╔═════ ࿇ ═════╗
အခန်း ၂၂
မော်ရာ (သို့မဟုတ်) ဒန်မော်ရာ
မည်သူ့ကိုပိုချစ်သနည်း
╚═════ ࿇ ═════╝
ယနေ့တွင် ရာသီဥတုအပြင် ပတ်ဝန်းကျင်ကပါ အေးချမ်းတည်ငြိမ်နေပေသည်။ ရေကူးကန်ရှေ့ အပန်းဖြေကုလားထိုင်များပေါ်တွင်တော့ ဂါဗင်နှင့်ရီကာဒိုတို့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက် လဲလျောင်းရင်း စကားစမြည်ပြောနေခဲ့ကြသည်။
ဂါဗင်၏စံအိမ်တော်ကို ရီကာဒို ယနေ့မနက်ပိုင်းလောက်က အလည်ရောက်လာခဲ့၏။
ညီအစ်ကိုများ စကားလက်ဆုံကျနေစဉ် ရီကာဒိုသည် အနောက်ဘက်ကို အမှတ်မထင် ကြည့်မိသည့်အခါ ဂါဗင်၏တပည့်တစ်ယောက် ရေကန်နားသို့ ခပ်မြန်မြန် လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
ထိုသူက ဂါဗင်၏အနားသို့ ရောက်လျှင် ရိုသေစွာ ဦးညွှတ်လျက်...
" အရှင်မင်းသားရဲ့ချစ်သူ မော်ရာရောက်နေပါတယ်။ ဝင်ခွင့်ပေးလိုက်ရမလား " ဟူ၍ ပြောသည်။
ဂါဗင်လည်း " အင်း " ဟု တစ်လုံးတည်း ဖြေကြားသည်။
" ကောင်းပါပြီ အရှင်မင်းသား "
ရီကာဒိုသည် အံ့အားသင့်မှုများစွာဖြင့် ဂါဗင်ကို စိုက်ကြည့်နေခဲ့ပြီး မဲ့ပြုံးပြုံးနေခဲ့သည်။
" မင်း ခါတိုင်းလို ခိုင်းစားပြီး play နေပြန်ပြီလားကွ...ဒီတစ်ယောက်ရော ဘယ်အချိန် ပြတ်မှာလဲ "
" မပြောတတ်ဘူး။ သူကတော့ ကြာမယ်ထင်တယ် "
ရီကာဒိုက သူ၏ဒူးနှစ်ဖက်လုံးကို လှုပ်ရမ်းနေခဲ့ပြီး 'ဒီကောင်တော့ မလွယ်ဘူး ' ဟူသော မျက်နှာပေးဖြင့် ခေါင်းအနည်းငယ်လှုပ်ယမ်းလျက် သက်ပြင်းညင်းညင်းလေး ချမိသည်။
" ငါကတော့ ယောကျာ်း၊ မိန်းမ အကုန်လိုက်မတွဲချင်ဘူး။ ငါက ယောကျာ်းတွေချည်း စိတ်ဝင်စားနေလည်း တစ်ယောက်ဆို တစ်ယောက်ပဲ တန်ဖိုးထားချစ်ပေးချင်တာ...ဆိုလိုချင်တာ Gay ဖြစ်တဲ့ ငါ့ကိုလာချစ်တဲ့ မိန်းမတွေကိုတော့ " အစစ်မ ရှစမ်း " ဆိုပြီး မ play ဘူး ပြောပါတယ်။ အဲဒီသဘောအတိုင်းပဲ...ငါမချစ်တဲ့လူက ငါ့လာချစ်လည်း လှည့်စားပြီး အသည်းမခွဲတတ်ဘူး။ တခြားနေရာတွေမှာ ငါက သောက်ကျင့်ယုတ်ကောင်း ယုတ်လိုက်မယ်...အသည်းခွဲဘုရင်လုပ်ဖို့တော့ ဝါသနာပါမနေဘူးကွာ "
ဂါဗင်က ရီကာဒို၏စကားများကို နားထောင်နေရာမှ ငြီးငွေ့လာသဖြင့် သမ်းဝေမိသည်။ ရီကာဒို စကားပြောနေသည့်အရှိန်ပြတ်သွားသောအခါ ဂါဗင်က မှင်သေသေမျက်နှာပေးဖြင့် ရီကာ့ဒိုစကားများကို တုံ့ပြန်ဖို့စတင်သည်။
" ကျွန်တော်လည်း တွဲသမျှ ရည်းစားတွေနဲ့ sex လုပ်ပြီး play ပြီးမှ ပြတ်တတ်တဲ့အကောင်မဟုတ်နေဘူး။ ပြီးတော့ တွဲခဲ့သမျှ ဘယ်အထီးအမ မဆို ကျွန်တော် မာဖီယားဘော့စ်မှန်းသိကြလို့ အာဏာပါဝါရှိနေလို့ လာတွဲကြတာချည်းပါပဲ...ခုလက်ရှိရည်းစားက သူတို့တွေလို အပေါ်ယံမဟုတ်နေလို့သာ... "
ဂါဗင်၏စကားအဆုံးသတ်လုဆဲဆဲတွင် အဝေးကနေ လက်လှမ်းပြနေသည့် မိန်းကလေးအသွင်ပုံစံနှင့် မော်ရာကို လှမ်းမြင်လိုက်သည်။
မော်ရာက အနက်ရောင်ဆံပင်တိုတိုဖြင့် ဂါဝန်အတို ကိုယ်ကျပ်အနက်ကို ဝတ်ဆင်ထားပြီး နူတ်ခမ်းနီရဲရဲကြောင့် သူ၏မျက်နှာလှလှလေးက ထင်ရှားနေ၏။
ရီကာဒိုကလည်း ဂါဗင့်မျက်လုံးတွေဟာ သူ့ဆီမှာရှိမနေတော့ဘဲ သူ့အနောက်ဘက်ကိုရောက်သွားသည့်အတွက် နောက်လှည့်ကြည့်လိုက်သည်။ ရီကာဒိုသည် သူ၏မိစ္ဆာအစွမ်း အမြင်အာရုံကြောင့် မော်ရာက သမန်းကြောင်မိစ္ဆာအထီးတစ်ကောင်မှန်း ချက်ချင်းသိခဲ့သည်။
မော်ရာက အနားရောက်တော့ ရီကာဒိုကို ပြုံးပြပြီး ဂါဗင့်ဘက်သို့ ကြည့်လိုက်ရင်း...
" အချစ်ရေ...ဧည့်သည်နဲ့ အလုပ်ကိစ္စပြောနေကြတာလား။ မော်ရာ မသိလို့ အထဲမှာပဲ စောင့်နေလိုက်မယ်နော် "
"အာ မဟုတ်ဘူး...ကိုယ်က သူ့အစ်ကိုဝမ်းကွဲပါ။ အလုပ်ကိစ္စမပြောနေကြပါဘူး။ ထိုင်ပါ...ကိုယ်လည်း ခဏနေ ပြန်တော့မှာ"
ရီကာဒိုလည်း မော်ရာ့ကို ဖော်ရွေစွာ စကားပြောခဲ့သည်။
" ဪ တွေ့ရတာဝမ်းသာပါတယ် "
" ဒါဖြင့် နာမည်ကရော "
" ရီကာဒိုအန်ဒါဇန်...ရီကာဒိုလို့ပဲခေါ်ပါ "
" ကျွန်မက ဒန်မော်ရာပါ...မော်ရာလို့ ခေါ်နိုင်ပါတယ်။ ကျွန်မရဲ့မိစ္ဆာမျိုးနွယ်နဲ့ ပုံစံအစစ်ကိုတော့ အစ်ကိုကြီးရဲ့အစွမ်းနဲ့ သိလောက်ပြီထင်ပါတယ် "
မော်ရာက အေးချမ်းချိုသာလှသည့်အသံလေးဖြင့် ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။ ရီကာဒိုကတော့ ဘာမှပြန်မပြောဘဲ ပြုံးပြလျက်သာ ခေါင်းငြိမ့်နေလိုက်သည်။
မော်ရာလည်း ဂါဗင်လဲလျောင်းနေသည့် ကျောဆန့်ကုလားထိုင်၏ ခြေရင်းနားတွင် ထိုင်တော့မလို လုပ်ခဲ့သော်လည်း ဂါဗင်၏တင်ပါးဘေးက ညာဘက်အခြမ်းရှိ သူ့တစ်ကိုယ်စာ နေရာလွတ်လေးကို တွေ့တွေ့ချင်း ဝင်ထိုင်သည်။
မော်ရာက ဂါဗင်၏ညာလက်ကို ဆွဲယူလိုက်ပြီး အနမ်းပေးခဲ့သည်။ ထိုအခါ ရီကာဒိုက သူ့သွားများ ပေါ်လာသည်အထိ ရယ်ချင်မိသော်လည်း စိတ်ထိန်းလိုက်ရသည်။ ခရစ်စတိုဖာကတော့ မော်ရာ ဂါဗင့်လက်ကို နမ်းလိုက်သည့်အခါ တစ်ချိန်က သူ့လက်ကို ဂျရယ်မိုင်ရာလည်း နမ်းခဲ့ဖူးမှန်း သတိရသွားလေရာ ထိုအချိန်တုန်းက ဂျရယ်မိုင်ရာ့ကို ဆဲခဲ့သည့်ပုံရိပ်တချို့ကိုပါ အာရုံထဲ ပြန်မြင်လာခဲ့သည်။
" မွချိ မွချိ "
" Fuck ! ရွံစရာကြီး "
" ခစ်ခစ်...မင်းရဲ့လက်နုနုလေးတွေမှာ ကိုယ်က အနမ်းတံဆိပ်တွေ အမြဲခတ်နှိပ်ပေးထားချင်တာ "
" ဒီမအေ...ဘာ ဘာ...ဘာကို လက်နုနု... -ီးကို လက်နုနု။ ငါ့ရဲ့ ဒီလက်ကြမ်းကြမ်းတွေနဲ့ လူရော မိစ္ဆာကောင်တွေရော သတ် သတ်ခဲ့တာ မနမ်းနဲ့ "
" အွန်းဟွန်း မရဘူးကွာ...နမ်းမှာပဲ မွ "
" အား...တော်ပါတော့ "
ခရစ်စတိုဖာ၏လက်နှစ်ဖက်ကို ဂျရယ်မိုင်ရာ ဆတ်ခနဲ ဆွဲယူနမ်းစဉ် သူကသာ ဂျရယ်မိုင်ရာကို စိတ်တိုတိုဖြင့် ဆဲခဲ့သော်လည်း ဂျရယ်မိုင်ရာက သူ့ကိုနားရှက်စေပြီး မျက်နှာပူရလောက်သော စကားများစွာကိုသာ ပြောခဲ့သည်။ ယခုအချိန်မှာတော့ ဂျရယ့်မိုင်ရာအနမ်းတွေက သူနှင့်အလှမ်းဝေးခဲ့လေပြီ။
ယခုအခါ မော်ရာနှင့်ဂါဗင်တို့ကို သူတို့နောက်မှ မျက်နှာငယ်လေးနှင့် ကြည့်နေရပြီး သူဟာ သနားစရာ FA Third Wheel တစ်ကောင်ပမာ။
" ငါပြန်ပြီ "
ရီကာဒိုက မတ်တပ်ထရပ်လိုက်ပြီးနောက် ခါးလှည့်ကာ အကျောဆန့်ခဲ့သည် ။
" Ok, brother. Bye. "
ရီကာဒိုလည်း တပည့် ၄ ယောက်ခြံရံလျက် သူတို့ရှေ့က ဂါဗင်၏တပည့်နောက်သို့ လိုက်သွားကြသည်။ မော်ရာက ရီကာဒိုတို့ ပြန်သွားချင်းပင် ဂါဗင်၏ပေါင်ပေါ် ချက်ချင်း တက်ထိုင်လိုက်သည်။
မော်ရာသည် ယခုအချိန်ထိ ဂါဗင့်ကို မကျေနပ်နေခဲ့သည့် ကိစ္စတစ်ခုရှိခဲ့သည်။ ၎င်းမှာ သူတို့နှစ်ဦးသား တစ်ကုတင်ထဲ အိပ်ခဲ့သော်လည်း လင်မယားကိစ္စမဖြစ်ခဲ့သည့်အကြောင်းအရာကိုပင်။
---
ထိုညက အဖြစ်အပျက်မှာ ဤကဲ့သို့ပင်။
ဂါဗင်က မော်ရာ့ရှေ့တွင် သူ့အဝတ်တွေအကုန်ချွတ်ခဲ့စဉ် ကိုယ်လုံးတီးဖြစ်နေပြီးသား မော်ရာက ကုတင်ပေါ်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။ မော်ရာ၏စိတ်ထဲတွင် အကြီးမားဆုံး ရင်ခုန်စရာညလေးတစ်ည ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားမိခဲ့သည်။
သို့သော် ဂါဗင်ကမူ သူ့အဝတ်တွေ အကုန်ချွတ်ပြီးသွားသည့်နောက် မော်ရာ့ကို ပြုံးပြရင်း ကျောပေးကာ စောင်ကိုဆွဲယူပြီး အိပ်ရာဝင်ခဲ့သည်။ ဂါဗင်၏အပြုအမူကြောင့် မော်ရာလည်း အောင့်သက်သက်ဖြစ်သွားပြီး ဒီအတိုင်း အိပ်ခဲ့ရသည်။
မော်ရာ၏စိတ်ထဲ၌ ဤသို့ပင် တွေးမိခဲ့သေးသည် ။
'ငါနဲ့အတူတူညအိပ်ပေးလို့ ကွယ်ဝိုက်ပြောခဲ့တာကို အချစ်က တကယ်ကြီး အတူတူ အိပ်ပေးရုံပဲပေါ့။ ငါ့အချစ်က တုံးအနေတာလား၊ ရိုးသားလွန်းတာလား'
'ကောလာဟလတွေအရ သူက ရည်းစားတွေပေါခဲ့တာတောင် sex လုပ်လေ့လုပ်ထမရှိဘူးဆိုတာ တကယ်ကြီးမှန်နေတာလား'
'ဒါပေမဲ့ နမ်းတဲ့နေရာကျ တအားတော်ပြီးတော့'
'စဉ်းစားကြည့်ပြန်လည်း အချစ်အနေနဲ့ ဘယ်ရည်းစားတွေနဲ့မှ အတူတူမအိပ်ပေးခဲ့ဘူးလို့လည်း ကြားမိခဲ့သား။ ဒီလိုဆို အချစ်က ငါ့ပေါ် အရင်ရည်းစားတွေထက် ပိုချစ်လို့ အိပ်ပေးခဲ့တယ်လို့ ယူဆနိုင်ပြီပေါ့နော် အဟိ...'
'ဟုတ်ပြီ...နောက်ဆို ငါ့ဘက်ကစလှုပ်ရှားမှ ဖြစ်တော့မယ်'
----
မော်ရာလည်း ထိုညက အဖြစ်အပျက်ကို တွေးနေရင်း ဂါဗင့်ကို စိုက်ကြည့်နေမိသည်။ ဂါဗင်က သူ့ကို မျက်တောင်မခတ်စတမ်း ကြည့်ရှူနေသည့် မော်ရာကို မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။
" မော်ရာ...ဘာပြောချင်လို့လဲ "
ဂါဗင်က စကားစခဲ့သည်။
" ဒယ်ဒီက ဒူဘိုင်းမှာ အဆင်ပြေနေတယ်တဲ့။ အချစ်ခိုင်းထားတဲ့ လုပ်ငန်းတွေလည်း လည်လည်ပတ်ပတ်ရှိနေတယ်ဆိုပဲ...အချစ်ဆီကိုရော ဒယ်ဒီဖုန်းဆက်သွယ်တယ်မလား "
" အင်း ဆက်ပါတယ်။ လစဉ် အစီအရင်ခံနေကြပဲလေ"
" ဒါနဲ့ အချစ် ညောင်းနေပြီလား...မော်ရာ နှိပ်ပေးမယ်လေ"
" ရပါတယ် မညောင်းနေဘူး။ မင်း ရေကူးချင်ရင် သွားကူးလေ "
" မကူးချင်ပါဘူး...မော်ရာက အချစ်နဲ့ပဲ အတူတူနေချင်တာ။ ဒီညလည်း အတူတူအိပ်ဖို့ အဆင်ပြေလားဟင် "
" အင်း "
ဂါဗင်အတွက် ခံစားချက်မပါဝင်ဘဲ ဖြေလိုက်သည့် " အင်း " က မော်ရာ့ကိုတော့ ပျော်စေခဲ့သည်။
" ဟီးဟီး ဒါနဲ့ အပြင်မသွားချင်ဘူးလား "
" ဒီနေ့တော့ အိမ်မှာပဲ အနားယူချင်တယ် "
ဤသို့ဖြင့် မော်ရာနှင့်ဂါဗင်တို့ အပြန်အလှန်စကားတစ်ခွန်းစီ ပြောခဲ့ကြပြီး စကားအဆက်ပြတ်သွားကြသည်။
မော်ရာက ဂါဗင်၏မျက်လုံးတွေကို ယခင်ကထက် ပိုစိုက်ကြည့်လာသည်ကို ဂါဗင် သတိထားမိလေလေ မျက်မှောင်ကုတ်မိလေလေ ဖြစ်သည်။
" ဒန်မော်ရာ...ငါ့ကို ကြာကြာစိုက်ကြည့်နေတာကို မကြိုက်ဘူး "
" Oh...I'm sorry, Darling. ဒါပေမဲ့ မော်ရာကလေ အချစ်ကို ကြည့်ရင်းကြည့်ရင်း အမှောင်စိတ်တွေ ဝင်လာမိပြီ "
မော်ရာ၏စကားများ တဖြည်းဖြည်း ရဲတင်းလာသောအခါ ဂါဗင်၏အကြည့်တွေက ပို၍ အေးစက်လာသည်။
" အဲဒီတော့လေ ဒန်မော်ရာအနေနဲ့ပဲဖြစ်ဖြစ်...မော်ရာအနေနဲ့ပဲဖြစ်ဖြစ်...အချစ်ကြိုက်တဲ့ပုံစံနဲ့ ချစ်တင်းနှောကြမလားလို့ "
" Sorry. ငါ လုပ်ချင်စိတ်မရှိဘူး "
ဂါဗင်က အသံမာမာဖြင့် ပြတ်သားစွာ ငြင်းဆိုလိုက်သည့်အခါ မော်ရာ့မျက်နှာပေါ်က ပြုံးရွှင်နေမှုတွေက အလုံးစုံပျောက်ကွယ်သွားသည်။
လွန်ခဲ့သော မိနစ်ပိုင်းလောက်ကပင် ဂါဗင်၏မျက်ဝန်းများကို ကြင်နာစွာ ကြည့်နေခဲ့သော မော်ရာသည် ယခုစက္ကန့်ပိုင်းအတွင်းမှာတော့ အကြည့်တွေက တဖြည်းဖြည်း ဝမ်းနည်းသည့်ပုံပေါ်လာခဲ့၏။
" ဘာလို့လဲဟင်...မော်ရာ့ကို တကယ်မချစ်လို့လား။ မော်ရာကတော့ အချစ်ကို စစတွဲကတည်းက ခုချိန်ထိ ချစ်နေရတာပါ။ မော်ရာရဲ့ virgin life ကို ဂါဗင့်ဆီပဲ ပေးချင်ခဲ့တာ။ ဒန်မော်ရာအနေနဲ့ပဲဖြစ်စေ...မော်ရာအနေနဲ့ပဲဖြစ်စေ... "
ဂါဗင်၏မျက်နှာက မာထန်လာပြီး နှာခေါင်းထဲကနေ လေလုံးပြင်းကြီးတစ်လုံးကို မှုတ်ထုတ်ခဲ့သည်။ စကားပြောဖို့ အရှိန်ယူနေခဲ့ခြင်းဖြစ်၏။
" ဟေး ဒန်မော်ရာ...ငါ့အတွက် love ဆိုတာလည်း အရေးမကြီးဘူး။ Sex ဆိုတာလည်း အရေးမကြီးဘူး။ ငါ့အတွက် ရည်းစားထားတယ်ဆိုတာ Give and Take သဘောပဲ "
" Give and Take တဲ့လား အချစ်ရယ် "
ထို 'Give and Take' ဆိုသည့် စကားလုံးသုံးလုံးက မော်ရာ့နှလုံးသားကို အလယ်ကနေ ထက်ခြမ်းခွဲလိုက်သလို ခံစားချက်မျိုးဖြစ်စေကာ မော်ရာ့ကို ရိုက်ကြီးတငင် ငိုလာအောင် တွန်းအားပေးခဲ့သည် ။
" အချစ်ရယ်...ဒါဆို ကျွန်မက အသုံးချခံနေရတာပေါ့နော် "
မော်ရာခမျာ ဂါဗင်၏စိတ်ကို နားမလည်နိုင်ခဲ့သည့်အပြင် ဂါဗင်၏စကားလုံးများကြောင့်လည်း နာကျင်နေခဲ့ရပြီး ကလေးလေးတစ်ယောက်ပမာ အငိုကြီးငိုချမိလျှင် သူ၏မိန်းကလေးပုံစံလည်း ပျောက်သွားခဲ့သည်။
မော်ရာငိုလေလေ သူ၏နဂိုမူလပုံစံဖြစ်သည့် ကြောင်နက်မိစ္ဆာပုံစံက တဖြည်းဖြည်းပြောင်းလဲလာလေလေဖြစ်ပြီး သူ၏မိန်းကလေးအဝတ်အစားကပါ ယောကျာ်းလေးအဝတ်အစားဖြစ်သည့် အင်္ကျီနှင့် ဘောင်းဘီအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
ဂါဗင်လည်း သူ့ပေါင်ပေါ်မှာ ရင်ဘတ်က အင်္ကျီစကို ဆွဲစုတ်ပြီး ရိုက်ကြီးတငင် ငိုချနေခဲ့သော ဒန်မော်ရာ့ကို ဒေါသမထွက်နိုင်ဘဲ သနားစိတ်ဝင်လာခဲ့သည်။
ခရစ်စတိုဖာတစ်ယောက် မော်ရာ ငိုနေတာကို မြင်တော့ သူလည်း ဂျရယ်မိုင်ရာ ငိုခဲ့သည့်ပုံရိပ်များကို ပြန်လည်မြင်ယောင်မိသည်။ ဒန်မော်ရာက ဂါဗင့်ပေါင်ပေါ်မှာ ဆက်မထိုင်နေတော့ဘဲ ဆတ်ခနဲ မတ်တတ်ထခဲ့ရင်း သူလာရာလမ်းအတိုင်း ပြန်ဖို့ပြင်၏။
သို့သော် ဒန်မော ခြေ ၁၀ လှမ်း မပြည့်ခင်မှာပဲ ဂါဗင်က နောက်ကနေ ဒန်မော်ရာ့လက်တွေကို အားဖြင့် ဖမ်းဆွဲထားခဲ့သည်။
" လွှတ်ပါ။ ကျွန်တော့်ကို မချစ်ဘဲ လှည့်စားနေတာကို မခံနိုင်ဘူး "
" ဒန်မော်ရာ "
ဂါဗင်က မာထန်စူးရှသည့်အသံဖြင့် အော်လိုက်တော့ ဒန်မော်ရာလည်း ပိုပေါက်ကွဲလာသည်။
" အချစ်က ကျွန်တော့်ကို အသုံးချချင်တယ်ဆိုလည်း ခုလိုရည်းစားအနေနဲ့မဟုတ်ဘဲ အစောထဲက နောက်လိုက်တစ်ယောက်အနေနဲ့ အသုံးချလို့ ရရဲ့သားနဲ့ ဘာလဲ...ကျွန်တော်က မိန်းမလို အရမ်းဖြစ်ချင်နေတဲ့ Gay တစ်ယောက်မို့လို့ တမင်တွဲခဲ့တာလား "
ဒန်မော်ရာလည်း သူခံစားရသမျှကို စိတ်လိုက်မာန်ပါပြောရင်း အသံကျယ်ကျယ်ဖြင့် အော်မိခဲ့သည်။
" ဒန်မော်ရာ "
ဂါဗင်၏အသံက မာထန်မနေတော့ဘဲ ပျော့ပျောင်းသွားသည်။
ခရစ်စတိုဖာအတွက် သူ့ရှေ့မှာ ဖြစ်ပျက်နေကြသော ထိုနှစ်ယောက်၏မြင်ကွင်းက ရုပ်ရှင်တွေထဲကလို ဇာတ်ရှိန်အတက်ဆုံး ဒရာမာဇာတ်ဝင်ခန်းတစ်ခုအလား။
သူ၏မျက်လုံးများက မော်ရာ၏နာကျင်နေသော မျက်ဝန်းများကိုသာ အသားပေးကြည့်ရှုခဲ့ပြီး ဒေါသထွက်နေခဲ့သော ဂါဗင်၏မျက်လုံးများကိုတော့ မကြည့်နေခဲ့ပေ။ မော်ရာ၏ လှပသောမှော်မျက်ဝန်းများထဲမှ နက်ရှိုင်းသောအဓိပ္ပာယ်များကို ခရစ်စတိုဖာ အလိုအလျောက် ကောင်းကောင်းနားလည်ခံစားမိသည်။
ယင်းမျက်လုံးများ၏ အဓိပ္ပာယ်မှာ ခံပြင်းခြင်း၊ နာကျင်ခြင်း၊ နားမလည်နိုင်ခြင်းများစွာဖြင့် " မင်း ငါ့ကိုဘာလို့ မချစ်နိုင်ရတာလဲ " ဟူသော အဓိပ္ပာယ်။
ဂျရယ်မိုင်ရာထံမှလည်း ထိုအဓိပ္ပာယ်များစွာပါဝင်ခဲ့သော မျက်လုံးအစုံဖြင့် ကြည့်ခံရဖူးခဲ့ခြင်းကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခု မော်ရာနှင့်ဂါဗင်တို့၏ မြင်ကွင်းက သူငယ်စဉ်က ကြည့်ဖူးခဲ့သည့် အင်္ဂလိပ် black and white အချစ်ဒရာမာဇာတ်ကားများထဲကလို မင်းသားက သူ့ကိုအထင်လွဲနေသော မင်းသမီးကို ရှင်းပြရန် ကြိုးစားနေခဲ့သည့် ပုံစံပင်။
အလွမ်းအဆွေးဇာတ်ဝင်ခန်းများပါပါက မျက်ရည်လွယ်တတ်သည့် ခရစ်စတိုဖာလည်း သူ့ရှေ့ကဇာတ်ဝင်ခန်းကြောင့် အသံတိတ် ငိုနေမိသည်။
တစ်ချိန်ထဲမှာပဲ သူ့မျက်လုံးတွေက မဆီမဆိုင် မော်ရာ့ကိုယ်စား ဂျရယ်မိုင်ရာကို မြင်ယောင်မိခဲ့ပြီး ဂါဗင်၏နေရာတွင် သူ့ကိုယ်သူ ပြန်မြင်နေခဲ့တာကြောင့် ပို၍မျက်ရည်ကျလာရသည်။
ဇာတ်ဝင်ခန်းထဲမှာ ကိုယ်တိုင်စီးမျောကာ ခံစားချက်ပြင်းထန်နေသည့် ရုပ်ရှင်ပရိတ်သတ်တစ်ယောက်လိုပင်။
ဂါဗင်က မော်ရာ၏လက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်တည်းဖြင့် ချုပ်ကိုင်လိုက်ပြီး ရေကူးကန်လျောက်လမ်း၏ ညာဘက်ခြမ်းသို့ ဦးတည်ခေါ်သွားသည်။
" ဘာလုပ်တာလဲ...လက်ကို လွှတ်ပါ "
" အခန်းထဲမှာ စကားပြောကြမယ် "
" ဟင့်အင်း မပြောဘူး။ မော်ရာ့ကို တကယ်မချစ်ဘဲ အချိန်တစ်ခုထိ လှည့်စားနေမယ့် ယောကျာ်းတစ်ယောက်ဆီမှာ ဆက်မနေချင်တော့ဘူး...တခြားတစ်ယောက်ပြောင်းပြီး အစားထိုးလိုက်။ ခုလက်လွှတ် "
မော်ရာက ဂါဗင်ဆက်မခေါ်သွားနိုင်အောင် လျောက်လမ်းပေါ် ထိုင်ချခဲ့သည်။
ငိုကြီးချက်မဖြင့် မော်ရာက ဂါဗင့်ကို မျက်ရည်ရွဲရွဲဖြင့် မော့ကြည့်လျက် ဂါဗင်ကလည်း မော်ရာ့မျက်လုံးတွေကို သေချာစိုက်ကြည့်နေသည်။
" ဒန်မော်ရာ...ကိုယ့်နှလုံးသားက အဲဒီအတွက် အစပျိုးနေပါပြီ "
" ဘာကိုလဲ "
" မင်းကို ချစ်လာဖို့လေ "
မျက်ရည်အိုင်ထဲမှ မော်ရာ၏အကြည့်လေးများက ဂါဗင်၏ မမျှေယ်လင့်ထားခဲ့သော စကားကြောင့် ငိုနေရင်းမှာပင် မျက်လုံးများအရောင်လက်သွားရသည်။
" လိမ်နေတာတော့ မဟုတ်ဘူးမလား "
မော်ရာက ဂါဗင်၏စကားကို တစ်ချက် သံသယစိတ်ဝင်လာမိပြီး မေးခဲ့သည်။
" ကိုယ့်ကို အချိန်တစ်ခုတော့ပေးပါ မော်ရာ...တွဲခဲ့သမျှ ရည်းစားတွေနဲ့ လိင်ကိစ္စကို စိတ်မပါနေခဲ့ရတာ ကိုယ့်မယ်တော်ကြောင့်ပါပဲ။ မယ်တော်က ပြောခဲ့တယ်။ ကိုယ် တစ်သက်လုံး မချစ်နိုင်တဲ့သူနဲ့ လိင်ဆက်ဆံခြင်းမပြုဖို့။ ကိုယ်တကယ်မချစ်နိုင်တဲ့သူနဲ့ အချိန်မဖြုန်းဖို့။ မယ်တော့်ရဲ့စကားကို လိုက်နာခဲ့တာကြောင့်ပါ "
စကားဆက်မပြောကြတော့ဘဲ နှစ်ဦးသား အကြည့်ချင်း ဆုံနေခဲ့ကြသည်။
ခဏအကြာမှာတော့ မော်ရာဟာ မျက်ရည်တွေကို သုတ်လိုက်ပြီး တံတွေးမြိုချရင်း အသက်ပြင်းပြင်းရှူခဲ့၏ ။
ထို့နောက် သူ့ဘက်ကနေ စကားပြန်စလိုက်သည်။
" ဪ တကယ့်အမေချစ်သားလေးပဲ... အသက် ၂၈ နှစ်ထိ ရည်းစားများခဲ့ပေမယ့် လူပျိုစင်ဘဝကို ခုချိန်ထိ ထိန်းသိမ်းနိုင်တာ တကယ်လေးစားလောက်ပါပေတယ် "
မော်ရာလည်း ငိုနေခဲ့ရာမှ သူ့ချစ်သူ ကိလေသာကင်းစင်သူကြီးဟာ သူ့မယ်တော်၏ဆုံးမဩဝါဒတွေ လွှမ်းခြုံနေခဲ့ခြင်းကို နားလည်သဘောပေါက်သွားတာကြောင့် တွေးတောရင်း မျက်နှာတည်လာလေသည်။ ဂါဗင်သည် အမှန်တရားတစ်ခုကို တကယ်ကြီး ဝန်ခံခဲ့မှန်း မော်ရာ သဘောပေါက်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ဂါဗင်သည်အိမ်ဦးခန်းမဆောင်ထဲမှာသာမက သူ့အခန်းထဲမှာပါ မယ်တော်၏ ပုံတူပန်းချီကားများကို ထားရှိသလို မော်ရာနှင့် တွေ့သည့် အချိန်တိုင်းတွင်လည်း သူ့မယ်တော်အကြောင်း ကြုံရင်ကြုံသလိုပြောခဲ့သူပင်။
ထို့ကြောင့် မော်ရာ့အနေဖြင့် ဂါဗင်၏စကားများကို သံသယကင်းရှင်းသွားခဲ့ပြီးလျှင် ဂါဗင်သည် သူ့ကိုအမှန်တကယ်ချစ်လာဖို့အတွက် အချိန်တစ်ခုပေးရမည်ဆိုတာကို နားလည်သဘောပေါက်သွားခဲ့သည်။
မော်ရာသည် ယခင်မိန်းကလေးပုံစံကို ပြန်ပြောင်းသွားပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ဂါဗင်၏လည်ပင်းကို သိုင်းဖက်လိုက်သည်။
ဂါဗင်လည်း မော်ရာ၏ခါးသွယ်သွယ်လေးတွေကို တင်းကျပ်စွာ ပြန်လည်ပွေ့ဖက်လိုက်ပြီးနောက်...
" ကိုယ်သာ မင်းအပေါ် ခံစားချက်မရှိလာဘူးဆိုရင် မင်းနဲ့ အတူတူတောင် မအိပ်ပေးနေဘူး။ ကိုယ်က သူစိမ်းတွေနဲ့ အတူတူအိပ်ရတာ မကြိုက်တဲ့ကောင်ပါ။ အတူတူအိပ်ဖူးတဲ့သူတွေက မယ်တော်နဲ့ညီတော်ပဲရှိခဲ့တယ်။ ပြီးတော့ မင်း... "
မော်ရာလည်း ဂါဗင့်ကို သိုင်းဖက်ထားလျက်နှင့် ဂါဗင်၏စကားများကြောင့် သူ့နှလုံးသား ကွဲအက်ရာတွေဟာလည်း တစ်ဖန်ပြန်ဆက်သွားခဲ့၏။
" ကျွန်မဘက်က စကားတွေတောင် လွန်သွားပါပြီ လူဆိုးကြီးရယ်...ဘာပဲဖြစ်ဖြစ် ရှေ့လျောက် ကျွန်မကို ပိုချစ်ပေးရမယ်နော် "
" အင်း အင်း "
" ဒါနဲ့ ဒန်မော်ရာကို ချစ်မှာလား။ မော်ရာကို ချစ်မှာလား "
" နှစ်ယောက်စလုံးကို "
ထို့နောက် ဂါဗင်က မော်ရာ၏မျက်ရည်တွေကို သုတ်ပေးပြီး မော်ရာ့လက်ကိုဆွဲကာ သူ့အခန်းထဲသို့ ခေါ်သွားခဲ့သည်။ သို့ဖြစ်၍ ချစ်ကြည်နူး တစ်တီတူးနေကြသော အချစ်ငှက်ငယ်လေးများကို ကြည့်နေရင်း ခွေးစာနင်ခဲ့သည်က ခရစ်စတိုဖာလေးပင်။
----
တစ်ဖက်မှာလည်း ဂျရယ်မိုင်ရာက တိုက်ဆိုင်မှုတွေရှိလာတိုင်း ခရစ်စတိုဖာကိုသတိရသည်။ ထိုသို့သတိရမိတိုင်းလည်း အလုပ်ကိုကြိုးစားလုပ်သည်။ ဒါမှမဟုတ် ညီမဖြစ်သူ မွန်ဒီလေးနှင့် လျှောက်သွားသည်။ ညတိုင်း ဂိမ်းအတူတူဆော့ကြသည်။ သို့မဟုတ် တီဗွီအတူတူကြည့်ကြသည်။
မွန်ဒီ အိပ်မပျော်သောညများ၌ ဂျရယ်မိုင်ရာက ပုံပြင်ဖတ်ပြရင်း ချော့သိပ်တတ်သကဲ့သို့ တစ်ခါတလေ သီချင်းဆိုပြရင်း မွန်ဒီ အိပ်ပျော်သွားသည်အထိ ချော့သိပ်လေ့ရှိသည်။ မွန်ဒီ အိပ်ပျော်သွားတာသေချာမှသာ သူ့အခန်းထဲသို့ ပြန်ဝင်အိပ်ခဲ့ပြီး တစ်ခါတရံ မွန်ဒီ့အခန်းထဲရှိ ဆိုဖာခုံကြီးပေါ်တွင်သာ မှေးစက်လေ့ရှိသည်။
ရံဖန်ရံခါ မွန်ဒီနှင့်အတူတူ ရေကန်ကြီးထဲ ရေဆင်းကူးပေးသည်။ မွန်ဒီသည် ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်ပါက ထိုရေကူးကန်ကြီးထဲမှာပင် အိပ်ရာဝင်လေ့ရှိသည်။ ထိုအခါ ဂျရယ်မိုင်ရာက ရေကန်ကြီး၏အပြင်ဘက်တွင် laptop (သို့မဟုတ်) iPad သုံးရင်း ထိုင်စောင့်နေခဲ့၏။
ဤနည်းဖြင့် ဂျရယ်မိုင်ရာလည်း ညီမဖြစ်သူ မွန်ဒီလေးကြောင့် ခရစ်စတိုဖာကို မေ့ပျောက်စပြုလာခဲ့သည်။ သို့သော် ခရစ်စတိုဖာကမူ ဂျရယ်မိုင်ရာကို အချိန်တိုင်း၊ နေ့တိုင်း၊ ညတိုင်း လွမ်းနေမိလျက်။ တစ်ခါတလေ ထိုအကြောင်းကြောင့် သူ့အိမ်မက်ထဲမှာပင် ကိုတအား ရင်ဖွင့်မိသေးသည်။
ကိုတက ပြီးခဲ့သောအတိတ်များကို မေ့ပစ်ဖို့ ကြိုးစားဆုံးမလေ ခရစ်စတိုဖာက ပိုပြီးသတိရလေဖြစ်ခြင်းကြောင့်။ ခရစ်စတိုဖာ၏ဒွိဟဖြစ်ကာ တွေးဝေနေသည့် ပုံစံများက ကိုတကို အကြိမ်အကြိမ် စိတ်မရှည်ဖြစ်စေသည်။ ခရစ်တိုဖာသည် အစတုန်းကတော့ ဂျရယ်မိုင်ရာကို ခံစားချက်လုံးဝမရှိသလိုနေလာခဲ့ပြီး ယခုတွင်မူ သူ့စိတ်က ဂျရယ်မိုင်ရာဆီကိုသာ တစ်နေ့တစ်ခြား ပိုမို တိမ်းညွတ်လာခဲ့ပြီဖြစ်သည်။
တစ်ခါတရံ...
ကိုယ့်ဘက်က စိတ်ပိုင်းဖြတ်ပြီး
လွှတ်ချလိုက်ကာမှ
တစ်ချိန်မှာ ပြန်လည်တမ်းတမိရင်း
ရေထဲလွှတ်သည့် ငါးကလေးကို
ပြန်လိုချင်လာတတ်ကြောင်း
ထိုငါးလေးက သိနိုင်ပါတော့မလား...။
◎ ══════ ❈ ══════ ◎