ထိပ်ထား

By RenGe-

368K 33K 1.7K

မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။ More

အမှာစကား
သီရိနန္ဒာဒေဝီ
စေ့စပ်ပွဲ
ဟံသာဝတီသို့နောက်တဖန်
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂
ကျီစယ်လေသောကံကြမ္မာ
အပါးတော်မြဲအဖြစ် ရှိနေပါရစေ
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ်
ပိုမိုနီးစပ်လာခြင်း
အိမ်ရှေ့စံ၏အကြံအစည်
ချစ်စကားတစ်ခွန်းဆိုပါမည်
အလှည့်အပြောင်း
နဒီ သို့မဟုတ် မြစ်တစ်စင်း
ချည်လုံးအစဖော်ခြင်း
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း
တရားဝင်
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ
ထိုးမည့်ဆင် တစ်လှမ်းဆုတ်
အကျဉ်းအကျပ်
တိုက်ပွဲ
ရင်ဝှက်ပန်း
သံသရာ (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
သီရိနန္ဒာဒေဝီ (ZawGyi)
စေ့စပ်ပွဲ (ZawGyi)
ဟံသာဝတီသို့နောက်တဖန် (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁ (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂(ZawGyi)
ကျီစယ်လေသောကံကြမ္မာ(ZawGyi)
အပါးတော်မြဲအဖြစ် ရှိနေပါရစေ(ZawGyi)
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ် (ZawGyi)
ပိုမိုနီးစပ်လာခြင်း (ZawGyi)
အိမ်ရှေ့စံ၏အကြံအစည်(ZawGyi)
ချစ်စကားတစ်ခွန်းဆိုပါမည်(ZawGyi)
အလှည့်အပြောင်း(ZawGyi)
နဒီ သို့မဟုတ် မြစ်တစ်စင်း (ZawGyi)
ချည်လုံးအစဖော်ခြင်း (ZawGyi)
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း(ZawGyi)
တရားဝင် (ZawGyi)
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ (ZawGyi)
ထိုးမည့်ဆင် တစ်လှမ်းဆုတ် (ZawGyi)
အကျဉ်းအကျပ် (ZawGyi)
တိုက်ပွဲ (ZawGyi)
ရင်ဝှက်ပန်း (ZawGyi)
သံသရာ (ဇာတ်သိမ်း) (ZawGyi)
Announcement
Pre Order

Extra

4.6K 478 20
By RenGe-

တစ်ထပ်တိုက်ပုလေး‌ရှေ့တွင် သီရိကားကို ရပ်လိုက်သည်။ထို့‌နောက်လိပ်စာရေးထားသော စာရွက်လေးကို ပြန်ဖတ်ကြည့်သည်။လမ်းနံပါတ်လည်းမမှား။သုံးအိမ်မြောက်ခြံ၀န်းနှင့်ခဲ‌ရောင်တိုက်ပုလေးဆိုတာလည်း သေချာတာမို့ ဒီအိမ်သည် မမအိမ်ဖြစ်မှာအသေချာ။

နှင်းဆီပန်းနီိနီလှလှတွေချည်းစည်းထားသော ပန်းစည်းကိုပွေ့သယ်လိုက်ရင်းခြံတံခါးရှေ့တွင် အသက်ကို ၀အောင်ရှုလိုက်သည်။

"မမ အိမ်မှာရှိပါစေ"

ဆုတောင်းပြီးဘဲလ်ကိုတီးလိုက်သည်။ရင်ထဲတွင်တော့အနည်းငယ်လှုပ်

အကြောင်းမကြားဘာမကြားနှင့် အိမ်လာသည်က ရိုင်းရာကျမလားတော့မသိ။ဒုတိယအကြိမ် ထပ်မံပျောက်သွားမှာစိုးတာမို့ ဘာမှကို ဂရုစိုက်မအားတော့ပါ။

ပြပွဲမှာတုန်းက သူတို့တွေ့ဆုံခြင်းက ခဏတာပါပဲ။မမ ကပန်းချီဆရာမဆိုတော့ ဧည့်သည်များတယ်လေ။ ခဏနော်ဆိုပြီး ပျောက်သွားလိုက်တာ ပေါ်မလာ။သူကလည်း ထို့နေကသွားစရာရှိလို့ အကြာကြီးမနေနိုင်ခဲ့။

ညရောက်တော့ ဆိုရှယ်မီဒီယာသုံးမလားဆိုပြီးရှာပေမဲ့ မတွေ့။။သီရိ ဒုတိယအကြိမ်ထပ်လမ်းပျောက်ရပြန်သည်။

ကောက်ရိုးပုံထဲအပ်ရှာသလိုဖြစ်နေတုန်း ခေါင်းထဲ ဆုရှင်းစကားက၀င်လာသည်။ငါ့ကောင်မလေးရဲ့အစ်မ၀မ်းကွဲဆိုတာ။ ထို့ကြောင့်ဆုရှင်းရည်းစားထံသွားအကူညီတောင်းရင်း ဒီလိပ်စာကိုရခဲ့ခြင်းဖြစ်၏။ပိုကံကောင်းသွား‌စေတာကလိပ်စာက မန္တလေးလိပ်စာ။

"တီးတောင်.."

ဒုတိယအကြိမ် ထပ်နှိပ်အပြီး တံခါးကပွင့်လာသည်။

"ဟင်"

မမက မဖိတ်ခေါ်ပဲရောက်လာသည့်ဧည့်သည်ကြောင့် အနည်းငယ်အံ့ဩသွားဟန်ပါပဲ။သို့ပေမဲ့ မျက်နှာကတော့ကြည်ကြည်လင်လင်...

"ဟို မမ...သီရိပါ။သီရိကို မှတ်မိတယ်မလားဟင်"

အရဲကိုးကာခေါ်လိုက်သော မမဆိုတဲ့အခေါ်အဝေါ်အတွက် သူမမျက်နှာပေါ်မှာ မသက်မသာအရိပ်ယောင်မတွေ့။

"မမှတ်မိစရာလား"

မမက ပါတိတ်ခရမ်းရောင်၀မ်းဆက်ကို၀တ်ထားသည်။အင်္ကျီကလက်ပြတ်ခါးတို‌လေးနှင့်။ခေါင်းလျှော်ထားဟန်ရသော မမဆံနွယ်ရှည်များမှ ရှန်ပူရနံ့က သင်းပျံ့လွန်းသည်။

"မမ အတွက်"

နှင်းဆီပန်းခပ်ရဲရဲတွေချည်းစီးထားသော ပန်းစီးကို မမလက်ထဲထည့်ပေးလိုက်တော့ သူမက ပန်းလေးတွေကိုငုံ့နမ်းသေးသည်။

" လာ ၀င်"

မမအိမ်၀န်းလေးထဲတွင် ပန်းမျိုးစုံစိုက်ထားသည်။နှင်းဆီ စံပယ် သစ်ခွများအပြင် သီရိမသိသည့်ပန်းများလည်းပါသည်။ဒန်းလေးတစ်ခုလဲ ရှိသေးသည်။

"အိမ်ကိုဘယ်လိုရှာတွေ့တာလဲ"

"အဲ့တာက...ပြောရရင် စုံစမ်းတာပေါ့"

မမက သီရိရဲ့အနည်းလျိုသလိုပုံစံကြောင့် ရယ်သည်။

"သီရိကံကောင်းတာ။ကျွန်မက မနက်ဖြန်ရန်ကုန်သွားမှာ

မမက ကျွန်မလို့သုံးတော့ သီရိသဘောကျမိသည်။စိမ်းမနေ နားထောင်ရပင် ကောင်းသလိုလို။

"ဟုတ်လား စိတ်လောပြီး ဇွတ်လိုက်ရှာလိုက်တာ မှန်သွားတယ်နေမယ်။ဒါနဲ့ ဒီနေ့ကော မမ အားရဲ့လားဟင်"

"ကဲ လာဒီမှာထိုင်....အားတယ်ပြောရမပေါ့....တစ်နေကုန်ပုံဆွဲမလို့လေ။စိတ်ခံစားချက်လေးကလည်းထူးထူးဆန်းဆန်းကောင်းနေတယ်လေ။ကဲ ဆိုပါအုန်း အိမ်ထိရောက်လာရတဲ့ကိစ္စ"

မမရဲ့မေးခွန်းအတွက် သီရိဆီမှာခိုင်လုံသည့်အဖြေမရှိ။တွေ့ချင်သည် ပိုရင်းနှီးချင်သည်။

"တွေ့ချင်လို့ပါ"

ကွေ့ဝိုက်မနေတော့ပဲ သူဒဲ့ပဲပြောလိုက်တော့ မမက ခပ်ဖွဖွရယ်သည်။ဘာမှတော့မဆို....

"ဟုတ်ပါပြီ။သီရိအတွက် ကျွန်မတစ်ခုခုလုပ်ပေးမယ် အအေးလား ကော်ဖီလား"

"ရတယ်မလုပ်ပါနဲ့။သီရိ ကော်ဖီလည်းသောက်ခဲ့တယ်။အအေးကကျ မကြိုက်တာမို့"

"ဟုတ်ပါပြီရှင်။"

မမကသူ့ဘေးကခုံတွင်၀င်ထိုင်သည်။ရှန်ပူနံ့ခပ်သင်းသင်းက သီရိကိုကြည်စယ်လျှက်။

ထိုင်ပြီးသည့်နောက်လေထုကအနည်းငယ်တိတ်ဆိပ်သွားသည်။မမက သီရိကိုကြည့်လျှင်အမြဲကြည်ကြည်လင်လင်ပြုံးပြီးကြည့်တာ။ဒီအပြုံးကြောင့် ရောဂါပိုပိုတိုးပြီး အိမ်အထိရောက်လာရတာလေ။

"အော် ပြစရာရှိတယ်သိလား"

သီရိ သူ့ပိုက်ဆံအိတ်ထဲတွင်အမြဲပါသော ပဲခူးမှာရိုက်ဖြစ်ခဲ့တဲ့ ပုံလေးများကိုထုတ်ပြလိုက်သည်။

"အို ...သီရိလည်းအဲ့အချိန်က ဘုရားပေါ်မှာရှိခဲ့တာလား"

"ဟုတ်တယ်။ကင်မရာလဲပါလာတာနဲ့ ရိုက်ဖြစ်သွားတာ။ဒါပေမဲ့ ခဏနေရှာတော့ မမက မရှိတော့ဘူးလေ"

"ဟုတ်မှာ။မိတ်ဆွေတွေနဲ့လာတော့ ၀င်စရာလည်းရှိသေးတာနဲ့ အမြန်ပြန်လိုက်တာလေ။ဒါနဲ့သီရိသိလား ကျွန်မ အဲ့နေ့က ဆုတစ်ခုကို လေးလေးနက်နက်တောင်းနေခဲ့တာ"

"ဟင် ဟုတ်လား"

မမက လက်ထဲကသူ့ဓာတ်ပုံလေးတွေကိုကြည့်ရင်း

"အဲ့ဆုက အဲ့နေ့က ချက်ချင်းပြည့်သွားတဲ့ပုံပဲ။ကျွန်မပဲ မသိတာနေမယ်"

"ဟုတ်လား ဘာဆုလဲဟင်"

"ဆု‌တောင်းပါဆို ပြောလို့မရဘူးလေ"

"ပြည့်ပြီးသွားပြီဆို"

"ပြည့်လဲ ‌မပြောပါဘူး"

ပထမဆုံးစကားပြောသည့်အခြေနေဖြစ်ပေမဲ့ စိမ်းမနေ သီရိကော မမပါ သက်တောင့်သက်သာရှိသည်။

"ကျွန်မ ပန်းချီဆွဲခန်းကိုလိုက်ကြည့်မလား..."

"ကြည့်မယ်လေ"

"အို ခဏနော် အဲ့ဆို"

မမကတစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထသွားတော့ သီရိတစ်ယောက်ထဲဧည့်ခန်းထဲတွင် ကျန်ရစ်သည်။မမကို စောင့်ရင်းသူတွေးမိတာက နေ့တပိုင်းတောင်မရှိသော ရင်းနှီးမှုဖြင့်အရဲစွန့်ကာ အိမ်အထိလိုက်မိခဲ့သည်။ခြေလှမ်းကျဲလွန်းသောအခြေနေဖြစ်မလားတော့ မပြောတက်။သို့ပေမဲ့ ယခုထိအခြေနေမဆိုးတာတော့ အသေအချာ။

"ပြီးပြီ...ကဲလာ"

မမက သီရိကို  အခန်းကျယ်တစ်ခုဆီခေါ်သွားသည်။ထိုအခန်းသည် နံရံကိုအဖြူရောင်သုတ်ထားသည်။ပန်းချီကားတစ်ချို့က အခန်းတွင်ထောင်လျှက် တစ်ချို့ကချိတ်ထားသည်။ချိတ်ထားသည့်အထဲ ပြပွဲတွင်ရောင်းရန်မဟုတ်ပါ‌ဆိုသော ပန်းချီကားလည်းပါသည်။ပန်းချီဆရာမက သူ့ချစ်သူကိုရည်ညွှန်းဆွဲသည်ဆိုသောကား။ သီရိမနာလိုဖြစ်လာရတာမို့ ဆက်မကြည့်တော့...

ဆွဲလက်စဆေးဗူးများ က ထောင့်တစ်နေရာမှာ။သူတို့ ဘေးတွင်ဂီတာလေးတစ်လုံး။

"မမ ဂီတာတီးတက်တာလား"

"အွန်း ဆိုပါတော့။သီရိကော"

"သီရိကနည်းနည်းပဲ။ဒါနဲ့ မမအကြိုက်ဆုံးသီချင်းရှိလား...."

"အွန်း ဆုန်သင်းပါရ်ရဲ့ သခင်ဆိုတဲ့သီချင်းလေးတော့ညည်းဖြစ်တယ် မကြာခဏ"

သီရိ‌ ခေါင်းထဲ စေလိုရာစေလိုက်တော့သခင်ဆိုတဲ့ သီချင်းစာသားက၀င်ရောက်လာသည်။မမမှာ သူ့နှလုံးသားကို ပိုင်စိုးပြီးသားသခင်များရှိနှင့်နေလျော့ပြီလား....။

"ဒီကားက ကျွန်မအင်း၀သွားတုန်းကဆွဲထားတာ။မြစ်ကိုဇက်နဲ့ကူးတုန်း အဲ့ပေါ်မှာတင်ဆွဲထားတာ။အချိန်လည်းသိပ်မယူထားဘူး။ပြီးတော့ဝါနုသေးတော့ သိပ်တော့ပညာသားမပါဘူး။ဒါပေမဲ့ ပထမဆုံးကြိုးစားဆွဲဖြစ်တဲ့ကားလေး။ဒီကားကလည်း ကျွန်မ‌မရောင်းမဲ့အထဲမှာပါတယ်"

သူမက နံရံပေါ်ကပန်းချီကားလေးကိုညွှန်းပြရင်းပြောသည်။

"မမ သီရိဆီမှာဓာတ်ပုံရိုက်ခံချင်လား"

"ဓာတ်ပုံ"

"ဟုတ်သား သီရိသေချာတောင်မိတ်မဆက်ရသေးဘူး။သီရိက ဓာတ်ပုံရိုက်တယ်လေ။Team Bဆိုတဲ့တိုက်က။"

"အဲ့ဆိုလာ ပြီးမှ ဆက်ကြည့်။ဒီမှာထိုင်။စကားပြောကြမယ်လေ။တစ်ယောက်အကြောင်းတစ်ယောက်သိရအောင်"

မမက စိတ်မြန်လက်မြန်သမား။ရင်းနှီးဖို့ကိုအချိန်အကြာကြီးယူရတာမကြိုက်ပုံ။သူ့ကြည့်ရတာ တစ်ထိုင်ထဲနဲ့ သီရိအကြောင်းအကုန်သိချင်သလိုပါပဲ။။အခန်းအလည်ကိုခုံလေးနှစ်ခုဆွဲယူလာရင်း သီရိကိုထိုင်ခိုင်းသည်။ပြီးတော့ သူမကသီရိပြောမဲ့စကားကိုစိတ်၀င်တစား..

"သီရိက မန္တလေးနည်းပညာတက္ကသိုလ်ကကျောင်းပြီးတယ်။Civilနဲ့။ဒါပေမဲ့ ဝါသနာပါတာ ပုံရိုက်တာမို့...ဓာတ်ပုံပဲရိုက်နေတာ။ Professionalတစ်ယောက်ဖြစ်ချင်တယ်။အသက်က နှစ်ဆယ့်ငါး။ဇာတိကတော့ တောင်ငူက။သီရိသုံးတန်းနှစ်မှာ မန်းလေးပြောင်းခဲ့တာ။ဘိုးတွေ ဘွားတွေ အမျိုးတွေက တောင်ငူမှာရှိတယ်"

"နှစ်ဆယ့်ငါးလား ကျွန်မက နောက်လာမဲ့ဒီဇင်ဘာဆို သုံးဆယ်ပြည့်မှာ။ငါးနှစ်တောင်ကွာတာပဲ"

"ငါးနှစ်လေးပါ"

သီရိစကားကြောင့် မမကထပ်ရယ်ပြန်သည်။မမက သုံးဆယ်ပြည့်မယ်သာပြောတာ သီရိထက်နုတယ်လို့ကိုထင်ရသည်။

"သီရိအကြောင်းပြောပြီးပြီဆိုတော့ ကျွန်မအကြောင်းပြောပြမယ်လေ"

"ဟိုး ခဏလေး"

မမစကားကို ဦးအောင်ရပ်ခိုင်းလိုက်ပြီး ဆုရှင်း၏ရည်းစားထံမှ မေးလာသော မမအကြောင်းများကို သီရိပြောပြလိုက်သည်။

"...."

သီရိသိစေချင်တာက မမအကြောင်းကို သူစိတ်၀င်တစားရှိတယ်ဆိုတာကိုပါ။မမဘယ်မှာကျောင်းပြီးတာ မမဇာတိကဘယ် မမကတစ်ဦးတည်း‌‌သောသမီးဖြစ်ကြောင်း စသဖြင့်ပေါ့ ။

"သီရိက မမအကြောင်းအကုန်သိပြီးသား"

"အို ဟုတ်တော့ဟုတ်သား။ဘယ်လိုသိလာတာလဲ။ ကျွန်မကအဲ့လောက်လဲနာမည်မကြီးပါဘူး"

မမက အနည်းငယ်အံ့ဩနေဟန်ပါပဲ။သီရိသူ့ကိုယ်သူကျေနပ်သွားရတယ်။မမအကြောင်းသိရဖို့ ဆုရှင်းရည်းစားကိုမနည်းမေးခဲ့ရတာ။အစက အစ်မ၀မ်းကွဲဆိုတော့ မဖြေချင်ဖြေချင် အင်တင်တင်ပင်။ဆုရှင်းကို အပူကပ်မှ ပြောပြပေးလာတာသူ့ရည်းစားက။

"ရှင် ကျွန်မအကြောင်းကို အကုန်သိတယ်သာပြောတာ ကျွန်မနာမည်ကိုရောသိရဲ့လား"

"သိတယ်လေ မမနာမည်က ထားကလျာ။မမထားကလျာ"

သီရိအဖြေအဆုံးမှာ သူမကရယ်ပါတော့တယ်။အရမ်းသဘောတကျပေါ့။မမက ဒီနေ့သီရိနဲ့စတွေ့ကတည်းက ပြုံးလိုက်ရယ်လိုက်နဲ့ပါပဲ။ရယ်တာကိုနားမလည်ပေမဲ့ သီရိလိုက်ပြုံးမိသည်။

"သီရိက အကုန်သိတာမှန်ပေမဲ့ မသိတာတစ်ခုကျန်‌သေးတယ်။ထားကလျာဆိုတာ ကျွန်မကလောင်နာမည်ရှင့်။အဲ့တော့ကျွန်မနာမည်အရင်းကိုမသိဖူး ဟုတ်တယ်ဟုတ်"

"ဟင်"

ကလောင်နာမည်ဆိုတော့ မမမှာနာမည်အရင်းရှိမှာပေါ့။အကုန်သိပါတယ်ဆိုပြီး အသံကောင်းဟစ်ပြီးမှ မမနာမည်အရင်းကိုသူသိမနေခဲ့။မမရယ်တာ ဒါကိုဖြစ်လိမ့်မည်

"ထားကလျာကိုနာမည်အရင်းထင်ခဲ့တာ။မမနဲ့သိပ်ပနံသင့်တာလေနာမည်က။ဒါဆို မမနာမည်အရင်းကကော"

"ဧကရီဦး"

အို လှလိုက်တဲ့နာမည်။မမရဲ့နာမည်နှစ်ခုလုံးက သဘောကျစရာကောင်းလိုက်တာဆိုပြီး သီရိတွေးမိသွားရသည်။

"မမ နာမည်ကလှလိုက်တာ"

"ခုနကပဲ ထားကလျာကပနံသင့်တယ်ဆို"

"မဟုတ်ဘူး ဒီနာမည်လေးကလဲ လိုက်ဖက်တယ်"

သူ့ရဲ့အလျှောက်ကောင်းမှုကြောင့် မမက မျက်ခုံးပင့်ကာအံ့ဩသလိုလုပ်ပြသည်။သီရိသွားဖြဲရင်းသာ...

"ဟီး နာမည်အရင်းရှိအုန်းမယ်လို့ မတွေးခဲ့တာ"

"သီရိကိုညနေမှ အေးဆေးပြန်စေချင်တယ်"

ဧည့်သည်။ပြောရရင် ပထမဆုံးအကြိမ်က တွေ့ရုံသာတွေ့ခဲ့ဖူးသော မရင်းနှီးသေးသောသူစိမ်းဧည့်သည်။အိမ်သို့ဗြုန်းဆိုရောက်လာသော အခြေနေမှာမမက စိတ်ရှုပ်မနေသလို ညနေထိအတူနေဖို့ကိုပါဖိတ်ခေါ်နေသည်။သီရိအတွက်လား သီရိအတွက်က သိပ်ကောင်းတာပေါ့။

"အဲ့ဆို..."

"သီရိအလုပ်ရှိတာလား။ဆောရီး ကျွန်မကိုယ့်ဖို့ကိုယ်ပဲကြည့်မိသွားတယ်။"

"မဟုတ်ဘူးမမ။သီရိအားတယ်။ညနေမှ ပြန်ပါ့မယ်။ပန်းချီကားတွေလည်းကြည့်ဖို့ကျန်သေးတယ်လေ"

"သီရိကို ကျွန်မလက်ရာဧည့်ခံမှာဒီနေ့။သီရိမသိလို့နော် ကျွန်မကဟင်းချက်သိပ်ကောင်းတာ။မစားဘူးလို့ငြင်းမယ်ဆိုရင်တော့ ကျွန်မ‌ကိုမိတ်ဆွေအဖြစ်မသတ်မှတ်ဖူးလို့တွေးရမှာပဲ"

သီရိအားနာပြီးငြင်းဖို့ပြင်နေပေမဲ့ မမစကားကြောင့်ပါးစပ်ပိတ်သွားရသည်။မမက စကားအချည်အတုတ်နေရာမှာ သိပ်ကျွမ်းတာပဲ။

"စားမှာပါ။ဒီခါမမအလှည့်ဆို နောက်ခါသီရိအလှည့်ပဲနော်။သီရိဆီလည်းဧည့်သည်လာလုပ်ရမယ်"

"ဟုတ်ပြီ လက်ခံတယ်။ကဲလာ အဲ့ဆို သီရိကိုကျန်တဲ့ကားတွေအကြောင်းပြောပြပေးမယ်။တစ်ကားစီတိုင်းမှာ သူ့ရာဇ၀င်နဲ့သူ"

အဲ့နေ့က သီရီမမအိမ်မှာ ညနေလေးနာရီလောက်အထိနေဖြစ်ခဲ့သည်။ပန်းချီကားတွေအကြောင်းပြောရင်း စိတ်၀င်စားသည့်အကြောင်းရာများကိုမျှဝေဖြစ်ကြသည်။မမနဲ့သီရိက အကြိုက်တူသည့်အချက်များအတော်များသည်ဆိုတာလဲသိခဲ့ရ၏။

အပြန်လမ်းမှာတော့ မမပေးတဲ့ပန်းချီကားတစ်ချပ်၊မမကိုယ်တိုင်ထိုးထားတဲ့crochetအိတ်လေးတစ်လုံးအပြင်"နောက်တစ်ခါကျသီရိအိမ်ကို မမဧည့်သည်လာလုပ်မယ်"ဆိုတဲ့စကားလေးတစ်ခွန်းပါ သီရိဆီမှာပါလာခဲ့တယ်။

________🪔ထိပ်ထား🪔___________

အမြန်လမ်းပေါ်မှာတရိပ်ရိပ်ပြေးနေတဲ့ကျွန်မရဲ့ကားလေးလိုကျွန်မအတွေးတွေကလဲရပ်မရဘူး။မီးရောင်ကြောင့်လက်သွားတဲ့ လက်သန်းကြွယ်ကလက်စွပ်လေးက ကျွန်မစိတ်ကိုပိုမကြည်မလင်ဖြစ်စေတယ်။ဘယ်လောက်ထိလဲဆိုရင် သူမကိုမမြင်စေချင်လို့ ခေတ္တပြေးချွတ်ထားခဲ့ရတဲ့အထိ။

ပန်းချီကားတွေလိုက်ပြမပေးခင်ကျွန်မလက်စွပ်လေးသွားချွတ်ခဲ့တာ။ကျွန်မကိုယ်မှာ တစ်စုံတစ်ယောက်ရဲ့အငွေ့အသက်မပါပဲ သူ့နားမှာရှိချင်တယ်။ကျွန်မအိမ်မက်တွေရဲ့အရှင်သခင်မလေးနားမှာပေါ့။

ရူးတယ်ပြောပြော တိုက်ဆိုင်တယ်ဆိုဆို သီရိကကျွန်မရဲ့စိတ်ကူးတွေကွန့်မြူးရာ ကျွန်မပန်းချီကားထဲက တပ်မှုးချုပ်ဆိုတာ တပ်အပ်သိနေတယ်။ပထမဆုံးမှာတင် ကျွန်မသိခဲ့တာ။ဒီခံစားချက်ကိုသေချာအောင်စိစစ်နေတုန်း သူကလဲအိမ်အထိရောက်ချလာတယ်လေ။

ဘုရားမှာသူကျွန်မပုံတွေရိုက်တုန်း ကျွန်မဆုတောင်းနေခဲ့တာက အိမ်မက်ထဲကအမျိုးသမီးကိုအပြင်မှာဆုံစည်းခွင့်ရပါရစေသားဆိုပြီးတော့ပေါ့။သူတကယ် ကျွန်မအနီးဆုံးမှာရှိခဲ့တာပဲ။ဒါပေမဲ့ အဲ့နေ့က ကျွန်မစေ့စပ်ခဲ့တဲ့နေ့။

ဟုတ်တယ်ကျွန်မကစေ့စပ်ပြီးသားအမျိုးသမီးတစ်ဦး။ဒါပေမဲ့ ဒီစေ့စပ်ပွဲက ချစ်ခြင်းမေတ္တာကိုအခြေခံထားတာမဟုတ်ဘူး။

"ကျွန်တော် ဧကရီကိုပိုင်ဆိုင်ချင်တယ်"

ဒီစကားကချစ်ခြင်းမေတ္တာလို့တော့ ကျွန်မ မခံစားရဘူး။ကြီးကြီးနဲ့မေမေရဲ့စီမံမှု။သူ့ရဲ့ချဉ်းကပ်မှု...ဖေဖေဆုံးပြီးကာစ အချိန်ကာလမှာ ကျွန်မအတွက်ရွေးချယ်စရာသိပ်များများစားစားမရှိခဲ့ဘူး။ဒီ‌ စေ့စပ်ပွဲဆိုတာနိုင်ငံခြားမှာကိုယ်ဝါသနာပါတာကိုလေ့လာချင်လို့ ကြီးကြီးတို့နဲ့အပေးအယူလုပ်ခဲ့တဲ့ သဘောပဲ။

ပြန်လာရင်လက်ထပ်ကြမယ်လို့ ထားထားတဲ့ကတိကို ပြပွဲတွေလုပ်ပါရစေအုန်းဆိုပြီး ကျွန်မအချိန်ဆွဲထားခဲ့ရတာ။သူကလည်း လိုက်လျောပါတယ်။ကျွန်မကိုလည်း စောင့်ပေးတယ်။ခက်တာက ကျွန်မသူ့ကို အစ်ကိုတစ်ယောက်ထက်ပိုလို့မရတာပဲ။ဒါပေမဲ့ သီရိသာပေါ်မလာရင် ကျွန်မသူ့ကိုလက်ထပ်ဖြစ်မလားမသိဘူး။အခုတော့ ကျွန်မအတွေးတွေ ဝေဝါးနေရပြီ။ကျွန်မ ဘာလုပ်သင့်လဲ...

________🪔ထိပ်ထား🪔___________

စံအိမ်ကိုရောက်တာနဲ့ကြီးကြီးရယ် မေမေရယ်က၀မ်းသာအားရကြိုတယ်။သူကြိုက်တဲ့ဟင်းတွေလဲချက်ထားတယ်ဆိုပြီးပေါ့....

"ဥလေးကြိုက်တာတွေ ကြီးကြီးချက်ထားတယ်သိလား"

သူ့အသက်သုံးဆယ်ရှိနေသည့်တိုင် ကြီးကြီးမျက်လုံးထဲကလေးလို့မြင်နေဟန်ပါပဲ။ကြီးကြီးကိုငယ်ငယ်ကတည်းက အကုန်လုံးချစ်ကြောက်ရိုသေ။မေမေကော အဒေါ်တွေကော ဧကရီ့မောင်နှမ၀မ်းကွဲတွေကအစပေါ့။မျိုးကြီးရိုးကြီးကမို့စည်းကမ်းတင်းကျပ်သည်။အမှားမခံ။

"မမဦး..."

ဧကရီ့ကိုမမဦးလို့ခေါ်တာတစ်ယောက်ထဲရှိသည်။မေ့မေ့ညီမအငယ်ဆုံးကမွေး‌သည့် ဧကရီ့မောင်လေးတစ်၀မ်းကွဲ။

"စည်သူ"

"မမဦး သားကိုမှတ်မိရဲ့လား"

ကောင်လေးကဧကရီထွက်သွားတုန်းက အလယ်တန်းကျောင်းသားလေးလောက်ရှိသေးတာ။ခုကျအတော်ထွားပြီး အရပ်လဲဧကရီ့ထက်ရှည်လို့...

"မှတ်မိတာပေါ့ ပရုတ်လုံးရဲ့"
ကောင်လေးရဲ့ဖြူဖွေးတဲ့အသားရည်ကြောင့် ငယ်စဉ်ကသူပေးထားတဲ့နာမည်လေးကိုခေါ်လိုက်တော့ စည်သူကရယ်သည်။ဒီကောင်လေးက တစ်၀မ်းကွဲတွေထဲ ဧကရီအချစ်ဆုံးကလေးမလား။

"အကုန်လုံးရောက်နေကြတယ် မမဦးကိုလာကြိုကြတာပေါ့။ရန်ကုန်ဆင်းမဲ့ရက်မတိုင်ခင်ကတည်းက ကြီးကြီးက ဦးငယ်တို့ကောသားတို့ကောအကုန်လှမ်းခေါ်လိုက်တာ"

ကောင်လေးကကားနောက်ထဲမှ သူ့အထုတ်များကိုယူလိုက်ရင်း သတင်းပေးနေသည်။စည်သူ့စကားအရ အိမ်ထဲတွင်အမျိုးအကုန်စုံနေသည်မှာအသေအချာ။မောင်နှမ၀မ်းကွဲတွေရောပေါ့။နှစ်တိုင်းတစ်ခါဆုံဖြစ်ကြပေမဲ့ ဒီတစ်ခါဧကရီ့ကိုအကြောင်းပြပြီးဆုံကြတာ။ကြီးကြီးမှာအကြောင်းတစ်ခုရှိပေလိမ့်မည်။

"ဧကရီ...."

အတွေးတောင်မဆုံးခင်မှာ အိမ်ထဲကထွက်လာတာ သူပါပဲ။

"ကိုကျော်စွာ"

ကိုကျော်စွာက သူမသွားခင်အချိန်ကလိုပါပဲ။ဖော်ရွေပေမဲ့အမည်ဖော်ရခက်တဲ့အပြုံးမျိုးနဲ့ပဲအမြဲ။

"အံ့ဩသွားလားဗျာ ကြီးခင်ခင်က ကျွန်တော့်လဲ ဖိတ်ထားတယ်ဗျ။မဟုတ်ရင် မန္တလေးကိုကိုယ်တိုင်လာခေါ်မလို့။"

ဆွေမျိူးတွေချည်းတွေ့ဆုံသည့်အချိန်မှာကိုကျော်စွာကိုပါဖိတ်ထားသည်ဆိုတော့ ဧကရီ့ရင်ထဲလေးလံလာရသည်။

ဧည့်ခန်းထဲရောက်တော့ အိမ်ရဲ့ကျွန်းဆက်တီရှည်ကြီးတွေမှာလူကအပြည့်။တစ်ယောက်တစ်ပေါက်နှုတ်ဆက်ကြသည်။

မေမေက သူ့လက်ကိုကိုင်ကာထိုင်ဖို့နေရာပေးသည်။

"နှစ်တိုင်းဆုံရင် အမြဲတစ်ယောက်လိုနေခဲ့တာ အခုမှလူစုံတယ်။ဆုံမဲ့ဆုံတော့လည်းနှစ်ယောက်‌ဟေး။မောင်ကျော်စွာပါပါတယ်"

ကြီးကြီးကြည့်ရသည်မှာ အရမ်း၀မ်းသာနေဟန်။ဧကရီလမ်းမှာကြိုးစားစီလာတဲ့ စကားတွေပျောက်ဆုံးကုန်ရသည်။ဒီအခြေနေမှာ သူဒါတွေဘယ်လိုပြောထွက်ပါ့မလဲ။တစ်ချိန်ထဲမှာလဲမွန်းကျပ်လာရသည်။ဒီမိသားစု ပြီးတော့ကိုကျော်စွာ.....

ဧကရီအတင်းလုပ်ယူပြုံးထားရသည်။သူတို့မေးသမျှဖြေသည်။ဒါပေမဲ့လက်ထပ်ပွဲအကြောင်းမေးလျှင် ဧကရီနင်သွားရသည်။ကြီးကြီးကပဲ၀င်ဖြေသည်။ဝါကျွတ်ရင်တဲ့....

ကြီးကြီးသည်အကုန်အစီစဉ်တကျလုပ်ထားပုံရသည်။ကိုကျော်စွာ့ကိုလဲ အတော်‌သဘောကျဟန်။ပြောရလျှင်ကိုကျော်စွာကလဲ သူတို့လိုဆွေကြီးမျိုးကြီးထဲကဖြစ်ပြီး ချမ်းသာသည်။ကြီးကြီးအတွက်က ဂုဏ်နှင့်အသိုင်းဝိုင်းကအရေးကြီးသည်။ကို‌ကျော်စွာကကြီးကြီးတိုင်းသည့်ပေတံတွေနဲ့ကိုက်ညီသည့်သူပေါ့လေ....

အရာအားလုံးကိုပြစ်ထားပြီးထွက်ပြေးချင်စိတ်က တားမရဆီးမရ အနေခက်လိုက်တာ။ဧကရီ့စိတ်ထဲမပျော်မရွှင်ဖြစ်နေတာကို ဘယ်သူမှသတိထားမထဟန်မရ။အကုန်လုံးကို အသေအချာနှုတ်ဆက်ပြီး မေ့မေ့ကိုပင်ပန်းနေပြီဖြစ်ကြောင်းခပ်တိုးတိုးပြောရသည်။

"ဥဥကပင်ပန်းလာတာဆိုတော့ နားချေတော့လေ။ကြီးကြီးတို့ စကားဆက်ပြောလိုက်အုန်းမယ်။ထမင်းစားခါနီးတော့ ကောင်မလေးကိုခေါ်ခိုင်းလိုက်မယ်နော်"

"ဟုတ် ကြီးကြီး"

"ကိုယ်အထုတ်တွေကိုအခန်းထဲထိ လိုက်ပို့ပေးမယ်"

"ရတယ် ကိုကြီးကျော်စွာ...ကျွန်တော်လိုက်ပို့လိုက်မယ်။မမဦးဆီက လက်ဆောင်တောင်းစရာလဲရှိတာမို့"

"ဟား ဟုတ်ပါပြီကွာ။မင်းမမဦးဆီကရရင် ကိုကြီးလဲတစ်၀က်ဟေ့"

စည်သူက ကိုကျော်စွာကို ခေါင်းငြိမ့်ကာသဘောတူကြောင်းပြလိုက်သည်။ထို့နောက် အထုတ်များသယ်ကာ မမဦးနောက်ကနေ ခပ်သွက်သွက်အမှီလိုက်ရတော့သည်။မမဦးက ဒီနေရာကနေ အမြန်သွားချင်နေဟန်ပါပဲ။

လှေကားအလည် ဆွေမျိုးတွေရှင်းသည့်နေရာရောက်တော့မှ

" ကဲ မမဦး မမဦးကို ကျွန်တော်ကယ်လာတာနော်။"

"ဟင် ဘယ်လို ပရုတ်လုံးရဲ့"

"မမဦးက ကိုကြီးကျော်စွာလိုက်ပို့မယ်ဆိုတော့ နည်းနည်းစိတ်အိုက်သွားတာလေ ဟုတ်တယ်မလား။သားသတိထားမိပါတယ်"

အို ဧကရီသူ့ကိုယ်သူဟန်ဆောင်ကောင်းလှပြီထင်တာ စည်သူကသိသည်တဲ့လား။သူ့ရဲ့အနေခက်မှုကိုလေ...

"မမဦး ကိုကြီးကျော်စွာကိုမချစ်ဖူးမလား"

စည်သူ့စကားကြောင့် ဧကရီတောင့်ခနဲ့ဖြစ်သွားရသည်။ဧကရီ့ပုံစံကအရမ်းများသိသာပေါ်လွင်နေပြီလားဆိုပြီးပေါ့။မချစ်တာမှန်ပေမဲ့ ရုပ်မပျက်အောင် သတိနဲ့နေခဲ့သည်ချည်း။

"အင်း အဲ့တာက..."

"မချစ်ပဲလက်ထပ်ရမှာပေါ့"

စည်သူ့မေးခွန်းအတွက်ဧကရီ့မှာဖြေမရှိ။‌ကောင်လေးကပါးလွန်းသည်။ဧကရီဘာမှပြန်မဖြေတော့ သူလဲဆက်မမေးတော့။အခန်း၀ရောက်တော့...

"မမဦး မမဦးဘာပဲဆုံးဖြတ်ဆုံးဖြတ်မမဦးဘက်မှာသားရှိတယ်သိလား"

ဧကရီ့ရင်ထဲနွေးသွားရသည်။

"ဟုတ်ပါပြီရှင်။"

"နားလိုက်အုန်း။ခဏနေ ထမင်းစားခါနီးကျမှသားလာခေါ်မယ်"

"ညရှစ်နာရီထိုးတော့မှာ မမဦးထမင်းမစားချင်တော့ဘူး ပရုတ်လုံး။ကြီးကြီးကိုကြည့်ပြောပေးနော်"

"အွန်း ကြီးကြီးကပွားနေတော့မှာပဲ။ရပါတယ် သားကြည့်ပြောထားလိုက်မယ်။ပင်ပန်းလာတာ လှဲချင်မှာပေါ့။သားသွားပြီနော်"

"အွန်း အွန်း"

တစ်ချိန်လုံးဟန်လုပ်ပြုံးရင်း နားဖို့အိပ်ခန်းထဲရောက်မှ ဟင်းချနိုင်သည်။အပြည့်အ၀တော့ မဟုတ်သေး။ကိုကျော်စွာက အိမ်မှာနှစ်ရက်ခန့်နေအုန်းမှာတဲ့....ဒီနှစ်ရက်အတွင်း ကြီးကြီးကသူဖြစ်ချင်တာကို တောက်လျှောက်စီစဉ်တော့မှာ။အဲ့တော့ဧကရီ့ဘက်ကလဲ တုံ့ဆိုင်းနေလို့မဖြစ်တော့ဘူး။

ကုတင်ပေါ်ကို အ၀တ်မလဲသေးပဲပြစ်လှဲချလိုက်သည်။အခုမှပဲအသက်၀၀ရှုနိုင်သလိုခံစားရသည်။အဓိပ္ပါယ်မဲ့စွာ မျက်နှာကျက်ကိုငေးနေတုန်း...

"တောင်"

ဖုန်းဆီမှမက်ဆေ့၀င်သည့်နိုတီသံ..
ဧကရီဂရုမစိုက်ပါ။

"တောင်"

"တောင်"

သုံးခါဆက်တိုက်ဆိုတော့ မနေနိုင်စွာပဲဖုန်းကိုယူကြည့်လိုက်ရသည်။

"မမရောက်ပြီလားဟင်"

"မမကားဖြည်းဖြည်းမောင်းနော်။ရောက်ရင်သီရိကိုစာပြန်ပါအုန်း"

"ဖုန်းနံပါတ်ပေးတာနဲ့စာတွေတရပ်စက်ပို့နေတယ်ဆိုပြီး စိတ်မဆိုးနဲ့အုန်းနော်။သီရိကစိတ်ပူလို့ပါ။"

ဧကရီ့မျက်နှာပေါ်အပြုံးတစ်ချို့တွဲခိုလာရသည်။စာဘယ်လိုပြန်ရမလဲ တစ်ချက်စဉ်းစားသည်။

"ကျွန်မရန်ကုန်ကိုချောချောမွေ့မွေ့ရောက်ပါပြီရှင်။စာပို့တာကိုလဲစိတ်မဆိုးပါဘူး။ဖုန်းနံပါတ်ပေးတယ်ဆိုတာ ဆက်သွယ်ဖို့ပဲလေ"

ပြန်စာပို့လိုက်ပြီး သူ့ဘာသာသဘောကျနေသည်။ရေလာမြောင်းပေးတအားလုပ်မိသွားလားမသိပေမဲ့ ဝေ့ဝိုက်နေရတာမျိုး ဧကရီမှမကြိုက်တာ....

"ဒီ....ဒီ"

ချက်ခြင်း၀င်လာသော အ၀င်ကောလ်ကြောင့် သီရိအရမ်းမအကြောင်း သူမှတ်ချက်ချလိုက်သည်။

"Hello"

"မမ"

မမဆိုတဲ့ခေါ်သံမှာ ဧကရီဘယ်လောက်ပြုံးနေလဲ ကိုယ့်ကိုကိုယ်တောင်မမှန်းဆတက်ဘူး။ခုနက လေးပင်နေတဲ့စိတ်တွေအကုန်ပျောက်ရှကုန်တာ။

"အွန်း ပြောပါရှင်"

"ရောက်ပြီဆိုတာသိပေမဲ့ အသံလေးနဲ့ထပ်‌‌မေးချင်လို့။ပင်ပန်းနေလားကားမောင်းရတာ"

"အင်း နည်းနည်းပေါ့။ဒါပေမဲ့အေးဆေးပါ။ဟိုင်းဝေးကကျွန်မ မောင်းနေကြရယ်"

"မမ"

"အွန်း"

"ဟိုနေ့ကပြန်ခါနီးကကျ မမလို့သုံးပြီး ခုကျဘာလို့ကျွန်မပြန်ဖြစ်သွားရတာလဲ"

အပြင်မှာကောဖုန်းထဲမှာပါ သီရိကပြောရဲသည်။နည်းနည်းလမ်းဖောက်ပေးတာနဲ့တဆုံးလျှောက်မဲ့ကောင်မလေးမျိုး။

"ကျွန်မဆိုတာကကျ အသားကျနေတာလေ"

"မရပါဘူး မမလို့ပဲသုံးနော်။နားထောင်လို့ကောင်းပါတယ်မမရဲ့။နော်"

"အွန်း ကြိုးစားကြည့်‌မယ်လေ"

"မမပြန်လာရင် သီရိတိုက်ခန်းကိုလိုက်လည်မယ်ပြောထားတာနော်။ဘယ်တော့ပြန်လာမှာလဲ"

ရန်ကုန်ရောက်လို့တစ်ညတောင်မအိပ်ရသေး မန္တလေးကနေဘယ်တော့ပြန်လာမှာလဲမေးနေချေပြီ။

"အဲ့တာတော့ မမလဲမသေချာသေးဘူး။ပြန်လာမဲ့ရက်နီးရင်ပြောမယ်လေ။"

"ဟင်.......ဟုတ်ကဲ့ပါ"

မကျေနပ်ကျေနပ်သည့်လေသံမျိုးဖြစ်ပေမဲ့ ဧကရီ့ဘက်က မမလို့သုံးနှုံးလိုက်သည့်အတွက် ဘာမှတော့စောဒကမတက်တော့ချေ။

"ကဲ အဲ့ဆိုအိပ်တော့နော်။အသံကနည်းနည်းပင်ပန်း‌နေသလိုဖြစ်နေလို့နောက်နေ့တွေလဲဖုန်းဆက်လို့ရမယ်မလားဟင်"

"အွန်း ရပါတယ်။သီရိလဲနားတော့။မမလည်းအိပ်ပြီ"

"ဟုတ် အိမ်မက်လှလှမက်ပါစေနော်"

"အွန်း ဂွတ်နိုက်"

"အိမ်မက်ထဲမှာ သီရိပါထည့်မက်နော်မမ။ဖုန်းချပြီ တာ့တာ"

ဖုန်းချသွားသည့်တိုင် ဧကရီပြုံးဆဲ။
ဧကရီ့ရဲ့စိတ်ညစ်စရာတခြားတစ်ဖက်ကိုချက်ခြင်းမေ့သွားစေနိုင်တာပဲသူက......

သူသီရိနဲ့ပန်းချီပြခန်းမှာ ပြန်တွေ့တဲ့နေ့ကတည်းက အိမ်မက်တွေမမက်တော့တာ။ဒီညတော့ တပ်မှုးချုပ်ကိုအိမ်မက်မက်ချင်သည်။

"ဒီညလဲ အိမ်မက်ထဲလာရင်ကောင်းမှာပဲအရှင်"

သူအသာလေးမှိန်းနေရင်း တဖြေးဖြေးအိပ်ပျော်သွားပါတော့သည်။

________🪔ထိပ်ထား🪔___________

ခြံထဲကစံပယ်ရုံလေးတွေကို ဧကရီအကြောင်းမဲ့ငေးကြည့်နေမိသည်။ကိုကျော်စွာ့ပြောစကားများကမကြားတစ်ချက် ကြားတစ်ချက်။

"မန်းလေးခန်းမကိုတော့ OHမှာပဲစီစဉ်ထားလိုက်မယ်။ဆွမ်းကပ်တာဘာညာကတော့ ကျွန်တော်တို့ရန်ကုန်မှာပဲလုပ်မယ်လေ။ပဲခူးကိုလည်း ထပ်ခေါ်သွားချင်သေးတယ်ဗျာ။ဒီအတောတွင်း ကိုယ်ဧကရီ့နဲ့ဖြစ်ချင်တာတွေ အစီစဉ်ချနေတာ။"

ပြောသမျှကိုနားထောင်နေသော်လည်း ကြားသလားမကြားသလားမျက်နှာထားကြောင့် ကျော်စွာပြောရသည်မှာ အားပင်ပျော့လာရသည်။သူ့ဘက်က ဧကရီနဲ့လက်ထက်ဖို့ကို နှစ်တွေစောင့်ခဲ့ရတာလေ။ဒါပေမဲ့ ဧကရီကတော့...

"ဧကရီ...."

"....."

"ဧကရီ ကျွန်တော်ပြောတာကြားရဲ့လားဟင်"

" ရှင်....အာ ဆောရီး တောင်းပန်ပါတယ်။ဧကရီအတွေးလွန်သွားလို့"

"ကျွန်တော်ကြီးကြီးနဲ့လဲ တိုင်ပင်စီစဉ်ထားပြီးပါပြီ။ဒါပေမဲ့ ဧကရီဖြစ်ချင်တာလုပ်ချင်တာလေးတွေလဲ ဖြည့်‌ဆည်းပေးချင်သေးတယ်။ကျွန်တော့်ဆန္ဒချည်းသွားလို့မရဘူးမလား"

"ဧကရီဖြစ်ချင်တာကို တကယ်ဖြည့်ဆည်းပေးချင်တာလား"

"ဒါပေါ့ဗျာ"

"အဲ့ဆို ကိုကျော်စွာဘက်က လက်ထပ်ပွဲကိုဖျက်သိမ်းပေးပါ"

ဧကရီ့စကားအဆုံးမှာ ကျော်စွာကျောတောင့်ခနဲ့ဖြစ်သွားရတယ်။‌ဧကရီ့မျက်လုံးတွေကိုကြည့်လိုက်တော့ အတည်ပြောနေဟန်ပါပဲ။လေးလေးနက်နက်။

"ဧကရီ ဒါကနောက်စရာမဟုတ်ဘူးနော်"

‌သူဧကရီဆီကမျှော်လင့်ထားတဲ့စကားက ဒါမဟုတ်ဘူးလေ။ငါးနှစ်လုံးစောင့်နေခဲ့တာလဲ ဒီစကားကိုကြားရဖို့မဟုတ်ဘူး။

"ဧကရီတကယ်ပြောတာပါ။ကြီးကြီးက ဧကရီ့စကားကို အလေးထားမှာမဟုတ်ဘူး။ဒါ့ကြောင့် ဧကရီ့စကားကိုအလေးထားတဲ့ ကိုကျော်စွာ့ကိုပဲ ပြောရတာပေါ့။"

"ဧကရီကျွန်တော့်ကို ငါးနှစ်လုံးစောင့်ခိုင်းခဲ့ပြီး ဒီစကားပြောထွက်ရက်တယ်"

သူမျက်မှောင်တွေကျုံ့ပြီးစိတ်ရှုပ်နေဟန်....

"ဟင့်အင်း ကျွန်မ မစောင့်ခိုင်းခဲ့ပါဘူး။ဟိုကိုမသွားခင်ကပြောခဲ့ပါတယ်။ကိုကျော်စွာချစ်မြတ်နိုးတဲ့အမျိုးသမီးပေါ်လာရင် လက်ထပ်နိုင်ပါတယ်ဆိုတာ"

"ဒါဆို ကိုယ်တို့စေ့စပ်ခဲ့တာကကော"

"မသိဟန်ဆောင်နေပြန်ပြီကိုကျော်စွာရယ် ကြီးကြီးဆန္ဒနဲ့ကိုကျော်စွာ့ဆန္ဒအောက်မှာ ကျွန်မက ကျွန်မဖြစ်ချင်တာတစ်ခုကိုလုပ်ရဖို့၀င်ကပြယုံပါပဲ။ချစ်ခြင်းမေတ္တာတွေနှီးနွယ်မနေပဲလေ"

ဧကရီ့စကားမှန်နေတာမို့ ‌သူ့ဘက်ကခေတ္တအသံတိတ်သွားတယ်။ကံကောင်းတာက သူတို့ခြံထဲမှာအေးဆေးစကားပြောနေတာမို့ အနားမှာဘယ်သူမှမရှိဘူး။ဒီအတောတွင်း ဧကရီဖြစ်ချင်တာသူ့ကိုပြောရမယ်။သူ့အတွက်နည်းနည်းမတရားရာကျကောင်းကျနိုင်ပေမဲ့ပေါ့။

"ဘာလဲ "

"ဘာကိုလဲ"

"ကျွန်တော်နဲ့လက်မထပ်ချင်တဲ့အကြောင်းပြချက်"

"ကိုကျော်စွာ့ကို ကျွန်မမချစ်ဘူးလေ။အစ်ကိုတစ်ယောက်လိုပဲ ကျွန်မအတွက်က"

အမှန်တရားကခါးသည်မို့ ကျော်စွာ့ရင်တွေပူလာရသည်။စေ့စပ်ကတည်းက ဧကရီကသူ့ကိုမချစ်ကြောင်းပြောထားပြီးသား သိရက်ဆက်တိုးမိခဲ့တာ ဒီကျော်စွာဆိုတဲ့ ငမိုက်သားက။

"ဧကရီပြန်စဉ်းစားပါအုန်းဗျာ။ဧကရီမချစ်ပေမဲ့ ကိုယ်ဧကရီ့ကိုချစ်တယ်။ကိုယ့်ဘက်ကိုကြည့်ပါအုန်း"

"ကိုကျော်စွာ့ဘက်ကို ကြည့်လို့လဲဒီလိုပြောတာပါ။အစပိုင်းအဆင်ပြေနိုင်ပေမဲ့ နောက်ပိုင်းကျွန်မတို့အိမ်ထောင်ရေးက အက်ကွဲကြောင်းထင်လာနိုင်တယ်။ကိုကျော်စွာကျွန်မကို တကယ်ချစ်ရင်ကျွန်မဆန္ဒကိုလိုက်လျောပေးနိုင်မလား"

ချည်တုတ်ပြောသောစကားကြောင့် ခေတ္တငြိမ်သွားတာကို ဧကရီတွေ့လိုက်ရသည်။မတရားဘူး ဟုတ်တယ်မတရားမှန်းသိပေမဲ့ နောင်ကျန်သက်တမ်းတွေမှာတော့ သူစိတ်ချမ်းသာပါရစေ။

"ကျွန်တော်တကယ် စိတ်မကောင်းဘူး"

ကိုကျော်စွာယောက်ျားကြီးတန်မဲ့ မျက်ရည်ဝဲနေတာတွေ့ပေမဲ့ ဧကရီမမြင်ဟန်ပဲဆောင်ထားလိုက်တယ်။အစောကြီးကတည်းက တစ်ဦးတစ်ယောက်ထဲဆန္ဒတွေနဲ့စခဲ့ခြင်းတွေမှာ ဧကရီကပါ၀င်ပေးခဲ့ရတာ။

" ကဲ ဟုတ်ပြီ။ ကျွန်တော် ကြီးကြီးကိုပြောပေးမယ်"

ဧကရီသူ့ကို ဒီလောက်လွယ်လွယ်လိုက်လျောမယ်မထင်ခဲ့တာ။ဒေါသတကြီးအော်ဟစ်မယ်ထင်ခဲ့တာ။

"ဧကရီကတကယ်အသည်းမာတဲ့ မိန်းမ။ဒီအတောအတွင်း ကျွ‌န်တော့်ကိုချစ်လာမယ်ထင်ခဲ့တာ"

သူပြောသမျှမှန်နေသည်မို့ ဧကရီဘာမှမငြင်း။

ဟိုမှာရှိကတည်းက ကိုကျော်စွာကအဆက်သွယ်ပြတ်မခံခဲ့။အမြဲရအောင်ဆက်သွယ်နေခဲ့တာ။ဧကရီ့ဘက်က အဆက်သွယ်ဖြတ်လဲ ဧကရီအမြဲဆက်သွယ်သည့် ဧကရီ့အိမ်ထိသွားတက်တဲ့သူ။

"ကျွန်တော်ကြီးကြီးကို ပြောလိုက်ပါ့မယ်။တဇွတ်ထိုးဆန်ပြီးရှေ့ဆက်တိုးလို့ရပေမဲ့ ဧကရီ့ဆန္ဒကိုအလေးထားပေးပါ့မယ်။"

"ကျေးဇူးတင်ပါတယ် ကိုကျော်စွာ"

"မလိုပါဘူးဗျာ။ကျန်တဲ့ဧကရီ့ဘ၀မှာပျော်အောင်နေဖို့ ဆုတောင်းပေးပါတယ်။ဒီလက်လျော့မှုက လွယ်လွယ်တော့မဟုတ်ခဲ့ဘူးနော်။ဧကရီမျက်နှာတစ်ခုထဲကြောင့်ပါ။ကျွန်တော့်မေတ္တာကိုမြင်နိုင်မယ်ထင်ပါတယ်"

ဧကရီခေါင်းငြိမ့်ပြလိုက်သည်။ရင်ထဲတွင်လေးလံနေသောအရာ တစ်၀က်ပေါ့သွားချေပြီ။

"ဒါဆို ကျွန်တော်ညနေပြန်မယ်။နေ့ခင်းကြီးကြီးကိုကျွန်တော်ပြောလိုက်မယ်"

"ဟုတ်ကဲ့ပါ"

ကျောခိုင်းထွက်သွားသော သူ့ကျောပြင်ကိုငေးရင်းဧကရီ့ရင်ထဲက လေးလံမှုတစ်၀က်လျော့သွားတာကို ခံစားလိုက်ရသည်။နောက်ထပ်ရင်ဆိုင်ရမဲ့သူက ကြီးကြီး။

ဘာတွေပဲအဆိုးဆုံးဖြစ်လာလာ ရင်ဆိုင်ဖို့တွေးထားပြီးပြီမို့ မကြောက်တော့ပါချေ။

________🪔ထိပ်ထား🪔___________

"တီးတောင် တီးတောင်"

တံခါးဘဲလ်သံဆူဆူကြောင့် သီရိအိပ်နေရာမှနိုးလာရသည်။ဘာလား ညကြီးကို။အိပ်ယာနံဘေးကနာရီကိုကြည့်တော့ ညဆယ့်တစ်။

"တီးတောင်"

အိပ်ယာထဲကဝုန်းခနဲ့ထကာ တံခါးဆီသွားလိုက်သည်။လက်ထဲတွင်လဲ အရေးပေါ်ကိုင်နေကျ ဘေ့စ်ဘောတုတ်ကိုဆွဲလျှက်....

"ဟင်"

တံခါးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတဲ့လူကြောင့် အာမေဋိတ်ဖြစ်သွားရသည်။လက်ဆွဲအိတ်တစ်လုံးနဲ့ သူ့မမရယ်ပါ။လည်ပင်းမှာ အဝေးပြေးကားတွေစီးရင်အိပ်ဖို့စွတ်တဲ့ ခေါင်းအုန်းလေးစွတ်လို့။

"မမ"

သူ့အိပ်မက်မက်နေတာလားဆိုပြီး မျက်လုံးကိုပွတ်ကြည့်သည်။

"အဲ့တုတ်က ကျွန်မကိုရိုက်ဖို့လား"

"ဟင် မဟုတ်ပါဘူး။မမက ညကြီးဘယ်လိုဖြစ်လို့"

"အထဲပေးမ၀င်တော့ဘူးလား"

"အော်ဟုတ်သား လာလာ။ပေး သီရိကို"

မမကြည့်ရတာ စိတ်လွတ်လက်လွတ်ပါပဲ။သီရိတိုက်ခန်းကို တစ်ချက်ပတ်ကြည့်သည်။ဆိုဖာပေါ်မှာထိုင်သည်။

သီရိခုထိနားမလည်‌သေး။ခုန သီရိမအိပ်ခင်ကတောင် မမကိုစာပို့နေသေးတာ။လိပ်စာအတိအကျတောင်းလို့‌ပေးထားတာ မနေ့ကမှ။ခုလိုညကြီးရောက်လာမယ်ထင်မထား။

"ရန်ကုန်က ပြန်လာတာလား"

"အင်း"

မမက မျက်လုံးကိုမှိတ်ထားရင်းဖြေသည်။မမငြိမ်နေသည်မို့ သီရိဘာမှ ဆက်မမေး။အိမ်ကများဆင်းလာတာလား။ဆင်းလာရအောင်ကလဲ မမအိမ်က မမတစ်ယောက်ထဲနေတာလေ။

"မမ သီရိအိမ်မှာနေချင်လို့ရမလား"

"ဗျာ"

သီရိရုတ်တရက်အံ့ဩသွားသည်။ချက်ခြင်းအဖြေမပေးနိုင်လိုက်။

"မရရင်လဲရတယ် ဒီနားကဟိုတယ်တစ်ခုခုမှာပဲတည်းလိုက်မယ်"

အထုတ်တွေဆွဲကာပြန်ထနေသော မမကို သူအပြေးတားလိုက်ရသည်။ဒီအမျိုးသမီးက တကယ်ဇွတ်။သီရိမနည်းလိုက်မှီအောင်ကြိုးစားနေတာကိုတောင် မစောင့်။

"မမကလဲ ။ရတာပေါ့ ဘာမရစရာအကြောင်းရှိလဲ။ဒီမှာသီရိတစ်ယောက်ထဲနေတာ။ဖေဖေ မေမေတို့ကသပ်သပ်နေတာ။"

"မသိဘူးလေ တမ်းမဖြေတော့ မနေစေချင်တာလားလို့"

"မဟုတ်တာ။အဲ့တော့ ညကြီးကားကွင်းကနေ ဒီအထိတစ်ယောက်ထဲလာတာပေါ့"

"အင်းပေါ့"

"သီရိကို ဘာလို့လာမကြိုခိုင်းတာလဲ"

"ညကြီးဆိုတော့ စိတ်ပူလို့လေ"

"ဟင် မမကမဟုတ်သေးပါဘူး။ပူချင်းပူ သီရိကပူရမှာကို"

"မသိဘူးကွာ မမစိတ်ပူလို့မကြိုခိုင်းတာ။"

ဟိုနေ့က သူ့အိမ်မှာတွေ့တဲ့မမနဲ့ ယခုသီရိအိမ်မှာရောက်နေတဲ့ မမကဗားရှင်းနည်းနည်းကွဲနေသလို။သို့ပေမဲ့ သဘောကျစရာကောင်းသည်။ဂျင်းပန်နဲ့ရှပ်ခပ်ပွပွ၀တ်ထားတဲ့မမက ညမှာတောင်လှနေဆဲပါပဲ။သို့ပေမဲ့ မျက်နှာမှာ ခပ်ဂျစ်ဂျစ်ပုံစံကိုတွေ့ရသည်။

"ရှင် ကျွန်မကိုတစ်ခုခုမကျွေးတော့ဘူးလား။"

"အယ် ဟုတ်သား။နေအုန်း ထမင်းအိုးတည်လိုက်အုန်းမယ်"

"ဒီအချိန်ကြီး တည်မနေနဲ့။ကော်ဖီနဲ့မုန့်ဆိုလဲရတယ်"

"‌ခေါက်ဆွဲထုတ်ရှိတယ် ပြုတ်ပေးမယ်။"

"အွန်း"

သီရိမီးဖိုခန်းထဲ၀င်သွားတော့ ဧကရီတစ်ယောက်ထဲဧည့်ခန်းထဲတွင်ကျန်ခဲ့သည်။ဒီနေ့တစ်နေကုန်တိုက်ပွဲနွှဲလာခဲ့ရတာ။တကယ့်အကြီးအကျယ်။ကိုကျော်စွာကပြောပြီးတာနှင့် ကြီးကြီးကသူ့ကိုခေါ်တော့သည် မေးတော့သည်။သူ့ဘက်ကပြင်ဆင်ပြီးသား စကားများကိုပြောတော့ ခါးခါးသီးသီး။

စေ့စပ်ပွဲပျက်တာ မျိုးရိုးသိက္ခာထိသည်တဲ့။မဆီမဆိုင်ခေါင်းစဉ်တွေ။မေမေကတော့ ချော့တစ်ခါခြောက်တစ်လှည့်ပါပဲ။ဒီတစ်ခါတော့ သူ့ဘက်ကဆုံးဖြတ်ပြီးသားမို့ ဧကရီဆုံးဖြတ်ချက်ကိုမပြင်ခဲ့။နောက်ဆုံးကားကော အိမ်ပါထားပြစ်ဖို့ ဧကရီဆုံးဖြတ်လိုက်သည်။မန်းလေးကအိမ်ကောပေါ့။ကြီးကြီးဝယ်ပေးထားတာမို့။ကြီးကြီးလှမ်းပြောသည့်

"ညည်းဘ၀နဲ့ညည်းပေါ့အေ"ဆိုသည့်စကားကို ဧကရီနားလည်သည်။ကြီးကြီးလည်းမာနကြီးသလို ဧကရီကလဲ ဒီသွေးထဲကမလား။

အကုန်ပစ်ချပြီးထွက်လာကတည်းက တွေးမိတဲ့သူကတစ်ဦးတည်း။သူကတော့ ဧကရီ့ကိုပစ်ပယ်မယ်မထင်ပါဘူးလေ။

"မမ ရပြီ"

ခေါက်ဆွဲပြုတ်ပူပူပေါ်တွင် ကြက်ဥနှင့်ကြက်ဥချောင်းများ။အနံ့ကစားချင်စဖွယ်။

"နေအုန်းမမ"

အိပ်ခန်းထဲပြေးသွားသော သီရိကြောင့် တူကိုင်ကာသူမကျန်ခဲ့သည်။

"ရပြီ မမ။ရော့"

လက်ထဲသို့လှမ်းပေးသည်ကား အလိမ်လိမ် ခေါင်းစီးကွင်းလေးတစ်ကွင်း။

"မမ ဆံပင်တွေကျနေမှာစိုးလို့"

ဂရုတစိုက်ရှိမှုကြောင့် ရင်ထဲနွေးရသည်။

"မမ အိပ်ဖို့သွားပြင်လိုက်အုန်းမယ်။"

အထုတ်တွေဆွဲကာအခန်းထဲ၀င်သွားသော သူမနောက်ကျောကိုကြည့်ရင်း စိတ်လုံခြုံမှုကို ဧကရီခံစားရသည်။သူ့ရွေးချယ်မှုမှားမယ်မထင်ပါဘူးလေ။မှားခဲ့လည်း ကျေကျေနပ်နပ်ကြီး ခံမှာမို့....

________🪔ထိပ်ထား🪔___________

သုံးနှစ်ခန့်ကြာသော်.....

ကြီးကြီးကဧကရီ့ကို စောင့်ကြည့်နေခဲ့သည်။ဧကရီဘယ်သူနဲ့နေနေတယ် ဘယ်လိုပတ်သတ်နေတယ်ဆိုတာစုံစမ်းပြီးနောက်မှာတော့ အကြီးအကျယ်အဆက်ဖြတ်ပစ်ခဲ့သည်။မေမေက အစပိုင်းဖုန်းဆက်သော်လည်း နောက်ပိုင်းမေမေ့ဖုန်းပင်မလာတော့။

ငယ်နဲ့ဧကရီအတူနေခဲ့တစ်နှစ်အထိ သာမာန်ပတ်သတ်မှုမျိုးပါပဲ။အိမ်လခပေးမယ်ဆိုတာလဲ လက်မခံ။အိမ်ပြောင်းမယ်ဆိုတာလဲ လက်မခံပဲ သူ့ကိုဒီတိုင်းအိမ်ပေါ်တင်ထားတာလေ ဆရာမက။ကြီးကြီးဆီက အထောက်ပံ့အားလုံးရပ်ဆဲခံခဲ့ရပြီးနောက် ဧကရီ့အတွက်အနည်းငယ်ခက်ခဲခဲ့ရသည်။ဘဏ်အကောင့်ထဲက ပိုက်ဆံအနည်းငယ်ကလဲ နောက်ထပ်အိမ်၀ယ်ဖို့အထိ မလောက်ငခဲ့ဘူး။ဒီတော့မျက်နှာပြောင်တိုက်ပြီး ငယ့်ဆီမှာနေခဲ့တာ။ပြောရရင် နေချင်လို့လဲပါတာပေါ့။

အဲ့နောက်ပိုင်း အပြန်လှန်ဂရုစိုက်ပေးနေတာကနေ ဘာမှတိုးတက်မလာလို့ စိတ်မရှည်ပဲ ဧကရီ့ဘက်ကပဲ သူ့ကိုဖွင့်ပြောခဲ့ရတာ။သူ့ဘက်က ဧကရီသူ့ကိုပစ်ပြီးထွက်သွားမှာကြောက်လို့ ဘာမှမပြောရဲခဲ့တာတဲ့လေ။

ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာတော့ ဧကရီ့ဘ၀က ပိုပြည့်စုံလာရသည်။ပိုကံကောင်းတာက ငယ့်ဖေဖေနဲ့မေမေကပါ ဧကရီ့ကိုလက်ခံပေးခဲ့တာပါပဲ။ငယ်ပေးသည့် လုံခြုံမှုဖြင့်သူနွေးခဲ့ရသည်။

"မမ အဲ့ထိုးမုန့်ထုတ်တွေ ဒီကိုပေး နောက်ခန်းမှာထားလိုက်မယ်။"

"အွန်း အိမ်တံခါးတွေလည်းအကုန်ပိတ်ပြီးပြီမလား"

"ပြီးပြီလေ မမရဲ့"

"တော်က မေ့တက်လို့လေ။"

ဟုတ်တယ် သူတို့အခုခရီးသွားဖို့လုပ်နေကြတာ။ပြောရရင် ရန်ကုန်။ကြီးကြီးတို့ဆီ။ရင်လဲခုန်သလို စိတ်လဲလှုပ်ရှားသည်။

သုံးနှစ်အကြာမှာ ပြန်၀င်ခဲ့တဲ့ကြီးကြီးဖုန်း။ဧကရီ့ဘက်ကတော့ အဆိုးဆုံးတွေအမြဲပြင်ဆင်ထားခဲ့ပေမဲ့ မထင်ထားခဲ့တဲ့ စကားက

"သမီးဥဥ ကြီးကြီးဆီကိုပြန်လာခဲ့ပါ။ကြီးကြီးအကုန်ခွင့်လွှတ်တယ် လက်လဲလက်ခံပေးမယ်။ကောင်မလေးကိုပါခေါ်ခဲ့။"

နောက်ဆုံးသူနဲ့ငယ့်ကို သူ့အိမ်ကလက်ခံလိုက်ပြီဖြစ်ကြောင်းနားလည်လိုက်တယ်။အတော်ခက်ခဲခဲ့တဲ့ကိစ္စဖြစ်ဟန်တူပေမဲ့လဲ ကြီးကြီးကြိုးစားဆုံးဖြတ်ခဲ့ပုံပါပဲ။ဒီ့အတွက်လဲ ဧကရီ၀မ်းသာရသည်။

ငယ်ကတော့ ကြီးကြီးကိုလန့်နေဟန်ပါပဲ။ပြောရရင် ငယ်ကရှိန်လွယ်သည့်လူစား။

"မမ ငယ်ရင်ခုန်တယ်"

"မကြောက်ပါနဲ့။ကြီးကြီးက ငယ့်ကိုမြင်ရင်ချစ်မှာပါ။"

ချစ်သူလက်ကိုဖျစ်ညှစ်ဆုတ်ကိုင်ရင်း သူတို့ခရီးစခဲ့ကြသည်။

________🪔ထိပ်ထား🪔___________

မေမေနဲ့ကြီးကြီးကိုအစပိုင်းကငယ်လန့်နေခဲ့ပေမဲ့လည်း အကုန်လုံးနဲ့ခဏအတွင်းအသားကျသွားခဲ့သည်။

မေမေကောကြီးကြီးပါ ဧကရီ့ကိုအရမ်းလွမ်းနေပုံပါပဲ။ဧကရီကလည်းအရမ်းလွမ်းခဲ့ပါသည်။အတ္တတစ်ချို့ကြောင့်သာ ဝေးကွာခဲ့ရတာမလား။

ငယ့်ကိုလည်းကောင်းကောင်းကြိုဆိုပေးကြပြီး ချစ်ပေးကြရှာသည်။မေမေကဆို ငါ့ချွေးမက အလှလေးဆိုပြီးကို ပါးစပ်ကထုတ်ပြောခဲ့သည့်အထိ။ကြီးကြီးက အစကဧကရီ့ကိုသာ စကားပြောခဲ့ပေမဲ့ ငယ်အပြုံးချိုချိုတွေထဲ သူလဲကြာကြာမခံနိုင်ပါဘူး။ဧကရီက ငယ်လို့ခေါ်တော့ ကြီးကြီးကပါ "ငယ်လေး"တဲ့လေ။

ဥဥနဲ့ငယ်လေးနေဖို့အခန်းဆိုပြီး ဧကရီယခင်နေခဲ့သည် အခန်းလေးအား နှစ်ယောက်အိပ်ကုတင်ကြီးထည့်ကာ သေသေချာချာပြင်ဆင်ပေးထားသေးသည်။အခုသူတို့ အခန်းထဲမှာ နားနေကြပြီ။

"မမ ကြီးကြီးကမမကို အတော်ချစ်ရှာတာနော်"

သူဆံပင်များကိုဖွကာ ဖက်ထားရင်းငယ်ပြောသည့်စကား။

"ချစ်လဲချစ်သလို ငယ်ငယ်ကဆို အရမ်းအစိုးရိမ်လွန်ပြီးချုပ်ချယ်တယ်။မမမှာ စိတ်တိုင်းကျဘာမှလုပ်ခွင့်မရှိဘူး။ကြီးကြီးက သူအကောင်းဆုံးထင်တဲ့ဟာတွေ စီစဉ်ပေးခဲ့တာချည်း။ငယ်က မမအတွက် အကြီးမားဆုံး ပုန်ကန်မှုကြီးပဲ။"

"အထုတ်တစ်ထုတ်နဲ့ရောက်လာတဲ့ မမကိုမြင်ပြီး ငယ်အံ့ဩခဲ့တာ။"

"မသိစိတ်က ယုံကြည်နေလို့လေ။ဪသူကတော့ ငါ့ကိုလုံခြုံမှုပေးနိုင်တယ်ဆိုတဲ့ခံစားချက် ငယ့်ဆီကရတယ်။ပြီးတော့ ကျွန်မကရှင့်ကိုကြိုက်နေတာကိုး။အဲ့တော့ ရှင့်အိမ်ပေါ်တက်နေပြီး အိမ်ရှင့်ပါကြံပစ်လိုက်တယ်လေ"

သူ့စကားကြောင့် ငယ်ကသဘောတကျရယ်သည်။

"မမကတော့ တကယ်ပါပဲ။ငယ်လဲ မမကိုကြိုက်တာပဲကို"

"အမလေး ရှင့်ကိုစောင့်နေရင် ကျွန်မအိုတော့မယ် ဒေါ်သီရိရယ်"

"မမကလဲ"

ငယ့်ကို သူအိမ်မက်တွေအကြောင်းပြောပြဖူးသည်။ငယ်က အိမ်မက်ထဲကလူနဲ့တူလို့ချစ်တာမဟုတ်ပဲ သူ့ဆိုတဲ့ဖြစ်တည်မှုချစ်ပါတဲ့လေ။ဧကရီ့အတွက်က အိမ်မက်ထဲကလည်း ငယ်ဖြစ်သလို အခုအပြင်ကလဲငယ်ပါပဲ။ငယ်နားမလည်နိုင်ပေမဲ့ သူနားလည်သည်။

"မမ မမအမျိုးတွေက‌ကော ဘယ်လိုလဲ။ငယ်ရင်ခုန်စရာတစ်ခုကျန်သေးတယ်"

မနက်ဖြန်လာမဲ့ဦးလေးတို့မိသားစုနဲ့ ဒေါ်လေးတို့ကို ငယ်လန့်နေခြင်းပါ။

"အမလေး သူတို့က အေးဆေး။ငယ်ပူမနေနဲ့ မမမိန်းမကို မကောင်းပြောရင် အကုန်ပြောချပြီး ပြန်လာမှာ"

"ဒေါ်ဧကရီဦးက ရဲရင့်လိုက်တာ"

"ရင့်ရင့်ပဲ။ရှင်ကကျွန်မရဲ့အဖိုးတန်။ဘယ်သူ့အပြောအဆိုမှမခံဘူး"

နဖူးပေါ်ကျလာတဲ့ ငယ့်အနမ်းနွေးနွေး။

"ငယ့်ဘ၀ထဲ ၀င်လာပေးလို့ ကျေးဇူးပါမမ။"

"ကျေးဇူးတင်ရင် ပိုချစ်ပေး"

"အမြဲတမ်းချစ်တယ်။အခုကော အရင်ကကော နောက်‌ထာ၀ရကော"

ငယ့်ကိုဧကရီပိုတိုးဖက်လိုက်သည်။ဧကရီ့ဘ၀အခုဆို အလုံးစုံပြည့်စုံသွားခဲ့ပြီ။ငယ်ရှိရင်ပြည့်စုံ‌ပြီဆိုပေမဲ့လည်း အခုကတော့အတိုင်းထက်လွန်ပြည့်စုံခြင်းမျိုးပါ။

သံသရာအဆက်ဆက်ကော ဒီဘ၀မှာကော ဒီပြည့်စုံခြင်းမျိုးကိုရဖို့ သူအကြာကြီးစောင့်စားခဲ့ရသည်မလား။

________🪔ထိပ်ထား🪔___________

ပြီးပါပြီ။

RenGe (Sep 7)7:23Pm









































































Continue Reading

You'll Also Like

2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
160K 18.5K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
496K 50K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
85.7K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...