မနက်ခင်း၏နေရောင်ခြည်က ရေနံဝနေသည့် နှစ်ဆောင်ပြိုင်နှစ်ထပ်အိမ်ကြီးတစ်ခုလုံးဆီ ဖြာကျလျှက်...
နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်မှ ခပ်ဟဟဖွင့်ထားသည့် ပြတင်းတံခါးမှတစ်ဆင့် ရွှေဝါရောင်ကတ္တီပါစောင်ကြီးလွှမ်းခြုံထားသည့် လူသားနှစ်ဦးထံ အလည်ရောက်ကာထိတွေ့လာခိုက်...
ခပ်နွေးနွေးနေရောင်ကြောင့် အိပ်ရာထက်မှ အစိုး၏မျက်တောင်လေးများက လှုပ်စိလှုပ်စိလေးဖြစ်လာရ၏။
မျက်တောင်လေးများကို အားယူကာဖွင့်ကြည့်မိရင်း ဘေးတစ်ခြမ်းဆီ စောင်းလိုက်မိသည့်အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ အမောင့်ကို တွေ့လိုက်ရသည်မို့ အစိုးနှုတ်ခမ်းလေးများက လွန့်လွန့်ကလေး ပြုံးလာမိသည်။
အမောင်က ပက်လက်အနေအထားဖြင့် ငြိမ်သက်နေဆဲဖြစ်ကာ အသက်ရှူသံသဲ့သဲ့ကပင် ခပ်မှန်မှန်လေးထွက်ပေါ်ဆဲ...
အိပ်နေဆဲပုံစံတွင်ပင် အမောင်က အလွန်ချောမောကြောင်း ဝန်ခံရမည်သာ...
အစဉ်အမြဲ ပိပိရိရိလေးဖြီးထားတတ်သော နက်မှောင်နေသည့် တိုတိတိဆံစတို့က အမောင့်မျက်နှာအချို့ကိုပင် အုပ်နေသယောင်ဖြစ်ကာ ဖွာလန်ကြဲနေသော်လည်း အသွင်တစ်မျိုးဆန်းကာ ကြည့်ကောင်းနေမြဲ...
ထူထူထဲထဲ မျက်ခုံးတန်းအောက်မှ မျက်မှန်နှင့်ဖုံးကွယ်နေကျ စူးရှရှမျက်ဝန်းများကိုမူ ယခုအချိန်၌ မိုမောက်မောက်မျက်ခွံတို့က တစ်ဖန်ပိတ်ဆို့ထားပြန်၏။
အချိန်ပြည့်နီးပါးတပ်ဆင်ထားသည့် မျက်မှန်ကြောင့် ခပ်ဖောင်းဖောင်းနားထင်လေး၌ပင် မျက်မှန်ကိုင်းရာလေးအဖြစ် ချိုင့်ဝင်လျှက်...
ထူထူပြည့်ပြည့် နှုတ်ခမ်းတို့က အနည်းငယ်မျှပင် ပွင့်ဟမနေဘဲ ပြေလျော့လျော့လေးသာ စေ့ပိတ်ထားဆဲ။
မြင်ရခဲသည့် အမောင့်မူရင်းပုံစံလေးကို ကြည့်မဝစွာ အစိုးငေးနေမိ၏။
ကြည့်လေ ကြည့်လေ ချစ်လေ
ကြည့်လေ ကြည့်လေ ချောလေ
ကြည့်လေ ကြည့်လေ ကြည့်မဝလေ
ချောမောသည့်ယောက်ျား...
အရာရာပြီးပြည့်စုံသည့်ယောက်ျား...
ထို့ထက် အစိုးကိုချစ်ပေးသည့်ယောက်ျား...
မိမိကို ချစ်မြတ်နိုးပေးသည့် ထိုပညာတတ်အမျိုးသား ကိုလူချောကို ပိုင်ဆိုင်ထားရသည့်အဖြစ်ကို တွေးမိပြန်တိုင်း အစိုးမှာ သွေးနားထင်မရောက်ဘဲ မနေနိုင်ပါလေ...
အမောင့်ကိုငေးကြည့်နေရင်းမှ ကပိုကရိုလေးဝဲဖြာကျနေသည့် ဆံစတို့ကို အစိုးလက်ချောင်းသွယ်သွယ်လေးများဖြင့် အသာအယာလေး သပ်တင်ပေးလိုက်မိရင်း ဖွနေမိပြန်လျှက်သား...
ထို့နောက် အကာအကွယ်မဲ့နေသည့် မျက်တောင်ထူထူစိပ်စိပ်တို့ကို အတင့်ရဲစွာ ထပ်မံတို့ထိကြည့်မိပြန်ကာ သွားတန်းဖြူဖြူလေးများပေါ်သည်အထိ အစိုးတစ်ယောက် ကြည်ကြည်နူးနူး အသံတိတ်ရယ်မိပြန်၏။
" အစိုးရဲ့ အမောင်ကို ချစ်လိုက်ရတာလေ "
ထိုစကားလေးကိုသာ ခပ်တိုးတိုးလေး ညည်းညူမိကာ ပြည့်ဖောင်းဖောင်းပါးလေးဆီ မွှေးကြူမိရင်း ရှက်သွေးဖြာသွားမိသည့် အစိုးမျက်နှာလေးက နှင်းဆီပန်းနီနီကလေးအလား ရဲတက်သွားရပြန်သည်။
မိမိအပြုအမူကို မိမိပြန်တွေးရင်း ရှက်ရွံ့စိတ်တို့က ထိန်းမရတော့သည်မို့ အိပ်ရာပေါ်မှ ဆင်းသက်ရန်ပြင်ခိုက် ရုတ်တရက်အဆွဲခံလိုက်ရခြင်းနှင့်အတူ...
အစိုးလက်တစ်ဖက်က အမောင့်ရင်ဘက်ပေါ်ဖိမိရင်း မျက်နှာနှစ်ခုကလည်း ထိကပ်လုနီးပါးဖြစ်သွားရကာ အစိုးထံမှ အာမေဋိတ်သံပိစိလေး ထွက်ပေါ်လာရလေတော့သည်။
" အိုး အမောင်! "
" မင်္ဂလာမနက်ခင်းပါ အမောင့်အမျိုးသားလေး "
ရယ်ကြဲကြဲလေးပြောလာသည့် အမောင့်ပုံစံကြောင့် အစိုးနှုတ်ခမ်းလေးစူလိုက်ရင်း...
" အာ အမောင် လူဆိုးကြီး နိုးနေရင်လဲပြောလေ "
အမောင့်ရင်ဘက်လေးဆီ အဆက်မပြတ်ထုရိုက်လာသည့် အစိုးလက်သီးဆုပ်လေးကို အမောင်ကဖမ်းချုပ်လိုက်ကာ ပြုံးစစဖြင့်...
" နိုးနေရင်ရော သည်းညှာက အကြင်နာပေးမှာလား "
နဂိုကပင် ရှက်သွေးရဲနေသည့် အစိုးမျက်နှာလေးက အမောင့်စကားသံကြောင့် ယခုဖြင့် ငရုတ်သီးရဲရဲလေးအလား ရဲတက်ပူကျစ်လာရရင်း...
" ဟင်း...ဘယ်ကတည်းက နိုးနေတာလဲ "
အမောင်က ချက်ချင်းအဖြေမပေး...
ခဏမျှစဉ်းစားဟန်ပြုနေပြီးမှ
" အမ်း ဘယ်အချိန် ဘယ်အချိန်က ဖြစ်မလဲ မျက်တောင်တွေကို လှုပ်စိလှုပ်စိနဲ့ လာတို့နေတုန်းကလား ဒါမှမဟုတ် ဆံပင်တွေကို လာဆော့နေတုန်းကလား အင်း ဒါမှမဟုတ် ကိုယ်သေးသေးလေးက တလှုပ်လှုပ်နဲ့ နိုးလာတုန်းကလား "
" အာ ကြည့်စမ်း အမောင်က အစကတည်းက နိုးနေတာပေါ့လေ အကျင့်ပုပ်အကျင့်ယုတ်ကြီး "
အမောင်က မျက်လုံးလေးပင့်လိုက်ကာ မျက်နှာလေးကို ညှိုးပစ်လိုက်ရင်းမှ...
" ဟောဗျာ ကျွန်တော်မျိုးက တစ်စုံတစ်ယောက်လေး နိုးသွားမှာစိုးလို့ ငြိမ်ငြိမ်လေးနေပေးနေတာလေ အဲဒါကို အကျင့်ယုတ်တယ်ဆိုပြီး စွပ်စွဲတော့ တကယ်ရင်ထဲမကောင်းဘူး "
" ဟင်း ဒါဆို မျက်လုံးကြီးက ဘာလို့မှိတ်ထားလဲ "
အမောင်က အစိုးပါးလေးဆီ ဖျပ်ခနဲ ဖျပ်ခနဲနမ်းရှုံ့လာရင်း...
" မျက်လုံးဖွင့်ကြည့်လို့ မောင့်မျက်ရှုလေးကိုမြင်ရင် ဟောသည်လို ဟောသည်လို နမ်းနေမိမှာလေ အဲဒါဆိုရင် မျက်ရှုလေး အိပ်ရေးပျက်သွားမှာပေါ့ဗျ "
" တော်ပြီ တော်ပြီ အမောင်က တကယ်မကောင်းတဲ့လူကြီးပဲ စက်ရှင်တရားသူကြီးမင်းရယ်လို့ မပြောရဘူး စကားတွေသိပ်တတ် "
အစိုးက ပြောပြောဆိုဆိုဖြင့် ခုတင်ပေါ်မှဆင်းလိုက်ချိန် အမောင်က ထပ်ဆွဲထားလိုက်ပြန်ရင်း...
" ဘယ်ကိုလဲ သည်းညှာရဲ့ အမောင်နဲ့နေပါအုံး "
" အိမ်အောက်ကိုလေ အမောင်ရဲ့ အစိုးထတော့မယ် အောက်ထပ်မယ် ဦးကြီးဖိုးဝ တစ်ယောက်တည်း နေ့လယ်စာတောင် ချက်ပြုတ်နေတော့မယ်ထင်တယ် "
" မထနဲ့ သည်ကနေ့တော့ သူ့ဘာသာချက်ပစေ "
အမောင့်စကားကြောင့် အစိုးသက်ပြင်းလေးချရင်း မျက်စောင်းလေးရွယ်လိုက်မိကာ...
" အမောင်နော် မဆိုးစမ်းနဲ့ လူကြီးကိုကူမှပေါ့ ကဲပါ အစိုးထတော့မယ် အမောင်ရော ထတော့လေ မနက်စာမဆာဘူးလားပြော ရုံးလဲသွားရတော့မှာကို "
အစိုးစကားကြောင့် ယခုထိ အစိုးလက်ကိုလွှတ်ပေးသေးသည့် အမောင်က နှာခေါင်းရှုံ့လိုက်ရင်း...
" မသွားဘူး သည်နေ့တော့ သည်းညှာအနားနေမလို့ ခွင့်ယူပြီးသား ပြီးတော့ ဦးကြီးဖိုးဝကလည်း ငယ်ရာကကြီးလာတာပါ သည်းညှာရဲ့ သူနားလည်ပြီးသား "
" ကဲပါ အမောင်ရယ် ဘာပဲဖြစ်ဖြစ် ထပါတော့ နိုးနေပြီပဲဟာ အစိုးလဲထတော့မှာ လိမ္မာတယ်နော် "
အစိုးက ပြောပြောဆိုဆိုဖြင့် အမောင့်လက်ကလေးများကို ညင်ညင်သာသာ ဆွဲခွာလိုက်ချိန်...
" ထူ..."
ခပ်အီအီလေး ပြောလာသည့်အမောင့်ကြောင့် အစိုးမျက်လုံးလေးများ ဝိုင်းစက်လာရင်း...
" ဟင် "
" အစိုးထူလို့ "
လက်ကလေးဆန့်ကာ မျက်လုံးပြူးပြူးလေးများဖြင့် ပြောလာသူကြောင့် အစိုးမှာ မရယ်ဘဲ မနေနိုင်ပါလေတော့...
" အမောင်ဟာလေ "
" မထူဘူးလား ဘာလဲ သည်းညှာက လက်ထပ်ပြီးလို့ အချစ်လျော့တာလား "
" အမောင်တစ်ယောက်ကတော့လေ ကဲပါ ထတော့ "
အစိုးက ဆန့်ထားသည့်အမောင့်လက်နှစ်ဖက်ကို ဆွဲထူလိုက်သည့်ခဏ အမောင်က ကိုယ်လေးကိုဖော့ရင်း ထထိုင်လာ၏။
သို့ပေသိ ရိုးရိုးထလာခြင်းမဟုတ်...
အစိုးပါးလေးကို လှစ်ခနဲထပ်နမ်းပစ်လိုက်ရင်း...
" ဟော ထူတဲ့လူက အရှိန်လွန်သွားပါရောလား "
အမောင့်အပြောကြောင့် အစိုးမျက်စောင်းလေးက ဒုတိယမ္ပိအကြိမ် ထပ်မံရောက်ရှိသွားရပြန်၏။
သဘောကတော့ အစိုးထူသည့်အားက များသွား၍နမ်းမိခြင်းဖြစ်ပြီး တမင်နမ်းခြင်း မဟုတ်ရပါဘူးပေါ့လေ...
တကယ်လူလည်ကျလွန်းသည့် အမောင်ပါပေ...
" ဟင်း အမောင်ဟာ တအားလည်သောနော် ကဲ ကဲ ခုတင်ပေါ်ကဆင်းလာတော့ "
အစိုးပြောပြောဆိုဆို အခန်းထဲမှ ခပ်သွက်သွက်လေးပြေးထွက်လာရင်း အိမ်အောက်ထပ်ဆီ ဆင်းချလာရ၏။
တဒိန်းဒိန်း ခုန်နေသည့်နှလုံးခုန်သံနှင့်အတူ အစိုးမျက်နှာလေးတစ်ခုလုံးလည်း ရဲရဲတွတ်မျှနီမြန်းနေလျှက်...
ထင်ထားသည့်အတိုင်းပင်...
အောက်ထပ်ရောက်ချိန်၌ ဦးကြီးစိုးက မနက်စာအဖြစ် ထမင်းကြော်နှင့် ပဲပြုတ်ပူပူလေးကို အသင့်စီစဉ်ထားလျှက်သား တွေ့လိုက်ရလေသည်။
ဦးကြီးဖိုးဝကမူ ဈေးထွက်သွားဟန်ဖြင့် အိမ်ထဲတွင်ရှိမနေပါလေ...
အစိုး ရေချိုးခန်းထဲဝင်ကာ အမြန်မျက်နှာသစ်လိုက်ချိန် အမောင်ကပါ နောက်ဘက်မှ တောက်တဲ့လေးအလား ကပ်လိုက်လာ၏။
ထမင်းကြော်နှင့် ပဲပြုတ်ပူပူကို နှစ်ယောက်သားအတူတူ လက်ဆုံစားပြီးနောက်...
" ကဲ မနက်စာစားပြီးပြီဆိုတော့ အဝတ်လဲလိုက်နော် သည်းညှာ အမောင်တို့အပြင်သွားရအောင် "
အမောင့်စကားကြောင့် အစိုးမျက်လုံးလေး ပင့်တက်သွားရရင်း
" ဟင် အပြင်ကိုသွားမယ်လား အမောင်ပြောတော့ သည်နေ့ရုံးမသွားဘူးဆို ပြီးတော့ အစိုးကရော ဘာလို့လဲ အမောင်ရဲ့ "
အစိုးတစ်ယောက် အူလည်လည်လေး ပြန်မေးမိသည့်အခါ အမောင်က ခပ်ပြုံးပြုံးဖြင့် အစိုးနှာခေါင်းလေးကို ဆွဲဖျစ်ညှစ်လိုက်ကာ...
" ဟောဗျာ မောင့်မျက်ရှုလေးက မေ့တတ်ရန်ကော မနေ့ညနေက အမောင်နဲ့ ဟောသည်ကမောင့်မျက်ရှုလေးတို့ တရားဝင်လက်မှတ်ထိုးလက်ထပ်ပြီးစီးကြောင်း အမောင့်ရဲ့အမေတို့ဆီ စာထည့်ရအုံးမယ်လေ သည်တော့ သတင်းစာတိုက်ဆီ သွားရမှာပေါ့ အချစ်ရဲ့ "
" ဟင် တကယ်ကြီးပြောနေတာလား "
" တကယ်ကြီးပေါ့ဗျ အမောင်က သည်းညှာကို မုသားပြောနေတယ်ထင်လို့လား ဟမ် "
အမောင့်စကားကြောင့် အစိုးမျက်နှာလေး ခပ်ရေးရေးပြုံးသွားရင်း...
" မဟုတ်တာ အမောင်ရယ် အမောင်က ကတိတည်လွန်းတဲ့ယောက်ျားသားဆိုတာ အစိုးသိပါရဲ့ ဒါပေမဲ့လေ ဒါကိုတော့ အစိုးငြင်းပါရစေနော် "
" ဟင် ဘာလို့လဲ အချစ်ရဲ့..."
" အမောင့်အတွက် အမောင့်ရာထူး အမောင့်ဂုဏ်သိက္ခာအတွက် သည်ကိစ္စကြီးက ဘယ်လိုမှမဖြစ်ဘူးဆိုတာ သိနေရက်နဲ့ကွယ် မဖြစ်ပါဘူးအမောင်ရယ် "
အစိုးစကားသံအဆုံး အမောင်က အစိုးမျက်နှာလေးအနားတိုးကပ်လာကာ...
" ကြည့်စမ်း အမောင့်အချစ်က တကယ်စိတ်ပူနေတာပဲ အမောင်က တမင်ပြောနေတာပါကွာ အခုသွားမှာက ဖိတ်စာရိုက်ဖို့အတွက် "
" ဖိတ်စာ "
" အင်း အမောင်တို့ မင်္ဂလာဖိတ်စာအတွက် "
" အမောင် "
" ဗျာ "
" အစိုးလေ အဲဒါလဲ မလုပ်စေချင်ဘူး သည်အတိုင်း ဘုန်းကြီးကျောင်းတစ်ခုခုမှာပဲ လူရင်းအချို့နဲ့ အလှူတစ်ခုလုပ်ချင်တယ် "
သူ့စကားကြောင့် အမောင်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချသည်။
" အချစ် "
" ဟင် "
" အမောင့်အတွက်ဆို ဘာမှ အဲသည်လိုလုပ်စရာမလိုဘူးနော်အချစ် အမောင် ဘာကိုမှ ဂရုမစိုက်ဘူး အမောင့်အတွက် အစိုးရှိနေရင်ရပြီ သည်အရာအားလုံးတင် မဟုတ်ဘူး သည်ထက်ပိုတာတွေကို စွန့်လွှတ်ရမယ်ဆိုရင်လဲ အမောင်က အရေးမစိုက်ဘူးဆိုတာကိုယုံ "
" ယုံပါတယ် အစိုး သိပ်ယုံတာပေါ့ အမောင်ရယ် ဒါပေမဲ့လေ သည်အတိုင်း သည်အတိုင်းလေးပဲ အမောင်နဲ့ အစိုးက နှစ်ယောက်တစ်ဘဝဖြစ်တာနဲ့တင် အစိုးအတွက် လိုအပ်တာထက် ပိုနေရပါပြီအမောင်ရယ် အစိုး အစိုးအတွက်ကလဲလေ အမောင်သာ ရှိနေရင်ရပြီနော် "
အစိုးကို ပြန်ငုံ့ကြည့်လာရင်း အနားဆီတိုးကပ်လာသည့် အမောင့်မျက်ဝန်း၌ ချစ်မေတ္တာရိပ်တို့ သိသိသာသာလွှမ်းခြုံလာကာ ခပ်တိုးတိုးလေး ထပ်မေးလာ၏။
" သေချာရဲ့လား မောင့်မျက်ရှုလေး အမောင့်ဘက်ကိုငဲ့ပြီး "
အစိုး ညင်ညင်သာသာလေးပြုံးရင်း ခေါင်းကိုတွင်တွင်ယမ်းပြလိုက်မိကာ
" လိုကို မလိုအပ်တော့တာပါ အမောင်ရယ် အစိုးရနေတဲ့ အမောင့်မေတ္တာတွေကတင် အစိုးအတွက် ပိုလျံနေပြီမို့ ဘာမဟုတ်တဲ့စက္ကူလေးပေါ်က ဖိတ်စာလေးနဲ့ မင်္ဂလာပွဲဆိုတာက တကယ်ကို အရေးမပါတော့တာပါ နှလုံးသားချင်းထပ်တူကျကြောင်း လက်မှတ်စာရွက်နှစ်စောင်ရှိနေပြီလေ ဘယ်သူသိသိမသိသိ ဘာအရေးလဲ အစိုးအတွက်တော့ အမောင်ရှိနေရင်ရပြီ "
ထိုစကားက အစိုး၏စိတ်ရင်းပင်...
မည်သူမျှလက်မခံနိုင်သေးသည့် ချစ်ခြင်းတစ်ခုမို့ အစိုးကို စာချုပ်လေးဖြင့်လက်ထပ်ကာ အထိမ်းအမှတ်အလှူလေး ကျင်းပပေးသည်အထိ တန်ဖိုးထားပေးသည်ကပင် ပိုသည်ထက်သာနေပြီမဟုတ်ပါလား...
ဖိတ်စာများဖြင့်ဖိတ်ကာ ရေးကြီးခွင်ကျယ်လုပ်၍လည်း မည်သို့မျှအကျိုးမထူးသည့်အပြင် အမောင့်ဘဝခရီးအတွက်ပင် အတားအဆီးဖြစ်နိုင်သေးကြောင်း အစိုး၏ဦးနှောက်သေးသေးလေးကပင် တွေးမိနိုင်ရာ ထိုကိစ္စကိုဖြင့် အစိုးမလိုအပ်သလို လိုလည်းမလိုချင်ပါလေ...
" အင်း အမောင့်ရဲ့ ရုပ်နဲ့နမ်မြဲနေသမျှ အမောင့်သည်းညှာကိုပဲ မေတ္တာဝေမျှသွားမယ် အမောင်လေ ဟောသည်က အမောင့်ရဲ့ သည်းညှာလေးကလွဲရင် ဘယ်သူ့ကိုမှ ထပ်မချစ်ဘူးလို့ သစ္စာဆိုရဲပါရဲ့ဗျာ "
မေတ္တာအပြည့်နှင့်ဆိုလာသည့် ထိုစကားသံကြောင့် အစိုး ခပ်ဖွဖွပြုံးလိုက်မိကာ အမောင့်ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်ရင်း...
" ဟောသည်က အမောင်သည်သာလျှင် အစိုးဘဝရဲ့ မရှိမဖြစ် အခရာပါ အစိုးရဲ့ အသက်နဲ့ ခန္ဓာက အမောင့်အပိုင်ဖြစ်ပြီး အစိုးရဲ့ ဘဝတစ်ခုလုံးကိုလဲလေ အမောင့်ထံပါးပဲ အပ်နှင်းထားတာ ယုံပါ အမောင် "
" ချစ်တယ် မောင့်မျက်ရှုရယ် အမောင်လေ မင်းလေးကို ပြောမပြတတ်အောင် ချစ်လိုက်ရတာ "
" အစိုးလဲချစ်တယ် သိပ်ချစ်ရပါတယ်အမောင် "
ထပ်တူကျသည့်အချစ်တို့က မည်မျှပင်ဖွင့်ဟဝန်ခံပါစေ...
ရိုးအီမသွားဘဲ အမြဲဆန်းသစ်နေမြဲ...
နှလုံးသားနှစ်ခုကလည်း ပိုမိုမြန်ဆန်စွာ ခုန်လှုပ်ရမြဲ...
ဆတက်ထမ်းပိုး ရင်၌တိုး၍ အချစ်တို့သည်သာ ပိုလျှံလာရမြဲ...
>>>>> အမောင် <<<<<
ယနေ့က အစိုးတို့၏ မင်္ဂလာဆွမ်းကျွေးပွဲနေ့ဖြစ်၏။
အမောင်တို့အိမ်အနားမှ ဘုန်းတော်ကြီးကျောင်းရှိသံဃာငါးပါးအား မနက်ခင်းအရုဏ်ဆွမ်းအဖြစ် အုန်းနို့ခေါက်ဆွဲဆက်ကပ်ဖြစ်၏။
အချိုပွဲကလည်း ပန်းသီး၊ စပျစ်သီး၊ ကြက်မောက်သီး၊ ပျားလိမ္မော်စသည့်သစ်သီးများစွာအပြင် တကူးတကမှာယူထားရသည့် ကြက်သားဘီစကွတ်၊ ချောကလက်နှင့် သကြားလုံးတို့ဖြင့် ဖွယ်ဖွယ်ရာရာပင်...
ဖိတ်ကြားထားသည့် ဧည့်သည်အနည်းငယ်ကိုလည်း အုန်းနို့ခေါက်ဆွဲကျွေးမွေးကာ အုန်းနို့ခေါက်ဆွဲနှင့် မတည့်သူအတွက်လည်း မုန့်ကြွပ်ခေါက်ဆွဲပြင်ဆင်ထားပြီး သစ်သီးနှင့် နိုင်ငံခြားမှမုန့်အချို့ကို အချိုတည်းစေ၏။
ဧည့်သည်များက လူအနည်းစုသာဖိတ်ထားသည့်တိုင် အစိုးစိတ်ထဲ အရာရာပြည့်စုံကာ ကျေနပ်ပီတိဖြစ်နေရပါလေ၏။
အထူးသဖြင့် အမောင့်မိတ်ဆွေများကသာ ပိုများနေကာ အစိုးဘက်မှာမူ အမ၊ အရီတို့ ဇနီးမောင်နှံအပြင် အခြားအသိ အနည်းငယ်မျှသာ...
အမောင်ကမူ မိတ်ဆွေအားလုံးကိုဖိတ်ချင်သော်ငြား
အစိုးဘက်မှ အင်မတန်တားဆီးလွန်း၍သာ အကျဉ်းချုံးလေးဖြစ်သွားရခြင်းပင်...
ဒါတောင် အမကို ယနေ့ဆွမ်းကျွေးပွဲလေးပြီးမှ စခန်းဝင်ရန် ဖျောင်းဖျထားမိ၍သာ တော်ပါသေး...
လက်မှတ်ထိုးစဉ်က ဝတ်လုံတော်ရမင်းတို့အပြင် အစိုးမသိသည့် လူအနည်းစုကိုပါ အမောင်ကမိတ်ဆက်ပေးကာ သိကျွမ်းခွင့်ရခဲ့လေသည်။
မင်္ဂလာဆွမ်းကျွေးတရား နာယူပြီးနောက် ပရိသတ်အနည်းငယ်ပင် လူစုကွဲသွားချိန် ကားအနက်လေးတစ်စီးရောက်ရှိလာကာ ကားထဲမှ အတော်အတန် ချောမောသည့် မိန်းမပျိုလေးတစ်ဦးက အိမ်ထဲထိ တန်းတန်းမတ်မတ်ဝင်ရောက်လာလေသည်။
မိန်းကလေးကား ခေတ်ဆန်ဆန် ပွင့်ရိုက်လုံချည်ဝါဝါအား ဇာအင်္ကျီလက်ရှည်အဝါဖြင့်တွဲဖက်ဝတ်ဆင်ထားကာ မျက်နှာချေအနည်းငယ်လိမ်းကျံထားပုံရသည့် မျက်နှာလေးမှာ ဝင်းဖန့်ကျော့ရှင်းနေလျှက်...
ကျောလယ်ခန့်ရှိ ဆံသားခွေလိမ်လိမ်တို့အား ရွှေကလစ်တစ်ချောင်းဖြင့် အသာထိန်းညှပ်ရင်း လက်ဝတ်ရတနာအနည်းငယ်လည်း ဆင်မြန်းထားကာသေးရာ ကျက်သရေအဖြာဖြာပြည့်နေလေ၏။
လက်ကျန်ဧည့်သည်များကို ဧည့်ခံနေသည့် အမောင်က ထိုမိန်းကလေးကိုမြင်သည်နှင့်...
" ဟော ဘယ်သူလဲမှတ်တယ် ဝေဝေပါလား "
" ဟုတ်ပရှင် တကူးတကဖိတ်တော့လဲ ခရီးဝေးပေမဲ့ အရောက်လာခဲ့တာပါပဲ "
" ကျေးဇူးတင်ပါတယ်ဗျာ ကဲ ဝေဝေ ဒါက ကိုမောင့်ရဲ့လက်တွဲဖော် စိုးစိုးတဲ့ မှတ်ထားနော် ဪ အချစ်ရေ သူက ခင်ခင်ဝေတဲ့ ဝေဝေလို့ပဲ ခေါ်ကြတယ်လေ ကိုမောင့်ညီမငယ်လေးလို့တောင် ပြောလို့ရတယ် ရန်ကုန်ကနေတောင် သည်အထိရောက်လာတာ "
ခင်ခင်ဝေမှာ အတော်ချောသည့်မိန်းမပျိုဖြစ်ကြောင်း အစိုးရင်ထဲမှ အသိအမှတ်ပြုရသည်သာ...
ဤကဲ့သို့ အချောအလှများကြားမှပင် မိမိကိုချစ်ခင်ပေးခဲ့သည့် အမောင့်ကို ကျေးဇူးမတင်မိဘဲ၊ အချစ်မတိုးမိဘဲ မနေနိုင်ပါလေ...
အမောင့်မိတ်ဆက်ပေးသံအဆုံး ခင်ခင်ဝေဆိုသည့် ချောချောလှလှမိန်းမပျိုလေးက အသာအယာပြုံးပြရင်း အစိုးဆီလက်ကမ်းလာကာ...
" တွေ့ရတာ ဝမ်းသာပါတယ်ရှင် ဝေဝေ့အတွက် အစ်ကိုတစ်ယောက်တိုးတယ်လို့ မှတ်ယူလို့ရတယ်မဟုတ်လားဟင် "
" ဟုတ်ကဲ့ သေချာတာပေါ့ဝေဝေ အမောင့်ညီမက အစိုးညီမပါပဲ သည်အထိ လာရောက်ဂုဏ်ပြုပေးတာကိုလဲ အစိုးတို့က ကျေးဇူးတင်ပါတယ်နော် "
" အုန်းနို့ခေါက်ဆွဲစားတယ် မဟုတ်လားဝေဝေ အုန်းနို့မစားရဲရင် မုန့်ကြွပ်ခေါက်ဆွဲ "
အမောင်က အုန်းနို့ခေါက်ဆွဲအပြင် မုန်ကြွပ်ခေါက်ဆွဲပါရကြောင်း လောကွတ်ပြုလာ၏။
" အိုး အုန်းနို့မစားရဲရအောင် ဝေဝေက အဘွားအိုကြီးမှမဟုတ်တာ ကိုမောင်ရာ ဝေဝေတို့က သွေးတိုးလဲမရှိပေါင် အုန်းနို့ခေါက်ဆွဲပဲ စားမှာ "
" ဟုတ်ပါပြီ အုန်းနို့ခေါက်ဆွဲတွေမှပေါလို့ သွေးတိုးမရှိရင် စိတ်ကြိုက်သာစား ဟုတ်ပြီလား "
" စားမယ် စားမယ် ကိုမောင်က အုန်းနို့ခေါက်ဆွဲကျွေးမယ်လို့ တယ်လီဖုန်းဆက်ပြီးပြောကတည်းက ဝေဝေက သွားရည်ကျနေရတာရယ် အဟင်း..."
ပြောပြောဆိုဆိုဖြင့် ခပ်သွက်သွက်လေးဝင်ထိုင်လိုက်သည့် ဝေဝေ့ပုံစံလေးကြောင့် အစိုးပြုံးမိသွားရ၏။
လွတ်လပ်ပေါ့ပါးကာ ပွင့်လင်းသည့်ဝေဝေက မိစံနှင့်ပင် အနည်းငယ်ဆင်တူသည်မို့ စတွေ့မိသည့်ခဏ၌ပင် အစိုးစိတ်ထဲ ခင်မင်လာမိသည်။
ဧည့်ခံကျွေးမွေးရန် ဧည့်သည်လည်းမရှိတော့သည်မို့ အစိုးတို့က ဝေဝေ့အနား၌သာဝင်ထိုင်ရင်း ဧည့်ခံနေမိပြန်၏။
" ကဲ ဟုတ်ပါပြီ များများသာစားနော် ဝေဝေ "
" ဟုတ် စိတ်ချအစ်ကိုစိုး အဲ အဲသည်လိုခေါ်လို့ရတယ်မဟုတ်လားဟင် "
" ရပါတယ် ဝေဝေ အဆင်ပြေသလိုသာခေါ်နော် "
အစိုးစကားကြောင့် ဝေဝေက ခေါင်းလေးကိုတဆက်ဆက်ညိတ်ကာ အုန်းနို့ခေါက်ဆွဲကို စိတ်ရှည်လက်ရှည် နယ်ဖတ်နေရင်းမှ
" တကယ်တော့လေ ကိုမောင်ပြောကတည်းက ဝေဝေက အစ်ကိုစိုးကို မြင်ဖူးချင်နေမိတာရယ် ကြေးများတဲ့ ကိုမောင့်ရဲ့ မေတ္တာဓာတ်ကလေးက ဘယ်လိုပုံစံလေးဖြစ်မလဲလို့လေ "
" သည်ကောင်မလေး ဘာတွေပြောနေတာလဲ "
ဝေဝေစကားကြောင့် ကိုလင်းမောင်က ခပ်တည်တည်ဟန့်လာသော်လည်း စိတ်ဆိုးဟန်မရှိပါလေ...
" ဘာလဲ ဝေဝေက တကယ်ပြောတာပါနော် အခု တွေ့ဖူးတော့မှလေ ကိုမောင်က ဘာကြောင့်သည်လောက်ချစ်နေရလဲ အခုမှပဲသိတော့တာ တရားခံက အစ်ကိုစိုးပဲ ဟုတ်တယ်လေ သည်လောက်ချစ်စရာကောင်းတာကို ဘယ်လိုလုပ်ပြီး မချစ်ဘဲနေနိုင်ပါ့မလဲလေနော် "
ယခုစကားကတော့ ဝေဝေ့၏စိတ်ရင်းပင်...
ကိုမောင်က ချစ်သူရှိနေကြောင်း ဝန်ခံသည့်နေ့ကတည်းက ကိုမောင်ချစ်မိသူကို ဝေဝေ မနာလိုစွာသိချင်မိခဲ့၏။
ဝေဝေ့စကားကြောင့် အစိုးဆိုသူက သွားတန်းဖွေးဖွေးလေးများပေါ်သည်အထိ ရယ်မောလာ၏။
ရယ်လိုက်သည့်အခါ နဂိုကြည့်ကောင်းသည့်သူက ပို၍ပင် ငေးချင်ဖွယ်အတိ ချောမောနေပြန်သည်။
ကိုမောင့်ချစ်သူမှာ ယောက်ျားလေးဖြစ်ကြောင်း သိရမိချိန်တွင်မူ အံ့ဩစိတ်တို့ပါထပ်ဆင့်လျှက် ပို၍ပင်သိချင်လာမိပြန်သည်။
ထို့ထက်ကား ကြိုတင်တွက်ဆပြီးဖြစ်သော်လည်း မိခင်ချစ်ကိုမောင်က ဒေါ်အုန်းခင်စကားကို ယတိပြတ်ငြင်းကာ အနှီကောင်လေးကိုသာ ခပ်မြန်မြန်လေးရွေးချယ်လိုက်သည့်အခါ ဝေဝေ့သိချင်စိတ်မှာ ထိန်းချုပ်၍ပင် မရနိုင်ပါလေတော့...
ထို့ကြောင့်လည်း ကိုမောင်က တယ်လီဖုန်းဆက်၍ဖိတ်သည်နှင့် သိချင်စိတ်တို့နှင့်အတူ ပုသိမ်ထိအပြေးရောက်လာရခြင်းပင်...
သို့တမူလည်း ယခုတော့ ထိုအဖြေကို ဝေဝေ သိရပြီထင်၏။
ကိုမောင်၏ မေတ္တာဓာတ်ကလေးကား မည်သူမဆို မြင်သည်နှင့်ပင် သဘောကျနှစ်သက်ဖွယ်လေး ဖြစ်နေခဲ့လေသည်မဟုတ်ပါလား...
ရုပ်အလွန်ချောသည်ဟု မဆိုသာသော်လည်း ဝိုင်းစက်စက်မျက်လုံးလေးများ၊ ချွန်မြမြနှာတံလေးအပြင် ပါးလျလျနှုတ်ခမ်းလေးတို့ဖြင့် အနှီစိုးစိုးဆိုသူကား ချစ်စရာ အရုပ်ကလေးတစ်ရုပ်အလား...
ထို့ထက်ကား ထိုချစ်စရာမျက်နှာလေးတွင် ရိုးရှင်းကာ အေးချမ်းသည့် စိတ်ထားအရိပ်လေးတစ်ခုပါ ထင်ဟပ်နေသေးရာ မျက်နှာမြင် ချစ်ခင်ပါစေဟူသည့်ဆုတောင်းပြည့်သည်မှာ အမှန်...
ရိုးသားအေးမြသည့် ထိုအသွင်လေးကပင် အစိုး၏ကိုယ်ပိုင်စွဲဆောင်မှုဖြစ်ဟန်တူကာ ကိုမောင်တစ်ယောက် အလွန်မြတ်နိုးနေသည်မှာ အလွန်မဟုတ်ပါလေ...
" မြှောက်ပြောနေတာသိပေမဲ့ ကျေးဇူးတင်ပါတယ် ဝေဝေ အများကြီးထည့်စားပါ "
" ဟုတ်ကဲ့ အများကြီးထည့်စားပါတယ် ဒါပေသိ ဝေဝေက မြှောက်ပြောတာ မဟုတ်ရဘူးရယ် ဒါထက်လေ အစ်ကိုစိုး "
" ဟုတ်ကဲ့ ပြောပါ ဝေဝေ "
" ကိုမောင်က အစ်ကိုစိုးကို အများကြီးချစ်ပြီး ဘယ်လောက်ထိ စွန့်လွှတ်ပေးဆပ်ထားလဲ အစ်ကိုစိုးက ဝေဝေ့ထက်သိမှာပါ ဒါကြောင့် ဝေဝေတို့ အစ်ကိုကို အများကြီးပိုချစ်ပေးပါနော် သူက အစ်ကိုစိုးမရှိရင် မဖြစ်တာသိတယ်မဟုတ်လား "
ဝေဝေ့စကားသံအဆုံး သူတို့နှစ်ယောက်လုံး ပြုံးလိုက်မိရင်း...
" အစ်ကိုသိပါတယ် ကိုမောင့်ကိုလဲ ဒီထက်အများကြီးချစ်ပေးသွားမယ်လို့ ကတိပေးပါတယ် "
" ဟုတ်ပါပြီရှင် နှစ်ယောက်သား သက်ဆုံးတိုင် ရိုးမြေကျ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲနိုင်ပါစေနော် "
" ကျေးဇူးတင်ပါတယ် ဝေဝေပေးတဲ့ဆုနဲ့ ပြည့်အောင်လဲ အစ်ကိုတို့ကြိုးစားသွားမှာပါ "
အစိုးကတိစကားသံကြောင့် အမောင်က ခပ်နွေးနွေးလေးပြုံးရင်း အစိုးလက်ကလေးကို ဆုပ်ကိုင်လာ၏။
သေချာပါသည်။
ယခုအချစ်ကို အစိုးတစ်သက်လုံး တန်ဖိုးထားကာ အမောင်နှင့်တွေ့ဆုံပေးသည့် ကံကြမ္မာကို ကျေးဇူးတင်ရင်း ဦးထိပ်ပန်ထားမည်သာ...
သက်ဆုံးတိုင်ထက် ပိုလွန်တဲ့အချစ်တွေက ကမ္ဘာတည်သရွေ့ ဘယ်ခါမှပျယ်မည်မထင်ပါတော့လေ...
" မထင်ရဘူး သည်လေးမက
သည်လိုစကားမျိုးလဲ ပြောတတ်သေးတာပဲ "
" အံမယ် ကိုမောင်နော် ဝေဝေ့ကိုအထင်သေးလို့ "
ခပ်တည်တည်ဆိုလာသည့် အမောင့်စကားကို ချက်ချင်းပင် ပြန်ပတ်လာသည့် ဝေဝေ့ကြောင့် သူတို့သုံးယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိကြ၏။
ထိုအပြုံးက အေးစက်သည့်ဆောင်းရာသီကိုပင် နွေးထွေးသွားစေနိုင်သည့် အပြုံးနွေးနွေးရယ်သာ...
" ကဲပါလေ ဒါထက် ဝေဝေ ဘယ်တော့ပြန်မှာလဲ "
" ကိုမောင်နော် ဝေဝေရောက်တာကဖြင့် ခုမှပါ လူကို အတင်းပြန်စေချင်နေလေသလား ဘာလဲ အစားကြီးလို့ လူကို ငြိုငြင်နေတာလား အစ်ကိုစိုးရေ ကြည့်ပြောပါအုံး "
" မဟုတ်ပါဘူးဗျာ ပြန်ခိုင်းတာမဟုတ်သလို ငြိုငြင်တာလဲ မဟုတ်ရပါဘူး သည်မှာပဲတည်းဖို့ပြောမလို့ပါ ဝေဝေရယ် တကတည်း အခုမှတော်တဲ့အစ်ကိုကို တိုင်နေလိုက်တာများ "
လင်းမောင်စကားအဆုံး အစိုးနှင့် ဝေဝေပါ ရယ်မောလိုက်မိကြ၏။
ခဏကြာမှ ဝေဝေက အရယ်ရပ်ရင်း...
" ဟုတ်ပါပြီရှင် ကျေးဇူးတင်ပါတယ် ဝေဝေကလဲ နောက်တာပါ တကယ်တော့ ဝေဝေလဲ အချိန်မရလို့ သည်နေ့ မြို့ထဲ ခဏလည်ပြီး မနက်ဖြန်ပြန်မယ်လေ "
" ဟုတ်သလား ဝေဝေကလဲ သုတ်သီးသုတ်ပျာနဲ့ပါလား ရောက်တုန်းရောက်ခိုက် နှစ်ရက်တန်သည် သုံးရက်တန်သည်နေမှပေါ့ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့အိမ်မှာ တည်းရမယ်နော် "
" မဟုတ်တာ ကိုမောင်ရယ် ဝေဝေက အရင်တစ်ခါကတည်းခဲ့တဲ့ တည်းခိုခန်းမှာစာရင်းပေးပြီးသားရယ် အဲသည်ဟိုတယ်ကလဲ မေမေ့သူငယ်ချင်းအပိုင်လေ အဲဒါကြောင့်ပါ "
" ဟုတ်ပါပြီ ဒါဆိုလဲ နောက်များမှ အေးအေးဆေးဆေး အလည်လာခဲ့နော် အဲသည်အခါတော့ အိမ်မှာပဲတည်းရမယ်မှတ် "
ဝင်ပြောလိုက်သော အစိုးစကားကြောင့် ဝေဝေက အားရပါးရပြုံးရင်း ခေါင်းတညိတ်ညိတ်ဖြင့်...
" စိတ်ချ စိတ်ချ အစ်ကိုတွေ နှစ်ယောက်တောင် သည်မြို့မှာရှိနေပြီပဲ ဝေဝေတို့က အားရင်အားသလိုကို အလည်လာပစ်အုံးမှာ သိရဲ့လား "
ထိုနေ့က ဝေဝေတစ်ယောက် အုန်းနို့ခေါက်ဆွဲ သုံးပွဲတိတိစားပစ်ကာ အချိန်အတော်ကြာမှ တည်းခိုခန်းဆီ ပြန်သွားလေတော့၏။
မင်္ဂလာလက်ဖွဲ့အဖြစ်လည်း စိန်ပွင့်လေးများ ထည့်မြှုပ်ထားသော နိုင်ငံခြားဖြစ် တန်ဖိုးကြီးဆင်တူနာရီလေးကို ပေးသွားခဲ့လေသေး၏။
သို့်ပေသိ အစိုးသိနေပါ၏။
ဝေဝေပေးခဲ့သည်မှာ ထိုနာရီထက်အဆမတန်အဖိုးတန်သော နှလုံးသားတစ်ခုဖြစ်ခဲ့ကြောင်း မည်သူတစ်ဦးတစ်ယောက်ကမှ မပြောပြပါဘဲလျှက်
အလိုလိုသိခဲ့ပါလေသည်။
25.12.22
Sunday
ရွှန်းလဲ့ကျော်
Merry Chiristmas!🎅🎄🎉🎊
အေးမြတဲ့ Chiristmas နေ့လေးမှာ နွေးထွေးတဲ့မေတ္တာနဲ့ လှပတဲ့သစ္စာတရားတွေကို လက်ဆောင်ရရှိကြပါစေရှင်🎁💝❤
အေးချမ်းတဲ့ဘဝလေးများကိုလည်း ကိုယ်စီပိုင်ဆိုင်နိုင်ကြဖို့ ဆန္ဒပြုရင်း...
Merry Chiristmas!
ဆာရားငဲ🙆