အခန်းသည် အတန်ကြာတိတ်ဆိတ်နေ၏။ လီဆာ့ဒူးတွေလည်း နာကျင်လာပြီ။ မျက်စိရှေ့က ခြေဖမိုးဖြူဖြူကလွဲ လီဆာမြင်ရတာဘာမှမရှိ။
" မင်းရဲ့မျက်နှာကိုမော့ခွင့်ရှိတယ် မျက်နှာမော့ပြီး ငါ့ကိုတည့်တည့်ကြည့်စမ်း "
ဂျိန်းနီယာနာရဲ့အသံက ခပ်မာမာပင်ထွက်လာသည်။ အသံနဲ့တင်ကြောက်ဖို့ကောင်းနေတာမို့ လီဆာဘာမှအထွန့်မတက်ရဲပါ။ ဒီနေရာမှာတင် လီဆာ့ကိုသတ်ပစ်နိုင်တဲ့မိန်းမလေ။
အလေးအနက်ဖြစ်နေဟန်မျက်ဝန်းအိမ်များကို လီဆာမော့ဖူးရသည်။ ပထမဆုံးသတိထားမိတာက ဂျိန်းနီယာနာ၏ဝဲဘက်မျက်ခွံပေါ်ကမှဲ့။ ထိုမှဲ့ရဲ့အောက်မှာတော့ နီညိုရောင်အိုင်တွေတည်ရှိတယ်။ လီဆာမညာ။ သေချာပေါက် နီညိုရောင်အိုင်တွေပါ။ ဂျိန်းနီယာနာရဲ့မျက်ဝန်းတွေကလေ ရီဝေသွားစေတဲ့နီညိုရောင်အိုင်တွေ။
" ကြယ်စင်တန်းတွေပေါ်လာတာကို မင်းမြင်ခဲ့သလား "
" ဟုတ် ဟုတ်ကဲ့ "
ဂျိန်းနီယာနာက သက်ပြင်းချသည်။
" မင်းမှာသိချင်တာတွေ များနေမှာပေါ့ "
" ဟုတ် ဟုတ်ပါတယ် "
ဂျိန်းနီယာနာက ဘာမှပြန်မပြောဘဲ လီဆာ့အပြောကိုစောင့်နေဟန်တူတာကြောင့် လီဆာသတ္တိမွေးကာ ဆက်ပြောဖို့ပြင်ရသည်။
" ကျွန်မရောက်နေတာနီယာနာလို့သိရပေမယ့် အတွေးတွေမရှင်းပါဘူး ဒီနေရာက ကျွန်မနေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့မတူဘူး ကျွန်မ .. ကျွန်မပြောချင်တာက ကျွန်မကမ္ဘာသစ်တစ်ခုကိုရောက်လာရသလိုမျိုး ..
" ဟုတ်တယ် "
" ရှင် "
" မင်းရောက်နေတာ ကမ္ဘာသစ်တစ်ခုဟုတ်တယ် မင်းနေခဲ့တဲ့ကမ္ဘာနဲ့ သက်တမ်းဆယ်နှစ်ကွာပြီးပေါ်ပေါက်ခဲ့တဲ့ကမ္ဘာသစ် "
လီဆာ ဂျိန်းနီယာနာအား မယုံသက်ာမျက်ဝန်းတို့ဖြင့်ကြည့်မိတော့ နောက်နေဟန်မတူ။ ဂျိန်းနီယာနာဟာ လီဆာ့ကိုစနောက်မယ့်သူမဟုတ်တာတော့ လီဆာသိပါတယ်။
" မင်းခန္ဓာကိုယ်ကိုသတိမထားမိဘူးလား "
" ... "
" မင်းဒီကမ္ဘာကိုရောက်လာတဲ့အချိန် ဆယ်နှစ်ပြန်ငယ်သွားရတယ် မင်းပုံပန်းသဏ္ဍာန်က အရင်ကနဲ့ကွာခြားသွားတယ်မဟုတ်ဘူးလား "
" ဟုတ်ပေမယ့် .. "
လီဆာ ဘာစကားပြန်ပြောရမည်မသိ။ မျက်မှန်တပ်မှ မြင်ကွင်းတွေဝါးသွားတာ၊ ဆံပင်တွေတိုသွားတာ၊ ဒါတွေက ဂျိန်းနီယာနာရဲ့စကားကို ထောက်ခံနေသလို။ အမှန်တကယ်လီဆာဟာ ဒီကမ္ဘာကို ဆယ့်ရှစ်နှစ်သမီးအရွယ်နဲ့ရောက်လာခဲ့တာများလား။
" အဲ့တာတွေထက် မင်းသိထားရမယ့် အရေးအကြီးဆုံးအရာရှိတယ် "
လီဆာခေါင်းငုံ့နေရင်း ဂျိန်းနီယာနာဆက်ပြောလာမည့်စကားတို့အား နားစွင့်လိုက်သည်။
" နီယာနာနန်းတော်ထဲမှာရောက်နေတဲ့မင်းက နီယန်းမဟုတ်ဘူးဆိုတာ တခြားလူတွေသိသွားရင် မင်းကိုငါ မဖြစ်မနေသေမိန့်ချရလိမ့်မယ် "
ခပ်ဖြည်းဖြည်းစကားသံပေမယ့် လီဆာ့ခေါင်းထဲတော့ဆူညံသွားတာပဲ။ ဘယ်မှန်းမသိတဲ့နေရာမှာ လီဆာကသေဒဏ်ချခံရမယ်လို့ အိပ်မက်ထဲမှာတောင် ကယောင်ခြောက်ချားမမက်ဖူးဘူး။
ရှေ့မှာဂျိန်းနီယာနာပြောခဲ့တဲ့စကားတွေကိုတောင် အမှီမလိုက်နိုင်သေးတဲ့ဦးနှောက်က နောက်ဆုံးစကားမှာ ခဲသွားတယ်ထင်ရတယ်။ ဂျိန်းနီယာနာကိုဆတ်ခနဲမော့ကြည့်တော့ သူကလည်းလီဆာ့ကိုကြည့်နေတာ။
" အရှင်မ "
ခေါ်သံကြောင့် ဂျိန်းနီယာနာက အခန်းဝကိုကြည့်တယ်။ ဒီယောကျ်ားသာဝင်မလာရင် လီဆာ့စိတ်တွေတော့ ဘယ်အချိန်ထိဗလာဖြစ်နေမလဲမသိ။
" စံနန်းဆောင်မှာစောင့်ပါ မာတီယို "
ဂျိန်းနီယာနာစကားအဆုံး ထိုယောကျ်ားကအရိုအသေပေးကာ လှည့်ထွက်သွားသည်။ လီဆာအထင်မမှားရင် အဲ့ဒီ့ယောကျ်ားရဲ့ခါးစည်းကြိုးကလည်း ရွှေရောင်ဖြစ်နေသလားလို့။
" လူစိမ်းကို စောင့်ရှောက်ထားလိုက်ပါ ချန်း "
လီဆာ့ဘေးကဆံပင်အဝါနဲ့မိန်းကလေးက ဂျိန်းနီယာနာအား ခေါင်းငြိမ့်ပြနေသည်။
" ပြီးတော့ မင်း .. မကြာခင် မင်းကိုပြန်ပို့ပေးမှာ အဲ့တာကြောင့် ဘာကိုမှမစပ်စုဘဲ အေးအေးချမ်းချမ်းနဲ့ ပြန်ရမယ့်အချိန်ကိုစောင့်ပါ "
လီဆာဘယ်လောက်ဝမ်းသာသွားလဲ မရှင်းပြနိုင်။ ဘယ်တော့မှန်းမသိပေမယ့် အနည်းဆုံးတော့လီဆာအိမ်ပြန်လို့ရနိုင်သေးတဲ့သဘောပဲလေ။
" ဟုတ်ကဲ့ပါ အရှင်မ "
လီဆာ ဂျိန်းနီယာနာ၏မျက်နှာကိုကြည့်ရင်း ခပ်သွက်သွက်ပြန်ဖြေလိုက်သည်။ ဂျိန်းနီယာနာရဲ့မျက်ခုံးအစုံသိသိသာသာပင့်တက်သွားတော့ ချီဆူးက လီဆာ့ပုခုံးအားဆတ်ခနဲရိုက်ရင်း ..
" သူက လူစိမ်းမို့ နားမလည်သေးလို့ပါအရှင် "
ထိုအခါမှ ဂျိန်းနီယာနာက ခေါင်းတစ်ချက်ငြိမ့်ကာ အခန်းအတွင်းမှ ထွက်သွားတော့သည်။
နားမလည်ဘဲကျန်ခဲ့တာကလီဆာ။ လီဆာပြောလိုက်တဲ့စကားမှာ ဘာအမှားမှမပါဘဲ ချီဆူးကဘာ့ကြောင့် အဲ့သလိုပြောရသလဲနော်။
" လူစိမ်း "
" လီဆာပါ ကျွန်မနာမည်လီဆာ "
လီဆာပြန်ပြောလိုက်ပေမယ့် ချီဆူးကစိတ်မရှည်ဟန်ကြည့်ရင်း ..
" သူ့ကို လိုအပ်တာတွေပြောပြထားလိုက်ချန်း .. ဒီပုံစံနဲ့ဆို မြန်မြန်သေဒဏ်ချခံနေရဦးမယ် "
ချီဆူးစကားကြောင့် လီဆာစိတ်တိုသွားသော်လည်း မတုန့်ပြန်ရဲ။ တတ်နိုင်သလောက် .. မဟုတ်ဘူး တတ်နိုင်တာထက်ပိုပြီးသည်းခံရင်း အိမ်ပြန်ရမယ့်အချိန်ကိုစောင့်ဖို့သာ ဆုံးဖြတ်လိုက်တယ်။ ချီဆူးထွက်သွားမှ ဆံပင်အဝါနဲ့မိန်းကလေးက လီဆာ့ကိုလှည့်ကြည့်သည်။
" ခုနကကျွန်မပြောတာ ဘာအမှားပါသွားလို့လဲ ချန်း "
" နင်ကအရှင်မလို့ခေါ်လိုက်လို့လေ အရှင့်ကို အရှင့်ကြင်ယာတော်ကလွဲပြီး ဘယ်သူမှအရှင်မလို့ခေါ်ခွင့်မရှိဘူး "
" မဟုတ်တာ ခုနကယောကျ်ားကတောင် အရှင်မလို့ခေါ် ..
ခေါင်းရမ်းနေတဲ့ချန်းကြောင့် လီဆာ့စကားတို့တန့်သွားသည်။ ထို့နောက်ထိုယောကျ်ားခါးစည်းကြိုးက ရွှေရောင်ဖြစ်နေတာသတိရမိတော့ ..
" မဟုတ်မှအဲ့တာလား .. အဲ့တာ အရှင့်ကြင်ယာတော်လား "
" အင်း အရှင် အသက်နှစ်ဆယ်မှာလက်ဆက်ခဲ့တာ "
ဂျိန်းနီယာနာက လက်ဆက်ပြီးသားပေါ့။ နှမြောစရာကောင်းလိုက်တာ။
" အရှင်က အခုအသက်ဘယ်လောက်လဲ "
" နှစ်ဆယ့်သုံးနှစ် "
" အော် နှမြောစရာကောင်းလိုက်တာ "
" မိန်းကလေးတော်တော်များများက ကြင်ယာတော်ကိုနှမြောနေတာ နင်ကအရှင့်ကိုနှမြောတယ်ပေါ့ "
" ကြင်ယာတော်ကို ဘာလို့နှမြောကြတာလဲ "
" လက်ဆက်ပြီး နန်းတော်ထဲမှာနေခွင့်မရသေးလို့လေ "
" ဘာလို့မရတာလဲ "
ချန်းကလီဆာ့ကို သိချင်စိတ်များလိုက်တာဆိုတဲ့အကြည့်မျိုးနဲ့ကြည့်တယ်။ သို့ပေမယ့် လီဆာ့မေးခွန်းကိုတော့ ဖြေပေးပါတယ်။
" အရှင်နဲ့ မပေါင်းသင်းရသေးလို့ "
" ဟင် လက်ဆက်ပြီးမပေါင်းသင်းရသေးဘူးလား"
" အရှင်က မိုဂန်တွေအရေးပြီးမှ ဆက်ခံသူမွေးဖို့စဥ်းစားထားတယ်တဲ့ "
မိုဂန်။ လီဆာမသိတဲ့ နောက်ထပ်အရာတွေ။ သိချင်တာတွေများတာမို့ လီဆာဖြည်းဖြည်းချင်းခွဲမေးဖို့ တွေးလိုက်တယ်။
" အရှင်နဲ့လက်ဆက်ပြီး သူကဘုရင်ဖြစ်မလာဘူးပေါ့ "
" နီယာနာကိုဂျိန်းနီယာနာကလွဲပြီး ဘယ်သူမှအုပ်ချုပ်လို့မရလို့လေ. နီယာနာကိုအုပ်ချုပ်မယ့်သူကကောင်းကင်ကရွေးပြီးသား. အရှင်မွေးတဲ့အချိန်မှာ နင်တွေ့ခဲ့တဲ့ကြယ်သုံးလုံးက အတန်းလိုက်ပေါ်လာတာတဲ့. အရှင်ကကြယ်နက္ခတ်နဲ့မွေးဖွားလာတာ. သူဆန္ဒရှိရင်နီယာနာမှမဟုတ်ဘူး ဘယ်အရာကိုမဆိုထိန်းသိမ်းထားလို့ရတယ်. ဂျိန်းနီယာနာကငါတို့နဲ့မတူဘူး အရှင်သခင်ဖြစ်ဖို့မွေးလာတာလို့ ငါ့ဖခင်ကပြောတာပဲ "
" ... "
" ကဲပါ နင်သိချင်တာတွေများမှာသိပေမယ့် နင်သိသင့်တာပဲသိထားတာကောင်းပါတယ် ပိုသိသွားရင် နင်ပြန်လို့ရမှာမဟုတ်ဘူး အခုတော့ ဒီမှာပဲအနားယူပါ ဒါငါ့နန်းဆောင်ပဲ နင်ကငါနဲ့ဒီမှာနေရမှာ "
လီဆာခေါင်းငြိမ့်ရင်း တိတ်တဆိတ်သာနေလိုက်သည်။ စိတ်ထဲမှာတော့ မတင်မကျပါ။ ခေါင်းထဲကအရှုပ်အထွေးတွေကို ဘယ်ကစဖြည်ရမလဲ တကယ်ကိုမသိတော့။
✯✯✯
လရောင်သည် အလွန်ပင်ထိန်လင်းနေသည်။ ဒီအခြေအနေမှာ အိပ်မပျော်တာဟာ ပုံမှန်ပင်ဖြစ်ပါလိမ့်မည်။ လီဆာသလွန်ပေါ်မှထရင်း ပြတင်းတံခါး၌ရပ်လိုက်သည်။
ဒီရောက်မှတစ်သက်လုံးမတည့်လာတဲ့ အစ်မကိုပိုသတိရလာသလိုပါ။ လီဆာမရှိရင် အဖေနဲ့အမေကို မမတစ်ယောက်ထဲဂရုစိုက်ပေးရတော့မှာပဲ။
အပြင်ကိုလှမ်းကြည့်တော့ နန်းရင်ပြင်နဲ့အဝါရောင်သမ်းနေတဲ့ နန်းဆောင်ကြီး၊ နန်းဆောင်ငယ်တွေကိုမြင်ရတယ်။ နောက်ပြီး မီးလင်းနေတဲ့မြင်းဇောင်းတန်းနဲ့ မျှော်စင်။ သံချပ်ကာတွေထိခတ်သံလည်း တစ်ချက်တစ်ချက်ကြားရတယ်။ နန်းတော်တစ်ဝိုက် ကင်းလှည့်နေတဲ့အစောင့်တပ်သားတွေဆီကဖြစ်မယ်။ လီဆာနေတဲ့နန်းဆောင်ထက်ပိုကြီးတဲ့နန်းဆောင်ကတော့ နှစ်ဆောင်ပဲရှိပါတယ်။ အဲ့ဒီ့ထဲကတစ်ဆောင်ဆောင်က ဂျိန်းနီယာနာရဲ့စံနန်းဆောင်ဖြစ်နိုင်တယ်။
တွေးရင်း အတွေးတွေထဲ ဂျိန်းနီယာနာပါလာတော့ အာရုံတွေဂျိန်းနီယာနာဆီကိုပြောင်းသွားတယ်။ ဂျိန်းနီယာနာကထူးဆန်းတယ်။ ကြင်ယာတော်ကိုတောင် နန်းတော်အပြင်မှာ ရက်ရက်စက်စက်ထားရက်တဲ့မိန်းမပဲ။ မိုဂန်ဆိုတာက အကြောင်းပြချက်တစ်ခုလည်းဖြစ်ရင်ဖြစ်နေမှာ။ မပေါင်းသင်းလိုပဲ ဘာ့ကြောင့်ကြင်ယာတော်ထားနေသေးလဲနော်။ ဒီမိန်းမက ခက်ပါ့။
ခြေဖမိုးလှလှကလေးနဲ့ နီညိုရောင်အိုင်တွေသာစိတ်ထဲစွဲမနေရင် လီဆာ သူ့ကိုအပြစ်မြင်မိမှာ။ အခုတော့ ဂျိန်းနီယာနာကိုမြင်ခွင့်ရတာ အဆိုးထဲကအကောင်းလိုခံစားချက်မျိုး ဖြစ်နေရတယ်။
အောက်ကိုငုံ့ကြည့်ရင်း အမှောင်ထဲကခပ်လှုပ်လှုပ်အရာကြောင့် လီဆာကိုယ်ကိုကိုင်းပြီး စူးစိုက်ကြည့်လိုက်သည်။
" သမင်ကြီး "
လီဆာ ချန်းဆင်ပေးထားတဲ့ အမဲရောင်ဝတ်ရုံကြီးကိုဆွဲမပြီး နန်းဆောင်အပြင်ထွက်လာလိုက်သည်။ သမင်က လီဆာ့ကိုမြင်တာတောင် ထွက်ပြေးခြင်းမပြု။ လူတွေနှင့် အတော်လေးယဥ်ပါးနေတာဖြစ်နိုင်သည်။ နန်းတော်ထဲကသမင်က သမင်ရိုင်းတော့မဟုတ်နိုင်။
" အနားအရမ်းမကပ်နဲ့ လူစိမ်းဆိုသူကလန့်တတ်တယ် "
ရှေ့တိုးဖို့ပြင်နေတဲ့ခြေလှမ်းတွေကိုပြန်ရုတ်ရင်း အနောက်ကိုလှည့်ကြည့်တော့ ဂျိန်းနီယာနာ။ ဘာ့ကြောင့်မှန်းမသိ ဂျိန်းနီယာနာကိုမြင်ရတော့ လီဆာ့စိတ်တွေလှစ်ခနဲပျော်သွားတာ။
အိပ်ဆောင်ဝင်ခါနီးမို့ထင်သည်။ ဂျိန်းနီယာနာရဲ့ ခါးစည်းကြိုးက အနည်းငယ်လျော့တိလျော့ရဲနှင့် နဖူးပေါ်က ရွှေရောင်အဆင်တန်ဆာလည်းမရှိ။
" အရှင် "
လီဆာ့ခေါ်သံကြောင့် သမင်ကိုကြည့်နေတဲ့ မျက်ဝန်းတွေက လီဆာ့ဆီရောက်လာသည်။ နီညိုရောင်အိုင်ကို ညရဲ့အမှောင်ထုကတောင်မဖုံးလွှမ်းထားနိုင်။
" မင်းရဲ့နာမည်ကဘာလဲ လူစိမ်း "
" လီဆာပါ အရှင် "
လီဆာခေါင်းငုံ့ရင်းဖြေလိုက်သည်။ ဂျိန်းနီယာနာကို မျက်လုံးချင်းဆုံမကြည့်ရန် ချန်းကအသေအချာပင် မှာထားသည်လေ။
" ဝတ်ရုံကိုသေချာပြန်ဝတ်ချေ "
" ဟုတ် ဟုတ်ကဲ့အရှင် "
မဝတ်တတ်တဲ့ဝတ်ရုံကြီးကိုသေသေချာချာပြန်ပတ်ရင်း ပြေကျမလိုဖြစ်နေတဲ့ငွေရောင်ခါးစည်းကြိုးကို ခပ်တင်းတင်းပြန်စည်းလိုက်သည်။ ပတ်ထားတာအဆင်မပြေလို့ ရင်ဘတ်နေရာမှာပုံကျနေတဲ့ဝတ်ရုံကြီးကြောင့် လီဆာဖြင့်ပါးတွေတောင်ပူလာသလိုပဲ။
" ဝတ်ရုံမဝတ်တတ်ရင် မင်းတော့ရှေ့လျှောက်ဒုက္ခပဲ လာစမ်းငါ့အနား "
လီဆာ ရင်ဘတ်ကဝတ်ရုံစကိုလက်နဲ့ဖိထားရင်း ဂျိန်းနီယာနာရှေ့တွင် ရပ်ရသည်။ ဝတ်ရုံကြီးကို ပြန်ခြုံပေးရင်း ဂျိန်းနီယာနာကိုယ်တိုင်ပတ်ပေးတော့ ကိုယ်ကိုကြုံ့မိရတယ်။ ပုခုံးတစ်ဝိုက်ဆီကမထိတထိခံစားချက်ကြောင့် လီဆာအသက်တောင်မရှူမိဘူးထင်ပါတယ်။ ခပ်သင်းသင်းမွှေးရနံ့ကြောင့် ဂျိန်းနီယာနာအနားက မခွာချင်တော့သလိုဖြစ်လာတယ်။ လီဆာတော့ ဒီကမ္ဘာကိုရောက်လာကတည်းက ဆက်တိုက်ကိုပုံမှန်မဟုတ်နေတော့တာ။
မျက်နှာချင်းဆိုင်ဖြစ်နေတာမို့ လီဆာမျက်နှာအားဘေးကိုမသိမသာလွှဲလိုက်တော့ နန်းရင်ပြင်ပေါ်မှာလရောင်ကြောင့်ထင်နေတဲ့ လီဆာနဲ့ဂျိန်းနီယာနာရဲ့အရိပ်တွေကိုမြင်ရတယ်။ ပြုံးချင်ပေမယ့် မပြုံးရဲ။ စိတ်ထဲမှာတော့ ကင်မရာပြေးယူပြီးဓာတ်ပုံရိုက်သိမ်းထားချင်မိတာ။
" ခါးစည်းကြိုး စည်းတော့ "
ဂျိန်းနီယာနာက ထိုမျှပြောပြီး ခပ်လှမ်းလှမ်းကသမင်ကိုချော့မြူနေတယ်။ ဂျိန်းနီယာနာရဲ့ဝတ်ရုံထဲတိုးဝေ့နေတဲ့သမင်ကို လီဆာဖြင့်ချစ်လို့မရ။
" ကျေးဇူးတင်ပါတယ် အရှင် "
လီဆာဦးညွှတ်ရင်းပြောတော့ ဂျိန်းနီယာနာကခေါင်းငြိမ့်ခေါင်းခါပင်မပြုပါ။
" ဒါနောက်ဆုံးပဲ နောက်တစ်ကြိမ် ဝတ်ရုံမသေသပ်ရင် အပြစ်ပေးခံရမယ် "
" ဟုတ်ကဲ့ ချန်းဆီက သေချာပြန်သင်ထားပါ့မယ် "
ထိုအခါမှ ဂျိန်းနီယာနာကခေါင်းငြိမ့်ပြရင်း နန်းရင်ပြင်မှထွက်သွားသည်။ လီဆာ ဂျိန်းနီယာနာ၏ကျောပြင်အားဆက်တိုက်ငေးမောရင်း ထိုနေရာ၌ပင်ရပ်နေမိပါသည်။ ဖြစ်နိုင်လျှင် သမင်ကောင်ကဲ့သို့ ဂျိန်းနီယာနာအနောက်ကို ပြေးလိုက်သွားချင်သည်။
ကင်းလှည့်လာတဲ့အစောင့်တပ်သားတွေက ဂျိန်းနီယာနာကိုတွေ့တော့ ပြာပြာသလဲအရိုအသေပေးနေတာ လှမ်းမြင်ရသည်။ လီဆာဖြင့် အရိုအသေတောင်မပေးခဲ့မိ။ ဂျိန်းနီယာနာက အပြစ်မဆိုသည်မို့တော်သေးသည်။ အပြစ်ပေးခံရပါက ချီဆူးကလီဆာ့ကိုသေချာပေါက်ကယ်မည်မဟုတ်။
အတန်ကြာရပ်နေမိပြီးမှ ဆုပ်ထားမိတဲ့ဝတ်ရုံစကိုလွှတ်ချရင်း လီဆာ ချန်းရဲ့နန်းဆောင်ထဲပြန်ဝင်လာခဲ့သည်။ အဆင်ပြေသွားမည်ထင်သည်။ ဂျိန်းနီယာနာရှိနေသည်မို့ ဤနေရာမှာ လီဆာအဆင်ပြေသွားမည်ထင်ပါသည်။
ထိုညကရှုပ်ထွေးနေသည့်ခေါင်းအား ခေတ္တမျှရှင်းရင်း ဂျိန်းနီယာနာအကြောင်းသာတွေးပစ်လိုက်သည်။ ရောက်လာမည့်နေ့များကို ပူမနေချင်တော့။ တစ်ရက်ထဲနဲ့တင် ပထမဆုံးဆိုတဲ့အတွေ့အကြုံတွေများလွန်းလို့ ဘယ်အရာကိုမှလည်း အဖြေမထုတ်လို။
စိတ်တို့က ဂျိန်းနီယာနာ၏ပုံရိပ်ကိုသာစုပ်ယူထားပုံရသည်။ အိပ်ပျော်မသွားမချင်း ဦးနှောက်မှာပြေးလွှားနေတာ ဂျိန်းနီယာနာ .. ပြီးတော့ ဂျိန်းနီယာနာပဲ။ အိပ်ပျော်သွားချိန်မှာလဲ ခပ်ဆန်းဆန်းအိပ်မက် မက်ရသေးသည်။
အိပ်မက်ထဲမှာ လီဆာက နီညိုရောင်အိုင်ထဲ ခုန်ချပစ်လိုက်သည်တဲ့။ နစ်မြုပ်သွားသည့်တိုင် လီဆာတော့ ပျော်နေခဲ့တာပါပဲ။
✯✯✯
Enjoy Guys.