"ဝေးသွားမှ"
>>>>>>>
အခန်းထဲမှာ လူတစ်ယောက် သွားလာလှုပ်ရှားနေတဲ့ ခြေသံဖွဖွကို ကြားနေရသည်။ ကျွန်တော် နိုးသွားမှာစိုးလို့ အညှင်သာဆုံး ထိတွေ့ကိုင်တွယ်နေပေမဲ့ တစ်ညလုံး အိပ်မပျော်တဲ့ ကျွန်တော်က အကုန် ကြားနေရ၏။
ဆိုဖာခုံကျဉ်းကျဉ်းလေးပေါ်မှာ တစ်ညလုံး မအိပ်ဘဲ လူးလှိမ့်နေခဲ့တဲ့ သူကရော နေသာထိုင်သာ ရှိပါရဲ့လား။ ခေါင်းမကြည်မလင်များ ဖြစ်နေမလား။
ဒီလိုတွေးမိတော့ ဒီတစ်လျှောက်လုံးမှာ ငါးပေလောက်သာရှိတဲ့ ဆိုဖာခုံလေးပေါ်မှာပဲ ဖြစ်သလို အိပ်တဲ့ အန်ရီကို့အပေါ် ကျွန်တော်မျက်ကွယ်ပြုခဲ့မိတာပဲ။
ကျွန်တော့်အနီးဆုံးကို ရောက်မလာစေချင်ခဲ့လို့ ကျွန်တော့်ဘက်က ဒီလောက်ထိ စည်းတွေတားခဲ့တာတောင် ကျွန်တော့်အနီးဆုံးကို ရောက်လာခဲ့ပြီး ကျွန်တော့်ရင်ထဲထိ ဝင်ရောက်နေရာယူခဲ့တာကို ကျွန်တော်ကိုယ်တိုင်ကလည်း လိုလိုလားလား လက်ခံခဲ့ရတာမလား။
ထိန်းချုပ်နိုင်စွမ်းမဲ့ပြီး တားဆီးဖို့ခက်ခဲခြင်းတွေထဲ နှလုံးသားက ပေါက်ဖွားလာတဲ့ ချစ်မေတ္တာက ထိပ်ဆုံးမှာ တည်ရှိနေ၏။
ဒီနေ့ အန်ရီကို ဆွစ်ဇာလန်ကို ပြန်တော့မယ်။
လက်ခံခြင်းမမည်တဲ့ အငြင်းစကားတွေကြောင့် ကျွန်တော့်အား အန်ရီကိုက အတူလိုက်ခဲ့ဖို့ ထပ်မခေါ်ခဲ့။
ပျော်ရွှင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အန်ရီကိုနဲ့အတူ ဒွန်တွဲပေါ်လာတတ်တာ ကျွန်တော့်ညီရဲ့ မျက်နှာလေး။
လူဘဝလူ့လောက,ကနေ စောစောစီးစီး ထွက်ခွာသွားရတဲ့ ကျွန်တော့်ညီကို တွေးမိလိုက်တိုင်း ကျွန်တော်ပျော်ရွှင်နေတာ ကျွန်တော့်ညီအတွက် တရားပါရဲ့လားလို့ တွေမိတာ အကြိမ်ကြိမ် အခါခါ။
အန်ရီကိုဟာ ကျွန်တော့်အတွက် နေသာတဲ့ ရပ်ဝန်းဖြစ်ပြီး ကျွန်တော်ခြေမချချင်တဲ့ ကျွန်တော်ထွက်ပြေးချင်မိတဲ့ ရပ်ဝန်း။
ကျွန်တော့်ကို ပျော်ရွှင်စေတဲ့ ဒီရပ်ဝန်းမှာ ခြေမချဖို့ ကျွန်တော် ရွေးချယ်လိုက်ပြီးနောက် ကျွန်တော့်နှလုံးသာဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလို ခံစားလိုက်ရ၏။
သူတစ်ပါး ချစ်ခြင်းမေတ္တာကိုတော့ သေကွဲကွဲအောင် လုပ်ခဲ့တဲ့ ကျွန်တော်လိုကောင်က ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ ခြေချချင်နေတာ တရားပါရဲ့လား။ ချစ်ခြင်းမေတ္တာအပေါ် အယုံအကြည်မဲ့တဲ့ ကောင်က ချစ်ခြင်းမေတ္တာ ငံ့လင့်နေတာ လှောင်ရယ်ပစ်ချင်စရာ။
နေရာင်ခြည်ရဲ့ အလင်းရောင်ဟာ ကျွန်တော့်ကိုယ်ပေါ်သို့ ကျရောက်နေပြီး ပင်လယ်လေအေးလေး အခန်းထဲထိ လာရောက်ကျီစယ်နေသည်ကိုလည်း ခံစားမိ၏။ သို့သော် အိပ်ချင်စိတ်ကင်းမဲ့နေတဲ့ ကျွန်တော့်မျက်ဝန်းတွေကို ခပ်တင်းတင်း ဖိမှိတ်ထားမိဆဲ။
ကျွန်တော့်ကို ကျောခိုင်းသွားမဲ့ တစ်စုံတစ်ယောက်ကို မျက်နှာမပျက်ဘဲ ကြည့်နိုင်မယ်လို့ ကျွန်တော့်မှာ ယုံကြည်ချက် မရှိပါဘူး။
ကျွန်တော့်နားကို ရောက်လာတဲ့ ခြေသံဖွဖွ။ ကျွန်တော့် မျက်လုံးတွေကို ပိုတိုးပြီး ဖိမှိတ်ထားမိ၏။ ခဏအကြာတွင်
အခန်းတံခါးဖွင့်သံနှင့် ပိတ်သံကို တဆက်တည်း ကြားလိုက်ရသည်။ သူသွားပြီ။
လူမရှိတာသေချာတော့မှ ထထိုင်ပြီး အရူးတစ်ယောက်လို ငိုမိတော့၏။ ဒီတစ်ကြိမ် ခွဲခွာခြင်းက ခဏတာအတွက်လား၊ တစ်ဘဝစာအတွက်လား မသိပါဘဲကိုယ့်ပူလောင်ခြင်းတွေနဲ့ မနှုတ်ဆက်လိုက်ရဘူး။ တစ်ကြိမ်လောက်တောင် မျက်နှာကို ထပ်မကြည့်လိုက်ရဘူး။ အတွေးအဆုံး The Point ဟိုတယ်ရဲ့ အပြင်ဘက်ကို ပြေးထွက်လာမိတာ ဖိနပ်စီးဖို့ မေ့သည်အထိ။
အရူးတစ်ယောက်လို ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နှင့် ကျီးကန်းတောင်မှောက် ကြည့်နေရင်း
ကျွန်တော့်စိတ်ကလေး နွမ်းလျလာသည်။ မမှီလိုက်ပြန်ဘူး။
ဟိုတယ်ထဲကို ပြန်ဝင်ဖို့ထိ ကျွန်တော့်ရဲ့ ခြေထောက်တွေက အားအင်မရှိတော့။ နေပူပူလမ်းမကြီးမှာ ထိုင်ချလိုက်မိတဲ့ထိ ပျော့ခွေ ယိုင်နဲ့နေတော့တာ။ ပူလို့ပူမှန်းမသိ စိတ်တွေဟာ ဝေဝါးလို့နေ၏။
"ဗိုလ်ဗိုလ်.... "
မိုင်ပေါင်းများစွာကို မရပ်မနား ခရီးနှင်လာတာကြောင့် မောဟိုက်နေတဲ့ အသံ ကျွန်တော့်နားထဲ စီးဝင်လာသည်။
ကျွန်တော် အလန့်တကြားမော့ကြည့်မိခိုက် ကျွန်တော့်အား စူးစူးစိုက်စိုက် ပြန်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ဆုံသည်။
ထိုမျက်ဝန်းတွေရဲ့ ပိုင်ရှင်ဟာ ကျွန်တော့်ရဲ့ ရင်ခုန်သံအပိုင်းအစ စတင်ပေါက်ဖွားရာ အမျိုးသားပါပဲ။
ဘယ်လောက်မြန်မြန်များ ပြေးလာခဲ့လို့ မောဟိုက်နေပါလိမ့်။
သူ့ရဲ့ နားထင်စပ်လေးတွေမှာ ချွေးစလေးတွေ ထွက်နေ၏။
အရင်ရက်တွေက သူ့ရဲ့အလုပ်ကြောင့် အပြောင်သိမ်းကာ စည်းနှောင်ထားတတ်တဲ့ ဆံနွယ်တွေက ယခုအခါမှာတော့ ကျွန်တော်နဲ့ စတွေ့ခါစကလို တစ်ဝက်ကိုသာ စည်းနှောင် ထားလေ၏။
"ခင်ဗျား...ဘာလို့ပြန်လာတာလဲ"
ဟန်ဆောင်မေးလိုက်တဲ့ ကျွန်တော့်မေးခွန်းမှာ ပျော်ရွှင်ခြင်းတွေ ကပ်ပါနေသည်။ မြင်တွေ့ချင်နေသူကို မြင်တွေ့ရတာဟာ ပျော်စရာပဲမလား။
ခုနက အားအင်မရှိတော့ပါဘူးဆိုတဲ့ ခြေထောက်တွေက ဘယ်ကနေများ အင်အားတွေရလာမှန်း မသိ။ မတ်တပ်ထရပ်လိုက်တာ မြန်မြန်ဆန်ဆန်။
"ဘယ်အချိန်မှ ပြန်တွေ့ရမလဲ မသိလို့ တစ်ခါလောက်တော့ မျက်နှာလေးကို ထပ်ကြည့်သွားချင်လို့..."
အတွေးတွေ စိတ်ကူးတွေဟာ တူညီနေပုံများ။ တိုက်ဆိုင်နေပုံများ။
"ကိုယ် ဗိုလ်ဗိုလ့်ကို ခဏလောက် ဖက်ထားလို့ ရမလား."
သူဖက်ချင်ရင် သူ့ရှေ့မှာ ရပ်နေတဲ့ ကျွန်တော့်ကို စိတ်အလိုရှိသလို ဖက်လိုက်လို့ ရပါလျှက်နဲ့ ကျွန်တော့်ကို ခွင့်တောင်းနေ၏။ အန်ရီကိုက ဒီလိုလူမျိုးတစ်ယောက်။
ကျွန်တော် လိုလားစွာ ခေါင်းညိတ်ပြလိုက်လျှင်ပင် ချက်ချင်း ကျွန်တော့်အား ထွေးပွေ့လိုက်တာ တင်းတင်းကြပ်ကြပ်။
"ဗိုလ်ဗိုလ်.. "
"ဗျာ"
ဗျာလို့ ကျွန်တော်ထူးလိုက်ချိန် ကျွန်တော့်ကို ပွေ့ဖက်ထားတဲ့ သူ့လက်တွေက ပို၍ပင် တင်းကြပ်သွား၏။
"တချို့အရာတွေက ဖြစ်ကိုဖြစ်လာရမဲ့ ကံကြမ္မာတွေပါလာပြီးသား ဒါကို ကိုယ်တို့တွေ လိုက်တားလို့မရဘူး။ လိုက်ပြုပြင်လို့ မရဘူး။ ဒီအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ မခံယူစေချင်ဘူး။ တစ်ဘဝလုံး ကျရှုံးသွားတာမျိုး မဖြစ်စေချင်ဘူး။ ကိုယ်လုပ်နိုင်တာကို ဆက်လုပ်သွားပြီး လူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သင့်တယ်။"
ကျွန်တော့်ထက် ငါးနှစ်တာလောက် ထမင်းပိုစားထားလို့များ အန်ရီကိုဟာ အစစအရာရာ ကျွန်တော့်ထက် ရင့်ကျက်နေသလား။ ဒါမှမဟုတ် လောကဓံကို ပိုပြီး ခံထားရတာကြောင့်လည်း ပါ,ပါလိမ့်မည်။
သူ့စကားကြောင့် ကျွန်တော့ရင်ထဲ တင်ကြပ်နေခြင်းတွေ လျော့ပါးသွားသည်။
"ကိုယ်အပြစ်လုပ်ခဲ့တယ်လို့ သတ်မှတ်တယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက် ဘာပြုပြင်နိုင်လဲ ဘာတွေလုပ်နိုင်လဲ ဘယ်လိုကောင်းအောင် ဆက်နေထိုင်သွားမလဲဆိုတာ သေချာစဉ်းစား ဗိုလ်ဗိုလ်"
သူ့ရဲ့ ဝင်လေထွက်လေဟာ ကျွန်တော့်ဂုတ်ပိုးပေါ်မှာ ကျရောက်နေသည်။ ယောကျာ်းနှစ်ယောက် လမ်းမပေါ်မှာ ပွေ့ဖက်နေခြင်းကို ဘယ်သူမှ အရေးတယူလုပ်နေခြင်း မရှိ။
"ဗိုလ်ဗိုလ် သိလား။ အောင်မြင်ဗိုလ်ဆိုတဲ့ နာမည်ကလေ သိပ်ကို အဓိပ္ပာယ်ရှိတဲ့ နာမည်လေး။ ကိုယ် အရမ်း သဘောကျတယ်"
ဒီတစ်ကြိမ်မှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်မိတာ ကျွန်တော်ဖြစ်သွားသည်။ နာမည်နဲ့ ပက်သက်လို့ စိတ်မလုံခြုံမှု့ ရှိနေတဲ့ ကျွန်တော့်ကို ဒီအမျိုးသားဟာ အခုလိုလည်း စိတ်လုံခြုံမှု့ပေးတတ်သေး၏။ ဖြန့်ချထားတဲ့ သူ့ဆံနွယ်တွေကို ခိုး၍ နမ်းရှိုက်မိတာ အကြိမ်ကြိမ် အခါခါ။
"ကျွန်တော် ခင်ဗျားဆီက ပြေးနိုင်သလောက် ပြေးဦးမှာ"
"ငါးမန်းတွေက သူ့သားကောင်နောက်ကို လိုက်ရင် အစပိုင်းမှာ ဖြည်းဖြည်းချင်း လိုက်တယ်ဆိုတဲ့ အကြောင်း ကိုယ်ပြောဖူးတာ မှတ်မိလား"
ကျွန်တော် ခေါင်းညိတ်တော့...
"ဗိုလ်ဗိုလ်ရဲ့ စိတ်ထဲကို ကိုယ် ဖြည်းဖြည်းချင်း လာခဲ့မယ်
ဝေးသွားတဲ့ အချိန်တွေမှာ ကျန်းကျန်းမာမာရှိနေပေး။ ဘာဆက်လုပ်ရမလဲ အဖြေရှာတွေ့တဲ့အခါ ကိုယ်တို့ နီးစပ်နိုင်မှာပါ"
ဖက်ထားရာမှ ဖယ်ခွာပြီး မျက်နှာချင်းဆိုင်ချိန် တစ်ယောက် မျက်ဝန်း တစ်ယောက် ငေးကြည့်နေမိတာ အချိန် အတော်ကြာသည် အထိ။
"ကိုယ့်ကို ခွင့်လွှတ်မယ်မလား"
"ဟင်"
အဆက်အစပ်မရှိတဲ့ မေးခွန်ကို သူမေးလာသည်။ ဘာကိုမေးမှန်းမသိလို့ ဘာကို ဖြေရမယ်မှန်း မသိတဲ့ ကျွန်တော့်မှာ "ဟင်"လို့သာ အသံထွက်နိုင်၏။
"အခန်းထဲ ပြန်ရောက်ရင် ကိုယ်ထားခဲ့တဲ့ စာလေး ဖတ်လိုက်ဦး။ ကိုယ် ပြန်တော့မယ်နော်"
လှည့်ထွက်တော့မဲ့ သူ့လက်ကို ဆွဲ၍ တားမြစ်လိုက်ရသည်။
ကျောခိုင်းကာ ထွက်သွားမဲ့ သူ့ရဲ့ ကျောပြင်ကို ကြည့်နိုင်ဖို့ ကျွန်တော် မစွမ်းနိုင်ပါ။
"ကျွန်တော် အရင် ဟိုတယ်ထဲ ဝင်ပါရစေ"
ကျွန်တော့်စကားကြောင့် သူပြုံး၏။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ခြင်းမှာ ကျွန်တော် ငေးခနဲဖြစ်သွား၏။ နောက်ဆုံးအကြိမ် မျက်ဝန်းညိုတွေကို ငေးကြည့်ပြီး ဟိုတယ်ထဲကို ဝင်ခဲ့မိတာ နောက်လှည့်မကြည့်စတမ်း။
ကျွန်တော့်ကို ငေးရင်း ရပ်ကျန်နေခဲ့မလား။ ဒါမှမဟုတ် ကျွန်တော့်ကို ကျောခိုင်းထွက်သွားပြီလား။ ဒီတစ်ခါဝေးတာ ဘယ်လောက်ကြာမြင့်မှာလဲ။
ခဏတာလား၊ တစ်သက်စာလား။
မျက်ရည်တွေဟာ မရပ်တန့်။ အခန်းထဲ ပြန်ရောက်ချိန် အပြေးအလွှားရှာဖွေမိတာ သူထားသွားခဲ့တဲ့ စာလေး။
ခုတင်ဘေးက စားပွဲပေါ်မှာ ကျွန်တော် ပစ်ထားမိတဲ့ ဖုန်းလေးနဲ့ ဖိထားတဲ့ စာရွက်ဖြူလေး။
မရေးတတ် ရေးတတ်နဲ့ ရေးထားတဲ့ မြန်မာစာလုံး ရှည်သွယ်သွယ်လေးတွေဟာ ချစ်စရာ။ ရေးထားတဲ့ စာလေးသုံးကြောင်းကို ဖတ်ပြီးချိန် ကျွန်တော့်မှာ မျက်ရည်တွေ ကျနေရင်းကြားက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိ၏။
"ဗိုလ်ဗိုလ် ကိုယ်တောင်းပန်ပါတယ် ။
ဗိုလ်ဗိုလ့်အပေါ် တောင်းပန်ရမဲ့ ကိစ္စမျိုးလုပ်တာ ဒါပထမဆုံးနဲ့ နောက်ဆုံးပါ။
ဗိုလ်ဗိုလ် မသိအောင် ဗိုလ်ဗိုလ့်ဖုန်းကို ယူပြီး Instragram Acc ကြည့်မိပါတယ်။"
စာက ဒီမှာတင် ပြီး၏။ ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ အမျိုးသားလဲ။ ကျွန်တော့်ရင်ထဲက ပူပန်စိတ်တွေ ပြေလျော့သွား၏။
အန်ရီကိုက ကျွန်တော့်ကို လွယ်လွယ်နဲ့ လက်လွှတ်မဲ့သူ မဟုတ်ဘူး။ သူ့ဘက်က အချိန်ပြည့် ကျွန်တော့်ကို လက်ကမ်းထားပြီးသား။
ဒီစိတ်နဲ့တင် ကျွန်တော့်ကမ္ဘာဟာ တငြိမ့်ငြိမ့်ဆက်လည်၏။
>>>>>>>
အန်ရီကို ပြန်သွားခဲ့ပြီး ကျွန်တော့်မှာ နောက်ရက်ပင် မကူးနိုင် Mossel Bayကနေ ထွက်ပြေးလာခဲ့မိ၏။ ကျွန်တော်တို့ နှစ်ယောက်အတွက် အမှတ်တရတွေရှိနေပြီး သူ့ရဲ့ အငွေ့အသက်တွေ တည်ရှိနေတဲ့ မော်ဆယ်ပင်လယ်မှာ ဆက်နေဖို့ရာ မစွမ်းနိုင်။
Mossel Bayကနေ ကားဖြင့် သွားရင်
သုံးနာရီခွဲကျော်လောက် ကြာမြင့်သည့် Betty's Bayကို ကျွန်တော် ခရီးဆက်ဖြစ်ခဲ့သည်။
'ခင်ဗျားလက်ကနေ ပြေးနိုင်သလောက် ပြေးမယ်'လို့ ကြွေးကြော်ခဲ့ပြီးမှ ကျွန်တော် ထွက်ပြေးလာမိတာ Betty's Bayတဲ့။ ဘယ်လောက်တောင်မှ ရယ်စရာ ကောင်းလိုက်လဲ။
'ခင်ဗျားနဲ့ ဝေးရာကို ထွက်ပြေးချင်တဲ့ ကောင်က ခင်ဗျားကို ပိုတိုးလို့ သတိရစေမဲ့ ပင်လယ်တစ်ခုကို ထွက်ပြေးမိတယ်'လို့ ပြောရင် ကိုယ်က မင်းရဲ့ ရင်ထဲ တဖြည်းဖြည်း တိုးဝင်လာမှာလို့များ ပြန်ပြောမလား။
(Cape Town) ကိတ်တောင်မြို့နဲ့ တစ်ရာကီလိုမီတာ အကွာအဝေးမှာ တည်ရှိတဲ့ (Betty's Bay) ဒီပင်လယ်က Kogelberg (ကိုဂဲလ်ဘာ့) တောင်တန်းရဲ့ အောက်ခြေမှာ လှပစွာ တည်ရှိသည်။
ဆယ့်သုံးကီလိုမီတာကျော်သာ ရှည်လျားတဲ့ ဒီပင်လယ်ကမ်းခြေကနေ ကြည့်ရင် Kogelberg (ကိုဂဲလ်ဘာ့) တောင်တန်းကြီးကို တွေ့မြင်ရ၏။ အရှေ့အရပ်ကို ကြည့်လျှင် ပင်လယ်ပြာပြာကို တွေ့မြင်ရပြီး အနောက်ကိုကြည့်တိုင်း တောင်တန်းကို မြင်တွေ့နေရခြင်းက သဘာဝတရားကို ထိတွေ့ခံစားချင်သူတွေအတွက် သဘောကျစရာနေရာတစ်ခု။
Kogelberg တောင်က တောင်အာဖရိကနိုင်ငံအတွင်း UNESCOမှ ဇီဝနယ်မြေအဖြစ် ပထမဆုံး သတ်မှတ်ပေးခဲ့တဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဒေသခံတွေက သူတို့ရဲ့ နှလုံးသားတစ်ခုလို သတ်မှတ်ထားပြီး ကာကွယ်စောင့်ရှောက်ကြသည်။
ဒီဒေသရဲ့ အကြောင်းကို ပထမဆုံး လေ့လာပြုစုခဲ့သူ Arthur Youldenက သူ၏ သမီးဖြစ်သူ Betty Youldenကို အစွဲပြုပြီး Betty's လို့ မှည့်ခေါ်ခဲ့တဲ့
ဒေသခံရွာကလေးက လူပေါင်းတစ်ထောင်ကျော်သာရှိ၏။ သေးငယ်တဲ့ ရွာကလေးဖြစ်ပေမဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွား အများစုကြောင့် လူစည်ကားနေတတ်ပြီး ခရီးသွားလုပ်ငန်း အတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်သည်။
သဘာဝတရားကြီးကို ချစ်မြတ်နိုးပြီး သဘာဝတရားနဲ့ ထိတွေ့ဖို့ ပြောတတ်တဲ့ ကျွန်တော့်ရဲ့ ရင်ခုန်သံ အပိုင်းအစကို သတိရတိုင်း သဲတွေပေါ်မှာ လာထိုင်ပြီး အဆုံးမဲ့တဲ့ ပင်လယ်ပြင်ကို ထိုင်ကြည့်ခြင်းက ကျွန်တော့်ရဲ့ အလေ့အကျင့်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လူတစ်ယောက် မရှိမှ ပိုသိသာတာတဲ့ ။ ပင်လယ်ကြီးကို မြင်တိုင်း ငါးကလေးတွေကို တွေ့တိုင်း ရူးရူးသွပ်သွပ်
သတိရမိတာဟာ ကျွန်တော့်ရဲ့ ရင်ခုန်သံ အပိုင်းအစလေးကို။
ပင်ဂွင်းတွေ အများဆုံး ကျင်လည် ကျက်စားတဲ့ ဒီနယ်မြေကိုများ သူရောက်တဲ့အခါ သူ့အပြုံးတွေ သိပ်တောက်ပနေမှာပဲလို့ တွေးမိတာ အကြိမ်ကြိမ်။
ပင်လယ်ပျော် သတ္တဝါတွေကို သိပ်ချစ်တဲ့ သူလေ။
အတိတ်ဆိုတာ ပစ္စုပ္ပန်မှာ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှု့တွေရှိလာတိုင်း ပြန်အမှတ်ရဖြစ်တဲ့ အမှတ်တရ တစ်ခုပဲ။
အောင်မြင်ဗိုလ်ဆိုတဲ့ ကျွန်တော့်ရဲ့ အမည်နာမဟာ ယခုမှ အသက်ဝင်သလို ကျွန်တော့်ဘဝ လမ်းပျောက်မနေတော့။
လူတစ်ယောက် ဆက်ပြီး ရှင်သန်ဖို့ဆိုတာ ရှင်သန်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက် ရှိရမယ်တဲ့။ ကျွန်တော့်ရဲ့ ရင်ခုန်သံ အပိုင်းအစလေးနဲ့ ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့် နေရက်တွေကို ရှေ့ဆက်ဖြစ်ပါတယ်။
ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေမိတော့ အရင်က အရက်ပုလင်းလိုက် မော့ခဲ့တဲ့အချိန်၊ စီးကရက် လက်ကြားညှပ်ခဲ့ချိန်တွေဟာ ရယ်စရာကောင်းလွန်းလှသည်။
တချိန်ချိန်မှာ ဘဝကို အရှုံးပေးလိုက်မယ်ဆိုတဲ့ အတွေးတွေဟာ ယခုအချိန်မှာ မရှိတော့။
ကျွန်တော် အထပ်ထပ်အခါခါ တွေးမိနေခြင်းက ကျွန်တော် ဘာလုပ်နိုင်မလဲဆိုတာပါပဲ။
"လာထိုင်ငေးနေပြန်ပြီ"
-------------------------------------------------------------
(21.22.2022) (7:04PM)
ဗိုလ်ဗိုလ့်ကို ထည့်ပေးလိုက်လို့ရရဲ့နဲ့ မထည့်ပေးလိုက်ဘူးလို့ ပြောချင်နေကြတယ်မလား။ အခုချိန် ထည့်ပေးလိုက်ရင် ဟိုငဗိုလ်ရဲ့ အချစ်ကို မယုံတဲ့ စိတ်နဲ့ စွပ်စွဲရင်း ပြသနာ တက်ပါလိမ့်မယ်။
Betty's Bayအကြောင်းက Source from google ပါနော်။ ဘာသာပြန်ကူတဲ့ April13579ကို ကျေးဇူးပါလို့ ဟိ။