယ်..."
"....."
"ခင်ဗျားအပေါ်မှာ အဲ့လောက်အထိ ပုံအပ်ထားတာမို့ လမ်းခွဲဖို့ ထပ်မပြောပါနဲ့တော့၊တောင်းပန်ပါတယ်..၊တောင်း...!
"....."
ဆိုင်းလော့ဒ်တို့၏ စကားတို့အား အဆုံးသတ်ခွင့်မပေးတော့ပဲ နှုတ်ခမ်းလွှာတို့ဖြင့် ဖိကပ်တားမြစ်ပစ်လိုက်တော့သည်။အခုအချိန်မှာ သူ့အတွက်စကားလုံးတွေဟာ မလိုအပ်တော့ပါချေ။
တမ်းတလှိုက်မော ပျော်ဝင်မှုအပြည့်ဖြင့် အနမ်းတို့အား နက်ရှိုင်းစေခဲ့ရင်း ဒီအမျိုးသားတစ်ယောက်အပေါ်ကို အလုံးစုံပုံအပ်ဖို့ သံဓိဌာန်ချမိတော့လေသည်။
AN.WRလေးက သိပ်မကြာခင်မှာပဲ 1Mပြည့်ပါတော့မယ်။အခုလိုမျိုး တစ်လျှောက်လုံးအတူရှိပေးခဲ့ကြလို့ ကျေးဇူးအများကြီး အများကြီးတင်ပါတယ်လို့။ဒါနဲ့ 1Mပြည့်တဲ့အခါ နောက်တစ်ပိုင်းနဲ့အတူ ပြန်လာခဲ့ပါ့မယ်ရှင့် ဟဲဟဲ..